Friday, April 9, 2010

ဝိပဿနာရှုနည်းများ

အထက်တွင်ပြဆိုခဲ့သည့်အတိုင်း အာနာပါန သမထယာနိက၊ အာရဒ္ဓ၀ိပဿက ယောဂီအပေါင်းတို့သည် မိမိရအပ် ၀င်စားခဲ့သော ငြိမ်းစေဘိ သို့မဟုတ် ရုပ်ဥပစာ၊ နာမ်ဥပစာတည်းဟူသော အကြည်တုံး၊ အကြည်ခဲ၊ မှန်ရွဲဖန်ရွဲဟုဆိုအပ်သော ဥပစာရသမာဓိအဆင့်ကို ရခဲ့ပေမည်။ ထိုအကြည်ဓာတ်တည်းဟူသော သမာဓိမှန်ပြောင်းဖြင့် ရုပ်နာမ်အပေါင်းတို့၏ သဘောလက္ခဏာတို့ကို ၀ိပဿနာဉာဏ်မျက်စိဖြင့် ရှုမှတ်လိုက်လျှင် အရှိန်မစဲ၊ တသဲသဲ၊ တဖွဲဖွဲ ဧကန်မမြဲသော ရုပ်ကလာပ်တို့ ဖြစ်ပျက်နေပုံများကို တွေ့လာရပေလိမ့်မည်။
ဤနေရာတွင် သန္ဓိရှုနည်း၊ ပဗ္ဗရှုနည်းနှင့် သြဓိရှုနည်းဟု ၀ိပဿနာဉာဏ်အာရုံလိုက်ရာ ဌာနသုံးမျိုး ရှိပါသည်။ ထိုသုံးမျိုးတို့တွင် ပြဆိုခဲ့ပြီးသော အာလောကသမာဓိအလင်းဖြင့် ခန္ဓာကိုယ်ကြီး၏ ခြေဖျားအရပ်မှ တဖြေးဖြေး ပရမတ်ရုပ်၊ ဓာတ်ရုပ်၊ ကလာပ်ရုပ်တို့၏ သဘောကို တစ်ကိုယ်လုံး အကြားမလပ်စေဘဲ ရုပ်၊ ရုပ်ဟု ရှုမှတ်ရမည်။ မိမိ၏ ၀ိပဿနာအာရုံရောက်ရာ ရောက်ရာ ဌာနတိုင်း ဌာနတိုင်းမှ မီးသတ်ပိုက်လုံးကြီးများနှင့် တဲ့တဲ့ထိုးလိုက်သောအခါ ဖွားခနဲ ဖွားခနဲ လွင့်စဉ်နေသည်ကို တွေ့မြင်ရသကဲ့သို့ ရုပ်ပျက်နေပုံကို တွေ့မြင်ရပေလိမ့်မည်။ ထုံးပုံကြီးကို လေဗွေရမ်းသောအခါ တဖွားဖွား ဖြစ်နေပုံနှင့်လည်း ဥပမာနှိုင်းကြသည်။ ဤနည်းအားဖြင့် ငယ်ထိပ်မှ ခြေဖျား၊ ခြေဖျားမှ ငယ်ထိပ် စပ်မိအောင် ရှုမှတ်ရသောနည်းဖြစ်၍ သန္ဓိရှုနည်းဟု ခေါ်ဆိုရလေသည်။


ခြေဖျားမှ ချက်အထိ အောက်တစ်ပိုင်း၌သာ (ဟေဋ္ဌိမကာယ) အပြန်ပြန်အလှန်လှန် ရှုမှတ်ရခြင်း၊ သို့မဟုတ် ချက်မှ လည်မျိုတိုင်အောင်သော အလယ်တစ်ပိုင်း၌သာ (မဇ္ဈိမကာယ) အပြန်ပြန်အလှန်လှန် ရှုမှတ်ရခြင်း၊ သို့မဟုတ် လည်မျိုမှ ငယ်ထိပ်ထိတိုင်အောင်သော အထက်တစ်ပိုင်း၌သာ (ဥပရိမကာယ) အပြန်ပြန်အလှန်လှန် ရှုမှတ်ရခြင်းအားဖြင့် သုံးပိုင်းပိုင်းကာ ရှုမှတ်ရသောနည်းကို ပဗ္ဗရှုနည်းဟု ခေါ်ဆိုရပေသည်။
တစ်တောင်ခန့်၊ တစ်ထွာခန့်၊ လက်တစ်ဝါးခန့်၊ လက်လေးသစ်ခန့်၊ ရင်ဝ၊ ငယ်ထိပ်စသော မိမိဉာဏ်အာရုံသန်ရာ အာရုံကျရောက်ရာ ဌာနတို့၌သာ အာရုံစိုက်၍ ရှုမှတ်ရသောနည်းကို သြဓိရှုနည်းဟု ခေါ်သည်။ ထိုဝိပဿနာရှုနည်းသုံးမျိုးတို့တွင် ကလာပ၊ သမနအစွမ်းအားဖြင့် တဖွဲဖွဲ တရိပ်ရိပ် ပျက်ကုန်ပျက်ကုန်သော ၀တ္ထုရုပ်ကလာပ်တို့ကိုလည်းကောင်း၊ ထပ်ခါထပ်ခါ အသစ်အသစ်ဖြစ်ပေါ်ဖြစ်ပေါ်၍ လာကြကုန်သော ၀တ္ထုရုပ်ကလာပ်တို့ကိုလည်းကောင်း တဖွားဖွားဖြစ်နေသည်ဟု ယောဂီ၏ ဉာဏ်ဝ၌ ထင်မြင်လာလျှင် တရားလမ်းစတွေ့ပြီဟု မှတ်နိုင်ကြပါသည်။
ဝိပဿနာရှုရာအစွန်း (၃)ပါး
ဝိပဿနာအာရုံထားရာဌာန သုံးမျိုးရှိပါသည်။ ၎င်းတို့မှာ….
၁။ အန္တရစွန်းမှ ရှုနည်း
၂။ ဗန္တရစွန်းမှ ရှုနည်း
၃။ ဗဟန္တရစွန်းမှ ရှုနည်းတို့ ဖြစ်ပါသည်။
ခန္ဓာတစ်ကိုယ်လုံးတစ်ခုလုံး၏ ဗဟိုချက်မဖြစ်သော နှလုံးသား ဟဒယသွေးပြင်တွင် တရစပ် ဖြစ်ပျက်နေကြပုံများကို အဖန်ဖန်အထပ်ထပ် ရှုမှတ်နေခြင်းကို အန္တရစွန်းမှ ရှုမှတ်ခြင်းဟု ခေါ်သည်။ ရင်ဝ၊ ငယ်ထိပ်၊ ခြေ၊ လက်စသော ခန္ဓာကိုယ်တစ်နေရာရာတွင် ဖြစ်ပျက်နေကြသော ရုပ်တို့၏ သဘောကို မပျက်သတိကပ်ကာ ရှုမှတ်နေခြင်းကို အတွင်းလည်းမကျ အပြင်လည်း မကျသော ဗန္တရစွန်းမှ ရှုနည်းဟု ခေါ်သည်။ ဗဟိဒ္ဓဖြစ်သောရုပ်ကို မြင်ရာ၌ မြင်သည်၊ ကြားရာ၌ ကြားသည်၊ အနံ့နံရာ၌ နံသည်၊ စားရာ ၀ါးရာ သောက်ရာတို့၌ စားသည် ၀ါးသည် သောက်သည်၊ အပူအအေး၊ အကြမ်းအနုစသည်တို့နှင့် ထိတွေ့ရာ၌ ပူသည် အေးသည် ကြမ်းသည် နုသည်…..စသည်တို့ကို အသိမလပ်စေဘဲ အထပ်ထပ် အခါခါ ၀ိပဿနာရှုမှတ်နေရခြင်းသည် ဗဟိဒ္ဓအပြင်အပ ကျလွန်းသည့်အတွက် ဗဟန္တရစွန်းမှ ရှုမှတ်နည်းဟု ခေါ်ဆိုရလေသည်။ (အကျယ်ကို သိလိုလျှင် ယောဂိပါရဂူ၊ သစ္စပါရဂူ၊ ၀ဋ္ဋပါရဂူ၊ အာနာပါနပါရဂူနှင့် ယောဂီပါရဂူကျင့်စဉ်တို့မှ ယူကြပါကုန်)။

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails