Thursday, October 2, 2008

အနာဂတ်ရှုမျှော်ခင်း၊ ပစ္စုပ္ပန်ကန္တာရနှင့် စိန်ခေါ်ခြင်း

နှစ်ပရိစ္ဆေဒပေါင်းများစွာ မည်းမှောင် ကောက်ကျစ်နေခဲ့သော ကောင်းကင်ကြီးရဲ့ ရာဇ၀င် ကို လှလှပပ ဖော်ထုတ်ပေးလိုက်ကြမယ်။ ဖော်ထုတ်ဖို့ အချိန်ဟာလည်း ဆိုက်ရောက်လာခဲ့ပြီ။
ကောက်နေတဲ့တိမ်တွေ။ ညစ်နေတဲ့ အပုပ်တွေ။ ငါတို့သမိုင်းမှာ ခါးသတ်စွာ ကျန်ရစ်စေရ မယ်။ အားလုံးအတွက်ဆိုပြီး ငါတို့ အားလုံးကို စွန့်လွှတ်ထားကြတယ်မဟုတ်လား။ ဘာတွေကို လက်ကိုင်ပြုနေချင်သေးလဲ။ ဘာတွေကို ခြယ်သချင်နေသေးလဲ။ ငါတို့ကိုယ်ကို ငါတို့ လှစ်ဟခွင့် မရှိခဲ့တဲ့ နေ့များကို ငါတို့ နောက်ထက်လိုချင်နေသေးလား။ ငါတို့မြေမှာ ရှိနေစေချင်သေးသလား။ ဒါတွေကို အတိတ်မှာ ချန်ရစ်ပစ်ခဲ့ဖို့ ငါတို့ မစွမ်းနိုင်ကြတော့ဘူးတဲ့လား။
ကိုယ့်သွားကို ကိုယ်ကြိတ်။ ကိုယ့်အံကို ကိုယ်ခဲ။ ငါတို့များရဲ့ဘ၀ဟာ ပန်းဥယျာဉ်လို မဟုတ်ခဲ့လေဘူး။ ဘယ်တော့များ အမှောင်ကာလတွေ ဆုံးမလဲ။ ဒီငှက်ဆိုးတွေအကြောင်း ဘယ် သူတွေက သီချင်းဆိုချင်နေကြသေးလဲ။ လှပြီးသား နှလုံးသားတွေ လှနေပါစေ။ ရဲပြီးသားသွေးတွေ ရဲနေပါစေ။ ဖြူပြီးသား စိတ်တွေ ဖြူနေပါစေ။ ငါတို့အတွက် မျှော်လင့်ချက်ဟာ ငါတို့ ကောင်းကင် ဖြစ်စေရမယ်။


ငှက်ဆိုးသံတွေကြားမှာ အိပ်ရေးပျက်ခဲ့ကြတဲ့၊ အိပ်ရေးပျက်နေဆဲဖြစ်တဲ့ ချစ်စွာ သောငါတို့ရဲ့မိခင်(တိုင်းပြည်) ဘယ်တော့များ ငါတို့ သူ့ကို ပြုံးပျော်စေနိုင်ပါ့မလဲ။ မိတ်ဆွေတို့ ငါ တို့ မိခင် မျက်တွင်းတွေဟောက်လို့ အိပ်ပျက်တဲ့ညတွေ များလှပါပြီကွယ်။ ငါတို့ စိတ်ဆန္ဒတွေ အား လုံး ဘယ်ဆီမှာ စုပြုံနေသင့်သလဲ။
မိတ်ဆွေဟာ ဒီမြေမှာ ကြီးရင့်ခဲ့ရင် ဒီမြေရဲ့ ကောင်းကင်ကို ခဏဖြစ်ဖြစ် လှမ်းကြည့် လိုက်ပါ။ အမိမြေရဲ့ ကောင်းကင်ယံမှာ S.O.S ဆိုတဲ့ စာတန်းလေးဟာ သင်ကြည့်ရင် သင်မြင် တွေ့ရပါလိမ့်မယ်။ ထင်ထင်ရှားရှား။
“သူများထက် ထူးခြားအောင် ပြုလုပ်နိုင်ခဲ့တဲ့သူတွေဟာ သမိုင်းတွင်ကျန်ခဲ့တာပဲ”တဲ့။ သူများထက် ထူးစရာမလိုပါဘူးလေ။ သူများလောက်လုပ်ရင်ကို သမိုင်းမှာ မိတ်ဆွေတို့ လူရိုသေ ရှင်ရိုသေ ဖြစ်နိုင်ပါတယ်။ မိတ်ဆွေတို့ ပန်းပွင့်အသေတွေ တွေ့ဖူးသလား။
သမိုင်းဆိုတာ လူတွေရဲ့ အရိပ်ပါ။ ဒါဆိုရင် သင့်ရဲ့အရိပ်ဟာ သင့်ရဲ့သမိုင်းပဲပေါ့။ ကျန်နေ ခဲ့တဲ့ သင့်အရိပ်နဲ့ သင့်သမိုင်းရဲ့ အဖြူအမည်း၊ အကွေ့အဖြောင့်အကြောင်းကို လူတွေ ပြောနေ ကြပါလိမ့်မယ်။ အဲဒိအချိန်မျာ သင်ကတော့ မရှိတော့ပါဘူး။ ဒါပေမယ့် သင်နဲ့ပတ်သတ်ပြီး မသေ သေးသူ တစ်ယောက်ထက်ပိုတဲ့ တန်ဖိုးထားမှုကို တွေ့ရပါလိမ့်မယ်။ ဒါဟာ လူဖြစ်ရခြင်းရဲ့ တစ်နည်းပြောရရင် “ကိုယ့်ဖြစ်တည်မှုရဲ့ လှပတဲ့ရုပ်ကြွင်းတစ်ခု” ဖြစ်နေပါလိမ့်မယ်။
အခြေအနေကပြောပြတဲ့ အလုပ်ဟာ ငါတို့ဘ၀အတွက် လုပ်သင့်လုပ်ထိုက်တာပဲ ဖြစ်နေပါ လိမ့်မယ်။ နှစ်ပေါင်းများစွာ ငုံ့လာခဲ့ရသော ငါတို့ရဲ့ဦးခေါင်းများ၊ ကုတ်ကိုင်းကွေ့ကောက်နေတဲ့ ကောင်းကင်ကြီးရဲ့အောက်မှာ ကွေ့ကွေ့ရွေ့ရွေ့ တိမ်မြုပ်နေသော ငါတို့ရဲ့စိတ်များကို ထွက် ပေါက်ပေးလိုက်သင့်ပြီ။ ငါတို့မိခင်ဟာ ငါတို့အလာကို ငေးမောလို့။ အမေ့ဧရာဝတီဟာ ရေစီး မသန်တော့ဘူး။
အသေကောင်တွေသာ တစ်လောင်းပြီးတစ်လောင်းထပ်၊ အမေချုပ်နေတဲ့ ၀တ်စုံလေးက ဘယ်သူမှ မ၀တ်ဆင်ရသေးဘူး။ မဖြစ်စလောက် ဒီအပ်ချုပ်စက်လေးနဲ့ ၀တ်စုံလှလှလေးတွေ ချုပ်စပ်လိုက်ကြရအောင်။ အရောင်အသွေးစုံတဲ့ ဖက်ရှင်ဟာ ငါတို့နဲ့ လိုက်ဖက်သည်ဖြစ်စေ၊ မလိုက်ဖက်သည်ဖြစ်စေ ငါတို့ကို သမိုင်းက စကားတွေ တစ်လှေကြီး ပြောနေတာ လျစ်လျူမရှုသင့် ဘူး။
အနာဂတ်ဟာ ငါတို့လက်ထဲမှာ သေချာနေပြီလို့ မိတ်ဆွေတို့ကိုယ်တို့ ယုံကြည်ရင် ယုံကြည်မှုနဲ့ ပေးဆပ်မှုများနောက်က ငါတို့အနာဂတ်ဟာ ပန်းတွေနဲ့ ဝေနေပါလိမ့်မယ်။ တွေးဆ လွဲမှားမှုများ၊ အားငယ်ကြောက်လန့်စိုးရိမ်မှုများ၊ ငါတို့ဦးခေါင်းတွေ ငုံ့မြဲငုံ့နေကြရင်တော့ ငါတို့မြက် ခင်းတွေဟာ သွေ့ခြောက်မြဲ သွေ့ခြောက်နေပါလိမ့်။ အသေအချာပါပဲ။ ဒီတော့……….
…………………….ကိုယ်ပြောစရာမလိုတော့ဘူးထင်ပါတယ်။ ဆိုကရေးတီးရဲ့စကားလေးနဲ့ နိဂုံးချုပ်ပါရစေ။ “ငါကား သေရတော့အံ့၊ သင်တို့ကား အသက်ရှင်လျှက်ကျန်ရစ်ကြမည်၊ သင်တို့နှင့်ငါ မည်သူက ပို၍ ကံကောင်းသနည်းဟု မည်သူပြောနိုင်ပါအံ့နည်း”။ ဆီးဘန်းနီဆရာတော်ဘုရားကြီးရဲ့ “သေသော်မှတည့် သြော် ကောင်း၏” ဟူသော စကားနှင့် ဆက်စပ်ကြည့်ကြဖို့ ဖြစ်ပါတယ်။

လွင်ပြင်ရိုင်း

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails