Dictionary/အဘိဓာန်

Blogspot Dictionary

Blogspot Dictionary

Saturday, August 16, 2014

ဘာလင်မှ ဘယ်သို့ ဘယ်ဆီလဲ (အပိုင်း ၄)




အခု တို့မြန်မာနိုင်ငံ၏ခြေလှမ်းများ ဘယ်သို့ ဘယ်ဆီ လှမ်းနေသလဲ။ မျက်ခြေမပြတ်ကြစေလိုပါ။ သမိုင်းသင်္ခန်းစာများကို အမှတ်သည်းခြေရှိရှိ သတိမူမိကြစေဖို့ ဖြစ်ပါသည်။

(၂ဝ)

နေ့လယ်တွင် ဘာလင်တံတိုင်းကြီးကို သွားဖို့ စီစဉ်ကြသည်။ ဘာလင်တံတိုင်းမသွားမီ အခြားရှေးဟောင်းအဆောက်အအုံများကို သွားရောက်လည်ပတ်ကြသည်။ သင်္ဘောဖြင့် Sight Seeing Tour လည်း သွားကြသည်။ သန့်ရှင်းသပ်ရပ်သော ဘာလင်မြို့ သင်္ဘောဆိပ်သည် ကမ္ဘာလှည့်ခရီးသွားများ၊ အပန်းဖြေနေကြသောဒေသခံလူမျိုးများဖြင့် ပြည့်နှက်နေသည်။

ဘာလင်မြစ်ကြောင်းတစ်လျှောက်တွင်လည်း အပျော်စီးသင်္ဘောများက ဥဒဟို ခုတ်မောင်းနေကြသည်။ ဘာလင်မြစ်ဘေးဝဲယာတွင် ရှိသော ရှေးဟောင်းအဆောက်အအုံကြီးများ၊ ခေတ်မီအဆောက်အအုံများကလည်း ဆွဲဆောင်မှုအပြည့်ရှိသည်။ ခေတ်မီဗိသုကာလက်ရာများ၊ ရှေးဟောင်းဗိသုကာလက်ရာများဖြင့် ပုံစံအမျိုးမျိုး တည်ဆောက်ထားသော တံတားများကလည်း ငေးမောဖွယ်ရာ ဖြစ်သည်။

ထုထည်ကြီးမားပြီး ခန့်ထည်သော ဘုရားရှိခိုးကျောင်းကြီးများ၊ ရှေးဟောင်းအဆောက်အအုံများကို မြစ်ကမ်းနှင့်ကပ်လျက်တည်ဆောက်ပုံမှာ ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။

ဘာလင်မြစ်ကမ်းတစ်လျှောက်လုံး ကမ်းမပြိုအောင် ပြုလုပ်ထားပုံကိုလည်း တခုတ်တရ ကြည့်မိသည်။ ဘာလင်မြစ်ကိုကြည့်ပြီး မြန်မာနိုင်ငံက ငမိုးရိပ်ချောင်းကြီးကို အမှတ်ရသည်။ ဘာလင်မြစ်ကမ်းကို ခိုင်မာအောင်ပြုလုပ်ထားပုံနှင့် ကမ်းနှင့်ကပ်လျက်ရှိသည့်အဆောက်အအုံများကို ကြည့်ပြီး ငမိုးရိပ်ချောင်းဘေးက နောင်တော်ကြီးတစ်ပါး၏ ဝေဠုမာရကျောင်းလေးကို သတိတရ မြင်ယောင်မိသည်။

(၂၁)

ငမိုးချောင်းဘေးတွင် ရွှံ့နွံများ ထူထပ်သည်။ ချောင်းထဲတွင်လည်း အမှိုက်သရိုက်များဖြင့် ပြည့်နေတတ်သည်။ ရန်ကုန်လိုမြို့ကြီးထဲတွင်ရှိသော်လည်း အနံ့အသတ်ကလည်း မကောင်း၊ သန့်ရှင်းမှုကလည်း မရှိဖြစ်နေသည်မှာ စိတ်ဆိုးချင်စရာပင် ကောင်းလှသည်။

(၂၂)

ပို၍ဆိုးသည်မှာ မကြာခဏ ပြိုကျနေသော ငမိုးရိပ်ချောင်းကမ်းပါးများ ဖြစ်သည်။ ချောင်းဘေးတွင်နေသော နောင်တော်ကြီး၏ကျောင်းဘေး ချောင်းကမ်းပါးသည် ပြိုကျလိုက်၊ ပြုပြင်လိုက်၊ ပြိုကျလိုက်ဖြင့် ငွေကုန်ကြေးကျ သိပ်များလှသည်။ ကျောင်းအတွင်းရှိ စေတီတော်ပင် ပြိုကျလုမတတ်ဖြစ်နေသည်။

ငမိုးရိပ်ချောင်းကမ်းပါးများကို ဘာလင်မြို့မြစ်ကမ်းများလို ခိုင်မာအောင်ပြုပြီးသည့်နေ့ကို မျှော်လင့်ဆုတောင်းမိသည်။ (အမှန်အားဖြင့် ဘာလင်မြစ်သာမဟုတ်၊ ဂျာမနီနိုင်ငံရှိ အခြားမြစ်ကမ်းများကိုလည်း ခိုင်မာအောင်ပြုလုပ်ထားသည်ဟု သိရသည်)။

မြန်မာနိုင်ငံက ငမိုးရိပ်လို ချောင်းများ၊ မြစ်များကို သန့်ရှင်းသပ်ရပ်အောင် ပြုလုပ်ထားလျှင် မြန်မာနိုင်ငံသူ/သားများအတွက်ပါသာမက ကမ္ဘာလှည့်ခရီးသည်များကိုပင် ဆွဲဆောင်နိုင်ပါလိမ့်မည်။ တိုင်းပြည်အတွက်လည်း တစ်ဖက်တစ်လမ်းမှ အကျိုးပြုပါလိမ့်မည်။ ပညာဗဟုသုတနည်းပါးခြင်း၊ အမြော်အမြင်မရှိခြင်း၊ အကျင့်ပျက်ခြစားမှုများ ပေါများခြင်း စသည်တို့ကြောင့် ရွှေပြည်တော်ကတော့ မျှော်လင့်တိုင်း ဝေးနေဆဲပင် ဖြစ်သည်။

(၂၃)

ဂျာမနီနိုင်ငံရှိ လမ်းဘေးရုပ်တုများကလည်း ထူးခြားသည်။ လူရုပ်ပြုလုပ်လျှင် လူနှင့်တူအောင် မပြုလုပ်ကြ၊ အမျိုးသားရုပ်ကိုလည်း အမျိုးသားရုပ်ပီပြင်အောင်၊ အမျိုးသမီးဆိုလည်း အမျိုးသမီးရုပ်ပီပြင်အောင် မပြုလုပ်တတ်ကြပေ။ အခြား ကျား၊ ခွေး စသော တိရစ္ဆာန်ရုပ်များကိုလည်း ကျားနှင့်မတူအောင်၊ ခွေးစသည်တို့နှင့် မတူအောင် ထုလုပ်တတ်ကြသည်။ လူရုပ်များ ထုလုပ်ရာတွင် အဝတ်အစားမပါသောအရုပ်များကိုလည်း ထုလုပ်တတ်ကြသည်။

အဘယ့်ကြောင့် ထိုကဲ့သို့ (အူကြောင်ကြောင်) ရုပ်တုများကို ထုလုပ်ကြသနည်း။ သူတို့မူလအကြောင်းတရားကိုတော့ မသိပါ။ သို့ရာတွင် ထိုကဲ့သို့ ကို့ရို့ကားယားရုပ်တုများကြောင့် လေ့လာသူလူအများက စိတ်ဝင်စားကြခြင်း ဖြစ်သည်။ လူကို လူနှင့်တူအောင်၊ အမျိုးသမီးကို အမျိုးသမီးနှင့်တူအောင် ထုလုပ်ကြလျှင် မည်သူမျှ စိတ်ဝင်စားကြမည် မဟုတ်ပေ။

ကို့ရို့ကားယား၊ ထူးထူးဆန်းဆန်း အသွင်အပြင်၊ ဟန်များကြောင့် အသေအချာလာရောက်ကြည့်ရှုသူများ၊ ဓာတ်ပုံရိုက်ကြသူများဖြင့် ပြည့်နေတတ်ခြင်း ဖြစ်သည်ဟု ထင်ပါသည်။ အတုယူသင့်သောအချက်တစ်ခုဟု ထင်သည်။

“ဟဟဟ … ဓာတ်ပုံတွေ တော်တော်ရိုက်ကြတယ်ကွ၊ ရိုက်မှာပေါ့ .. ငါ လုပ်ထားတာကိုက ထူးဆန်းတာကိုးးးး၊ ကမ္ဘာလုံးကြီးရယ်၊ ကမ္ဘာလုံးပေါ်မှာ ကမ္ဘာ့မြေပုံရယ်၊ ခြင်္သေ့၊ ငါး၊ သမင်၊ ကျားတွေရဲ့ အင်္ဂါအစိတ်အပိုင်းတွေရယ် ပေါင်းစပ်ပြီး ထူးထူးဆန်းဆန်းအရုပ်ဖြစ်နေတာကိုးကွ … လုပ်မယ့်လုပ် အဲဒီလို ထူးထူးဆန်းဆန်း သူများနဲ့မတူအောင်လုပ်မှ လူစိတ်ဝင်စားတာကွ”ဟု မလေးရှား၊ ပီနန်ကျောင်းမှ ပဉ္စရူပရုပ်အကြောင်းကို ပီနန်ဆရာတော်ကြီးပြောပြဖူးသည်ကို အမှတ်ရသည်။

(၂၄)

သင်္ဘောဖြင့် Sight Seeing Tour ပြီးသောအခါ ဂျာမနီနိုင်ငံ ဝန်ကြီးချုပ်မာကယ်လ်၏ ရုံးခန်းနှင့် ပါလီမန်အဆောက်အအုံသို့ သွားရောက်လေ့လာကြသည်။ မာကယ်လ်၏ရုံးခန်းကို မြစ်ကမ်းဘေးတွင် တည်ဆောက်ထားသည်။ တကယ့်ကို ခမ်းနားကြီးကျယ်သောအဆောက်အအုံကြီး ဖြစ်သည်။

မြစ်ကမ်းနှင့်အဆောက်အအုံကြီးကို မြင်လိုက်သည့်အခါ ဆိုင်ဆိုင်မဆိုင်ဆိုင် မစ္စတာယက်တောကို သွားအမှတ်ရလိုက်သေးသည်။ မစ္စတာယက်တောလိုတော့ အလွယ်တကူ ဝင်လို့ ရမည်မထင်ပါ။ စီစီတီဗွီများက နေရာအနှံ့ တပ်ဆင်ထားခြင်းကြောင့် ဖြစ်သည်။ ထူးဆန်းသည်က လက်နက်ကိုင်ပြီး စောင့်ကြပ်နေသောလုံခြုံရေးစစ်သားများ မတွေ့မိခြင်း ဖြစ်သည်။

ထို့နောက် ပါလီမန်ခန်းမကြီးသို့ သွားသည်။ ပါလီမန်ခန်းမကြီးရှေ့တွင်လည်း မည်သည့်လုံခြုံရေးမှ မရှိ။ လွတ်လပ်စွာ ဓာတ်ပုံရိုက်နေကြသော ကမ္ဘာလှည့်ခရီးသည်များ၊ မြက်ခင်းပြင်များပေါ်တွင် စိတ်အေးလက်အေး အပန်းဖြေနေကြသူများဖြင့် ပြည့်နေသည်။ စိတ်အေးလက်အေးရှိသော၊ လွတ်လပ်ပေါ့ပါးဟန်ရှိသောလူများကို မြင်တိုင်း အမိနိုင်ငံကို သတိရသည်။

သန့်ရှင်းအောင်၊ သာယာအောင်ပြုလုပ်ထားသောနေရာများကိုရောက်တိုင်း အမိနိုင်ငံကို အမှတ်ရသည်။ ပြင်းထန်သည့်မျှော်လင့်ချက်များကိုတော့ လျှော့ချထားလိုက်သည်။ ဆန္ဒတော့ ပြုမိသည်။

(၂၅)

ထို့နောက် ဂျူးသင်္ချိုင်းသို့ သွားရောက်လေ့လာကြသည်။ ကျောက်တုံးများကို အနိမ့်အမြင့် မညီမညာဖြင့် စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြုလုပ်ထားသည်ကို တွေ့ရသည်။

ဂျူးများအကြောင်း သိရသည်မှာလည်း ရသမျိုးစုံရှိလှသည်။ ခေါင်းဆောင်ကြီးဟစ်တလာ၊ သူ၏ ဗိုလ်ချုပ်ကြီးများ၊ အကျဉ်းစခန်းများ၊ ဓာတ်ငွေ့များဖြင့် သတ်ဖြတ်ခြင်း၊ အစာရေစာဖြတ်တောက်ပြီး သေစေခြင်းစသော ကြောက်မတ်ဖွယ်ဖြစ်ရပ်ဆိုးကြီးများက ကျောချမ်းစရာပင် ကောင်းလှသည်။

အခုတော့ ဂျာမနီအစိုးရက သင်ပုန်းခြေသည့်အနေဖြင့် ဂျူးများကို အထူးအခွင့်အရေး ပေးထားသည်ဟု ဆိုသည်။ အခွန်ကို တင်းကျပ်စွာ ကောက်လေ့ရှိသော ဂျာမနီနိုင်ငံတွင် ဂျူးများက အခွန်ကင်းလွတ်ခွင့်ရသည်။

ခရစ်ယာန်ဘုန်းတော်ကြီးများကလည်း အတိတ်က သူတို့ကိုယ်တိုင် ဂျူးများအပေါ် ရက်စက်ကြမ်းကြုတ်သောအမှုများ ပြုလုပ်ခဲ့သော်လည်း ယနေ့အချိန်မှာတော့ ယင်းအမှားများကို ဝန်ခံပြီး သင်ပုန်းခြေလိုက်ကြပြီဖြစ်သည်။

ဂျူးများအကြောင်းနှင့်ဆက်စပ်ပြီး ခေါင်းထဲ ပေါ်လာခဲ့သည်မှာ …. “ခရစ်ယာန်တွေက ယနေ့အချိန်အထိ ဂျူးတွေအပေါ် အမြင်မကြည်လင်ခဲ့လျှင် …”ဆိုသော ဝါကျပြတ်တစ်ခု ဖြစ်ပါသည်။ ခရစ်ယာန်များနှင့်နာဇီများက ဂျူးများအပေါ် လူမဆန်စွာဖြင့် ရက်စက်ခဲ့ကြသည်။ သတ်ဖြတ်ခဲ့ကြသည်။ အဆိုးမြင်ခဲ့ကြသည်။

ယနေ့အချိန်တွင် ဂျူးများအပေါ် ပြန်လည်နှစ်သိမ့်ခြင်း၊ ပေးဆပ်ခြင်းများ မပြုလုပ်ဘဲ ဆက်လက်ရက်စက်နေဦးမည်ဆိုလျှင် အစ္စရေးနှင့်ပါလက်စတိုင်းလို တစ်ကမ္ဘာလုံးတွင် ခရစ်ယာန်နှင့်ဂျူး သတ်ဖြတ်ပွဲများ နေ့စဉ်ဖြစ်ပျက်နေလိမ့်မည်ဟု တွေးမိသည်။

ယနေ့အခါမှာတော့ ပညာတတ်ခရစ်ယာန်များက သူတို့အမှားကို ဝန်ခံပြီး ဂျူးများအပေါ် မေတ္တာတရား၊ ကိုယ်ချင်းစာတရားများ လက်ကိုင်ပြုကာ ကြင်နာဖေးမကြသည်။ ထိုမေတ္တာတရားကို အရင်းခံထားသော ဆက်ဆံရေးက ကမ္ဘာ့ငြိမ်းချမ်းရေးကို ခိုင်ခံ့စေသည်ဟု နားလည်မိသည်။

ယနေ့ အစ္စရေး၊ ပါလက်စတိုင်းတို့အကြားတွင်ရှိသော အပြန်အလှန် ရက်ရက်စက်စက် သတ်ဖြတ်မှုများကိုလည်း သို့ကလို မေတ္တာတရား၊ ကိုယ်ချင်းစာတရားများဖြင့် မရပ်တန့်နိုင်ကြပြီလော …။ ရပ်တန့်လိုက်စေဖို့ ဆန္ဒပြုမိသည်။

အခြားနေရာများစွာက ဘာသာတရားများအကြား၊ လူမျိုးအချင်းချင်းကြားမှာရော ခရစ်ယာန်နှင့်ဂျူးတို့ နားလည်မှုယူလိုက်ကြသလို မေတ္တာတရား၊ ကိုယ်ချင်းစာတရားများ ထွန်းကားအောင် မဆောင်ရွက်နိုင်ကြတော့ပြီလော။ ဂျူးသင်္ချိုင်းအုတ်ဂူပေါ်တွင်ထိုင်ရင်း တွေးနေမိခဲ့သည်။

ကမ္ဘာမြေငြိမ်းချမ်းပါစေဟုလည်း ဆုတောင်းမိခဲ့သည်။

(၂၆)

ဘာလင်တံတိုင်းကြီးဆီသို့ သွားကြသည်။ ရင်က ခုန်ပြီ။ ကားဆရာက လမ်းမကြီးတစ်ခုဘေးတွင် ကားကို ရပ်လိုက်သည်။
.............................
.................... ဆက်ပါဦးမည် .....
........................

အရှင်ကုသလသာမိ (အတည်မဲ့)
၁၂၊ ဝ၈၊ ၂ဝ၁၄

မှတ်ချက်။ ။ အချို့ပုံများက မြစ်ကမ်းများ တည်ဆောက်ထားပုံကို ဖော်ပြလိုသဖြင့် များများ ထည့်ပေးလိုက်ခြင်းဖြစ်ပါသည်။ တစ်ပုံကတော့ ဂျူးသင်္ချိုင်းအုတ်ဂူများအလယ်တွင် ရိုက်ထားသောပုံဖြစ်သည်။

No comments: