Thursday, October 16, 2014

စကန်ဒီနေဗီးယန်းတိုင်းပြည်များသို့ ခရီး (အပိုင်း ၃)


ရထားကြီးက သူ့အရှိန်နှင့်သူ တဂျုန်းဂျုန်း တဂျက်ဂျက် မြည်ဟီးနေသော်လည်း စာရေးသူတို့အခန်းလေးက တိတ်ဆိတ်ငြိမ်သက်လှသည်။

(၁၁)

“မအိပ်ဘူးလား”ဆိုသော အမျိုးသမီးငယ်၏အသံကြောင့် အတွေးပျက်သွားသည်။

“ငါ အိပ်တော့ အိပ်ချင်တယ်၊ အိပ်မရသေးဘူး၊ ငါ ဥရောပကို စရောက်ကတည်းက စိတ်ကို လွှတ်ထားလိုက်တိုင်း ငါတို့နိုင်ငံကို သတိရတယ်၊ ပြဿနာတွေမြောက်မြားစွာနဲ့ မငြိမ်းချမ်းနိုင်၊ မပြေလည်နိုင်တဲ့အခြေအနေတွေကို တွေးပြီး မောနေတတ်တယ်၊ ပြီးတော့ အလယ်တန်းအဆင့်လောက်တောင် ပညာသင်ကြားခွင့်မရှိတဲ့ မြန်မာပြည်က ကလေးငယ်တွေကို သနားတယ်၊ ငါတို့ရွာမှာလေ အလယ်တန်းအဆင့်ထိ ကျောင်းတက်တဲ့ကလေးက ၁ဝဝ မှာ ၁ဝ ယောက်မရှိဘူး၊ အထက်တန်းဆို ၁ဝဝ မှာ ၂/၃ ယောက်လောက်ပဲ ရှိတယ်။

အထက်တန်းတက်တယ်ဆိုလည်း အလကား စနစ်မကျတဲ့ ပညာရေးကြောင့် ကျောင်းပြီးလည်း လယ်ထွန်တဲ့သူထက် ပိုထူးတာဆိုလို့ မြို့ရောက်ဖူးတာပဲ ပိုပါတယ်၊ ငါ ဒါတွေကို တွေးနေမိတာ”စသဖြင့် ပြောပြမိသည်။

မီးရောင်မှိန်မှိန်များကြားက စိတ်ဝင်တစားနားထောင်နေသော အမျိုးသမီးငယ်၏မျက်နှာကို စိတ်မကောင်းသည့်ဟန်ဖြင့် တွေ့ရသည်။

(၁၂)

“ငါ ပြောတာတွေ များသွားပြီ၊ မင်းလည်း ပြောပါဦး”ဆိုမှ သူက သူ့အကြောင်းတွေကို ပြောပြသည်။ သူက ဆွစ်ဇာလန်နိုင်ငံသူ၊ အသက် ၂၁ နှစ်အရွယ် ကျောင်းသူ၊ မိရိုးဖလာခရစ်ယာန်၊ ဘုရားကျောင်းကို အခမ်းအနားရှိမှ ရောက်ဖူးသည်။

အစက စကားမပြောဖြစ်သော်လည်း ပြောမည့်ပြောတော့ ခရားရေလွှတ်သလို ပြောသည်။ အလွန်သိချင်၊ စပ်စုချင်သော ဥရောပသားတို့ ထုံးစံ ပေါ်လာပုံရသည်။ အင်္ဂလိပ်လိုနေ့စဉ် မပြောဖြစ်သဖြင့် အချို့နေရာများတွင် နှစ်ကြိမ်ပြန်ပြန်မေးရသည်။ ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ အင်တာနက်စာမျက်နှာများတွင် အနည်းငယ်ဖတ်ဖူးသည်။ ရှောင်လင်ဘုန်းဘုန်းများနှင့် တိဗက်ဘုန်းကြီးများအကြောင်းကိုတော့ အတော်များများ တွေ့ဖူးသည်ဟု ဆိုသည်။

(၁၃)

သူက ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့သို့ ရထားဖြင့် သွားမည်၊ ပြီးလျှင် စက်ဘီးဖြင့် ဒိန်းမတ်နိုင်ငံကို လှည့်လည်မည်ဟု ဆိုသည်။

“ဒါနဲ့ မင်းက တစ်ယောက်တည်း သွားမှာလား”။
“အေးပေါ့ … တစ်ယောက်တည်း သွားရတာ လွတ်လပ်တယ်၊ ညှိနှိုင်းရတာတွေ လုပ်စရာ မလိုဘူး၊ စက်ဘီးနဲ့ သွားနိုင်သလောက် သွားမယ်၊ အဆင်ပြေတဲ့နေရာမှာ ရွက်ဖျင်တဲထိုးပြီး အိပ်မယ်၊ ငါ့မှာ စက်ဘီးလည်း ပါတယ်၊ ရွက်ဖျင်တဲလည်း ပါတယ်”။
“ဟေ … မင်းအတွက် လုံခြုံမှုကော ရှိရဲ့လား”။
“အင်း … ဒီမှာ မိန်းကလေးတစ်ယောက်တည်းဆိုပြီး အပြောင်အပျက်သဘောနဲ့တောင် မနှောက်ယှက်ကြဘူး”။
“ဘုရား … ဘုရား … တို့နိုင်ငံက မင်းလို လှပတဲ့ အမျိုးငယ်လေးတွေ မပြောနဲ့ အသက် ၄ဝ ဝန်းကျင် အမျိုးသမီးတွေတောင် တစ်ယောက်တည်း သွားရတာ စိတ်မချကြဘူး၊ လုံခြုံမှုကို မခံစားရဘူး”။

“အင်း တစ်ခုတော့ ရှိတယ်၊ အီတလီတို့ ပြင်သစ်တို့ကတော့ သိပ်မလုံခြုံဘူး၊ အီတလီက အချို့မြို့တွေမှာ လုတတ်တယ်၊ မြို့လည်ခေါင်မှာလည်း တစ်ခါတစ်ရံမှာ ယီး ယား ဆိုပြီး လှမ်းစတတ်တယ်၊ ပြင်သစ်ကတော့ လုတာတွေ ခိုးတာတွေ ပေါတယ်”

(၁၄)

သူ့စကားတွေကို နားထောင်ရင်းနှင့် ကိုယ့်ကိုကိုယ် ရှက်နေမိတာ အမှန်ပင် ဖြစ်ပါသည်။

မြန်မာနိုင်ငံ - ဗုဒ္ဓဘာသာနိုင်ငံ။ အစပ်အဟပ်က သိပ်မမိချင်တော့။ အသားအရေ၊ အရပ်အမောင်း၊ ကိုယ်နေဟန်ထား၊ အစစအရာရာ ပြောစရာမလိုသော အမျိုးသမီးငယ်လေးတစ်ယောက် စက်ဘီးတစ်စီးဖြင့် လှည့်လည်၊ အဆင်ပြေသည့်နေရာ ရွက်ဖျင်တဲထိုးပြီး နေ၊ မည်သည့်အနှောက်အယှက် ဘေးရန်မှ မဖြစ်ဘဲ ခရီးသွားနေပုံမှာ မျက်စိထဲမြင်ယောင်ကြည့်ရတာ ကျက်သရေဖြစ်နေသည်။ စိတ်ထဲမှာလည်း အံ့သြနေသည်။

လုံခြုံလိုက်သည့်ဘဝတွေ။ မည်သည့်အရာများက ဤသို့သောအခြေအနေများကို ဖန်တီးပေးလေသနည်း။ လူချင်းမတူလို့လား။

(၁၅)

အရင့်အရင်က ဥရောပယဉ်ကျေးမှုဆိုပြီး နှာခေါင်းရှုံ့ချင်၊ ပါးစပ်ရွဲ့ချင်တတ်သော အပြောအဆိုများကို ပြန်မြင်ပြီး ကိုယ့်ကိုကိုယ် မလုံမလဲ ဖြစ်နေမိသည်။

ဥရောပဆိုတာ အရှက်မရှိတဲ့ ယဉ်ကျေးမှု၊ ဟိရိသြတ္တပ္ပဆိုတာ သိပ်ရှိကြတာ မဟုတ်ဘူး … စသဖြင့် ပြောတတ်ခဲ့သော၊ ပြောနေကြဆဲစကားသံများကို မြင်ယောင်သည်။

ချောချောလှလှအမျိုးသမီးငယ်လေးတစ်ယောက် တောရောမြို့ပါမကျန် စက်ဘီးတစ်စီးဖြင့် လုံခြုံစိတ်ချစွာ ခရီးသွားခြင်းတစ်ခုကပင်လျှင် စာရေးသူအတွက် လေးစားစိတ်ဝင်ခဲ့ရသည်။ အခြားအခြားသော တာဝန်ယူစိတ်၊ မိမိဂုဏ်သိက္ခာအပေါ် တန်ဖိုးထားမှု စသော အံ့သြဖွယ်ရာ စိတ်နေသဘောထားများလည်း များစွာ ရှိနေသည်။

စာရေးသူက ထိုသို့အမြင်များကို တင်ပြလာတိုင်း တို့က သာသနာနဲ့တွေ့ရတယ်၊ သူတို့က သာသနာနဲ့ မတွေ့ရဘူး၊ တို့ကတော့ အားမကျပါဘူး၊ ပတိရူပဒေသဝါသ ဘာညာနဲ့ လာရောက်တုန့်ပြန်မှုကို အကြိမ်များစွာ ခံရဖူးသည်။

ဗုဒ္ဓဘာသာဖြစ်ပြီး သူခိုးဖြစ်နေသူနှင့် ဘာသာမဲ့ဖြစ်ပြီး သမ္မာအာဇီဝလုပ်ကိုင်စားသူ နှစ်ဦးမှာ ဘယ်သူက ဗုဒ္ဓဝါဒီလည်း ဆိုတာကို သိစေချင်ပါသည်။

အဖေအမေက ဗုဒ္ဓဘာသာဖြစ်လို့ ဗုဒ္ဓဘာသာဖြစ်လာရုံနှင့် ငါ ဗုဒ္ဓသာသနာနှင့် တွေ့ရတယ်၊ ကံကောင်းတယ်ဟု မထင်လိုက်ပါနှင့်။ မှတ်ပုံတင်ထဲနှင့် မိမိပတ်ဝန်းကျင်မှာ ဗုဒ္ဓဘာသာဟု ကြေညာထားရုံနှင့် ကိုယ့်ကိုကိုယ် ဗုဒ္ဓဘာသာဖြစ်နေပြီဟု မယူဆလိုက်ပါနှင့်။ ဗုဒ္ဓဘာသာဆိုတာ အပေါ်ယံပညတ်တစ်ခုမျှသာပါ။ သမ္မာအာဇီဝ စတဲ့ အကျင့်တရားများကသာ အနှစ်သာရပါ။

အကာ၊ အနှစ် ကွဲသိစေချင်သည်။ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဖြစ်တာတစ်ခုတည်းနှင့် တလွဲဂုဏ်မယူစေချင်ပါ။ အကျင့်ပျက်မှုတွေ နည်းပါးအောင်၊ ခိုးမှုတွေ နည်းအောင်၊ မုဒိမ်းမှုတွေ နည်းအောင်၊ လိမ်ညာလှည့်စားမှုတွေ လျော့ပါအောင် … ဝိုင်းဝန်းကြိုးပမ်းကြဖို့ လိုပါသည်။

တာဝန်ကိုယ်စီ ယူတတ်ကြဖို့ လိုပါသည်။ တိုင်းပြည်ကောင်းအောင်၊ တိုင်းပြည်မျက်နှာမငယ်ရအောင် စိတ်ကောင်းစေတနာကောင်းဖြင့် ကြိုးပမ်းဆောင်ရွက်သူများကိုလည်း တာဝန်သိသိ၊ ခေါင်းရှိရှိဖြင့် ဝိုင်းဝန်းကျားကန်ပေးဖို့ လိုအပ်ပါသည်။

တိုင်းပြည်မှာ အရွယ်မရောက်သေးသူ မုဒိမ်းကျင့်မှုများ ကြောက်ခမန်းလိလိ မြင့်တက်နေသည်ဟူသော သတင်းနှင့် မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည်ဟူသော ကြွေးကြော်မှုမျိုး … နှစ်ခုယဉ်တွဲနေခြင်းလောက် ရှက်စရာကောင်းတာ မရှိဟုမြင်ပါသည်။

တိုင်းပြည်တွင် ခိုးဆိုးလုယက်မှုများ၊ ရက်စက်စွာသတ်ဖြတ်နေမှုများ၊ စစ်ပွဲများ၊ အဂတိလိုက်စားမှုများ၊ အကြမ်းဖက်မှုကို အားပေးခြင်းများ … စသည်တို့ ဖြစ်ထွန်းရာအရပ်ကို ပတိရူပဒေသဝါသဟု ကြွေးကြော်ခြင်းမှာ ဝမ်းနည်းဖွယ်ပင် ကောင်းလှသည်။

အကယ်၍ မြတ်စွာဘုရားရှင်သာ သက်တော်ထင်ရှားရှိတော်မူဦးမည်ဆိုပါက “ပြုံးတော်မူလိမ့်မှာ” အသေအချာပင် ဖြစ်သည်ဟု ထင်ပါသည်။
............................
..........................
ဆက်ပါဦးမည် ....

အရှင်ကုသလသာမိ (အတည်မဲ့)
၂၄၊ ဝ၉၊ ၂ဝ၁၄

မှတ်ချက်။ ။ စာဖတ်ပရိသတ်များအနေနဲ့ ဆောင်းပါးက အပိုင်း(၃) ရောက်နေပြီ။ ရထားပေါ်ကကို မဆင်းနိုင်သေးဘူးလို့ ပြောနေတော့မှာပဲ။ ဘာပဲဖြစ်ဖြစ် ဆောင်းပါးထဲက တစ်ခုခုရနေတယ်ဆိုရင် ပြီးရော မဟုတ်လားနော် ...

Friday, October 3, 2014

စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၂)





ယခင်အပတ်မှ အဆက် ....................
..........................................................

ပထမ လူကိုယ်တိုင် သွားခဲ့သည်။ ယခု ဤဆောင်းပါးရေးခြင်းကတော့ စာရေးသူအနေဖြင့် စိတ်ကူးဖြင့် ဒုတိယအကြိမ် သွားခြင်းဟု ဆိုနိုင်သည်။ စာဖတ်သူများလည်း ဆောင်းပါးဖတ်ရင်း ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံများဖြစ်သော စကန်ဒီနေဗီယားနိုင်ငံများသို့ စာရေးသူနှင့်အတူ ပျော်ပျော်ပါးပါး သွားလိုက်ကြရအောင်ပါ။

(၅)

စနေနေ့တစ်နေ့လုံး ကလေးများအတွက် ယဉ်ကျေးလိမ္မာသင်တန်းနှင့် လူကြီးများအတွက် အဘိဓမ္မာသင်တန်းများ ပို့ချသည်။ သင်တန်းများပြီးသည်နှင့် ခရီးသွားဖို့ ပြင်ရသည်။ ခြေအိတ် ၅ စုံ၊ ဆွယ်တာ ၁ ထည်၊ သင်္ကန်းနှစ်စုံနှင့် အခြားတိုလီမိုလီအနည်းငယ်သာ ထည့်ဖြစ်သည်။

ဂျာမနီနိုင်ငံအပူချိန်နှင့်သိပ်မကွာဟု ထင်သဖြင့် ခေါင်းစွပ်များ မယူဖြစ်ခဲ့ပါ။
ရထားက ည ၁ဝ နာရီ ၁၉ မိနစ်။ ၉ နာရီခွဲကျော်သည်နှင့် ရထားဘူတာသို့ တစ်ပါးတည်း ထွက်ခဲ့သည်။ လမ်းမပေါ်တွင် ကားများလည်း ရှင်းနေသည်။ အသွေးအရောင်စုံသော လူများကတော့ ဟိုဟိုဒီဒီ သွားလာနေကြဆဲဖြစ်သည်။

ဂျာမနီ ၉ နာရီခွဲက အလင်းရောင် ရှိနေသေးသည်။ ၁ဝ မိနစ်ခန့် လမ်းလျှောက်ပြီးတော့ ဘူတာသို့ ရောက်သည်။ ညအချိန်မှာတောင် ဘူတာကြီးက ရထားများ ဝင်လိုက်ထွက်လိုက် ရှိနေသည်။

(၆)

ဖရန့်ဖွတ်မြို့ဘူတာသည် ဂျာမနီနိုင်ငံတွင် ဒုတိယမြောက် အကြီးဆုံး ရထားဘူတာကြီးဖြစ်သည်။ Departure Hall ၅ ခုနှင့် ပလက်ဖောင်းပေါင်း ၂၅ ခုကျော် ရှိသည်။ ဖရန့်ဖွတ်မြို့မှ ပြင်သစ်၊ ဘယ်ဂျီယံ၊ နယ်သာလန်၊ ဆွစ်ဇာလန်၊ ဒိန်းမတ်၊ သြစတြီးယား စသော နိုင်ငံများနှင့် ပြည်တွင်းမြို့များသို့ ပြေးဆွဲနေသော ရထားပေါင်းများစွာ၏ ဆုံရာလည်း ဖြစ်သည်။

နေ့စဉ် ရထားအစီးရေ ၁၁ဝဝ ခန့် ဝင်ထွက်နေပြီး ခရီးသည်ပေါင်း ၃၅ဝ,ဝဝဝ ခန့် သွားလာနေသည်ဟု သိရသည်။ ရွှေပြည်ကြီးသား စာရေးသူအတွက် အံ့သြစရာများပင် ဖြစ်သည်။

ရွှေပြည်ကြီးက အစည်ကားဆုံး ရန်ကုန်ဘူတာကြီးကို မျက်စိထဲ မြင်ယောင်မိသေးသည်။ ည ၉ နာရီလောက် ထွက်ရမည့်ရထားက နောက်ရက်မနက်ခင်းအထိ မထွက်နိုင်သေးလို့ စောင့်ခဲ့ရသည့်အတွေ့အကြုံများ၊ နယ်က ဘူတာလေးတွင် နာရီပေါင်းများစွာ နောက်ကျသဖြင့် အလဟဿဖြစ်ခဲ့ရသည့် စိတ်ပန်းလူပန်းအဖြစ်အပျက်များကလည်း အတွေးထဲ ရောက်ဖြစ်အောင် ရောက်လိုက်ကြသေးသည်။

ရထားအစီးရေ ၁၁ဝဝ ခန့်ဆိုသော်လည်း ၉၅ ရာခိုင်နှုန်းခန့်က အချိန်တိကျပါသည်။ အချို့အချိန်မမှန်သည့်ရထားဆိုသည်မှာလည်း ၅/၁ဝ မိနစ်ခန့်သာ ဖြစ်သည်။ ထို့ထက်ပိုနောက်ကျသည့်အဖြစ်အပျက်က နည်းပါသည်။

(၇)

စီးရမည့်ရထားက City Night Line ရထားဖြစ်သည်။ ပြင်သစ်၊ ဆွစ်ဇာလန်၊ နယ်သာလန်၊ ဒိန်းမတ် စသည့် ဥရောပနိုင်ငံများသို့ နေ့စဉ်ပြေးဆွဲနေသည့် ညရထားဖြစ်သည်။ အိပ်စင်ပါယူလျှင် ဈေးပိုသဖြင့် ထိုင်ခုံသာ ဝယ်ထားသည်။

ရထားက ဘူတာတွင် မဆိုက်သေးဖြင့် ဘူတာအတွင်း ထိုင်ခုံပေါ်တွင် ခဏထိုင်စောင့်သည်။ ဘူတာအတွင်း သန့်ရှင်းရေးသမားများမှာ အာဖရိကန်များနှင့်အရှေ့အလယ်ပိုင်းဆန်ဆန်၊ တူရကီဆန်ဆန် လူမျိုးများသာ များသည်။

ဘူတာအတွင်းရှိ အမှိုက်ပုံးများကို လှန်လှောပြီး ပုလင်းအဟောင်းများ၊ ရေဗူးခွံနှင့်အချိုရည်ဗူးအခွံများကို ရွေးယူနေသူအချို့ကိုလည်း တွေ့ရသည်။ ရွေးယူနေကြခြင်းမှာလည်း အကြောင်းရှိပါသည်။

အချို့ဗူးခွံများတွင် ဖန်းဟုခေါ်သော (Fund ကို ဆိုလိုသည်ဟု ထင်သည်) တံဆိပ်လေးများ ပါတတ်သည်။ ထိုတံဆိပ်လေးပါသောဗူးခွံကို စူပါမားကတ်အတွင်းရှိ စက်တွင် ထည့်လိုက်ပါက တစ်ဗူးကို ယူရို ၂၅ ဆင့် ပြန်ရသည်။

အမှိုက်ကောက်ရသက်သာအောင် ပြုလုပ်ထားသည့်စနစ်တစ်ခု ဖြစ်သဖြင့် သဘောကျမိသည်။ ထိုစနစ်ကြောင့် ဗူးခွံများကို ရောက်တတ်ရာရာ မစွန့်ပစ်ဘဲ အိမ်မှာစုထားလျှင် မုန့်ဖိုးတော့ ရနိုင်လေသည်။ အမှိုက်အလွန်ပေါသော စာရေးသူတို့နိုင်ငံအတွက် အတုယူစရာစနစ်တစ်ခုဟု သဘောပိုက်မိသည်။

(၈)

၁ဝ နာရီခန့်တွင် ရထားက ဘူတာတွင် လာရပ်သည်။ ရထားမထွက်ခင် အပေါ့အပါးသွားဦးမှ စိတ်ကူးမိသည့်အခါ ဘူတာရှိအိမ်သာမှာ ယူရို ၁ ကျပ် (မြန်မာငွေနှင့်ဆိုလျှင် ၁၃ဝဝ ခန့်)ဆိုသည်ကို သတိရသောကြောင့် ရထားထွက်မှ ရထားပေါ်ရောက်မှ ကိစ္စရှင်းတော့မယ်ဟု တွေးလိုက်သည်။

တစ်ခါမှ မသွားဖူးသည့်ခရီးဖြစ်သဖြင့် ရထားဆိုက်ပြီးသည်နှင့် ရထားပေါ်တက်သည်။ အတွဲနံပါတ် ၁၉၄၊ ထိုင်ခုံနံပါတ် ၆၄ ကို လိုက်ရှာသည်။ ရထားတွဲပေါ်တွင် လူ ၆ ယောက်စီပါသော အခန်းလေးများ ကန့်ထားသည်။ တူရကီဆန်ဆန်အမျိုးသားတစ်ဦးနှင့် ဥရောပအမျိုးသမီးငယ်တစ်ဦးပါသည်။ အမျိုးသားက ကိုယ့်ထိုင်ခုံပေါ် ထိုင်နေသည်။

လက်မှတ်ပြပြီး နေရာပြောင်းလိုက်သည်။
ဥရောပအမျိုးသမီးငယ်နှင့်မျက်နှာချင်းဆိုင်ထိုင်ခုံဖြစ်သည်။ နှုတ်ဆက်ဖို့ အကဲခတ်ကြည့်သောအခါ အမျိုးသားက ခေါင်းငုံ့ကာ မျက်လုံးမှေးနေသည်။

အမျိုးသမီးငယ်က စာအုပ်အထူကြီးကို ဖတ်နေသည်။ ကိုယ်လည်း အားကျမခံ စာအုပ်ဖတ်ရုံနှင့်တရားထိုင်သလို တည်ငြိမ်အေးချမ်းသွားတတ်သော စွန်းလွန်းဂူဆရာတော်ကြီးအတ္ထုပ္ပတ္တိစာအုပ်ကို အိုင်ပက်ထုတ်ပြီး ဖတ်နေလိုက်သည်။

(၉)

ရထားထွက်ခါနီးသောအခါ အဘိုးအိုတစ်ဦး တက်လာသည်။ ရှေ့ဆင့်နောက်ဆင့် အရှေ့အလယ်ပိုင်းဆန်ဆန်လူလတ်ပိုင်းတစ်ဦး ဝင်လာသည်။ စာအုပ်သာ ဆက်ဖတ်နေလိုက်သည်။

၅ မျက်နှာခန့်ဖတ်ပြီးသည့်အခါ ပျားပန်းခတ်မျှ လှုပ်ရှားသွားလာနေသော ဘူတာအတွင်းရှိ ခရီးသည်များနှင့် ဝင်လိုက်ထွက်လိုက်ဖြစ်နေသော ရထားများဖြင့် ရှုပ်ယှက်ခတ်နေသော ပြင်ပလောကကို ငေးကြည့်နေဖြစ်သည်။

၁ဝ နာရီ ၁၉ မိနစ်အတိတွင် ရထားစထွက်သည်။
ရထားထွက်ပြီး ၅ မိနစ်ခန့်ကြာသောအခါ အဘိုးအိုက အခန်းမီးပိတ်ချင်တယ်။ သဘောတူလားဟု မေးသည်။ အားလုံးသဘောတူလိုက်သည်။ အခန်းတွင်းမှာ တစ်ဦးနှင့်တစ်ဦး မြင်နိုင်ရုံ အလင်းမှိန်မှိန်လေးသာ ရှိတော့သည်။

မီးပိတ်ပြီးသည်နှင့် အဘိုးအိုနှင့်အာရပ်ဖြစ်ဟန်တူသူတို့ ခေါင်းငိုက်စိုက်ချကာ အိပ်ကြသည်။ အခြားတစ်ဦးက တောင်ကြည့်မြောက်ကြည့် ကြည့်နေသည်။

အမျိုးသမီးက တံခါးအပြင်ကို မိမိလိုပင် ငေးနေသည်။
အတန်ကြာသောအခါ အပြင်ခဏသွားချင်တယ်၊ သူ့ပစ္စည်းများကို ခဏကြည့်ထားပေးပါဟုဆိုပြီး အမျိုးသမီးအပြင်ထွက်သွားသည်။

ခဏကြာသောအခါ ပြန်ရောက်လာပြီး ကျေးဇူးတင်ကြောင်း ပြောသည်။ ထိုမှစကာ မိတ်ဆက်ဖြစ်သည်။ ကိုယ့်နိုင်ငံအမည်ကို မနည်းပြောယူရသည်။ နီးယားထိုင်းလန်းဆိုမှ နည်းနည်းကြားဖူးတယ်ဟု ဆိုသည်။ “ဟဲ ဟဲ ကိုယ့်ကိုယ်ကိုတော့ မြန်မာဆိုတာ ကမ္ဘာမှာ ဘယ်လိုကွ၊ တို့မြန်မာဆိုတာ ကမ္ဘာမှာ ဘယ်ဂုဏ်ယူစရာကွ”နဲ့ ထင်လာလိုက်တာ ဥရောပရောက်မှ ကိုယ့်နိုင်ငံကို မသိသူများ မြောက်မြားစွာရှိနေပါလားဆိုသည်ကို သိရသည်။ ရောက်စက “မြန်မာ”ဆိုတာကို မသိဘူးဟု ပြောလာလျှင် “ဒီလူ အတော်ဗဟုသုတနည်းတာပဲ”ဟု ယူဆမိသည်။ ယခုတော့ ရိုးသွားပါပြီလေ။

(၁ဝ)

ရထားအပြင်မှာ မီးရောင်မှိန်မှိန်လေးများကို ရိပ်ခနဲရိပ်ခနဲ ဖြတ်သန်းနေသည်။ အလင်းမကွဲသေးသော ကောင်းကင်ယံတွင် တိမ်လိပ်အချို့ကိုလည်း တွေ့ရသည်။ ညအချိန်ဖြစ်လို့ တိမ်များက အမည်းရောင် အနည်းငယ်သန်းနေသည်။

မီးရောင်တဖျက်ဖျက်နှင့်ဥဒဟိုပြေးသွားနေသော လေယာဉ်များက စာပေထဲမှ ဈာန်ရ ရသေ့၊ ရဟန်းများ တန်ခိုးပြပြီး ဈာန်ပျံနေသလို ထင်ရသည်။ စိတ်က တစ်ချက်တစ်ချက် တိမ်ကြိုတိမ်ကြားတိမ်လိပ်လေးများကြားကနေ အမိမြန်မာနိုင်ငံကို လှမ်းကြည့် လွမ်းဆွတ်မိသေးသည်။

ရုတ်တရက် တိမ်လိပ်ချွန်ချွန်လေးများကို တွေ့လျှင် မြန်မာပြည်မြေပုံလေးအလား စိတ်က မှန်းမိသည်။ မြန်မာပြည်က မြေပုံကိုက ခြေထောက်က တစ်ချောင်းတည်းရယ်။ ခြေထောက်တစ်ချောင်းတည်းရှိလို့ မတည်မငြိမ်ဖြစ်နေရတာများလား မြန်မာပြည်။ စိတ်ကူးထဲတွင် တနင်္သာရီဘက်သို့ ချွန်ထွက်နေသော ခြေထောက်ကြီးလိုမျိုး ဘင်္ဂလားပင်လယ်အော်ထဲမှာ ခြေထောက်ကြီးတစ်ချောင်းလောက် ထပ်တပ်ပေးလိုက်ရလျှင်တော့ မြန်မာပြည်ကြီး တည်ငြိမ်သွားမလား။

အတွေးများက ရထားတွဲကြီးလို အမျှင်မပြတ် တရစပ်ပြေးလွှားနေသည်။

ပြဿနာပေါင်း သောင်းခြောက်ထောင်နှင့် နလန်မထူနိုင်သော နာတာရှည်ရောဂါသည်ကြီးလို ဖြစ်နေသော အမိမြန်မာကို တွေးမိတိုင်း ရင်ထဲမှာ ဗလောင်ဆူရသည်။ အတွေးထဲက ထွက်ပြီး စိတ်က ပစ္စုပ္ပန်မှာတည်လာတော့ ရထားတွဲလေးထဲ အတူခရီးသွားတွေအားလုံး ငိုက်မြည်းနေကြလေပြီ။

ရထားကြီးက သူ့အရှိန်နှင့်သူ တဂျုန်းဂျုန်း တဂျက်ဂျက် မြည်ဟီးနေသော်လည်း စာရေးသူတို့အခန်းလေးက တိတ်ဆိတ်ငြိမ်သက်လှသည်။
.........................................
............................................
ဆက်ပါဦးမည် ..................

အရှင်ကုသလသာမိ (အတည်မဲ့)
၂၁၊ ဝ၉၊ ၂ဝ၁၄

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails