Friday, August 6, 2010

ဘာသာရေး အမေးအဖြေ


မေး။ ။ အမိဝမ်းထဲမှာ သန္ဓေတည်နေတဲ့ကလေးက မမွေးဖွားလာဘဲ ၀မ်းထဲမှာတင် သေတယ်။ အဲဒီသတ္တဝါက
စုတိစိတ်ကျတဲ့အခါ အခြားသတ္တဝါတွေနဲ့တူတူဘဲလား။ ဘယ်လိုကုသိုလ်ကံကြောင့် လူမဖြစ်ရတာလဲ။

ဖြေ။ ။ ပဋိသန္ဓေအကြောင်းကို နားလည်လိုက်တာနဲ့ “အမိဝမ်းထဲမှာ သန္ဓေတည်နေတဲ့ကလေးက မမွေးဖွားလာဘဲ အမိဝမ်းထဲမှာပဲ သေတယ်”ဆိုတဲ့အကြောင်းက ရှင်းသွားပါလိမ့်မယ်။ ဒါက တိုက်ရိုက်ကြီး “ဟုတ်တယ်၊ မဟုတ်ဘူး (yes or no)”နဲ့ ဖြေလို့ မရတော့ ပဋိသန္ဓေအကြောင်း၊ သေဆုံးခြင်းအကြောင်းတွေကိုလည်း ပြောမှဖြစ်မယ် ထင်ပါတယ်။

ဗုဒ္ဓ၀ါဒအရ ပဋိသန္ဓေတည်ပုံ

ပဋိသန္ဓေတည်တာနဲ့ ပတ်သက်လို့ ဦးဇင်းရှေ့က ဆောင်းပါးတစ်ပုဒ်မှာလည်း ပြောခဲ့ဖူးပါတယ်။ ဒီမှာနည်းနည်း ထပ်ပြောပါအုံးမယ်။ သန္ဓေသားလောင်း (လူဖြစ်လာမည့်သူ)တစ်ယောက်ဖြစ်လာဖို့အတွက်
၁။ မိဘဖြစ်မည့်သူနှစ်ဦး ကာမစပ်ယှက်ခြင်း၊
၂။ မိခင်ဖြစ်မည့်သူ ဥတုလာပြီးစ ဖြစ်ခြင်း၊
၃။ ပဋိသန္ဓေနေမည့်သူက အဆင်သင့်ဖြစ်ခြင်း ဟူသော အကြောင်းသုံးချက် ပြည့်စုံဖို့ လိုပါတယ်။ (မဟာတဏှာသင်္ခယသုတ်) များသောအားဖြင့် မိဘတို့ရဲ့ သွေးသားကို အခြေခံတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ များသောအားဖြင့်ဆိုတာက တစ်ခါတစ်ရံ မိဘတို့သွေးသားမပါဘဲ ဖြစ်တတ်လို့ပါပဲ။

ဒီပဋိသန္ဓေအကြောင်းတွေနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားဟောကြားတာတွေကို သိလိုက်ရရင် တော်တော်အံ့သြစရာ ကောင်းပါတယ်။ ပဋိသန္ဓေတည်နေပုံကို ခေတ်သစ်ဆေးပညာရှင်တွေက အသေးစိတ်ရှင်းပြတယ်။ သူတို့ရှင်းပြနိုင်တာက ခန္ဓာကိုယ်ထဲကို ခေတ်သစ်နည်းပညာတွေ အကူအညီနဲ့ ကြည့်ရှုပြီးမှ ရှင်းပြနိုင်တာဖြစ်တယ်။ မြတ်စွာဘုရားရှင်ကတော့ ဘာနည်းပညာအကူအညီမှ မပါဘဲနဲ့ ခရေစေ့တွင်းကျ အသေးစိတ် ဟောကြားထားနိုင်ပါတယ်။

အဲဒီသုံးချက်လုံး ပြည့်စုံပြီဆိုပါတော့ သန္ဓေသား(ကလေး)က ဘယ်လို ဖြစ်တည်လာသလဲ။
ပဋိသန္ဓေစတည်သူလေးမှာ
-ကာယဒသကကလာပ် (ကိုယ်ကာယဆိုင်ရာ ရုပ်များအစုအဝေး)
-၀တ္ထုဒသကကလာပ် (ဟဒယ၀တ္ထု သို့မဟုတ် စိတ်တည်ရာ နှလုံးအိမ်ဆိုင်ရာ ရုပ်အစုအဝေး)
-ဘာဝ (မိန်းမ၊ ယောက်ျား လိင်အင်္ဂါ သို့မဟုတ် ယောက်ျား၊ မိန်းမ အင်္ဂါနှစ်မျိုးလုံး)
ဒီသုံးခု စဖြစ်တယ်။ စဖြစ်တယ်ဆိုတော့ တစ်ပြိုင်နက်တည်း တန်းဖြစ်တာ မဟုတ်ဘူး။ မရှေးမနှောင်း ဖြစ်ဖြစ်လာကြတာ။

ဘယ်လို ဖြစ်လာသလဲဆိုတော့
မြတ်စွာဘုရားရှင်က
“ပထမဆုံး ကလလမည်သော ရေကြည်ဖြစ်၏။
ရေကြည်ကလေးမှ အမြှပ်ဖြစ်၏။
အမြှပ်မှ သားတစ်(အသားတုံး)လေး ဖြစ်လာ၏။
သားတစ်လေးမှ အစိုင်အခဲလေး (အစုအပုံလေး) ဖြစ်လာ၏။
အစိုင်အခဲလေးမှ ခက်မငါးဖြာ (ခြေနှစ်ချောင်း၊ လက်နှစ်ချောင်းနှင့် ဦးခေါင်း)တို့ ဖြစ်လာပြီး
ဆံပင်၊ မွှေးညှင်း၊ ခြေသည်းလက်သည်းတို့လည်း ဖြစ်ပေါ်လာကြ၏။
မိခင်စားသော အစာနှင့် မိခင်သောက်သောအရည်တို့ဖြင့် အမိဝမ်းတွင်းမှ သန္ဓေသားလေးက မျှတရ၏”
လို့ ဟောကြားထားပါတယ်။ (သဂါထာဝဂ္ဂ၊ ယက္ခသံယုတ်၊ ဣန္ဒကသုတ်)

ဒီရုပ်တွေ ဘာကြောင့်၊ ဘယ်လိုဘယ်ပုံ ဖြစ်လာနေကြရတာလဲ။
အဲဒါလေးတွေ ဖြစ်တည်လာရတဲ့ အခြံအရံ အထောက်အပံ့က လေးမျိုးရှိတယ်။
၁။ ကမ္မဇရုပ် (ကံကြောင့် ရုပ်လေးတွေ ဖြစ်လာတယ်)
၂။ စိတ္တဇရုပ် (စိတ်ကြောင့် ရုပ်လေးတွေ ဖြစ်လာတယ်)
၃။ ဥတုဇရုပ် (ဥတုကြောင့်လည်း ရုပ်လေးတွေ ဖြစ်လာတယ်)
၎။ အာဟာရဇရုပ် (အာဟာရကြောင့်လည်း ရုပ်လေးတွေ ဖြစ်လာတယ်)။

ဒီလေးမျိုးကို အခြေခံပြီး သန္ဓေသားလေးက ကြီးထွားလာတာဖြစ်တယ်။ ထွားထွားကြိုင်းကြိုင်း၊ သန်သန်မာမာဖြစ်ဖို့ ကံပါသူက ထွားထွားကြိုင်းကြိုင်း ဖြစ်တည်လာတယ်။ ခြေထောက်မပါစေတဲ့ ကံလုပ်ထားသူက ခြေထောက်က ဖြစ်တည်မလာတော့ဘူး။ မျက်စိအားနည်းဖို့ ကံပါလာသူက မျက်စိအားနည်းနည်းနဲ့ ဖြစ်တည်လာတယ်။ သန္ဓေသားလေးရဲ့ ကံအားလျှော်စွာ ရုပ်တွေက ဖြစ်တည်လာတာ ဖြစ်တယ်။ ရှေးကံက ကောင်းရင်ကောင်းသလို ရုပ်လေးတွေက ကောင်းကောင်းလာတယ်။ အဲဒီမှာလည်း ဖြစ်ပျက်ရှိတယ်။ ပျက်တဲ့ဟာတွေက ပျက်ပြီး ဖြစ်တဲ့ဟာတွေ ဆက်ဖြစ်တယ်။ ပွားပွားလာတယ်။ ကံကြောင့် ဖြစ်လာကြတာပေါ့။ ကမ္မဇရုပ်တွေ ဖြစ်တယ်။

ဒါဆိုရင် အရာအားလုံးအတွက် ကံကိုပဲ ပုံချသလား၊ ကံကြောင့်ပဲ ရုပ်တွေက ဖြစ်ကြတာလားဆိုတော့….။ မဟုတ်ဘူး။ စိတ္ထဇရုပ်တဲ့။ ပဋိသန္ဓေစိတ်ရဲ့ ဥပါဒ်ခဏကနေ စပြီးတော့ စိတ်တွေ စဖြစ်တယ်။ (ပဋိသန္ဓေစိတ်ရဲ့ ဥပါဒ်ခဏ…စတာတွေက အဘိဓမ္မာကို သင်ဖူးမှသာ သေချာသိပါလိမ့်မယ်။ ဒီနေရာမှာတော့ အဲဒါတွေ အကုန်ရှင်းလို့ မဖြစ်နိုင်ပါ)။ အဲဒီစိတ်တွေ စဖြစ်ကတည်းက ရုပ်ကို ဆိုင်ရာဆိုင်ရာ ဖြစ်စေပါတယ်။ ဒါကို စိတ္တဇရုပ်လို့ ခေါ်တယ်။

နောက်ပြီး ဥတုဇရုပ်တွေ ဖြစ်တယ်။ ဥတုဇရုပ်ဆိုတာ အငွေ့ကြောင့်ဖြစ်တဲ့ ရုပ်ကို ပြောတာဖြစ်ပါတယ်။ အမိဝမ်းရဲ့ အပူ၊ အအေး…စတာတွေကြောင့် ရုပ်တွေ ဖြစ်တယ်။ ရုပ်တွေ ပျက်တယ်။ ဒါကို ဥတုဇရုပ်လို့ ခေါ်ပါတယ်။ ဒီအချိန်က အပျက်ထက် အဖြစ်တွေကများတော့ တဖြည်းဖြည်း ပွားလာတယ်။ ကြီးလာပါတယ်။
ပထမ ၇-ရက်မှာ မိခင်စားတဲ့အစာက ကလေးကို မထိသေးဘူး။ ဒုတိယ ၇-ရက်လွန်တဲ့အခါမှာတော့ အဆီ၊ သြဇာတွေက ချက်ကြိုးက တစ်ဆင့် ၀င်လာပြီ။ အာဟာရဇရုပ်တွေ ဖြစ်လာပါပြီ။

ဒါဆိုရင် ပဋိသန္ဓေအကြောင်းတော့ သိတန်သလောက် သိပြီပေါ့။ ဒီနေရာမှာ စုတိ-ဆိုတာလေးကို နည်းနည်း သိထားသင့်ပါတယ်။ စုတိ-ဆိုတာ အလွယ်ပြောရရင် သေဆုံးခြင်းပေါ့။ ဗုဒ္ဓ၀ါဒက ပဋိသန္ဓေအခါ၊ ပ၀တ္တိအခါနဲ့ စုတိ တို့ကို သေချာခွဲပြထားတယ်။ ပဋိသန္ဓေအခါဆိုတာ အမိဝမ်းမှာ ကံအဟုန်ကြောင့်ရောက်လာရတဲ့ ပဋိသန္ဓေစိတ်၊ အဲဒီပဋိသန္ဓေစိတ်ကလေးရဲ့ စဖြစ်ရာ ဥပါဒ်ခဏဟာ ပဋိသန္ဓေအခါ ဖြစ်ပါတယ်။ အဲဒီပဋိသန္ဓေခဏကနေ စုတိစိတ်ကျတဲ့(သေဆုံးတဲ့)အခါအထိက ပ၀တ္တိအခါ ဖြစ်ပါတယ်။

ကဲ…ဒါဆိုရင် အမိဝမ်းတွင်းက ကလေး သေဆုံးတာနဲ့ အပြင်ကလူတွေ သေဆုံးတာ အတူတူလားဆိုတော့ သေခြင်းလေးမျိုးကို သိဖို့ လိုပြန်တယ်။
၁။ သက်တမ်းကုန်လို့ သေခြင်း
၂။ ကံကုန်လို့ သေခြင်း
၃။ သက်တမ်းရော၊ ကံရော နှစ်ခုလုံးကုန်လို့ သေခြင်းနဲ့
၎။ ရုတ်တရက်သေခြင်း…လို့ လေးမျိုးရှိတယ်။

သက်တမ်းကုန်လို့ သေတယ်ဆိုတာ လူ့သက်တမ်းဆိုတာ အပိုင်းအခြားရှိတယ်။ အနှစ်တစ်သောင်း သက်တမ်းမှာ လူဖြစ်တဲ့သူက အဲဒီသက်တမ်းကုန်ရင် သေရတယ်။ အနှစ် ၁၀၀ သက်တမ်းမှာ လူဖြစ်သူက အနှစ် ၁၀၀ ပြည့်လို့ သေတယ်။ ဒါက သက်တမ်းကုန်လို့ သေရခြင်းပေါ့။

နောက် ကံကုန်လို့ သေရတယ်။ သက်တမ်းက အလွန်ရှည်တဲ့ကာလမှာ ဖြစ်လာရပေမယ့် သူ့မှာ ပါလာတဲ့ကံက မရှိတော့ရင် သေရတဲ့သဘောပါ။ နောက် သက်တမ်း၊ ကံ (နှစ်ပါးစုံ)ကုန်လို့ သေရတယ်။ နောက်ဆုံး ရုတ်တရက်သေဆုံးရခြင်းဆိုတာကတော့ ကားတိုက်လို့ သေတာ၊ ရထားတိုက်လို့…စတဲ့ ရုတ်တရက်သေဆုံးခြင်းကို ဆိုလိုပါတယ်။

ဆိုတော့ အမိဝမ်းတွင်းက ကလေးသေဆုံးတာနဲ့ အပြင်ကလူတွေ သေဆုံးတာဟာ တူပါတယ်လို့ အဖြေထွက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပ၀တ္တိအခါမှာ ရုပ်တွေဟာ ဖြစ်လာတယ်။ ပျက်သွားတယ်။ ဖြစ်လာတယ်။ ပျက်သွားတယ်။ ဒီလိုနဲ့ လည်ပတ်နေရင်း ဖောက်ပြန်ပြောင်းလဲနေရင်း အထက်ပါ သေခြင်းလေးမျိုးထဲက တစ်မျိုးမျိုးနဲ့ သေဆုံးသွားကြရတယ်။

ဒီလိုဆိုရင် အမိဝမ်းထဲက ကလေးက ဘယ်လို သေခြင်းမျိုးနဲ့ သေမလဲ။ သက်တမ်းကုန်ဖို့ မပြောနဲ့ လူ့ဘ၀ကိုတောင် မစရသေးဘူး။ ဒီတော့ သက်တမ်းနဲ့ကံ နှစ်မျိုးလုံး ကုန်လို့ သေခြင်းမျိုးလည်း မဖြစ်နိုင်တော့ဘူး။ ဒီကလေး သေဆုံးရဖို့အတွက် နှစ်မျိုးပဲ ကျန်ပါတယ်။ ကံကုန်လို့ သေတာဖြစ်ရင်ဖြစ်၊ မဟုတ်ရင် ရုတ်တရက်သေဆုံးတာမျိုး ဖြစ်ပါလိမ့်မယ်။ ကံကုန်လို့ဆိုတာတော့ ဟုတ်ပါပြီ။ ဘယ်လိုလုပ် ရုတ်တရက်သေဆုံးရမလဲ….။ မိခင်ဖြစ်သူက ကလေးသေစေနိုင်လောက်တဲ့ မတည့်တဲ့ဆေးဝါးကို စားလိုက်တာဟာ အပြင်မှာ အဆိပ်သောက်လို့ သေတာနဲ့ အတူတူလို့ပဲ ဆိုနိုင်ပါတယ်။ အခြားပုံစံအမျိုးမျိုးလည်း ရှိနိုင်ပါသေးတယ်။ ချဲ့တွေးကြည့်လို့ ရမယ် ထင်ပါတယ်။

မေးခွန်းရဲ့ ဒုတိယအချက်ဖြစ်တဲ့ ဘယ်ကံကြောင့် လူမဖြစ်တာလဲဆိုတာကို ကြည့်ရအောင်။ ဗုဒ္ဓ၀ါဒအရတော့ အမိဝမ်းတွင်းကလေးကလည်း လူဖြစ်သွားပါပြီ။ ပဋိသန္ဓေစိတ်ရဲ့ ဥပါဒ်ခဏကနေ စပြီး လူဖြစ်ခဲ့တာပါ။ ဒကာဆိုလိုချင်တာက အမိဝမ်းတွင်းကနေ ဘယ်ကံကြောင့် လူ့အဖြစ်ကို ရောက်မလာတာလဲလို့ ဆိုချင်ပုံရပါတယ်။ ဘယ်ကံရယ်လို့ တိတိပပ ပြောလို့ ရမယ် မထင်ပါ။ အသက်တိုစေတတ်တဲ့ ကံအသီးသီးကြောင့်လို့ပဲ ဆိုရမှာပါ။ ဒီလိုဆိုတော့ အထက်မှာ ပြောခဲ့တဲ့ သေခြင်းနှစ်မျိုးနဲ့ သေဆုံးသွားလို့ လူ့အဖြစ်ကို ရောက်မလာတာလို့ပဲ ပြောရမှာပါ။

ဦးဇင်းရဲ့ အဖြေက ဒီလောက်ပါပဲ။ မရှင်းတာရှိရင် ထပ်မေးလို့ ရပါတယ်။ ဒီကိစ္စက အလွန်ကို ကျယ်ပြန့်တဲ့ကိစ္စ ဖြစ်ပါတယ်။

4 comments:

建邱勳 said...

唯有穿鞋的人,才知道鞋的哪一處擠腳............................................................

凱v胡倫 said...

一個人的價值,應該看他貢獻了什麼,而不是他取得了什麼............................................................

Nge Naing said...

လာဖတ်သွားပါတယ်ဘုရား။ တပည့်တော်မ အကြမ်းဖျင်းတော့ ဖတ်ဖူးပါတယ်။ အခုလို ပြည့်ပြည့်စုံစုံ ပြန်ဖတ်ရတော့ တကယ်ကို ဗဟုသုတရှိပြီး အနှစ်သာရနဲ့ ပြည့်စွာ ဖြေကြားထားတာကို ဖတ်ရလို့ မေးခွန်းမေးသူကိုလည်း ကျေးဇူးတင်ပါတယ် ဖြေကြားပေးတဲ့ ဦးဇင်းကိုလည်း သာဓု ခေါ်ပါတယ်ဘုရား။ မြတ်စွာဘုရားဟာ ခန္ဓာကိုယ်ထဲမှာ ဖြစ်ပျက်နေတဲ့ အမှန်တရားတွေကို ဘာဓါတ်ခွဲခန်းမှ မလို ဘာမိုက်ခရိုစကုပ်မှ မလိုဘဲ ကြည့်နိုင်မြင်နိုင်တာကို ကြည့်ခြင်းအားဖြင့် တပည့်တော်မဟာ ဗုဒ္ဓဘာသာဝင် တယောက်ဖြစ်ရတာ တကယ်ကို ဂုဏ်ယူဝမ်းမြောက် ပီတိ ဖြစ်မိပါတယ်။

myat said...

တပည့်တော် သိချင်တာလေးတစ်ခုမေးပါရစေဘုရား
မရိုမသေ သဘောနဲ့မေးတာ မဟုတ်ပါဘုရား ရဟန်းပြုမည့်သူအားလုံးလည်းသိစေချင်လို့ပါ။သ~င်္ဃန်းဝတ်လျက်နဲ့ လူပျိုယောက်ကျားတို့ပြုကြသော စိတ်ဖြေမှုမျိုးပြုမိလျင် ဘယ်လိုအပြစ်ဖြစ်ပါသလဲဘုရား။

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails