Saturday, July 26, 2014

ပန်းရောင်စုံများကြားက ငြိမ်းချမ်းရေးတောင်ပံခတ်သံများ (နိဂုံး)



(၁ဝ)

ဘိက္ခုဉာဏဗောဓိ၏ အပြောအဟော ကောင်းမှုကြောင့် ပရိသတ်များက တဝါးဝါး တဟားဟားဖြင့် ပွဲကျနေသည်။ ဘိက္ခုဉာဏဗောဓိ ပြောပြီးသည့်အခါ အမေရိကန်တွင် သီတင်းသုံးသော ဂျာမန်ရဟန်းတော်က ဆက်ပြောသည်။ ထို့နောက် အိန္ဒိယရဟန်းတော်ဘိက္ခုသံဃသေန ပြောသည်။

ဘိက္ခုသံဃသေန ပြောနေစဉ် တွေးမိသည်။ “အော် အခမ်းအနားမှာရှိတဲ့သူတွေ အားလုံး ပြောကြရတာလား မသိဘူး။ ငါ့အလှည့်ကျရင် ဘာပြောရင် ကောင်းမလဲ”ဟု တွေးနေမိသည်။ ပြောချင်စိတ်လည်း အလွန်ပြင်းပြနေသည်။

လူကြားထဲတွင် ပြောဟောရသည့်အတွေ့အကြုံ အတိုင်းအတာတစ်ခုအထိ ရှိလာတော့ နည်းနည်းမျှ မကြောက်မိ။ စာရေးသူအလှည့်မရောက်မီ ကြားထဲတွင် ၂ ပါး ကျန်သေးသည်။ ကံကောင်းသည်လား ကံဆိုးသည်လားတော့ မသိ။ ဘိက္ခုသံဃသေနက မိုက်ကရိုဖုန်းကို မချတမ်း ပြောနေသည်။

ဘိက္ခုဉာဏဗောဓိတို့လည်း ကြည့်ပြုံးနေပြီ။ စာရေးသူ၏နောက်မှ ကိုယ်တော်ကတစ်ဆင့် လက်ထဲကို နာရီတစ်လုံး ရောက်လာသည်။ ရှေ့က ဘိက္ခုသံဃသေနကို ထိုးပေးလိုက်သည်။ နာရီထိုးပေးတာတောင် အရှင်က ဆက်ပြောလိုက်သေးသည်။

ဘိက္ခုသံဃသေန ပြောပြီးသည့်အခါ ၁၂ နာရီ ခွဲတော့မည်။ ဘိက္ခုဉာဏဗောဓိက မိုက်ကရိုဖုန်းကို အောက်မှာ ထိုင်နေသော ခရစ်ယာန်ဘုန်းကြီးကို ကမ်းပေးလိုက်သည်။ ပြောမည်ဟု အားခဲထားသမျှ သွားပြီပေါ့လေ။ ခရစ်ယာန်ဘုန်းကြီးကလည်း ဂျာမန်လို ပြောသည်။ ၁၂ နာရီခွဲသွားပြီ။ ဆွမ်းချိန်နောက်ကျတော့မည်ဟု ပြောပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

(၁၁)

ဤနေရာတွင် ဆွမ်းချိန်ကိစ္စ ပြောရလိမ့်ဦးမည်။ ဂျာမနီရာသီဥတုသည် ဆောင်းဦး၊ ဆောင်း၊ နွေဦး၊ နွေအားဖြင့် ဥတုလေးမျိုး ရှိသည်။ ရာသီအလိုက် မွန်းလွဲချိန်ကွဲပြားသည်။ စာရေးသူတို့ သွားသည့်အချိန်မှာ ဧပြီလဖြစ်ပြီး မွန်းလွဲချိန်မှာ နေ့လယ် ၁ နာရီဟု ဆိုသည်။ သို့ဖြစ်၍ ၁၂ နာရီခွဲဟုဆိုသော်လည်း နေ့လွဲညစာမဖြစ်သေး၊ မွန်းမလွဲသေးဟု ဆိုရမည်ဖြစ်သည်။ သူ့အရပ်နှင့်သူ့ဇာတ်၊ မြန်မာဆရာတော်များတော့ မည်သို့ဆိုကြမည် မသိပါ။

(၁၂)

ဘိက္ခုဉာဏဗောဓိက အာရှမှာကဲ့သို့ တန်းဆွမ်းလောင်းကြမည်၊ သံဃာများက သပိတ်ကိုယ်စီပိုက်ပြီး အလှူခံရမည်၊ အလှူခံပြီးပါက ဆွမ်းကျောင်းမှာ စောင့်နေကြရမည်ဟု အသိပေးသည်။ ရှေ့တွင် မည်သို့ပြင်ဆင်ထားသလဲမသိသဖြင့် သင်္ကန်းမရုံဖြစ်ခဲ့ပါ။ နောက်မှ မြန်မာဟန် သင်္ကန်းရုံပြီး ဆွမ်းခံလိုက်ရင် ဘယ်လောက်ကောင်းလိမ့်မလဲဟု သင်္ကန်းမရုံဖြစ်တာကို နောင်တရခဲ့သည်။

ခရစ်ယာန်ဘုန်းကြီးက ဘာလုပ်ရမှန်း မသိ။ ကြောင်ရပ်နေသည်။ ထိုအခါ ဘိက္ခုဉာဏဗောဓိက “အရှင်ဘုရား ဘာလုပ်နေတာလဲ”ဟု ခရစ်ယာန်ဘုန်းကြီးကို လှမ်းမေးသည်။ “ငါ ဘာလုပ်ရမလဲ စဉ်းစားနေတာ၊ ဗုဒ္ဓဘာသာရဟန်းတော်တွေက သပိတ်ပိုက်ပြီး ဆွမ်းခံကြွတော့မယ်၊ ငါက ဘယ်လို ပူးပေါင်းပါဝင်ရမလဲ၊ ဘယ်လို ပါဝင်သင့်သလဲဆိုတာကို စဉ်းစားနေတာ”ဟု ပြောသည်။

ထိုအခါ ဘိက္ခုဉာဏဗောဓိက “အဲ … အရှင်ဘုရားလည်း ဘုန်းကြီးပဲ၊ သပိတ်ပိုက်ပြီး တို့နဲ့အတူ ဆွမ်းခံစားပေါ့”ဟု ပြောသည်။ ပထမတော့ နောက်ပြောင်ပြောသည်ဟု ထင်သည်။ သို့ရာတွင် ကိုရင်လောင်းက သပိတ်တစ်လုံး ယူလာပေးလိုက်သည်။ သပိတ်ပိုက်ထားသော ခရစ်ယာန်ဘုန်းတော်ကြီးကို ကြည့်ပြီး အားလုံး သဘောကျနေခဲ့ကြသည်။

အခမ်းအနားကျင်းပရာ ခန်းမထဲက ထွက်လိုက်တော့ ဆွမ်းလောင်းမည့်သူတွေက အဆင်သင့်ဖြစ်နေကြပြီ။ နေက ပူနေသဖြင့် ဂျာမန်တွေအကြိုက်ဖြစ်သည်။ သူတို့သည် နေပူပူတွင် နေရသည်ကို သဘောကျကြသည်။

ဆွမ်းလောင်းနေသည့် အနောက်နိုင်ငံသား ဖြူဖြူဖွေးဖွေးများကို ကြည့်ပြီး ရင်ထဲတွင် ပြောမပြတတ်လောက်အောင် ကြည်နူးမိသည်။ သူတို့အထဲတွင် အချို့က အတော်အတန် အလေ့အကျင့်ရှိသည်ဟု ထင်သည်။ အချို့ကတော့ ကြောင်ကြောင်အန်းအန်း အမူအရာများ တွေ့ရသည်။

(၁၃)

ဆွမ်းခံပြီးသောအခါ ဆွမ်းစားဆောင်တွင် နေရာယူကြသည်။ ဆွမ်းမစားမီ မိမိထက် ဝါကြီးသောသံဃာများကို အရိုအသေပေး၊ ဦးချကြရသည်။ စာရေးသူတို့လည်း မိမိတို့ထက်ကြီးသော သံဃာများကို ဝတ်ပြုလိုက်သည်။ ထိုအချိန်တွင် ခရစ်ယာန်ဘုန်းတော်ကြီးလည်း ရောက်လာသည်။ ဗုဒ္ဓဘာသာသံဃာများကြားတွင် အနည်းငယ် အန်းတန်းတန်း ဖြစ်နေပုံရသည်။ ခဏအကြာတွင် ထူးဆန်းသောမြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။

သူလည်း သူ့ထက်ဝါကြီးသော သံဃာများကို စာရေးသူတို့ ဦးချသည့်အတိုင်း ဦးချလေတော့သည်။

ဆွမ်းစားသည့်အခါ နေရာချရာတွင်လည်း ဗုဒ္ဓဘာသာရဟန်းတော်များနှင့် တန်းတူနေရာချထားသည်။ စာရေးသူတို့လို သပိတ်နှင့် ဆွမ်းစားကြသည်။ ဆွမ်းစားပြီးသောအခါ ဝါကြီးသောသံဃာများကို တစ်ကြိမ်ကန်တော့ကြပြန်သည်။

သူလည်း စာရေးသူတို့နှင့်အတူ လိုက်ကန်တော့သည်။ ဆွမ်းစား၊ သပိတ်ဆေး၊ ကိစ္စဝိစ္စများ ပြီးဆုံးသောအခါ ဧည့်ခန်းတွင် ထိုင်ကြသည်။ ဘိက္ခုဉာဏဗောဓိနှင့်သူက ကပ်လျက်ထိုင်ကာ စကားပြောနေကြသည်။

(၁၄)

ဘိက္ခုဉာဏဗောဓိက အခုလို ဗုဒ္ဓဘာသာအခမ်းအနားတွင် လိုက်လျောညီထွေစွာ ပါဝင်ဆင်နွှဲပေးသည့်အတွက် ကျေးဇူးတင်ကြောင်း၊ လေးလည်း လေးစားပါကြောင်း၊ ပရိသတ်များရှေ့တွင် ခရစ်ယာန်၊ ဗုဒ္ဓဘာသာ ညီညွတ်မှု၊ လိုက်လျောညီထွေဖြစ်မှု၊ အချင်းချင်း မဆန့်ကျင်မှု၊ ချစ်ခင်ရင်းနှီးမှုတို့ကို ပြသလိုက်ရာရောက်သဖြင့် ပျော်ရွှင်ကြည်နူးရပါကြောင်း … စသဖြင့် ပြောကြားနေသည်ကို ကြည်ကြည်နူးနူး ကြည့်နေဖြစ်ခဲ့သည်။

သူတို့စကားပြောရပ်သည့်အခါ စာရေးသူက မိတ်ဆက်သည်။ “အရှင်ဘုရားရဲ့ကျောင်းကိုလည်း အလည်လာချင်ပါတယ်”ဟုဆိုသောအခါ “လာခဲ့ပါ။ ဒါပေမဲ့ ခရစ်ယာန်ဘုန်းကြီးလို နေရမှာနော်”ဟု ရယ်ကာပြုံးကာ ဆိုသည်။ စာရေးသူကလည်း အားကျမခံ “ရတယ်။ အရှင်ဘုရားတောင် ဗုဒ္ဓဘာသာဘုန်းကြီးလို ပြုမူနိုင်သေးတာ တပည့်တော်လည်း နေပြရမှာပေါ့”ဟု ပြောလိုက်သည်။

ကြည်နူးမှုများပြည့်ရွှမ်းနေသော ရယ်သံလွင်လွင်လေးများက ခန်းမအတွင်း နေရာမလပ် ပြန့်နှံ့နေခဲ့သည်ဟု ခံစားမိခဲ့သည်။ အင်း … တကယ်တော့ ခန်းမလေးထဲမှာတင် မဟုတ်ပါဘူး။ မေတ္တာဝိဟာရတောကျောင်းလေးတစ်ခုလုံး၊ အဲဒီကနေတစ်ဆင့် ထင်းရှူးတောတန်းများ၊ မြက်ခင်းစိမ်းစိမ်းများ၊ ဖြူနီပြာဝါရောင်စုံပန်းခင်းများကို အဆင့်ဆင့် ကျော်ဖြတ်ကာ ငြိမ်းချမ်းရေးတေးသံများအဖြစ် ရွက်လွှင့်ကုန်ကြသည်ဟု ခံစားလိုက်ရသည်။

ကမ္ဘာကြီးမှာ ဘာသာတရားတွေဟာ ငြိမ်းချမ်းရေးအတွက် ပွင့်ထွန်းလာကြသည်ဟု ဆိုကြသည်။ လက်တွေ့မှာတော့ ဘာသာတရားအတွက် တိုက်ပွဲတွေ ဆင်နေကြရသည်။ အငြင်းပွားနေကြရ၊ ပဋိပက္ခတွေ ဖြစ်နေကြရသည်။ ဘာသာတရားများကြောင့် မျက်ရည်တွေကျ၊ အိုးမဲ့အိမ်မဲ့တွေ ဖြစ်နေကြရသည်။
ငြိမ်းချမ်းရေးကို ဘာသာတရားများက အသီးအသီး ဟောကြပြောကြသည်။ သို့ရာတွင် ငြိမ်းချမ်းရေးဆိုသောစကားလုံးကို အကြိမ်ပေါင်း ထောင်သောင်းချီ သုံးနှုန်းပြောဆိုနေစေကာမူ အပြန်အလှန် လေးစားမှု၊ တန်ဖိုးထားမှုတို့ ကင်းမဲ့သော စကားလုံးများသည် ငြိမ်းချမ်းရေးကို ဖြစ်ထွန်းစေမည် မဟုတ်ပါ။

(၁၅)

ညနေ ၄ နာရီ ထိုးပြီ။ စုပေါင်းဓာတ်ပုံရိုက်ကြသည်။ နှုတ်ဆက်ကြသည်။ အားလုံးအပြုံးကိုယ်စီနှင့်ဖြစ်သည်။ အယျခေမာ၏ ပုံရိပ်များကလည်း အပြန်လမ်းတစ်လျှောက်လုံး ရစ်သီရစ်သီ လိုက်ပါလာနေသည်။ ဒုတိယအယျခေမာ ပေါ်ပေါက်ဖို့ လိုသည်။ အယျခေမာသာရှိလျှင် ဂျာမနီသာသနာဟာ ဒိထက် ပိုမို ထွန်းတောက်နိုင်တယ်ဟု ပြောလေ့ရှိသောစကားကို သတိရသည်။ မလာခင်ကလည်း အယျခေမာအကြောင်း တွေးခဲ့သည်။ အပြန်မှာတော့ လွန်သွားပြီဖြစ်တဲ့ အယျခေမာအကြောင်းက ခပ်နည်းနည်းရယ်။ အဓိကတွေးနေဖြစ်တာက ဒုတိယအယျခေမာ ဘယ်တော့ ရောက်လာမလဲ။ ဒုတိယအယျခေမာကို မျှော်ပါသည်။

(၁၆)

“မေတ္တာဝိဟာရ”တဲ့။ “ချစ်ခြင်းမေတ္တာများ ပြန့်နှံ့တည်ရှိရာကျောင်း”။ တောင်တန်းကြီးတစ်ခုအပေါ်တွင် တည်ရှိသည်။

ထင်းရှူးတောတန်းကြီးက ရင်သပ်ရှုမောစရာကောင်းသည်။ မြက်ခင်းပြင်အကျယ်ကြီးများလည်း ရှိသည်။ မြက်ခင်းပြင်များအပေါ်တွင် ရောင်စုံပန်းများက အလေ့ကျပေါက်နေသည်။ တောင်ပေါ်က မျက်စိတစ်ဆုံး ရှုမျှော်ကြည့်သောအခါ စိမ်းလန်းမှုကိုသာ တွေ့ရသည်။

ချစ်ခြင်းမေတ္တာများ ပြန့်နှံ့တည်ရှိရာအရပ်တွင် တောင်ပံခတ်သံများ ငြိမ့်ညောင်းနေသည်။ မှန်ပါသည်။ ပန်းရောင်စုံများကြားက ငြိမ်းချမ်းရေးတောင်ပံခတ်သံများ ဖြစ်ပါသည်။

ပြီးပါပြီ။

ချမ်းမြေ့ကြပါစေ
အရှင်ကုသလသာမိ (အတည်မဲ့)

၂၆၊ ဝ၇၊ ၂ဝ၁၄

Thursday, July 24, 2014

ပန်းရောင်စုံများကြားက ငြိမ်းချမ်းရေးတောင်ပံခတ်သံများ (အပိုင်း ၂)





(၅)

လမ်းလျှောက်လာရင်း မြက်ခင်းပြင်အစွန်တွင် “မေတ္တာဝိဟာရကျောင်းတိုက်သို့ ၁.၂ ကီလိုမီတာ”ဟူသော ဆိုင်းဘုတ်လေးကို တွေ့လိုက်ရသည်။ ၇ ဒီဂရီခန့်ရှိနေသော ရာသီဥတုဖြစ်တာရယ်၊ တောင်ပေါ်ဒေသ လေနုအေးလေးတွေ တိုက်ခတ်နေတာရယ်ကြောင့် အအေးဓာတ်က တစ်ကိုယ်လုံးကို လွှမ်းခြုံရစ်သိုင်းလာနေသည်။ 

လမ်းဘေးဝဲယာ စိမ်းလန်းနေသော မြက်ခင်းပြင်များ၊ မြက်ခင်းပြင်ပေါ်တွင် အလေ့ကျပေါက်နေသော လှမျိုးစုံကြွယ်နေသည့် ပန်းပွင့်လေးများ၊ ခြူ(ခလောက်)သံ တခြူခြူ တခွက်ခွက်ဖြင့် လှည့်လည်စားသောက်နေသော ဖြည့်ဖြိုးနေသည့် နွားများနှင့်မြင်းများက စိတ်ဝင်စားမှုအာရုံကို အပြည့်ဖမ်းစားထားသဖြင့် အေးရကောင်းမှန်း မောရကောင်းမှန်း မသိ ဖြစ်နေခဲ့ပါသည်။
ဂျာမနီက နွားကို မြင်ဖူးသွားပြီကွဟု စိတ်ထဲက ပြောမိသည်။ 

ဂျာမန်နွားမကြီးက မြန်မာနိုင်ငံက နွားထီးကြီးနှင့်တူနေသဖြင့် ပြုံးမိသေးသည်။ ဤသို့ဖြင့် မေတ္တာဝိဟာရကျောင်းတိုက်အဝင်ကို ရောက်လာခဲ့သည်။ အကုန်အကျနည်း၊ ပကာသနကင်းသည့် ကျောင်းအဝင်ဝအလှဆင်ထားပုံကို သဘောကျခဲ့သည်။ ကျောင်းဝင်းအတွင်း ကားရပ်နားရာနေရာတွင်လည်း ကားအစီးပေါင်းများစွာ စီတန်းရပ်ထားသည်ကို တွေ့ရသည်။

ကျောင်းတိုက်ပတ်ဝန်းကျင်တစ်ခုလုံး မည်သည့်အိမ်ခြေမျှမရှိ။ ပကတိတိတ်ဆိတ်နေသည့် တောကျောင်းတစ်ခု ဖြစ်သည်။ ကားများနှင့်လူများရှိနေသည့်နေ့မှာပင် ဤမျှ ဆိတ်ငြိမ်လျှင် အခမ်းအနားမရှိသည့်နေ့များတွင် မည်မျှ တိတ်ဆိတ်ငြိမ်သက်နေမည်နည်း။

(၆)

ကျောင်းထဲရောက်သည်နှင့် ဂျာမန်ရဟန်းတော် ဘိက္ခုဉာဏဗောဓိ၊ အခြားရဟန်းတော် ၂ ပါး၊ အညိုရောင်ဝတ် သီလရှင်(ဘိက္ခုနီ) ၃ ပါး နှင့် အဖြူရောင်ဝတ် အနာဂါရိက(သိက္ခမာန်) အမျိုးသမီး ၄ ယောက်တို့ စကားပြောနေသည်ကို တွေ့ရသည်။ စာရေးသူတို့ကို မြင်သည်နှင့် ဘိက္ခုဉာဏဗောဓိက စတင်မိတ်ဆက်သည်။ အလွန်ဖော်ရွေကြသည်။ သက်တော်ဝါတော်များ အပြန်အလှန် မေးမြန်းပြီး အရိုအသေပေးကြသည်။ 

အခန်းနံရံများတွင် ဆရာကြီးအယျခေမာ၏ ဓာတ်ပုံများ ပန်းချီများကို တွေ့ရသည်။ စာအုပ်စင်ကြီးများလည်း ရှိသည်။ စာအုပ်စင်ကြီးများပေါ်တွင်လည်း ဆရာကြီးအယျခေမာရေးသားသောစာအုပ်များကို အမျိုးမျိုးအဖုံဖုံ ခင်းကျင်းထားသည်ကို တွေ့ရသည်။ စာရေးဆရာ/ဆရာမများကို လေးစားကြည်ညိုသည့်စိတ်က လျှံကျလာသည်။ အယျခေမာကို တွေ့ချင်နေပြီ။ 

(၇)

အားရပါးရ ရယ်မောပြုံးရွှင်ပြီး စကားပြောနေသော ဘိက္ခုဉာဏဗောဓိကို ကြည့်ပြီး သဘောကျနေခဲ့သည်။ အခမ်းအနားကျင်းပမည့် ခန်းမထဲသို့ စာရေးသူတို့ကို ခေါ်သွားကြသည်။ “အိုး … လူတွေ ဒီရောက်နေကြတာပါလား”ဟု အာမေဋိတ်ပြုမိသည်။ အားလုံးနီးပါးက အနောက်တိုင်းသားတွေချည်း ဖြစ်သည်။ ပရိသတ်ဦးရေ ၄ဝဝ ခန့်ရှိမည်ဟု ခန့်မှန်းရသည်။ ဤမျှများပြားသောလူများကို အခုလို ဗုဒ္ဓဘာသာတောကျောင်းတစ်ခုမှာ တွေ့ရလိမ့်မည်ဟု ဘယ်တုန်းကမျှ အိပ်မက်ပင် မမက်ခဲ့ဖူးပါ။

ခန်းမထဲတွင် အိန္ဒိယနိုင်ငံတောင်ပိုင်း၊ လာဒက်ဒေသမှ အိန္ဒိယရဟန်းတော်ဘိက္ခုသံဃသေနလည်း ရောက်နေသည်ကို တွေ့ရသည်။ ထို့အပြင် သီရိလင်္ကာရဟန်းတော်များ၊ ကမ္ဘောဒီးယားရဟန်းတော်များနှင့် အမေရိကန်၊ သြစတေးလျ စသောနိုင်ငံများမှ ရဟန်းတော်များလည်း တက်ရောက်သည်ကို တွေ့ရသည်။ အခြားဂျာမန်ရဟန်းတော် ၄ ပါးနှင့် ဂျာမန်ကိုရင် ၃ ပါးကိုလည်း တွေ့ရသည်။ 

ထူးထူးခြားခြားအနေဖြင့် ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးလည်း အခမ်းအနားတက်ရောက်သည်ကို တွေ့ရသည်။ အားလုံးနှင့် ဝမ်းသာအားရ နှုတ်ဆက်ကြသည်။ ပျော်စရာ၊ ကြည်နူးစရာအလွန်ကောင်းပါသည်။ စာရေးသူလည်း အတူပါလာသော ဂျာမန်ဒကာကြီးကို ဓာတ်ပုံအမိအရ ရိုက်ထားဖို့ ပြောလိုက်သည်။ သူက တာဝန်မကျေပါ။ အဝေးကသာ လှမ်းရိုက်နေသည်ကို တွေ့ရသည်။

()

စာရေးသူ တွေးလိုက်တိုင်း ပြုံးရသောအဖြစ်အပျက်တစ်ခု ရှိခဲ့သည်။ ဤအဖြစ်အပျက်ကို မပြောချင်သော်လည်း ပြောမှသာ ဤဆောင်းပါးက ပြည့်စုံလိမ့်မည်။ မသွားမီကရော၊ သွားနေဆဲလမ်းမှာရော၊ ကျောင်းကို ရောက်ပြီးသည့်နောက်မှာရော စိတ်ထဲက တွေးနေခဲ့သည်။ “အယျခေမာ ဘယ်ရောက်နေပါလိမ့်၊ ခရီးများ သွားပြီလား”ဟူသောအတွေးပါ။
အချိန်တန်တော့ တွေ့မှာပါလေဆိုသောအတွေးကြောင့် မည်သူ့ကိုမျှ မမေးမိခဲ့။ 

အယျခေမာကို တွေ့ချင်နေသည်ဆိုသဖြင့် အထင်မလွဲစေလိုပါ။ အယျခေမာသည် ရှေ့မှာဆိုခဲ့သလို စာအုပ်ပေါင်းများစွာ ရေးခဲ့သည့် သီလရှင်(ဘိက္ခုနီ)အဘွားတစ်ဦးသာ ဖြစ်ပါသည်။ သူ့ကို တွေ့လိုခြင်းမှာ လေးစားသောကြောင့် တစ်နည်းအားဖြင့် စာရေးဆရာဆိုလျှင် ချစ်ခင်တတ်သော ဉာဉ်ကြောင့် တွေ့လိုခြင်း ဖြစ်ပါသည်။ 

အခမ်းအနားက စတော့မည်။ အယျခေမာက ရောက်မလာသေး။ ဘိက္ခုဉာဏဗောဓိကသာ အခမ်းအနားကို ဦးဆောင်နေသည်။ အားလုံး နေရာယူပြီးကြပြီ။ အခမ်းအနား အစီအစဉ်ကို ကြေညာနေပြီ။ စာရေးသူလည်း အယျအဂ္ဂဉာဏီတို့ ဆရာလေးများ၊ ဘိက္ခုနီများနှင့် ကိုရင်မများရှိရာသို့ လှမ်းလှမ်းကြည့်မိသည်။ “ဟိုဆရာလေးက အယျခေမာများလား၊ ဟုတ်သေးပါဘူး၊ အယျခေမာက အသက် ၅ဝ ကျော် ၆ဝ လောက်ရှိပါပြီ၊ မဟုတ်လောက်ပါဘူး”စသဖြင့် တွေးနေမိခဲ့သည်။ 

နောက်ဆုံး မနေနိုင်တော့ ဘေးနားက ဂျာမန်ရဟန်းတော် ဘိက္ခုစိတ္တဝီရောကို “အရှင်ဘုရား … အရှင်ဘုရား … အယျခေမာ ဘယ်ကြွနေတာလဲ၊ တပည့်တော် သူ့ကို တွေ့ချင်နေတာ၊ အခုထိလည်း ရောက်မလာသေးဘူး”လို့ မေးမိသည်။ စာရေးသူ၏မေးခွန်းဆုံးသည်နှင့် ပါးစပ်ကို လက်ဝါးနှင့်ဖိပြီး အသံကိုအုပ်ကာ ရယ်လေတော့သည်။ “အရှင်ဘုရားနှယ် ဖြစ်ရလေ၊ အယျခေမာက ၉၇ ခုနှစ်ကတည်းက ဆုံးပြီလေ၊ အရှင်ဘုရား မသိဘူးလား”ဟု ခပ်အုပ်အုပ်ရယ်ရင်း ပြောလေသည်။ 

“အော် ငါ့နှယ် … ညံ့ပါ့ … ညံ့ပါ့ …”ဟု ရှက်ပြုံးပြုံးကာ နေမိလေသတည်း။ “အော် အယျခေမာ … အယျခေမာ ငါ့နှယ် … သူ့ကို တွေ့ဆုံ စကားပြောခွင့် ရတော့မယ်၊ ဆရာကြီး အရမ်းတော်တယ်၊ စာအုပ်တွေ အများကြီး ရေးတယ်၊ ဆရာကြီးသတင်းတွေ ကြားပါတယ်၊ ဂုဏ်ယူပါတယ်၊ လေးစားပါတယ် စသဖြင့် ချီးကျူးစကားတွေ တစ်လှေကြီး ပြောလိုက်မယ်လို့ အားခဲလာခဲ့တာ သွားပါပြီ”ဟု စိတ်ထဲမှာ ရေရွတ်နေမိလေတော့သည်။

()

အခမ်းအနား စပြီ။ ဘိက္ခုဉာဏဗောဓိက ဂျာမန်လို ပြောနေသည်။ ဘာမှတော့ နားမလည်။ လူတွေကတော့ အတော်သဘောကျနေပုံရသည်။ ရယ်ကြပြုံးကြ၊ လက်ခုပ်တီးကြသည်။ စာရေးသူလည်း နားမလည်မည့်အတူဆိုပြီး ဖုန်းလေးကို ကောက်ကိုင်ပြီး Google မှာ Ayya Khema ဟု ရိုက်ကြည့်လိုက်သည်။ “အော် … ငါတွေ့ချင်နေတဲ့ ဆရာကြီးအယျခေမာ တွေ့ပြီ”ဆိုပြီး ပြုံးမိသည်။ 

ဝိကိပေဒိယတွင် ဆရာကြီးအယျခေမာ၏အကြောင်း များစွာရှိသည်ကို တွေ့ရသည်။
၁၉၂၃ ခုနှစ်တွင် မွေးသည်။ ဂျူးမိသားစုဝင်ဖြစ်သဖြင့် ဒုတိယကမ္ဘာစစ်ကို သွေးပျက်ဖွယ် ကြုံတွေ့ခဲ့ရသည်။ နာဇီအကျဉ်းစခန်းကနေ လွတ်မြောက်လာသူတစ်ယောက်လည်း ဖြစ်သည်။ ၁၉၇၉ ခုနှစ်မှာ အာရှဘက်ကို ခရီးသွားရင်း ဗုဒ္ဓဘာသာကို စိတ်ဝင်စားပြီး သီရိလင်္ကာနိုင်ငံတွင် ဗုဒ္ဓဘာသာသီလရှင်အဖြစ် ခံယူခဲ့သည်။ 

အယျခေမာသည် အမျိုးသမီးများ သာသနာ့ဘောင်ဝင်ရောက်နိုင်ရေးနှင့် ဗုဒ္ဓဘာသာဆိုင်ရာလုပ်ငန်းများ ပါဝင်လုပ်ဆောင်နိုင်ရေးအတွက် အားကြိုးမာန်တက်ဆောင်ရွက်ခဲ့သည်။ ကမ္ဘာအနှံ့အပြားတွင် ဗုဒ္ဓသာသနာပြုစင်တာများကိုလည်း အမြောက်အမြား တည်ဆောက်ပေးနိုင်သည်အထိ စွမ်းဆောင်နိုင်သူတစ်ဦး ဖြစ်သည်။ အင်္ဂလိပ်ဘာသာ၊ ဂျာမန်ဘာသာတို့ဖြင့် စာအုပ်များစွာကိုလည်း ရေးသားပြုစုခဲ့သည်။ ဂျာမနီနိုင်ငံတွင် ဗုဒ္ဓဘာသာစိတ်ဝင်စားသူများအနေဖြင့် သူ့စာအုပ်များကို ဖတ်ရှုလေ့လာကြသည်။

၁၉၈၇ ခုနှစ်တွင် အပြည်ပြည်ဆိုင် ဗုဒ္ဓဘာသာသီလရှင်များ ကွန်ဖရင့်ကို ပထမဆုံးအကြိမ်အဖြစ် ကျင်းပပေးနိုင်အောင် ကြိုးစားခဲ့သည်။ “သကျဓီတာ သို့မဟုတ် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာအမျိုးသမီးများအဖွဲ့ - Sakyadhita (International Association of Buddhist Women”ကို ဖွဲ့စည်းပေးနိုင်ခဲ့သည်။ အာဂအမျိုးသမီးပေတကား။ 

ရေခံမြေခံကလည်း ဗုဒ္ဓဘာသာနှင့်ဝေးသည်။ အလွန့်အလွန်ကို ဝေးသည်။ ပတ်ဝန်းကျင်ကလည်း ဗုဒ္ဓဘာသာနှင့် မည်သို့မျှ အဆက်အစပ်မရှိ။ ဆွေမျိုးအသိုင်းအဝိုင်းကလည်း ဂျူး၊ ခရစ်ယာန်။ သူရှင်သန်ရာ ခေတ်အခါကလည်း မကောင်း။ တုန်လှုပ်ချောက်ခြားဖွယ်ရာ နာဇီအကျဉ်းစခန်းများ။ အရာခပ်သိမ်း ဗုဒ္ဓဘာသာအငွေ့အသက် နည်းနည်းမျှမရှိသော ဒေသမှ အမျိုးသမီးတစ်ယောက်သည် ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ လက်ဖျားခါရလောက်အောင် စွမ်းဆောင်ပြနိုင်ခဲ့သည်။ ထာဝစဉ်အလေးပြုနေသင့်သည် အာဇာနည်တစ်ပါးဟုပင် ဆိုချင်တော့သည်။

(၁ဝ)

ဘိက္ခုဉာဏဗောဓိ၏ အပြောအဟော ကောင်းမှုကြောင့် ပရိသတ်များက တဝါးဝါး တဟားဟားဖြင့် ပွဲကျနေသည်။ 
......................... 
ဆက်ပါဦးမည် ......

အရှင်ကုသလသာမိ(အတည်မဲ့)
၂၄၊ ဝ၇၊ ၂ဝ၁၄

Tuesday, July 22, 2014

ပန်းရောင်စုံများကြားက ငြိမ်းချမ်းရေးတောင်ပံခတ်သံများ



(၁)

ဂျာမနီကို ရောက်ပြီး ၃ ပတ်လောက်အကြာတွင် ခရီးတစ်ခု သွားခဲ့ရသည်။ ခရီးမှ တကယ့်ခရီး၊ စိတ်ဝင်စားဖွယ်ရာ၊ အံ့သြစရာ၊ ချီးကျူးစရာ၊ လေးစားစရာများဖြင့် ပြည့်နှက်နေသောခရီးဆိုက မှားအံ့မထင်ပါ။ မေတ္တာဝိဟာရကျောင်းတိုက်က ကြီးမှူးကျင်းပသော ဗုဒ္ဓနေ့အခမ်းအနားနှင့်စေတီတော်ဖွင့်ပွဲသို့ သွားသောခရီးဖြစ်သည်။ မေတ္တာဝိဟာရကျောင်းတိုက် သို့မဟုတ် Buddha Haus သည် ဂျာမနီနိုင်ငံတွင် ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ နာမည်ကြီးသည်။ လူသိများသည်။

လူသိများရခြင်းအကြောင်းများအနက် သီလရှင် (ဘိက္ခုနီ)ဆရာမကြီး ဒေါ်ခေမာ၏ ကြိုးပမ်းအားထုတ်မှုများနှင့် သူရေးသားခဲ့သော စာအုပ်များကြောင့် ဖြစ်လေသည်။ ဒေါ်ခေမာသည် ဂျာမန်ဘာသာဖြင့် စာအုပ်များစွာ ရေးသားခဲ့သည်။ ဗုဒ္ဓဘာသာကို စိတ်ဝင်စားသူများအနေဖြင့် ဒေါ်ခေမာ၏စာအုပ်များကို အားကိုးအားထားပြုရသည်ဟု ဆိုသည်။

(၂)

မေတ္တာဝိဟာရကျောင်းတိုက်မှာ အမှန်တကယ်တော့ တောကျောင်းတစ်ကျောင်းသာ ဖြစ်သည်။ မြူးနစ်မြို့ကြီးမှ ၃ နာရီကျော်ခန့် ကားဖြင့် သွားရသည်။ တစ်ရွာဝင်,တစ်ရွာထွက်၊ တစ်တောဝင်,တစ်တောထွက်၊ တစ်တောင်ဆင်း,တစ်တောင်တက်ပြီး သွားရသည်။ တောင်ဆင်းတောင်တက်လမ်းများ၊ ပန်းမျိုးစုံပွင့်လန်းပြီး စိမ်းလန်းနေသော မြက်ခင်းပြင်များ၊ ဂျုံစိုက်ခင်းများ၊ ထင်းရှူးတောတန်းများဖြင့် သာယာလှသည်။

စာရေးသူသာမက ကားမောင်းသူ ဂျာမန်ဒကာကြီးနှင့် ဂျာမန်ရဟန်းတော်ကပါ လမ်းတစ်လျှောက်လုံး လမ်းများ မှားခဲ့ကြပြီလားဟု တွေးခဲ့မိသည်။ “ဒီလောက် တောကျတာ ဘယ်သူမှ လာမှာ မဟုတ်ပါဘူး”ဟု စာရေးသူ တွေးခဲ့မိသည်။ လမ်းတစ်လျှောက်လုံးတွင် အေးချမ်းသာယာသော တိတ်ဆိတ်သည့် ကျေးရွာလေးများကို ဖြတ်ကျော်လာရသည်။

မြန်မာနိုင်ငံ ညီညာချောမွတ်သည်ဟု ဆိုစမှတ်ပြုသော ပြည်လမ်းမကြီးထက် ပိုမိုညီညာပြေပြစ်သော ရွာလမ်းမများဘေးတွင် အေးအေးလူလူဖြင့် စကားထိုင်ပြော၊ လမ်းလျှောက်နေသူများကိုလည်း မကြာခဏ တွေ့ရသည်။ မြန်မာနိုင်ငံက နတ်ကွန်းကဲ့သို့သော အဆောက်အအုံလေးများကိုလည်း ရံဖန်ရံခါ တွေ့ရတတ်သည်။ မယ်တော်မာရီ၊ ခရစ်တော်တို့စံကျောင်းဖြစ်ပုံရသည်။

“ရွာတွေမှာ ဘုရားရှိခိုးကျောင်းလည်း မရှိဘူးနော်”ဟု ပြောမိသည်။ “ဒီနိုင်ငံမှာက ရွာတွေမှာ ဘုရားရှိခိုးကျောင်း မရှိဘူး၊ ရှိလည်း အတော်နည်းတယ်၊ ဘုရားရှိခိုးကျောင်းရှိလည်း ဘုန်းကြီးရှိမှာ မဟုတ်ဘူး။ ဘုန်းကြီးတွေ ရှားလာပြီလေ။ အခုတောင်မှ အာရှကနေ ဘုန်းကြီးတွေကို လခပေးပြီး တင်သွင်းနေရတယ်။ တစ်ဖက်ကကြည့်ရင် အခုလို ရွာတွေမှာ ဘုရားရှိခိုးကျောင်းနဲ့ဘုန်းကြီးမရှိလို့ ခရစ်ယာန်သာသနာ အားလျော့လာနေတာ”ဟု ဂျာမန်ဒကာကြီးက ရှင်းပြသည်။

ကားရှေ့ခန်းတွင် လိုက်ပါလာသော ဆရာတော်ဒေါက်တာနန္ဒမာလာ၏ တပည့်ရင်း ဂျာမနီနိုင်ငံသူ ဆရာလေး ဒေါ်အဂ္ဂဉာဏီကတော့ စကားတစ်ခွန်းစ နှစ်ခွန်းစပြောရုံထက် မပို၊ တိတ်ဆိတ်စွာ လိုက်ပါလာနေခဲ့သည်။




(၃)

ရောက်ခါနီးလေ တောင်တန်းများနှင့်ထင်းရှူးတောတန်းများက ပိုထူထပ်လာလေ ဖြစ်သည်။ တောင်ထိပ်တစ်နေရာရောက်သောအခါ မြက်ခင်းပြင်ကြီးတစ်ခုထဲတွင် ကားအစီး ၅ဝ/၆ဝ ခန့် စီတန်း ရပ်ထားတာကို တွေ့လိုက်ရသည်။ “ဟ … ကားတွေ အများကြီးပါလား … ဗုဒ္ဓဝိဟာရကျောင်း သွားမယ့်သူတွေရဲ့ ကားတွေလား မသိဘူး”ဟု ပြောမိသည့်အခါ “ဒီနေရာမှာ ရပ်ထားမှတော့ အဲဒီကျောင်း သွားမယ့်ကားတွေပဲ ဖြစ်မှာပေါ့”ဟု ဂျာမန်ရဟန်းတော်က ဆိုသည်။

ဂျာမန်ရဟန်းတော်နှင့်စာရေးသူ၊ ဆရာလေးဒေါ်အဂ္ဂဉာဏီတို့သည် ကားနောက်ဖေးမှာ ထည့်လာသော သပိတ်ကို ထုတ်လွယ်လိုက်ပြီး မြက်ခင်းပြင်ပေါ်ကို ခြေချလိုက်သည်။ ဒေါ်အဂ္ဂဉာဏီသည် သွားလေရာ သပိတ်ယူဆောင်ပြီး သပိတ်နှင့်သာ ဆွမ်းစားလေ့ရှိသော ဆရာလေးတစ်ပါးဖြစ်သည်။ ဆရာလေးတစ်ပါး သပိတ်လွယ်ထားသည်ကို ပထမဆုံးအကြိမ် တွေ့ရခြင်းဖြစ်သည်။

ရုတ်တရက်ကြည့်လျှင် “ဒီဘုန်းကြီး,ဒီသီလရှင်တွေ ဒီလိုနိုင်ငံမျိုးမှာ သပိတ်တွေလွယ်ပြီး ဟိုသွားဒီသွား သွားနေကြတာ အဆန်းထွင်တာ၊ ရှက်စရာကြီး”ဟု ဆိုကောင်းဆိုနိုင်စရာရှိသည်။ ယနေ့ ဖက်ရှင်နှင့်နီးစပ်သောအသိုင်းအဝိုင်းရှိသူ သို့မဟုတ် ဖက်ရှင်၏အရေးပါမှုကို လေ့လာဖူးသူဖြစ်ပါက သင်္ကန်းရုံ၊ သပိတ်လွယ်ပြီး ဂျာမနီမှာ လှည့်လည်ခြင်း၏ အကျိုးကျေးဇူးကို နားလည်နိုင်ပေလိမ့်မည်။

ဖက်ရှင်သည် အရေးကြီးပါသည်။ ဖက်ရှင်သည် အသွင်အပြင်တစ်မျိုးလည်း ဖြစ်သည်။ ကုန်ပစ္စည်း လူသိစေချင်တာဖြစ်ဖြစ်၊ အသင်းအဖွဲ့ လူသိများစေချင်တာပဲဖြစ်ဖြစ်၊ ကိုယ့်နိုင်ငံ,ကိုယ့်လူမျိုးအကြောင်း သိစေချင်တာပဲဖြစ်ဖြစ်၊ ကိုယ့်ယဉ်ကျေးမှုကို မြှင့်တင်ချင်တာပဲဖြစ်ဖြစ်၊ တစ်ကိုယ်ရေတစ်ကာယ အောင်မြင်ဖို့ပဲဖြစ်ဖြစ် ဖက်ရှင်သည် အရေးကြီးပါသည်။

အချို့က “ဗုဒ္ဓဘာသာက စိတ်ကိုပဲ အဓိကထားတာပါ။ ရုပ်ပိုင်းပြင်ဖို့ မလိုပါဘူး”ဟု ဆိုတတ်သည်။ မှားသည်။
ဘုရားကိုယ်တိုင်က လူအများကို ဆွဲဆောင်နိုင်မည့် ဖက်ရှင်ကို စနစ်တကျစီမံပေးခဲ့သည်ဟု ဆိုက မှားအံ့မထင်ပါ။ အသောကမင်းကြီး ဗုဒ္ဓဘာသာ သာသနာပြုမင်းကြီးဖြစ်လာသည်မှာလည်း နိဂြောဓကိုရင်လေး၏ ဖက်ရှင်ကြောင့် ဖြစ်လေသည်။ မြန်မာနိုင်ငံက အောင်မြင်ကျော်ကြားသူများနှင့် နာမည်ကြီးဆရာတော်များမှာလည်း အများနှင့်မတူသော ဖက်ရှင်တစ်မျိုးစီကို ချမှတ်ထားကြောင်း သတိပြုမိနိုင်ကြပေလိမ့်မည်။

သင်္ကန်းရုံ၊ သပိတ်လွယ်ကာ သွားလာနေထိုင်ခြင်းသည် ဂျာမနီလို၊ အနောက်နိုင်ငံများလို နိုင်ငံများမှ လူများအတွက် တကယ့်ကို ထူးဆန်းသော ဖက်ရှင်တစ်ခု ဖြစ်နေပါလိမ့်မည်။ သူတို့သည် ဖက်ရှင်အဆန်းကြောင့် စိတ်မဆိုးကြ၊ စိတ်မပျက်ကြပါ။ စပ်စုလိုစိတ်ကိုသာ နှိုးဆွပေးတတ်သည်။ ထိုအခါ “သင်္ကန်းကို ဘာကြောင့် ဒီလို ဝတ်ရတာလဲ၊ သပိတ်(ဒီခွက်ကြီး)ကို ဘာကြောင့် ဒီလို ဆောင်ရတာလဲ”စသဖြင့် မေးတတ်ကြသည်။ ထိုအခါ သင်္ကန်းအကြောင်း၊ သပိတ်အကြောင်း ရှင်းပြခွင့်ရသည်။ ဤသည်မှာ ဖက်ရှင်အဆန်းကြောင့် ဗုဒ္ဓသာသနာအကြောင်း အသိပေးနိုင်ခြင်းပင် ဖြစ်ပါသည်။

(၄)

ဂျာမန်ရဟန်းတော်သည် စိုထိုင်းထိုင်းဖြစ်နေသော မြက်ခင်းပြင်ပေါ် ခြေချပြီး အနည်းငယ် လမ်းလျှောက်လိုက်သည်နှင့် နှာတခြုပ်ခြုပ်ဖြစ်လာနေခဲ့သည်။ “ဟာ အရှင်ဘုရား အအေးမိနေတာလား၊ တပည့်တော်အာရှသားက ဂျာမန်ရာသီဥတုအေးအေးကို သဘောကျနေပြီး ဘာမှ မဖြစ်ဘူး၊ ဂျာမန်သားကြီးက အရမ်းအေးပြနေပါလား”ဟု ပြောမိသည်။ ထိုအခါ ဂျာမန်ရဟန်းတော်က “အရှင်ဘုရားက ဂျာမန်ကို ရောက်တာ ၁ လနီးပါးရှိပြီ၊ တပည့်တော်က ထိုင်းမှာ ၁၃ နှစ်နေလာခဲ့ပြီး ဂျာမနီကိုရောက်တာ ၂ ရက်ပဲရှိသေးတာကိုး”ဟု ပြောရှာသည်။ ပါလာသောတစ်ရှူးကို ထုတ်ပြီး နှာခေါင်းကို သန့်ရှင်းရေးလုပ်လိုက်သည်။

မှန်ပါသည်။ ဂျာမန်ရဟန်းတော် ဘိက္ခုစိတ္တဝီရောဖြစ်ပါသည်။ သူသည် လွန်ခဲ့သော ၁၃ နှစ်ကတည်းက ဗုဒ္ဓဘာသာရဟန်းတစ်ပါးအဖြစ် ခံယူပြီး ထိုင်းနိုင်ငံ၊ တောရဂိုဏ်းထုံးစံအတိုင်း တောကျောင်းတွင် ၁၃ နှစ်လုံးလုံး နေထိုင်ပြီး တရားအားထုတ်ခဲ့သည့် အာဂရဟန်းတော်တစ်ပါးဖြစ်သည်။

အနောက်တိုင်းသားတစ်ဦးအနေဖြင့် ထိုင်းမှာ ဤမျှနှစ်ကြာအောင် နေဖို့ဆိုသည်မှာ အလွန်ခက်ခဲပါသည်။ အစားအသောက်၊ အနေအထိုင်ကအစ ဘာသာစကားအဆုံး အခက်အခဲတွေချည်း ဖြစ်ပါသည်။ သို့ရာတွင် ဗုဒ္ဓတရားတော်များ၏ ငြိမ်းအေးချမ်းသာမှုကို လက်တွေ့မျက်တွေ့ တွေ့ကြုံလိုသော ပြင်းပြသည့်စိတ်ဆန္ဒကြောင့်သာ ၁၃ နှစ်လုံးလုံး တောကျောင်းမှာ နေနိုင်ခဲ့ခြင်း ဖြစ်သည်။

သူ ထိုင်းက တောကျောင်းမှာ စ နေစဉ်က အင်္ဂလိပ်စကားတတ်သောသူ မရှိ၊ ထို့ကြောင့် ၈ လလောက် လက်ဟန်ခြေဟန်ကို အသုံးပြုကာ အ အ တစ်ဦးလို နေခဲ့ရသဖြင့် အတော်ဒုက္ခရောက်ခဲ့ရသည်ဟု ဆိုသည်။ ယခုအခါ သူ၏ ဖခင် အသည်းအသန် နေမကောင်းဖြစ်နေသည်ဟု အကြောင်းကြားသဖြင့် ဂျာမနီသို့ ပြန်လာခြင်းဖြစ်သည်။ “အော် ဗုဒ္ဓတရားတော်ရဲ့ ဆွဲဆောင်မှုက အားကြီးလှပါသောကော”။ ကျောင်းမရှိ၊ ငွေမရှိ၊ ဒကာဒကာမအထောက်အပံ့မရှိ။

မြတ်စွာဘုရားက သားတော်ရဟန်းများ၏ဘဝကို “အဗ္ဘောကာသော - လွင်တီးခေါင်နဲ့တူတယ်”ဟု တင်စားထားသည်။ ဟာလာဟင်းလင်း၊ ရှင်းရှင်းလင်းလင်း၊ ဘာအရှုပ်အထွေးမှ မရှိဟု ဆိုလိုသည်။

နောက်တစ်ခုကလည်း စိတ်ဝင်စားစရာ။ “ပက္ခီ သကုဏော ဝိယ - အတောင်သာလျှင် ဝန်ရှိသော ငှက်ကဲ့သို့”တဲ့။ အဓိပ္ပာယ်က “ငှက်တွေမှာ ဘာတွယ်တာစရာမှ မရှိဘူး။ သူတို့ ပိုင်ဆိုင်မှုဟာ တောင်ပံနှစ်ဖက်ပဲ။ တောင်ပံနှစ်ဖက်ရှိလျှင် သစ်ပင်တွေပေါ် သွားရောက်နိုင်တယ်။ သစ်သီးတွေ စားမယ်။ အဲဒီသစ်ပင်ကို တွယ်တာ မနေဘူး။ နောက်သစ်ပင်တစ်ပင်ဆီ သွားမယ်။ လေဟုန်စီးမယ်။ လွတ်လပ်တယ်။

ရဟန်းတွေဟာလည်း အဲဒီငှက်လိုပဲ။ သပိတ်ရှိရင် ရောက်တဲ့နေရာ ဆွမ်းခံစားမယ်။ အဆင်ပြေတဲ့နေရာ အိပ်မယ်။ တောဖြစ်ဖြစ်,သုသာန်ဖြစ်ဖြစ် ကိစ္စမရှိ။ ဘာအတွယ်အတာမှ မရှိ”ဟူသော သဘောအဓိပ္ပာယ်များကို ဆောင်သည်။ “အဲ … ငါကရော အဲဒီလို လွတ်လပ်နေပြီလား၊ တွယ်တာမှု ကင်းနေပြီလား”။

ကိုယ့်ဘဝ၏ ရွှေပြည်တော် မျှော်လင့်တိုင်း ဝေးဝေးနေတော့ စိတ်ပျက်နေရဆဲဖြစ်ပါသည်။ ရွှေပြည်တော်ဟူသည် ကျောင်း၊ ကျော်ကြားမှုစသည့် ပိုင်ဆိုင်မှုကို ဆိုလိုခြင်းမဟုတ်ပါ။ မြတ်ဗုဒ္ဓစိတ်ကူးတော်တွင်ရှိသော ရဟန်းတစ်ပါး၏စံပြပုံစံကို ဆိုလိုခြင်းဖြစ်ပါသည်။ ရဟန်းကောင်းတစ်ပါးဟူသော စံသတ်မှတ်ချက်ထက် လောကအတွက် ဝန်ထုပ်ဝန်ပိုး၊ အမှိုက်မဖြစ်ဖို့ကိုသာ ကြိုးစားတည်ဆောက်နေရသည်။

(၅)
လမ်းလျှောက်လာရင်း မြက်ခင်းပြင်အစွန်တွင် “ဗုဒ္ဓဝိဟာရကျောင်းတိုက်သို့ ၁.၂ ကီလိုမီတာ”ဟူသော ဆိုင်းဘုတ်လေးကို တွေ့လိုက်ရသည်။
.....................................................

ဆက်ပါဦးမည် .....

အရှင်ကုသလသာမိ (အတည်မဲ့)
၂၂၊ ဝ၇၊ ၂ဝ၁၄








 

မှတ်ချက်။ ။ ဓာတ်ပုံအချို့က အဲဒီကို ခရီးသွားပြီးပြီးချင်း တင်ထားတာတွေ ပါတယ်။ အဲဒီအကြောင်းကို ဆောင်းပါးရေးမယ်ပြောထားတာ အခုမှ ရေးဖြစ်တယ်။ ခရစ်ယာန်ဘုန်းကြီး သပိတ်နဲ့ဆွမ်းခံပုံစတဲ့ အချို့ပုံတွေအကြောင်းကတော့ နောက်အခန်းတွေမှာ ပါလာလိမ့်မယ်။ ချမ်းမြေ့ကြပါစေ .....

Sunday, July 20, 2014

အဘိဓမ္မာသင်တန်း စပြီ


ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့၊ ဓမ္မဒူတမြန်မာကျောင်း၊
အဘိဓမ္မာသင်တန်းကို သင်တန်းသား ၁ဝ ဦးဖြင့်
စတင်ဖွင့်လှစ်ခဲ့သည်။ မသိမကြားလိုက်မိသူများလည်း
အကြောင်းကြားပြီး တက်ရောက်နိုင်ပါကြောင်း ပညာပါရမီအကျိုးငှါ နှိုးဆော်လိုက်ပါသည်။

မြန်မာများအတွက် အဘိဓမ္မာသင်တန်းအပြင်၊ သုတ္တန်သင်တန်း စသည်တို့ကိုလည်း စီစဉ်ထားပါသည်။ ထို့အပြင် ဒေသခံ ဂျာမန်လူမျိုးများအတွက် သင်တန်းကျင်းပပေးနိုင်အောင်လည်း စီစဉ်လျက်ရှိပါသည်။

ချမ်းမြေ့ကြပါစေ ...
အရှင်ကုသလသာမိ (အတည်မဲ့)
၂ဝ၊ ဝ၇၊ ၂ဝ၁၄

Thursday, July 17, 2014

ဘယ်ဆုတောင်းမလဲ ချစ်သူရယ်


(၁)

တစ်ခါက မိုးလေဝသဌာနက ဆရာကြီးဦးထွန်းလွင် အင်တာဗျူးတစ်ခုကို တီဗွီမှာ ကြည့်လိုက်ရတယ်။ MRTV 4 လို့ ထင်ပါတယ်။ ပြောသွားတဲ့ခေါင်းစဉ်ကိုလည်း တိတိကျကျ မသိတော့ဘူး။ မြန်မာနိုင်ငံ ရေအရင်းအမြစ်ကိစ္စလို့ ထင်တယ်။ တီဗွီကြည့်ရင်း ဆရာကြီးပြောတာကို မှတ်စုလေး ရေးဖြစ်ခဲ့တယ်။ “ဘယ်ဆုတောင်းမလဲ ချစ်သူရယ်”တဲ့။ ဘာပါလိမ့်လို့ ဆက်ကြည့်လိုက်တော့ မြန်မာနိုင်ငံ မုန်တိုင်းအကြောင်းပါ။

မုန်တိုင်းဝင်ရင် မြန်မာနိုင်ငံအလယ်ပိုင်းမှာ မိုးရွာမယ်။ မိုးရေ ရမယ်။ အညာသားတွေ ပျော်ကြမယ်။ စီးပွားတွေ ဖြစ်ထွန်းကြမယ်။ ဒါပေမဲ့ ဧရာဝတီတိုင်းမှာတော့ ရေကြီးမယ်။ လယ်တွေ ပျက်စီးမယ်။ လူတွေ ဆင်းရဲသောကဖြစ်ကြမယ်။

မြန်မာနိုင်ငံအလယ်ပိုင်းဆိုတာက စာရေးသူ မွေးရပ်ဆိုတော့ ဘယ်လောက်တောင် ခြောက်သွေ့သလဲ၊ ပူပြင်းသလဲဆိုတာ သိတယ်။ မိုးရေက သိပ်ကို လိုအပ်တယ်။ မိုးရွာတဲ့ရက် ကျဲသွားပြီဆိုတာနဲ့ ကောက်ပဲသီးနှံတွေ ပျက်စီးရုံမက ပူလောင်လွန်းတယ်။ အားလုံးခြောက်သွေ့ကုန်တယ်။ ကဲ အဲဒီတော့ မုန်တိုင်းဝင်ပါစေလို့ ဆုတောင်းရတော့မပေါ့။ ဟုတ်တယ်လေ။ ဒါမှ မိုးရေ ရမှာကိုး။ အဲ … တစ်ဖက်မှာတော့ ဧရာဝတီတိုင်းက ရေကြီးတော့မယ်။ ဒါဆို ကိုယ့်ဆုတောင်းက ဧရာဝတီတိုင်း ရေကြီးပါစေလို့ ဆုတောင်းရာ ကျမနေဘူးလား။

တစ်ဖက်က ပြန်ကြည့်ရအောင်။ ဧရာဝတီတိုင်းသား ဦးဇင်းသာပေါတို့ကတော့ မုန်တိုင်းမဝင်ပါစေနဲ့လို့ ဆုတောင်းကြပြန်တယ်။ အဲ သူတို့ဆုတောင်းကလည်း မုန်းတိုင်းမဝင်ပါစေနဲ့ဆိုတော့ မြန်မာနိုင်ငံအလယ်ပိုင်း မိုးမရွာပါစေနဲ့၊ ရေမရပါစေနဲ့၊ ပူပြင်းကြပါစေ၊ ဆင်းရဲကြပါစေလို့ ဆုတောင်းသလို ဖြစ်နေပြန်ရောလေ။ ကဲ … ဘယ်ဆုတောင်းမလဲ ချစ်သူရယ်။

(၂)

စာရေးသူ ၁၄ နှစ်သားအရွယ် တောင်ငူက ဝိသုဒ္ဓါရုံမြို့ထောင့်ကျောင်းမှာ စာပေ စတင် သင်ခွင့်ရတယ်။ အငယ်တန်းအောင်၊ အလတ်တန်းကျတော့ ကုလားအရေးအခင်းဖြစ်ပြီး စာမေးပွဲတွေ မကျင်းပဖြစ်ဘူး။ ကျောင်းမှာ ၄ နှစ်လောက် နေခဲ့တယ်။ ကျောင်းမှာလည်း စာမေးပွဲတွေမှာ ပထမတွေ ရတော့ စာချဘုန်းကြီးတွေက အလွန်ချစ်ကြတယ်။ ကျောင်းမှာပဲ အကြာကြီး ဆက်နေစေချင်ကြတယ်။ ဒါပေမဲ့ တစ်ဖက်မှာ အကြီးဆုံးဆရာတော်ကြီးက ပျံတော်မူတယ်။ ဒုတိယစာချဆရာတော်က အသက် ၅ဝ ရောက်မှ လူထွက်သွားတယ်။ ကျောင်းတိုက်က စည်းကမ်းပိုင်းဆိုင်ရာ ယိမ်းယိုင်သွားခဲ့တယ်။ အဆင့်မြင့်ပရိယတ်သင်ပြမှု အားနည်းသွားခဲ့တယ်။

အဲဒီအခါ စဉ်းစားမိတယ်။ ငါ ဒီမှာ ဆက်နေရင် အစစအရာရာ အဆင်ပြေမယ်။ ကျောင်းထိုင်ဘုန်းကြီးကလည်း အရမ်းချစ်တယ်။ အလေးပေးတယ်။ ဒါပေမဲ့ ငါ့ ပညာရေးတော့ တိုးတက်မှာ မဟုတ်ဘူး။ ဒါနဲ့ ဆရာတော်ကို ကျောင်းကနေ ထွက်တော့မှာဖြစ်ကြောင်း လျှောက်လိုက်တယ်။ လုံးဝ ခွင့်မပြုနိုင်ဘူးပေါ့။ ဒီကျောင်းကနေ ထွက်ရင် နောက်မလာတော့နဲ့လို့ကို အကြပ်ကိုင်တော့တယ်။ ဝမ်းနည်းစွာနဲ့ ကျောင်းတိုက်ကနေ ထွက်ခဲ့တယ်။ ၁၆ ကျော်၊ ၁၇ နှစ်အရွယ် ကိုရင်ပေတိုး ကိုယ့်သဘောနဲ့ကိုယ် ပညာရေးအကြောင်းပြ အဆင်ပြေတဲ့နေရာကနေ (ဘယ်သူ့မှ မတိုင်ပင်ဘဲ) ခွဲခွါခဲ့တဲ့အကြောင်းကို မှတ်ဉာဏ်ပုံရိပ်ထဲ ပြန်ပြောင်းကြည့်တော့ ပြုံးမိတယ်။

ဆိုလိုချင်တာက မျဉ်းပြိုင်နှစ်ခု။ ဘယ်လိုမှ နှစ်ခုလုံးကို လျှောက်လှမ်းလို့ မရတဲ့ လမ်း။ ဘယ်လို ပတ်သက်ယှက်နွယ်မှုတွေ ရှိနေပါစေ။ တစ်ခုကိုသာ ရွေးရတယ်။ တစ်ခုရွေးရင် တစ်ခုနဲ့ ဝမ်းနည်းစွာ။ နောက်တစ်ခုရွေးရင် အခြားတစ်ခုနဲ့ ဝမ်းနည်းစွာ။ ဆရာတော့်ဆန္ဒအရ ကျောင်းတိုက်ကနေ မထွက်ခဲ့ရင် အကြီးတန်းအဆင့်လောက်မှာ ပညာရေးက ရပ်နေမယ်။ တစ်ဖက်မှာတော့ တိုက်ကျောင်းကြီးတွေ ၁၅ ဆောင်လောက်ရှိတဲ့ စာသင်တိုက်ကြီးကိုတော့ ဦးစီးခွင့်ရမယ်။ ဒါပေမဲ့ အခုချိန်ထိ တွေ့ကြုံခဲ့ရတဲ့ ဘဝရဲ့ စွန့်စားခန်းပေါင်းများစွာကိုတော့ လက်လွှတ်ရပြီပေါ့။ အခုတော့ တွမ်ဆာယာရဲ့စွန့်စားခန်းလို၊ ပါပီလွန်ရဲ့စွန့်စားခန်းတွေလို စွန့်စားခန်းတွေ မြောက်မြားစွာ တွေ့ကြုံခွင့်ရခဲ့သပေါ့။

(၃)

ပြင်သစ်မှာ နပိုလီယံခေတ်က အဖြစ်အပျက်လေးလို့ ထင်ပါတယ်။ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးခဲ့တာကို မှတ်စုထဲက တွေ့တယ်။ အဲဒီခေတ်က လူငယ်တိုင်း စစ်ထဲဝင်ရမယ်လို့ လက်ခံထားကြတယ်။ စစ်ထဲမဝင်ရင် တိုင်းပြည်ကို မချစ်တဲ့သူလို့ ဆိုတယ်။ လူငယ်လေးတစ်ယောက်မှာတော့ လမ်းမလျှောက်နိုင်တဲ့ အားကိုးရာမဲ့နေတဲ့ အမေအိုကြီးတစ်ယောက်ကို ပြုစုနေရတယ်။ သူသာ မရှိရင် သူ့အမေအိုဟာ သေရုံပဲရှိတယ်။

ကဲ .. ဒီတော့ … လူငယ်လေး ဘာကို ရွေးမလဲ။ စစ်ထဲမလိုက်ရင် တိုင်းပြည်တာဝန် မကျေတဲ့သူ၊ မျိုးချစ်စိတ်မရှိသူလို့ ပြစ်တင်ခံရမယ်။ စစ်ထဲလိုက်သွားရင်လည်း မိခင်အိုအပေါ် တာဝန်မကျေရာကျမယ်။ မိခင်အိုခမျာ သနားစရာ ဆင်းရဲစွာနဲ့ သေဆုံးသွားနိုင်တယ်။ ကဲ … စာဖတ်သူတွေအနေနဲ့ရော လူငယ်လေးကို ဘာဖြစ်စေချင်ပါလိမ့်၊ ဘယ်လမ်းကို ရွေးစေချင်ပါလိမ့်နော်။

(၄)

တစ်ခါတစ်ခါမှာ ဘဝမှာ ရွေးချယ်ရတာ ခက်တာတွေ ကြုံရတတ်တယ်။ လူတိုင်းလူတိုင်း အနည်းနဲ့အများတော့ ကြုံကြရတာပဲ။ အနည်းနဲ့အများပဲ ကွာတယ်။ တစ်ခါတစ်ရံ ကောင်းတဲ့လမ်းနဲ့မကောင်းတဲ့လမ်း အားပြိုင်တယ်။ အကျိုးရှိတဲ့လမ်းနဲ့အကျိုးမရှိတဲ့လမ်း အားပြိုင်တယ်။ ကောင်း,မကောင်း၊ အကျိုးရှိ,မရှိ ရွေးချယ်စရာမျိုးတွေမှာတော့ ပြဿနာမရှိဘူး။ ကောင်း,အကျိုးရှိကိုပဲ ရွေးရွေး၊ မကောင်း,အကျိုးမရှိကိုပဲရွေးရွေး တွေဝေစရာကိစ္စမပါဘူး။ ကိုယ်ရွေးတာကို ကိုယ်တာဝန်ယူလိုက်ဖို့တော့ ရှိတာပေါ့။

တစ်ခါတစ်ခါမှာတော့ ကိုယ့်အတွက်ကောင်း၊ အများအတွက်တော့ ဆိုး ဖြစ်စေမယ့် လမ်းနှစ်ခုဆုံရာကို ရောက်နေတတ်တယ်။ တစ်ခါတစ်ခါမှာတော့ သူများအတွက်တော့ ကောင်း၊ ကိုယ့်အတွက်ကျတော့ ဆိုး ဖြစ်စေမယ့် လမ်းဆုံကို ရောက်နေတတ်ပြန်ရော။ လမ်းတွေက ရွေးခက်ပနော်။

(၅)

ဆောင်းပါးကို ခက်တယ်လို့ ပြောပြီး အဆုံးသတ်လို့ မဖြစ်သေးဘူးနဲ့ တူတယ်နော်။ “တို့အညာမှာ မိုးရွာ ရေရပြီးရောကွာ၊ မုန်းတိုင်းကျပါစေ”ဆိုတဲ့ ဆုကိုပဲ တောင်းရမလား။ ဘယ်ဆုကို ရွေးရမလဲ။ “အမေအို ပြုစုဖို့ အရေးကြီးပါတယ်”လို့ ပြောရင်လည်း တိုင်းပြည်အတွက် သေရေးရှင်ရေးတစ်မျှ အရေးကြီးလို့ စစ်တိုက်နေရတဲ့ သူငယ်ချင်းတွေက “ငါတို့မှာလည်း အမေတွေနဲ့အဖေတွေနဲ့ပါကွာ”လို့ ပြန်ပြောကြလေမလား။ ဘယ်လမ်းကို ရွေးရပါ့။ ဝေခွဲမရခြင်းများစွာနဲ့ပဲ အဆုံးသတ်ရတော့မယ်နဲ့ တူတယ်။

“မိမိလည်း အကျိုးရှိ၊ အများလည်း အကျိုးရှိတဲ့အလုပ်ကို လုပ်ပါ”လို့ စာရေးသူတို့ ဗုဒ္ဓဘာသာတွေ ပြောပြောနေကြတဲ့ စကားကို ပြောဖို့ စဉ်းစားကြည့်သေးတယ်။ ဒီစကားကလည်း အထက်က အဖြစ်အပျက်တွေအတွက် အဖြေရနိုင်တဲ့စကား မဟုတ်ဘူးဆိုတာ တွေ့ရပြန်တယ်။

“သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ၊ သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း”ဆိုတဲ့ အနန္တသူရိယအမတ်ကြီးရဲ့ လင်္ကာလေးကလည်း အဖြေတစ်ခု ပေးနေသလို ပေါ်လာတယ်။ အကြိုက်ဆုံးအဖြေလို့ လက်မခံနိုင်ပြန်ဘူး။

(၆)

ဟုတ်ပါတယ်။ ဘဝဆိုတာ တစ်ခါတစ်ရံမှာ အဲဒီလို ခက်ခဲနက်နဲတဲ့ ဆုံးဖြတ်ရခက်တဲ့ ဆုံပွိုင့်တွေ ကြုံတွေ့ရတတ်ပါတယ်။ “ဘယ်ဆုတောင်းမလဲ ချစ်သူရယ်”လို့ အားငယ်စွာ တိုးတိုးတိတ်တိတ် ရေရွတ်မိတာမျိုးတွေလည်း ကြုံကြမှာပါ။

ဒါမျိုးတွေအတွက် မြတ်စွာဘုရားပေးတဲ့ ကျင့်သုံးနည်းတစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ “မိမိကိုယ်ကို စိတ်ရော ကိုယ်ရော သန့်အောင် ကြိုးစားအားထုတ်ခြင်း”ဆိုတဲ့ “အတ္တသမ္မာပဏိဓိ မင်္ဂလာ”ပါပဲ။

ဘယ်လို လမ်းဆုံလမ်းခုလတ်ကိုပဲရောက်နေရောက်နေ၊ ဘယ်လောက်ခက်ခဲနက်နဲပြီး ဆုံးဖြတ်လို့မရတဲ့အနေအထားမှာပဲရောက်နေရောက်နေ မိမိစိတ်ကိုပဲ ပြန်မေးကြည့်နေပါ။ “မင်း ကိုယ့်လိပ်ပြာကိုယ်လုံရဲ့လား”လို့။ ဟုတ်ပြီ။ ကိုယ့်လိပ်ပြာကိုယ် လုံတယ်ဆိုရင် ရှေ့ဆက်ပါ။ လျှောက်ပါ။ ခြေလှမ်းတွေကို ရဲရဲဝံ့ဝံ့ လှမ်းသာလှမ်းပစ်လိုက်ပါ။

မကြောက်မရွံ့၊ နောက်မတွန့်၊ တွေဝေခြင်းကင်းတဲ့ အပြုံးတွေနဲ့ပေါ့။

ချမ်းမြေ့ကြပါစေ …

အရှင်ကုသလသာမိ (အတည်မဲ့)
၁၆၊ ဝ၇၊ ၂ဝ၁၄

Tuesday, July 8, 2014

စံနမူနာ




(၁)
မင်းတုန်းမင်းကြီးဆိုတာ အားလုံး သိတဲ့အတိုင်း သာသနာပြုမင်းကြီးပါ။ သူ့လက်ထက်မှာ ကြီးကျယ်တဲ့ ပိဋကတ်တော်တွေကို ကျောက်ထက်အက္ခရာတင်ပြီး သံဂါယနာတင်ခဲ့တဲ့ မင်းကြီးပါ။ ယနေ့အချိန်အထိ ကမ္ဘာ့အကြီးဆုံးစာအုပ်အဖြစ် ဂုဏ်ယူဖွယ်ရာ တည်ရှိနေဆဲပါ။ ပြောချင်တာကတော့ မင်းတုန်းမင်းလက်ထက်အခါက မင်းကြီးနဲ့ရွှေကျင်ဆရာတော်တို့ရဲ့ အဖြစ်အပျက်လေးတစ်ခုကိုပါ။
တစ်နေ့မှာ မင်းတုန်းမင်းက ရွှေကျင်ဆရာတော်အပါအဝင် ဆရာတော်ကြီးများကို နန်းတော်ကို ပင့်ပါတယ်။ ဆရာတော်ကြီးများ နန်းတော်ထဲကို ရောက်နေကြပါပြီ။ မင်းကြီးကတော့ ရောက်မလာသေးပါဘူး။ ဒါနဲ့ ဆရာတော်တွေဟာ နန်းတော်ထဲ လျှောက်ကြည့်ကြတယ်။ အဲဒီလို လျှောက်နေရင်း ရွှေကျင်ဆရာတော်ကြီးဟာ သစ်ပင်တစ်ပင်က တွဲကျနေတဲ့ သစ်ကိုင်းတစ်ကိုင်းကို လှမ်းကိုင်လိုက်တယ်။ တိုက်တိုက်ဆိုင်ဆိုင် ဆရာတော်ကြီးက သစ်ကိုင်းကို လှမ်းကိုင်နေစဉ်မှာပဲ မင်းတုန်းမင်းကြီး ရောက်လာတယ်။ ဆရာတော်ကြီးဟာ မင်းကြီးရောက်လာပေမဲ့ သူကိုင်ထားတဲ့ သစ်ကိုင်းကို မလွှတ်ပစ်ဘဲ ကိုင်မြဲကိုင်ထားလိုက်တယ်။ သစ်ကိုင်းကို လှမ်းကိုင်ထားတာဆိုတော့ ဆရာတော်ကြီးရဲ့ ချိုင်းမွေးတွေလည်း ပေါ်နေတော့တာပေါ့။ ချိုင်းမွေးတွေပေါ်နေပေမဲ့ ဆရာတော်ကြီးကတော့ ကိုင်ထားတဲ့သစ်ကိုင်းကို လုံးဝမလွှတ်လိုက်ပါဘူးတဲ့။
အဲဒီအခါ အခြားဆရာတော်များက “ရွှေကျင်ဆရာတော်က မင်းတုန်းမင်းကြီးကို ချိုင်းမွေးတွေ ပြလိုက်တာပေါ့”လို့ ပြောကြတယ်။
(၂)
အထက်ပါအဖြစ်အပျက်လေးက ဘာမှ မဟုတ်သလိုလိုနဲ့ အဓိပ္ပာယ်အများကြီး ရှိပါတယ်။ မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်ပုဒ်တွေ၊ ကြည်ညိုစရာတွေထဲမှာ အရေးကြီးတဲ့ ထူးခြားချက်တစ်ခုက “ဧဝရူပါ ကုဟနလပနာ ပဋိဝိရတော သမဏော ဂေါတမော” – “မြတ်စွာဘုရားဟာ ကောက်ကျစ်စဉ်းလဲခြင်း၊ ဝါကြွားခြင်း၊ ဟန်ဆောင်ခြင်း၊ မြှောက်ပင့်ချီးမွမ်းခြင်းတို့ကို အထူးရှောင်ကြဉ်တော်မူ၏”ဆိုတဲ့ ဂုဏ်ထူးဝိသေသပါပဲ။ ဒီနေရာမှာ ကုဟန(စဉ်းလဲခြင်း)သုံးမျိုးအကြောင်း နည်းနည်းပြောပါရစေ။
နံပါတ်(၁)က ပစ္စည်းလေးပါးကို သုံးဆောင်မှီဝဲတဲ့နေရာမှာ စဉ်းလဲခြင်း။ ဒကာတွေက သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဆေးဆိုတဲ့ ပစ္စည်းလေးပါး လာလှူတယ်ဆိုပါစို့။ အလှူခံတဲ့ရဟန်းက သင်္ကန်းတွေ အများကြီး လိုချင်စိတ် ဖြစ်တယ်။ ပစ္စည်းလေးပါးတွေ အများကြီး ရချင်တယ်။ ဒါကြောင့် ဒကာတွေ အထင်ကြီးသွားအောင် “ဘုန်းကြီးပဲဗျာ … သင်္ကန်းတွေ အများကြီး မလိုပါဘူး။ သုသာန်သွား၊ အမှိုက်ပုံသွားပြီး ပံသကူသင်္ကန်း သွားကောက်ပြီး ဝတ်လည်း ရတာပါပဲ။ အဲ … ဆွမ်းတွေ အများကြီးပါလား၊ မလိုပါဘူးဗျာ၊ ဘုန်းကြီးပဲ ဆွမ်းခံစား ရတာပဲ။ အဲ … ကျောင်းလည်း မလိုပါဘူးဗျာ၊ သစ်တစ်ပင်အောက် နေလည်း ရတာပဲ။ ဆေးလည်း မလိုပါဘူးဗျာ၊ နွားကျင်ငယ်ရေနဲ့ ဖန်ခါးသီးစား ရတာပါပဲ … ”စသဖြင့် ပြောတာဟာ ရဟန်းတစ်ပါးအတွက် ကောက်ကျစ်စဉ်းလဲတာလို့ ဆိုပါတယ်။
ဒီနေရာမှာ သတိပြုရမှာက အဲဒီလို ပြောတိုင်း ကောက်ကျစ်စဉ်းလဲတယ်လို့ မဆိုနိုင်ပါဘူး။ အဓိကက လူတွေ အထင်ကြီးအောင်၊ ပစ္စည်းလာဘ်လာဘပေါအောင်၊ ကြည်ညိုသူများအောင် ပြောမှသာ ကောက်ကျစ်စဉ်းလဲတယ်လို့ ဆိုနိုင်ပါလိမ့်မယ်။
နောက် နံပါတ် ၂ က ဣရိယာပုထ်နဲ့ စပ်လျဉ်းပြီး ကောက်ကျစ်စဉ်းလဲတာ။ “အင်း လူတွေတော့ လာပြီ။ သူတို့ အထင်ကြီးပြီး ငါ့ကို တည်ကြည်တဲ့သူ၊ သမာဓိရှိတဲ့သူလို့ ထင်မြင်အောင် ဒီလိုလေး ထိုင်ပြလိုက်မှ၊ ဒီလိုလေး နေပြလိုက်မှ၊ ဒီလိုလေး လမ်းလျှောက်ပြလိုက်မှ …”ဆိုတဲ့အတွေးနဲ့ လူတွေ အထင်ကြီးလေးစားအောင် ပြုလုပ်တာဟာ ရဟန်းတစ်ပါးအတွက် ကောက်ကျစ်စဉ်းလဲတာလို့ ဆိုပါတယ်။
ရဟန်းတစ်ပါးအတွက် ခန္ဓာကိုယ် လှုပ်ရှားပြုမူတာကအစ လူတွေ အထင်ကြီးအောင်၊ ပစ္စည်းလေးပါးဒကာတွေ ပေါများအောင်ဆိုတဲ့ ရည်ရွယ်ချက်ပါနေရင် ကောက်ကျစ်စဉ်းလဲသူလို့ ဆိုပါတယ်။
နောက် နံပါတ် ၃ က စကားအရိပ်အမြွတ်ပြပြီး ကောက်ကျစ်စဉ်းလဲတာ။ “ဒီလို သပိတ်လေး လွယ်ထားလေ့ရှိသူဟာ တကယ်တန်ခိုးကြီးတဲ့သူဗျ။ ဒီလို သင်္ကန်းကို ဝတ်ရုံလေ့ရှိသူဟာ တကယ်တန်ခိုးကြီးသူဗျ။ ဒီလို ဂူထဲ နေတဲ့ဘုန်းကြီးဟာ တကယ်တန်ခိုးကြီးသူဗျ …”စသဖြင့် စကားအရိပ်အမြွတ်ပြပြီး ပစ္စည်းလာဘ်လာဘပေါအောင် အားထုတ်တာဟာ ရဟန်းတစ်ပါးအတွက် ကောက်ကျစ်စဉ်းလဲတာလို့ ဆိုပါတယ်။
(၃)
ရွှေကျင်ဆရာတော်ကြီးနဲ့မင်းတုန်းမင်းကြီး အဖြစ်အပျက်မှာ ရွှေကျင်ဆရာတော်ကြီးဟာ မင်းတုန်းမင်းကြီး လာတာကို တွေ့ပေမဲ့ အထက်မှာဆိုခဲ့တဲ့ နံပါတ် ၂ ကောက်ကျစ်စဉ်းလဲခြင်းဖြစ်မှာစိုးလို့ သစ်ကိုင်းကို ကိုင်မြဲတိုင်း ကိုင်ထားလိုက်တာပါ။ လာဘ်လာဘကို လိုချင်လို့၊ သူတစ်ပါးရဲ့ ကြည်ညိုလေးစားမှုကို လိုချင်လို့ ရည်ရွယ်ချက်နဲ့ အမူအရာကို ပြင်တာဟာ ကောက်ကျစ်တဲ့အပြုအမူတစ်မျိုး ဖြစ်တယ်လို့ ဆိုထားတာကိုး။
ရွှေကျင်ဆရာတော်ကြီးဟာ အဲဒီလောက်ထိ လေးစားကြည်ညိုဖွယ်ကောင်းပါတယ်။ ပစ္စည်းလာဘ်လာဘ၊ ကျော်ဇောမှု၊ လေးစားချီးမြှောက်ခံလိုမှု … စတာတွေကို ရလိုမှုနဲ့ ဘယ်လိုအပြုအမူမျိုးကိုမှ မလုပ်ဘူးဆိုတဲ့ စံနမူနာကို ပြသွားသူလို့ ဆိုရပါမယ်။
(၄)
နောက်ထပ် လေးစားအတုယူဖွယ်ရာ အဖြစ်အပျက်တစ်ခုကို ပြောပြချင်သေးတယ်။ တစ်နေ့မှာ မင်းတုန်းမင်းကြီးဟာ ရွှေကျင်ဆရာတော်ကို ဆွမ်းစားပင့်ဖို့ အမတ်တစ်ယောက်ကို လွှတ်လိုက်ပါတယ်။ အမတ်ရောက်တော့ ဆရာတော်က သင်္ကန်းရုံပြီး ကျောင်းကနေထွက်ဖို့ ပြင်နေပါပြီ။ ဒါနဲ့ မင်းကြီးက ဆွမ်းစားပင့်ခိုင်းလိုက်ကြောင်း လျှောက်လိုက်တယ်။ ဆရာတော်ဟာ ဘာမှမပြောဘဲ ဆက်ကြွသွားတယ်။ အမတ်လည်း နောက်ကနေ ဘာမသိညာမသိ လိုက်သွားတော့ မန္တလေးတောင်ခြေက အဘိုးအဘွားနှစ်ယောက်ရဲ့ တဲလေးထဲကို ကြွသွားတာ တွေ့လိုက်ရတော့တယ်။
ဒါဟာလည်း ဆရာတော်ကြီးရဲ့ ကြည်ညိုစရာ စံနမူနာကောင်းတစ်ခုပါပဲ။ ရဟန်းတော်များအတွက် ချမ်းသာဆင်းရဲ၊ ဂုဏ်ရှိသူ၊ မရှိသူ၊ အာဏာရှိသူ၊ မရှိသူ မခွဲခြားဘဲ ဆက်ဆံရမယ်ဆိုတဲ့ စံနမူနာပြယုဂ်တစ်ခုပါပဲ။
(၅)
ဆရာတော်ကြီးဟာ အာဏာရှိသူတွေနဲ့ မလိုအပ်ရင် ဘာမှ တွေ့ဆုံပြောဆိုခြင်း မရှိပေမဲ့ လိုအပ်တဲ့အခါမှာတော့ ဘေးရှောင်နေတတ်တဲ့ဆရာတော်တော့ မဟုတ်ပါဘူး။ တစ်ခါက ထန်းပင်ရင်းတိုက်သား ဦးဓမ္မသာမိအပါအဝင် ဆရာတော် (၃)ပါးကို ပုန်ကန်မှုပါမှာ ကြံရာပါတွေဆိုပြီး ကွပ်မျက်ဖို့ အမိန့်ပေးလိုက်ပါတယ်။
ပြည်သူတွေလည်း ဘုန်းကြီးတွေကို ဖမ်းတယ်၊ သတ်တော့မယ်ဆိုတော့ လှုပ်လှုပ်ရွရွ ဖြစ်ကြ၊ စိတ်မကောင်းဖြစ်ကြနဲ့ ပူပန်ကြတော့တာပေါ့။ ဒါနဲ့ မတ္တရာဆရာတော်၊ မင်းတဲဆရာတော်၊ မန္တလာဆရာတော်တို့က “မောင်ရွှေကျင်ဆီ သွားကြပါဟ”ဆိုပြီး ဘုန်းကြီးဦးမဉ္ဇူကို လွှတ်လိုက်ကြပါတယ်။
ရွှေကျင်ဆရာတော်ဆီရောက်တော့ ည ၁ဝ နာရီရှိနေပါပြီ။ အကြောင်းစုံ လျှောက်ပြတော့ ရွှေကျင်ဆရာတော်က “အင်း အင်း ကိုယ်ကျိုးနဲလို့၊ ကိုယ်ကျိုးနဲလို့၊ ဖြစ်မှ ဖြစ်ရပလေ၊ ပြောတော့ သာသနာ့ဒါယကာ၊ သာသနာ့ဒါယကာနဲ့၊ သံဃာတွေကို သတ်ပစ်ရင် ရာဇဝင်ရိုင်းတော့မှာပဲ။ ကိုင်း …. ခုတော့ မိုးချုပ်ပြီ။ ပြန်ကြဦး။ မနက်ကျမှ ကြွခဲ့မယ်”လို့ မိန့်လိုက်ပါတယ်။ မနက်စောစောရောက်တော့ ရွှေကျင်ဆရာတော်ကြီးဟာ မင်းတုန်းမင်းကြီးထံ သွားပြီး မြည်တွန်ဆုံးမ သြဝါဒပေးလိုက်တဲ့အခါ ပြေလည်သွားတယ်လို့ ဆိုပါတယ်။

(၆)
လေးစားကြည်ညိုဖွယ်ရာအတိဖြစ်နေတဲ့ ရွှေကျင်ဆရာတော်ကြီးရဲ့ စံနမူနာပြလုပ်ရပ်တွေကို သိရတော့ ယနေ့ခေတ်ရဲ့ ဒဏ်ရာအနာတရတွေကို တစ်ခုချင်း လှမ်းမြင်မိတယ်။ “ဆရာကလည်း ဆရာ၊ ဒကာကလည်း ဒကာ၊ ဒဏ်ရာများနဲ့ကမ္ဘာ”လို့သာ ဆိုရတော့မယ် ထင်ပါရဲ့။ ဆရာတော်ကြီးဟာ ဘာဖြစ်လို့ မင်းကြီးအပေါ်မှာ သြဇာသက်ရောက်ရသလဲ … စဉ်းစားကြည့်တော့။ အစကတည်းက သိက္ခာသမာဓိနဲ့ နေခဲ့လို့ပါပဲ။ ဒါက သတိပြုသင့်တဲ့အချက်ပါ။
ကောင်းလို့ စွဲတာပဲဖြစ်ဖြစ်၊ လိုအပ်လို့ စွဲတာပဲဖြစ်ဖြစ် ရဟန်းတစ်ပါးအတွက် ပါတီစွဲဟာ သာသနာအတွက် အန္တရာယ်ပါပဲ။ တိုင်းပြည်အတွက် တကယ်လိုအပ်တဲ့အခါ ဘယ်ပါတီ၊ ဘယ်အစိုးရကိုပဲဖြစ်ဖြစ် အားမနာဘဲ ဝင်ရောက်ဆုံးမသြဝါဒပေးတတ်တဲ့ သီတဂူဆရာတော်ကြီးကတော့ ဒီနေ့ခေတ်ရဲ့ စံနမူနာပြပုဂ္ဂိုလ်ကြီးပါပဲ။
(၇)
စံနမူနာပြလုပ်ရပ်ကောင်းတွေကို ပြုလုပ်ဆောင်ရွက်တဲ့နေရာမှာ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ သိတဲ့အချိန်က စဖို့တော့ လိုအပ်ပါတယ်။ ဆရာဘက်ပဲဖြစ်ဖြစ်၊ ဒကာဘက်ပဲဖြစ်ဖြစ် သူ့လက်ညှိုးထိုး၊ ကိုယ့်လက်ညှိုးထိုးနေလို့တော့ ဘာတိုးတက်မှုမှ ရှိမှာမဟုတ်ဘူး။ ဟိုထိုးဒီထိုး တဝီဝီထိုးနေတဲ့ လက်ညှိုးတွေကို ရုတ်သိမ်းလိုက်ပါ။ ကိုယ်တိုင်က စံနမူနာပြပါ။
တိုင်းပြည်က လက်ညှိုးတွေ လိုနေတာ မဟုတ်ပါ။ စံနမူနာလုပ်ရပ်တွေ လိုအပ်နေတာပါ။ တိုင်းပြည်က ခေါင်းဆောင်ကောင်းချည်း လိုအပ်နေတာ မဟုတ်ပါ။ ပြည်သူကောင်းတွေလည်း လိုအပ်နေတာပါ။

အရှင်ကုသလသာမိ (အတည်မဲ့)
 ဇူလိုင် ၇ ၂ဝ၁၄

မှီငြမ်း
၁။ မဟာနိဒ္ဒေသပါဠိတော် စာမျက်နှာ ၁၇၂
၂။ ရိက္ခာနှင့်သိက္ခာ (ရဝေနွယ် - အင်းမ)

ကုသိုလ်လေးနဲ့ နေရအောင်




(၁)
တစ်ခါက ရသေ့ကြီးတစ်ပါးဟာ တောအုပ်အစပ်မှာ တဲကျောင်းလေးတစ်ကျောင်း ဆောက်ပြီးနေတယ်။ အဲဒီတဲကျောင်းလေးနဲ့ မနီးမဝေးမှာတော့ ပြည့်တန်ဆာမတစ်ယောက်ရဲ့ အိမ်ရှိတယ်။ ပြည့်တန်ဆာမဟာ ရုပ်ရည်က အလွန်ချောမောတော့ နေ့စဉ်နဲ့အမျှ သူ့ဆီကို လာတဲ့ အမျိုးသားတွေ မြောက်မြားစွာ ရှိတယ်။ ဒါကြောင့် သူမရဲ့အိမ်ဟာ အမြဲတမ်း စည်ကားနေတော့တယ်။ သူမအိမ်နဲ့ ဆန့်ကျင်စွာပဲ ရသေ့ကြီးရဲ့ ကျောင်းသင်္ခမ်းလေးကတော့ အမြဲတမ်း တိတ်ဆိတ်စွာ အေးချမ်းစွာ ရှိနေပါတယ်။ သူမကတော့ အချိန်ရရင် ရသလို ရသေ့ကြီးရဲ့ ကျောင်းသင်္ခမ်းလေးကို လှမ်းလှမ်းကြည့်ပြီး “အော် အေးချမ်းလိုက်တာ၊ သာယာလိုက်တာ”ဆိုပြီး ကျောင်းသင်္ခမ်းလေးရဲ့ သာယာမှုကို ကြည်နူးနေခဲ့တယ်။ တစ်ချိန်တည်းမှာပဲ တစ်ပါးတည်း အေးချမ်းစွာ နေနေတဲ့ ရသေ့ကြီးကို လှမ်းပြီး ကြည်ညိုနေခဲ့တယ်။
ရသေ့ကြီးရဲ့ကျောင်းသင်္ခမ်းလေးရှေ့မှာ ကွပ်ပျစ်လေးတစ်ခု ရှိတယ်။ အဲဒီကွပ်ပျစ်လေးပေါ်မှာ ရေနွေးအိုးလေးတစ်လုံးနဲ့ရသေ့ကြီးကတော့ ပြည့်တန်ဆာမအိမ်ဘက်ကို အမြဲတမ်း စိတ်ဝင်တစား ကြည့်နေခဲ့တယ်။ အမျိုးသားတွေ နေ့စဉ်နေ့တိုင်း တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်ပျော်ပါးနေကြတာကို စိတ်ဝင်စားသွားတယ်။ ဒါနဲ့ အမျိုးသားတစ်ယောက် ဝင်သွားတိုင်း ကျောက်ခဲလေးတစ်လုံးကို ကောက်ပြီး တစ်နေရာမှာ ပုံထားတယ်။ ဒီလို လုပ်လာလိုက်တာ တစ်နေ့ကျတော့ ကျောက်ခဲပုံကြီးတစ်ခု ဖြစ်လာခဲ့တယ်။
ဒီလိုနဲ့ ပြည့်တန်ဆာမရော ရသေ့ကြီးပါ ကွယ်လွန်သွားခဲ့ကြတယ်။ ပြည့်တန်ဆာမက နတ်ပြည်ကို ရောက်သွားတယ်။ ရသေ့ကြီးကတော့ ငရဲပြည်ကို ရောက်သွားခဲ့ပါတယ်။ ဒါနဲ့ ရသေ့ကြီးက “အရှင်ယမမင်း … နှစ်ပေါင်းများစွာ တစ်ပါးတည်းနေပြီး ရသေ့ဝတ်လာတဲ့ ကျုပ်ကျတော့ ငရဲပြည်မှာ နေရပြီး ယောက်ျားပေါင်းများစွာနဲ့ ပျော်ပါးနေခဲ့တဲ့ ပြည့်တန်ဆာမကျတော့ နတ်ပြည်ရောက်သွားတယ်၊ ဘယ်လို ဖြစ်တာလဲ”လို့ မေးလိုက်ပါတယ်။
ဒါနဲ့ ယမမင်းကြီးက “ပြည့်တန်ဆာမဟာ အမိအိုနဲ့လုပ်ကိုင်မစားသောက်နိုင်တဲ့ ညီအစ်ကိုမောင်နှမတွေကို လုပ်ကိုင်ကျွေးမွေးတယ်။ နေ့စဉ်နဲ့အမျှ ရသေ့ကြီးရဲ့ ကျောင်းသင်္ခမ်းလေးကို ကြည့်ပြီး ကြည်ညိုစိတ်နဲ့ ကုသိုလ်အတွေးတွေ တွေးတယ်။ ဒါကြောင့် နတ်ပြည်ကို ရောက်ရတယ်။ သင်ကတော့ နေရင်းထိုင်ရင်း သူများကိုကြည့်ပြီး နေ့တိုင်း အကုသိုလ်တွေ ပွားနေတယ်။ ဒါကြောင့် သင်ဟာ ငရဲပြည်မှာ ရောက်နေရခြင်း ဖြစ်တယ်”လို့ ရှင်းပြလိုက်ပါတယ်။
(၂)
ပုံပြင်ထဲမှာ ရသေ့ကြီးက ဘာတွေ ဆက်ပြောတယ်။ ဘာတွေ ဆက်ဖြစ်တယ်ဆိုတာတော့ မသိရပါဘူး။ ဒါက ပုံပြင်တစ်ပုဒ်သာဖြစ်တော့ အဲဒီလောက် အသေးစိတ်စရာလည်း မလိုဘူး ထင်ပါတယ်။ ပုံပြင်ဆိုပေမဲ့ တွေးစရာတွေ၊ သင်္ခန်းစာယူစရာတွေက အများကြီး ပါနေပါတယ်။ လူအမျိုးမျိုး၊ စိတ်အထွေထွေဆိုတဲ့အတိုင်း လောကကြီးဟာ မတူကွဲပြားတဲ့ အယူအဆတွေ၊ ပုံသဏ္ဌာန်တွေ တစ်နည်းအားဖြင့် ဘဝပုံရိပ်တွေက အမျိုးမျိုးအဖုံဖုံ ရှိနေပါတယ်။ အဲဒီလို မတူညီမှုတွေအပေါ် အခြေခံပြီး ဘဝရပ်တည်ချက်တွေကလည်း ကွဲပြားနေပြန်တယ်။
အချို့သူတွေအတွက် ကုသိုလ်ဖြစ်ဖို့ လွယ်ကူသလို အချို့သူတွေအတွက်ကျတော့ ကုသိုလ်ဖြစ်ဖို့ အတော်ကို ကြိုးစားနေကြရတယ်။ အချို့ကတော့ ဘဝပေးအခြေအနေကြောင့် အကုသိုလ်ဖြစ်မယ့်ပတ်ဝန်းကျင်မှာ နေနေရပေမဲ့ အချို့ကျတော့ အစစအရာရာ ကုသိုလ်ဖြစ်နိုင်တဲ့ပတ်ဝန်းကျင်မှာ နေနေရတာတောင် ကုသိုလ်ဖြစ်အောင် မနေတတ်ကြပါဘူး။
အထက်က ပုံပြင်ထဲမှာ ရသေ့ကြီးရဲ့ကျောင်းသင်္ခမ်းဟာ ကုသိုလ်ဖြစ်စရာ ပတ်ဝန်းကျင်ကြီးပါ။ ဒါပေမဲ့ သူများရဲ့လုပ်ရပ်တွေကို ကြည့်ပြီး အကုသိုလ်တွေ ပွားနေခဲ့တယ်။ အေးချမ်းတိတ်ဆိတ်တဲ့ ကုသိုလ်အရိပ်အမြုံကနေ ပူလောင်ရှုပ်ထွေးတဲ့ အကုသိုလ်ပြကွက်တွေကို ငေးမောရင်း အချိန်တွေကို ကုန်လွန်စေခဲ့တယ်။
အခြားတစ်ဖက်မှာတော့ ပြည့်တန်ဆာမလေးဟာ တဏှာလောဘတွေ၊ ဒေါသတွေ၊ မောဟတွေ၊ အလိုမကျမှုတွေ၊ တွယ်တာမှုတွေ၊ ပြင်းပြတဲ့ဆန္ဒတွေနဲ့ ရှုပ်ထွေးပွေလိမ်နေတဲ့ မှော်ရုံတောကနေ ရသေ့ကြီးရဲ့ကျောင်းသင်္ခမ်း အေးအေးချမ်းချမ်းလေးကို လှမ်းငေးရင်း ကုသိုလ်တွေကို အရယူနိုင်ခဲ့တယ်။
(၃)
စာဖတ်သူများအနေနဲ့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်လေးကို ပြန်ငဲ့ကြည့်လိုက်ပါဦးလား။ “ငါ ကျင်လည်နေရတဲ့ ပတ်ဝန်းကျင်က ကုသိုလ်အဖြစ်များနိုင်စရာ ပတ်ဝန်းကျင်လား၊ အကုသိုလ်အဖြစ်များနိုင်စရာ ပတ်ဝန်းကျင်လား”ဆိုတာကိုပေါ့။ ကုသိုလ်ဖြစ်နိုင်စရာ ပတ်ဝန်းကျင်ကြီးမှာ ရှိနေတယ်ဆိုရင် “အော် ငါ အတော်ကံကောင်းပါလား”လို့ တွေးပြီး ကုသိုလ်တွေကို အရယူလိုက်ကြပါ။ ပုံပြင်ထဲက ရသေ့ကြီးလို မဖြစ်ဖို့တော့ အရေးကြီးပါတယ်။ ဘဝအဆက်ဆက်က အကြောင်းကံတွေကြောင့် အကုသိုလ်များတဲ့ ပတ်ဝန်းကျင်မှာ ရှိနေခဲ့မယ်ဆိုရင်လည်း “အော် ငါ အတော်ကံဆိုးပါလား”လို့ မတွေးမိပါစေနဲ့။ ပုံပြင်ထဲက အမျိုးသမီးလေးလို ကုသိုလ်ကို အမိအရ ရှာဖွေယူတတ်အောင် ကြိုးစားကြစေချင်ပါတယ်။ ကိုယ်ကသာ ကြိုးစားချင်တဲ့ဆန္ဒရှိပါစေ ကုသိုလ်တွေက ပတ်ဝန်းကျင်မှာ အများကြီး ရှိနေတာ တွေ့ပါလိမ့်မယ်။
(၄)
နေ့စဉ်နဲ့အမျှ သတင်းမီဒီယာတွေ၊ သတင်းစာတွေ၊ လူမှုကွန်ရက်တွေကနေ အကြောင်းအရာပေါင်းစုံ၊ သတင်းပေါင်းစုံက လူမှုဘဝတွေထဲကို နက်နက်ရှိုင်းရှိုင်း တိုးဝင်လာနေတယ်။ မှန်တာတွေရော၊ မမှန်တာတွေရော၊ ကောင်းတာတွေရော၊ မကောင်းတာတွေရော စုံလို့နေတယ်။ အချို့က ကုသိုလ်ဖြစ်အောင် တွေးတတ်ကြသလို အချို့ကတော့ အခြားသူများရဲ့အကြောင်းတွေကို အချိန်နဲ့အမျှ တွေးတောမြည်တွန်ရင်း အကုသိုလ်တွေနဲ့ အချိန်ကုန်နေကြတယ်။
လုပ်ဆောင်ချက်တစ်ခု မှန် မမှန်၊ ကောင်း မကောင်းကို သုံးသပ်တာ၊ ဆုံးဖြတ်တာ ကောင်းပါတယ်။ ဒါပေမဲ့ အခြားသူများရဲ့လုပ်ဆောင်ချက်ကို အကောင်း၊ အဆိုး သုံးသပ်ဆုံးဖြတ်တဲ့အရာမှာတော့ ကိုယ်ချင်းစာတရားနဲ့ ယောနိသောမနသိကာရ (သင့်တင့်သောနှလုံးသွင်းမှု)ရှိနေဖို့ လိုအပ်ပါတယ်။
တစ်နည်းအားဖြင့် ကုသိုလ်ဖြစ်အောင် သုံးသပ်တတ်ဖို့၊ ဆုံးဖြတ်တတ်ဖို့ အရေးကြီးပါတယ်။ တစ်နည်းအားဖြင့် လောကအတွက် အပြုသဘောဆောင်ပြီး အကျိုးများအောင် သုံးသပ်ဆုံးဖြတ်ဖို့ အရေးကြီးလှပါတယ်။ လူ့ဘဝဆိုတာ ခဏဆိုမှ ခဏလေးရယ်ပါ။ ကုသိုလ်ဖြစ်အောင် တွေးရအောင်ပါ။ ကုသိုလ်ဖြစ်အောင် ပြောရအောင်ပါ။ အခြားသူများရဲ့ လုပ်ရပ်တွေကို ဝေဖန်ပြစ်တင်ရင်း အချိန်မကုန်ရအောင် သတိပြုရအောင်ပါ။ အဲဒီလိုမှ မဟုတ်ရင်တော့ ပုံပြင်ထဲက ရသေ့ကြီးလို သူများအားနည်းချက်ကို ကြည့်ရင်း အချိန်ကုန်သွားလိမ့်မယ်။
(၅)
ဓမ္မပဒမှာ သူတစ်ပါးအပြစ်ကိုချည်း လိုက်ကြည့်ပြီး ဝေဖန်တတ်တဲ့ရဟန်းတစ်ပါး ရှိတယ်။ “ဒီကိုယ်တော်က သင်္ကန်းကို ဒီလိုကြီး ဝတ်တယ်၊ ဒီကိုယ်တော်ကတော့ ဒီလိုကြီး နေတယ်”စသဖြင့် အမြဲတမ်း ဝေဖန်ပြစ်တင်လေ့ရှိတယ်။ အဲဒီရဟန်းကိုအကြောင်းပြုပြီး မြတ်စွာဘုရားက “ပရဝဇ္ဈာနုပဿိဿ၊ နိစ္စံ ဥဇ္ဈာနသညိနော။ အာသဝါ တဿ ဝဍ္ဎန္တိ၊ အာရာ သော အာသဝက္ခယာ”လို့ မိန့်တော်မူပါတယ်။ အဓိပ္ပာယ်ကတော့ “သူတစ်ပါးအပြစ်ကို အမြဲတမ်း ကြည့်၊ ပြောဆိုပြစ်တင်နေသူဟာ လောဘ၊ ဒေါသ၊ မောဟတွေသာ တိုးပွားတယ်။ နိဗ္ဗာန်နဲ့လည်း ဝေးပါတယ်”လို့ ဆိုလိုပါတယ်။
နိဗ္ဗာန်ဆိုတဲ့စကားလုံးက မြင့်လွန်းတယ်ဆိုရင် ဒီလိုလေး နားလည်လိုက်ပါ။ “သူများ မကောင်းကြောင်းကို ပြောပြီးနေတဲ့သူဟာ ကုသိုလ်နဲ့ဝေးတယ်”လို့ မှတ်ထားလိုက်ပါ။ ဒီတော့ သူများ မကောင်းတာကို ပြောတာဟာ ကိုယ့်ရဲ့ကောင်းတာလေးတွေကို ဖဲ့ခြွေပေးနေရတာပါ။ ကိုယ့်ကိုကိုယ် ကောင်းအောင် အရင်ဆုံး ကြိုးစားတာဟာ (အတ္တသမာပဏိဓိ) မင်္ဂလာကို ဖြည့်ဆည်းနေခြင်း ဖြစ်ပါတယ်။ ဒီတော့ ကိုယ့်ကိုကိုယ် ကောင်းအောင် ကြိုးစားနေတာဟာ ကိုယ့်ကိုကိုယ်ရော၊ လောကကိုရော ကောင်းမွန်အောင် တည်ဆောက်နေခြင်းပါ။
(၆)
ကိုယ်တိုင် တိုးတက်ချင်လို့ပဲဖြစ်ဖြစ်၊ ကိုယ့်ပတ်ဝန်းကျင် တိုးတက်စေချင်လို့ပဲဖြစ်ဖြစ်၊ နိုင်ငံတိုးတက်စေချင်လို့ပဲဖြစ်ဖြစ်၊ လောကတိုးတက်စေချင်လို့ပဲဖြစ်ဖြစ် အရင်ဆုံး ပြုလုပ်ရမှာက မိမိကိုယ်တိုင်ပါ။ မိမိကိုယ်ကို ကောင်းအောင်ပြုပြင်ကြိုးစားခြင်းဟာ ကုသိုလ်နဲ့ နေတာပါပဲ။ ကုသိုလ်နဲ့နေတော့ အရာရာဟာ တင့်တယ်တော့မှာပေါ့။


အရှင်ကုသလသာမိ (အတည်မဲ့)
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails