Sunday, August 16, 2009

ရန်ကုန်သွား တောလား (၂)

အလုပ်ကိစ္စတွေ မပြတ်သေးတာနဲ့ အမေ့ဆီလည်း မသွားဖြစ်သေးဘူး။ အမေ့ကို လွမ်းတယ်။ ``ရန်ကုန်မှာ အစစအရာရာ ဂရုစိုက်ပါ´´တဲ့ မှာရှာတယ်။ အမေတို့ဆီမှာ မိုးမရွာတာ နှစ်လကျော်ပြီတဲ့။ ``မိုး..မိုး ဘာကြောင့်ရွာ၊ ဖားအော်လို့ ရွာ´´ဆိုလား ဘာဆိုလား ဆိုနေကြတာ ရှိတယ်။ အခုလဲ ပြောင်းပြန်ကြည့်တော့ ဖားမအော်လို့ မိုးမရွာတာလားလို့ ကြံကြံဖန်ဖန် တွေးနေပါတယ်။

ရန်ကုန်က ဒကာတစ်ယောက်ကတော့ ပြောတယ်။ ``သစ်တော ထိန်းသိမ်းရေ အသိပညာတွေ ဦးဇင်းတို့ဆီကို ပြောပြပါအုံး´´တဲ့။ အော်…ခက်ပ…။ ဥတုရာသီ တောကို မှီ။ တောရှိမှ မိုးရွာမယ်။ ရာသီဥတုကောင်းမယ်။ သူတို့လည်း သိကြသပေါ့။ သိပေမယ့် ချက်ပြုတ်ရေးအတွက် လျှစ်စစ်မီးက မရှိ၊ ဘာက မရှိ။ ထမင်းချက်ဖို့ သစ်ပင်တော့ ခုတ်မှ ရပေမပေါ့။ သစ်ပင်မခုတ်ရင်တော့ အစိမ်းစားကြရုံပဲရှိမပေါ့။ အခု ပိုဆိုးတာက မိုးမကောင်းတော့ သီးနှံက မရ၊ သီးနှံမရတော့ စားစရာက မရှိ၊ စားစရာ မရှိတော့ ရှိအောင် ရှာကြံတဲ့အနေနဲ့ ရှိတဲ့သစ်ပင်လေးတွေကို မီးသွေးဖုတ်ကြသတဲ့။ အစစမပြည့်စုံတဲ့ဘ၀တွေကို ဟိုဟာမလုပ်သင့်၊ ဒီဟာ မလုပ်သင့်ဆိုပြီး ဆရာသွားလုပ်ဖို့ကလဲ အရမ်းခက်ပါတယ်။ ဟိုဟာ မလုပ်သင့်ဘူးပြောပြီးရင် ဒါလုပ်သင့်တယ်ဆိုတာကို ပြောပြနိုင်မှ ဖြစ်မယ်လေ။ ရန်ကုန်မှာလဲ ပြောနေကြတယ်။ ``တောင်သာမီးသွေးက သိပ်ကောင်းတယ်´´ဆိုပဲ။ မကောင်းဘဲနေမလား။ ကန္နားပင်(ကန္တာရပင်)တွေကို မီးသွေးဖုတ်ထားတာလေ။ မာတောင်နေတာပဲ၊ အသုံးခံတယ်တဲ့။

သီရိလင်္ကာကို အမှတ်ရတယ်။ ``အိမ်ရှိရင် လျှပ်စစ်မီး ရှိရမယ်´´တဲ့။ သစ်တောတွေ ထိန်းသိမ်းထားလိုက်တာ ကြည်နူးစရာ သိပ်ကောင်းတာပဲ။ နေရာတိုင်းလိုလိုမှာ တောတောင်တွေ၊ စိမ့်စမ်းတွေ၊ ကျေးငှက်သာရကာတွေ၊ သားကောင်တွေ။ အဲဒီလို စိမ်းစိုနေတဲ့ တောလေးတွေ၊ ရွာလေးတွေ မြင်ချင်လိုက်တာ။ တရားခံက ထင်ရှားနေတာတောင် တရားသူကြီးက အခုထိ ရောက်မလာသေးဘူး။


အွန်လိုင်းတက်တိုင်း သူငယ်ချင်းတွေက ပြည်ပကနေပြီး မေးကြတယ်။ ``ဘယ်လိုလဲ အခြေအနေ ဘာထူးလဲ´´တဲ့။ ဒီကို ပြန်လာတော့ ထိုင်းထရန်စစ်နဲ့ ပြန်လာခဲ့ရတယ်။ ထိုင်းလေဆိပ်မှာ သင်္ဘောသားလူငယ်တစ်သိုက်ပြောနေတဲ့ စကားတွေထဲက တစ်ခုကို သတိထားမိခဲ့တယ်။ ``ငါသွားတဲ့ သုံးလေးနှစ်အတွင်း ထိုင်းက အရမ်းကို ပြောင်းလဲသွားပြီကွာ´´။ ဒီလိုနဲ့ မင်္ဂလာဒုံလေဆိပ်ကို ဆင်းမယ်အလုပ်မှာ သူ့ဆီက စကားတစ်ခွန်းကို ကြားလိုက်မိပြန်တယ်။ ``ငါ ရိုးတယ်မှပဲ။ ငါသွားတုန်းကလဲ ဒီအတိုင်းပဲ၊ ပြန်လာတော့လဲ ဒီအတိုင်းပဲ´´တဲ့။ သူငယ်ချင်းတွေကိုလဲ အဲဒီအတိုင်း ဖြေလိုက်ချင်ပါတယ်။

ရန်ကုန်မှာ ထူးတာတွေလဲ အများကြီးပါပဲ။ စူပါမားကတ်တွေ အများကြီးပေါလာတယ်။ တိုက်အသစ်တွေလဲ အများကြီး ပေါလာတယ်။ နောက်ပြီး ကြွယ်ဝသူတွေက နောက်ဆုံးပေါ်ကားကြီးတွေ စီးလို့၊ အနောက်တိုင်းဆန်ဆန် တိုက်ကြီးတွေ ဆောက်လို့။ သားသမီးတွေကို ပညာရေးအဆင့်မြင့်အောင် နိုင်ငံခြားကို လွှတ်၊ ကျောင်းတွေ ထားလို့။ တိုးတက်နေကြတာလား။ အခြားတစ်ဖက်ကို ငဲ့ကြည့်လိုက်မယ်။
အိမ်အပိုင်မပြောနဲ့၊ အိမ်လခ မှန်အောင် မနည်းပေးနေကြရတယ်။ နေစရာ အိမ်မရှိလို့ ဟိုပြေးဒီကပ်နဲ့ ဘ၀တွေကို ဖြတ်သန်းနေရတယ်။ နိုင်ငံလူဦးရေရဲ့ အများစုက ကျောင်းမနေကြရဘူး။ မူလတန်းအဆင့်လောက်နဲ့ ကျောင်းထွက်လိုက်ပြီး အလုပ်ကြမ်းတွေ လုပ်နေရတယ်။ တောင်သူလယ်သမားတွေရဲ့ သားသမီးတွေဟာ တရားမ၀င်အလုပ်သမားတွေအဖြစ် နိုင်ငံခြားမှာ သွားနေရတယ်။ မွန်ပြည်နယ်ရဲ့ အနာဂတ်မျိုးဆက်သစ်လူငယ်တွေ ဘယ်ရောက်နေလဲ။ တိုင်းပြည်ကောင်းစားရေးအတွက် ခေတ်နဲ့ရင်ဘောင်တန်းနိုင်အောင် ပညာတွေ သင်နေကြပါသလား။ အလုပ်ကြီးအကိုင်ကြီးတွေ လုပ်နေကြပါသလား။ ထိုင်းနယ်စပ်မှာ မိန်းကလေး၊ ယောက်ျားလေး အများကြီး ဒုက္ခသုက္ခတွေနဲ့ မိသားစုဝမ်းရေးကို ဖြေရှင်းနေကြရတယ်။

တိုင်းတစ်ပါးမှာ အနှိမ်ခံဘ၀ သွားနေရတဲ့ မွန်ပြည်နယ်ရဲ့ ကရင်၊ မွန်၊ ဗမာလူငယ်လေးတွေရဲ့ အနာဂတ်ဟာ တွေးကြည့်တိုင်း ရင်မောစရာပါ။ အဲဒီက ပြန်လာတဲ့လူငယ်တွေဟာ မိန်းကလေး၊ ယောက်ျားလေးအားလုံးနီးပါးဟာ မိမိတို့ရဲ့ အမျိုးသားရေး ကိုယ်ပိုင်လက္ခဏာတွေ ဆုံးရှုံးကုန်ပါတယ်။ ပြန်ရောက်လာတာနဲ့ ဘာမလုပ်တတ်၊ ညာမလုပ်တတ်။ ပျက်စီးကုန်တော့တာပဲ။ ဒါဆိုရင် မသွားဖို့ တားမြစ်ကြပါလား။ မတားမြစ်နိုင်ပါဘူး။ သတင်းစာတွေကနေ ဘယ်လောက်ပဲ မသွားနဲ့ ရေးနေရေးနေ၊ အဲဒီကို သွားမှ သူတို့ရဲ့ဘ၀ အဆင်ပြေနေတာကို လက်တွေ့ကြုံနေကြရတော့ ဘယ်မှာလာလို့ တားရလိမ့်မလဲ။ ဘွဲ့ရပြီး ထိုင်းနယ်စပ်သွား ခြံထဲဆင်းအလုပ်လုပ်နေရအောင် သူရတဲ့ဘွဲ့နဲ့ သူ့နိုင်ငံပညာရေးက ဘာလဲ။ ဘယ်လဲ။

ဝင်ဒါမီဒီယာထဲမှာတောင် မီးအားက အရမ်းနည်းနေတယ်။ ကျောင်းမှာ ကိုရင်တွေ ရေချိုးစရာ ရေမရှိဘူး။ အိမ်သာတက်စရာ ရေမရှိဘူး။ ဘေးကအိမ်တွေကတော့ မီးအားမြှင့်စက် သုံးနေကြတယ် ထင်ပါရဲ့။ မီးတွေ ထိန်လင်းနေပါတယ်။ မီးတွေ ချွေတာသုံးကြနော်၊ မီတာစောင့်ရှောက်ခဆိုပြီး သုံးထောင်ထပ်ပေးဖို့ မနက်က ပြောသွားတယ်တဲ့။ ဆရာတော်က အမိန့်ရှိတယ်။ ``မီတာက ငါ့ကျောင်းမှာ ဒီအတိုင်းထားတာပါကွာ၊ သူတို့လဲ စောင့်ရှောက်တာ မဟုတ်ဘူး´´ ဆရာတော်က ရေရွတ်နေပါတယ်။ မိုးသားတွေတက်လာလို့ မော့ကြည့်လိုက်တယ်။ တိမ်တွေရဲ့ တောက်ပမှုက အရောင်တွေ ကွဲနေတယ်။

အခုတလော မိုးတိမ်တွေ ပြန်ကြည်လင်လာတယ်။ သွားရလာရ အဆင်ပြေလာတယ်။ ကျန်းမာရေးစောင့်ရှောက်ချင်လို့ဆိုပြီး မကြာခဏ လာကြည့်ပေးနေတဲ့ သူတွေက လွဲရင်ပေါ့။ ကိုယ်သွားတဲ့နေရာကို လိုက်စောင့်ရှောက်နေတယ်။ ကျေးဇူးတင်ရမလား။ ကျောင်းတစ်ကျောင်းမှာ စစ်သူနာပြုတစ်ယောက် ထားချင်တယ်ဆိုလား။ အခုလို မကြာခဏ လာနေရတော့ လမ်းစရိတ်ကုန်လို့ ထင်ပါတယ်။ ကျောင်းနားက အိမ်တွေကိုလည်း ည ၁၂-နာရီကျော် အချိန်မတော် ဧည့်စာရင်းလာစစ်လိုစစ်။ တော်တော် ဂရုစိုက်ကြတယ်။
``အရှင်ဘုရား သီရိလင်္ကာကပြန်လာတဲ့ ကိုယ်တော်လား´´။ ဟုတ်ပါတယ်။ မိုးလင်းလို့ အိပ်ယာက ထာတာနဲ့ စစ်သားသုံးယောက်နဲ့ သူနာပြုတစ်ယောက် ကျောင်းရောက်လာတယ်။ နေ့စဉ်လာကြည့်မယ်တဲ့။ အရှင်ဘုရားကျန်းမာရေးအတွက်ပါတဲ့။ ကျေးဇူးတင်ဖို့ အလွန်ကောင်းပါတယ်။ ကိုယ့်ကျန်းမာရေး ကိုယ်က ဂရုစိုက်စရာ မလိုဘူး။ သူတို့က သိပ်အလိုက်သိကြတယ်။ တစ်နေ့ကလဲ မယကလူကြီးဆိုလား ဘာဆိုလား၊ အရှင်ဘုရား ဘွဲ့အမည်လေး ပေးပါအုံးဆိုလို့ ပေးလိုက်ရတယ်။ ``ငါ့သား အစစအရာရာ ဂရုစိုက်ပါ´´ဆိုတဲ့ အမေ့စကား ဒါတွေကို ရည်ညွှန်းသလား မပြောတတ်ပါဘူး။ ဂရုစိုက်လွန်းသူတွေရဲ့ ကြားမှာ မနေတတ်တော့ဘူး၊ အမေ့ဆီ ပြန်တာပဲ ကောင်းတယ်။

လွယ်နေတဲ့ ပြဿနာတွေ
ခက်ခက်သွားတာအတွက်
ဆုတောင်းမနေချင်တော့ဘူး။
ခဏခဏ စီးဆင်းလာနေတဲ့ မျက်ရည်တွေ
ခမ်းခြောက်သွားဖို့တော့
တမ်းတနေမိပါတယ်။

1 comment:

BoAungSun said...

ကောင်းလိုက်တဲ့ ပို့လေးကွာ။ ကိုယ့်တွေ့ခံစားမှုတွေကို တင်ပြထားတော့ ပိုအရသာရှိတယ်ဟေ့။ အဲဒီ မဆီမဆိုင် စောင့်ရှောက်ချင်တဲ့သူတွေကိုသာ သတိထား ကျန်တာအားလုံးအဆင်ပြေသွားမှာပါ။

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails