Saturday, September 27, 2014

စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၁၊ နိဒါန်း)



(၁)

“ဘဝမှာ အမြဲတမ်း လုပ်ချင်တဲ့အရာဘာလဲ”ဟု မေးလာလျှင် စာဖတ်ခြင်းနှင့်ခရီးသွားခြင်းဟု ဖြေပါမည်။ အသက် ၁၅ နှစ်အရွယ် တောင်ငူမှာ နေစဉ်ကတည်းက ဘုမသိ ဘမသိဖြင့် ရန်ကုန်ကို ယောင်ချာချာခရီးထွက်ဖူးသည်။

သင်္ဃန်းကျွန်းဘက်တွင် ပြေးဆွဲသော ဘတ်စကားခ ငါးမူးခေတ်ဖြစ်သည်။ တာမွေ ဝေဠုမာရကျောင်းမှ လင်းစဒေါင်းသို့ ဘတ်စကားခ ငါးမူးသာ ပေးရသည်ကို မှတ်မိသည်။ ဘတ်စ်ကားခများ တက်သွားသည်နှင့်လမ်းများ အနည်းငယ်ပိုကောင်းလာသည်ကလွဲ၍ အပြောင်းအလဲ မရှိ။ ငယ်ငယ်ကတည်းက ခရီးသွား ဇ ရှိခြင်းကို နိဒါန်းချီလိုရင်း ဖြစ်သည်။

နွေရာသီစာမေးပွဲဖြေပြီးလို့ ကျောင်းပိတ်သည်နှင့် အမေဆီသို့ တန်းတန်းမတ်မတ် ဘယ်တော့မှ မပြန်။ အဖော်ကောင်းရာဆီသို့ ဟိုရွာဒီရွာ ခရီးထွက်တတ်သည်။ ပြီးမှ အမေ့ဆီ ပြန်သည်။ မြန်မာပြည်အောက်ပိုင်းဆိုလျှင် ကိုကိုးကျွန်းထိ သင်္ဘောကြီးစီးကာ သွားဖူးသည်။ မှတ်မှတ်ရရ ဟားခါးသင်္ဘောကြီးဖြစ်မည်ဟု ထင်သည်။ လူပေါင်း ၉ဝဝ ကျော်၊ ကားများပါ တင်ဆောင်သည့် ၃ ထပ်ခန့် သင်္ဘောကြီးဖြစ်သဖြင့် ထိုအချိန်က မမြင်ဖူးလို့ မူးကို မြစ်ထင်ခဲ့ဖူးသည်။

ထိုမှတစ်ဖန် မြန်မာပြည်အထက်ပိုင်း မေခ၊ မလိခမြစ်ဆုံသို့လည်း အဖော်များနှင့် ခရီးဆန့်ဖူးသည်။ လှပသာယာလှသော မြစ်ဆုံက ကျောက်ခဲလှလှလေးများကို တယုတယကိုင်ကြည့်ဖူးသည်။ အမှတ်တရအဖြစ် ကချင်လွယ်အိတ်အသစ်လေးထဲ ထည့်ကာ သယ်ယူခဲ့ဖူးသည်။ မြစ်ကြီးနား၊ ဟိုပင်၊ ထိုမှ သံတွဲ၊ ငပလီ၊ တောင်ကြီး၊ ဟိုပုန်း၊ ပင်းတယဝန်းကျင်၊ အင်းလေး … ခြေဆန့်ခဲ့ဖူးသည်။ ပဲခူးရိုးမတောထဲက ရွာအချို့သို့လည်း တစ်နေကုန် လမ်းလျှောက်ကာ သွားဖူးသည်။ ဤသို့ဤနှယ် ခရီးသွားရတာ ဝါသနာပါလှသည်။

(၂)

စာဖတ်ခြင်းဝါသနာကိုကား ဘယ်အချိန်က စတင် ပါလာခဲ့မှန်း ကိုယ့်ကိုယ်ကို ခြေရာကောက်မရပါ။ တစ်ခုသတိရမိသည်ကတော့ ပခုက္ကူဦးအုံးဖေအကြောင်း သတင်းစာမှာ ပါလာသည်ဟု ထင်သည်။ သူ့ဘဝအကြောင်း အတိုအစမှာ စာဖတ်ဖို့အကြောင်း တိုက်တွန်းထားသည်ဟု ထင်သည်။ သူက ငယ်ငယ်က အလွန်ဆိုးသည်။ အရက်သောက်၊ ဖဲရိုက် မတော်တရော်များ အတော်လုပ်သည်ဟု ဆိုသည်။ ထိုသို့ဆိုးရင်းတေရင်း ချစ်ကွဲညားဝတ္ထုများ ဖတ်သည်။ ထိုသို့ဖတ်ရာတဖြည်းဖြည်း အဆင့်မြင့်စာပေများ ဖတ်တတ်လာသည်။ ထိုမှတစ်ဆင့် သူ့ဘဝ၊ သူ့အတွေးအခေါ်များ ပြောင်းလဲသွားသည်ဟု ဆိုသည်။

ထိုလွှမ်းမိုးမှုလေးကိုတော့ အနည်းငယ် အမှတ်ရနေသည်။ သတင်းစာ၊ ဂျာနယ်များကို မကြာခဏ ဝယ်ခိုင်းတတ်သော ငယ်ငယ်က ဆရာသမားကြောင့်လည်း ဖြစ်ပုံရသည်။

ပထမတော့ အားကစားဂျာနယ်များ မပြတ်ဖတ်ဖြစ်သည်။ ထိုစဉ်က အင်အားဂျာနယ်နှင့်တံခွန်ဂျာနယ်သာ အထင်ကရရှိသည်ဟု ထင်သည်။ ချစ်စံဝင်း၊ ချစ်နိုင်(စိတ်ပညာ)၊ ဖေမြင့်၊ ဆရာတော်ဦးဇောတိက၊ အရှင်ဉာဏ၊ အရှင်ဥက္ကဋ္ဌတို့၏ စာအုပ်များကို အဓိကမှတ်မိနေသည်။ တောင်ငူမြို့က 7 Store စာအုပ်ဆိုင်ဝန်ထမ်းများက စာအုပ်ကြီးများကို ပြူးတူးပြဲတဲကြည့်တတ်သော ကိုရင်ပေါက်စကို ပြုံးစစဖြင့် စနောက်ကြသည်ကိုလည်း အမှတ်ရနေသည်။

အရှင်ဉာဏနှင့်အရှင်ဥက္ကဋ္ဌတို့ စာအုပ်များကို အဘယ့်ကြောင့် ဖတ်ဖြစ်သည်ကို ဆက်စပ်စဉ်းစားမရသေးပါ။ ဖတ်သည်ဟုသာ မှတ်မိနေသည်။ ဟုတ်တိပတ်တိ ဘာမျှ နားလည်ခဲ့ဟန် မတူပါ။

ချစ်နိုင်(စိတ်ပညာ)၏ “ချစ်လို့ပြောတာ မှတ်ပါ”စာအုပ်နှင့် ဖေမြင့်၏ “မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား”စာအုပ်နှစ်အုပ်ကတော့ စာရေးသူကိုရင်ပေါက်စကို အတော်လေး စိတ်အာဟာရနှင့်စိတ်အင်အားများ ပေးခဲ့ဖူးသည်။

ယခုအချိန်အထိ ခေတ်မကုန်သေးသော စာအုပ်များလည်း ဖြစ်သည်။ ထူးဆန်းသည်မှာ အခုဖတ်ကြည့်တော့ အရသာ သိပ်မတွေ့တော့ခြင်း ဖြစ်သည်။ ထိုမှတစ်ဆင့် အသက် ၂ဝ ဝန်းကျင်ရောက်သည့်အခါ အရှေ့က နေဝန်းထွက်သည့်ပမာ စသည့် သိန်းဖေမြင့်၏စာအုပ်များ၊ မြသန်းစံ၊ မောင်ပေါ်ထွန်း၊ မောင်ထွန်းသူ၊ မြသန်းတင့်၊ နတ်နွယ်၊ ထင်လင်း၊ မောင်ဝံသ၊ ရွှေဥဒေါင်း … စသဖြင့် ဖတ်ဖြစ်လာခဲ့သည်။

စာဖတ်ဝါသနာကိစ္စ ဤမျှနှင့် ရပ်ပါရစေ။ ပြောလိုရင်းမှာ စာဖတ်ဝါသနာနှင့် ခရီးသွားရခြင်း၌ မွေ့လျော်တတ်သော စာရေးသူ၏ ဗီဇကို ဖော်ပြလိုရင်း ဖြစ်ပါသည်။

(၃)

၂ဝ၁၄ ခုနှစ်၊ သြဂုတ်လ၊ ၁ ရက်နေ့တွင် ရွှေညဝါဆရာတော် ဂျာမနီနိုင်ငံ ဖရန့်ဖွတ်မြို့သို့ ကြွရောက်လာခဲ့သည်။ ဂျာမနီမှ ကားငှါးကာ ဥရောပတစ်ခွင် ခရီးလှည့်လည်မည်ဟု ဆိုသည်။ စာရေးသူ၏ ဝါသနာဗီဇက နိုးကြွလာသည်။ “စိတ်လှုပ်ရှားစရာခရီးစဉ်ကြီးကို လိုက်ပါချင်လိုက်တာ”။ ဆွစ်ဇာလန်၊ အီတလီ၊ ပြင်သစ်၊ နယ်သာလန်၊ ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင် … ကိုယ်ရောက်ဖူးချင်သည့်နေရာများ။ ကိုယ်အစီအစဉ်ဖြင့်ကိုယ်သွားရလျှင်လည်း လမ်းစရိတ်မတတ်နိုင်သည့်ခရီးစဉ်။

(၄)

စာရေးသူအတွက် ကံဆိုးချင်တော့ ရွှေညဝါဆရာတော်ခရီးစဉ်ကို ကြိုတင်မသိရခြင်း ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင် ဆရာတော်ခရီးလှည့်လည်မည့်အချိန်နှင့် အချိန်ကိုက် ဒုလ္လဘကိုရင် ၃ ပါး လက်ခံထားခြင်း၊ ကလေးငယ်များအတွက် ယဉ်ကျေးလိမ္မာသင်တန်းနှင့် လူကြီးများအတွက် အဘိဓမ္မာသင်တန်း ရှိနေခြင်းဖြစ်သည်။ ကိုရင်လေးများ ခဏဝတ်သည့်အခိုက် အတူတူနေပြီး သင်သင့်သည်များကို သင်ပေးလိုသည်။

နိုင်ငံရပ်ခြားတွင် ကိုရင်ဝတ်ဖို့ကလည်း ကျောင်းနှင့်ကန်နှင့်မဖြစ်သေးသည့်အတွက် အလွန်တရာ မလွယ်ကူပါ။ မိဘများ၏ ဖြစ်စေလိုသော ပြင်းပြသောဆန္ဒနှင့် ဗုဒ္ဓဘာသာအခြေခံများကို ကိုရင်ဝတ်မည့်သားငယ်များ သိသွားပါစေဟူသော မိမိ၏ဆန္ဒကြောင့်လည်းကောင်း ရွှေညဝါဆရာတော်နှင့်အတူလိုက်ပါလိုသည့် ဆန္ဒကို ချိုးနှိမ်ပစ်လိုက်သည်။

စာရေးသူမကြာခဏ ပြောလေ့ရှိသော စကားက ရင်ထဲမှာ ခိုင်ခိုင်မာမာရှိနေသည်။ ဒုတိယမျိုးဆက် အလွန်အရေးကြီးပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာရသော ပထမမျိုးဆက်သည် ဘာသာစကား၊ ယဉ်ကျေးမှု၊ အလုပ်အကိုင်၊ ပညာရေး၊ စားရေးသောက်ရေးတို့ အစစအရာရာ အသားကျဖို့ ခက်သည်။ မိမိနေရာဟူသော ခံစားချက်၊ မိမိတိုင်းပြည်ဟူသော တွယ်နှောင်မှုမရှိ။ အစစအရာရာ ရုန်းကန်ရသည်။ ကြိုးစားရသည်။ တနည်းအားဖြင့် မယောင်မလည်ဖြင့် ပတ်ဝန်းကျင်အသစ်မှာ သေသွားရမည့်သူက များသည်ဟု ဆိုချင်သည်။

သူတို့က မွေးဖွားလာတဲ့ ဒုတိယမျိုးဆက်ကျတော့ လုံးဝပြောင်းလဲသွားပြီ။ ဂျာမနီမှာမွေးသည့်ကလေးက ဂျာမနီသားလို နေတတ်လာပြီ။ ဂျာမနီသားတို့၏ အခွင့်အရေးများလည်း ရလာပြီ။ ဒေသခံတို့နှင့် တစ်သားတည်း ခံစားတတ်လာပြီ။ ဒေသခံတို့၏ ဘဝအမြင်၊ နေမှုထိုင်မှု၊ အစားအသောက်ကအစ (မတူသော်လည်း) အလွန်တရာ ကွဲပြားခြားနားလွန်းသည်ဟူသော အမြင်မျိုးမရှိတော့။ ထို့ပြင် ဘဝရပ်တည်မှုကလည်း ခိုင်မာလာကြပြီ။

ဤဒုတိယမျိုးဆက်တွင် ဘာသာရေးခိုင်မာမှု မရှိလျှင် မိမိတို့၏ လက်ရင်းလက်ငုပ် ဘာသာတရား၊ မြန်မာ့အတွေးအခေါ်၊ ယဉ်ကျေးမှု စသည်တို့ ပျောက်ကွယ်သွားမည်။ မြန်မာစိတ်၊ ဘာသာချစ်စိတ်ကင်းမဲ့သွားသော မျိုးဆက်ဖြစ်သွားလျှင် ဗုဒ္ဓဘာသာ၊ မြန်မာ့ယဉ်ကျေးမှုအတွက် အားကိုး၍ ရနိုင်တော့မည် မဟုတ်ပေ။ ဒုတိယမျိုးဆက်တွင် ဘာသာချစ်စိတ်၊ မြန်မာ့ယဉ်ကျေးမှုအပေါ် တန်ဖိုးထားစိတ်များ ကိန်းဝပ်နေသေးလျှင် ဤနိုင်ငံတွင် ဗုဒ္ဓဘာသာ ထွန်းကားတိုးတက်ဖို့ အလားအလာ များစွာရှိသည်။ ထို့ကြောင့် ကိုရင်လေးများနှင့် ကလေးငယ်များကို မိမိစွမ်းနိုင်သလောက် ဘာသာရေးအသိစိတ်ဓာတ်များ ပေးဝေငှလိုသည်။ အလွန်တရာ အရေးကြီးသည်ဟုလည်း ယုံကြည်သည်။

(၄)

ရွှေညဝါဆရာတော်၊ တပည့်ဦးသူရိယ၊ အမေရိကန်မှ ရောက်လာသည့် ကိုမောင်မောင်သိန်းနှင့် ဇနီးမစန္ဒာတို့ကား ဆွစ်ဇာလန်သို့ စတင်ထွက်ခွါသွားလေပြီ။ ကိုမောင်မောင်သိန်း ခေါ် ကပ္ပိယထိပ်ပြောင်သည် ကားမောင်းအလွန်ကျွမ်းကျင်သည်။ အင်တာနေရှင်နယ်လိုင်စင်ရှိထားသဖြင့် ဂျာမနီမှ ကားတစ်စီး ငှါးသည်။ ကိုယ်တိုင်မောင်းသည်။ ဆွစ်ဇာလန်၊ အီတလီ၊ ပြင်သစ်၊ နယ်သာလန် တစ်နိုင်ငံပြီးတစ်နိုင်ငံ၊ တစ်မြို့ပြီးတစ်မြို့ ခရီးနှင်နေကြသည်။ ဓာတ်ပုံများကြည့်ပြီး အားကျနေခဲ့သည်။ ရွှေညဝါဆရာတော်တို့ နယ်သာလန်ရောက်သည့်အခါ ကိုရင်သုံးပါးလည်း လူထွက်သွားပြီ။

သြဂုတ်လ ၁၅ ရက်နေ့ဆို ဒိန်းမတ်နိုင်ငံသို့ ရောက်မည်ဟု ဆိုသည်။ ယဉ်ကျေးလိမ္မာသင်တန်းလည်း မပျက်ရအောင်၊ အဘိဓမ္မာသင်တန်းလည်း မပျက်ရအောင် အကြံတစ်ခု ရသည်။ ၁၇ ရက်နေ့ တနင်္ဂနွေနေ့သင်တန်းများကို စနေနေ့သို့ ရွှေ့လိုက်မည်။ စနေနေ့ည ရထားဖြင့် ဒိန်းမတ်နိုင်ငံသို့ လိုက်မည်။

ခရီးက လကုန်မှ ရောက်မည်ဖြစ်သဖြင့် သင်တန်းများ တစ်ပတ်ရပ်နားမည်။ ရွှေညဝါဆရာတော်နှင့်အခြားကြိုတင်အသိပေးသင့်သူများကို အသိပေးပြီး ဆုံးဖြတ်လိုက်သည်။ ဒိန်းမတ်က ကိုစိုးစိုးမောင်ကလည်း ရထားဘူတာတွင် လာကြိုမည်ဟု ပြောသည်။

၁၅ ရက်နေ့မှာပဲ ရထားလက်မှတ်ဖြတ်လိုက်သည်။ အမှန်တကယ်ပင် စိတ်လှုပ်ရှားပါသည်။ ၁၆ ရက်နေ့ ည ၁ဝ နာရီမှ စတင်ထွက်ခွါပြီး ဒိန်းမတ်နိုင်ငံ၊ အော့လ်ဘော့မြို့သို့ ၁၇ ရက်နေ့ နေ့လည် ၂ နာရီခန့်မှ ရောက်မည့်ခရီးစဉ်ဖြစ်သည်။

ငယ်စဉ် သိတတ်စအရွယ်ကတည်းက ဥရောပယဉ်ကျေးမှု၊ ဥရောပယဉ်ကျေးမှုဟု မြန်မာတွေ နှာခေါင်းရှုံ့ကြသည်။ ဥရောပယဉ်ကျေးမှုများ မလွှမ်းမိုးလာအောင်ဆိုသောစကားကို ယနေ့အချိန်အထိ တွင်တွင်ကြီး သုံးနေကြဆဲဖြစ်သည်။

မြန်မာတို့ နှုတ်ဖျားမှာ ဥရောပသည် နဂ္ဂတစ်ပြကွက်များသာ ကဲနေသည်။ တကယ်ပင် ဥရောပယဉ်ကျေးမှုသည် နဂ္ဂတစ်ဆန်နေပါသလော၊ မြန်မာ့လူ့ဘောင်အတွက် အန္တရာယ်ထူပြောလှသော ဆန့်ကျင်ဘက် ယဉ်ကျေးမှုဖြစ်နေပါသလော၊ မြန်မာ့လူ့ဘောင်မှာ အများပြောနေသလို ကြောက်မက်ဖွယ် ယဉ်ကျေးမှုကြီး ဖြစ်နေပါသလော။

ဤခရီးသွားဆောင်းပါးတွင် တွေ့မြင်လာရသော မြင်ကွင်းများ၊ လူပုဂ္ဂိုလ်များ၊ သိရှိလိုက်ရသော အသိအမြင် ဗဟုသုတများ၊ တွေ့ကြုံခံစားလိုက်ရသော ရသစုံလင်နေသောခံစားချက်များ … စသည်တို့ကို စာရေးသူစွမ်းနိုင်သလောက် ဖော်ပြလိုပါသည်။ မျှဝေစိတ်ဖြင့် ရိုးသားစွာ တင်ပြရန်သာ ဆန္ဒရှိပါသည်။ ပထမ လူကိုယ်တိုင် သွားခဲ့သည်။ ယခု ဤဆောင်းပါးရေးခြင်းကတော့ စာရေးသူအနေဖြင့် စိတ်ကူးဖြင့် ဒုတိယအကြိမ် သွားခြင်းဟု ဆိုနိုင်သည်။

စာဖတ်သူများလည်း ဆောင်းပါးဖတ်ရင်း ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံများဖြစ်သော စကန်ဒီနေဗီယားနိုင်ငံများသို့ စာရေးသူနှင့်အတူ ပျော်ပျော်ပါးပါး သွားလိုက်ကြရအောင်ပါ။
....................................
....................................
ဆက်ပါဦးမည် .....

အရှင်ကုသလသာမိ (အတည်မဲ့)
၁၉၊ ဝ၉၊ ၂ဝ၁၄

စာရေးသူ၏ ကိုယ်ရေးအကျဉ်း




အရှင်ကုသလသာမိ(အတည်မဲ့)ကို ၁၉၈၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၇ ရက်နေ့တွင် အဖ ဦးအောင်၊ အမိ ဒေါ်ဝင်းကြည်တို့မှ မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ဃဲကြီးကျေးရွာတွင် ဖွားမြင်ခဲ့ပါသည်။ 

၁၉၉၅ ခုနှစ်မှ ၂ဝဝ၁ ခုနှစ်အတွင်း တောင်ငူမြို့၊ ဝိသုဒ္ဓါရုံမြို့ထောင့်ကျောင်းတိုက်၊ အုတ်တွင်းမြို့၊ ကန်ကလေးတောရကျောင်း၊ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဗြဟ္မနိမ္မိတာရုံ စာသင်တိုက်နှင့် ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက်တို့တွင် ပညာသင်ကြားခဲ့သည်။ 

အသက်၂၁ နှစ်အရွယ်တွင် ကျောက်ပန်းတောင်းမြို့၊ ရွှေလရောင်ကုလားပဲခွဲစက်၊ ဒေါ်မြဝင်းကြည်၊ ဒေါ်စိန်လှကြည်၊ ဒေါ်သန်းသန်းအေးနှင့် ဒေါ်နုနုကြည် ညီအစ်မတစ်စုတို့၏ ပစ္စယာနုဂ္ဂဟဖြင့် ကျောက်ပန်းတောင်းမြို့၊ စိတ္တပါလဂူကျောင်းတွင် ရဟန်းဖြစ်ခဲ့သည်။

၂ဝဝ၁ ခုနှစ်မှာပင် ကမ္ဘာအေးကုန်းမြေ၊ ပရိယတ္တိ သာသနာ့တက္ကသိုလ်သို့ တက်ရောက်ခွင့်ရပြီး ၂ဝဝ၇ ခုနှစ်အထိ B.A (Buddhism) နှင့် M.A (Buddhism) အတန်းများတွင် တက်ရောက်ပညာသင်ကြားခဲ့သည်။ 

သာသနာ့တက္ကသိုလ် တက်ရောက်စဉ်အတွင်း ပထမနှစ် First Semester နှင့် Second Semester နှစ်ခုလုံး၌ ဘာသာစုံဂုဏ်ထူးဖြင့် ပထမဆု၊ ဒုတိယနှစ်တွင် First Semester ၌ ဘာသာစုံဂုဏ်ထူး၊ Second Semester ၌ ၅ ဘာသာဂုဏ်ထူးဖြင့် ပထမဆု၊ တတိယနှစ်တွင် First Semester ၌ ဘာသာစုံဂုဏ်ထူး၊ Second Semester ၌ ၅ ဘာသာဂုဏ်ထူးဖြင့် တတိယဆု၊ စတုတ္ထနှစ်တွင် First Semester ၌ ၅ ဘာသာဂုဏ်ထူး၊ Second Semester ၌ ဘာသာစုံဂုဏ်ထူးဖြင့် ပထမဆုတို့ကို ဆွတ်ခူးရရှိခဲ့သည်။ လေးနှစ်တာကာလအတွင်း အင်္ဂလိပ်ဘာသာထူးချွန်ဆု၊ ပါဠိဘာသာထူးချွန်ဆုများကိုလည်း ဆွတ်ခူးရရှိခဲ့သည်။

၂ဝဝ၃ ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ ကြီးမှူးကျင်းပသော စာချတန်းစာမေးပွဲကို အောင်မြင်သဖြင့် သာသနဓဇဓမ္မာစရိယဘွဲ့ကို ရရှိခဲ့သည်။ ၂ဝဝ၈ ခုနှစ်တွင် သီရိလင်္ကာနိုင်ငံသို့ ထွက်ခွါပြီးနောက်ပိုင်း www.ashinkusala.com ကို ဖွင့်လှစ်ကာ သမထဝိပဿနာတရားအားထုတ်နည်းများ၊ အတွေးအမြင်ဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများ၊ ခရီးသွားအတွေ့အကြုံဆာင်းပါးများနှင့် ဝတ္ထုများကို ရေးသားခဲ့သည်။ www.facebook.com/Kusalasami နှင့် www.facebook.com/ashinkusalasami တို့တွင်လည်း ဖြန့်ဝေရေးသားလျှက် ရှိသည်။

သီရိလင်္ကာနိုင်ငံတွင် ပညာသင်ကြားစဉ်အတွင်း လင်္ကာတမန်မဂ္ဂဇင်း၌ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ၂ဝဝ၈ ခုနှစ်တွင် ကိုလံဘိုမြို့၊ ကေလနိယတက္ကသိုလ်မှ မဟာဝိဇ္ဇာ(M.A)ဘွဲ့ကို ရရှိခဲ့သည်။ ၂ဝ၁ဝ ခုနှစ်တွင် မလေးရှားနိုင်ငံ၊ ပီနန်မြို့၊ မဟာဓမ္မိကာရာမတရုတ်မြန်မာဗုဒ္ဓဘာသာကျောင်းတွင် သာသနာပြုတာဝန်များ ထမ်းဆောင်ခဲ့သည်။ 

ယင်းကျောင်းတော်ကြီးအတွင်း ခန့်ငြားထည်ဝါလှသော ရွှေစေတီကျောင်းတော်ကြီး (Golden Pagoda Bell Tower) အကောင်အထည်ပေါ်ပေါက်လာရေးအတွက် ပီနန်ဆရာတော်ဘုရားကြီး၏ ဦးဆောင်ညွှန်ကြားမှုနှင့်အတူ ဖွင့်ပွဲကျင်းပပြီးသည်အထိ ပါဝင်ဆောင်ရွက်ပေးခဲ့သည်။

၂ဝ၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်ရောက်ခဲ့သည်။ ၂ဝ၁၂/၂ဝ၁၃ ခုနှစ်တွင် မြန်မာနိုင်ငံအနှံ့အပြား တနင်္ဂနွေနေ့တိုင်း စနစ်တကျ ဖွင့်လှစ်သင်ကြားသည့် ဓမ္မစကူးလ်များ ပေါ်ပေါက်ရေးအတွက် ရည်ရွယ်ဖွဲ့စည်းထားသော ဓမ္မစကူးလ်ဖောင်ဒေးရှင်း၌ အတွင်းရေးမှူးတာဝန်ဖြင့် ကြိုးစားပါဝင်ဆောင်ရွက်ခဲ့သည်။

စာပေမှတ်တိုင်အနေအားဖြင့် မြေဇင်းကမ္မဋ္ဌာန်းအားထုတ်နည်း (အရှင်ကုသလသာမိ - ပျော်ဘွယ်)၊ အကြင်နာမဲ့တဲ့ဘုန်းကြီး (အတည်မဲ့)၊ လုပ်ကြံမှုများကြားက ဗုဒ္ဓဘာသာ (အရှင်ကုသလသာမိ - ပျော်ဘွယ်)ဟူသော စာအုပ်(၃)အုပ်ကို နေရီရီစာအုပ်တိုက်မှ ထုတ်ဝေခဲ့ပြီး ဖြစ်သည်။ အညတြခရီးသည် စာအုပ်မှာ စာရေးသူ၏ စတုတ္ထမြောက်စာအုပ်ဖြစ်သည်။ ဂျာမနီ၊ ဒိန်းမတ်၊ ဆွီဒင်၊ နော်ဝေ၊ စပိန်၊ အီတလီ၊ ဟော်လန်၊ ပြင်သစ်၊ ဘယ်ဂျီယံ၊ ဖင်လန်၊ ဆွစ်ဇာလန် စသည့် ဥရောပနိုင်ငံများသို့ အခါအားလျော်စွာ သာသနာပြုခရီးကြွရောက်ပြီး ခရီးသွားအတွေ့အကြုံဆောင်းပါးများနှင့် အခြားအတွေးအမြင်ဆောင်းပါးများကိုလည်း ဆက်လက်ရေးသားထုတ်ဝေသွားရန် ရှိပါသည်။

၂ဝ၁၄ ခုနှစ်တွင် ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့အနီး၊ ဖရိုက်ဇင်းမြို့၊ သာရိပုတ္တအင်စတီကျုနှင့် ဗောဓိဝိဟာရတို့မှ ပင့်ဖိတ်ချက်အရ ဂျာမနီနိုင်ငံသို့ ကြွရောက်ပြီး သာရိပုတ္တအင်စတီကျုတွင် ဒါရိုက်တာအဖြစ်ဖြင့် သာသနာပြုတာဝန်များ ထမ်းဆောင်ခဲ့သည်။ ယခုအခါ ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့၊ ဓမ္မဒူတမြန်မာဗုဒ္ဓဘာသာကျောင်းတွင် သာသနာပြုတာဝန်များ ထမ်းဆောင်လျက်ရှိပါသည်။ အရှင်ကုသလသာမိ(ပျော်ဘွယ်)၊ အတည်မဲ့၊ ဆူး၊ ဝင်းကြည်အောင် ဟူသော ကလောင်အမည်များဖြင့် စာပေများ ရေးသားခဲ့ဖူးပြီး ယခုအခါ အရှင်ကုသလသာမိ(အတည်မဲ့)ဟူသော ကလောင်ဖြင့် ရေးသားလျက်ရှိသည်။

ဆရာအောင်ဇော်မိုး အမေး၊ ဦးဇင်းအဖြေ

(လွန်ခဲ့တဲ့ ၄ လလောက်က ဆရာအောင်ဇော်မိုးက အောက်ပါ မေးခွန်းလေးခုကို ဆွေးနွေးပေးဖို့ လှမ်းပို့လာတယ်။ အခု ကွန်ပြူတာထဲ ဖိုင်တွေ ရှင်းရင်း တွေ့တာနဲ့ စိတ်ဝင်စားသူတွေလည်း ဖတ်နိုင်အောင် တင်ပြလိုက်တာပါ)

၁။ ပဋိပက္ခကို ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုမလဲ

၂။ လူမူရေးပဋိပက္ခတွေက ဘယ်ကနေ လာတာလဲ

၃။ အကြမ်းဖက်မှုများကို ဘယ်လို ဖြတ်သန်းကျော်လွှားနိုင်မလဲ

၎။ ပဋိပက္ခဖြစ်သူနှစ်ဦးကြား ဘယ်လို ရင်ကြားစေ့သင့်သလဲ။

ဆရာမေးခွန်းက အဆင့်(၄)ဆင့်ရှိတယ်။ ပထမ၊ ဒုတိယနဲ့ စတုတ္ထမေးခွန်းတွေမှာ ပဋိပက္ခလို့ သုံးထားတယ်။ တတိယမေးခွန်းမှာတော့ အကြမ်းဖက်မှုလို့ သုံးထားတယ်။ အကြမ်းဖက်မှုပဋိပက္ခဆိုတဲ့ အသုံးအနှုန်းကိုပဲ သုံးနှုန်းလိုတယ်လို့ ထင်ပါတယ်။ မြန်မာစကားတွေမှာလည်း အကြမ်းဖက်မှုပဋိပက္ခတွေလို့ အမြဲပဲ တွဲသုံးကြတယ်။

အကြမ်းဖက်တယ်ဆိုတာကတော့ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ စိတ်(နာမ်)ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုပြီး နှစ်မျိုးကွဲပြားပါလိမ့်မယ်။

ရုပ်ပိုင်းဆိုင်ရာနဲ့ အကြမ်းဖက်တာကတော့ ဘာမှ ထွေထွေထူးထူး ပြောစရာ မလိုဘူး ထင်ပါတယ်။

စိတ်(နာမ်)ပိုင်းဆိုင်ရာအကြမ်းဖက်ကတော့ တစ်ခါတစ်ရံ သိမ်မွေ့ပါတယ်။ ဒီတော့ အကြမ်းဖက်မှုဆိုတာ ရုပ်ပိုင်း၊ စိတ်(နာမ်)ပိုင်းဆိုင်ရာ တစ်ခုခုကို ထိခိုက်သွားအောင်၊ နာကျင်သွားအောင်၊ ခံစားသွားရအောင် ပြုလုပ်ခြင်းကို အကြမ်းဖက်မှုလို့ အဓိပ္ပာယ်ဖွင့်ဆိုရပါလိမ့်မယ်။

ဗုဒ္ဓဘာသာရှုထောင့်အရလို့ ပြောတဲ့အတွက် ငါးပါးသီလကို ကျူးလွန်နေခြင်းဟာ (သူ့အတိုင်းအတာနဲ့သူ) အကြမ်းဖက်နေခြင်းပဲ ဖြစ်ပါတယ်။

အချို့ဘာသာတရားအရ သတ္တဝါလေးတွေကို သတ်တာဟာ ဘုရားသခင်ရဲ့ ခွင့်ပြုချက်အရဖြစ်လို့ ဘာသာရေးအရ အကြမ်းဖက်မှု မမြောက်ပေမဲ့ သြစတေးလျစတဲ့ နိုင်ငံတွေမှာတော့ ဒါလည်း အကြမ်းဖက်မှုတစ်မျိုးလို့ ဆိုကြမယ်ထင်ပါတယ်။ ဆိုတော့ အကြမ်းဖက်မှုဆိုတာ တစ်စုံတစ်ဦး သို့မဟုတ် သတ္တဝါတစ်ဦးဦးကို ရုပ်ပိုင်း သို့မဟုတ် စိတ်ပိုင်းအားဖြင့် ထိခိုက်နာကျင်ခံစားရအောင် လုပ်ဆောင်တဲ့အချက်မှန်သမျှကို အကြမ်းဖက်မှုလို့ အဓိပ္ပာယ်ဖွင့်ဆိုရပါလိမ့်မယ်။

ပဋိပက္ခဆိုတာကတော့ ပါဠိစကားလုံးပါ။ အင်္ဂလိပ်လိုတော့ Conflict လို့ ဆိုတယ်။ မြန်မာလိုတော့ ဆန့်ကျင်ဘက် သို့မဟုတ် ဆန့်ကျင်ဘက်နှစ်ခု ထိပ်တိုက်တိုးတာပေါ့လေ။ ဆန့်ကျင်ဘက်နှစ်ခု ထိပ်တိုက်တိုးမှတော့ အကြမ်းဖက်မှုဆိုတာ ဖြစ်လာပြီပေါ့လေ။ ဒါကြောင့် မြန်မာတွေက အကြမ်းဖက်မှုပဋိပက္ခတွေလို့ တွဲသုံးလိုက်ကြတာဖြစ်မယ်။ ဒါကတော့ အဓိပ္ပာယ်ဖွင့်ဆိုချက်ပေါ့။

(၂) အချက်က အကြမ်းဖက်မှုပဋိပက္ခတွေ ဘယ်လို ဖြစ်ပေါ်လာတာလဲ။ ဗုဒ္ဓဘာသာရှုထောင့်က ပြောရမယ်ပေါ့လေ။ ဗုဒ္ဓဘာသာရှုထောင့်အရလို့ ဆိုလေတော့ လေထိုးကြီးရိုးရိုးပဲဆိုဆို လူတွေရဲ့ ရင်ထဲမှာ ဖြစ်တည်နေတဲ့ လောဘ၊ ဒေါသ၊ မောဟတရားကနေ အခြေခံပြီး ဖြစ်ပေါ်လာတယ်လို့ ဆိုရမှာပါ။

လူတွေမှာ နေရာဒေသအရ၊ ယုံကြည်ကိုးကွယ်မှုအရ၊ အစဉ်အလာယဉ်ကျေးမှုအရ လက်ခံယုံကြည်ပြီး ကျင့်သုံးနေကြတဲ့အရာတွေ၊ စွဲကိုင်လာတဲ့အရာတွေ ရှိတယ်။ အဲဒါတွေအပေါ်မှာ လောဘ၊ ဒေါသ၊ မောဟတရားတွေနဲ့ စွဲမြဲတည်းနှောင်ထားတယ်။ ငါတို့ဟာမှ ငါတို့ဟာ၊ ငါ့ဟာမှ ငါ၊ ငါ့အတွေးမှ ငါ့အတွေး၊ ငါ့ဘာသာမှ ငါ့ဘာသာ၊ ငါ့လူမျိုးမှ ငါ့လူမျိုး … စတဲ့ လောဘအခြေခံကနေ ငါ့ရဲ့ ….၊ ငါတို့ရဲ့ …. ကို အခြားတစ်နေရာက မတူညီတဲ့အရာတစ်ခုက ထိခိုက်လာရင် ဒေါသတရားတွေ ပေါ်လာတာပဲ။

ဒါတွေကို ဖြစ်ပေါ်လာအောင် အခြေခံတာ သို့မဟုတ် အဖြေမရအောင် ပိတ်လှောင်ထားတာက မောဟတရားပဲ။
တစ်နည်းပြောရရင်တော့ ဒုစရိုက်တရား(၁ဝ)ပါးလို့ ဆိုရမယ်။

သူ့အသတ်သတ်တာ စတဲ့ ကိုယ်နဲ့သက်ဆိုင်တဲ့ မကောင်းမှု၊ လိမ်ညာပြောဆိုတာ စတဲ့ နှုတ်နဲ့သက်ဆိုင်တဲ့မကောင်းမှု၊ သူတစ်ပါးပစ္စည်းဥစ္စာကို မတရားကြံစည်မှုစတဲ့ စိတ်နဲ့သက်ဆိုင်တဲ့မကောင်းမှု ဒါတွေကို ကျူးလွန်တာဟာ အကြမ်းဖက်မှုပဋိပက္ခတွေရဲ့ အကြောင်းတရားပဲ။ ဒါတွေကို ကျူးလွန်ဖို့ အဆင်သင့်ဖြစ်နေသူတွေရဲ့ ရင်ထဲကနေ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာတာလို့ ဆိုနိုင်ပါတယ်။

(၃) အချက်ဖြစ်တဲ့ ဒီအကြမ်းဖက်မှုပဋိပက္ခတွေကို ဘယ်လို ဖြတ်သန်းကျော်လွှားနိုင်မလဲဆိုတာကတော့ နံပါတ်(၂)အချက်နဲ့ ဆက်စပ်နေပါတယ်။ လောဘ၊ ဒေါသ၊ မောဟတရားတွေကို အမြစ်ပြတ်မဟုတ်ရင်တောင် ဒါတွေကို ကိုယ်ထိလက်ရောက်လွန်ကျူးတဲ့အဆင့်အထိ မရောက်အောင် သီလ၊ သမာဓိ၊ ပညာနဲ့ ထိန်းသွားဖို့ပါပဲ။

တစ်နည်းပြောရရင်တော့ ဒုစရိုက်တရား(၁ဝ)ပါးကို ရှောင်ရှားပြီး သုစရိုက်တရား(၁ဝ)ပါးကို ဖြည့်ကျင့်ကြဖို့ပါပဲ။ သုစရိုက်တရားတွေ ထွန်းကားလာတာနဲ့အမျှ အကြမ်းဖက်မှုတွေက လျှော့ပါးသွားမှာပါ။

သုစရိုက်တရားကို ဖြည့်ကျင့်တယ်ဆိုတာဟာ လူအချင်းချင်းကြားမှာသာမက သက်ရှိလောကတစ်ခုလုံးနဲ့ အပြန်အလှန်နားလည်ခြင်း၊ မေတ္တာထားခြင်း၊ ကိုယ်ချင်းစာခြင်း၊ တစ်ဦးကောင်းစားမှုအပေါ် တစ်ဦးက ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်း၊ တစ်နည်းပြောရရင် အခြားဘာသာတစ်ခု ကြီးပွားတိုးတက်လျှင် သူတို့နှင့်ထပ်တူ ဝမ်းမြောက်ဝမ်းသာဖြစ်ပေးခြင်း စတဲ့ မြင့်မြတ်တဲ့တရားတွေကို ဖြည့်ဆည်းတာကိုပြောတာပါ။

(၄)အချက်ဖြစ်တဲ့ ပဋိပက္ခဖြစ်သူနှစ်ဦးကြားမှာ ဘယ်လို ရင်ကြားစေ့ပေးနိုင်မလဲဆိုတာကတော့ တစ်ဦးဦးက ပဋိပက္ခဖြစ်နေသူနှစ်ဦးကို ရင်ကြားစေ့ပေးနိုင်မယ့်နည်းလမ်းကို ရှာတဲ့သဘောလို့ ယူဆရတယ်။

ဒါကတော့ အဲဒီပဋိပက္ခဖြစ်နေသူနှစ်ဦးက ဘယ်လို အကြောင်းအရာအပေါ်မှာ မူတည်ပြီး ပဋိပက္ခဖြစ်သလဲဆိုတာနဲ့ လုံးဝသက်ဆိုင်နေပါတယ်။ ဘယ်လို ရင်ကြားစေ့ပေးနိုင်မလဲဆိုတဲ့နည်းလမ်းကတော့ အဲဒီပဋိပက္ခကို သိနားလည်အောင် အရင်လုပ်ရပါလိမ့်မယ်။ ကိုယ်က ပြေလည်စေချင်ရင် သူတို့ဖြစ်နေတဲ့ပဋိပက္ခကို နားလည်အောင် ကြိုးစားဖို့က အရင်ဆုံး လုပ်ရမယ့်အလုပ်လို့ ထင်ပါတယ်။

ဖြစ်နေတဲ့ ပဋိပက္ခကို နားမလည်သေးသရွေ့ အဲဒီပဋိပက္ခကို ငြိမ်းအောင်လုပ်တာဟာ အချိန်ဖြုန်းတာပါပဲ။

ပဋိပက္ခကို နားလည်ပြီဆိုဦးတော့ ကိုယ့်မှာ ဖြည့်ဆည်းထားရမယ့် ကျွမ်းကျင်မှုတွေ၊ ဗဟုသုတတွေ၊ ပါးနပ်မှုတွေ (ဆိုင်ရာပဋိပက္ခအလျောက်) အများကြီး လိုအပ်နေဦးမှာပါ။

အရှင်ကုသလသာမိ (အတည်မဲ့)
ဝ၅၊ ဝ၉၊ ၂၀၁၄

ပေးဆပ်ခြင်းဖြင့် ဘ၀ကို တည်ဆောက်ကြသူများ


ကြာတော့ ကြာခဲ့လေပြီ။ ဘရူနိုင်း မယ်တော်ကြီးက ဒါနသီရိလင်္ကာအသင်း မဂ္ဂဇင်းအတွက် စာမူရေးပေးဖို့ ပြောခဲ့သည်။ အမှန်ဆိုရလျှင် ရေးချင်လွန်း၍သာ ရေးမည်ဟု ကတိပေးလိုက်သည်။ မည်သည့်အကြောင်းအရာကို ရေးရမည် မသိ။ ရေးစရာမရှိ၍ မဟုတ်၊ များလွန်းလို့ဟုသာ ဆိုရပေလိမ့်မည်။ ယခင်တစ်ကြိမ် ပုံနှိပ်စဉ်ကလည်း ဆောင်းပါးတစ်ပုဒ်ရေးဖူးပါသည်။ ထိုဆောင်းပါးရေးပို့စဉ်က စင်္ကာပူမယ်တော်ကြီး တည်းဖြတ်မှုကောင်းမွန်သဖြင့် ပေးချင်သည့်အကြောင်းအရာများ ကျန်နေခဲ့သည်။ ယခုအကြိမ်တွင် ဘရူနိုင်းမယ်တော်ကြီးက သူကိုယ်တိုင် တည်းဖြတ်ချင်သည်ဟု ဆိုပါသည်။

သီရိလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်၊ သီလရှင်များအတွက် အလှူငွေများ စုဆောင်းခြင်းနှင့် ကိုယ်ပိုင်အလုပ်များ ရှိနေသည့်ကြားက မဂ္ဂဇင်းအတွက်ပါ ကိုယ်စားလှယ်မလွှဲ ကိုယ်တိုင်လုပ်ကိုင်လိုသော မယ်တော်ကြီးတို့၏ ၀ီရိယအစွမ်းမှာ ချီးကျူးအားကျဖွယ်ပင် ဖြစ်ပါသည်။

၂၀၀၈-ခုနှစ် စာရေးသူ သီရိလင်္ကာသို့ စာသင်ရောက်ပြီး ၄-လခန့်ကြာသောအခါ ဒါနသီရိလင်္ကာအသင်း မယ်တော်ကြီးနှစ်ဦး သီရိလင်္ကာသို့ ရောက်လာပြီး စာသင်သားသံဃာတော်များနှင့် သီလရှင်များကို ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံပြီး အလှူငွေများနှင့် အခြားစားဖွယ်သောက်ဖွယ်များကို လှူဒါန်းခဲ့ကြသည်။ မြန်မာရဟန်းတော်များ သီတင်းသုံးရာ မကုဋာရာမကျောင်းတွင် မယ်တော်ကြီးများ ရက်အနည်းငယ် နေထိုင်ခဲ့ကြသည်။

နေထိုင်စဉ်ကာလအတွင်း မယ်တော်ကြီးများသည် အခန်းအောင်းမနေပါ။ ကျောင်းဆောင်အနှံ့သွားရောက်ပြီး “ဟိုဟာကတော့ ဟိုလို ဖြစ်နေတယ်၊ အမြန်ဆုံး ပြုပြင်ရမယ်၊ အရှင်ဘုရားတို့ မလုပ်ကြဘူးလား၊ ဒီရေမြောင်းတွေက ပိတ်နေတယ်၊ ဒီအဆောင်က ခြေသုတ်ခုံတွေက မကောင်းတော့ဘူး၊ အသစ်လဲပါလား၊ ကြည့်စမ်း … ဟိုဟာက ဟိုလို ဖြစ်နေပါလား၊ ဒီလိုဖြစ်နေပါလား”စသဖြင့် ရှာရှာဖွေဖွေ နှံ့နှံ့စပ်စပ် ပြောသည်။ နောက်ပြီး မယ်တော်ကြီးတို့ ကျောင်းအတွင်း ပြောနေပုံမှာ “တစ်ကျောင်းလုံး သံဃာများ ကြားစေသတည်း”ဟု အဓိဋ္ဌာန်ထားသည့်အလား အသံကျယ်ကျယ် ပြောဆိုသည်ကို တွေ့ရသည်။ မယ်တော်ကြီးများ ဤသို့ဤဖုံ ပြောနေကြသည့်ပုံသဏ္ဍာန်ကိုကြည့်၍ စာရေးသူမှာ အဝေးကကြည့်ပြီး ချစ်ခင်လေးစားနေမိခဲ့ပါသည်။ မယ်တော်ကြီးတို့၏ ဟန်ပန်အမူအရာ၊ ပြောပုံဆိုပုံများမှာ တက်လည်း တက်ကြွသည့်ဟန် ရှိသည်။ စေ့စပ်သည့်ဟန်လည်း ပေါက်သည်။
]
“သားတော်သံဃာတော်များအပေါ်တွင် ဒီထိတောင် Care လုပ်တယ်”ဟု ပြသနေသည့်သဏ္ဍာန် ရှိသည်။ ဤသည်မှာ စာရေးသူအတွက် မယ်တော်ကြီးများအား ပထမဆုံး တွေ့ဆုံဖူးခြင်း ဖြစ်သည်။ ၂၀၀၈-ခုနှစ် မယ်တော်ကြီးတို့ခရီးစဉ်အတွင်း မယ်တော်ကြီးများနှင့် ရင်းနှီးတွေ့ဆုံခြင်း မရှိခဲ့ပါ။

မယ်တော်ကြီးများ ပြန်သွားသောအခါ အခါအားလျော်စွာ မယ်တော်ကြီးများကို သတိရပါသည်။ မေတ္တာပို့ပါသည်။ မယ်တော်ကြီးများနှင့် စကားပြောလိုသော စိတ်များလည်း မကြာခဏ ဖြစ်မိခဲ့သည်။ သို့ရာတွင် အရေးကြီးကိစ္စတွေ များလှသော မယ်တော်ကြီးများကို အနှောက်အယှက်မပေးလိုသဖြင့် မိတ်ဆက်စကားပြောဆိုခြင်း မလုပ်ဖြစ်ခဲ့ပါ။

၂၀၀၉-ခုနှစ်တွင် မယ်တော်ကြီးများ သီရိလင်္ကာနိုင်ငံသို့ တစ်ခေါက် ရောက်လာခဲ့ကြပြန်သည်။ မယ်တော်ကြီးတို့ သီရိလင်္ကာရောက်သောအခါ စာရေးသူက ဒေါက်တာဇနိတ (သြစတေးလျ)၊ အခြားသံဃာလေးပါးနှင့်အတူ စိတ္တလပဗ္ဗတတောင်မှ တရားထိုင်ပြီး ပြန်လာသည့်အချိန် ဖြစ်သည်။

ဘရူနိုင်းမယ်တော်ကြီးက မြေဇင်းနည်းဖြင့် တရားအားထုတ်ဖူးရာမှ စတင်ပြီး မယ်တော်ကြီးက တွေ့ချင်သည်ဟုဆိုသောကြောင့် မယ်တော်ကြီးများနှင့် ပထမဆုံးအကြိမ် စကားပြောဖူးခဲ့သည်။ တကယ့်အထင်ကရပုဂ္ဂိုလ်ကြီးများနှင့် တရင်းတနှီး စကားပြောရသလို ကျေနပ်ခဲ့သည်။

ဆရာကြီး ဦးဂိုအင်ကာသည် ဗုဒ္ဓဂယာနှင့်အခြား မြင့်မြတ်သည့်ပုဂ္ဂိုလ်များ နေထိုင်သည့်ဝန်းကျင်သို့ သွားရောက်ပြီး သူတော်ကောင်းဓာတ်ကို ထုံကူးလေ့ရှိသည်ဟု ကြားဖူးသည်။ စာရေးသူဘ၀တစ်လျှောက်လုံးတွင် ဆရာကြီး၏ သူတော်ကောင်းဓာတ်ထုံကူးသည့် သဘောတရားကို သတိထားပြုကျင့်ခဲ့ဖူးသည်။ ထို့ကြောင့် မယ်တော်ကြီးများနှင့် စကားပြောသည့်အခါ ထိုသဘောတရားကို လက်တွေ့ကျင့်သုံးကြည့်သည်။

မယ်တော်ကြီးများသည် အရိယာသူတော်စင်များ မဟုတ်သည့်တိုင် ကူးယူထုံပွားသင့်သော အလေ့အလာ၊ အမူအကျင့်များ များစွာရှိနေသည်ဟု ခံစားရသည်။

မယ်တော်ကြီးများသည် သီရိလင်္ကာနိုင်ငံ ရောက်သည့်အခါတိုင်း စာသင်သားသံဃာတော်များ၊ သီလရှင်များကိုသာ လှူဒါန်းလေ့ရှိသည်မဟုတ်၊ အနုရာဓပူရမြို့ရှိ မြန်မာကျောင်း၊ ကန္ဒီမြို့ရှိ မြန်မာကျောင်းတို့ကိုလည်း သွားရောက်လှူဒါန်းလေ့ရှိသည်။ သို့ဖြစ်၍ မယ်တော်ကြီးများသည် နာယကဆရာတော်များနှင့်အတူ အဆိုပါ ကျောင်းများသို့ ညဥ့်အိပ်ညဥ့်နေ သွားရောက်လှူဒါန်းသည်။

ဤနှစ်အလှူခရီးစဉ်တွင် နာယကဆရာတော်တစ်ပါးဖြစ်သော ဦးအဂ္ဂ၀ံသက သူ့အစား မယ်တော်ကြီးများနှင့် လိုက်သွားပါဟုဆိုသဖြင့် အနုရာဓ၊ ကန္ဒီ ခရီးစဉ်တွင် လိုက်ပါခဲ့ရသည်။ စာရေးသူတွင် မယ်တော်ကြီးများနှင့် ပတ်သက်၍ စပ်စုလိုသည်များက များစွာပင် ရှိနေသည်။ ကားပေါ်ရောက်သောအခါ “မယ်တော်ကြီးများ ခရီးပန်းလိမ့်မည်၊ နောက်မှ စပ်စုတာကောင်းပါတယ်”ဟု တွေးနေခဲ့မိသည်။ သို့ရာတွင် စာရေးသူအထင် တက်တက်စင်အောင် လွဲပါသည်။

လမ်းခရီးတစ်လျှောက်လုံး မယ်တော်ကြီးများ၊ အထူးသဖြင့် ဘရူနိုင်းမယ်တော်ကြီးက မှတ်သားစရာ စကားများကို မနားတမ်း ပြောပါသည်။ မယ်တော်ကြီးပြောသမျှစကားများကို မမှတ်မိတော့သော်လည်း ရိုးသားပြီး မှန်မှန်ကန်ကန် ဖြောင့်ဖြောင့်မတ်မတ် ကြိုးစားဖို့နှင့် အများအကျိုးကို အားကြိုးမာန်တက် ဆောင်ရွက်ဖို့ တိုက်တွန်းချက်များကိုတော့ မှတ်မိနေပါသည်။

ကန္ဒီမြို့သို့ ရောက်သောအခါ ည ၁၀-နာရီခန့် ရှိလေပြီ။ ရောက်သည်နှင့် ဆရာတော်အား ကန်တော့ပြီး စာရေးသူတို့ လူငယ်ဦးဇင်းများက ရေးမိုးချိုးကာ အခန်းတွင်းဝင် အေးအေးသက်သာ နေခဲ့ကြသည်။ မယ်တော်ကြီးများလည်း ခရီးပန်းပြီး အိပ်ပျော်နေလောက်ပြီဟု ထင်ခဲ့သည်။ ည

၁၁-ခွဲခန့်ရောက်သောအခါ ရေသောက်လိုသဖြင့် ဆွမ်းစားခန်းသို့ သွားသောအခါ ကိုယ့်ကိုကိုယ် ရှက်မိစေသော မြင်ကွင်းကို မြင်ခဲ့ရသည်။ ထိုမြင်ကွင်းမှာ မယ်တော်ကြီးနှစ်ယောက်မှာ ဟင်းသီးဟင်းရွက်များကို ကိုင်ပြီး အလုပ်ရှုပ်နေခဲ့ကြခြင်း ဖြစ်သည်။ “လူငယ်ဖြစ်တဲ့ ငါတို့က ပင်ပန်းပြီး နှပ်နေလိုက်တာ၊ အမေအရွယ်မက အဘွားအရွယ် မယ်တော်ကြီးတွေက မနက် သားတော်တွေ စားဖို့အတွက်ဆိုပြီး ဒီအချိန်အထိ အနားယူချိန်မရ၊ ချက်ပြုတ်နေကြပါလား”ဟု တွေးမိပြီး တစ်ကိုယ်လုံး ကြက်သီးဖျန်းဖျန်း ထမိပါသည်။

စာရေးသူမှာ ယနေ့အချိန်အထိ လူငယ်များကို ဆုံးမစကားပြောကြားသည့်အခါတိုင်း၊ ဇွဲသတ္တိနှင့် အားကြိုးမာန်တက် အလုပ်လုပ်ကြဖို့ စကားပြောကြသည့်အခါတိုင်း မယ်တော်ကြီးများအကြောင်းကို အမြဲတစေ ထည့်ပြောမိခဲ့ပါသည်။ ဤသို့ဖြင့် မယ်တော်ကြီးများမှာ စာရေးသူ၏ ဇာတ်လိုက်များ ဖြစ်လာခဲ့ကြသည်။

၂၀၁၀-ခုနှစ်တွင် စာရေးသူသည် သီရိလင်္ကာမှ ထွက်ခွါခဲ့သည်။ “မယ်တော်ကြီးက ဘာဆက်လုပ်မလဲ၊ Ph. D လုပ်ရင် ထောက်ပံ့မယ်”ဟု ဆိုလာပါသည်။ စာရေးသူက “မယ်တော်ကြီး၊ ဒီအသင်းဟာ ဒါနသီရိလင်္ကာအသင်း ဖြစ်တယ်၊ ဦးဇင်းက အိန္ဒိယမှာ လုပ်မှာ၊ ဒါနအိန္ဒိယအသင်း မဟုတ်ဘူး၊ ဒါကြောင့် အလှူမခံလိုပါဘူး”ဟု စိတ်ရင်းအတိုင်း ပြောမိခဲ့သည်။ ထိုအခါ ဘရူနိုင်းမယ်တော်ကြီးမှ “မပူပါနဲ့၊ ဒါနသီရိလင်္ကာအသင်း ငွေထဲက မလှူပါဘူး၊ ကိုယ်ပိုင်ငွေထဲကနေ လှူမှာပါ”ဟု ဆိုသဖြင့် လက်ခံခဲ့သည်။ မည်သည့်အသင်းအဖွဲ့ဖြစ်ဖြစ်၊ မည်သည့်ပုဂ္ဂိုလ်ဖြစ်ဖြစ် သူ့အစဉ်အလာ၊ သူ့မူ၊ သူ့ရည်ရွယ်ချက် စသည် အသီးသီး ရှိကြပေလိမ့်မည်။ စာရေးသူအနေဖြင့် ဒါနသီရိလင်္ကာအသင်းသည် သီရိလင်္ကာရောက် မြန်မာစာသင်သားရဟန်းတော်၊ သီလရှင်များအတွက်သာ ဖြစ်နေသည်ကို မြင်လိုပါသည်။

အဖွဲ့အစည်းလိုက်ဖြစ်စေ၊ တစ်ဦးချင်းအလိုက်ဖြစ်စေ အလှူခံလာပါက စေတနာအားကောင်းသည့် မယ်တော်ကြီးများဖြစ်သဖြင့် လှူဒါန်းဖြစ်ဖို့ များပါသည်။ သို့ရာတွင် ဒါနသီရိလင်္ကာအသင်း အလှူငွေများမှ အခြားနေရာတစ်ခုခုသို့ ဒေါ်လာ ၅၀၀-လျော့သွားပါက သီရိလင်္ကာစာသင်သားများအတွက် ဒေါ်လာ ၅၀၀-လျော့နည်းသွားသည်နှင့် အတူတူ ဖြစ်သည်ဟု ထင်ပါသည်။ ထို့ကြောင့် စာရေးသူအနေဖြင့် ကိုယ်ပိုင်ပရဟိတလုပ်ငန်းများအတွက် မည်သည့်အခါကမျှ အလှူခံခြင်း မပြုခဲ့ဖူးပါ။

၂၀၁၂-ခုနှစ်တွင် ဘရူနိုင်းမယ်တော်ကြီးနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ဖို့ ဖြစ်လာခဲ့သည်။ မယ်တော်ကြီးမှာ သူ၏ ဇာတိ ညောင်လေးပင်မြို့၊ လက်ပံဘုရွာ၌ မွေးဖွားရာဒေသကို ကျေးဇူးပြန်လည် တုံ့ဆပ်သည့်အနေဖြင့် နှစ်စဉ် ၇-ရက် တရားစခန်းကျင်းပပေးနေခဲ့သည်။

စာရေးသူကလည်း သီရိလင်္ကာမှ စာသင်ပြန်လာသော သူငယ်ချင်းများနှင့်အတူ မြန်မာနိုင်ငံတွင် ဆန်းဒေးဓမ္မစကူးလ် ဖြစ်မြောက်ရေးအတွက် စွမ်းအားရှိသမျှ ပါဝင်လုပ်ဆောင်ပေးနေချိန်ဖြစ်သဖြင့် မအားမလပ်နိုင် ဖြစ်နေသည့်အချိန် ဖြစ်သည်။ သို့ရာတွင် မယ်တော်ကြီး၏ အမူအကျင့်၊ စိတ်ဓာတ်၊ သတ္တိနှင့် လေးစားအတုယူစရာ ရပ်တည်ချက်များ၊ အများအကျိုး ဆောင်ရွက်မှုများကို အနီးကပ် ဓာတ်ကူးလိုသဖြင့် မယ်တော်ကြီးနှင့်အတူ လိုက်ပါဖို့ ဆုံးဖြတ်ပြီး လိုက်ပါဖြစ်ခဲ့သည်။

မယ်တော်ကြီးမှာ အနည်းငယ် ၀ လာသည်။ အထိုင်အထတွင် ဒူးက အနည်းငယ် နာသည်ဟု ဆိုသောအခါ ၀မ်းနည်းသလိုလို သနားမိသလိုလို ခံစားခဲ့ရသည်။ သို့ရာတွင် ခဲ့သော ၃-နှစ်က သွက်လက်မှု၊ ဖျပ်လက်မှုတို့နှင့် ဘာမျှ ခြားနားသည်ဟု မထင်ခဲ့မိပေ။ “ငါတော့ အိုသွားပြီ၊ ဘာမျှ မလုပ်နိုင်တော့ဘူး”ဆိုသည့် စိတ်ဓာတ်အရိပ်အယောင်မျိုး အနည်းငယ်မျှ မတွေ့ခဲ့ရ။ ဇာတိရွာလေးသို့ ရောက်သည်နှင့် ထုံးစံအတိုင်း နှုတ်ဆက်သင့်သူများကို နှုတ်ဆက်ပြီး ဟိုစပ်စပ်ဒီစပ်စပ် လိုက်လုပ်နေသည်ကို တွေ့ရသည်။

မယ်တော်ကြီး၏ ဇာတိရွာတွင် မူလတန်းကျောင်းနှစ်ခုနှင့် သိမ် ဆောက်လုပ်လှူဒါန်းခြင်း၊ နှစ်စဉ် ငွေကြေးအကုန်အကျခံကာ တရားစခန်းများ စီစဉ်ပေးခြင်း၊ ပညာတော်သော ကျောင်းသား၊ ကျောင်းသူများကို ဆေးတက္ကသိုလ်တက်ရန် ကျောင်းစရိတ်လှူဒါန်းခြင်း စသော ပရဟိတ သို့မဟုတ် လူသားအကျိုးပြု လုပ်ငန်းများ လုပ်ဆောင်ထားသည်ကို အားကျအတုယူဖွယ် တွေ့မြင်ခဲ့ရသည်။

မယ်တော်ကြီး၏ ဇာတိရွာတွင် အသက် ၈၇-နှစ်ရှိသော်လည်း ကိုယ်ထူကိုယ်ထ လှုပ်ရှားသွားလာနိုင်ဆဲဖြစ်သော ဆရာတော်ကြီးကိုလည်း ဖူးတွေ့ခဲ့ရသည်။ မယ်တော်ကြီးနှင့် မောင်နှမတော်စပ်သည်ဟု ဆိုသည်။ ထိုဆရာတော်ကြီးကို “အသက်ရှည်အောင်၊ ကျန်းမာအောင် မည်သို့ လုပ်ဆောင်ရမလဲဘုရား”ဟု မေးလျှောက်သောအခါ ဆရာတော်ကြီးက “အသက်ရှည်ချင်ရင် သူတစ်ပါးတွေ အသက်ရှည်အောင် လုပ်ပေး၊ ကျန်းမာချင်ရင် သူတစ်ပါးတွေကို ကျန်းမာအောင် လုပ်ပေး၊ ဒီထက်ကောင်းတဲ့နည်း မရှိဘူး”ဟု မိန့်ပါသည်။

မယ်တော်ကြီး၏ ဇာတိရွာတွင် တစ်ညအိပ်ပြီး ပြန်လာခဲ့ပါသည်။ ပြန်လာခါနီးတွင် မယ်တော်ကြီးကို “မယ်တော်ကြီး ဦးဇင်းတို့ကို ဘာအကြံပေးစရာ ရှိလဲ၊ ဘာလုပ်စေချင်သလဲ”ဟု မေးခွန်းတစ်ခု မေးခဲ့သည်။ ထိုအခါ မယ်တော်ကြီးက “ဦးဇင်းမှ မဟုတ်ဘူး၊ တပည့်တော်နဲ့ ဆက်စပ်သူအားလုံးကို တပည့်တော် အမြဲတမ်း ပြောတယ်၊ နေရာအကျယ်ကြီးကို အသာထားလိုက်အုံး၊ အနည်းဆုံး ကိုယ့်ရပ်ကိုယ့်ရွာ ကောင်းစားရေးကို လုပ်ကြစေချင်တယ်၊ လူတိုင်းလူတိုင်းဟာ ကိုယ့်ဒေသကောင်းစားရေး၊ တိုးတက်ရေးကို လုပ်ဆောင်ဖို့ စိတ်ဓာတ်ရှိကြတယ်ဆိုရင် ဒေသတိုင်းဒေသတိုင်း တိုးတက်လာမှာပဲ”ဟု အကြံပြုတိုက်တွန်းခဲ့သည်။

“မယ်တော်ကြီး ပရဟိတလုပ်ငန်းတွေ လုပ်တာလည်း လုပ်ပေါ့၊ သီရိလင်္ကာသံဃာတွေအတွက် မယ်တော်ကြီး အသက်ရှည်ဖို့ လိုတယ်”ဟု ဆိုသောအခါ မယ်တော်ကြီးက “ရတယ်၊ ဘာမှ မပူနဲ့၊ တပည့်တော်က အသက်မထွက်သေးသရွေ့ အလုပ်လုပ်မှာ၊ တပည့်တော်က ရောဂါတွေ ခံစားပြီး နေရတာ မဖြစ်ချင်ဘူး။ အလုပ်လုပ်ရင်းနဲ့ပဲ ဗြုန်းဆို ဘာဝေဒနာမှ မခံစားရဘဲ သေချင်တာ”ဟု ဆိုပါသည်။

“လောကကြီးအတွက် ပေးဆပ်ခြင်းများနဲ့ ဘ၀ကို တည်ဆောက်ထားသူများပါလား”ဟု ရေရွတ်နေခဲ့မိပါသည်။

အပြန်ခရီးတွင် ဆောင်းရာသီ အအေးဓာတ်က သိသိသာသာ အေးမြနေခဲ့သည်။ နှစ်စဉ်နှစ်တိုင်း သီရိလင်္ကာစာသင်သားများအတွက် သိန်းပေါင်းထောင်ချီလှူဒါန်းနိုင်အောင် ကြိုးစားနိုင်စွမ်းသော မယ်တော်ကြီးတို့၏ ပုံရိပ်များကို စဉ်းစားမိသောအခါ ၀မ်းမြောက်ကြည်နူးမှု၊ အတုယူအားကျမှုများနှင့်အတူ ရင်ခွင်တစ်ခုလုံး လန်းဆန်းတက်ကြွနေခဲ့သည်။ “ကဲ … ဟုတ်ပြီ၊ မယ်တော်ကြီးများက တက်ကြွမှု၊ တည်ကြည်မှု၊ ရိုးသားမှု အားမာန်များဖြင့် ပရဟိတလုပ်ငန်းများကို နှစ်ပေါင်းများစွာ လုပ်ဆောင်ပေးနေခဲ့ကြပြီ၊ ငါတို့ သီရိလင်္ကာရောက်မြန်မာကျောင်းသားရဟန်းတော်၊ သီလရှင်များကရော ဘယ်လိုလဲ၊ မယ်တော်ကြီးများလို ပရဟိတလုပ်ငန်းများ လုပ်ဖူးလား၊ လုပ်နေလား၊ လုပ်ဖို့ စိတ်ကူး ရှိသလား၊ ကာလသုံးပါးထဲက တစ်ခုခုနဲ့ နီးစပ်ဖို့တော့ ကောင်းတယ်။ ကိုယ့်လူရေ … တောင်ပံခတ်ဖို့ အားယူနေတဲ့ အမိမြန်မာပြည်က မင်းကို စောင့်နေပြီ”။

မိမိကိုယ်ကိုယ် တီးတိုးပြောနေမိသော စကားလုံးများက နှလုံးသားနံရံတစ်ခုလုံးကို ပဲ့တင်ထပ်နေခဲ့လေသည်။ ဥဒဟိုပြေးလွှားနေသော ဘတ်စ်ကားကြီး၏နောက်တွင် မယ်တော်ကြီးတို့၏ ဇွဲသတ္တိအားမာန်များက အရှိန်အဟုန်ဖြင့် လိုက်ပါလာကြသည်။

အရှင်ကုသလသာမိ (အတည်မဲ့)

Wednesday, September 3, 2014

ဘာလင်မှ ဘယ်သို့ ဘယ်ဆီလဲ (အစ + အဆုံး)




(၁)

အစွဲကင်းကင်းဖြင့် ပြောချင်သည်။ ဘာလင်တံတိုင်းသည် မန္တလေးကျုံးအလှကို မမီပါ။ ဆောင်းပါးခေါင်းစဉ် မေးခွန်းက ဘယ်သူ့ကို မေးသနည်း။ ဆောင်းပါးအဆုံးတွင် အဖြေပေါ်မည်ဟု ခန့်မှန်းရသည်။ ဆောင်းပါးရှည်ကနေ တစ်စုံတစ်ရာ မရရှိခဲ့ဘူးဆိုလျှင်လည်း တောသားမြို့ရောက် ထင်ရာမြင်ရာရေးထားခြင်းဟုသာ မှတ်တော်မူကြရာသည်။

(၂)

ဘာလင်မြို့သို့ ရဝေနွယ်ဆရာတော်၊ ဦးသုမနတို့နှင့်အတူ သွားခဲ့သည်။ မြန်မာသံအမတ်ကြီးမိသားစုက ဘာလင်မြို့အနှံ့ လိုက်ပို့သည်။ သမိုင်းဆိုင်ရာအရေးကြီးသော Postdam, Berlin Wall အပြင် Sight Seeing Tour များကိုပါမကျန် စုံသင့်သလောက်စုံအောင် ပျော်ပျော်ပါးပါး၊ တလေးတစား လိုက်ပို့သည်။ 

သံအမတ်ကြီးမိသားစုအိမ်တွင် တည်းခိုပြီး ဆွမ်းကွမ်းဝေယျာဝစ္စ လိုလေသေးမရှိအောင် စီမံပေးကြသည်။ ရွှေနားကပ်ရောင်ကြောင့် ပါးပြောင် ဆိုသလို၊ ဆင်ဖြူတော်မှီပြီး ကြံစုပ် ဆိုသလို ရဝေနွယ်ဆရာတော်ကြောင့် ခရီးစဉ်တစ်ခုလုံး မပူမပန်ရသည့်အပြင် စိတ်လက်ချမ်းသာစွာ လေ့လာခွင့်ရခဲ့သည်။ ဇွန်လ ၃ဝ ရက်နေ့ သွားပြီး ဇူလိုင်လ ၂ ရက်နေ့ ဖရန့်ဖွတ်မြို့သို့ ပြန်ရောက်သည်။ ခရီးစဉ်ပြီးပါပြီ။

(၃)

ဟုတ်ပါသည်။ ဘာလင်ခရီးစဉ် ပြီးပါပြီ။ ခရီးစဉ်က ပြီးသော်လည်း ရင်ထဲမှာ ပြောစရာများက မြောက်မြားစွာ ကျန်ရှိနေပါသည်။ ရင်ထဲကစကားများကို ပြောတတ်သလောက် ပြောပြချင်ပါသည်။ ကဗျာမမှီ၊ စာမပီတော့ ဖြစ်နေလိမ့်မည်။ သိစေချင်မိသောစေတနာနှင့် မြင်ကွင်းများမှတစ်ဆင့်ပေးသော ခံစားမှုများသာ ဖြစ်ကြောင်း ကြိုတင်အသိပေးပါသည်။  

(၄)

ဘာလင် … ။ ဘာလင်ဟု အသံကြားသည်နှင့် ဘာလင်တံတိုင်းကြီးဆိုတာက ဦးစွာ ပေါ်လာတတ်သည်။ ဘာလင်တံတိုင်းကြီးက ကမ္ဘာ့တစ်နေရာစာက ပြယုဂ်တစ်ခုမျှသာဖြစ်သော်လည်း ကမ္ဘာ့စာမျက်နှာများတွင်တော့ ကြီးကြီးမားမား ကျယ်ကျယ်ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေသည်။ ကမ္ဘာ့နိုင်ငံရေးတွေ လေ့လာလျှင်လည်း ဘာလင်တံတိုင်းကြီးအကြောင်း ပါမည်။ ကမ္ဘာ့ယဉ်ကျေးမှုတွေအကြောင်း ပြောလျှင်လည်း ဘာလင်တံတိုင်းကြီး ပါမည်။

ကမ္ဘာ့စစ်ပွဲကြီးများအကြောင်း ပြောလျှင်လည်း ဘာလင်တံတိုင်းကြီး ပါမည်။ ငြိမ်းချမ်းရေးအကြောင်း၊ ချစ်ကြည်ရေးအကြောင်း ပြောလျှင်လည်း ဘာလင်တံတိုင်းကြီး ပါမည်။ ကဗျာတွေမှာလည်း ပါ၊ စာတွေမှာလည်း ပါ၊ သီချင်းတွေမှာလည်း ပါ။ ပြဇာတ်တွေမှာလည်း ပါ၊ ရုပ်ရှင်တွေမှာလည်း ပါ။ နေရာတကာပါ။ ဟုတ်သည်။ ကမ္ဘာမှာ ကြီးကျယ်တဲ့အကြောင်းအရာများကို ဆွေးနွေးမယ်ကြံတိုင်း ဘာလင်တံတိုင်းကြီးက ပါပါလာနေရသည်။

“ဘာလင်တံတိုင်းက လှလို့လား”။ “မဟုတ်ဘူး”။ “တရုတ်ပြည်က မဟာတံတိုင်းကြီးလို ခန့်ငြားလို့လား”။ “ဟုတ်မယ် မထင်ဘူး”။ “ဒါဆို ဘာဖြစ်လို့ ကမ္ဘာကျော်နေရသလဲ”။ အဖြေကတော့ မြောက်မြားစွာ ရှိနေပါလိမ့်မည်။

ဤဘာလင်တံတိုင်းကြီးဘေးတွင် သွေးနီးချင်းတို့ သွေးဝေးခဲ့ဖူးသည်။ မျက်ရည်ကြီးငယ်တို့ဖြင့် ငိုကြွေးသံများ ဆူပွက်ခဲ့ဖူးသည်။ ရက်စက်ကြမ်းကြုတ်မှုများ ဖြစ်ပေါ်ခဲ့ဖူးသည်။ ငယ်သံပါအောင် အော်ဟစ်မြည်တမ်းရင်း သွေးရူးသွေးတမ်း သေဆုံးသွားသူများ၏ ရင်နင့်ဖွယ်ဇာတ်လမ်းများ မြောက်မြားစွာ ဖြစ်ပေါ်ခဲ့ဖူးသည်။

အာဏာ၊ ငွေကြေးနှင့် အတ္တမာနများ တံခွန်ထူခဲ့ကြဖူးသည်။ အမျိုးဂုဏ်၊ ဇာတိဂုဏ်တို့ မားမားစွင့်ကာ လူအချင်းချင်း လူလိုမမြင်နိုင်ခဲ့သောအဖြစ်အပျက်များစွာ ဖြစ်ပေါ်ခဲ့ဖူးသည်။ မှန်သည်။ ဘာလင်ကို လက်တွေ့ဆန်သော ဒဏ္ဍာရီပုံပြင်ကြီးတစ်ပုဒ်လို စိတ်ဝင်စားနေမိခြင်း ဖြစ်ပါသည်။

(၅)

ဂျာမနီနိုင်ငံ၏မြို့တော် ဘာလင်သို့ အမြန်ရထားဖြင့် သွားခဲ့သည်။ ဖရန့်ဖွတ်မြို့ကနေ သွားခြင်းဖြစ်သည်။ ဖရန့်ဖွတ်နှင့်ဘာလင်သည် ၅၅၈ ကီလိုမီတာ ကွာဝေးသည်။ အမြန်ရထားဖြင့် ၄ နာရီကျော်ကျော်သာ ကြာသည်။ ဂျာမနီနိုင်ငံနှင့်ဥရောပနိုင်ငံများ ခရီးသွားလာရေးစနစ် ဖြန့်ကျက်ထားပုံမှာ အံ့သြစရာပင်ကောင်းသည်။ မြို့တိုင်းမြို့တိုင်းသို့ လျှပ်စစ်ရထားများ ပြေးဆွဲသည်။

ဥရောပဘတ်စ်ကားစနစ်က အနည်းငယ်သာရှိတော့သည်။ ဘတ်စ်ကားတွေက မညံ့သော်လည်း ဈေးချိုသည်။ သို့ရာတွင် အမြန်ရထားက ပိုမိုပြီး ခရီးတွင်သည့်အပြင် သက်တောင့်သက်သာရှိသည်။ ကျယ်ဝန်းသည်။ သန့်ပြန့်သည်။ ရထားပေါ်ရှိ ထိုင်ခုံတိုင်းတွင် ပလပ်ပေါက်များ တပ်ပေးထားသဖြင့် ဘတ္တရီအားသွင်းပြီး ကွန်ပြူတာဖြင့် အလုပ်လုပ်နိုင်သည်။ ဖုန်းအားသွင်းနိုင်သည်။ လေကောင်းလေသန့်လည်း ပိုရသည်။ သို့ဖြင့် ကားများထက် ဈေးပိုကြီးသော်လည်း ရထားသာ အစီးများသည်။

ယခင်က စင်္ကာပူမြေအောက်ရထားများ မြင်တွေ့စဉ်က စင်္ကာပူအလွန်တိုးတက်သည်ဟု ထင်ခဲ့သည်။ စင်္ကာပူလိုမြေအောက်ရထားများ ကမ္ဘာမှာ သိပ်မရှိဟု ထင်ခဲ့သည်။ ဂျာမနီရောက်သည့်အခါ ထိုအမြင်က ပြောင်းသွားပြန်သည်။ မြေအောက်စနစ်ကို အံ့သြဖွယ် ပြုလုပ်ထားသည်ကို တွေ့ရသည်။ တစ်နိုင်ငံလုံးကို မြေပေါ်မြေအောက်ရထားစနစ်ဖြင့် အဆင်ပြေအောင်၊ သွားရေးလာရေး လွယ်ကူအောင် ပြုလုပ်ပေးထားသည်ကို တွေ့ရသည်။

(၆)

ICE ဟူသော InterCityExperimental ဟူသော လျှပ်စစ်အမြန်ရထားများကို ၁၉၈၅ ခုနှစ်က စတင်စမ်းသပ်ပြေးဆွဲခဲ့သည်။ ၁၉၈၈ ခုနှစ်ရောက်သည့်အခါ တစ်နာရီကို ကီလိုမီတာ ၄ဝ၆.၉ အထိ မြန်နှုန်းရှိအောင် တီထွင်နိုင်ခဲ့ကြသဖြင့် ကမ္ဘာ့အမြန်ဆုံးရထားစာရင်းဝင်ခဲ့သည်ဟု ဆိုသည်။ 

လက်ရှိအမြန်ရထားများသည် တစ်နာရီကို ၃၆ဝ ကီလိုမီတာအထိ ပြေးဆွဲလေ့ရှိသည်ဟုဆိုသည်။ ရထား၏မြန်နှုန်းက သို့ကလောက်ရှိသော်လည်း လက်တွေ့အားဖြင့်မူ တစ်နာရီကို ၁၅ဝ ခန့်သာ မောင်းနှင်လေ့ရှိသည်ဟု ဆိုသည်။ ယခုအခါ ICE (Inter City Express)အမည်ဖြင့် ဥရောပနိုင်ငံများသို့ ခရီးဆန့်နေကြပြီ ဖြစ်သည်။

(၇)

ရထားက ဘာလင်မြို့မရောက်ခင် တစ်ဘူတာသာ ရပ်သည်။ မနက် ၁ဝး၄၅ ခန့်တွင် ဘာလင်ဘူတာကြီးသို့ ရောက်သည်။ ဘူတာကြီးမှာလည်း အလွန်ငေးမောစရာကောင်းသည်။ Terminal or Platform များစွာ ရှိသည်။ မြေအောက်မှာ ၃/၄ ထပ်အထိ ရထားများ ပြေးဆွဲနေသလို မြေပေါ်မှာလည်း အထပ်ထပ် ရှိနေသည်။ ရထားများက လေဆိပ်များလို ဟိုမြို့ဒီမြို့၊ ဟိုနိုင်ငံဒီနိုင်ငံ ဥဒဟို ပြေးဆွဲနေကြလေသည်။ ဘာလင်မြို့တော်မှာသာမဟုတ် မြူးနစ်၊ ဒူဆယ်လ်ဒေါ့၊ ဒေါ့မွန်၊ ဟွမ်းဘတ်၊ ကိုလုံး၊ ဖရန့်ဖွတ် စသော မြို့များတွင်လည်း ဥရောပအနှံ့ပြေးဆွဲနေသော အမြန်ရထားများ၊ မြေအောက်မြေပြင်ရထားများ ရှိလေသည်။

၂ဝ ရာစုအစောပိုင်းကတည်းက ဂျာမနီတွင် မြေအောက်ဥမင်လိုဏ်ခေါင်းများအတွင်း ပြေးဆွဲသော U Bahn ခေါ် Underground Train ရထားစနစ်ကို စတင်ခဲ့ကြသည်ဟုဆိုသည်။ 

ယနေ့အသုံးပြုနေသော မြေအောက် အထပ် ၃ ထပ်မှ ၄ ထပ်အထိရှိသော မြေအောက်ရထားစနစ်ကိုမူ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကာလများရောက်မှ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်အောင် ဆောင်ရွက်နိုင်ခဲ့ကြသည်ဟု ဆိုသည်။ လက်ရှိအချိန်တွင်မူ ဂျာမနီနိုင်ငံမြို့များ၌ မြေအောက် ၃ ထပ်၊ ၄ ထပ်ခန့်ရှိသည့် မယုံကြည်နိုင်စရာ ရထားဘူတာများဖြင့် သွားလာနေနိုင်ကြပြီ ဖြစ်ပါသည်။

(၈)

အချို့ရထားများက Schengen Agreement ကို သဘောတူလက်မှတ်ထိုးထားသော ဥရောပနိုင်ငံ ၂၆ နိုင်ငံသို့ တံခါးမရှိ၊ ဓားမရှိ၊ အစစ်အဆေးမရှိ နိုင်ငံတွင်းသွားသလို သွားနေကြခြင်း ဖြစ်သည်။ Immigration ဖြတ်စရာမလိုသောခရီးများသည် မြန်မာတစ်ယောက်အဖို့ အလွန်စိတ်ချမ်းသာဖို့ ကောင်းပါသည်။ သိတော်မူကြသည့်အတိုင်း မြန်မာတစ်ယောက်အဖို့ Immigration ဟူသည် နှလုံးတုန်ရင်ခုန်စရာနေရာတစ်ခု ဖြစ်နေသည် မဟုတ်ပါလား။ မြန်မာတစ်ယောက်အဖို့ Immigration သည် မျက်နှာငယ်စရာအလွန်ကောင်းသောနေရာတစ်ခုပင် ဖြစ်ပါသည်။ Schengen Agreement ကြောင့် Immigration ရောက်တိုင်း မျက်နှာငယ်ရသည့်အဖြစ်မျိုး ကြုံစရာမလိုတော့ပါ။

၃/၄ မိနစ်တစ်စီး ရထားများ ပြေးဆွဲနေကြသော ရထားဘူတာများမြင်ကွင်းမှာ လေဆိပ်ကြီးများအလား ခမ်းနားထည်ဝါသဖြင့် အံ့သြဖွယ်ပင် ကောင်းတော့သည်။ ရွှေနိုင်ငံကြီးသား ကိုယ်တော်တစ်ပါးအတွက် အရာအားလုံးက ငေးမောစရာ၊ အားကျစရာများချည်း ဖြစ်နေသည်။ တစ်စုံတစ်ရာကို တွေ့မိတိုင်း ကိုယ့်နိုင်ငံကို သတိရမိသဖြင့် ငေးပြီး မောစရာတွေသာ ဖြစ်လို့နေသည်။

(၉)

အမြန်ရထားပေါ်က ဆင်းလိုက်သည်နှင့် ဂျာမနီနိုင်ငံက မြန်မာသံအမတ်ကြီးနှင့်သားငယ်တို့ လာကြိုနေသည်ကို တွေ့ရသည်။ ရင်းနှီးဖော်ရွေစွာ၊ ရိုသေစွာဖြင့် ခရီးဦးကြိုပြုကြသည်။ ဘူတာကြီးတွင် မှတ်တမ်းဓာတ်ပုံရိုက်ပြီး သံအမတ်ကြီးနေအိမ်သို့ သွားခဲ့ကြသည်။ သံအမတ်ကတော်၊ သမီးနှင့်အခြားဧည့်သည်အချို့ကိုလည်း တွေ့ရသည်။ ဆရာတော်ကို စုပေါင်းကန်တော့ကာ နှုတ်ဆက်စကားပြောကြသည်။ ကျောင်းအမှတ်ဖြင့် သီတင်းသုံးဖို့၊ စိတ်အေးချမ်းသာစွာ နေဖို့ ပြောကြသည်။ နေရာထိုင်ခင်းအပြင်အဆင်စသည်ကအစ အစစအရာရာ လိုလေသေးမရှိ၊ ပြုစုကြပါပေသည်။ စကားအပြောအဆို၊ အနေအထိုင်အရ ယဉ်ကျေးသိမ်မွေ့ပြီး ဘာသာတရားကိုင်းရှိုင်းသောမိသားစုတစ်ခုဟု ကောက်ချက်ချမိသည်။

သံအမတ်ကြီးက ဒကာမကြီးအပေါ်မှာ ချစ်သည့်အချစ်ကြောင့် ဒကာမကြီးကို မခွဲနိုင်တာတစ်ခုနှင့်ပင် သူ့အနေနှင့်ရဟန်းပြုဖို့ မလွယ်ကူကြောင်း၊ သံယောဇဉ်များ ဖြတ်ဖို့ မရနိုင်သေးကြောင်း၊ လူအဖြစ်နှင့်သာ ကုသိုလ်ကောင်းမှုများ တတ်နိုင်သလောက် လုပ်မည်ဖြစ်ကြောင်း ရဝေနွယ်ဆရာတော်ကို လျှောက်သည်။ ဒကာကြီးက ထိုသို့ပွင့်ပွင့်လင်းလင်း လျှောက်သည့်အခါ ဒကာမကြီးက “လူငယ်တစ်ဦးလို ဆရာတော်ရှေ့မှာ ရှင်ဘာတွေ ပြောနေတာလဲ”ဟု ရှက်ရှက်အမူအရာနှင့် ဆိုလေသည်။ ဆရာတော်ကလည်း အတော်သဘောကျနေပုံရပြီး ပြုံးကာသာ နေတော့သည်။ ဒကာကြီးပြောတာ မလွန်သလို ဒကာမကြီးပြောတာလည်း မမှားပါ။ 

မိသားစုတစ်ခုတွင် ရေရှည်တည်တံ့ခိုင်မြဲစေသော မေတ္တာကြိုးလေးများက အလွန်ကို အရေးကြီးပါသည်။
ပဋ္ဌာန်းတရားတော်တွင် ဟောကြားထားသည့်အတိုင်း တဏှာရာဂ(ချစ်ခြင်းမေတ္တာ)ကိုအကြောင်းပြ၍ ဒါန၊ သီလ၊  ဘာဝနာများ ပြုလုပ်နိုင်ကြပါသည်။ တရားရနိုင်သည့်အဆင့်အထိပင် ရောက်နိုင်ပါသည်ဟု ဟောထားသည် မဟုတ်ပါလော။

(၁ဝ)

သံအမတ်ကတော် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်လာပုံမှာ စိတ်ဝင်စားဖွယ် ကောင်းသဖြင့် အနည်းငယ် ပြောပြလိုပါသည်။ သူသည် ကနဦးက ဗုဒ္ဓဘာသာဝင်တစ်ဦး မဟုတ်ပါ။ လက်ထပ်သည်အထိ ဗုဒ္ဓဘာသာဝင်မဟုတ်သေးပါ။ ပါရမီအလျောက်ဟု ဆိုလျှင် ဆိုနိုင်သလို ဒကာကြီးအပေါ်ထားသောမေတ္တာတရားကြောင့်ဟုဆိုလျှင်လည်း မမှားနိုင်ပေ။ ဒကာကြီး ရှေ့တန်းထွက်၊ အန္တရာယ်များ ကြုံသည့်အခါ ဒကာမကြီးလည်း အခြားစစ်သားမိန်းမများနည်းတူ စိတ်ပူသည်။ 

အခြားစစ်သားမိန်းမများက ဗုဒ္ဓဘာသာများဖြစ်သည့်အတွက် မိမိတို့ခင်ပွန်းအသက်အန္တရာယ်ကင်းဝေးအောင်၊ ဘေးဒုက္ခများ မကြုံတွေ့ရအောင် လောကီလောကုတ္တရာနည်းစုံသုံးကာ နောက်တန်းမှနေ၍ ပြုလုပ်ပေးကြလေ့ရှိသည်။
ဒကာမကြီးသည် ဗုဒ္ဓဘာသာဝင်မဟုတ်သော်လည်း မိမိအမျိုးသား ဘေးအန္တရာယ်ကင်းအောင် ပရိတ်ရွတ်ဖတ်ခြင်း၊ ပဋ္ဌာန်းရွတ်ဖတ်ခြင်းစသော အန္တရာယ်ကင်းနည်းအမျိုးမျိုး ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ 

ထိုကဲ့သို့ပြုလုပ်ရင်း ဗုဒ္ဓဘာသာဆိုင်ရာ ဘာသာရေးလုပ်ငန်းများ လုပ်ဖြစ်လာခဲ့သည်ဟု ဆိုသည်။ သူ့သဒ္ဓါဆန္ဒအလျောက် ဘုရားဟောင်းပြုပြင်ခြင်းလုပ်ငန်းကိုပါ ပြုလုပ်နိုင်ခဲ့သည်ဟု ဆိုသည်။

ထိုကဲ့သို့လုပ်ဆောင်လာရင်း တဖြည်းဖြည်းနှင့် ဗုဒ္ဓဘာသာဝင်စစ်စစ်တစ်ယောက်ဖြစ်လာခဲ့သည်။ ယခုအခါ ဆရာတော်ဒေါက်တာနန္ဒမာလာ၏ အဘိဓမ္မာ၊ ပဋ္ဌာန်းတရားတော်များကို နာကြားရင်း အဆင့်မြင့်ဗုဒ္ဓဘာသာဝင်တစ်ဦးအနေအထားအထိ ဖြစ်လာခဲ့ပါပြီ။ “အခြားစိတ်ဝင်စားစရာတွေ အများကြီး ရှိသေးတယ်”ဟု ဒကာမကြီးက ပြောသော်လည်း အခြေအနေအချိန်အခါအရ ထပ်မံမမေးမြန်းဖြစ်ခဲ့ပါ။ နောက်များ ကြုံကြိုက်သည့်အခါ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်လာခဲ့ပုံအကြောင်း အသေးစိတ်ကို မေးမြန်းရပေဦးမည်။

(၁၁)

နေ့ခင်းတွင် သံအမတ်ကြီးမိသားစုနှင့်အတူ Postdam သို့ သွားကြသည်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ကမ္ဘာ့သမိုင်းဆိုင်ရာ အရေးကြီးသောနေရာတစ်ခု ဖြစ်သည်။ ဘာလင်မြို့မှ ၂၄ ကီလိုမီတာ ကွာဝေးသည်။ ပရပ်ရှားဘုရင်များနှင့် ဂျာမန်ဘုရင် ကိုင်ဇာတို့၏ နန်းတော်များတည်ရှိသည်။ နန်းတော်ဟောင်းကြီးများမှာ ခမ်းနားကြီးကျယ်လှသည်။ ဒုတိယကမ္ဘာစစ်တွင် စစ်အောင်နိုင်သော မဟာမိတ်များကွန်ဖရင့်ကို အောင်မြင်စွာ ကျင်းပခဲ့သည့်ဒေသလည်း ဖြစ်သည်။

ဂျာမနီနိုင်ငံတွင် ထူးခြားသည့်အချက်တစ်ခုမှာ ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံများ တည်ရှိရာအရပ်တွင် ကောလိပ်များ၊ တက္ကသိုလ်များဖွင့်လှစ်ထားခြင်း ဖြစ်သည်။ Postdam မြို့တွင် University of Postdam နှင့် သုတေသနဌာန (Research Institutes)ပေါင်း ၃ဝ ကျော် ရှိသည်။ မိမိတို့နိုင်ငံ၏ ရှေးဟောင်းသမိုင်းဝင်နေရာများ၊ သမိုင်းဝင်အဖြစ်အပျက်များနှင့် အနာဂတ်လူငယ်များကို တစ်သီးတစ်သန့် မိတ်ဆက်စရာမလိုအောင် စီမံပုံတစ်မျိုးဖြစ်သည်ဟု ဂျာမန်တစ်ဦးပြောစကားအရ သိရသည်။ အတုယူစရာပင် ဖြစ်ပါသည်။

(၁၂)

နာဇီစစ်အာဏာရှင်များ ကျဆုံးပြီးနောက် ၁၉၄၅ ခုနှစ်တွင် Postdam ရှိ ဘုရင့်နန်းတော်တွင် အမေရိကန်သမ္မတ ထရူးမင်း၊ ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီ နှင့် သူ့ကို ဆက်ခံသူ ကလီးမန့်အက်တလီ၊ ဆိုဗီယက်ပြည်ထောင်စုမှ စတာလင် တို့သည် ဂျာမနီနိုင်ငံကို မည်သို့မည်ပုံ ဆက်လက်စီမံကြမည်ဖြစ်ကြောင်း စည်းဝေးခဲ့ကြသည်။ အဆိုပါအစည်းအဝေးတွင် ဂျာမနီနိုင်ငံကို အသီးအသီး ခွဲဝေစီမံအုပ်ချုပ်ကြဖို့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။

ထိုသမိုင်းအဖြစ်အပျက်ကို လေ့လာမိတိုင်း ထူးဆန်းသလိုလို၊ အံ့သြသလိုလို၊ ပြုံးချင်သလိုလို ခံစားမှုများ ဖြစ်ပေါ်လေ့ရှိသည်။ ထူးဆန်းအံ့သြသည့်ခံစားမှုက မထူးဆန်းသော်လည်း ပြုံးချင်သလိုလိုဖြစ်တာကတော့ မျိုးစိတ်မျိုးမာန်ပြင်းထန်သော ဂျာမန်များ တိုင်းတစ်ပါးသားတို့ ပြုသမျှနုခဲ့ရပုံကို တွေးမိခြင်းကြောင့် ဖြစ်သည်။

လက်ရှိအချိန်တွင် ဂျာမနီအစိုးရက အဆိုပါ ရှေးဟောင်းဘုရင့်နန်းတော်များနှင့် ကွန်ဖရင့်ကျင်းပရာ Postdam ကို ဥယျာဉ်ပန်းခြံကြီးများအသွင် ပြောင်းလဲပြီး ကမ္ဘာလှည့်ခရီးသွားများနှင့် မိမိတို့နိုင်ငံ အနာဂတ်လူငယ်များ လေ့လာနိုင်ရန်၊ သမိုင်းသင်္ခန်းစာများ ရယူနိုင်ကြစေရန် စီမံပြုလုပ်ထားသည်ကို တွေ့ရသည်။

(၁၃)

Postdam တွင် နေရာအနှံ့ လျှောက်လည်၊ အမှတ်တရဓာတ်ပုံများ ရိုက်ပြီး ပြန်ခဲ့သည်။ အပြန်လမ်းတွင် ခမ်းနားကြီးကျယ်လှသောဘုရင့်နန်းတော်ကြီးများက မျက်စိထဲ စွဲနေသည်။ အထူးသဖြင့် နန်းတော်ကြီးများအဝင်ဝတွင်ရှိသော ခန့်ငြားသည့် တိုင်လုံးကြီးများကို မြင်ယောင်သည်။
တိုင်လုံးကြီးများကို ဘက်စုံမှ ဓာတ်ပုံရိုက်ပြီး “ဦးဇင်းတက္ကသိုလ်တည်ထောင်ရင် ဒါမျိုး တိုင်လုံးကြီးတွေ လုပ်မှာ”ဟု သံအမတ်ကြီးကို စနောက်စကားဆိုခဲ့သည်။ “ဦးဇင်းက လုပ်မယ်ဆိုရင် အကြီးကြီး လုပ်ချင်တယ်။ မလုပ်ဘူးဆိုရင်တော့ တဲကုပ်လေးနဲ့ပဲနေတော့မယ်”ဟုလည်း ရင်ထဲရှိတာ ပြောမိသည်။ 

နန်းတော်ကြီးများ၏ ခမ်းနားမှုနှင့် နက်ရှိုင်းသော သမိုင်းဆိုင်ရာအဖြစ်အပျက်များကလည်း အတွေးထဲတွင် မေးခွန်းများစွာ၊ သိလိုစိတ်များစွာဖြင့် တဝဲလည်လည် ရစ်ရစ်သီသီ တွဲခိုလာခဲ့ကြသည်။
နာဇီစစ်ဘီလူးကြီးကို ဦးချိုးပြီး ဇာတိသွေး၊ ဇာတိမာန်ထက်သန်လှပါသည်ဆိုသော ဂျာမန်တို့၏ မြေပေါ်တွင် ခပ်တည်တည်ဖြင့် စီးစီးနင်းနင်း ခွဲဝေယူကြသော အမေရိကန်၊ ဗြိတိန်နှင့် ဆိုဗီယက်ခေါင်းဆောင်ကြီးများ၏ ဝင့်ကြွားမှုပုံရိပ်များကလည်း မနေ့တစ်နေ့ကလို ရုပ်လုံးကြွလာနေခဲ့သည်။

ထိုနေ့ ရာသီဥတုက ပထမ အတော်လေး အေးသည်။ နောက် နေက ပူလာခဲ့သည်။ ထို့နောက် မိုးက တဖြိုက်နှစ်ဖြိုက် ရွာချလိုက်သေးသည်။ ခြုံကြည့်လိုက်ရင်တော့ ရာသီဥတုက သာယာပါသည်။ အတွေးတွေက ရာသီဥတုလို အပြောင်းအလဲ မြန်နေသည်။ ပျော်လိုက်၊ အံ့သြလိုက်၊ ချီးကျူးလိုက်၊ ကျေနပ်လိုက်၊ မကျေနပ်လိုက်၊ တစ်ခါတစ်ခါ သံဝေဂတွေ ဖြစ်လိုက် … ခြုံကြည့်လိုက်ရင်တော့ အတွေးများ သာယာပါသည်။

(၁၄)

Postdam က ပြန်လာတော့ တစ်နေရာရာကို ဆက်သွားလိုသေးလားဟု ရဝေနွယ်ဆရာတော်ကို သံအမတ်ကြီးက လျှောက်သည်။ ဆရာတော်ပင်ပန်းနေပြီဖြစ်သဖြင့် တစ်နေ့တာ နားလိုက်သည်။ သံအမတ်ကြီးအိမ်တွင် ရဝေနွယ်ဆရာတော်နှင့်စကားပြောရင်း ဆရာတော်ထံမှ စိတ်ထားနည်းပညာများ ရလိုက်သည်။

ဆရာတော်၏ စိတ်ထားနည်းပညာမှာ အထူးအဆန်း မဟုတ်၊ ကုသိုလ်ဖြစ်အောင်၊ စိတ်ချမ်းသာအောင် နေထိုင်နည်းပင် ဖြစ်တော့သည်။ ဆရာတော်ပြောလေ့ပြောထရှိသောစကားမှာ ဘာပဲလုပ်လုပ် ပါရမီဖြစ်အောင်လုပ်ဆိုသော စကားပင်ဖြစ်သည်။ တစ်စုံတစ်ရာကို ပါရမီမြောက်အောင် လုပ်လိုက်လျှင် ကုသိုလ်တရားနှင့်စိတ်ချမ်းသာမှုက အလိုလို ပါဝင်လာသည်ကို တွေ့ရမည် ဖြစ်သည်။

ကုသိုလ်မဖြစ်စေသော အပြောအဆိုများ၊ အပြုအမူများ၊ မိမိအတွက်၊ သူတစ်ပါးအတွက် ဘယ်သူ့အတွက်မှ စိတ်ချမ်းသာစရာမဖြစ်စေသော အပြောအဆိုများ၊ အပြုအမူများကို ရှောင်ရှားနိုင်လျှင် ထိုပုဂ္ဂိုလ်၏ အပြောအဆို၊ အပြုအမူများမှာ စိတ်ချမ်းသာဖွယ် ပတ်ဝန်းကျင်ကို အလိုအလျောက် ဖန်တီးနေပြီးသား ဖြစ်သည်။

ဆရာတော်နှင့်ပတ်သက်၍ ထူးခြားချက်တစ်ခုကို သတိထားမိသည်။ စာရေးဆရာစိတ် ဖြစ်သည်။ ဆရာတော်နှင့်စကားပြောသူတိုင်းကို သူ့စာတွေ ဖတ်ဖူးသလားဟု မေးတတ်ခြင်းဖြစ်သည်။ ဖတ်ဖူးသည်ဟု ဆိုလျှင်လည်း ဘယ်စာအုပ်ကို ဖတ်ဖူးတာလဲ စသည်ဖြင့် မေးတတ်သည်။ ဆရာတော်က သူ့စာတွေ ဖတ်ဖူးတယ်ဟု သိရလျှင် အလွန်ပျော်ကြောင်း၊ ဝမ်းသာကြောင်း ပြောတတ်သည်။ စာရေးသူလည်း ထိုကဲ့သို့သောစိတ်ခံစားချက်မျိုး ရှိသည်။ ကိုယ်ရေးသည့်စာများကို ဖတ်သည်ဟု ဆိုလာလျှင် စိတ်ချမ်းသာမှုတစ်မျိုးကို ခံစားရသည်။

လွန်ခဲ့သည့် ၂ နှစ်ခန့်က ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက်၊ လှရတနာဆရာတော်ထံသို့ လူမသိ သူမသိသေးသော Dhamma School Foundation ကို ပရိုမိုးရှင်းပြုလုပ်ရန် သွားခဲ့ဖူးသည်။ ဆရာတော်ထံအသွား မြေညီထပ်တွင် ဦးဇင်းလေးတစ်ပါးနှင့် တွေ့သည်။ သူက အားရပါးရ၊ အားတက်သရောဖြင့် “အရှင်ဘုရား … ဦးကုသလသာမိ မဟုတ်လား၊ တပည့်တော်က အရှင်ဘုရားရဲ့ စာဖတ်ပရိသတ်ပါဘုရား၊ အရှင်ဘုရားရေးတဲ့စာတွေဖတ်ရတာ အရမ်းအရသာရှိတယ်”ဟု ဆိုသည်။ ဖော်မပြတတ်သော ပီတိတစ်မျိုးကြောင့် အဆိုပါ ဦးဇင်းလေးကို ယနေ့အထိ သတိတရ ဖြစ်နေဆဲရှိသည်။ အော် … စာရေးဆရာများ၏ တူညီသော ခံစားချက်ပါလား …

(၁၅)

ညရောက်တော့ ရဝေနွယ်ဆရာတော် တရားပွဲကျင်းပသည်။ ဘာလင်မြို့တွင် မြန်မာလူမျိုး ဗုဒ္ဓဘာသာက အနည်းငယ်သာရှိသည်။ သံအမတ်ကြီးက တရားနာလိုသောသူများကို ကားဖြင့် အကြိုအပို့လုပ်သည်။ သံအမတ်ကြီးမိသားစုအပါအဝင် တရားနာပရိသတ် ၁၇ ယောက်ခန့်သာရှိသည်။ ဆရာတော်က ဖရန့်ဖွတ်မြို့တွင် ဒါနပါရမီ တရားကို ဟောပြီး ဘာလင်မြို့တွင် သီလပါရမီတရားကို ဟောကြားသည်။ ဒါနကို ပါရမီမြောက်အောင် ပြုလုပ်ဖို့၊ သီလကို ပါရမီမြောက်အောင် စောင့်ထိန်းဖို့ကို အဓိက ဟောကြားသွားသည်။

လူတိုင်း ဒါနပြုလုပ်ကြသည်။ ပေးကမ်းကြသည်။ သို့ရာတွင် ပါရမီမြောက်အောင် မလုပ်ဖြစ်ကြကြောင်း ဆရာတော်က ထောက်ပြသည်။ ထို့နောက် ပါရမီမြောက်ဖို့အတွက် ဘုရားကျောင်းကန်၊ သံဃာများကို လှူဒါန်းလျှင်ပဲဖြစ်ဖြစ်၊ အိမ်ရှင်မက မိမိ၏ ခင်ပွန်း၊ သားသမီးများကို နေ့စဉ်ကျွေးတာပဲဖြစ်ဖြစ် နိဗ္ဗာန်ကို ရည်မှန်းပြီး လှူဒါန်းရန် တိုက်တွန်းသည်။

နေ့စဉ် ငှက်ကလေး၊ ခွေးကလေး၊ ချဥ့်ကလေးများကို အစာကျွေးပြီး ဒါနပြုလုပ်ဖို့လည်း လမ်းညွှန်ပေးသည်။ ဆရာတော့်ညွှန်ကြားချက်များသည် အေးချမ်းတည်ငြိမ်ရေး၊ ကိုယ်ကျန်းမာစိတ်ချမ်းသာရေးကို အလေးပေးထားသဖြင့် စိတ်ချမ်းသာစရာ အလွန်ကောင်းပါသည်။

(၁၆)

နောက်ရက်မနက်တွင် ပြတိုက်တစ်ခုကို လိုက်ပို့သည်။ ပြတိုက်မဖွင့်မီ ပြတိုက်ရှေ့ရောက်နှင့်နေသဖြင့် ခဏတာ စောင့်နေရသည်။ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုများ၊ လူမှုရေးစနစ်များ၊ ဘာသာရေး၊ ဘာသာစကား၊ နည်းပညာ … စသဖြင့် အဆင့်ဆင့် ဖြစ်ထွန်းတိုးတက်မှုကို ပြသထားသော Ethnological Museum သို့ သွားရောက်လည်ပတ်ကြသည်။ ပြတိုက်မဖွင့်သေးသဖြင့် ပြတိုက်ရှေ့တွင် ကလေးငယ်များနှင့်ဆရာမများ အုပ်စုလိုက်၊ အုပ်စုလိုက် စောင့်ဆိုင်းနေကြသည်။ ပြတိုက်ဖွင့်သောအခါ အားလုံးတန်းစီလက်မှတ်ဝယ်ပြီး ဝင်ကြရသည်။

ပြတိုက်ထဲရောက်သည့်အခါ အလွန်တရာ အံ့သြဖွယ်မြင်ကွင်းများကို မြင်ရသည်။ အာရှယဉ်ကျေးမှုအကြောင်းကို ပြသသည့်အခန်းတစ်ခုလုံး ဗုဒ္ဓရုပ်ပွားတော်များ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုပုံရိပ်များကိုသာ အများဆုံး တွေ့ရသည်။ ဗုဒ္ဓရုပ်ပွားတော်များကိုလည်း သူ့ခေတ်အခါအလိုက် အစဉ်အတိုင်း စနစ်တကျ စီစဉ်ထားရှိသည်ကို တွေ့ရသည်။ 

ဘုရားအလောင်းတော် လူ့ပြည်သို့ ဆင်းသက်တော်မူခြင်း၊ မယ်တော်မာယာအိပ်မက်မြင်မက်ခြင်း၊ ဘုရားအလောင်းတော် တောထွက်တော်မူခြင်း၊ တရားကျင့်တော်မူခြင်း၊ ဘုရားဖြစ်တော်မူခြင်း၊ ပရိနိဗ္ဗာန်စံတော်မူခြင်း စသော ဗုဒ္ဓဝင်အဖြစ်အပျက်များကိုလည်း နေရာတကျ စီစဉ်ပြသထားသည်ကို တွေ့ရသည်။ ဗုဒ္ဓဝင်ဆိုင်ရာ၊ ဗုဒ္ဓဘာသာဆိုင်ရာ ဗွီဒီယိုဖိုင်များကိုလည်း ကွန်ပြူတာအတွင်း စနစ်တကျ ထည့်ပေးထားသည်။ ပြတိုက်အတွင်းက ကွန်ပြူတာတွင်လည်း ဗုဒ္ဓဘာသာအကြောင်းကို လေ့လာနိုင်အောင် ပြုလုပ်ပေးထားသည်ကို တွေ့ရသည်။

အခြားတစ်ဖက်တွင် ရှေးခေတ်ဥရောပ၊ အာဖရိကယဉ်ကျေးမှုဆိုင်ရာ ရုပ်တုများကို ပြသထားသည်။ ဥရောပ၊ အာဖရိက၊ အီဂျစ်ရှေးဟောင်းအရုပ်များမှာ အာရှမှ ဗုဒ္ဓရုပ်ပွားတော်များလို တည်ငြိမ်မှု၊ အေးချမ်းမှု တစ်စုံတစ်ရာကိုမျှ မတွေ့ရပါ။ ခွေးလိုလို၊ နွားလိုလို၊ လူလိုလို၊ ကျားလိုလို၊ ကြောင်လိုလို ဟိုမရောက် ဒီမရောက် ကိုးရိုးကားယား ပုပုကွကွ ရုပ်ပုံများကသာ များလေသည်။ လူပုံများကလည်း မျက်လုံးပြူးပြူး၊ အစွယ်ငေါငေါ၊ ပါးစပ်ပြဲပြဲ၊ ခေါင်းကြီးကြီး၊ ခန္ဓာကိုယ်က ပုံမကျ … အရုပ်ဆိုးဆိုးရုပ်တုများသာ အများဆုံး တွေ့ရသည်။ (အစွဲဖြင့် ပြောသည်မဟုတ်။ ပုံအချို့ကို ကြည့်နိုင်ပါသည်။) ဗုဒ္ဓမြတ်စွာဘုရားရှင်၏ တည်ငြိမ်သော မျက်နှာတော်နှင့် ကိုယ်ဟန်အနေအထားများကြောင့် အာရှပြတိုက် တည်ငြိမ်အေးချမ်းမှုရှိနေသဖြင့် ဂုဏ်ယူစရာ ဖြစ်ခဲ့ရသည်။

(၁၇)

ဂျာမနီနိုင်ငံသည် ခရစ်ယာန်ဘာသာ ကြီးစိုးရာ နိုင်ငံဖြစ်သည်။ သို့ရာတွင် ဗုဒ္ဓဘာသာဆိုင်ရာ သမိုင်းအဖြစ်အပျက်များကို လူငယ်များအား လေ့လာစေသည်။ ဆရာဆရာမများကိုယ်တိုင် ကလေးများကို ပြတိုက်ကို ခေါ်လာပြီး လေ့လာစေသည်။

ကလေးများကလည်း မှတ်စုစာအုပ်များ၊ ဘောပင်လေးများဖြင့် အားကြိုးမာန်တက် ရေးမှတ်နေကြသည်ကို တွေ့ရသည်။ ဤကလေးများမှာ အလွန်ဆုံးရှိလှ၊ ၁၃ နှစ်ခန့်သာ ရှိလိမ့်မည်။ သို့ရာတွင် အရာရာကို စနစ်တကျ လေ့လာတတ်အောင်၊ မှတ်သားတတ်အောင် လေ့ကျင့်ပေးထားပုံမှာ အားကျဖွယ်ရာ ကောင်းလှသည်။

(၁၈)

နောက်တစ်ခု သတိပြုသင့်သည်မှာ အခြားဘာသာတရားအပေါ် လေးစားမှု၊ သဘောထားကြီးမှု ဖြစ်သည်။ ခရစ်ယာန်ဘာသာကြီးစိုးသည့်တိုင်းပြည်ဖြစ်လို့ အခြားဘာသာဆိုင်ရာများကို မပြသသင့်ဟူသော အမြင်မရှိခြင်း ဖြစ်သည်။ ကလေးများကို “တို့က ဒီလို ယုံကြည်တယ်၊ ဒါက ဒီလို ရှိတယ်”စသဖြင့် အခြေအနေအရပ်ရပ်ကို နားလည်အောင် ကြိုးစားသည်။ အခွင့်အလမ်းများကို ဖန်တီးပေးသည်။ ယုံကြည်ခြင်းဆိုင်ရာသည် လူတစ်ဦးချင်းစီ၏ နှလုံးသားရေးရာနှင့်ဦးနှောက်ဆိုင်ရာကိစ္စတစ်ခု ဖြစ်သည်။

စာရေးသူက ဤသို့ ဆိုလိုက်သဖြင့် အနောက်နိုင်ငံများက ဘာသာအားလုံးကို တပြေးညီ ဆက်ဆံသည်။ ဘာသာရေးလွတ်လပ်ခွင့် အပြည့်ရှိသည်။ မြန်မာနိုင်ငံက ဒီမိုကရေစီသမားယောင်ယောင် ဘာယောင်ယောင်သမားများ ပြောဆိုနေသလို အခွင့်အရေး တန်းတူပေးသည်ဟုတော့ မထင်လိုက်ပါနှင့်။ သူတို့ ဘာသာတရား တိုးတက်ရေး၊ စည်ပင်ရေး၊ ရှင်သန်ရေးအတွက် ဥပဒေနှင့် အသေအချာ စီမံထားသည်။ သူတို့နိုင်ငံ၏အသက်၊ ဘာသာတရား၏အသက်၊ နိုင်ငံသားတို့၏ အသက်အိုးအိမ်စည်းစိမ်၏အသက်ကို ဥပဒေဖြင့် စနစ်တကျ စီမံထားသည်။ ဒေါ်အောင်ဆန်းစုကြည် မကြာခဏ ပြောနေသော “တရားဥပဒေ စိုးမိုးရေး”ဟူသည်မှာ ဤအချက်ကို ပြောလိုရင်း ဖြစ်သည်။ နိုင်ငံတစ်ခုတွင် တရားဥပဒေသည် အသက်အသည်းနှလုံးဖြစ်သလို ဖြစ်သင့်မဖြစ်သင့်ပိုင်းဖြတ်ပေးသောဦးနှောက်တစ်ခုလည်း ဖြစ်ပါသည်။

(၁၉)

“ကျွန်တော်တို့ မွတ်စလင်များ ဒီမှာ အများကြီး ရှိပါတယ်၊ ဗလီဆောက်ခွင့်ပေးပါ”ဟု မွတ်စလင်လူထုက တောင်းဆိုလိုက်သည်။ လူ့အခွင့်အရေးအရ တောင်းဆိုခွင့်ရှိသည်။ အစိုးရကလည်း ပြောသည်။ “အိုကေ … တို့နိုင်ငံက ဒီမိုကရေစီနိုင်ငံဖြစ်တယ်။ လွတ်လပ်စွာ လုပ်ဆောင်ခွင့်ရှိတယ်။ ဒါကြောင့် တို့အစိုးရက ဆောက်ခွင့်ပေးတယ်။ ဒါပေမဲ့ ဒေသခံ၊ မြို့ခံတွေရဲ့ ဆန္ဒကလည်း ရှိသေးတယ်။ သူတို့ကို မေးရဦးမယ်”ဟု အဖြေပေးသည်။ မြို့ခံများက ခရစ်ယာန်အများစုဖြစ်သည့်အတွက် ကန့်ကွက်ကြသည်။ ဗလီဆောက်ခွင့်မရှိတော့။ ဤနိုင်ငံများ၏ ပါးနပ်မှုကို ဥပမာပေးခြင်း ဖြစ်သည်။ ဤစနစ်ကြောင့် ဂျာမနီမှာ မွတ်စလင်များ သန်းချီရှိသော်လည်း ဗလီအရေအတွက်က အနည်းငယ်သာ ရှိသည်။ ဗလီပေါင်း ၁၅ဝ ခန့်ရှိသည်ဟု ဆိုသော်လည်း ပီပီပြင်ပြင်ရှိသည့်ဗလီအရေအတွက်က ၁ဝဝ ခန့်သာရှိသည်ဟု ဆိုသည်။

ယခုအခါတွင် အနောက်နိုင်ငံများတွင် ခရစ်ယာန်ဘုရားရှိခိုးကျောင်းတံခါးများ တဖြည်းဖြည်း ပိတ်နေကြချိန်တွင် မွတ်စလင်တို့က ငွေအလုံးအရင်းဖြင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများကို ဝယ်ယူနေကြသည်။ မွတ်စလင်တိုးပွားနှုန်းက အနောက်နိုင်ငံများတွင် တဖြည်းဖြည်း သိသာထင်ရှားလာသည်။ အများအားဖြင့် အနောက်နိုင်ငံများသို့ ဒုက္ခသည်အသွင်ဖြင့် ဝင်ရောက်လာကြခြင်း ဖြစ်သည်။

ခရစ်ယာန်ဘာသာဝင်တို့က ဘာသာရေးဘက်အားလျော့လာချိန်၊ ဗုဒ္ဓဘာသာဝင်နှင့်အခြားဘာသာဝင်များက ငွေကြေးချို့တဲ့ချိန်တွင် မွတ်စလင်တို့က ဘာသာရေးကို ဘဝနှင့်ခိုင်ခိုင်မာမာ တွဲစပ်ကာ ငွေပင်ငွေရင်း အမြောက်အမြားဖြင့် ကမ္ဘာ့အနှံ့ခြေဆန့်နေကြပြီ ဖြစ်သည်။ သို့သော်လည်း အနည်းအကျဉ်းကသာ သတိပြုရကောင်းမှန်း သိနေကြသည်။ အမေရိကန်လို နိုင်ငံမျိုးကသာ တားဆီးရကောင်းမှန်း နားလည်ထားသည့်ပုံရသည်။ သို့သော် အမေရိကန်က “ကျွန်တော်တို့က မွတ်စလင်ကို ဘယ်တော့မှ မတိုက်၊ အကြမ်းဖက်သမားကိုသာ တိုက်သည်”ဟုသာ စကားစထွက်ထားသည်ကို အတုယူသင့်ပါသည်။

စာရေးသူ၏ ဆိုလိုရင်းမှာ “တရားဥပဒေစိုးမိုးရေး”ကို ရှေးရှုနိုင်ကြဖို့ ဖြစ်ပါသည်။ တရားဥပဒေစိုးမိုးလျှင် အရာရာကို တရားနည်းလမ်းတကျ စီမံလို့ ရသည်။ ဣနြေ္ဒရှိရှိဖြင့် စောင့်ရှောက်စရာရှိတာ စောင့်ရှောက်နိုင်သည်။ ပယ်ရှားစရာရှိတာ ပယ်ရှားနိုင်သည်။ မိမိတို့ သဘောမကျသည်ကို ဥပဒေဖြင့် တားဆီးလို့ ရသည်။ ကန့်ကွက်လို့ ရသည်။ ဂျာမနီနိုင်ငံတွင် မွတ်စလင် ၃ သန်းကျော်ရှိသည်။ ဗလီက အထက်တွင်ဆိုခဲ့သလို ၁ဝဝ ကျော်သာ ရှိသည်။

မြန်မာနိုင်ငံတွင် မွတ်စလင်လူဦးရေ ၄ သန်းခန့်သာ (လက်ရှိမြင်တွေ့သိရှိရသော ကိန်းဂဏန်းများအရ ဆိုထားခြင်းဖြစ်သည်။ အမှန်တကယ် ထိုထက် အဆများစွာ တိုးပွားလာနေဖွယ်ရှိသည်)ရှိသော်လည်း ဗလီများက ထောင်သောင်းချီနေသည်။ ဘယ်သူတွေက ခွင့်ပြုခဲ့သနည်း။ ဒေသခံပြည်သူတို့၏ ကန့်ကွက်မှုကို ဘယ်သူတွေက နားမထောင်ခဲ့သနည်း။ သတိပြုမိကြဖို့ ဖြစ်ပါသည်။

အခု တို့မြန်မာနိုင်ငံ၏ခြေလှမ်းများ ဘယ်သို့ ဘယ်ဆီ လှမ်းနေသလဲ။ မျက်ခြေမပြတ်ကြစေလိုပါ။ သမိုင်းသင်္ခန်းစာများကို အမှတ်သည်းခြေရှိရှိ သတိမူမိကြစေဖို့ ဖြစ်ပါသည်။

(၂ဝ)

နေ့လယ်တွင် ဘာလင်တံတိုင်းကြီးကို သွားဖို့ စီစဉ်ကြသည်။ ဘာလင်တံတိုင်းမသွားမီ အခြားရှေးဟောင်းအဆောက်အအုံများကို သွားရောက်လည်ပတ်ကြသည်။ သင်္ဘောဖြင့် Sight Seeing Tour လည်း သွားကြသည်။ သန့်ရှင်းသပ်ရပ်သော ဘာလင်မြို့ သင်္ဘောဆိပ်သည် ကမ္ဘာလှည့်ခရီးသွားများ၊ အပန်းဖြေနေကြသောဒေသခံလူမျိုးများဖြင့် ပြည့်နှက်နေသည်။

ဘာလင်မြစ်ကြောင်းတစ်လျှောက်တွင်လည်း အပျော်စီးသင်္ဘောများက ဥဒဟို ခုတ်မောင်းနေကြသည်။ ဘာလင်မြစ်ဘေးဝဲယာတွင် ရှိသော ရှေးဟောင်းအဆောက်အအုံကြီးများ၊ ခေတ်မီအဆောက်အအုံများကလည်း ဆွဲဆောင်မှုအပြည့်ရှိသည်။ ခေတ်မီဗိသုကာလက်ရာများ၊ ရှေးဟောင်းဗိသုကာလက်ရာများဖြင့် ပုံစံအမျိုးမျိုး တည်ဆောက်ထားသော တံတားများကလည်း ငေးမောဖွယ်ရာ ဖြစ်သည်။

ထုထည်ကြီးမားပြီး ခန့်ထည်သော ဘုရားရှိခိုးကျောင်းကြီးများ၊ ရှေးဟောင်းအဆောက်အအုံများကို မြစ်ကမ်းနှင့်ကပ်လျက်တည်ဆောက်ပုံမှာ ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။ ဘာလင်မြစ်ကမ်းတစ်လျှောက်လုံး ကမ်းမပြိုအောင် ပြုလုပ်ထားပုံကိုလည်း တခုတ်တရ ကြည့်မိသည်။ ဘာလင်မြစ်ကိုကြည့်ပြီး မြန်မာနိုင်ငံက ငမိုးရိပ်ချောင်းကြီးကို အမှတ်ရသည်။ ဘာလင်မြစ်ကမ်းကို ခိုင်မာအောင်ပြုလုပ်ထားပုံနှင့် ကမ်းနှင့်ကပ်လျက်ရှိသည့်အဆောက်အအုံများကို ကြည့်ပြီး ငမိုးရိပ်ချောင်းဘေးက နောင်တော်ကြီးတစ်ပါး၏ ဝေဠုမာရကျောင်းလေးကို သတိတရ မြင်ယောင်မိသည်။

(၂၁)

ငမိုးချောင်းဘေးတွင် ရွှံ့နွံများ ထူထပ်သည်။ ချောင်းထဲတွင်လည်း အမှိုက်သရိုက်များဖြင့် ပြည့်နေတတ်သည်။ ရန်ကုန်လိုမြို့ကြီးထဲတွင်ရှိသော်လည်း အနံ့အသတ်ကလည်း မကောင်း၊ သန့်ရှင်းမှုကလည်း မရှိဖြစ်နေသည်မှာ စိတ်ဆိုးချင်စရာပင် ကောင်းလှသည်။

(၂၂)

ပို၍ဆိုးသည်မှာ မကြာခဏ ပြိုကျနေသော ငမိုးရိပ်ချောင်းကမ်းပါးများ ဖြစ်သည်။ ချောင်းဘေးတွင်နေသော နောင်တော်ကြီး၏ကျောင်းဘေး ချောင်းကမ်းပါးသည် ပြိုကျလိုက်၊ ပြုပြင်လိုက်၊ ပြိုကျလိုက်ဖြင့် ငွေကုန်ကြေးကျ သိပ်များလှသည်။ ကျောင်းအတွင်းရှိ စေတီတော်ပင် ပြိုကျလုမတတ်ဖြစ်နေသည်။ ငမိုးရိပ်ချောင်းကမ်းပါးများကို ဘာလင်မြို့မြစ်ကမ်းများလို ခိုင်မာအောင်ပြုပြီးသည့်နေ့ကို မျှော်လင့်ဆုတောင်းမိသည်။ (အမှန်အားဖြင့် ဘာလင်မြစ်သာမဟုတ်၊ ဂျာမနီနိုင်ငံရှိ အခြားမြစ်ကမ်းများကိုလည်း ခိုင်မာအောင်ပြုလုပ်ထားသည်ဟု သိရသည်)။

မြန်မာနိုင်ငံက ငမိုးရိပ်လို ချောင်းများ၊ မြစ်များကို သန့်ရှင်းသပ်ရပ်အောင် ပြုလုပ်ထားလျှင် မြန်မာနိုင်ငံသူ/သားများအတွက်ပါသာမက ကမ္ဘာလှည့်ခရီးသည်များကိုပင် ဆွဲဆောင်နိုင်ပါလိမ့်မည်။ တိုင်းပြည်အတွက်လည်း တစ်ဖက်တစ်လမ်းမှ အကျိုးပြုပါလိမ့်မည်။ ပညာဗဟုသုတနည်းပါးခြင်း၊ အမြော်အမြင်မရှိခြင်း၊ အကျင့်ပျက်ခြစားမှုများ ပေါများခြင်း စသည်တို့ကြောင့် ရွှေပြည်တော်ကတော့ မျှော်လင့်တိုင်း ဝေးနေဆဲပင် ဖြစ်သည်။

(၂၃)

ဂျာမနီနိုင်ငံရှိ လမ်းဘေးရုပ်တုများကလည်း ထူးခြားသည်။ လူရုပ်ပြုလုပ်လျှင် လူနှင့်တူအောင် မပြုလုပ်ကြ၊ အမျိုးသားရုပ်ကိုလည်း အမျိုးသားရုပ်ပီပြင်အောင်၊ အမျိုးသမီးဆိုလည်း အမျိုးသမီးရုပ်ပီပြင်အောင် မပြုလုပ်တတ်ကြပေ။ အခြား ကျား၊ ခွေး စသော တိရစ္ဆာန်ရုပ်များကိုလည်း ကျားနှင့်မတူအောင်၊ ခွေးစသည်တို့နှင့် မတူအောင် ထုလုပ်တတ်ကြသည်။ လူရုပ်များ ထုလုပ်ရာတွင် အဝတ်အစားမပါသောအရုပ်များကိုလည်း ထုလုပ်တတ်ကြသည်။

အဘယ့်ကြောင့် ထိုကဲ့သို့ (အူကြောင်ကြောင်) ရုပ်တုများကို ထုလုပ်ကြသနည်း။ သူတို့မူလအကြောင်းတရားကိုတော့ မသိပါ။ သို့ရာတွင် ထိုကဲ့သို့ ကို့ရို့ကားယားရုပ်တုများကြောင့် လေ့လာသူလူအများက စိတ်ဝင်စားကြခြင်း ဖြစ်သည်။ လူကို လူနှင့်တူအောင်၊ အမျိုးသမီးကို အမျိုးသမီးနှင့်တူအောင် ထုလုပ်ကြလျှင် မည်သူမျှ စိတ်ဝင်စားကြမည် မဟုတ်ပေ။ ကို့ရို့ကားယား၊ ထူးထူးဆန်းဆန်း အသွင်အပြင်၊ ဟန်များကြောင့် အသေအချာလာရောက်ကြည့်ရှုသူများ၊ ဓာတ်ပုံရိုက်ကြသူများဖြင့် ပြည့်နေတတ်ခြင်း ဖြစ်သည်ဟု ထင်ပါသည်။ အတုယူသင့်သောအချက်တစ်ခုဟု ထင်သည်။

“ဟဟဟ … ဓာတ်ပုံတွေ တော်တော်ရိုက်ကြတယ်ကွ၊ ရိုက်မှာပေါ့ .. ငါ လုပ်ထားတာကိုက ထူးဆန်းတာကိုးးးး၊ ကမ္ဘာလုံးကြီးရယ်၊ ကမ္ဘာလုံးပေါ်မှာ ကမ္ဘာ့မြေပုံရယ်၊ ခြင်္သေ့၊ ငါး၊ သမင်၊ ကျားတွေရဲ့ အင်္ဂါအစိတ်အပိုင်းတွေရယ် ပေါင်းစပ်ပြီး ထူးထူးဆန်းဆန်းအရုပ်ဖြစ်နေတာကိုးကွ … လုပ်မယ့်လုပ် အဲဒီလို ထူးထူးဆန်းဆန်း သူများနဲ့မတူအောင်လုပ်မှ လူစိတ်ဝင်စားတာကွ”ဟု မလေးရှား၊ ပီနန်ကျောင်းမှ ပဉ္စရူပရုပ်အကြောင်းကို ပီနန်ဆရာတော်ကြီးပြောပြဖူးသည်ကို အမှတ်ရသည်။

(၂၄)

သင်္ဘောဖြင့် Sight Seeing Tour ပြီးသောအခါ ဂျာမနီနိုင်ငံ ဝန်ကြီးချုပ်မာကယ်လ်၏ ရုံးခန်းနှင့် ပါလီမန်အဆောက်အအုံသို့ သွားရောက်လေ့လာကြသည်။ မာကယ်လ်၏ရုံးခန်းကို မြစ်ကမ်းဘေးတွင် တည်ဆောက်ထားသည်။ တကယ့်ကို ခမ်းနားကြီးကျယ်သောအဆောက်အအုံကြီး ဖြစ်သည်။ မြစ်ကမ်းနှင့်အဆောက်အအုံကြီးကို မြင်လိုက်သည့်အခါ ဆိုင်ဆိုင်မဆိုင်ဆိုင် မစ္စတာယက်တောကို သွားအမှတ်ရလိုက်သေးသည်။ မစ္စတာယက်တောလိုတော့ အလွယ်တကူ ဝင်လို့ ရမည်မထင်ပါ။ စီစီတီဗွီများက နေရာအနှံ့ တပ်ဆင်ထားခြင်းကြောင့် ဖြစ်သည်။ ထူးဆန်းသည်က လက်နက်ကိုင်ပြီး စောင့်ကြပ်နေသောလုံခြုံရေးစစ်သားများ မတွေ့မိခြင်း ဖြစ်သည်။

ထို့နောက် ပါလီမန်ခန်းမကြီးသို့ သွားသည်။ ပါလီမန်ခန်းမကြီးရှေ့တွင်လည်း မည်သည့်လုံခြုံရေးမှ မရှိ။ လွတ်လပ်စွာ  ဓာတ်ပုံရိုက်နေကြသော ကမ္ဘာလှည့်ခရီးသည်များ၊ မြက်ခင်းပြင်များပေါ်တွင် စိတ်အေးလက်အေး အပန်းဖြေနေကြသူများဖြင့် ပြည့်နေသည်။ စိတ်အေးလက်အေးရှိသော၊ လွတ်လပ်ပေါ့ပါးဟန်ရှိသောလူများကို မြင်တိုင်း အမိနိုင်ငံကို သတိရသည်။ သန့်ရှင်းအောင်၊ သာယာအောင်ပြုလုပ်ထားသောနေရာများကိုရောက်တိုင်း အမိနိုင်ငံကို အမှတ်ရသည်။ ပြင်းထန်သည့်မျှော်လင့်ချက်များကိုတော့ လျှော့ချထားလိုက်သည်။ ဆန္ဒတော့ ပြုမိသည်။

(၂၅)

ထို့နောက် ဂျူးသင်္ချိုင်းသို့ သွားရောက်လေ့လာကြသည်။ ကျောက်တုံးများကို အနိမ့်အမြင့် မညီမညာဖြင့် စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြုလုပ်ထားသည်ကို တွေ့ရသည်။ ဂျူးများအကြောင်း သိရသည်မှာလည်း ရသမျိုးစုံရှိလှသည်။ ခေါင်းဆောင်ကြီးဟစ်တလာ၊ သူ၏ ဗိုလ်ချုပ်ကြီးများ၊ အကျဉ်းစခန်းများ၊ ဓာတ်ငွေ့များဖြင့် သတ်ဖြတ်ခြင်း၊ အစာရေစာဖြတ်တောက်ပြီး သေစေခြင်းစသော ကြောက်မတ်ဖွယ်ဖြစ်ရပ်ဆိုးကြီးများက ကျောချမ်းစရာပင် ကောင်းလှသည်။ အခုတော့ ဂျာမနီအစိုးရက သင်ပုန်းခြေသည့်အနေဖြင့် ဂျူးများကို အထူးအခွင့်အရေး ပေးထားသည်ဟု ဆိုသည်။ အခွန်ကို တင်းကျပ်စွာ ကောက်လေ့ရှိသော ဂျာမနီနိုင်ငံတွင် ဂျူးများက အခွန်ကင်းလွတ်ခွင့်ရသည်။

ခရစ်ယာန်ဘုန်းတော်ကြီးများကလည်း အတိတ်က သူတို့ကိုယ်တိုင် ဂျူးများအပေါ် ရက်စက်ကြမ်းကြုတ်သောအမှုများ ပြုလုပ်ခဲ့သော်လည်း ယနေ့အချိန်မှာတော့ ယင်းအမှားများကို ဝန်ခံပြီး သင်ပုန်းခြေလိုက်ကြပြီဖြစ်သည်။

ဂျူးများအကြောင်းနှင့်ဆက်စပ်ပြီး ခေါင်းထဲ ပေါ်လာခဲ့သည်မှာ …. “ခရစ်ယာန်တွေက ယနေ့အချိန်အထိ ဂျူးတွေအပေါ် အမြင်မကြည်လင်ခဲ့လျှင် …”ဆိုသော ဝါကျပြတ်တစ်ခု ဖြစ်ပါသည်။ 

ခရစ်ယာန်များနှင့်နာဇီများက ဂျူးများအပေါ် လူမဆန်စွာဖြင့် ရက်စက်ခဲ့ကြသည်။ သတ်ဖြတ်ခဲ့ကြသည်။ အဆိုးမြင်ခဲ့ကြသည်။ ယနေ့အချိန်တွင် ဂျူးများအပေါ် ပြန်လည်နှစ်သိမ့်ခြင်း၊ ပေးဆပ်ခြင်းများ မပြုလုပ်ဘဲ ဆက်လက်ရက်စက်နေဦးမည်ဆိုလျှင် အစ္စရေးနှင့်ပါလက်စတိုင်းလို တစ်ကမ္ဘာလုံးတွင် ခရစ်ယာန်နှင့်ဂျူး သတ်ဖြတ်ပွဲများ နေ့စဉ်ဖြစ်ပျက်နေလိမ့်မည်ဟု တွေးမိသည်။

ယနေ့အခါမှာတော့ ပညာတတ်ခရစ်ယာန်များက သူတို့အမှားကို ဝန်ခံပြီး ဂျူးများအပေါ် မေတ္တာတရား၊ ကိုယ်ချင်းစာတရားများ လက်ကိုင်ပြုကာ ကြင်နာဖေးမကြသည်။ ထိုမေတ္တာတရားကို အရင်းခံထားသော ဆက်ဆံရေးက ကမ္ဘာ့ငြိမ်းချမ်းရေးကို ခိုင်ခံ့စေသည်ဟု နားလည်မိသည်။ ယနေ့ အစ္စရေး၊ ပါလက်စတိုင်းတို့အကြားတွင်ရှိသော အပြန်အလှန် ရက်ရက်စက်စက် သတ်ဖြတ်မှုများကိုလည်း သို့ကလို မေတ္တာတရား၊ ကိုယ်ချင်းစာတရားများဖြင့် မရပ်တန့်နိုင်ကြပြီလော …။ ရပ်တန့်လိုက်စေဖို့ ဆန္ဒပြုမိသည်။ အခြားနေရာများစွာက ဘာသာတရားများအကြား၊ လူမျိုးအချင်းချင်းကြားမှာရော ခရစ်ယာန်နှင့်ဂျူးတို့ နားလည်မှုယူလိုက်ကြသလို မေတ္တာတရား၊ ကိုယ်ချင်းစာတရားများ ထွန်းကားအောင် မဆောင်ရွက်နိုင်ကြတော့ပြီလော။ ဂျူးသင်္ချိုင်းအုတ်ဂူပေါ်တွင်ထိုင်ရင်း တွေးနေမိခဲ့သည်။ ကမ္ဘာမြေငြိမ်းချမ်းပါစေဟုလည်း ဆုတောင်းမိခဲ့သည်။

(၂၆)

ဘာလင်တံတိုင်းကြီးဆီသို့ သွားကြသည်။ ရင်က ခုန်ပြီ။ ကားဆရာက လမ်းမကြီးတစ်ခုဘေးတွင် ကားကို ရပ်လိုက်သည်။ “ဒါက ဘာလဲ၊ ဘယ်လုပ်ဖို့လဲ”ဟု မေးမိသည်။ “ရောက်ပြီလေ ဘာလင်တံတိုင်း”။ “အော် … ဒါက ဘာလင်တံတိုင်းကြီးပေါ့”။ “ဟုတ်တယ်လေ”။ “အော်”။ ဒေသစွဲဖြင့် ပြောခြင်း မဟုတ်ပါ။ ဘာလင်တံတိုင်းသည် မန္တလေးနန်းမြို့ရိုးလောက် မလှပါ။ နန်းမြို့ရိုးလောက်လည်း မမြင့်ပါ။ နန်းမြို့ရိုးလောက်လည်း ထုထည်မကြီးမားပါ။ သို့သော် …

သို့သော် ဘာလင်တံတိုင်းက ကမ္ဘာ့သမိုင်းအဖြစ်အပျက်ကြီးနှင့် သက်ဆိုင်နေသည်။ ကမ္ဘာ့နိုင်ငံကြီးများ၏ စစ်မြေပြင်တစ်ခုလည်း ဖြစ်သည်။ ဒုတိယကမ္ဘာစစ်တွင် စစ်နိုင်သောနိုင်ငံကြီးများ၏ ခြေရာလက်ရာများနှင့်လည်း ဆက်စပ်နေသည်။

လက်နက်များဖြင့် တိုက်ခိုက်သောစစ်ပွဲမျှသာ မဟုတ်၊ နိုင်ငံရေးသီအိုရီများ စီးချင်းထိုးရာနေရာတစ်ခုလည်း ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာအားပြိုင်မှုတစ်ခုဖြစ်သည့် အရင်းရှင်ဒီမိုကရေစီစနစ်နှင့်ကွန်မြူနစ်စနစ်ဟူသော စနစ်နှစ်ခုတို့၏ ပါးလျသော နယ်ခြားစည်းတစ်ခုလည်း ဖြစ်သည်။

(၂၇)

၁၉၄၅ ခုနှစ်၊ မေလတွင် ဂျာမနီစစ်ရှုံးသည်။ အမေရိကန်၊ ဆိုဗီယက်၊ ဗြိတိန်နှင့်ပြင်သစ်တို့ မဟာမိတ်များက ဘာလင်မြို့ကို သူ့ဇုန်ကိုယ့်ဇုန် ခွဲခြမ်းပစ်လိုက်သည်။ ဇုန်တစ်ခုချင်းစီတွင် စစ်ဆေးရေးဂိတ် Check Point များ ထားရှိသည်။ ယခုအချိန်အထိ Check Point ကို မဖျက်ဆီးဘဲ ထားရှိသည်။ ဘာလင်ရောက်သူတိုင်း Check Point Charlie သို့ သွားရောက်လေ့လာကြသည်။

သို့ကလို ဇုန်များ ခွဲခြားလိုက်သော်လည်း ဆိုဗီယက်က ကွန်မြူနစ်စနစ်ကို အသက်သွင်းချင်သည်။ အမေရိကန်၊ ဗြိတိန်နှင့်ပြင်သစ်တို့က အရင်းရှင်စနစ်ဖြစ်စေချင်သည်။ အမျိုးမျိုး ကြိုးစားညှိနှိုင်းကြသော်လည်း မရသည့်အဆုံး အရှေ့ဂျာမနီ၊ အနောက်ဂျာမနီဟု နိုင်ငံနှစ်ခု ကွဲပြားသွားရလေတော့သည်။ အရှေ့နှင့်အနောက်ကြားတွင် သံဆူးကြိုးများ ကာရံလိုက်သည်။

(၂၈)

အရှေ့ဂျာမနီသည် ဆိုဗီယက်တို့၏ ကွန်မြူနစ်စနစ်အောက်တွင် ဆင်းရဲသောနိုင်ငံတစ်ခု ဖြစ်ခဲ့ရသည်။ အနောက်ဂျာမနီသည်ကား အရင်းရှင်ဒီမိုကရေစီစနစ်ကြောင့် ချမ်းသာသည်။ အရှေ့ဂျာမနီမှ ပြည်သူများသည် ဆင်းရဲသဖြင့် အနောက်ဂျာမနီသို့ ထွက်ပြေးရွှေ့ကြပြောင်းကြသည်။ အတားအဆီး၊ အပိတ်အပင်မရှိ ရွှေ့ပြောင်းနိုင်ကြသည်။

ဂျာမနီနိုင်ငံသမိုင်းအရ လူဦးရေ ၃ သန်းခွဲခန့် အနောက်ဂျာမနီသို့ ရွှေ့ပြောင်းကြသည်ဟု ဆိုသည်။ ထိုခေတ်လူဦးရေအရ ၂ဝ % နှုန်းခန့် ရွှေ့ပြောင်းကြခြင်းဟု ဆိုသည်။ ဆိုဗီယက်တို့ သိက္ခာကျလာသည်။ ထို့ကြောင့် တရစပ်ပြောင်းရွှေ့နေကြမှုကို တားဆီးရန် ၁၉၆၁ ခုနှစ်တွင် ဘာလင်တံတိုင်းကြီးကို စတင်တည်ဆောက်ခဲ့ကြသည်။ ကွန်ကရစ်ဘာလင်တံတိုင်းကြီးသည် မိုင်ပေါင်း ၁ဝဝ ခန့်ရှည်လျားသည်။

ထိုအချိန်မှစတင်၍ ဘာလင်တံတိုင်းကြီးသည် စစ်အေးခေတ်ကာလ အရင်းရှင်စနစ်နှင့်ကွန်မြူနစ်စနစ်တို့ အားပြိုင်မှု၏ အမှတ်သင်္ကေတတစ်ခု ဖြစ်လာခဲ့သည်။

ဘာလင်တံတိုင်းကြီး တည်ဆောက်ပြီးသည့်နောက်ပိုင်းတွင် အရှေ့ဂျာမနီနှင့်အနောက်ဂျာမနီ ကွဲပြားမှုက သိသာထင်ရှားသွားသည်။ ကွန်မြူနစ်တို့ ထုံးစံအတိုင်း ပညာတတ်များ၊ သစ္စာဖောက်ဟုယူဆထားသူများကို ရက်စက်စွာ စတင်သတ်ဖြတ်လာသည်။ ဘာလင်တစ်မြို့တည်းတွင် နေရသော်လည်း မိသားစုဆွေမျိုးများ၊ အဘိုးအဘွားများ၊ သူငယ်ချင်းများ၊ ချစ်သူခင်သူများကို ဘာလင်တံတိုင်းကြီးက ဝေးကွာစေခဲ့သည်။ 
လုံးဝတွေ့ခွင့်မရှိ၊ ဆုံခွင့်မရှိ၊ ဆက်သွယ်ခွင့်မရှိ။ အရုပ်ဆိုး၊ အကျည်းတန်မှုများ စတင်ဖြစ်ပေါ်လာခဲ့ရသည်။

အရှေ့ဂျာမနီအစိုးရ၏ အာဏာရှင်ဆန်ဆန် အုပ်ချုပ်ခြင်းကြောင့်လည်းကောင်း၊ ကွန်မြူနစ်စနစ်ဖြင့် ဖရိုဖရဲအုပ်ချုပ်ခြင်းကြောင့်လည်းကောင်း အရှေ့ဂျာမနီပြည်သူများမှာ အလွန်ဆင်းရဲသောဘဝများမှာ နေထိုင်ကြရသည်။ ပြည်သူများ ဆင်းရဲရသည့်အထဲ အရှေ့ဂျာမနီအစိုးရ၏ ရက်စက်မှု၊ ညှဉ်းပမ်းနှိပ်စက်မှုများကြောင့် အရှေ့ဂျာမနီမှ ပညာတတ်များစွာတို့ အနောက်ဂျာမနီသို့ ထွက်ပြေးကြသည်။

အချို့ဆိုလျှင် ဥမင်လိုဏ်ခေါင်းများ တူးပြီး သက်စွန့်ဆံဖျားပင် ထွက်ပြေးကြသည်။ ဥမင်လိုဏ်ခေါင်းတူးပြီး ထွက်ပြေးသောသူများကိုလည်း ရက်စက်စွာ သတ်ဖြတ်ခံကြရသည်။ အရှေ့ဂျာမနီစစ်တပ်က ထွက်ပြေးသူများကို နယ်ခြားစည်းတွင် ရက်ရက်စက်စက် ပစ်သတ်ပြန်သည်။ ပြေးသူများကလည်း အသက်စွန့်ပြီး ပြေးကြသည်။ စစ်တပ်ကလည်း Death Strip (သတ်မျဉ်း)များ သတ်မှတ်ထားပြီး ထိုမျဉ်းကို ကျော်သည်နှင့် ပစ်သတ်လေ့ရှိသည်။ ထိုခေတ်စစ်တမ်းကောက်မှုအရ ၁၂၅ ဦးခန့် သေဆုံးသည်ဟု ဆိုသော်လည်း လေ့လာသူသုတေသီများအလိုအရ ထို့ထက်မက များနိုင်သည်ဟု ဆိုကြသည်။

(၂၉)

၁၉၈၉ ခုနှစ်မှာတော့ ကမ္ဘာ့သမိုင်းတွင် အထင်ကရနေရာယူထားမည့်အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်ခဲ့သည်။ ယင်းမှာ အရှေ့ဂျာမနီသားတွေ ဘာလင်တံတိုင်းကြီးကို ဖြိုချပစ်နိုင်ခဲ့ကြခြင်း ဖြစ်သည်။ ၁၉၉ဝ ခုနှစ်တွင် အရှေ့ဂျာမနီနှင့်အနောက်ဂျာမနီ ပြည်လည်ပေါင်းစည်းနိုင်ခဲ့ကြသည်။ ဂျာမနီပြည်သူများ တစ်နိုင်ငံလုံး အောင်ပွဲခံကြသည်။ နိုင်ငံအနှံ့အပြားမှ ဂျာမနီပြည်သူများ တံတိုင်းကြီးပေါ်တက်ပြီး ပျော်ရွှင်စွာ သီချင်းဆိုကြ၊ ကခုန်ကြ၊ စကြ၊ နောက်ကြဖြင့် အောင်ပွဲခံခဲ့ကြသည်။

တံတိုင်းခြားနေခဲ့သော ချစ်ခြင်းမေတ္တာများ ပြည်လည်ပေါင်းစည်းနိုင်ခဲ့ကြသည်။ ကမ္ဘာမြေကို သွေးထွက်စေခဲ့သော၊ မိဘဆွေမျိုးများ၊ ချစ်သူခင်သူများအကြား အမုန်းတရားများ ဖြစ်ထွန်းစေခဲ့သော ကွန်မြူနစ်စနစ်ကို အရင်းရှင်စနစ်က အလဲထိုးအနိုင်ယူခဲ့သော အမှတ်သညာအဖြစ်လည်း တင်စားကြသည်။

ဘာလင်တံတိုင်းကြီးကို အာဏာရှင်တံတိုင်းကြီးအဖြစ်လည်း တင်စားကြသည်။ ဘာလင်တံတိုင်းကြီး ပြိုကျမှုကို အာဏာရှင်များ ကျဆုံးမှုအဖြစ်လည်း ရေးသားဖော်ပြကြသည်။

(၃ဝ)

ယခု ဘာလင်တံတိုင်းကြီးက နံရံဆေးရေးပန်းချီများ၊ ရှေးခေတ်၊ ယနေ့ခေတ် အနုပညာလက်ရာများ၊ Street Art ခေါ် လမ်းဘေးအနုပညာပန်းချီကားများဖြင့် ပြည့်နှက်နေသည်။ တံတိုင်းကြီးကို ကြည့်လိုက်လျှင် အပေါ်ယံမှာတော့ အဆိုပါ အနုပညာလက်ရာများကိုသာ မြင်ရမည်။

အနုပညာလက်ရာများကို ကျော်လွန်ပြီး အတိတ်ကာလများကို ပြန်ပြောင်းစဉ်းစားမိလျှင်တော့ အကွဲအပြဲများ၊ မညီမညွတ်မှုများ၊ ခိုက်ရန်အငြင်းပွားမှုများ၊ သွေးအိုင်ထဲလဲနေသောပြည်သူများ၊ သေနတ်သံများကြားမှာ သွေးပျက်ဖွယ်အော်ဟစ်ညည်းညူနေသော စိတ္တဇအသံများ၊ တစ်မြို့တည်းနေ,တစ်ရေတည်းသောက်ပြီး တံတိုင်းကြီး ခြား, ဝေးကွာနေရသဖြင့် လွမ်းဆွတ်တမ်းတနေရသော ချစ်သူများ, မိဘဆွေမျိုးများ၊ စစ်အာဏာရှင်များ၏ အာဏာလက်နက်အားကိုးဖြင့် အနိုင်ကျင့်ဗိုလ်ကျနေခဲ့သောပုံရိပ်များ … စသည့် နဂ္ဂတစ်ဆန်ဆန် ကြေကွဲစရာ၊ စက်ဆုပ်စရာ၊ ရင်နာစရာ၊ နာကြည်းစရာပုံရိပ်များက တစ်လွှာချင်း တစ်လွှာချင်း စိတ်အာရုံထဲ လွင့်မျောလာကြသည်။

ထိုမှတစ်ဆင့် တံတိုင်းကြီး ပြိုကျသွားခဲ့ပြီ။ ချစ်သူတွေ ပြန်လည်ပွေ့ဖက်နိုင်ကြပြီ။ ဆွေမျိုးတွေ ပြန်တွေ့ရပြီ။ သေနတ်သံတွေအစား ရယ်မောသံတွေ, သီချင်းဆိုသံတွေ ကြားလာရပြီ။ တစ်မြေတည်းနေ,တစ်လှေတည်းစီး သွေးချင်းများအကြား ကွဲပြားမှုများ၊ မညီညွတ်မှုများ၊ ငြင်းခုံမှုများ၊ ရန်ပွဲများ … ဆိတ်သုဉ်းသွားပြီ။

လက်နက်ကြီးဖြင့် ရန်စောင်နေခြင်းများလည်း မရှိတော့ပြီ။ သေနတ်ကြီးတွေတကားကားဖြင့် ပြည်သူကို ခြိမ်းခြောက်၊ နှိပ်စက်နေကြသူများလည်း မရှိတော့ပြီ။ သွေးစည်းညီညွတ်စွာဖြင့် အမိဂျာမနီကို ကမ္ဘာ့အင်အားကြီးနိုင်ငံကြီးအဖြစ် ရောက်ရှိအောင် ဂျာမန်ပြည်သူများ ကြိုးစားတည်ဆောက်နိုင်ခဲ့ကြပြီ။

ကမ္ဘာတွင် ဂျာမနီသည် အထင်ကြီးလေးစားဖွယ်၊ အားကျဖွယ်၊ အတုယူဖွယ်ကောင်းသော စံပြနိုင်ငံကြီးတစ်ခု ဖြစ်ပြီ။ နဂ္ဂတစ်မြင်ကွင်းများနောက်တွင် ပို့စစ်တစ်မြင်ကွင်းများက တစ်ဆက်တည်း လိုက်လာခဲ့ကြသည်ကို တွေ့ရသည်။

(၃၁)

ဘာလင်တံတိုင်းကြီးကနေ ပြသနေသော အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ဆေးရောင်စုံပိတ်ကားကြီးကို တဝကြီး ငေးမောပြီးသောအခါ အမိနိုင်ငံ၏ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ကို အတွေးအာရုံထဲ ပြန်လည်ငေးမောမိပြန်သည်။

ဘာလင်တံတိုင်းကြီး၏ အတိတ်ကာလများလို ကြေကွဲစရာ၊ ဝမ်းနည်းဖွယ်ရာ၊ နာကျည်းစရာ၊ စက်ဆုပ်ဖွယ်ရာ နဂ္ဂတစ်ပြကွက်များ ရှိနေခဲ့တာလည်း သေချာနေသည်။ ရှိနေဆဲဖြစ်နေတာလည်း သေချာနေသည်။ ဘာလင်တံတိုင်းကြီးနားကနေ မေးခွန်းတစ်ခု ရလိုက်သည်။ “ရွှေပြည်တော်ကြီး ဘယ်သို့ ဘယ်ဆီများ လှမ်းလျှောက်နေပါသလဲ”

(၃၂)

မကောင်းသည့် နာကျည်းစရာ အတိတ်ကာလများမှ ဝင့်ဝင့်ကြွားကြွား ရုန်းထနိုင်ခဲ့ပါသော ဘာလင်တံတိုင်းကြီးက ကမ္ဘာ့သမိုင်းတွင် အထင်ကရ တည်ရှိနေခဲ့တာကတော့ သေချာသည်။ မသေချာသေးသည်က မ် ယရစ် န်သတ် မ် ရေးချာ ပင် ဖြစ်ပါသည်။

(၃၃)

အပြန်လမ်းက ကျည်ဆန်ရထားကြီးပေါ်တွင် “ဂျာမန်တွေက ဘာလင်တံတိုင်းကြီးကို ဖြိုချပြီး ဂျာမနီနိုင်ငံကြီးကို တိုးတက်အောင်၊ ကမ္ဘာ့အလည် ဂုဏ်ထည်ဝါအောင် တည်ဆောက်ခဲ့ကြတယ်။ တို့ကရော ဘာကို ဖြိုချပြီး ဘယ်လို တည်ဆောက်သင့်ကြပါသလဲ”ဟု မိမိကိုယ်ကို မကြာခဏ မေးနေမိခဲ့သည်။

အဖြေမရနိုင်သေးသော မေးခွန်းက လူကို အလွန်အမင်း နှိပ်စက်ကလူသည်။ ရထားပေါ်က ဆင်းတော့ မိုးက အနည်းငယ် ရွာနေသည်။ ထီး မပါခဲ့ပါ။

ပြီးပါပြီ။   

အရှင်ကုသလသာမိ (အတည်မဲ့)
၁၄၊ ဝ၈၊ ၂ဝ၁၄

ခရီးစဉ်အစအဆုံး လိုလေသေးမရှိ ပြုစုခဲ့ကြသော သံအမတ်ကြီးမိသားစုနှင့် ဘာလင်မြို့ရှိ ရွှေမြန်မာများအားလုံးတို့အား ကျေးဇူးအထူးတင်ပါသည်။

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails