Monday, January 12, 2015

စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၁ဝ)



ယခင်အပတ်မှ အဆက် .....

အချို့တက္ကသိုလ်ဝန်းကျင်မှ ပါမောက္ခများ၊ သိပ္ပံပညာရှင်များနှင့် ပညာတတ်များကတော့ ဗုဒ္ဓဘာသာကို တဖြည်းဖြည်း စိတ်ဝင်စားလာကြသည်ဟု ဆိုသည်။ 
ဖန်ဆင်းရှင်၊ ဖန်ဆင်းခြင်း စသောအကြောင်းအရာများကို ဆွေးနွေးမှုပင် မပြုလုပ်ချင်ကြသောလူများ တိုးပွားလာနေသည်ဟု ဆိုသည်။ 
အာ့ဟုစ်တက္ကသိုလ် (Aarhus University)က ၂ဝဝ၉ ခုနှစ်တွင် ထုတ်ပြန်သော စာရင်းတစ်ခုအရ ဗုဒ္ဓဘာသာကို လေ့လာကျင့်သုံးသူ အနည်းဆုံး ၂ သောင်းဝန်းကျင်ရှိသည်ဟု ခန့်မှန်းသည်ကို တွေ့ရသည်။ 
ယနေ့အချိန်မှာတော့ ထို့ထက်မက များပြားနေလောက်ပြီဟု စာရေးသူ ခန့်မှန်းကြသည်။ 
ယနေ့အချိန်တွင် ဥရောပ၌ ခရစ်ယာန်ကျောင်းများစွာ ဖျက်သိမ်းနေရသည့်အဆင့်သို့ ရောက်နေပြီဟု ဆိုသည်။ ယခင်က Church Tax ခေါ် ခရစ်ယာန်ဘာသာကို ထောက်ပံ့သောအခွန် ထားရှိပြီး ခရစ်ယာန်ဘာသာကို အစိုးရက ထောက်ပံ့ပေးသည်။ ယခုအခါ Church Tax ခေါ် ခရစ်ယာန်ဘာသာထောက်ပံ့ဖို့ ကောက်ခံသောအခွန်ကို မပေးလိုတော့သော ပြည်သူများနှစ်စဉ် သိန်းချီရှိလာနေသည်ဟု ဆိုသည်။
ထို့အတွက်ကြောင့် ခရစ်ယာန်ကျောင်းများ ပိတ်ပစ်နေရခြင်း ဖြစ်သည်။ 
မိမိတို့၏ဘဝကို တိုးတက်အောင် အားကြိုးမာန်တက် မိမိဘာသာ ကြိုးစားပြီး ရလဒ်ထွက်လာသောအခါ ဘုရားသခင်ပေးသည်ဟူသော အယူအဆအပေါ် တဖြည်းဖြည်း အယုံအကြည် ကင်းမဲ့လာသည့်သဘောဖြစ်သည်။ ကိုယ်လုပ်လျှင် ကိုယ်ရသည်၊ ကိုယ်ဖန်တီးလျှင် ဖန်တီးသည့်အတိုင်းဖြစ်သည်၊ 
ရလဒ်များအတွက် မိမိကိုယ်တိုင်သာ တာဝန်ရှိသည်ဟူသော အယူအဆ ထင်ရှားစွာ ပေါ်ထွက်လာခြင်းဟု ဆိုနိုင်သည်။ 
Church Tax ခေါ် ခရစ်ယာန်ဘာသာကို ထောက်ပံ့သောအခွန်စနစ်ကို ကြည့်ပြီး မြန်မာနိုင်ငံ သာသနာရေးဌာနကို သတိပြုမိသည်။ နှိုင်းယှဉ်ကြည့်မိသည်။ ယခုအခါ ဘာသာခြားများ၏ သွေးထိုးလှုံ့ဆော်ခြင်း၊ ဝေဖန်ထောက်ပြခြင်းတို့ကို သံယောင်လိုက်ပြီး ဒီမိုကရေစီစနစ်နှင့်သာသနာရေးဌာန လုံးဝမလိုက်ဖက်တော့ပြီဟူသောအမြင်ကို အချို့ဗုဒ္ဓဘာသာများပင် ပြောလာသည်ကို တွေ့ရသည်မှာ စိတ်ပျက်ဖွယ် ကောင်းလှသည်။ 
ဒီမိုကရေစီအားကောင်းလှပါသည်ဆိုသော မည်သည့်နိုင်ငံမှာမဆို အများစု၊ အနည်းစု ခွဲခြားမှုက ရှိတတ်ပါသည်။ သဘာဝတရားပင် ဖြစ်သည်။ 
အများစုက အများစုဖြစ်လို့ အားကောင်းနေခြင်းသည် လောကသဘာဝအရ ဖြစ်သည်။ အများစုက အသာရခြင်း၊ ကြီးစိုးခြင်းသည်လည်း လောကသဘာဝအရပင် ဖြစ်သည်။ အများစုက အနည်းစုကို အနိုင်ကျင့်ခြင်းသည်သာလျှင် လောကသဘာဝ၊ ဓမ္မသဘာဝကို ဆန့်ကျင်နေခြင်း ဖြစ်သည်။ 
(၄၂)
ခရီးသွားရင်းဖြင့် အတွေးတစ်ခု ဝင်ခဲ့သေးသည်။ ဒိန်းမတ်နိုင်ငံတွင် ဒေသခံလူမျိုးများနှင့်ဝင်ဆံ့နိုင်စွမ်းရှိသော သာသနာပြုရဟန်းတော်များသာ ရှိလျှင် နှစ်အနည်းငယ်အတွင် ဗုဒ္ဓသာသနာပြန့်ပွားလာနိုင်စရာ ရှိပါသည်။ မြန်မာနိုင်ငံမှ ချမ်းသာသူများနှင့် ချမ်းသာသောဆရာတော်များ ဥရောပတွင် သာသနာပြုစင်တာများ တည်ဆောက်ဖို့ အာရုံကျလာသောနေ့ ဥရောပတွင် ဗုဒ္ဓသာသနာထွန်းကားနေ့ဟုပင် ဆိုနိုင်ပါလိမ့်မည်။ အဆိုပါ သာသနာပြုစင်တာများက ရှိစုမဲ့စု မြန်မာဗုဒ္ဓဘာသာအနည်းငယ်ကိုသာ အမှီသဟဲပြုမနေဘဲ ဒေသခံများနှင့် အလုပ်အတူလုပ်နိုင်စွမ်းရှိသောသာသနာပြုများသာ ဖြစ်ဖို့တော့ လိုအပ်ပါသည်။
(၄၃)
ဒိန်းမတ်ရာသီဥတုက ဂျာမနီထက် အနည်းငယ် ပိုအေးနေသည်။ ညပိုင်းတွင် ကိုဘလိုင်တို့အိမ်၌ အလ္လာပသလ္လာပစကားများ ပြောကြသည်။ မိမိတို့နိုင်ငံအကြောင်းများ၊ ဒိန်းမတ်လူနေမှုဘဝများအကြောင်း ပြောဖြစ်ကြသည်။ ထူးထူးခြားခြား ကြားသိရတာတစ်ခု ရှိပြန်သည်။ ဘိန်းသမားလိုင်စင်နှင့် အရက်သမားလိုင်စင် ဟူသည်တည်း။ ဒိန်းမတ်တွင် အစိုးရ၏ပေါ်လစီမှာ ဒုစရိုက်အမှုများ၊ အကြမ်းဖက်မှုများ ပပျောက်ရေးဖြစ်သည်။ 
ဘိန်းစားချင်သလား စား၊ ရတယ်။ ဒုစရိုက်တော့ မလုပ်နဲ့။ အရက်ချည်းပဲ သောက်ချင်သလား၊ သောက်၊ ရတယ်။ ဒုစရိုက်တော့ မလုပ်နဲ့။ အများပြည်သူများ စိတ်အနှောက်အယှက်ဖြစ်အောင်တော့ မလုပ်နဲ့။ 
ဘိန်းစားကလည်း အစိုးရထံမှာ ဘိန်းစားဖို့ ပိုက်ဆံတောင်းခံနိုင်သည်။ အစိုးရကလည်း ဘိန်းသမားလိုင်စင်ထုတ်ပေးပြီး ဘိန်းစားဖို့ ပိုက်ဆံပေးထားသည်။ 
ဘာအလုပ်မှ မလုပ်ချင်တော့ဘူး၊ ကျွန်တော် အရက်ပဲ တစ်သက်လုံး သောက်တော့မယ်ဆိုသူကလည်း အရက်သမားလိုင်စင်ဖြင့် တစ်သက်လုံး အစိုးရဆီက အရက်ဖိုးယူကာ အရက်ချည်းပဲ သောက်နေနိုင်သည်။ မြန်မာနိုင်ငံက အရက်သမား၊ ဘိန်းသမားများ ဒိန်းမတ်သို့ လာသင့်သည်။ ဒိန်းမတ်တွင် လမ်းဘေး၌ စိတ်အေးလက်အေး မူးရူးပြီး အမြဲတမ်း အရက်သောက်နေသူအချို့ကို တွေ့ရတတ်သည်။ 
သာမန်လူကောင်းသူကောင်းများပင် မဆိုထားဘိ။ အရက်သမား၊ ဘိန်းစားများပင် ငြိမ်းချမ်းစွာ နေထိုင်ရသော တိုင်းပြည်ပါတကား။
(၄၄)
ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင် စသော စကန်ဒီနေဗီးယန်းတိုင်းပြည်များက အကျဉ်းထောင်များအကြောင်းကိုလည်း ပြောဖြစ်ကြသည်။ ဥပမာ ရာဇဝတ်မှုတစ်ခုဖြင့် ထောင်ဒဏ်အစီရင်ခံရသည်ဆိုပါစို့။ အကျဉ်းထောင်က ချက်ချင်းထောင်ထဲမထားသေးဘဲ လက်တွင် ထိန်းချုပ်သည့်ကိရိယာလေးတပ်ပေးပြီး ရက်ချိန်းပေးကာ အိမ်ပြန်လွှတ်သည်လည်း ရှိသည်ဟု ဆိုသည်။ 
သူတို့ထောင်များက ကမ္ဘာ့တစ်နံတစ်လျားမှ လူအများစု၏ လူနေမှုဘဝထက် အဆင့်အတန်း မြင့်ပါသည်။ စာရေးသူတို့နိုင်ငံသားများ၏ ၇ဝ ရာခိုင်နှုန်းခန့်လောက်၏ လူနေမှုဘဝများထက် သာလွန်ကောင်းမွန်သည်ဟု ဆိုနိုင်ပါလိမ့်မည်။ ဥပမာ မြန်မာနိုင်ငံ ကျေးရွာများတွင် ကိုယ်ပိုင်အခန်း၊ ကိုယ်ပိုင်ရေချိုးခန်း၊ အိမ်သာ၊ စနစ်ကျသောအားကစားကွင်း၊ စနစ်ကျသောစာကြည့်တိုက်၊ စနစ်ကျသော ကျန်းမာရေးဝန်ဆောင်မှု၊ တီဗွီ စသောပစ္စည်းများ လူတိုင်း အသုံးမပြုနိုင်ကြပါ။ 
သူတို့ ထောင်များတွင် သန့်ရှင်းသော ရေချိုးခန်းအိမ်သာရှိသည်။ သန့်ရှင်းသပ်ရပ်သော အိပ်ရာနှင့် အိပ်နိုင်သည်။ အားကစားကွင်း ရှိသည်။ ဘတ်စကတ်ဘောလား၊ ဘောလုံးလား၊ ဘောလီဘောလား၊ ကိုယ်ကြိုက်နှစ်သက်ရာ ကစားနိုင်သည်။ စနစ်ကျပြီး အင်တာနက်ပါ အသုံးပြုနိုင်သောစာကြည့်တိုက်တွင် ဗဟုသုတရှာမှီးနိုင်သည်။ ရံဖန်ရံခါ ဘဝအတွက် အသုံးတည့်သော သင်တန်းများလည်း တက်ရောက်ခွင့် ရတတ်သည်။ မိမိ၏ကျန်းမာရေးနှင့်သင့်လျော်သော အစားအသောက်ကိုလည်း ရွေးချယ်စားသောက်နိုင်သည်။ 
သူတို့ထောင်များအကြောင်း သိရသောအခါ ထောင်ကျချင်စိတ်တောင် ပေါက်လာနိုင်စရာ ရှိသည်။ သို့ရာတွင် ထောင်ဆိုသည့်အတိုင်း မိမိဆန္ဒရှိတိုင်း ခရီးသွားခြင်း၊ လူမှုရေးဆောင်ရွက်ချက်များ လုပ်ဆောင်ခြင်း စသော လူသားတစ်ယောက်၏ လွတ်လပ်ခွင့်များကတော့ ဆုံးရှုံးစေပါသည်။
(၄၅)
ကိုဘလိုင်တို့အိမ်တွင် တစ်ညတာ တည်းခိုပြီး နောက်တစ်နေ့တွင် ဒိန်းမတ်နိုင်ငံမှ နော်ဝေနိုင်ငံသို့ ဆက်လက်ထွက်ခွါကြမည် ဖြစ်သည်။ နော်ဝေနိုင်ငံမှ အလုပ်အားနေသူ ကိုလှမင်းက လာကြိုသည်။ သင်္ဘောကြီးဖြင့် သွားကြမည်ဟု ဆိုသည်။ ပင်လယ်ခရီးသွားရမည်ဆိုသဖြင့် စိတ်လှုပ်ရှားလာသည်။ 
လွန်ခဲ့သော ၂ဝဝ၂ ခုနှစ်လောက်က ကိုကိုးကျွန်းသို့ သင်္ဘောဖြင့် သွားခဲ့သည့် စိတ်လှုပ်ရှားစရာ ခရီးစဉ်ကို အမှတ်ရမိသည်။ ထိုစဉ်က အထပ် ၄ ထပ်ခန့်ရှိသော သင်္ဘောဖြင့် သွားခဲ့ရသည်။ တစ်ညအိပ် ၂ ရက်ခရီးဖြစ်သည်။ ပင်လယ်လှိုင်းလုံးများ၊ ပင်လယ်ကြီးထဲတွင် ပျောက်ကွယ်လျောဆင်းသွားသောနေလုံးနီနီကြီးကို တခုတ်တရ တွေတွေငေးငွေး ကြည့်ဖြစ်ခဲ့ပုံများကို သတိရသည်။ 
သင်္ဘောပေါ်တွင် လူငယ်များက “ရွှေပင်လယ်ကြီး …. ကာဆီးထားလို့ ….”ဟူသော သီချင်းကို အားရပါးရ ဆိုနေကြပုံများကိုလည်း သတိရသည်။ အခု သင်္ဘောဖြင့် ခရီးသွားရပြန်ဦးမည်။
(၄၆)
ကိုဘလိုင်တို့ မိသားစုနှင့်အခြားမိသားစုဝင်များကို နှုတ်ဆက်ကြသည်။ ကပ္ပိယကြီးကားနှင့်ကိုစိုးစိုးမောင်တို့ကားဖြင့် သင်္ဘောဆိပ်ဆီ ထွက်ခွါခဲ့ကြသည်။ သင်္ဘောဆိပ်ရောက်သည်နှင့် ထီးထီးမားမားကြီး ကျောက်ချရပ်နေသော သင်္ဘောကြီးကို မြင်ရသည်။ 
စိတ်ထဲမှာ အတော်လေး မင်သက်မိသွားသည်။ ဒီသင်္ဘောကြီးနှင့် သွားရတော့မည်ဆိုသောအတွေးဖြင့် စိတ်လှုပ်ရှားမိသည်။ 
သင်္ဘောပေါ်ရောက်ဖို့အတွက် လေဆိပ်တွေမှာလို Check in တွေ၊ Terminal တွေနှင့် ဖြစ်သည်။ ကပ္ပိယကြီးကတော့ လူရော၊ ကားရော သင်္ဘောပေါ် တက်ရမည်ဖြစ်သဖြင့် သီးသန့်နေခဲ့သည်။ ပြီးမှ ကားနှင့်အတူ သင်္ဘောပေါ် တက်မည်။ 
........................
ဆက်လက်ဖော်ပြပါမည်
.........................................
အရှင်ကုသလသာမိ (အတည်မဲ့)
ဝ၆၊ ၁၁၊ ၂ဝ၁၄

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails