Friday, July 2, 2010

ထိပ်တိုက်


ကမ္ဘာ့ဖလားပြိုင်ပွဲကြီးလည်း ပြီးဆုံးဖို့ နီးကပ်လာသည်။ “ဟိုအသင်းက ကောင်းတယ်။ ဗိုလ်စွဲနိုင်တယ်။ ဒီအသင်းကတော့ ညံ့တယ်။ ဘယ်လိုမှ ဗိုလ်မစွဲနိုင်ဘူး”စသဖြင့် ဝေဖန်နေမှုတွေကလည်း တဖြည်းဖြည်း ပိုမို ကျယ်လောင်လာနေဆဲဖြစ်သည်။ “ဒီနှစ်လည်း ဘရာဇီးပဲ ဗိုလ်စွဲမှာပါကွာ”ဟု တစ်ယောက်က ပြောသည်။ တစ်ယောက်က “ကိုယ်တော့ မထင်ဘူး၊ ဟော်လန်ပဲ ဗိုလ်လုပွဲတက်မှာပါ။ ဟော်လန်နဲ့ ထိပ်တိုက်တွေ့ရင် အဖြေပေါ်သွားမှာပါကွာ”ဟု ပြောနေသည်။ “ထိပ်တိုက်”ဆိုသော စကားလုံးက ရင်ဘတ်ကို လာငြိသည်။ စကားဝိုင်းမှာ ဆက်နေလို့ မရတော့။ “ထိပ်တိုက်”ဆိုသော စကားလုံးလေးက စကားတွေ အများကြီး ပြောလာ နေခဲ့သည်။ “ထိပ်တိုက်” ဆွဲခေါ်ရာ လိုက်ပါသွားခဲ့သည်။ “ထိပ်တိုက်တွေ့လိုက်ရင် အဖြေပေါ်သွားမှာပါကွာ”

ဝိသုဒ္ဓိမဂ်တွင် မြတ်စွာဘုရားရှင်က လောကကြီးကို သပွတ်အူနှင့် နှိုင်းသည်။ လောကကြီးသည် အရှုပ်အထွေး ကြီးဖြစ်သည်ဟု ဆိုသည်။ တကယ်တော့ လောကကြီးက ရှုပ်နေသည်မဟုတ်ပါ။ လူတွေနှင့်သက်ရှိများကသာ ရှုပ်နေကြခြင်းဖြစ်သည်။ ထိုအရာကို လောကကြီးဟု တင်စားလိုက်ခြင်းဖြစ်သည်။ ပြောရင်လည်း ပြော လောက်သည်။ လောကပြဿနာများသည် ရှုပ်ပြီးရှုပ်၊ ထွေးပြီးရင်း ထွေးနေခဲ့သည်။ အဖြေက ဝေးနေသည်။

ညစ်ပတ်ပေရေနေလျှင် ဆေးကြောရမည်ကို လူတိုင်းသိပါသည်။ ရေကလည်း အဆင်သင့်ရှိနေသည်ကိုလည်း သိနေသည်။ သို့ရာတွင် ရေဖြင့် မဆေးကြောပါက အညစ်အကြေးက မပျောက်။ ရောဂါဝေဒနာတစ်ခုခု ခံစားနေရသည်။ ဆရာဝန်ဆိုတာလည်း ရှိနေသည်။ သို့ရာတွင် ဆရာဝန်နှင့် ထိပ်တိုက်တွေ့ဆုံပြီး ကုသမှု မခံယူပါက မပျောက်နိုင်။ ဆရာဝန်နှင့် ထိပ်တိုက်တိုင်ပင် ဆွေးနွေးလိုက်လျှင် အဖြေတစ်ခုခုတော့ ထွက်လာ မည်။ ရှေ့ဆက် ဘာလုပ်ရမလဲ၊ ခွဲစိတ်ရမလား၊ ဆေးထိုးရုံနှင့် ပျောက်ကင်းနိုင်မလား၊ ဆေးစားရုံနှင့် ပျောက် နိုင်မလား။ အဖြေတစ်ခုခုတော့ ထွက်လာပေလိမ့်မည်။

လောကပြဿနာ သို့မဟုတ် ဘ၀တိုက်ပွဲသည်လည်း ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးနှင့် အလားတူနေသည် ဟု ခံစားရသည်။ ကမ္ဘာ့ဖလားကြီး စသည်နှင့်တစ်ပြိုင်နက် ထိပ်တိုက်တွေ၊ ထိပ်တိုက်တွေ ဆက်ကာဆက်ကာ တွေ့ရသည်။ ရှုံးသူက ထွက်ရသည်။ နိုင်သူက အောင်ပွဲခံ၊ ရှေ့ဆက်။ ဓမ္မတာပင် ဖြစ်သည်။ ဘ၀တိုက်ပွဲမှာ လည်း ထို့အတူပင် ဖြစ်သည်။ ထိပ်တိုက်ပွဲတွေ အများကြီး နွှဲရသည်။ တစ်ချို့ထိပ်တိုက်တွေ့ဆုံ နွှဲရသော ပွဲများက သေးငယ်သည်။ နည်းနည်းလေး အားထုတ်ရုံနှင့် အောင်မြင်နိုင်သည်။

တစ်ချို့ပွဲများက အလတ်စားဖြစ်သည်။ အသင့်အတင့် အားထုတ်နိုင်လျှင် အောင်မြင်နိုင်သည်။ တစ်ချို့ပွဲ များက ကြီးမားသည်။ ပြင်းထန်သည်။ ရှိသမျှအား အစွမ်းကုန် သုံးနိုင်ပါမှ အောင်မြင်နိုင်သည်။ သေးသေး၊ လတ်လတ်၊ ကြီးကြီး မည်သို့သော ပွဲပင်ဖြစ်စေ မစွမ်းနိုင်လျှင် မကြိုးစားလျှင် ရှုံး၊ စွမ်းနိုင်လျှင် ကြိုးစားလျှင် နိုင်မည်။

“ကျွန်တော်တို့အသင်းကတော့ ရှေ့ဆက်တက်လည်း နိုင်မှာ မဟုတ်ပါဘူး၊ အခုကတည်းက အိမ်ပြန်တာ ကောင်းပါတယ်”ဟု ဆုံးဖြတ်လျှင်လည်း ရနိုင်သည်။ ထိုအသင်းမျိုးသည် “ဒီရောဂါကတော့ သေမှာပဲ၊ ဆရာဝန်နဲ့ မပြတော့ပါဘူး”ဟု ဆိုသူနှင့် တူပေလိမ့်မည်။ ထို့အတူပင် “ဒီပြဿနာတော့ ငါ မရှင်းနိုင်တော့ဘူး၊ အရှုံးပေးရင် နှလုံးအေးပါတယ်ကွာ”ဟု လက်လျှော့တတ်သူနှင့် တူနေပြန်ပေလိမ့်မည်။

လူသည် “ထိပ်တိုက်”ကို ကြောက်သည်။ “ထိပ်တိုက်”ကို ကြောက်၍ ပြေးလျှင် သူပြေးသောလမ်းရှေ့က “ထိပ်တိုက်”များကလည်း အရှုံးသမားကို ပညာပိုပြသည်။ အခက်အခဲ၊ ပြဿနာများ၏ သဘောသဘာဝမှာ သူ့ကို ရင်ဆိုင်ဖြေရှင်းလျှင် သူ့ကို ထိပ်တိုက်တွေ့လိုက်လျှင် အဖြေတစ်ခုခု ပေးတတ်သည်။ အရှုံးဖြစ်ခဲ့လျှင် သော်မှ ကျေနပ်ဖွယ်တစ်ခုခု ပေးတတ်သည်။ အနည်းဆုံးတော့ ရှောင်လွှဲမရသော ရှေ့လာမည့် ထိပ်တိုက် တွေ့ရမည့် ပြဿနာများအတွက် သင်္ခန်းစာကောင်းကောင်း ရနိုင်ခဲ့ပေမည်။

ရှောင်ပြေးသူများကို ပြဿနာက အငြိုးတကြီး ထားတတ်သည်။ သူ့ကို ရှောင်ပြေးလျှင် သူက နောက်မှ ထက်ကြပ်မကွာ လိုက်နေတတ်သည်။ ပြဿနာများကို ရှောင်ပြေးလေလေ သူ့နောက်မှာ ပြဿနာများ ပိုမို လိုက်လာလေလေ ဖြစ်နေတတ်သည်။

တစ်ဘက်အသင်း၏ အားသာချက်၊ အားနည်းချက်များကို ခရေစေ့တွင်းကျ လေ့လာသုံးသပ်ပြီး ရှိသမျှအား အစွမ်းကုန် ကြိုးစားလိုက်သော အသင်းသည် အောင်ပွဲကို ဆက်လှမ်းနိုင်သည်သာ များပါသည်။ အောင်ပွဲ မရခဲ့ဟု ဆိုလျှင်လည်း ထိုအားနည်းချက်၊ အားသာချက် (တစ်ဘက်အသင်း၊ မိမိအသင်း)တို့ကို ပိုင်ပိုင်နိုင်နိုင် သဘောမပေါက်ခဲ့၍ဟု ဆိုနိုင်ပေလိမ့်မည်။ ပြဿနာတစ်ခုသည် သူ၏ သဘောသဘာဝ သို့မဟုတ် အရင်း အမြစ်ကို သိမြင်သဘောပေါက်ခဲ့လျှင် လွယ်ကူနေတတ်သည်က များလေသည်။

လူသည် ပြဿနာတစ်ခုခု ကြုံလာလျှင် ပထမဦးဆုံး လုပ်ရမည့်အရာမှာ ပြဿနာတို့၏ အရင်းအမြစ်ကို လေ့လာပြီး ဖြေရှင်းရမည်နည်းလမ်းကို ရှာဖွေဖို့ ဖြစ်သည်။ များသောအားဖြင့် ပြဿနာကြုံလာပြီဆိုလျှင် အားငယ်မှု၊ ၀မ်းနည်းမှု၊ စိတ်ဆိုးမှု၊ ကြောက်အားလန့်အားဖြစ်မှုစသော အဖျက်အမှောင့်များသာ ပထမဆုံး ၀င်လာတတ်ကြလေသည်။ တစ်ဘက်အသင်းက ဖိကစားလာလျှင် ပျာယာခတ်သွားပြီး အမှားလုပ်တတ် သည်မှာလည်း ထိုသဘောပင် ဖြစ်သည်ဟု ထင်သည်။ ပျာယာမခတ်ဘဲ အေးဆေးတည်ငြိမ်စွာ ခုခံ ကာကွယ်ပြီး အကောင်းဆုံးကြိုးစားလိုက်၍ အောင်ပွဲရသောအသင်းများ များစွာရှိနေသကဲ့သို့ပင် ဖြစ်သည်။

ကြောက်အားလန့်အားဖြစ်မှု၊ စိုးရိမ်ထိတ်လန့်မှုတို့သည် စဉ်းစားနိုင်စွမ်းအား၊ တိုက်ခိုက်နိုင်စွမ်းအားနှင့် မိမိ တို့၏ အစွမ်းအစများကို ပျက်သုဉ်းစေသည်။ ထိုအဖျက်စိတ်များနှင့် ရှောင်ပြေးလိုက်လျှင် ပြဿနာက သေးမသွားဘဲ ပိုမိုကြီးထွားလာတတ်ပါသည်။ မုဆိုး၏ ပိုက်ကွန်တွင် မိနေသော ခြင်္သေ့သည် လွတ်မြောက်ဖို့ ကြိုးစားလေလေ ပိုက်ကွန်နှင့် ပိုမို ငြိတွယ်ရစ်ပတ်မိလေလေ ဖြစ်တတ်သည်မှာလည်း ထိုသဘောပင် ဖြစ်ပါ သည်။ သို့ဖြစ်လေရာ “ထိပ်တိုက်တွေ့ဆုံခြင်း”တွင်လည်း နည်းလမ်းမှန်ကန်ဖို့ လွန်စွာအရေးကြီးပါသည်။ ပြဿနာတစ်ခုကို ကြုံလာပြီဆိုလျှင် မိမိနဂိုက စွဲမြဲထင်မြင်ခဲ့သော ကြိုတင်မှန်းဆချက်များ၊ ရိုးရာအစဉ်အလာ အတိုင်း ယုံကြည်လက်ခံမှုများကို ခဏတာဖြစ်ဖြစ် ပယ်ဖျောက်ထားခဲ့ဖို့ လိုပါသည်။

ဖတ်ခဲ့ဖူးသော ဇာတ်ကြောင်းလေးတစ်ခုရှိသည်။ သူငယ်ချင်းနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြသည်။ ရင်းနှီးခင်မင်ကြသည်။ သူတို့သည် ကျောင်းဆရာများ ဖြစ်ကြပြီး ကျောင်းတစ်ကျောင်း တည်းတွင် အတူကျသည်။ အခန်းချင်းကပ်လျှက် နေရသည်။ လပေါင်းအတော်ကြာသည်အထိ ရင်းရင်းနှီးနှီး ခင်ခင်မင်မင် နေထိုင်ခဲ့ကြသည်။ တစ်နေ့သောအခါ တစ်ယောက်နှင့်တစ်ယောက် မခေါ်မပြော ဖြစ်လာခဲ့ သည်။ တစ်ယောက်ကိုတစ်ယောက်တွေ့လျှင် မကြည်မလင်ကြည့်သည်။ နောက်ပိုင်းတွင် စောင်းမြောင်းပြော သည်အထိ ဖြစ်လာသည်။ သူတို့၏ ဆက်ဆံရေးမှာ တဖြည်းဖြည်း တင်းမာလာသည်။ “ဘာကြောင့် အခုလို ဖြစ်ရတာလဲ၊ ငါ ဘာများ အမှားလုပ်မိလို့လဲ”ဟု တစ်ယောက်က လက်ရှိအခြေအနေကို မကျေမနပ် စဉ်းစား နေမိသည်။

တစ်နေ့သောအခါ “မဖြစ်တော့ဘူး၊ သူနဲ့ ဒီလို ဖြစ်နေတာကို ရှင်းမှဖြစ်မယ်”ဟု စိတ်ပိုင်းဖြတ်ပြီး သူငယ်ချင်း၏ အခန်းထဲသို့ ၀င်သွားသည်။ သူငယ်ချင်းက မကြည်မသာနှင့် ကြည့်နေသည်။ “သူငယ်ချင်းရာ… ငါတို့တွေ ချစ်ချစ်ခင်ခင် နေလာကြတာလည်း ကြာလှပြီ၊ အခု ဖြစ်နေတဲ့ မင်းနဲ့ငါ့အခြေအနေအတွက် ငါ တစ်နေ့မှ ပျော်စရာ ဖြစ်မနေဘူး”ဟု ပြောလိုက်သည်။ သူ့သူငယ်ချင်းက “မကျေမနပ် ဖြစ်ရမှာက ငါပါကွ၊ မင်းကတော့ လုပ်တဲ့သူ၊ ငါက ခံနေရတဲ့သူပဲ”ဟု ပြန်ပြောသည်။

ထိုအခါ “ဟာ သူငယ်ချင်းရ… မင်း စိတ်ဒုက္ခရောက်အောင်၊ မင်းဘ၀ပျက်စီးအောင် ငါဘာများ လုပ်မိလို့လဲ ကွာ”ဟု မေးလိုက်စဉ် သူငယ်ချင်းက ရုတ်တရက် ရေချိုးခန်းထဲ ပြေးဝင်သွားပြီး ရေအိမ်ဆွဲသော ကြိုးကို တ၀ုန်းဝုန်း ဆွဲပြသည်။ ပြီးမှ ပြန်ထွက်လာပြီး “မင်း ညတိုင်းညတိုင်း အဲဒီလို တ၀ုန်းဝုန်း ဆွဲနေတဲ့အသံကြောင့် ငါအိပ်ရေးပျက်တယ်၊ တစ်နေ့မှ ကောင်းကောင်း အိပ်မရဘူး”ဟု ပြောလိုက်သည်။ ထိုအခါကျမှ “သူငယ်ချင်း ရယ်…. ငါ တမင်တကာ လုပ်တာ မဟုတ်ပါဘူး၊ အဲဒီလို မင်းအနှောက်အယှက်ဖြစ်မယ်မှန်း မသိလို့ လုပ်နေမိ တာပါ” စသည်ဖြင့် တောင်းပန်လိုက်သောအခါ သူငယ်ချင်းနှစ်ဦး ယခင်ကလို ပျော်ပျော်ရွှင်ရွှင် ပြန်ဖြစ်ခဲ့ကြ သည်။

“ဖြစ်နေတဲ့ ပြဿနာတွေရဲ့ ၁၀-ခုမှာ ၉-ခုက ထိပ်တိုက်ရင်ဆိုင်လိုက်ရင် ပြေလည်သွားတာချည်းပဲ”ဟု စာရေးဆရာက ကောက်ချက်ဆွဲသည်။ မိမိတို့နေ့စဉ်ဘ၀များတွင်လည်း ထိုကဲ့သို့ အသေးအမွှားလေးများ များစွာတွေ့ရတတ်သည်။ ပြဿနာက ဖြစ်စတွင် အသေးအမွှားလေးဟု ဆိုသော်လည်း မှားယွင်းစွာ သုံးသပ်ပြီး မိမိတို့၏ အတ္တများနှင့် ပေါင်းစပ်ဖြေရှင်းမိကြလျှင် ရှင်းမနိုင် ဖြေမရ ဖြစ်သွားတတ်ကြလေသည်။

“အသေးအဖွဲလေးတွေက ပြီးပြည့်စုံအောင် လုပ်ပေးတယ်၊ ပြီးပြည့်စုံခြင်းကတော့ အသေးအဖွဲလေး မဟုတ် တော့ဘူး”ဆိုသော မိုက်ကယ်အိန်ဂျလို၏ စကားမှာလည်း မှတ်သားစရာ ဖြစ်သည်။ ပြဿနာသေးအဖွဲလေး များသည် ပြဿနာအကြီးမားဆုံးဖြစ်အောင် လုပ်ပေးတတ်ပြီး ပြဿနာကြီး ဖြစ်လာသောအခါ ဖြေရှင်းရ ခက်လာတတ်ပါသည်။ လာမည့်ဘေးကို ရှောင်မပြေးဘဲ ရဲရဲဝံ့ဝံ့ ထိပ်တိုက်တွေ့လိုက်လျှင် သင်္ခန်းစာနှင့် အောင်ပွဲက အသေအချာ ရှိနေပါသည်။

3 comments:

အရှင်ဝရသာမိ said...

@@@@@@@@@@@@@
ပြဿနာသေးအဖွဲလေး များသည် ပြဿနာအကြီးမားဆုံးဖြစ်အောင် လုပ်ပေးတတ်ပြီး ပြဿနာကြီး ဖြစ်လာသောအခါ ဖြေရှင်းရ ခက်လာတတ်ပါသည်။ လာမည့်ဘေးကို ရှောင်မပြေးဘဲ ရဲရဲဝံ့ဝံ့ ထိပ်တိုက်တွေ့လိုက်လျှင် သင်္ခန်းစာနှင့် အောင်ပွဲက အသေအချာ ရှိနေပါသည်။@@@@@@@@
မှတ်သားစရာလေးပါပဲ အရှင်ဘုရား။
အသေးအဖွဲလေးပါဆိုပြီး မဖြေရှင်းဘဲထားရင် အဲဒီအသေးအဖွဲအလေးက တနေ့မှာ ဖြေရှင်းရခက်တဲ့
ပြဿကြီး ဖြစ်လာတတ်ပါတယ်။
အရှင်ဘုရားရဲ့ စာလေးကို ဖတ်ရတာ အကျိုးကျေးဇူးများလှပါတယ်ဘုရား။
ကျန်းမာပါစေ

အရှင်ဝရသာမိ

waihnaugnlwin said...

သိပ်ကိုအဖိုးတန်တဲ့ဆောင်းပါးတစ်ပုဒ်ပါပဲဘုရား။ တစ်ဦးနဲ့တစ်ဦး ကိုယ်ချင်းစာတရားလေးအညီအမျှထားကြမယ်ဆိုရင် ပြဿနာဆိုတာရှိလာမှာမဟုတ်တော့ပါဘူး။ ဦးဇင်းရဲ့ဆောင်းပါးလေးကိုဖတ်ရင်း တပည့်တော်မှာ အတွေးတွေဆင့်ကဲပွားနေရပါတယ်ဘုရား။ “လောကမှာ ပြဿနာဆိုတာမရှိခဲ့ရင် နေပျော်တဲ့ဘ၀မဟုတ်ဘူး“လို့ခံယူထားရှိကြတဲ့တပည့်တော်တို့လိုလူတွေအတွက် အလွန်ကျေးဇူးများပါတယ်ဘုရား။ အလားတူဆောင်းပါးမျိုးတွေကို မကြာခဏရေးစေချင်ပါတယ်ဘုရား။ အိပ်မက်လှလှ ဘ၀လှလှလေးတွေကို ထာဝရပိုင်ဆိုင်နိုင်ပါစေဘုရား။

kotwo said...

အရှင်ဘုရားရဲ့ ..ပိုစ့်တွေ တော်တော်များများ ဖတ်ပြီးပါပြီ ။ တချို့  ဇင်ဇာတ်လမ်းနဲ့  အယူအဆလေးတွေဆိုရင် သဘောကျလွန်းလို့ ဆိုက်တခုမှာတောင် တပည့်တော် ရှယ်လိုက်မိပါတယ်ဘုရား..ခွင့်မတောင်းမိခဲ့တဲ့ အတွက် တော့ ခွင့်လွတ်ပေးပါဘုရား။ပြီးတော့ တပည့်တော် မဟာယနဗုဒ္ဓဘာသာအကြောင်း လေးလေးနက်နက် သိချင်ပါတယ်ဘုရား။ တခါတခါကျတော့ တရုတ်ဘုန်းကြီး တချို့ ကိုကြည့်ပြီး(ပုဂ္ဂိုလ်ကိုကြည့်ပြီး)မဟာယန ကို အထင်သေးသလိုဖြစ်မိပါတယ်ဘုရား။ဒါကြောင့် တပည့်တော်ရဲ့ သံသယကို ဖယ်ရှားပေးတော်မူပါဘုရား...

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails