Sunday, January 4, 2015

စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၉)



ယခင်အပတ်မှ အဆက် .........

တိုင်းသူပြည်သားများကို ကျောသားရင်သား မခွဲခြားဘဲ၊ အာဏာရှိ,အာဏာမဲ့ မခွဲခြားဘဲ၊ ဆင်းရဲသား,ချမ်းသာသူ မခွဲခြားဘဲ အပြစ်နှင့်ထိုက်တန်စွာ တရားစီရင်ခြင်းများ မရှိသေးသရွေ့ “သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု … သုခီ အတ္တာနံ ပရိဟရန္တု”ကို တစ်ထိုင်တည်း အကြိမ်တစ်သန်းရွတ်လည်း ကိုယ်စိတ်နှစ်ပါး မငြိမ်းချမ်းပါ၊ မချမ်းသာပါ။ 
ထို့ထက်ပိုရွတ်လည်း ရွတ်သူကတော့ သမာဓိရပြီး ငြိမ်းချမ်းချင် ငြိမ်းချမ်းမည်၊ တိုင်းပြည်ကတော့ ဘာမှ ထူးလာမည် မဟုတ်ပါ၊ ငြိမ်းချမ်းသော၊ အေးချမ်းသောတိုင်းပြည် ဖြစ်လာလိမ့်မည် မဟုတ်ပါ။ 
ဘုရားပေးသောနည်းလမ်းများကို လိုက်နာကျင့်သုံးမှုမရှိဘဲ "အေးချမ်းပါစေ" မည်မျှပင် မေတ္တာပို့နေသော်လည်း အေးချမ်းမှုက ရောက်ရှိလာမည်မဟုတ်ပါ။ အလုပ်မေတ္တာမပါဘဲ နှုတ်မေတ္တာသာ ပို့နေခြင်းသက်သက်သည် တစ်ခါတစ်ရံ မြတ်စွာဘုရားရှင်ကို စော်ကားနေခြင်းတစ်မျိုးဖြစ်သည်ဟုပင် ဆိုချင်သည်။ 

(၃၈)

“အရှင်ဘုရား … ခဏနေ ရောက်တော့မယ်ဘုရား”။ ကိုစိုးစိုးမောင် အသံကြားမှ ပတ်ဝန်းကျင်ကို သတိပြုမိသည်။ မိုးက အတော်လေး သည်းလာသည်။ ကားနောက်ခန်းက ဟောက်သံကြား၍ ကြည့်လိုက်သည့်အခါ ကိုစိုးစိုးမောင်၏ သမီးငယ်လေး ဟောက်နေသည်ကို တွေ့ရသည်။ အသက် ၅ နှစ်ခန့်သာ ရှိသော်လည်း လူကြီးတစ်ယောက်လို ထူးထူးခြားခြား ဟောက်တတ်နေသည်။ ခဏကြာတော့ ရွှေညဝါဆရာတော် တရားဟောနေသည့်အိမ်သို့ ရောက်သည်။ ဆရာတော်က တရားဟောနေပြီ။ ဆရာတော်နှင့်တပည့်ဦးသူရိယတို့က အပြုံးဖြင့် ဆီးကြိုသည်။ တရားပွဲက ညနေ ၄ နာရီခန့်ကျမှ ပြီးသည်။

အမြဲတမ်း ရွှင်လန်းတက်ကြွနေသော ကပ္ပိယပြောင်ကြီးခေါ် ကိုမောင်မောင်သိန်းတို့ ဇနီးမောင်နှံလည်း အပြုံးမပျက်။ ဆရာတော့်တရားပွဲတွင် ရပ်ဝေးရပ်နီးမှ မြန်မာအယောက် ၄ဝ ခန့် တရားနာလာကြသည်ကို တွေ့ရသည်။ တစ်နိုင်ငံလုံး သံဃာတစ်ပါးမျှ မရှိသဖြင့် ဆရာတော်များကို ဖူးတွေ့ရသဖြင့် အားလုံး ပျော်ပျော်ပါးပါး တက်တက်ကြွကြွ ဖြစ်နေကြသည်ကို တွေ့ရသည်။ တရားပွဲပြီးသောအခါ တစ်ညတာ ခိုနားမည့် ကိုဘလိုင်၏အိမ်သို့ ထွက်ခွါရန် ပြင်ဆင်ကြသည်။ 

မထွက်ခွါမီ နော်ဝေသို့ သွားမည့်ခရီးစဉ်ကို ဆွေးနွေးကြသည်။ အင်တာနက်မှ သင်္ဘောလက်မှတ်များ ဖြတ်ကြသည်။ ဒိန်းမတ်မိုးက သဲကြီးမဲကြီး ရွာချလိုက်၊ ဖွဲဖွဲ ဖွဲဖွဲ ရွာနေလိုက်၊ လုံးဝရပ်သွားလိုက်။ ရွှေညဝါဆရာတော်နှင့်စာရေးသူတို့အားလုံး ကားလေးဖြင့် ကိုဘလိုင်တို့အိမ်သို့ သွားခဲ့ကြသည်။ 

(၃၉)

မိနစ် ၄ဝ ခန့်ကားမောင်းပြီးသောအခါ ကိုဘလိုင်တို့ အိမ်သို့ ရောက်သည်။ ဆရာတော်များအတွက် ထပ်ခိုးလေးတွင် နေရာချထားသည်။ ထပ်ခိုးဆိုသော်လည်း ဥရောပအိမ်များ၏ထုံးစံအတိုင်း နေပျော်ဖွယ်ရှိပါသည်။ 
ဤနိုင်ငံတွင် မည်မျှဆင်းရဲသည့်မိသားစုပင် ဖြစ်စေ မိသားစုနေဖို့ မသင့်တော်သော အလွန်သေးငယ်ကျဉ်းမြောင်းသောအိမ်များနှင့် နေခွင့်မပြုဟု ဆိုသည်။ တစ်ဦးတစ်ယောက်သမားဆိုလျှင် တစ်ဦးတစ်ယောက်သမားနှင့် သင့်လျော်သည့်အိမ်မျိုးတွင်သာ နေနိုင်သည်။ မိသားစုဆိုလျှင် မိသားစုနှင့်သင့်တော်သောအိမ်မျိုးတွင်သာ နေရသည်။ ကိုဘလိုင်တို့မှာ မိသားစုဖြစ်သဖြင့် အပေါ်ထပ်၊ အောက်ထပ် ရေချိုးခန်း၊ အိမ်သာ၊ မီးဖို၊ ဧည့်ခန်း၊ အိပ်ခန်း စသဖြင့် အပြည့်အစုံ ရှိသည်။ 

စာရေးသူတို့ အထပ်နံရံများတွင် ၈ လေးလုံးအမှတ်တရ ပန်းချီများ၊ ဓာတ်ပုံများ၊ ရွှေဝါရောင်လှုပ်ရှားမှုပုံများ၊ ဒေါ်အောင်ဆန်းစုကြည်ပုံများနှင့် NLD ပုံများ အပြည့်ကပ်ထားသည်။ ထူးထူးခြားခြား ဦးသန်းရွှေပုံကို ဟစ်တလာနှုတ်ခမ်းမွေးတပ်ပြီး အောက်တွင် စာရေးထားသော ဓာတ်ပုံကိုလည်း ရယ်ရွှင်ဖွယ် တွေ့ရသည်။ ခဏနားပြီးသောအခါ ဗဟုသုတအနေဖြင့် ရှော့ပင်းစင်တာတစ်ခုသို့ လိုက်ပြသည်။ 
ရာသီဥတုအေးသဖြင့် ဦးသူရိယနှင့်အတူ ဆွယ်တာဝယ်ဖို့ လိုက်ရှာသည်။ လူကြီးများဝတ်သောဆွယ်တာများမှာ စာရေးသူတို့နှင့် မည်သို့မျှ ဝတ်မဖြစ်ပါ။ သို့ဖြင့် ၁၃ နှစ်သားများအတွက်ဟူသော စာတန်းချိတ်ထားသောနေရာမှ ဆွယ်တာများကို ဝယ်ခဲ့ရသည်။ သူတို့အတွက် ၁၃ နှစ်သားဆွယ်တာသည် စာရေးသူနှင့် အံကိုက်ဖြစ်နေသည်။ ရှမ်းဒကာလေးက ဆွယ်တာဖိုး လှူသည်။ တယ်လီနောကုမ္ပဏီအရောင်းစင်တာတစ်ခုကိုလည်း စင်တာအတွင်း တွေ့ခဲ့ရသည်။

(၄ဝ)

မြို့တွင်းရှိ လူများ သွားလာလှုပ်ရှားနေကြပုံမှာ အလွန်အေးဆေးလွန်းသည်ဟု ထင်သည်။ စာရေးသူတွေ့ဖူးသည့် ပြာယာခတ်ကာ ခပ်သုတ်သုတ်သွားလာနေကြသော စင်္ကာပူမှ လူများ၊ ဂျာမနီမှ လူများနှင့်လည်း မတူဟု ထင်သည်။ နိုင်ငံက ကျယ်ပြီး လူဦးရေနည်းပါးခြင်း၊ စားဝတ်နေရေးအတွက် ကြောင့်ကြကင်းခြင်း စသည်တို့ကြောင့် ဖြစ်ဟန်ရှိသည်။

ဒိန်းမတ်တွင် လူဦးရေ စုစုပေါင်း ၅ သန်းကျော် ၆ သန်းခန့်သာ ရှိသည်။ အများစုကိုးကွယ်သည့် ခရစ်ယာန်လူသာရင်ဂိုဏ်းကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ထားသည်။ လူဦးရေ၏ ၈ဝ% ရာခိုင်နှုန်းမှာ ခရစ်ယာန်များဖြစ်ပြီး မွတ်စလင်က ဒုတိယအများဆုံး ဖြစ်သည်။ ၄% ရာခိုင်နှုန်းခန့်ရှိသည်။ 

မူလခရစ်ယာန်အဖြစ်မှ မွတ်စလင်များဖြစ်သွားခြင်း မဟုတ်ဘဲ စီးပွားရေးအရ၊ နိုင်ငံရေးအရ ခိုလှုံလာကြသူများ ဖြစ်သည်ဟု ဆိုသည်။ အခြားဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာတို့လည်း အနည်းငယ်ရှိသည်။
အခြားနိုင်ငံများ အထူးသဖြင့် တူရကီ၊ ယူဂိုဆလားဗီးယား၊ ပါကစ္စတန်၊ မော်ရိုကို၊ အီရက်၊ အီရန်၊ လစ်ဘနွန်၊ ဆိုမာလီယာ၊ သီရိလင်္ကာနှင့် ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံရေးခိုလှုံလာကြသူများ မြောက်မြားစွာ ရှိသည်။ ၁ သန်းဝန်းကျင်ခန့်ရှိမည်ဟု ခန့်မှန်းကြသည်။ 

ခိုလှုံလာကြသူများအနက် ဗီယက်နမ်တစ်နိုင်ငံတည်းမှ ခိုလှုံလာကြသူများသာ ဗုဒ္ဓဘာသာဖြစ်ဖို့၊ ခရစ်ယာန်ဖြစ်ဖို့ အလားအလာရှိသည်။ ကျန်သည့်နိုင်ငံများမှ ခိုလှုံလာကြသူများမှာ မွတ်စလင်များသာ ဖြစ်ကြသည်။ မြန်မာနိုင်ငံက နိုင်ငံရေးခိုလှုံကြသူများကား အနည်းငယ်မျှ (ထောင်ဂဏန်းသာသာ)သာ ရှိပေသည်။ 

အဆိုပါ ထောင်ဂဏန်းတွင်လည်း ချင်း၊ ကချင် စသည့် ခရစ်ယာန်ဘာသာဝင်များကသာ အများစု ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်ကတော့ အနည်းငယ်သာ ရှိသည်။ ဤနေရာမှာတော့ လူ့အခွင့်အရေးသမားဆိုသူများကို ပြောစရာရှိလာပါသည်။ လွတ်လပ်ခွင့်၊ တန်းတူညီမျှရေး သို့မဟုတ် လူ့အခွင့်အရေးကို လက်ကိုင်ပြုနေသည်၊ ရှေ့တန်းတင်ထားသည်ဟု မည်မျှပင် ကြွေးကြော်နေပါစေ စစ်အစိုးရနှင့်မခြား ဖောက်ပြားနေသူများ များစွာရှိပါသည်။ 

ဒုက္ခသည်ချင်းအတူတူ ချင်းမဟုတ်လို့ ခရစ်ယာန်မဟုတ်လို့ အခွင့်မရကြရှာသော ဗမာလူမျိုးများ၊ ဗုဒ္ဓဘာသာများကို အခွင့်အရေး မပေးချင်ကြပေ။ တတိယနိုင်ငံရောက် မြန်မာအများစုမှာ ဗုဒ္ဓဘာသာက ၃ဝ ဦးဆိုလျှင် ခရစ်ယာန်က ၃ဝဝ ဦးလောက်ရှိသည်။ ထို့ထက်ပင် ကွာဟများနိုင်စရာရှိပါသည်။ ပညာသင်ဆုပေးသည့်နေရာတွင်လည်း ဘာသာရေးခွဲခြားမှုက ရှိနေပါသည်။ 

လူ့အခွင့်အရေးနှင့်တရားမျှတရေးဆောင်ပုဒ်များ ကိုင်ဆောင်ထားသူများ၏ ဘာသာရေး၊ လူမျိုးရေးဘက်လိုက်မှုများကို တတိယကမ္ဘာရောက် မြန်မာများ၏အခြေအနေက မီးမောင်းထိုးပြနေသည်ဟု ဆိုချင်သည်။

တတိယနိုင်ငံများသည် ယခင်အချိန်များက စစ်ပွဲများကြောင့်သော်လည်းကောင်း၊ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းကြောင့်သော်လည်းကောင်း၊ တင်းကျပ်သောလူမှုအဖွဲ့အစည်းမှ ရုန်းထွက်လိုခြင်းကြောင့်သော်လည်းကောင်း မွတ်စလင်တိုင်းပြည်များမှ ဒုက္ခသည်များကို ရက်ရက်ရောရော ကြည်ကြည်ဖြူဖြူ လက်ခံပြီး ကျွေးမွေးပေးကမ်းထောက်ပံ့လာခဲ့သည်။ 

ယနေ့အချိန်အထိ ဆိုမာလီယာနှင့်အရှေ့အလယ်ပိုင်းနိုင်ငံများမှ မွတ်စလင်များ တဖွဲဖွဲ ရောက်ရှိနေကြဆဲပင် ဖြစ်သည်။ ယခုအချိန်မှာကား အစိုးရ၏ ထိုပေါ်လစီကို မေးခွန်းထုတ်သူများ တဖြည်းဖြည်း များလာပြီဟု ဆိုသည်။
မွတ်စလင်တိုင်းပြည်များ၏အန္တရာယ်ကို တစ်ကမ္ဘာလုံး ကြောက်လန့်နေကြပါလျှက် အဘယ့်ကြောင့် မွတ်စလင်များကို ခိုလှုံခွင့်ပေးလေသနည်း။ 

အတော်များများကို မေးကြည့်ဖူးသည်။ ကျေနပ်လောက်သည့် အဖြေမရပါ။ အမှန်တကယ်ပင် မေတ္တာ၊ ကရုဏာတရားများ ထားရှိကြခြင်းကြောင့်လော။ မသေချာပါ။ မသေချာသော်လည်း သူတို့တိုင်းပြည်များ၏ လုပ်ရပ်များကတော့ ဗြဟ္မစိုရ်တရားများ၏ ထင်ဟပ်ချက်များနှင့် တူနေသည်ကိုကား မည်သူမျှ ငြင်းရမည် မထင်ပါ။ စာရေးသူလည်း ဤကိစ္စကို အဖြေရှာကြည့်ဖူးသည်။ 

မသေချာမှုများထဲက မြန်မာဒကာတစ်ဦး၏ အဖြေတစ်ခုကိုတော့ စဉ်းစားစရာဖြစ်သည်။ မွတ်စလင်တိုင်းပြည်များ၏အန္တရာယ်ကို ကြောက်ခြင်းကြောင့်သာလျှင် မွတ်စလင်များကို လက်ခံနေခြင်းဖြစ်သည်ဟူသော အမြင်ဖြစ်ပါသည်။
တစ်နေ့နေ့ တစ်ချိန်ချိန် ကမ္ဘာကြီးတွင် မွတ်စလင်များနှင့်အခြားလူသားများ စစ်ပွဲကြီးများ အကြီးအကျယ် ဖြစ်လာနိုင်စရာ ရှိသည်။ ထိုအချိန်မျိုးအတွက် ကြိုတင်ပြင်ဆင်ခြင်းပေလော။ သူ့အတွေးမျှသာ ဖြစ်သည်။ မသေချာပါ။

ဘာသာတရားကို အလေးအနက်မထားလိုတော့သော ဥရောပသားတို့၏ စိတ်ကူးစိတ်သန်းကြောင့်ဟုလည်း ဆိုလျှင် ဆိုနိုင်စရာအကြောင်းများ ရှိနေသည်။ ဒုက္ခသည်အဖြစ်ရောက်လာသည်နှင့် ဥရောပယဉ်ကျေးမှုကို နည်းအမျိုးမျိုးဖြင့် ပုံစံသွင်းသည့်အနေအထားများ ရှိနေခြင်းကြောင့် ဖြစ်ပါသည်။

အခြားအကြောင်းတစ်ခုကတော့ အောက်ခြေလုပ်ငန်းများ လုပ်မည့် အလုပ်သမားလူတန်းစား လိုအပ်ချက်ကြောင့်လည်း ဖြစ်နိုင်ပါသည်။ သူတို့နိုင်ငံသားများ အများစုမှာ ပညာတတ်၊ လူချမ်းသာများ ဖြစ်ကြသည့်အတွက် အောက်ခြေအလုပ်များကို မလုပ်ချင်ကြသည့်အတွက် ထိုအလုပ်များ လုပ်ကိုင်နိုင်မည့် အခြားနိုင်ငံသားများကို ခေါ်သွင်းကြဟန်ရှိသည်။

(၄၁)

ဒိန်းမတ်နိုင်ငံ လူဦးရေ ၈ဝ ရာခိုင်နှုန်းက ခရစ်ယာန်များ ဖြစ်သည်ဟု စာရင်းဇယားအရ ဆိုသော်လည်း ယနေ့အချိန်တွင် မိရိုးဖလာမျှသာ ကျန်ရှိတော့သည်ကို တွေ့ရသည်။ ခရစ်ယာန်ဘာသာကို ယုံကြည်ကိုးကွယ်သူအတွက်ဆိုလျှင် ဝမ်းနည်းဖွယ်ပင် ကောင်းလှသည်။ 

၂ဝ၁ဝ ခုနှစ်တွင် ပညာရှင်များ စုပေါင်းပြီး စစ်တမ်းတစ်ခု ကောက်ယူခဲ့ဖူးသည်။ အဆိုပါ စစ်တမ်းအရ … ၂၈ ရာခိုင်နှုန်းသော ဒိန်းမတ်ပြည်သူများကသာ ထာဝရဘုရားကို ယုံကြည်သည်။ ၄၇ ရာခိုင်နှုန်းက ဘဝကိုတွန်းအားပေးနေသော တစ်စုံတစ်ရာ သို့မဟုတ် စွမ်းအားတစ်ခုရှိသည်ကို ယုံကြည်သည်။ ၂၇ ရာခိုင်နှုန်းက ထာဝရဘုရားလည်း မယုံကြည်၊ စွမ်းအားတစ်ခုခုရှိသည်ဆိုတာကိုလည်း မယုံကြည်ဟု ဆိုသည်။ ဘာသာမဲ့များကလည်း တဖြည်းဖြည်း တိုးပွားလာသည်ဟု ဆိုသည်။ 

အချို့တက္ကသိုလ်ဝန်းကျင်မှ ပါမောက္ခများ၊ သိပ္ပံပညာရှင်များနှင့် ပညာတတ်များကတော့ ဗုဒ္ဓဘာသာကို တဖြည်းဖြည်း စိတ်ဝင်စားလာကြသည်ဟု ဆိုသည်။
........................
ဆက်လက်ဖော်ပြပါမည်
.........................................
အရှင်ကုသလသာမိ (အတည်မဲ့)
၂၇၊ ၁ဝ၊ ၂ဝ၁၄

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails