Wednesday, April 30, 2014

အညတြ ခရီးသည် (၂)





(၅)
ကပ္ပိယလေးနှစ်ယောက်နှင့်လာကြိုသည့် ဂျာမန်ရဟန်းတော်က အဆောင်များ၊ အခန်းများကို လိုက်ပြသည်။ ကျောင်းမှာ ရေးထားသည့်စာများမှာ ဂျာမန်၊ ထိုင်း ၂ ဘာသာဖြင့် ရေးထားသည်။ အနောက်တိုင်းသားများနှင့် ပူးတွဲပြီး အနောက်နိုင်ငံများတွင် ဖြစ်မြောက်အောင်မြင်အောင်၊ လေးစားအထင်ကြီးဖွယ်ဖြစ်အောင် ပြုလုပ်နိုင်စွမ်းသော ထိုင်းရဟန်းတော်များကို အားကျလေးစားမိသည်။

အနောက်တိုင်းအိမ်များ ထုံးစံအတိုင်း အပြင်ကကြည့်လျှင် အိမ်ပုလေး၊ အိမ်သေးသေးလေးဟု ထင်ရသော်လည်း အထဲရောက်သည့်အခါ လိုအပ်သည့်ပစ္စည်းပစ္စယများက စုံလှသည်။ အပူပေးစက်များ၊ ရေချိုးခန်းများ၊ အိပ်ခန်းများ၊ စာကြည့်ခန်း၊ ရုံးခန်း၊ မီးဖိုချောင်၊ ထမင်းစားခန်း၊ အမှိုက်ပုံးအမျိုးမျိုး စနစ်တကျ သန့်ရှင်းသပ်ရပ်စွာ ထားရှိကြသည်။ အိပ်ခန်း ၆ ခန်းသာရှိသော်လည်း အိမ်သာ၊ ရေချိုးခန်းက ၅ ခန်းရှိသည်။

အခန်းအဝင်တံခါးများတွင် ထိုင်းစာများ ရေးထားသည်။ ထိုင်းပစ္စည်းအသုံးအဆောင်များလည်း နေရာအနှံ့တွေ့ရသည်။ သူတို့နိုင်ငံသားတွေကျတော့ တိုင်းတစ်ပါးသားတွေနှင့် အလုပ်အတူလုပ်နိုင်ပြီး တို့မြန်မာတွေကတော့ မြန်မာအချင်းချင်းပဲ စုစည်းလုပ်ဆောင်နေကြတာ ဘာဖြစ်လို့ပါလိမ့်ဟုလည်း ကိုယ်ကိုယ့်ကို အားမလိုအားမရဖြစ်ရင်း တွေးနေမိခဲ့သည်။

အခန်းများအတွင်းကိုလည်း လိုက်ပြသည်။ အခန်းတစ်ခန်းကို ရောက်သောအခါ အမှန်တော့ ဒီအခန်းမှာ အရှင်ဘုရား နေချင် နေလို့ ရပါတယ်၊ ဒါပေမဲ့ တပည့်တော်ကတော့ ဟိုး နောက် တောတန်းထဲက ကုဋိ(ကျောင်းငယ်လေး)မှာ နေစေချင်တယ်၊ ဘယ်လို သဘောရလဲဟု ဂျာမန်ရဟန်းက ဆိုသည်။ အရှင်ဘုရားတို့ကကော ဘယ်မှာ နေတာလဲဟု မေးသောအခါ သူတို့လည်း တောထဲက ကျောင်းငယ်လေးတွေမှာ နေကြကြောင်း ပြောသည်။

သို့ဖြင့် တပည့်တော်လည်း တောထဲက ကျောင်းငယ်မှာ နေပါ့မယ်ဟု ပြောလိုက်သည်။ ကျောင်းငယ်လေးဆီကို ဆက်လက်ထွက်ခွါကြသည်။ တကယ့်ကို တောကြီးဖြစ်သည်။ ထင်းရှူးပင်များက စီတန်းပြီး တဝေါဝေါ တိုက်ခတ်နေသော လေသံများကိုသာ ကြားရသည်။ ကျေးငှက်သာရကာများကလည်း အသံမျိုးစုံ သီကျူးနေကြသည်။ တစ်ခါတစ်ရံ သမင်များကိုလည်း တွေ့ရသည်ဟု ဆိုသည်။ ယုန်များကိုတော့ ခဏခဏ တွေ့မြင်နိုင်သည်ဟု ဆိုသည်။

ရထားတွဲပျက်လိုအရာတစ်ခုကို တွေ့သောအခါ ဒါ အရှင်ဘုရား နေရမယ့်နေရာပဲဟု ဆိုသည်။ စိတ်ထဲတွင် အားလုံးအတွက် အသင့်ပြင်ထားပြီးသား ဖြစ်နေတာတောင် တစ်မျိုးဖြစ်သွားသည်။ ဘယ်ဘက်ကို ကြည့်ကြည့်၊ သစ်ပင်တွေသာ ရှိသည်။ သီရိလင်္ကာနိုင်ငံ၊ စိတ္တလတောအုပ်တွင် တရားအားထုတ်ခဲ့သည့်ပုံရိပ်များက စိတ်ထဲတွင် အစီအရီ ပြန်ပေါ်လာခဲ့သည်။ လျှပ်စစ်မီးကော ရှိလားဘုရားဟု မေးသောအခါ ရှိပါတယ်၊ အပူပေးစက်လည်း ရှိပါတယ်၊ ဒါပေမဲ့ အိမ်သာတော့ မရှိဘူး၊ သွားချင်ရင် ဟိုကျောင်းဆောင်ကြီးကို သွားချင်သွား၊ တောထဲမှာပဲ သွားချင်သွား၊ အဆင်ပြေပါတယ်၊ ဘယ်သူမှ မရှိပါဘူးဟု ပြုံးရယ်ကာ ဆိုသည်။ စကားပြောရင်း ကျောင်းလေးတံခါးကို ဖွင့်လိုက်သည်။ အံ့သြသွားသည်။

(၆)
အပြင်က ကြည့်တော့ ရထားတွဲဆိုင်းအဟောင်းကြီး။ ခနော်နီခနော်နဲ့။ အထဲမှာတော့ သန့်ရှင်းသပ်ရပ်လှသည်။ စိတ်ထဲမှာ အတော်ကြည်လင်သွားသည်။ အပူပေးစက်လည်း ၂ လုံး တပ်ပေးထားသည်။ ရေနွေးအိုး၊ ရေသန့်၊ တရားထိုင်သည့်နိသီဒိုင် … စုံနေသည်။ အကြီးဆုံးရဟန်းတော်က ဘယ်မှာလဲဟု မေးသည့်အခါ သူက ဒီကနေ မီတာ ၄ ရာလောက်က တစ်ပါးကျောင်းမှာ နေတယ်၊ မနက်ကျမှ တွေ့တာပေါ့ဟု ဆိုသည်။

အခန်းထဲ တစ်ပါးတည်း ကျန်ခဲ့သည်။ ခေါင်းစဉ်တပ်မရသည့် ခံစားချက်က အရင် ဝင်လာသည်။ အားငယ်သည်လား၊ တိတ်ဆိတ်မှုလား၊ တွေးတောငေးမောမှုလား၊ တည်ငြိမ်မှုလား၊ တွေသလိုလို၊ တွေးသလိုလို၊ ငြိမ်သလိုလို။ ဘယ်လိုပဲဖြစ်ဖြစ် အားတင်းလိုက်သည်။

အခန်းထဲက ဆင်းတုတော်ကို အသေအချာ စိုက်ကြည့်ပြီး အားရပါးရ ဖူးမြော်လိုက်သည်။ ဘေးနားက အမွှေးတိုင်လေးကို မီးညှိပူဇော်လိုက်သည်။ ရင်ထဲက ခေါင်းစဉ်က တဖြည်းဖြည်း ပေါ်လာသည်။ ငြိမ်လာပြီ။

(၇)
ခရီးဆောင်အိတ်ထဲက မဟာသမယသုတ်စာအုပ်နှင့် ပဋ္ဌာန်း(အကျယ်)စာအုပ်ကြီးကို ထုတ်လိုက်သည်။ နောင်တော်ကြီး ဦးတေဇောဘာသ(မြတ်ရောင်နီ) ပြောလေ့ရှိသော ဘုရားကို ယုံစမ်းပါ ကိုယ်တော်ရာဆိုသော စကားကို သတိရနေမိသည်။ ဦးစွာ မဟာသမယသုတ်ကို ရွတ်ဖတ်သည်။ ပြီးလျှင် ပဋ္ဌာန်းရွတ်သည်။ ၁ နာရီကျော် ကြာသွားသည်။ ငြိမ်သက်စွာ ထိုင်နေဖြစ်သည်။

တဖြည်းဖြည်း အမှောင်ရိပ်လေးများ သန်းလာသည်။ ကျေးငှက်အသံများက ပိုမိုကျယ်လောင်လာသလို ခံစားရသည်။ ပြတင်းပေါက်မှနေ၍ အပြင်ကို လှမ်းကြည့်မိသည်။ ဟိုး အဝေးက ထင်းရှူးပင်တွေရဲ့အထက် တိမ်တိုက်တွေထဲကို လှမ်းကြည့်သည့်အခါ သိမ်းငှက်အချို့ ပျံဝဲနေသည်ကို တွေ့ရသည်။ လေယာဉ်များ ဖြတ်ဖြတ်သွားနေကြသည်ကိုလည်း တွေ့ရသည်။ စိတ်က ထိုမှတစ်ဆင့် သီရိလင်္ကာနိုင်ငံက စိတ္တလတောအုပ်ထဲက ရက် ၆ဝ တရားအားထုတ်ခဲ့ရာ ကျောက်ဂူလေးဆီ ရောက်သွားသည်။

ကြည့်စမ်း … ဒီနေရာကို ငါ ဘယ်ကနေ ဘယ်လို ရောက်လာပါလိမ့်၊ ဥရောပတိုက်ကြီးထဲက အေးချမ်းတိတ်ဆိတ်နေတဲ့ တောကျောင်းတစ်ခုက ကျောင်းငယ်လေးတစ်ခုမှာ တစ်ယောက်တည်း ငြိမ်သက်စွာ တည်ရှိနေရသည့်အဖြစ်။ ကံကောင်းသည်လား၊ ကံဆိုးသည်လား။ အေးချမ်းမှု၊ ငြိမ်းချမ်းမှုတို့ တဖြည်းဖြည်း ဝင်ရောက်လာသည်။

ပြီးခဲ့သော အတိတ်ကာလများဆီသို့ ပြန်လည်ငဲ့ကြည့်ပြီး အတိတ်ခြေရာများကို အေးချမ်းတိတ်ဆိတ်စွာ တူးဆွနေမိသည်။ အမှန်က လွန်ခဲ့သည့် ၃ နှစ်ကတည်းက ဒီနေရာကို ဖိတ်သော်လည်း ခရီးစဉ် မဖြစ်ခဲ့၊ မလာဖြစ်ခဲ့။ အခုမှ ရောက်လာခဲ့ရသည်။ လွန်ခဲ့သည့် ၃ နှစ်က စတင်ပင့်ဖိတ်စဉ်က မလာဖြစ်ခဲ့သည်မှာ တစ်ဖက်ကကြည့်လျှင် ဘဝအတွက် အလွန်တန်ဖိုးရှိခဲ့သည်။

ထိုစဉ်က မလာဖြစ်သည့်အတွက် မလေးရှားနိုင်ငံ၊ ပီနန်မြို့၊ မဟာဓမ္မိကာရာမမြန်မာကျောင်းအတွင်းရှိ Golden Pagoda Bell Tower ကြီးကို အောင်မြင်စွာ ဖွင့်လှစ်ပေးသည်အထိ လုပ်ဆောင်ပေးခွင့်ရခဲ့သည်။

ထိုမှတစ်ဖန် မြန်မာနိုင်ငံ ပြန်ရောက်သည့်အခါ Dhamma School Foundation တည်ထောင်သူများအနက် တစ်ဦးအဖြစ် ပါဝင်ခွင့်ရသည့်အပြင် အမည်ခံ တည်ထောင်မှုမဟုတ်ဘဲ အောင်မြင်မှုလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်သည်အထိ စိတ်နှစ်ကိုယ်နှစ် လုပ်ဆောင်ပေးနိုင်ခဲ့သည်။

စာရေးသူတို့ ဖောက်လုပ်ပေးခဲ့သော လမ်းကြောင်းသည် မြန်မာနိုင်ငံတွင် လမ်းသစ်ဟု ဆိုနိုင်သည်။ လမ်းသစ်ဖြစ်ခြင်း၊ စနစ်ကျခြင်း၊ တိကျခြင်း စသည်တို့ကြောင့် ဖောင်ဒေးရှင်းဟာ မျှော်လင့်ထားသည်ထက် အောင်မြင်ခဲ့သည်။ ယခုအချိန်အထိ စာရေးသူတို့ ဖောက်လုပ်ပေးခဲ့သောလမ်းကြောင်းအတိုင်း လျှောက်လှမ်းနေဆဲ ဖြစ်နေသည်ကို တွေ့ရသဖြင့် ဝမ်းသာလှသည်။

လွန်ခဲ့သည့် ၃ နှစ်က ဂျာမနီမသွားဖြစ်ခြင်းကြောင့် ထိုလုပ်ဆောင်မှုများကို အကောင်အထည် ဖော်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု တွေးနေမိသဖြင့် ဝမ်းသာရသည်။ လောကအတွင် အကောင်းအဆိုး၊ အကြောင်းအကျိုးများသည် ဒွန်တွဲနေတတ်ပါလားဆိုတာကိုလည်း ဘဝသတိဖြင့် ရှုမြင်တတ်လာပြီဟု သဘောပိုက်မိသည်။

(၈)
အနည်းငယ် အလင်းလျှော့လာသည်။ သို့သော် ဂျာမနီမှာက တစ်ခါတစ်ရံ ည ၈ နာရီကျော် ၉ နာရီခန့်ထိ အလင်းရောင်က အနည်းငယ် ရှိနေတတ်သေးသည်။ အပြင်ထွက်လိုက်သည်။ အပြင်က အအေးဓာတ်ကြောင့် အနည်းငယ် တုန်သွားသည်။ အထဲပြန်ဝင်ပြီး ခေါင်းစွပ်ယူပြီး ခြေအိတ်တစ်ထပ် ထပ်ဝတ်လိုက်သည်။

စင်္ကြန်လျှောက်တရားမှတ်ဖို့ လမ်းကလေး လုပ်ထားသည်။ မှောင်ရီပျိုးချိန်ဖြစ်သည်က တစ်ကြောင်း၊ နေရာသစ်ဖြစ်သည်ကတစ်ကြောင်းကြောင့် စိတ်ထဲမှာ အနည်းငယ် ထိတ်သွားသည်။ အဘယ့်ကြောင့်ဆိုသော် စင်္ကြန်လမ်းအဆုံးတွင် အရိုးစုများကို စုပုံထားသောကြောင့် ဖြစ်သည်။ ပထမ စကြည့်ချိန်တွင် အနည်းငယ် တွန့်သွားသည်။ ပြီးမှ သတိပြန်ထားပြီး အသေအချာ ကြည့်ဖြစ်သည်။ အသုဘကမ္မဋ္ဌာန်း၊ အရိုးစုကမ္မဋ္ဌာန်းရှုမှတ်နိုင်စေရန် ချထားပေးပုံရသည်။ စင်္ကြန်လျှောက်ရသည်မှာ သမာဓိမရနိုင်သဖြင့် နည်းပြောင်းကြည့်သည်။ ခြေလှမ်းအရေအတွက်ကို ရေမှတ်ကြည့်သည့်အခါမှ အနည်းငယ် တည်ငြိမ်မှု ရလာသည်။

သီရိလင်္ကာနိုင်ငံ၊ စိတ္တလပဗ္ဗတတွင် ရခဲ့ဖူးသော သမာဓိအနေအထားကို သတိရသွားသည်။ ထိုစဉ်အခါက မြေဇင်းနည်းအရ ထွက်လေဝင်လေကို ရေတွက်ရသည်ဖြစ်ရာ ထိုနည်းကို အသေအချာ ပြန်စမ်းကြည့်ဖို့ ကျောင်းလေးပေါ် ပြန်တက်လိုက်သည်။ ပိုပြီး သမာဓိရအောင် အိပ်ရာခင်းထားသည့်နေရာ သွားဦးမှဆိုပြီး အိပ်ရာပေါ် တက်လိုက်သည်။ ဘုရား ဘုရား ဘုရား …။ ကြက်သီးပင် ထသွားသည်။

ဒီအိပ်ခန်းနောက်နံရံကို တစ်ခါမှ မကြည့်မိပါလား။ စိတ်ထဲ ဘာဖြစ်သည် မသိ။ ထိုပုံကို ချက်ချင်း ဆွဲဖြုတ်ပစ်လိုက်သည်။ ပြီးလျှင် အိပ်ရာအောက်ကို ပစ်ချလိုက်သည်။ ပြီးမှ ဟာ … မဟုတ်သေးပါဘူး၊ ငါ ဘာဖြစ်တာပါလိမ့်ဟု သတိပြန်ကပ်ပြီး ထိုပုံကို ပြန်ယူပြီး စိုက်ကြည့်ပစ်လိုက်သည်။ စိတ်ထဲမှာ အော်ဂလီဆန်လာသည်။ ကြက်သီးများ တဖြန်းဖြန်း ထသည်။ ပြတင်းပေါက်ကနေ အပြင်သို့ ကြည့်လိုက်သောအခါ ငှက်များ အိပ်တန်းပြန်နေကြပြီ။ အလင်းက ပိုပိုနည်းလာသည်။

ပြည်များ၊ သွေးများ၊ လောက်ကောင်ဖြူဖြူကြီးများ၊ အရိအရွှဲများ ယိုဖိတ်ကျနေသည့် အလောင်းကောင်ပုပ်ဓာတ်ပုံကို နဂိုမူလနေရာကို ပြန်ကပ်လိုက်သည်။ ၁ဝ မိနစ်ခန့် စိုက်ကြည့်ပစ်လိုက်သောအခါ ငြိမ်သွားသည်။ မိမိစိတ်ကို စိတ္တလတောအုပ်ထဲက ကျောက်ဂူထဲရောက်နေသလို အာရုံပြုနိုင်စေရန် လျှပ်စစ်မီးများ ပိတ်လိုက်သည်။ အတိတ်က ရခဲ့ဖူးသော သမာဓိအချို့ ပြန်ရသဖြင့် ကျေနပ်ခဲ့သည်။

(ထုံးစံအတိုင်း ဖတ်ရတာ ပျင်းသွားမှာစိုးလို့ ဖြတ်ထားလိုက်သည်။ ခဏလောက် အမောဖြေလိုက်ကြဦး၊ နောက်တစ်နေ့မှာ တောရကိုယ်တော်များနှင့် ဆွေးနွေးချက်များကို ဆက်ဖတ်ကြပေါ့။ ကျေးဇူးတင်ပါ၏။)

Tuesday, April 29, 2014

အညတြ ခရီးသည်





(၁)
ဂျာမဏီကို ရောက်ပြီးကတည်းက ဆွမ်းခံထွက်တာနှင့်လမ်းလျှောက်သည်ကလွဲ၍ ခရီးဝေး တစ်ခါမှ မသွားရသေး။ အခု သွားမည့်သွားရတော့ တစ်ပါးတည်း။ ရထားခရီး။ ခရီးက နေ့ဝက်လောက်ကြာမည်။ ပိုဆိုးသည်မှာ ရထားက ၂ ဆင့်ပြောင်းစီးရမည်။ ရာသီဥတုက နည်းနည်းပူလာသည်။ ရောက်စက အနွေးထည် ၅ ထည်၊ ခြေအိတ် ၂ ထည်၊ သင်္ကန်း၊ ခြုံထည် စသဖြင့် အထူကြီး ဝတ်ထားရသည်။ အခုတော့ နည်းနည်းပူလာသဖြင့် (ဒီဂရီ ၁၅ ခန့်) အနွေးထည် ၂ ထည်သာ ဝတ်ဖြစ်သည်။

ဂျာမနီကိုယ်တော်က ရထားလက်မှတ်နှင့် မြေပုံစာရွက်ကြီး ယူလာသည်။ မင်း စိတ်လှုပ်ရှားနေပြီလားဟု ဆိုသည်။ ထုံးစံအတိုင်း နည်းနည်းမှ အလျှော့မပေးချင်တာနဲ့ အေးဆေးပါဟု ဖြေလိုက်သည်။ သူက ခရီးစဉ်အကြောင်း၊ ဟိုရောက်ရင် တည်းရမည့်နေရာအကြောင်း၊ ဟိုကျောင်းက သံဃာများ၏ ဝိနည်းစည်းကမ်း လိုက်နာကြပုံများအကြောင်း၊ ရထားပြောင်းစီးတဲ့အခါ တက်တက်ကြွကြွနဲ့ အခြားသူများကို မေးသင့်ကြောင်း … စသည်ဖြင့် အစစအရာရာ မှာနေခဲ့သည်။ သူ့ကို ဘယ်လိုပင် ပြောလိုက်ပြောလိုက်၊ မသွားဖူးသည့်ခရီး၊ အသွင်မတူ၊ အစားမတူ၊ အနေမတူ၊ အတွေးမတူ … ဘာဆိုဘာမျှ မတူသည့်အခြေအနေများအတွက် စိတ်လှုပ်ရှားနေသည်က အမှန်ပင် ဖြစ်ပါသည်။

အဘယ့်ကြောင့်ဆိုသော် ယခု သွားရမည့်နေရာသည် ရဟန်းတော်များ ကပ္ပိယမပါဘဲ ခရီးမသွားရပါ။ ကပ္ပိယမပါခဲ့သော် ငွေ ယူမလာရပါ။ ထို့ကြောင့် သူတို့ စည်းကမ်းကို လိုက်နာသည့်အနေဖြင့် ဘာငွေကြေးမှ ယူမလာခဲ့ပါ။ ငွေမပါသည့်အတွက် တစ်ခုခု ဖြစ်ခဲ့သော် ဥပမာ ရထားလွဲစီးပြီး နောက်ရထားတစ်စီးကို လက်မှတ်ဖြတ်ရမည်ဆိုသော် ဒုက္ခရောက်ဖို့ သေချာသလောက် ရှိသည်။ ငွေမပါဘဲ ခရီးရှည်မသွားဖူးသော မြန်မာရဟန်းတစ်ပါးအတွက် ဟာတာတာ ဖြစ်နေခဲ့သည်ကိုတော့ ဝန်ခံရပေလိမ့်မည်။

(၂)
ရထားက နေ့လည် ၁ နာရီ ခွဲ ထွက်မည်။ ၁ နာရီကျော်လောက်မှာ ဘူတာကို ရောက်သည်။ ဘူတာရောက်သည်နှင့် ဂျာမန်ရဟန်းက ငါ သွားတော့မယ်၊ ရမလားဟု မေးသည်။ အိုကေဟုသာ ပြောလိုက်သည်။ အမှန်မှာ ရထားရောက်လာသည်အထိ စောင့်စေချင်သည်။ ရထားထွက်သွားမှ ပြန်စေချင်သည်။ သို့ရာတွင် မြန်မာပီပီ အလျှော့မပေးချင်ပါ။ သူက မြန်မာလို ဆင်းရဲသားနိုင်ငံက လာတဲ့ စာရေးသူဟာ အစစအရာရာ အားငယ်လိမ့်မည်၊ စိတ်လှုပ်ရှားနေလိမ့်မည်၊ ကြောက်ရွံ့နေလိမ့်မည်၊ အခုသွားမည့်နေရာလို ဝိနည်းစည်းကမ်းတင်းကျပ်သောနေရာမှာလည်း အနည်းငယ် ဒုက္ခတွေ့လိမ့်မည်ဟု ထင်နေခဲ့သည်။

စာရေးသူကလည်း ပြောပြဖြစ်သည်။ အဲဒီကျောင်းက တင်းကျပ်တယ်ဆိုတာ ငါတို့ မြန်မာနိုင်ငံက စာသင်တိုက်အချို့ကို မမီပါဘူးဟု ပြောပြသည်။ သို့ရာတွင် သူက ယုံချင်သည့်လက္ခဏာမပြပေ။ ဘာပဲဖြစ်ဖြစ် ဘူတာမှာ စာရေးသူကို ထားခဲ့ပြီး သူ ပြန်သွားသည်။

အနီးစပ်ဆုံး ဘယ်သူ့ကို မိတ်ဖွဲ့ရမလဲ လိုက်ကြသည်။ ကပ္ပလီနှင့်ဂျာမန်သူစုံတွဲ၊ အဖိုးကြီးနှင့်အဘွားကြီးစုံတွဲ၊ ကျောင်းသူအရွယ်ကောင်မလေးတစ်ယောက်၊ အမျိုးသားတစ်ယောက်။ ကပ္ပလီစုံတွဲက ပတ်ဝန်းကျင်ကို လုံးဝဂရုစိုက်ပုံ မရ။ ကျောင်းသူမလေးနှင့်အမျိုးသားတစ်ယောက်ကတော့ စာရေးသူကို အနည်းငယ်သာ စောင်းကြည့်ပြီး ဖုန်းကလိနေကြသည်။ အဖိုးကြီးအဖွားကြီးတို့ကသာ စာရေးသူကို စိတ်ဝင်စားပုံ ရသည်။ ဒါကြောင့် သူတို့အနား ကပ်သွားပြီး နှုတ်ဆက်ဖြစ်သည်။ သို့ရာတွင် ကံမကောင်းခဲ့ပါ။ ဟလိုတစ်လုံးကလွဲပြီး အင်္ဂလိပ်လို လုံးဝပြောမရ၍ အားရပါးရပြုံးပြကာ အခြားတစ်ယောက်ဆီ သွားဖို့ ပြင်လိုက်သည်။

စုံတွဲဆီလည်း သွားလို့ မဖြစ်၊ ဖုန်းကလိနေသော ကောင်မလေးဆီလည်း သွားရမှာ တစ်မျိုးဖြစ်။ ဒါနဲ့ အမျိုးသားတစ်ဦးနား သွားပြီး ဟလိုဟု နှုတ်ဆက်လိုက်သည်။ သူက ဟလို နှုတ်ဆက်ရင်း လက်ကလည်း အားရပါးရ ဆွဲယမ်းနှုတ်ဆက်သည်။ သို့ရာတွင် သူလည်း အင်္ဂလိပ်လို မပြောတတ်။ ဘာပဲဖြစ်ဖြစ် သူက အတော်ခင်မင်ပုံရသဖြင့် သူ့နားမှာ ခဏထိုင်လိုက်သည်။

လက်ဟန်ခြေဟန်များဖြင့် စကားပြောကြသည်။ ကိုယ်သွားမည့် ခရီးစဉ်ကို လက်မှတ်ပြရင်း၊ မြေပုံပြရင်း သူ့ကို ပြောပြသည်။ သူကလည်း ဝမ်းသာအားရဖြင့် ရထား ဒုတိယအကြိမ် ပြောင်းစီးရမည့် ဘူတာအထိ သူလည်း လိုက်မှာဖြစ်ကြောင်း ပြောပြသည်။ စာရေးသူလည်း အတော်ဝမ်းသာသွားသည်။

သတ်မှတ်ထားသောအချိန်ထက် ၁ မိနစ်နောက်ကျပြီး ရထားရောက်လာသည်။ ရထားပေါ်တွင် ပထမတန်းနှင့်ဒုတိယတန်းဟု ၂ မျိုးသာရှိသည်။ ဒုတိယတန်းဆိုသော်လည်း ဆိုဖာနှင့်အတော်အတန်ကောင်းသော ခုံများ ဖြစ်သည်။ ရထားက အလုံဆိုတော့ အနည်းငယ် မွန်းကြပ်သလို ခံစားရသည်။ ရထားနံရံတွင် အပူပေးသံဇကာများကို တွေ့ရသည်။ ရထားက ၂/၃ မိနစ်ခန့်သာ ရပ်သည်။ ပြေးလမ်းပေါ်တွင် အရှိန်ဖြင့် မောင်းနှင်အားယူနေသော လေယာဉ်နှင့်တူလှသည်။

ရထားလမ်းဘေးဝဲယာတွင် စိမ်းလန်းစိုပြေလှသည်။ အိမ်များ၊ ဘုရားရှိခိုးကျောင်းများ၊ လမ်းများ၊ သစ်တောများ၊ စိုက်ခင်များ၊ ပန်းခင်းများဖြင့် အလွန်သာယာလှသည်။ ဟိုတုန်းက ကိုယ့်နိုင်ငံကို စိမ်းလန်းတဲ့မြေ စသည်ဖြင့် သီချင်းလုပ်ဆိုကြသည်။ သို့ပေတည့် အော် … တို့ဆီမှာ ဒီလောက် မစိမ်းလန်း၊ မလှပပါလားလို့ တွေးနေမိသည်။ လမ်းတစ်လျှောက် သွေ့ခြောက်သည့်နေရာဟူ၍ တစ်နေရာမှ မတွေ့ပါတကား။

ရထားပေါ်တွင် ဘူတာတွင် မိတ်ဆက်ခဲ့သူကို မင်းက ဘယ်ကလဲဟု မေးသည့်အခါ သူက ကမ္ဘာ့မြေပုံကြီးကို ထုတ်ကာ ပြသည်။ ကိုဆိုဗိုကဟု ဆိုသည်။ မင်းက မွတ်စလင်လားဟု စာရေးသူကို မေးသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဗုဒ္ဓဘာသာဟု မဖြေရဲပါ။ မွတ်စလင်မဟုတ်ဟုသာ ဖြေလိုက်သည်။ မွတ်စလင်မဟုတ်ဘဲ ဘာဖြစ်လို့ ခေါင်းပေါ်က အဝိုင်းကြီး ဆောင်းထားတာလဲတဲ့။ စာရေးသူဆောင်းခဲ့သော ခေါင်းစွပ်အသေးလေးကို ဆိုချင်ပုံရသည်။

လမ်းတစ်လျှောက်တွင် စာရေးသူက ရထားဘူတာများကို တစ်ခုပြီးတစ်ခု မှတ်သည်။ ရထားလက်မှတ်တွင်ပါသော ရထားဘူတာနာမည်များကို နိုင်ငံမြေပုံနှင့် တိုက်ကြည့်သည်။ ထိုကဲ့သို့ ခဏခဏ ကြည့်သည်ကို သူက စိုးရိမ်လို့ မြေပုံကြည့်သည်ထင်၍လား မသိ။ ဘာမှ မပူနဲ့၊ မင်း သွားမည့်နေရာကို ငါ သိတယ်။ အဲဒီရထားသွားတဲ့နေရာအထိ ငါ လိုက်ပို့မယ်၊ အဲဒီစာရွက်တွေကို ခဏခဏ ထုတ်မကြည့်နေပါနဲ့ဟု လက်ဟန်ခြေဟန်ဖြင့် ပြောပြသည်။ စာရေးသူကလည်း ငါ စိုးရိမ်လို့ မဟုတ်၊ ဗဟုသုတအဖြစ် ကြည့်ခြင်းဖြစ်ကြောင်း ပြောသော်လည်း နားမလည်၍ ထင်သည်၊ စာရွက်တွေကို သေချာခေါက်ပြီး စာရေးသူ၏ လွယ်အိတ်ထဲကို ထည့်လေသည်။

(၃)
၄၅ မိနစ်ခန့် ကြာသောအခါ ရထားပြောင်းစီးရမည့်ဘူတာသို့ ရောက်သည်။ သူကပင် လက်ဆွဲခေါ်လိုက်၊ လက်တို့ခေါ်လိုက် လုပ်သည်။ စာရေးသူက သေချာအောင် ဘူတာရဲများကို မေးမည်ပြုသောအခါ အတင်းဆွဲတားသည်။ မမေးနဲ့၊ ငါ့နောက်ပဲ လိုက်ဟု ဆိုသည်။ တစ်ခြားဗဟုသုတမေးချင်လို့ပါဟု ပြောသော်လည်း နားလည်ပုံမရ၊ ဒီနားမှာပဲ ရပ်နေ၊ ရထားက ဒီနား ရပ်မှာဟု ဆိုသည်။ ဘူတာတွင် ရထားများစွာ တန်းစီနေကြသည်။ အချို့ရထားများမှာ ၂ ထပ်ရထားများ ဖြစ်သည်။

တစ်ပါးတည်းခရီးသွားရသည်မှာ အနေခက်လှသည်။ ဘူတာမှာရော၊ ရထားပေါ်မှာပါ အတော်များများက အထူးအဆန်းသဖွယ် ကြည့်ကြသည်။ မီဒီယာခေတ်ဟု ဘယ်လောက်ပင်ဆိုဆို လက်တွေ့မြင်ရသောအခါ ဝတ်ပုံနေပုံက အတော်ပင် ထူးဆန်းနေပေလိမ့်မည်။ သတ်မှတ်ချိန်ရောက်သောအခါ ရထားဆိုက်လာသည်။ ဒီလိုနဲ့ နောက်ရထားပေါ် ရောက်သွားပြန်သည်။ အချိန်အလွန်တိကျသော ရထားများ ဖြစ်သည်။ နောက်ရထားပြောင်းစီးရမည့်ဘူတာရောက်ဖို့ ၂ နာရီကျော် အချိန်ကြာဦးမည်ဖြစ်သဖြင့် ခဏတာ မှေးဖို့ ပြင်လိုက်သည်။

(၄)
နောက် ၂ နာရီကျော် စီးပြီး သတ်မှတ်ချိန်ရောက်သည့်အခါ နောက်ထပ်ပြောင်းစီးရမည့်ဘူတာသို့ ဆိုက်လာသည်။ ဘူတာက ဆင်းဆင်းချင်း စာရေးသူနဲ့အတူ စီးလာသူက အတင်းဆွဲပြီး နောက်ရထားရှိသည့်ပလက်ဖောင်းသို့ ခေါ်သည်။ ဘာဖြစ်လို့ အမြန်ကြီး လုပ်နေတာလဲဟု မေးရာ သူကလည်း သူ့ဘာသာစကားဖြင့် ပြောရှာသည်။ သို့သော် ဘာမှ နားမလည်။ သူခေါ်ရာနောက်ကို လိုက်သွားလိုက်သည်။ စာရေးသူကို ရထားပေါ်ထိ လိုက်ပို့ပြီး ပွေ့ဖက်နှုတ်ဆက်သည်။ ပြီးလျှင် သူက အခြားရထားရှိရာသို့ ပြေးထွက်သွားလေသည်။ အဲဒီအချိန်ကျမှ သူ ဘာဖြစ်လို့ လောနေသလဲဆိုတာကို သဘောပေါက်သည်။

ဗုဒ္ဓဘာသာဘုန်းကြီး မမြင်ဖူးတဲ့ မွတ်စလင်တစ်ဦးနှင့် တွေ့ကြုံခဲ့ရပုံတစ်ခုကတော့ အမှတ်တရ ဖြစ်လှသည်။

နာရီဝက်ခန့် စီးပြီးသောအခါ စာရေးသူဆင်းရမည့်ဘူတာသို့ ဆိုက်သည်။ တောရကျောင်းက ဘုန်းကြီးနှင့် ဒကာတစ်ယောက်က အသင့်စောင့်နေသည်။ ရထားက ခဏလေး ငြိမ့်ရုံသာ ငြိမ့်သည်။ နှုတ်ဆက်ပြီးသောအခါ တောရကျောင်းလေးဆီသို့ ဦးတည်သွားကြသည်။ ဒါက ရွာဟု ပြောသည်။ သူတို့ ရွာကလည်း ရန်ကုန်က လမ်းမတွေထက် ညီညာသည်။ သန့်ရှင်းသည်။ ရွာက အိမ်တွေထဲ ကြည့်လိုက်သောအခါ နွားတွေ၊ ကျွဲတွေ မတွေ့ရဘဲ ထွန်စက်တွေ၊ ဇိမ်ခံကားတွေကိုသာ တွေ့ရသည်။

စိုက်ပျိုးရေးလုပ်သည့် တောသားကြီးများကို တွေ့ချင်လှပါဘိနှယ်။ ထင်းရူးတောတန်းများ၊ စိုက်ခင်းများ၊ ကျို့တို့ကျဲတဲ အိမ်ခြေအချို့ကို ဖြတ်သန်းပြီး ၁ဝ မိနစ်ခန့်ကြာသောအခါ တောရကျောင်းလေးကို ရောက်သည်။ ဟိုးကတည်းက ဗွီဒီယိုကလစ်လေးကို ကြည့်ဖူးထားသော နေရာလေးကို တွေ့ရသောအခါ ရင်ထဲတွင် ဝမ်းသာခြင်း၊ စိတ်လှုပ်ရှားခြင်းများ ဖြစ်ရသည်။

(အရှည်ကြီး ဖတ်ရတာ ပျင်းသွားမှာစိုးလို့ အပိုင်းခွဲပြီး တင်လိုက်တယ်။ စိတ်ဝင်စားရင် မျှော်စေသတည်း)။

Wednesday, April 23, 2014

ခဝါချခြင်း




ရန်ကုန်မှာ စတင်ဆွမ်းခံစဉ်က အသက် ၁၆ နှစ်။ ဆွမ်းခံထွက်ရတာ အလွန်ရှက်သည်။ နောက်ပိုင်း နေသားကျလာသည့်အခါမှသာ သွားရလာရ အဆင်ပြေသွားသည်။ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် ၆ နှစ်၊ သီရိလင်္ကာ ၂ နှစ်၊ မလေးရှားရောက်၊ ရန်ကုန်ပြန်ရောက် ၁ဝ နှစ်ကျော်လောက် ဆွမ်းမခံဖြစ်တော့။

အခု ဂျာမနီရောက်မှ ဆွမ်းခံဖြစ်ပြန်သည်။ ဂျာမနီတွင် ဆွမ်းခံရသည့် ခံစားချက်သည့် တကယ့်ကို ပြောမပြတတ်လောက်အောင် ထွေပြားသည်။ အမှန်အားဖြင့် ဂျာမနီတွင် သာမန်သင်္ကန်းရုံပြီး လမ်းသွားလျှင်တောင် လူများက ထူးထူးဆန်းဆန်း ကြည့်ကြသည်။

အခုတော့ ရှူးဖိနပ်၊ ခြေအိတ် ၂ ထပ်၊ ဆွယ်တာ ၅ ထပ်၊ ခေါင်းစွပ်များ ဝတ်ထားရသည့်အပြင် သင်္ကန်းကိုပါ မြန်မာဆန်ဆန် ရုံရသေးသည်။ သပိတ်ကြီးကိုလည်း လွယ်ထားရသေးသည်။ အများအမြင်တွင် မည်သို့များ ထင်လေမည်နည်း။

ကလေးများဆိုလျှင် ခပ်ဝေးဝေးရောက်သည်အထိ သမင်လည်ပြန် ကြည့်ကြသည်။ စိတ်ဝင်စားကြသည်။
အကြွေစေ့လေးများ ကိုင်ပြီး သပိတ်ပေါ်တင်ဖို့ ကြိုးစားလာတိုင်း ရင်ထဲတွင် တစ်မျိုးဖြစ်သည်။ ရှက်စိတ်လိုလို ဖြစ်လာတိုင်း သတိရမိတာတစ်ခုကတော့ ဘာကြောင့် မြတ်စွာဘုရားက ဆွမ်းခံဝတ်ကို မွန်မြတ်သောအလုပ်ဆိုပြီး ချီးမွမ်းခဲ့၊ အားပေးခဲ့သလဲဆိုတာကို သွားသတိရမိခြင်း ဖြစ်သည်။

မြတ်စွာဘုရားသည် အသိအမြင်ရဖို့၊ ဉာဏ်ပညာအဆင့်မြင့်ဖို့အတွက် အကြီးမားဆုံး အတားအဆီးမှာ မာနဖြစ်သည်ကို မြင်တော်မူသဖြင့် ဆွမ်းခံဝတ်ကို ဖြည့်ကျင့်စေခြင်းပင် ဖြစ်သည်။ မြတ်စွာဘုရားခေတ်ဆိုသည်မှာ အယူဝါဒမျိုးစုံ၊ အကျင့်မျိုးစုံ၊ အလှူခံမျိုးစုံ ပေါများသော ခေတ်ဖြစ်သည်။ အားလုံးက သူ့ဓာတ်ခံနှင့်သူ ကိုးကွယ်ကြခြင်းဖြစ်သည်။ ဆိုလိုသည်မှာ မြတ်စွာဘုရား ဆွမ်းခံဝတ်စတင်စဉ်က လောင်းလှူမည့်သူ၊ လောင်းလှူရကောင်းမှန်း သိသူ အနည်းငယ်မျှသာ ရှိပေလိမ့်မည်။

မြတ်စွာဘုရား ဘုရားမဖြစ်မီ ရာဇဂြိဟ်ပြည်သို့ ဆွမ်းခံချိန်ကဆိုလျှင် အခု ဂျာမနီမှာ ဆွမ်းခံခြင်းထက် ပိုမိုထူးဆန်းနေလိမ့်မည်ဟု ခန့်မှန်းမိသည်။

ယနေ့ ကုန်တိုက်တစ်ခုရှေ့တွင် ၁ နာရီကျော်ခန့် ကြာသည်။ စာရေးသူကတော့ မေတ္တာကမ္မဋ္ဌာန်းပွားများလိုက်၊ ရှေ့တည့်တည့်က ကြွေပြားအဖြူလေးကို မမှိတ်မသုန် ကြည့်ရင်း ကသိုဏ်းဆန်ဆန် ရှုနေလိုက်ဖြင့် ရှက်စိတ်ကို ဖြေဖျောက်ရသည်။

အချို့ဆိုလျှင် ရေဗူးကတ်လိုက်ကြီးကို လူရှေ့ကို ဗုန်းဆို ပစ်ချပေးသွားသည်။ အချို့ဆိုလျှင် ကိတ်မုန့်တစ်ခုစီကို သပိတ်ပေါ်ကို မပြောမဆို အတင်းတင်ပေးသွားသည်။ အကြွေစေ့ လာလှူသူများ၊ အချို့ ယူရို ၁ဝ တန်၊ ၅ဝ တန် များ ကိုင်လာသူများ အတော်များများ တွေ့ရသည်။ မြန်မာနိုင်ငံက အချို့ကျောင်းတွေမှာလို ဖိုးသူတော်တစ်ပါးလောက် ခေါ်ထားပြီး ကပ္ပိယကာရကနှင့်အလှူငွေ လက်ခံတဲ့စနစ်ကျင့်သုံးရလျှင် ခရီးများ ပိုရောက်လေမလားဟု တွေးမိသောအခါ ကိုယ့်ကိုကိုယ် ပြုံးမိသည်။

ငွေ ယူလာသူတိုင်းကို ငွေ လက်မခံကြောင်း၊ ဗုဒ္ဓဘာသာရဟန်းဖြစ်ကြောင်း၊ အလှူပစ္စည်းကိုလည်း အများကြီး အလှူမခံကြောင်း၊ နေ့လယ်စာ စားလောက်လျှင် ပြန်မည်ဖြစ်ကြောင်း ရှင်းပြ၊ ပြောပြရသည်။ စိတ်ဝင်စားသူများ အတော်များသည်။ အသိဒကာမကြီးတစ်ယောက် ရောက်လာသဖြင့် မှတ်တမ်းတင်ထားနိုင်သည်။
အော် ဆွမ်းခံခြင်းဆိုတာ မာနတွေ ခဝါချရခြင်းပါလား။

အီစတာပွဲတော်ရက်မှာ




အီစတာပွဲတော်ရက်မှာ ကြက်ဥလေးတွေကို ဆေးရောင်စုံသုတ်ပြီး လာလှူကြတယ်။ သကြားလုံးရောင်စုံတွေရယ်။ ကျောင်းမှာတော့ ကြက်ဥပုံပေါ်မှာ ဘုရားဆင်းတုတော်ပုံကို ဆွဲထားပြတယ်။ အဓိပ္ပာယ်ကတော့ အဝိဇ္ဖာတည်းဟူသော ဥခွံကို မြတ်စွာဘုရားက ဖောက်ခွဲပြီးတော်မူပြီဆိုတဲ့ အဓိပ္ပာယ်ပါ။ လမ်းမှာ ဖြတ်သွားသူတွေက ရပ်ကြည့်ပြီး ဓာတ်ပုံလေးတွေ ရိုက်သွားကြတယ်။ ဗုဒ္ဓဘာသာအကြောင်းရေးထားတဲ့ လက်ကမ်းစာစောင်လေးတွေလည်း ဝေခွင့်ရခဲ့တယ်။

Jesus


ကျောင်းဆောင်အပေါက်ကနေ
ထွက်လိုက်တာနဲ့
ခရစ်တော်ရဲ့ အဲဒိရုပ်တုကို တွေ့တာပဲ။

အထင်နဲ့အမြင်

ဒါနသီရိလင်္ကာအသင်း စင်္ကာပူမယ်တော်ကြီးက စာပို့တယ်။ သားတော်အတွက် ဂုဏ်ယူပါတယ်။ အခုလို ဥရောပမှာ သာသနာပြုခွင့် ကြုံတဲ့အတွက်တဲ့။ အရမ်းလည်း ဝမ်းသာပီတိ ဖြစ်မိပါတယ်တဲ့။ ဒီတော့ ဒါနသီရိလင်္ကာအသင်း၊ သီရိလင်္ကာစာသင်သားများအတွက် အလှူငွေလေးဘာလေး ပေးမယ်လို့ မျှော်လင့်ပါတယ်တဲ့။

အော် မယ်တော်ကြီး ပြောရက်ပလေ။ ဥရောပသာသနာပြု ဝတ္ထုငွေတွေ အများကြီး ရနေပြီထင်တယ်နဲ့ တူပါတယ်။ မြန်မာအယောက် ၂ဝ လောက်သာ မရှိရင် အလှူငွေတစ်ကျပ်တစ်ပြားမှ မရှိရပါဘူး။ အဖြူတွေက လှူကြတာ မဟုတ်ဘူး မယ်တော်ကြီးရေ။ သီရိလင်္ကာကို လှူဖို့ မပြောနဲ့ သီရိလင်္ကာကနေတောင် ပြန်အလှူခံရဦးမယ်။

မြန်မာနိုင်ငံမှာတုန်းက ဓမ္မစကူးလ်ဖောင်ဒေးရှင်း လုပ်တော့လည်း အချို့တွေက ပြောကြတယ်။ ဦးဇင်း ဘုန်းကြီးနေပြီ၊ လာဘ်လာဘတွေ ပေါနေပြီလို့ ကြားပါတယ်လို့ ပြောကြတယ်။ ဖောင်ဒေးရှင်းမှာပါတဲ့ ဆရာတော်အချို့ကတောင် ဦးကုသလကြီး သင်တန်းတွေ အောင်မြင်တော့ ဘုန်းကြီးနေပြီ မဟုတ်လားလို့ စသလို နောက်သလို ပြောသေးတယ်။ ဓမ္မစကူးလ်ဖောင်ဒေးရှင်းက အောင်မြင်တော့ ဦးဇင်းလည်း အလှူရှင်တွေ အများကြီး ရှိနေပြီလို့ ထင်ပုံရတယ်။

တကယ်တော့ ဖောင်ဒေးရှင်း ၂ နှစ်လုပ်တာ ပုဂ္ဂလိကကိစ္စ (ကိုယ့်ဒကာတွေရဲ့ အလှူအတန်း၊ ပညာရေး၊ လူမူရေး စသည်)တွေ အားလုံးကို မေ့ပြီးလုပ်ရတာပါ။ ဖောင်ဒေးရှင်းမှာ ပါဝင်တဲ့ ဘယ်ဆရာတော်မှ ကိုယ့်ရဲ့ ပုဂ္ဂလိကလုပ်ငန်းကိစ္စအဝဝကို စွန့်လွှတ်ပြီး မလုပ်ကြပါဘူးလို့ဆိုရင် ဘယ်သူမှ ငြင်းနိုင်မယ်မထင်ဘူး။ အားလုံးက ကိုယ့်ကိစ္စပထမဦးစားပေးပြီးမှ ဖောင်ဒေးရှင်းကို ကူပေးကြတာပါ။ မြိတ်ကျားကျောင်းဆွမ်းစားကွမ်းစားတောင် ဖောင်ဒေးရှင်းကိစ္စရှိနေရင် မလိုက်ဖြစ်ပါဘူး။

အဲဒီ ၂ နှစ်တာမှာ ကိုယ့်ဒကာတွေက ဒေါက်တာဘွဲ့လုပ်ဖို့ဆိုပြီး လှူထားတဲ့ အလှူငွေလေးတွေကို အသုံးပြုခဲ့ရတာ။ ၂ နှစ်လည်းကုန်ရော ဒေါက်တာဘွဲ့အတွက် စုထားတဲ့ အလှူငွေများလည်း ကုန်ရော။ အထင်နဲ့အမြင် ကွာပုံများ ပြောပါတယ်။ သီရိလင်္ကာစာသင်သားများအတွက် နောက်များမှာ လှူနိုင်အောင် ကုသိုလ်များများ ပြုနေပါတယ် မယ်တော်ကြီးရေ ....။

မှတ်ချက်။ ။
မယ်တော်ကြီးရဲ့စကားနဲ့စပ်လို့ ပြောဖြစ်ခြင်းမျှသာ။ အရိပ်အမြွတ်အားဖြင့် ကိုယ့်အတွက် အလှူခံခြင်း မဟုတ်ကြောင်း။ လောလောဆယ်မှာ ဘာအလှူငွေမှ မလိုအပ်သေးပါကြောင်း။ ဒါနသီရိလင်္ကာအသင်း မယ်တော်ကြီးများမှ တစ်ဆင့် သီရိလင်္ကာရောက် မြန်မာသံဃာတော်များသို့ ပညာရေးအလှူ ပေးလိုလျှင် ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း။ ဦးဇင်းလှဆန်းတို့လို မရှိမဲ့ရှိမဲ့ စာသင်သားများလည်း များစွာ ရှိပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
မယ်တော်ကြီးများ ဒီလောက်ဆို တာဝန်ကျေပါတယ်နော်။

အီစတာမှသည်

 
ဥရောပမှာ အီစတာပွဲတော်တွေ ကျင်းပနေကြတယ်။ အီစတာပွဲတော်မှာ အထူးသဖြင့် သိုးတွေကို သတ်ပြီး ပူဇော်ကြ၊ စားသောက်ကြတယ်။ ကျောင်းက ဂျာမန်ဘုန်းကြီးက အီစတာပွဲမှာ သိုးလေးတွေကို သတ်တာ မကောင်းကြောင်း၊ သူ ဒီဓလေ့ကို မနှစ်သက်ကြောင်း ပြောပြတယ်။ နောက်ပြီး သိုးရုပ်မုန့်လေးတွေလည်း ပြုလုပ်ကြတယ်။ တစ်ဦးနဲ့တစ်ဦး သိုးရုပ်မုန့်လေးတွေ လက်ဆောင်ပေးကြတယ်။

ဒါနဲ့ သိုးရုပ်မုန့်လေးတွေ ကျောင်းကို ရောက်လာတယ်။ ဆွမ်းစားအပြီးမှာ သိုးရုပ်မုန့်လေးကို လှီးပြီးတော့ စားကြတော့မယ်။ မစားခင်မှာ ဘယ်သူ အရင် လှီးမလဲလို့ မေးကြတယ်။ မင်းက အခုမှ ရောက်တာ၊ အသစ်ဖြစ်တယ်၊ ဒါကြောင့် မင်း လှီးပါလို့ ပြောလာသဖြင့် ဓားကို ကိုင်လိုက်တယ်။ အဲဒီတော့မှ မေးမိတယ်။ အဲ … သိုးရုပ်လေး လှီးပစ်ရမှာ နှမြောစရာကြီး၊ ဘယ်က စ လှီးရမလဲလို့ မေးကြတော့ တဝါးဝါး တဟားဟား ရယ်ကြတယ်။ ဘာဖြစ်လို့ ရယ်ကြတာလဲဆိုတော့ မုန့်ပဲ လှီးချင်တဲ့ နေရာက စလှီးပေါ့တဲ့။ ဒါပေမဲ့ ကျေးဇူးပြု၍ လည်ပင်းကတော့ စမလှီးပါနဲ့တဲ့။ ဟ ဘာဖြစ်လို့လဲ၊ မင်းတို့ပဲ လှီးချင်တဲ့နေရာက စလှီးပါဆိုလို့ ပြောမိတယ်။

မဟုတ်ပါဘူး။ လည်ပင်းက စ လှီးရင် “အလာ ဝက္ကမာ…”လို့ အော်မိမှာစိုးလို့ပါတဲ့။ အီစတာပွဲတော် ဆွေးနွေးခန်းကနေ ကမ္ဘာနဲ့မွတ်စလင်အကြောင်းကို ရောက်သွားတယ်။ မင်းတို့ နိုင်ငံက မွတ်စလင်တွေနဲ့ဗုဒ္ဓဘာသာပြဿနာဖြစ်တော့ အခု ဘုန်းကြီးတွေ ကမ္ဘာအနှံ့လျှောက်သွားရင် သိပ်မလုံခြုံတော့ဘူး။ မွတ်စလင်တွေနဲ့ပြဿနာမဖြစ်တာ ကောင်းတယ်။ သူတို့က ကမ္ဘာကြီးကို ချုပ်ကိုင်ထားတာတဲ့။ အမေရိကန်၊ ဥရောပ၊ ကုလ ဘယ်သူမှ မွတ်စလင်ကို ပစ်ပစ်ခါခါ မပြောရဲဘူးတဲ့။ (always hesitate or reluctant to talk about …..mization of the world)။

ဦးဝီရသူကို တိုင်းမ်မဂ္ဂဇင်းက ဖော်ပြတဲ့ကိစ္စဆိုရင် ဘာမှ အဓိပ္ပာယ်မရှိဘူး။ ငါ ယုံကြည်တယ်။ ဦးဝီရသူဆိုတာ ဥရောပကို လာကြည့်။ ဒီက ပြည်သူတွေက အရမ်းသဘောကျကြမှာပဲ။ ဒါပေမဲ့ မီဒီယာကိုတော့ ငါတို့က မယုံဘူး။ မီဒီယာကတော့ သူတို့ ပြောချင်သလို ပြောမှာပဲ။ သေချာတာကတော့ ဥရောပပြည်သူတွေကော၊ ကမ္ဘာအနှံ့က လူသားတွေကပါ မွတ်စလင်အန္တရာယ်ကို ကြောက်နေကြပြီ။ အခု တို့နေတဲ့နေရာတောင် မွတ်စလင်သိပ်မရှိသေးလို့ ငြိမ်းချမ်းနေတာ။

ငါတို့ ဥရောပသားတွေဟာ ဘယ်လို ဖြစ်နေသလဲဆိုတော့ ငါတို့ ထောင်ထားတဲ့ ထောင်ချောက်ထဲမှာ ငါတို့ ပိတ်မိနေကြတယ်။ အကြောင်းကြောင်းကြောင့် ငါတို့ ရုန်းမထွက်နိုင်ကြဘူး။ ဥပမာ ငါတို့က ဒီမိုကရေစီနဲ့လူ့အခွင့်အရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုတာတွေကို ရှေ့တန်းတင်ထားတယ်။ တစ်ပြိုင်နက်တည်းမှာပဲ အစ္စလာမ်မိုက်ဇေးရှင်းအန္တရာယ်နဲ့ ကြုံလာတယ်။ ဒါကို တိုက်ခိုက်မယ်လို့ ကြံလိုက်တော့ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးဆိုတာနဲ့၊ လူသားချင်းစာနာထောက်ထားမှုဆိုတာတွေက ကြားဝင်လာတယ်။ ငါတို့ ဘာမှ ပြောလို့ မရဘူး။ လက်ပိုက်ကြည့်နေရုံပဲ။ ဦးဝီရသူလို ရဲရဲဝံ့ဝံ့ ပြောတဲ့သူကို ငါတို့ သဘောကျတယ်။

ဒါပေမဲ့ ယဉ်ကျေးစွာ၊ ပါးနပ်စွာ ပြောတတ်ဖို့တော့ လိုမလား မသိဘူး။ ဒါက ငါတို့က သူ ဗမာလိုပြောတာဆိုတော့ အပြည့်အစုံ မှန်ချင်မှ မှန်လိမ့်မယ်။

ပြီးတော့ ရက်ရက်စက်စက် လည်လှီးဖြတ်တာတွေ၊ ကျောက်ခဲနဲ့ပေါက်သတ်တာတွေ၊ သေနတ်နဲ့ဦးနှောက်တွေ ထွက်သည်အထိ သတ်ဖြတ်တာတွေ ပါတဲ့ ဗွီဒီယိုကို ပြတယ်။ ငါတို့ ဥရောပသားတွေလည်း လူသတ်ကြပါတယ်။ စစ်ပွဲဆိုတာ လူတွေကို သတ်ရတာ။ ဒါပေမဲ့ အဲဒီလို သတ်တာကျတော့ လူမဆန်တော့ဘူး။
..................................………… သူတို့အမြင်လေးတွေ ပြောပါတယ်။ အင်း အမြင်တစ်မျိုး ရသွားတာပေါ့လေ။ သဘောထားကြီးလွန်းပြနေတဲ့ အချို့တို့မြန်မာတွေအတွက်လည်း နည်းနည်းတွေးစရာ ရသွားတာပေါ့လေ။

ဒုက္ခအဖုံဖုံ

နက်ဖြန်ရောက်လာမယ့် ဧည့်သည်များကို ဘာများ ပြောရရင် ကောင်းမလဲလို့ တွေးပြီး ဘိက္ခုဗောဓိ အင်္ဂလိပ်ပြန်ထားတဲ့ အင်္ဂုတ္တိုရ်ပါဠိတော်ကို ဖတ်နေဖြစ်တယ်။ အဲဒီမှာ စတုက္ကနိပါတ်ထဲက အနုသောတသုတ်ကို သဘောကျမိတယ်။ အဲဒီထဲက စာသားလေးအချို့ကြောင့်ပါ။ ဘာလဲဆိုတော့ .....

Even with pain and dejection, weeping with a tearful face, he lives the complete and purified spiritual life.

ဒုက္ခအဖုံဖုံ
မကျေနပ်ဖွယ်က အမျိုးမျိုး
မျက်ရည်နဲ့မျက်ခွက် ဖြစ်နေတာတောင်
သူက
သူ့ဘဝကို ဖြူဖြူစင်စင် မြင့်မြင့်မြတ်မြတ်
ဖြတ်သန်းနေဆဲပဲ။

(အဲဒီလို ဘာသာပြန်နိုင်မယ် ထင်တယ်။)

ပါဠိလိုကတော့ သဟာပိ ဒုက္ခေန၊ သဟာပိ ဒေါမနေဿန၊ အဿမုခေါပိ ရုဒမာနော ပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ စရတိ။တဲ့။

ဒေါ်ကေတုမာလာ ဘဝအကြောင်း

ဟန်ဂေရီက ဧည့်သည်တွေနဲ့ ဒီက လူတွေက မေးတယ်။ သူတို့အတွက် အကျိုးတစ်ခုခုဖြစ်မယ့် ဗွီဒီယိုကလစ်လေးများ မရှိဘူးလားတဲ့။ အရင်ရက်က ပြောထားတာတစ်ခုလည်း ရှိတယ်။

မင်းတို့ ဟန်ဂေရီလူမျိုး ဘုန်းကြီး၊ ကိုရင်၊ ဆရာလေးတွေ မပေါ်ထွက်သေးသရွေ့ မင်းတို့နိုင်ငံ သာသနာမထွန်းကားနိုင်ဘူးလို့။ မင်းတို့ ဟန်ဂေရီဘုန်းကြီး၊ ဆရာလေးတွေ ပေါ်ပေါက်အောင် တိုက်တွန်းသင့်တယ်လို့ ပြောထားတော့။ ဘုန်းကြီးက ၂ ပါး၊ ကိုရင်တစ်ပါး။ အခုမှ ဝတ်ကာစပဲ ရှိသေးတယ်။ ဆရာလေးမရှိသေးဘူးတဲ့။

ဒါနဲ့ နည်းနည်း တွန်းအားလေးတစ်ရပ်ဖြစ်အောင် ဆရာလေး ဒေါ်ကေတုမာလာရဲ့ ဘဝအကြောင်း အပိုင်းအစ ဗွီဒီယိုအပိုင်း (၂)ပိုင်းကို ပြဖြစ်တယ်။ မနက် ၅ ခွဲလောက်မှာ ပြတယ်။ ၂ ကြိမ် ပြန်ပြခိုင်းတယ်။ အားလုံး အငေးသားနဲ့။

ဆရာလေးအမေနဲ့အစ်မပြောတဲ့နေရာမှာ ကာယကံရှင်တွေက ဝမ်းသာမျက်ရည်တွေ ကျတော့ သူတို့ထဲက အချို့ကလည်း မျက်ရည်တွေ ဝဲတယ်တဲ့။ ဒီကပြန်ရင် ဒါကို ဒေါင်းလုပ်ပြီး သူတို့ဆီကလူတွေကို ပြမယ်တဲ့။ အခု ဟန်ဂေရီမှာက ဗုဒ္ဓဘာသာကျောင်းတစ်ခု ဆောက်နေတယ်။ ဆရာလေးတွေပါ နေနိုင်အောင် အဆောင်ထပ်ဆောက်မယ်တဲ့။ အားတက်သရော ပြောသွားကြတယ်။

ဗွီဒီယိုကလစ်လေးတွေရဲ့ ကျေးဇူးက အတော်ထိရောက်ပါတယ်။


 

ဖိတ်စာလေး


ဟန်ဂေရီနိုင်ငံ Dhamma Gate Buddhist Collage မှ ပေးတဲ့ပင့်စာလေးပါ။
စနစ်တကျ ပြင်ဆင်ထားတာလေး သဘောကျမိတယ်။

ဗုဒ္ဓဘာသာပန်း ပွင့်လန်းစေလိုသူများ


အနောက်တိုင်း ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ စာအုပ်ထဲနှင့်လူပြောသူပြောအဆင့်သာ သိရသည်။ အခု ကိုယ်တိုင် အနောက်တိုင်းရောက်ပြီး သူတို့၏ ယဉ်ကျေးမှု၊ အတွေးအခေါ်၊ ဘာသာကိုးကွယ်မှုဆိုင်ရာ အပြောင်းအလဲများကို စတင်သိခွင့်ရသည်။ အနောက်တိုင်းတွင် သူတို့၏ မူလဘာသာတရားကိုးကွယ်မှုနှင့်ပတ်သက်၍ အားရကျေနပ်မှု မရှိကြတော့သည်ကို တွေ့ရသည်။

လက်တွေ့နှင့်အလှမ်းကွာဝေးလှသော ယုံကြည်ခြင်းသက်သက်နှင့်သာ တည်ဆောက်ရသော ဘာသာတရားအခြေခံမူများကို မေးခွန်းထုတ်လာကြသည်။ ထိုကဲ့သို့ မေးခွန်းထုတ်သောအခါ သူတို့ လိုချင်သောအဖြေကို သူတို့ဘိုးဘွားများ ကိုးကွယ်သော ဘာသာတရားက မပေးနိုင် ဖြစ်လာသည်။ ထိုအခါ သူတို့သည် လက်ရှိဘာသာတရားကို တန်ဖိုးမထားသော လူနေမှုစနစ်တစ်ခုကို ဖန်တီးပစ်ကြသည်။ သို့မဟုတ် ကိုးကွယ်မှုအသစ်ကို သူတို့ ငံ့လင့်လာကြသည်။

ဧပြီလ ၁၆ ရက်နေ့ ညနေတွင် ဟန်ဂေရီနိုင်ငံ Dhamma Gate Buddhist Collage နှင့် European Buddhist Training Centre မှ ကိုယ်စားလှယ်များ ရောက်လာသည်။ ဟန်ဂေရီနိုင်ငံ ဗုဒ္ဓဘာသာအခြေအနေများ၊ ဥရောပဗုဒ္ဓဘာသာအခြေအနေများကို လေ့လာမေးမြန်းခွင့်ရသည်။ သူတို့အုပ်စုတွင် ဗုဒ္ဓဘာသာ ၃ဝဝဝ ကျော် ရှိသည်။ ယခုအခါ ပိုမိုတိုးပွားလာသည်ဟု ဆိုသည်။ သို့ရာတွင် သူတို့ကို စနစ်တကျ ဦးဆောင်နိုင်မည့်သူ မရှိဖြစ်နေသည်။ အင်္ဂလန်နိုင်ငံသားဘုန်းကြီးတစ်ပါးက လာရောက်ပြီး နွေရာသီဓမ္မသင်တန်း ပို့ချပေးမည်ဟု ဆိုသည်။

Dhamma Gate Buddhist Collage သည် ထိုင်းနိုင်ငံ၊ မဟာချူလာလောင်ကွန်တက္ကသိုလ်နှင့် ချိတ်ဆက်ထားသော ကောလိပ်တစ်ခုဖြစ်သည်။ ၁၉၉၁ ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့ကြသော်လည်း ၁၉၉၉ ခုနှစ်အချိန်မှ ဟန်ဂေရီအစိုးရ အသိအမှတ်ပြုကောလိပ်တစ်ခု ဖြစ်လာသလို မဟာချူဟာလောင်ကွန်တက္ကသိုလ်နှင့်လည်း ချိတ်ဆက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံမှ ဆရာတော်ဒေါက်တာဓမ္မသာမိသည်လည်း တစ်နှစ်တစ်ကြိမ်ခန့် ကြွရောက်ပြီး တရားဟောလေ့ရှိသည်ဟု ဆိုသည်။

ယခုနှစ်တွင် M.A တန်း စတင်ဖွင့်လှစ်တော့မည် ဖြစ်သည်။ ကျောင်းစရိတ်မှာ အလွန်ဈေးကြီးလှသည်။ M.A အပြီးအထိ ဒေါ်လာ ၁၅ဝဝဝ ခန့် ဖြစ်နေသည်။ ကျောင်းစရိတ်လျှော့ချနိုင်မှသာ ဗုဒ္ဓဘာသာစိတ်ဝင်စားသူများအတွက် အကျိုးရှိနိုင်ကြောင်း၊ စပွန်ဆာရဖို့ ကြိုးစားစေလိုကြောင်း အကြံပေးလိုက်သည်။

သူတို့အဆိုအရ ဟန်ဂေရီနိုင်ငံရှိ လူငယ်များသည် ဗုဒ္ဓဘာသာအပေါ် အလွန်တရာ စိတ်ဝင်စားလာနေကြသည်ဟု ဆိုသည်။ စာရေးသူကိုလည်း အတင်းဖိတ်သည်။ သူတို့ဆီမှာ ကျောင်းဆောက်ပေးမယ်ဟုပင် ဆိုသည်။ စာရေးသူကလည်း ငါ ဒီမှာ အနည်းဆုံး တစ်နှစ်နေဖို့ ကတိပေးထားတယ်။ ဂျာမန်စကားလည်း တတ်အောင် သင်ချင်သေးတယ်။ နောက်နှစ်မှ လာနေဖြစ်ချင် နေဖြစ်မှာပေါ့ဟု ပြောလိုက်သည်။

သူတို့နှင့် ဆွေးနွေးသဖြင့် အကျိုးတစ်ခု ရလိုက်သည်မှာ စာရေးသူတို့ မြန်မာရဟန်းများသည် အင်္ဂလိပ်စကား အတော်အတန် ပြောတတ်သော်လည်း မိမိတို့ကိုယ်ကို အဆင့်မြင့်မြင့် မပြောတတ်ဟုဆိုပြီး အင်္ဂလိပ်ပြောခြင်းကို လက်ရှောင်နေတတ်ကြသည်။ ယခု ဟန်ဂေရီနိုင်ငံမှ ကိုယ်စားလှယ်များသည် အင်္ဂလိပ်စကားကို အဆင့်မြင့်မြင့် မပြောတတ်ကြပါ။ သာမန်အလုပ်ဖြစ်ရုံလောက်သာ ပြောတတ်ကြသည်။ သို့သော် မိမိရည်ရွယ်ရင်းကို ရောက်အောင် ပြောတတ်သဖြင့် အဆင်ပြေပါသည်။

စာရေးသူဆိုလျှင် ဦးဇင်း အင်္ဂလိပ်လို ကျွမ်းမှာပေါ့ဟု မေးလာသူတိုင်းကို အမြဲတမ်း ပြောတတ်သည်။ အလုပ်ဖြစ်ရုံပါပဲဟု။ မိမိကိုယ်ကို အလုပ်ဖြစ်ရုံလောက်ဟု အောက်မေ့မိသော်လည်း ဟန်ဂေရီနိုင်ငံသားများနှင့် တွေ့မှ မင်း အင်္ဂလိပ်စာအရမ်းကောင်းတာပဲဟု ဆိုကြသည်။ သို့အတွက်ကြောင့် မိမိတို့ မြန်မာရဟန်းများအနေဖြင့် ရဲရဲတင်းတင်း ပြောဆိုဖို့ လိုအပ်လှသည်။

အခမ်းအနားပြီးသောအခါ ပင့်ဖိတ်လွှာကို ပေးအပ်ပြီး ပျော်ရွှင်စွာ နှုတ်ဆက်ခဲ့ကြသည်။ အခန်းပြန်ရောက်သောအခါ ဟန်ဂေရီနိုင်ငံက ဗုဒ္ဓဘာသာဝင်များကို မြင်ယောင်မိသည်။ အလားတူ ဥရောပနေရာအနှံ့အပြားမှ ဗုဒ္ဓဘာသာစိတ်ဝင်စားသူများကိုလည်း မြင်ယောင်မိသည်။ အလွန်ကြီးမားကျယ်ပြန့်သော ဂျာမဏီနိုင်ငံမှာပင်လျှင် ဗုဒ္ဓဘာသာရဟန်းတော် ၈ ပါး(နိုင်ငံသား)နှင့် မြန်မာရဟန်း ၃ ပါးမျှသာ ရှိသည်ဟု သိရသည်။ ဂျာမန်ရဟန်းအချို့မှာလည်း တောထဲတွင် တရားအားထုတ်ပြီး ဘုရားခေတ်သံဃာများလို နေလိုကြသဖြင့် သာသနာပြန့်ပွားရေးအတွက် အနည်းငယ်မျှသော အထောက်အကူသာ ရသည်ဟု ဆိုသည်။

လိုအပ်နေသောနိုင်ငံများအတွက် သာသနာပြုပုဂ္ဂိုလ်ကောင်းဖြစ်အောင် ကိုယ်တိုင်ကြိုးစားဖို့ လိုအပ်သလို ဂုဏ်ပကာသနနှင့်ပစ္စည်းလာဘ်လာဘ မငဲ့ကွက်သောသာသနာပြုများ များစွာ ပေါ်ထွက်နိုင်ပါစေလို့ ဆုတောင်းမိခဲ့ပါသည်။ ဟန်ဂေရီနိုင်ငံမှ ကိုယ်စားလှယ်များသည် သူတို့နိုင်ငံတွင် ဗုဒ္ဓဘာသာပန်းများ ပွင့်လန်းစေလိုသူများ ဖြစ်သည်။ ထိုပန်းလေးများ ပွင့်လန်းစေဖို့ မြန်မာရဟန်းတော်များလည်း အလားတူ ဆန္ဒရှိနေလိမ့်မည်ဟု ထင်ပါသည်။

ဒီနေ့အတွေ့အကြုံတစ်ခု


ဂျာမနီမှာ ကျောင်းတက်နေတဲ့ သြစတီးယားသူတစ်ယောက် ရောက်လာတယ်။
ဘူတန်ကို သွားခဲ့တုန်းက ဗုဒ္ဓဘာသာကို စိတ်ဝင်စားလာခဲ့တယ်။ ဒီက ကြော်ညာလေးကို တွေ့လို့ လာခဲ့တာတဲ့။ ဗုဒ္ဓဘာသာစာတွေ အများကြီးဖတ်ဖူးတယ်ဆိုပေမဲ့
တိဗက်တန်တွေ၊ ဥုံဖွတွေ များနေတာ သိရတယ်။ ဆွေးနွေးချင်တယ်ဆိုတော့ မင်းဖတ်ထားတာကို ငါ အရင် သိချင်တယ်။ ဒါကြောင့် မေးခွန်းအချို့မေးချင်တယ်လို့ ပြောတော့ မေးပါလို့ ဆိုတယ်။

ဗုဒ္ဓဆိုတာ ဘာလဲ။
ဗုဒ္ဓဆိုတာ ဂျီးဇပ်လိုပေါ့တဲ့။

ဒါဆိုရင် ခဏ ဆိုပြီး စာကြည့်ခန်းထဲ သွားပြီး What the Buddha Taught စာအုပ်ကို ယူခဲ့တယ်။
အဲဒီထဲက The Buddha ဆိုတဲ့ ခေါင်းစဉ်ကို ဖတ်ကြည့်ပါ။ တစ်မျက်နှာတည်းရှိပါတယ်လို့ ပြောတော့ ထိုင်ဖတ်တယ်။ ဖတ်ရင်းနဲ့ အိုး အင်ထရက်စတင်းနဲ့ ခဏခဏ ထအော်နေတယ်။ ဘာကို ကြည့်ပြီး အံ့သြနေတာလဲဆိုတော့ သူသိထားတဲ့ ဗုဒ္ဓနဲ့တကယ်ဗုဒ္ဓ တော်တော်ကွာနေတယ်တဲ့။ ကယ်တင်ရှင်လို ထင်ထားတာတဲ့။

ဒါနဲ့ မင်းအပန်းမကြီးဘူးဆိုရင် အဲဒီစာအုပ် စာမျက်နှာ ၁ ကိုပဲ ဖတ်ကြည့်ပေးပါဆိုတော့ သူ့မျက်နှာမှာ ဝမ်းသာတဲ့ပုံတွေ တော်တော်ပေါက်တာ တွေ့ရတယ်။ သူတော်တော် သဘောကျတယ်။ ဒီစာအုပ်ကို ငှါးပါရစေတဲ့။ ငါ အခုမှ ရောက်တာ ငှါးခွင့်ရှိမရှိ မသိသေးဘူး။ နောက်မှ ဖတ်ပါလို့ ပြောလိုက်တယ်။ ဒါနဲ့ အဲဒီထဲက မင်း ဘာကို သဘောအကျဆုံးလဲဆိုတော့ "A man and only a man can become a Buddha" လူသားကပဲ ဘုရားဖြစ်နိုင်တယ်ဆိုတဲ့ အမြင်ရယ်။

နောက်ပြီး Man's position according to Buddhism is supreme. Man is his own master, and there is no higher being or power that sits in judgment over his destiny. ဗုဒ္ဓဘာသာအရ လူသားဆိုတာ လောကမှာ အမြင့်မြတ်ဆုံးပဲ။ လူတိုင်းဟာ အရှင်သခင်ပဲ။ လူသားထက်ပိုမိုမြင့်မြတ်တဲ့ လူသားရဲ့ ကံကြမ္မာကို စီရင်ဆုံးဖြတ်ပေးနေတဲ့ ပုဂ္ဂိုလ်သတ္တဝါ၊ တန်ခိုးရှင်ဆိုတာ မရှိဘူး။ ဆိုတဲ့ စကားကိုလည်း အတော်ကြီးကို နှစ်သက်မိပါတယ်တဲ့။

နောက်ပြီး Be a refuge to themselves, and never to refuge in or help from anybody else. ကိုယ့်ကိုကိုယ် ကိုးကွယ်ပါ။ အခြားသူကို မကိုးကွယ်နဲ့။ အခြားသူဆီက မ စ မှုကို မရှာနဲ့။ ဆိုတာကလည်း သူကို တော်တော်ပြောင်းလဲစေပါသတဲ့။

ဗုဒ္ဓနေ့အပြီးမှာ ငါ သင်တန်းတွေ ပို့ချပေးမယ်။ အဲဒီကျရင် လာတတ်နိုင်မလားဆိုတော့ တက်မယ်တဲ့။ မင်းတို့ တက္ကသိုလ်က စိတ်ဝင်စားသူတွေရှိရင်လည်း ပြောလိုက်ပါလို့။ ငါက စာသင်ကောင်းပါတယ်လို့ စသလိုလိုနဲ့ ပြောလိုက်တယ်။ သူကလည်း ပြောလိုက်မယ်။ တက်ဖို့ကတော့ ငါပဲ သေချာပြောနိုင်မယ်လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် ကျောင်းသူတစ်ယောက် ရပြီပေါ့။

ဒါကတော့ ဒီနေ့ ဒိုင်ယာရီရဲ့ အမှတ်တရတစ်ခုပေါ့။

မှတ်ချက်။ ။ မနေ့က ဂျာမန်ရဟန်းတော်နဲ့ ဆွေးနွေးပြီး သဘောတူညီချက်တစ်ခု ယူခဲ့တယ်။ ကိုယ်က အားလုံးအသစ်အဆန်းဆိုတော့ လူတွေ့တွေ့၊ ဆွမ်းခံသွားသွား၊ ရှုခင်းတွေ့တွေ့ ဓာတ်ပုံရိုက်နေခဲ့တာပေါ့။ ဒါကို သူက ဆွေးနွေးပါရစေ။ ဓာတ်ပုံရိုက်တာ မသင့်တော်ဘူးလို့ ထင်ပါတယ်တဲ့။ ဒီတော့ ကန့်ကွက်တာပေါ့။ ငါက ဓာတ်ပုံဝါသနာပါလို့ ရိုက်တာ မဟုတ်ဘူး။ ဒီမှတ်တမ်းလေးတွေက တို့လုပ်ဆောင်ချက်တွေရဲ့ မှတ်တမ်းတွေ ဖြစ်လာမှာ။ ပြီးတော့ ဒီပုံတွေက လူတွေကို နိုးကြားစေတယ်လို့ ပြောလိုက်တယ်။ သူကလည်း ပြောတယ်။ ဒါဆိုရင် သဘောတူညီချက်တစ်ခု ယူရအောင်။ ဆွမ်းခံချိန်မှာ ကင်မရာ၊ ဖုန်း မယူရ။ ဓာတ်ပုံ မရိုက်ရ။ နောက်ပြီး လူသစ်တစ်ယောက် ရောက်လာရင် ၃ ကြိမ်အထိ ဓာတ်ပုံ မရိုက်ရ။ ၃ ကြိမ်တွေ့ပြီး အခြေအနေပေးမှ ရိုက်ရမယ်။ စသည်စသည် သဘောတူညီချက် ယူထားလို့ ဒီနေ့ ရိုက်ချင်တဲ့ပုံကို မရိုက်ဖြစ်ခဲ့ခြင်းပါ။ နောက် စာသင်တဲ့အချိန်ကျမှ သူ့ပုံကို တင်ပေးတော့မယ်။

ဆွမ်းခံခြင်း

ကလေးများက ဘေးကနေ တခစ်ခစ် ရယ်ရင်းပြုံးရင်းနဲ့ ဖြတ်လျှောက်သွားကြသည်။

အချို့လူကြီးများက ခပ်လှမ်းလှမ်းမှ ထူးဆန်းသလို ပြူးတူးပြဲတဲ ကြည့်သွားကြသည်။

အချို့ကတော့ လူကို အနီးကပ် လာကြည့်ပြီး ပြုံးစိစိဖြင့် ပြန်လှည့်သွားကြသည်။

အချို့ကတော့ အကြွေစေ့လေးများ လာထည့်ရန် ဟန်ပြင်သည်။ သို့ရာတွင် ငါတို့က ငွေ အလှူခံနေတာ မဟုတ်ပါ။ စားစရာအလှူခံနေတာဖြစ်ပါတယ်။ ဒါက ဗုဒ္ဓမြတ်စွာရဲ့ မြင့်မြတ်တဲ့လမ်းညွှန်ချက်တစ်ခုပါဟု ပြောလိုက်ရသည်။

သပိတ်လွယ်ပြီး အသွင်ဖြင့် ဗုဒ္ဓဘာသာကို မိတ်ဆက်ပေးနိုင်ရန် ကုန်တိုက်တစ်ခုရှေ့တွင် မတ်တပ်ရပ်နေခြင်းဖြစ်သည်။ တဝှီးဝှီး တိုက်ခတ်လာသောလေက ပါးပြင်ကို စပ်ဖျဉ်းဖျဉ်း ဖြစ်စေသည်။ လက်ဝါးနှစ်ဖက်ကို ပွတ်နေရသည်။ သို့ရာတွင် မကြာခဏ ဘာလဲ၊ ဘယ်လိုလဲ လာမေးကြသူတွေကြောင့် အကျိုးတော့ မယုတ်ဟု ထင်သည်။

ကုန်တိုက်ကို ရောက်ဖို့ နာရီဝက်လောက် လမ်းလျှောက်ရသည်။ ကုန်တိုက်ရှေ့တွင် ၄၅ မိနစ်ကျော် မတ်တပ်ရပ်သည်။ အချို့ငွေလှူသူများက ငါတို့ ကုန်တိုက်က ထွက်လာရင် မုန့်လှူမယ်ဟု ပြောသောကြောင့် စောင့်နေရခြင်း ဖြစ်သည်။

အချို့က ကုန်တိုက်ထဲက ဘာဝယ်ခဲ့ပေးရမလဲဟု မေးသည်။ ဗုဒ္ဓဘာသာရဟန်းဆိုတာ လူကျွေးတာ စားရတာဟု ပြောပြသဖြင့် သဘောကျဟန် ရှိသည်။

လူတစ်ယောက်က ဂျာမန်ဘုန်းကြီးနှင့်စကားပြောသည်။ တအံ့တသြ ပုံစံတွေ့ရသဖြင့် မေးကြည့်သည်။ ဒီလို သူတောင်းစားမျိုး တစ်ခါမှ မတွေ့ဖူးကြောင်း၊ ခေတ်သစ်သူတောင်းစားပဲဟု သုံးသပ်သွားကြောင်း၊ ကျောင်းကို အချိန်ရရင် လာခဲ့မယ်ဆိုတဲ့အကြောင်း ပြောသည်ဟု ဆိုသည်။ ဘိက္ခု ရဟန်းဆိုတဲ့ ပါဠိစကားလုံးအဓိပ္ပာယ်ကိုက သူတောင်းစားဟု အဓိပ္ပာယ်ရနေတော့ ဘာတတ်နိုင်မလဲ။

ဘာပဲဖြစ်ဖြစ်ပေါ့လေ။ အင်း ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ။

မြန်မာမိသားစုများ


ဒေါ်နီနီအောင်၊ ကိုစိုးမိုးသိမ်း၊ မသင်ဇာလွင်၊ မစန်းစန်း၊ အင်းသူ၊ ရွှေမန်းသူတို့ ရွှေမြန်မာများနှင့် ပျော်ပျော်ပါးပါး။
အားလုံးကို ကျေးဇူးတင်ပါ၏။ ပထမဆုံးတွေ့ဆုံခွင့်ရသော မြန်မာများပါပေ။
အစစအရာရာ လိုအပ်တာများကို လှူဒါန်းသွားကြပါတယ်။
အကူညီဆိုတာထက် ရင်ဖွင့်စရာ တိုင်ပင်စရာရှိလျှင် ရင်ဖွင့်တိုင်ပင်ဖို့က အရေးပါတယ်လို့ ပြောပါရစေ။
အစစအရာရာ အဆင်ပြေကြပါစေ။

ကြိုဆိုပွဲမှာ


ကြိုဆိုပွဲမှာ ဘာတွေ ပြောခဲ့သလဲဆိုတော့

အကျဉ်းချုပ်ပြောရမယ်ဆိုရင်

အခုပွဲက မင်းတို့က ငါ့ကို နှုတ်ဆက်တာ။ ကြိုဆိုတာ။
မင်းတို့ အခုလို လူစုံတပ်စုံ ပျော်ပျော်ပါးပါး ကြိုဆိုကြတာ ငါ ဝမ်းသာတယ်။
မင်း အိမ်လည်သွားတယ်ဆိုပါစို့။ အိမ်ရှင်က မင်းကို ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ရင် မင်းတို့ ပျော်ကြတာပဲ။ ငါလည်း ထို့အတူပဲပေါ့။ မင်းတို့ ရင်းရင်းနှီးနှီး ကြိုဆိုလို့ ငါဝမ်းသာတယ်။

ကဲ အခြားတစ်ဖက်မှာတော့ ကြည့်လိုက်ပါဦး။ ငါက Sariputta Institute ရဲ့ ဒါရိုက်တာ။ ဒီအဆောက်အအုံက ငါ့လက်အောက်မှာ ရှိတာမဟုတ်လား။ ဒီတော့ ဒီအခမ်းအနားမှာ ဘယ်သူက အိမ်ရှင်၊ ဘယ်သူက ဧည့်သည်လဲဆိုတာ စဉ်းစားကြည့်စမ်းပါ။ မင်းတို့အားလုံးက ငါ့ဧည့်သည်တွေပဲ။ ဒီတော့ မင်းတို့အားလုံးကို Sariputta Institute ကနေ ဒါရိုက်တာတစ်ယောက်အနေနဲ့ ကြိုဆိုပါတယ်လို့ ဆိုပါရစေ။

နောက်ပြီး ဒို့နိုင်ငံမှာ သင်္ကြန်ကျနေပြီ။ သင်္ကြန်ဆိုတာ ပြောင်းလဲခြင်း။ နှစ်ဟောင်းကို နှုတ်ဆက်ပြီး နှစ်သစ်ကို ကြိုဆိုခြင်း။ ဒီတော့ ဒို့အားလုံး နှစ်သစ်ကို ဗုဒ္ဓတရားတော်နဲ့အညီ ဘယ်လို ကြိုဆိုကြမလဲ။ ကုသိုလ်နဲ့ဗြဟ္မဝိဟာရတရားတွေနဲ့ ကြိုဆိုရမယ်။

နောက်ပြီး ညီညွတ်ရေးတရားကို ဂေါသိင်္ဂအင်ကြင်းတောမှာ အရှင်အနုရုဒ္ဓါတို့ ညီညွတ်စွာ နေခဲ့တဲ့အကြောင်းကို ပြောပြတယ်။ ခီရောဒကီဘူတာ (နို့နဲ့ရေ တစ်သားတည်း ဖြစ်နေသလို)၊ လူများပေမယ့် စိတ်တူကိုယ်တူ ဖြစ်ဖို့၊ ပိယစက္ခူဟိ အညမညံ
ပဿ န္တာ (အချင်းချင်း ချစ်သောမျက်စိဖြင့် ကြည့်ကြဖို့)၊ ကာယကံမေတ္တာ၊ ဝစီကံမေတ္တာ၊ မနောကံမေတ္တာများ ထားကြဖို့နဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်များကိုလည်း ပြောဖြစ်ခဲ့တယ်။

နောက်ပြီး မေတ္တာဘာဝနာအကြောင်း၊ နေ့စဉ်ဘဝမေတ္တာနဲ့ မေတ္တာကမ္မဋ္ဌာန်းအကြောင်းများ ဟောကြားပေးခဲ့ပါတယ်။ မနက် ၉ နာရီလောက်မှာ စတင်ပြီး နေ့လယ် ၁၁ နာရီလောက်မှာ ပြီးဆုံးသွားခဲ့ပါတယ်။

ချမ်းမြေ့ကြပါစေ

ကြိုဆိုနှုတ်ဆက်ပွဲလို့ ပြောတာပဲ



ကြိုဆိုနှုတ်ဆက်ပွဲလို့ ပြောတာပဲ။
နှုတ်ခွန်းဆက်အနေနဲ့ တရားဟောခဲ့ရတယ်။ ၃ နှစ်လောက် မဟောခဲ့ရတဲ့ အင်္ဂလိပ်က အရေးအကြောင်းရှိလို့ ထွက်လာသေးတာ တော်သေးရဲ့။
တရားပွဲပြီးတော့ ချီးမွှမ်းကြလို့ ဝမ်းသာရတယ်။
အားလုံး ပျော်ပျော်ပါးပါး ပြီးဆုံးသွားခဲ့တယ်။
ပထမဆုံးအကြိမ် မြန်မာ ၁ဝ ယောက်ခန့်နဲ့ တွေ့ရလို့လည်း ဝမ်းသာတယ်။
လှူရေးတန်းရေးထက် ရင်ဖွင့်စရာဆွေတော်များလို့ အောက်မေ့မိပါတယ်။
အားလုံးကလည်း ချစ်ချင်ခင်ခင်ဖော်ဖော်ရွေရွေဖြစ်လို့ ကျေးဇူးလည်း တင်မိပါတယ်။
ဂျာမန်ဘုန်းကြီးကတော့ ပြောတယ်။
အစတော့ တော်တော်ကောင်းသွားပြီတဲ့။

ရှေးရှေးတုန်းက

ရှေးရှေးတုန်းက
မြန်မာနိုင်ငံကို သွားပြီး
သာသနာပြုကြတဲ့
ခရစ်ယာန်ဘုန်းကြီးတွေရဲ့
ဇွဲသတ္တိ
ကိုယ်ကျိုးစွန့်မှု
သည်းခံမှုတွေသာ
ဗုဒ္ဓဘာသာဘုန်းကြီးတွေမှာ
ဆယ်ပုံတစ်ပုံလောက်ရှိရင်
ဗုဒ္ဓဘာသာအနောက်နိုင်ငံတွေမှာ
ပြန့်ပွားနေတာ ကြာပြီ။
ဒို့နိုင်ငံမှာ
ဗုဒ္ဓတရားတွေကို စောင့်မျှော်နေသူတွေ အများကြီး။
ဒါပေမဲ့ ဝေမျှပေးမယ့်ဘုန်းကြီးက
မရှိဘူး။ ရှိတဲ့ဘုန်းကြီးတွေကလည်း
အနောက်နိုင်ငံသားတွေနဲ့ ဆက်သွယ်ဆက်ဆံပြီး
ဟောပြောပေးတာမျိုး
မလုပ်ချင်ကြဘူး။
ကိုယ်ကျိုးစွန့်မယ်
ဗုဒ္ဓဘာသာပြန့်ပွားအောင်လုပ်မယ်
ဆိုတဲ့စိတ်ကူးသက်သက်နဲ့
အနောက်ကို ထွက်လာတဲ့ဘုန်းကြီး
ငါ့အသက် ၅၀ တစ်ခါမှ မတွေ့ဖူးဘူး။
(ဒီနေ့ ဧည့်သည်ဂျာမဏီတစ်ဦးပြောတဲ့အထဲက မှတ်မိတာလေးများပါ)

ဂျာမဏီခရီးနိဒါန်း (၂)

နေရာအတော်များများကို ခရီးထွက်ဖူးသည်။ တစ်ခါမှ မရောက်ဖူးသေးသောနေရာများလည်း ပါဝင်သည်။ သို့ရာတွင် ဂျာမဏီနိုင်ငံရောက်စအချိန်မှာ ခံစားရသောခံစားချက်နှင့် လားလားမျှ မတူနိုင်။ အားတင်းထားသော်လည်း အားငယ်စိတ်များ ဝင်လာခဲ့သည်။ တောကြီးမျက်မည်းထဲ တစ်ကိုယ်တည်း ရောက်နေရသလို ခံစားမိသည်။ ကိုယ့်ကိုယ်ကို အတော်ဟုတ်လှပြီထင်ခဲ့သည်မှာ မှားလေသည်။ တစ်ခုဖြေစရာရှိသည်မှာ အိမ်လွမ်းဝေဒနာ၊ အထီးကျန်မှုများသည် တွေ့ကြုံရရှိခဲ့သောအတွေ့အကြုံကြောင့် ခဏမျှသာ ပေါ်လာတတ်ခြင်း ဖြစ်လေသည်။ လောလောဆယ်ဝတ်ဖို့ဆိုပြီး အနွေးထည်များ၊ ခြေအိတ်များ၊ လက်အိတ်များ၊ ခေါင်းစွပ်များ လာပေးသည်။ မနက် ၈ နာရီခန့်တွင် အရုဏ်ဆွမ်းစားရအောင်ဆိုပြီး အခြားအဆောင်တစ်ခုသို့ သွားကြသည်။ ပေါင်မုန့်ကို ထောပတ်၊ ချိစ်တို့နှင့် တို့ကာ စားရသည်။ စပြီဟေ့လို့ ရေရွတ်မိသည်။



ပစ္စုပ္ပန်မှာ ကျေနပ်ပျော်ရွှင်မှုကို မရဘူးဆိုလျှင် လူတို့သည် အတိတ်ဆီကို ပြေးဝင်သွားတတ်ကြသည်။ အခုလည်း နေရာအသစ်မှာ လူအသစ်၊ ယဉ်ကျေးမှုအသစ်၊ အစားအသောက်အသစ်များနှင့် ရင်ဆိုင်ရလေသောအခါ မိခင်နိုင်ငံကို ပြန်လည်တမ်းတမိခြင်း ဖြစ်ပါသည်။ သို့ရာတွင် အစကတည်းက မတူညီသော၊ အလွန်စိမ်းသော ပတ်ဝန်းကျင်နှင့် ရင်ဆိုင်ရမည်ကို ကြိုတွေးထားပြီး ဖြစ်သဖြင့် အလွန့်အလွန် ခံစားရသည်ဟုတော့ မဆိုနိုင်ပေ။ နေ့လယ် ၁၁ ခွဲခန့်တွင် အတူနေဂျာမန်ရဟန်းက နေ့ဆွမ်းအဖြစ် ရေခဲသေတ္တာထဲမှ ထိုင်းအစားအစာအချို့ ယူလာပြီး ကျွေးသည်။ သူကတော့ ပေါင်မုန့်ကိုသာ ကြက်ဥ၊ ထောပတ်၊ ချိစ်တို့နှင့် တို့စားသည်။



ဆွမ်းစားပြီးသောအခါ ကျောင်းဂေါပကအဖွဲ့ဥက္ကဋ္ဌ မစ္စတာဂွမ်းနား ရောက်လာပြီး နှုတ်ဆက်သည်။ ဘယ်လောက်ကြာမှာလဲဟု မေးသည်။ မင်းတို့အပေါ်မှာ မူတည်တယ်။ ငါကတော့ တတ်နိုင်သလောက်ကြိုးစားပြီး ကူညီမယ်ဟု ပြောဖြစ်သည်။ ယဉ်ကျေးမှု၊ လူမျိုး၊ အစားအသောက် စသည်တို့မှာ အလွန်ကွဲပြားကြောင်း၊ မင်းတို့ ယဉ်ကျေးမှုကို ငါ နားလည်အောင် ကြိုးစားရမှာဖြစ်သလို ငါတို့ယဉ်ကျေးမှုကိုလည်း မင်းတို့ နားလည်အောင်ကြိုးစားပေးရမှာဖြစ်ကြောင်း ပြောဖြစ်သည်။ သူက အတတ်နိုင်ဆုံး ကြိုးစားမည်ဖြစ်ကြောင်း ပြောသည်။



ဆွမ်းစားပြီးသောအခါ Bodhi Vihara နှင့် Sariputta Institute အကြောင်း ပြောဖြစ်ကြသည်။ သူသည် လက်ရှိအနေအထားရောက်ဖို့ အတော်ရုန်းကန်ခဲ့ရသည်။ ကနဦးတွင် မြန်မာနိုင်ငံသို့ ပြန်သွားပြီဖြစ်သော ဦးတေဇောဘာသနှင့် စတင်လုပ်ဆောင်ခဲ့သည်။ နောက်ပိုင်းတွင် အခြားမြန်မာသံဃာတော်များကိုလည်း ပင့်ဖိတ်ခဲ့သော်လည်း ကြာရှည်မနေဖြစ်ခဲ့ကြပါ။ သူ၏ ရည်ရွယ်ချက်မှာ ရှင်းသည်ဟု ထင်သည်။ သူမွေးဖွားရာဒေသမှာ ဗုဒ္ဓအဆုံးအမများ တည်ရှိပြန့်ပွားစေလိုခြင်းဖြစ်သည်။ သို့အတွက်ကြောင့် သူတတ်နိုင်သလောက် နည်းအမျိုးမျိုးဖြင့် ကြိုးစားသာသနာပြုသည်။ ဗောဓိဝိဟာရတွင် ငွေကြေးကို သံဃာတော်များကိုယ်တိုင် စီမံကိုင်တွယ်ခွင့် မရှိပါ။ ဂေါပကအဖွဲ့မှသာ စီမံသည်။ ကိုယ်ရောက်သည့်အခါ တပည့်တော်ကတော့ ငွေကိုင်တယ်၊ အရှင်ဘုရားက ဘာဖြစ်လို့ အဲဒီလို သတ်မှတ်ထားတာလဲ၊ အရှင်ဘုရား ငွေကို လက်နဲ့မကိုင်ပေမဲ့ အလှူခံပုံးထဲ အလှူငွေထည့်သွားရင်တော့ ဝမ်းသာတာပဲ မဟုတ်လား။ လက်နဲ့ကိုင်တာနဲ့အလှူခံပုံ၊ ဘဏ်အကောင့်ထဲကငွေကို ဝမ်းမြောက်တာနဲ့ အတူတူပဲ မဟုတ်လားဟု ဆွေးနွေးဖြစ်သည်။



ထိုအခါ ဂျာမန်ရဟန်းတော်က အဲဒါကို သူလည်း သိကြောင်း၊ သို့ရာတွင် ဂျာမဏီနိုင်ငံတွင် သာသနာပြုလုပ်ငန်း စတင်တော့မယ်လို့ ဆုံးဖြတ်လိုက်သည့်အခါ ဂျာမန်လူမျိုးများ အံ့သြချီးကျူးစေမည့် ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါး၏ ထူးခြားချက်ကို ရှာသည့်အခါ ငွေမကိုင်ခြင်းနှင့်ငွေမရှာခြင်းသည် ဂျာမန်လူမျိုးများအတွက် အထူးဆန်းဆုံးဖြစ်ကြောင်း၊ ငါတို့ ဗုဒ္ဓဘာသာရဟန်းတွေဟာ ငွေကိုင်ခွင့်မရှိသလို ငွေကြေးရှာဖွေခွင့်လည်း မရှိဘူး၊ ငွေကြေးရှာဖွေဖို့ အားမထုတ်ဘူးလို့ ပြောသည့်အတွက် ဒီနေ့ဒီအချိန်အထိ ကူညီမည့်သူများပေါ်လာပြီး ရပ်တည်နေနိုင်ခြင်းဖြစ်ကြောင်း ရှင်းပြသည်။ လက်ခံနိုင်လောက်သောအကြောင်းပြချက်ဖြစ်သည်ဟု ယူဆမိသဖြင့် သူ၏ သာသနာပြုလုပ်ငန်းကို အတန်ငယ် သဘောပေါက်မိသည်။



ညနေ ၆ နာရီလောက်ရောက်သောအခါ အိပ်ငိုက်သွားသည်။ ဂျာမန်ရဟန်းက ဆွယ်တာများ၊ ခြေအိတ်များ၊ ကိုယ်ကျပ်အတွင်းခံဘောင်းဘီများ၊ လက်အိတ်များ၊ ခေါင်းစွပ်များ ယူလာပြန်သည်။ တော်မတော်၊ ကိုက်မကိုက်၊ ကြိုက်မကြိုက် မေးသည်။ နောက်ရက်တွင် မားကတ်သွားပြီး ဒကာမတစ်ယောက် လိုက်ဝယ်ပေးမည်ဖြစ်ကြောင်း၊ လောလောဆယ် တော်တာတွေ့လျှင် ခဏတာ ဝတ်ထားဖို့အကြောင်း ပြောသည်။ ဆွယ်တာ ၅ ထည်လောက်ဝတ်၊ ခြေအိတ် ၂ ထပ်ဝတ်၊ ခေါင်းစွပ်ဝတ်လိုက်မှ ရာသီဥတုနှင့် အနေတော်ဖြစ်သွားသည်။ ခဏနေတော့ အိပ်ပျော်သွားသည်။



အိပ်ပျော်လို့ ၅ မိနစ်ခန့်လောက်မှာ ဂျာမန်ရဟန်းက လှုပ်နှိုးသည်။ မင်းအိပ်လို့ မဖြစ်ဘူး။ အခု မင်းအိပ်လိုက်ရင် ည ၁ နာရီလောက် နိုးပြီး တစ်ယောက်တည်း ကြောင်တောင်တောင်ဖြစ်နေလိမ့်မယ်၊ မြစ်ကမ်းသွား လမ်းလျှောက်ရအောင်ဟု ပြောပြီး လမ်းလျှောက်ထွက်ကြသည်။ မြစ်က အလွန်သာယာသည်။ Esar မြစ်ဟု ခေါ်သည်။ အဓိပ္ပာယ်က Freedom လွတ်လပ်ခြင်းဖြစ်ကြောင်း ပြောပြတော့ အနည်းငယ် လွတ်လပ်ပေါ့ပါးသွားသည်။ ရေက ကြည်စိမ်းနေသည်။ မြစ်ကမ်းတစ်လျှောက်လုံး အပန်းဖြေနိုင်အောင် အမှိုက်ပုံးကအစ သပ်သပ်ရပ်ရပ် ထားပေးထားသည်။ တစ်မြို့လုံး အလွန်သန့်ရှင်းသည်။ စင်္ကာပူကို အလွန်သန့်ရှင်းသည့်မြို့ဟု ထင်ခဲ့သည်။ Freising က သန့်ရှင်းရုံမျှမက အေးချမ်းမှုပါ ရောနေသည်။



၂ နာရီခန့် လမ်းလျှောက်ပြီးသောအခါ ကျောင်းပြန်ရောက်သည်။ သူက ရှေ့လုပ်ငန်းစဉ်များအကြောင်း ပြောချင်နေသည်။ ငါ မရတော့ဘူး၊ အိပ်ချင်ပြီဟု ပြောပြီး အိပ်ရာဝင်သည်။ မနက် ၅ နာရီလောက်နိုးနေသည်။ တစ်ကိုယ်တည်း ကြောင်တောင်တောင်ဖြစ်နေသည်။ သက်ရှိကိုပဲဖြစ်ဖြစ်၊ သက်မဲ့ကိုပဲဖြစ်ဖြစ် ကိုယ်က အတော်လွမ်းတတ်သည်။ သို့သော် ကိုယ်လွမ်းတတ်တာက ခဏတာပဲ ဖြစ်သည်ကိုလည်း သိသည်။ အချိန်အတိုင်းအတာတစ်ခုရောက်လျှင် နေသားတကျ ဖြစ်သွားတတ်သော ကိုယ့်သဘာဝကိုလည်း သိသည်။ သို့ရာတွင် အဆိုပါအချိန်ကို မရောက်မီ အတော်လေး ခံစားနေတတ်သည်ကလည်း ကိုယ့်သဘာဝဖြစ်နေပြန်သည်။ သို့ဖြင့် မဟာသမယသုတ်၊ ပစ္စယနိဒ္ဒေသ၊ ဂုဏ်တော်များကို ရွတ်ဖတ်သည်။ ထွက်လေဝင်လေကို အာရုံပြုဖြစ်သည်။



နောင်တော်ကြီး ဦးတေဇောဘာသကတော့ လှမ်းမှာရှာသည်။ တစ်ကိုယ်တည်း တောထွက်နေတယ်လို့သာ အမှတ်ထားပါလေဟု စာလှမ်းပို့သည်။ တောထွက်သည်နှင့် ဘာမှ မထူးလှ။ မြင်နေရသောလူများသည် အားလုံး သူစိမ်းပြင်ပြင်သာ ဖြစ်ချေသည်။



(စာပေရသတော့ မမြောက်လှပါ။ ဒီက အတွေ့အကြုံလေးများကို မှတ်တမ်းအဖြစ်နဲ့ရှိနေစေချင်တာရယ်၊ မိတ်ဆွေများကို သိစေချင်တာရယ်ကြောင့် တင်ပေးလိုက်ပါတယ်။ ဆက်လက်ပြီးလည်း ရေးသွားပါဦးမယ်။ အားလုံး ကျေးဇူး)။

မျက်နှာဖုံး

အမြဲတမ်း မျက်နှာဖုံးနဲ့ပါ
ဖြူဖွေးသွယ်လျတဲ့လက်ကလေးနဲ့
ကိုင်ထားတယ်။
သူမမျက်နှာဟာ မျက်နှာဖုံးနဲ့
အမြဲကာထားတယ်။

နှစ်ပေါင်းများစွာ ကျွန်တော် တွေးနေခဲ့မိတယ်။
ဒါပေမဲ့ မမေးရဲခဲ့ဘူး။
ကျွန်တော် မလိမ့်တစ်ပတ်နဲ့
မျက်နှာဖုံးနောက်ကို ကြည့်ခဲ့မိတယ်။
သိချင်လို့ပေါ့
ဘာဆို ဘာမှ မရှိဘူး
သူမမှာ မျက်နှာမရှိဘူး။

(အမည်မသိ စာဆို)

လူတွေဟာ တစ်စုံတစ်ရာနောက်မှာ တစ်ခုခု ရှိလိမ့်နိုးနဲ့ အထင်ကြီးလေးစားကြ။
တကယ်လည်း ကြည့်လိုက်ရော နောက်ကွယ်မှာ ဘာမှ မရှိတာ တွေ့ရတယ်။ ကဗျာဆရာက ဒါကို ဆိုချင်ပုံရတယ်။

ဂျာမဏီခရီးနိဒါန်း

ဂျာမဏီနိုင်ငံက Bodhi Vihara & Sariputta Institute ၏ ပင့်ဖိတ်မှုကြောင့် ဇန်နဝါရီလတွင် ဂျာမဏီဗီဇာလျှောက်ဖြစ်သည်။ လျှောက်ဖြစ်သည့်ဗီဇာက National Type Visa ဖြစ်သည်။ ထိုင်ဝမ်မှာလိုဆိုလျှင် Resident Visa ဖြစ်မည်။ စလျှောက်စဉ်က ကြာမည်ဟု မျှော်လင့်ထားခဲ့သော်လည်း လွယ်လွယ်ကူကူနှင့် ရလိုက်သည်။ ဗီဇာမလျှောက်ခင်က ဥရောပနိုင်ငံကြီးတစ်နိုင်ငံကို သွားရတော့မယ်ဆိုသည့်အတွေးဖြင့် အလွန်ပျော်ခဲ့သည်။ ဟိုရောက်လျှင် ဘာတွေ လုပ်မည်၊ ဘာတွေ တိုးတက်နိုင်မည်စတာတွေကို စဉ်းစားရင်းဖြင့် အားတက်သည်။ သံရုံးမှ ဗီဇာရပြီဖြစ်ကြောင်း အကြောင်းကြားသောအခါ စိတ်ထဲ တစ်မျိုးဖြစ်သွားသည်။ အတော်ထူးဆန်းသော ခံစားမှုမျိုးဖြစ်သည်။ စိတ်လှုပ်ရှားသွားခြင်းလည်း ဖြစ်နိုင်သည်။



ယခု ပင့်ဖိတ်ခြင်းသည် အပျော်မဟုတ်၊ အလှူခံသက်သက်မဟုတ်၊ အလည်သဘောမဟုတ်၊ တကယ်အလုပ်လုပ်ရမည့်အနေအထား ဖြစ်သည်။ နောက်ပြီး ယခု သွားမည့်နေရာသည် ကိုယ့်မြန်မာလူမျိုးများ နေသည့်နေရာ မဟုတ်။ စင်္ကာပူ၊ မလေးရှား၊ ထိုင်ဝမ် …. အတော်များများသော မြန်မာကျောင်းများသည် မြန်မာနှင့်မကင်းပေ။ မြန်မာနိုင်ငံက ကျောင်းများကဲ့သို့ အစားအသောက်၊ အနေအထိုင်၊ ဟောရေးပြောရေး၊ သာရေးနာရေး အားလုံး မြန်မာ့နည်း မြန်မာ့ဟန်အတိုင်းသာ ဖြစ်သည်။ အခြားသော အမေရိက၊ အင်္ဂလန် …. အတော်များများသည်လည်း ထူးခြားမှုသိပ်မရှိလှပါ။ မြန်မာ့အစားအစား၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာလူမျိုးများနှင့် အပြန်အလှန် အမှီသဟဲပြုနေကြရပေမသည်။ သို့ရာတွင် မိမိသွားရမည့်နေရာသည် ဂျာမဏီနိုင်ငံသားရဟန်းတော် တည်ထောင်ထားသည့်နေရာဖြစ်သည်။ မြန်မာလိုဆိုလျှင် ဝိနည်းဓိုရ်တစ်ပါး ဖြစ်သည်။ ယဉ်ကျေးမှုက မတူ။ အစားအသောက်က ကွဲပြား။ မိမိပြောဆိုဆက်ဆံရမည့် သူများသည် အားလုံးနီးပါးက ဥရောပသားများ ဖြစ်သည်။ ဗီဇာရသည့်အခါ အနီးကပ်နေသူများ၊ ဒကာဒကာမများက ဝမ်းမြောက်ကြသော်လည်း မိမိမှာ တစ်မျိုးကြီး ခံစားနေရသည်။



မည်သို့ဆိုစေ ဗီဇာက ရသွားပြီ။ ဂျာမန်ရဟန်းတော်ကလည်း အမြန်ဆုံး လာခဲ့ဖို့ ပြောနေသည်။ ချက်ချင်းကြီးတော့ မသွားချင်သေး။ အချိန်ရသမျှ ဆွဲထားချင်သေးသည်။ သို့အတွက်ကြောင့် ဧပြီလ ၇ ရက်နေ့တစ်လကျော်လောက် ခွါပြီး လက်မှတ်ဖြတ်လိုက်သည်။ စုဆောင်းစရာရှိသည်များကို စုဆောင်းရသည်။ အထူးသဖြင့် စာအုပ်များ စုဆောင်းဖြစ်သည်။ ဝတ္ထုငွေအတွက်ကတော့ “ဒေါက်တာဘွဲ့သွားလုပ်ရင် လှူပါအုံးမယ်၊ အဲဒီကျရင် ပြောပါဘုရား”ဆိုပြီး လှူနေကျ ဒကာများပင် မလှူကြ။ ကိစ္စတော့ မရှိပါဘူး။ အစစအရာရာ အဆင်ပြေသွားခဲ့သည်။ သို့ရာတွင် သွားရမည့်ရက် နီးလာလေလေ စိတ်လှုပ်ရှားလေ ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံက ကျောင်းတစ်ခုခုမှာ နေလျှင် လွတ်လပ်စွာ နေထိုင်နိုင်သည်။ အေးအေးသက်သာ စာလေးဖတ်လိုက်၊ စာလေးရေးလိုက်၊ သွားချင်သည့်နေရာ သွားလိုက်၊ ဖိအားကင်းကင်း ပျော်ပျော်ရွှင်ရွှင် နေနိုင်သည်။ အစားအသောက်လည်း မပူမပင်ရ။ အပူအပင် အတော်ကင်းသည်။ အခုသွားမည့်နေရာကတော့ အားလုံးအသစ်တွေက ဆီးလို့ ကြိုနေမည်။ အစားအသောက်အသစ်၊ နေထိုင်မှုအသစ်၊ ယဉ်ကျေးမှုအသစ်။



မသွားမီ နှုတ်ဆက်စရာရှိသည်များကို နှုတ်ဆက်သည်။ မပြီးပြတ်သေးသောကိစ္စများ ပြီးပြတ်အောင် ဆောင်ရွက်သည်။ နှုတ်ဆက်ခြင်းကိစ္စကတော့ ၅ဝ%သာ ပြီးပြတ်သည်ဟု ဆိုရမည်။ နောက်ဆုံးနေ့ရောက်လျှင် အားလုံးကို ဖုန်းဆက်မည်ဟု စိတ်ကူးခဲ့သော်လည်း နောက်ဆုံးနေ့တွင် တစ်ချိန်လေးမှ အနားမရ။ ရွှေတိဂုံဘုရား သွားဖို့တောင် အချိန်မရလိုက်ခဲ့ဘူး။ မနက် ၅း၃ဝ လေဆိပ်သွားတော့လည်း လေဆိပ်ရောက်မှ အေးအေးဆေးဆေး ဖုန်းပြောဦးမယ်လို့ စိတ်ကူးခဲ့ပေမဲ့ ကီလိုတွေ အများကြီး ပိုနေသည့်အတွက် ပြာယာခတ်ရသေးသည်။



မသွားမီညက ဆရာမများ၊ ဒကာ၊ ဒကာမများ ရောက်လာပြီး စကားပြောကြသည်။ သူတို့က ယူစရာရှိတာ အကုန်ယူသွား။ ထည့်၊ အကုန်ထည့်ဆိုပြီး မြှောက်ပေးကြသဖြင့် ဘတ်ဂေ့ဂ်ျက ၃၈ ကီလို ကျော်သွားသည်။ လက်ဆွဲအိတ်က ၁ဝ ကီလို။ လက်ပတော့အိတ်၊ လွယ်အိတ်။ အတော်များနေသည်။ မတတ်နိုင်။ ဆရာမများက ယူသာယူသွား အားလုံးအဆင်ပြေလိမ့်မည်ဟု ဗေဒင်ဟောလိုက်ကြသည်။

မနက်မိုးလင်း လေဆိပ် Check in ဝင်သောအခါ ကီလို ချိန်ကြည့်သည်။ “၃၈ ကီလိုတောင် ကျော်နေတယ်၊ မရဘူးဘုရား”။ “လုပ်ပါဦး၊ ဒါက စာအုပ်တွေမို့လို့ပါ”။ “မရဘူးဘုရား၊ ကီလိုက အလွန်ဆုံး ၃ဝ ပဲ ရမှာ”။ အနည်းငယ် စိတ်ပျက်သွားသည့်ဟန်ဖြင့် “အင်းးးး ဒါဆို တစ်ခု မေးပါရစေ၊ ဒါတွေကို ဦးဇင်း ထားခဲ့လို့လည်း မဖြစ်နိုင်ဘူး။ ဒီတော့ ဖြစ်နိုင်မယ့်နည်းလေးရှိရင် ပြောပါအုံး”ဟု ပြောလိုက်သည်။



သူ့ထက်အရာရှိပုံရသောသူကို သွားတိုင်ပင်သည်။ “ဦးဇင်းအိတ်က အရမ်းလေးလွန်းသွားပြီလေ၊ အတင်အချမှာ ခက်လို့ ကီလို ၃ဝ ကို အလွန်ဆုံး သတ်မှတ်ထားတာ၊ ပစ္စည်းတွေကို ဟန်းကယ်ရီထဲ ခွဲထည့်ပါလား”။ “အဲဒီလို ခွဲထည့်လိုက်ရင် ဟန်းကယ်ရီရော၊ ဘတ်ဂေ့ဂ်ျကိုရော Pass ပေးလိုက်မှာပေါ့နော်”။ ပြုံးပြီး “ရပါတယ်၊ ရပါတယ်၊ ပေးလိုက်ပါ့မယ်”။ ရှက်ရှက်ဖြင့် လေဆိပ်ထဲက တိုင်တစ်ခုကို ကွယ်ကာ ပစ္စည်းတွေ ထုတ်သည်။ ခွဲထည့်သည်။ သူငယ်ချင်းဝရကိတ္တိ ပါလို့သာပေါ့။ မန္တလေးက မနန်းခင်ဦး ပေးလိုက်သော စပယ်ရှယ်အကြော်စုံကတော့ ကီလို လျှော့ပွဲမှာ ရှုံးခဲ့လေသည်။ (အခုမှ လက်ဖက်သုပ် စားချင်နေတယ် မှတ်ကရော)။ စားစရာထက် စာအုပ်ကို ပိုချစ်ခဲ့သကိုး။



လေယာဉ်က တိကျသည်။ ၇း၄၅ တွင် ထွက်ခွါသည်။ မြန်မာအနည်းငယ်ပါသည်။ ၁ဝ ယောက်ခန့် ရှိမည်ထင်သည်။ ရင်းရင်းနှီးနှီး စကားပြောဖူးသော ဘရူနိုင်းမယ်တော်ကြီး ဒေါ်သက်သက်နွယ်၏ မိတ်ဆွေ ဒေါ်ကြည်ကြည်မေကို တွေ့လိုက်ရသဖြင့် အံ့သြသွားသလို ပျော်လည်း ပျော်သွားသည်။ ကာတာရောက်မှ ပြောကြမည်ဟု နှုတ်ဆက်သည်။ ခုံချင်းကပ်နေရာတွင် အင်္ဂလန်လူမျိုးစုံတွဲ အဘိုးအဘွားနှစ်ဦးပါသည်။ ရင်းနှီးဖော်ရွေစွာ နှုတ်ဆက်သည်။ အလွန်ချစ်စရာကောင်းသည်ဟု သဘောထားမိသည်။ အဘွားကြီးနှင့်ကပ်လျက် လိုက်ပါရင်း စကားတွေအများကြီး ပြောဖြစ်သည်။ ပထမဆုံးဥရောပခရီးစဉ်ဟု ပြောလိုက်ရာ ဂျာမန်လူမျိုးများ ပေါင်းသင်းရခက်ကြောင်း၊ မာနကြီးကြောင်း၊ ဂျာမန်စကားခက်ကြောင်း အားတက်သရော ပြောပါတော့သည်။ နောက်ပြီး ခါးပတ်ကို ဘယ်လို ပတ်ရကြောင်း၊ လေယာဉ်စတက်လျှင် နားအူတတ်ကြောင်း၊ (အဲယားလိုင်းက ပေးသည့်) နားကို ဆို့သည့်အရာကို ဆို့ထားသင့်ကြောင်း အမျိုးမျိုး ရှင်းပြပါတော့သည်။ အင်္ဂလန်စုံတွဲသည် အတော်ကျေးဇူးများသည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာပြည်ကို လွမ်းချိန်များကို အစားထိုးပေးတဲ့အတွက်ကြောင့်ပါပဲ။



၂ နာရီ ခွဲ သုံးနာရီလောက်တွင် အစားအသောက်များ ရောက်လာသည်။ နာရီကြည့်လိုက်သည်။ အေးဆေးပေါ့။ ထွက်လာတာ ၇း၄၅ ဆိုတော့ အချိန်များစွာ ရှိသေးသည်။ နောက် ၁ ခွဲ ၂ လောက်ရှိသောအခါ နောက်တစ်ကြိမ် ရောက်လာသည်။ ခုံရှေ့က စကရင်မှာ နာရီကြည့်လိုက်သည်။ ကာတာစံတော်ချိန် ၉ နာရီခန့် ပြနေသည်ဟု ထင်သည်။ အေးဆေးပေါ့။ အားလုံးကုန်အောင် စားလိုက်သည်။ ကာတာရောက်လျှင် ၁၂ နာရီလောက် ဘယ်လို ဖြတ်သန်းရမလဲဆိုတာ မသိသေးသည့်အတွက် များများစားထားဖို့ လိုအပ်သည် မဟုတ်ပါလား။ လေယာဉ်ပေါ်တွင် နောက်ဖေးသွားသည့်အခါ တန်းစီရသည်။ တန်းစီနေစဉ်အတွင် ဒကာကြီးတစ်ဦးက နှုတ်ဆက်သည်။ စကားပြောကြည့်သောအခါ သူက ကာတာလေဆိပ်တွင် နာရီ ၂ဝ စောင့်ရမည်ဟု ဆိုသည်။ ကိုယ်က ၁၂ နာရီစောင့်ရမှာဆိုတော့ ကိုယ့်ထက်ပိုများနေသည်။ စကားပြောဖော်ရပြီဟု ပြောခဲ့သည်။ ဒကာကြီးကလည်း လေဆိပ်တွင် သူကပ္ပိယလုပ်မည်၊ ဘာမှ မပူနှင့်ဟု ဆိုသည်။ အတော်ဝမ်းသာသွားသည်။ ကာတာလေဆိပ်ဆင်းသောအခါ ဘယ်ကနေဘယ်လို လူကွဲသွားသည်မသိ။ ဒကာကြီးကို ရှာမရတော့ပါ။



အင်္ဂလန်သွားမည့်သူများ၊ အမေရိကသွားမည့်သူများ၊ ဘာလင်သွားမည့်သူများ …. မြန်မာအတော်များများကို တွေ့သော်လည်း သူ့အလုပ်နှင့်သူမို့ ဘယ်သူမှ အချိန်ကြာကြာ စကားပြောချိန်မရှိပါ။ လေဆိပ်ကြီးထဲ လျှောက်သွားသည်။ အားလုံးက အရှေ့အလယ်ပိုင်း ဝတ်စုံများနှင့်သာ များသည်။ မျက်လုံးထဲ ကြည့်ရတာ စိမ်းနေသည်။ ယောင်ချာချာနှင့် လျှောက်ကြည့်ရင်း ဝတ်စုံဖြူမွတ်ဆလင်များနှင့် မိတ်ဆက်ကြည့်သည်။ အားလုံးက ကိုယ့်ကိုလည်း မွတ်ဆလင်ဟု ထင်နေကြသည်။ ကာတာလေဆိပ်တွင် မွတ်ဆလင်ဝတ်ရုံမျိုးစုံ တွေ့ရသည်။



လေဆိပ်ထဲ ဟိုကြည့်ဒီကြည့် ကြည့်နေချိန်တွင် အတော်ပင် သွက်လက်ချက်ခြာသည့် အမျိုးသမီးတစ်ဦး လာနှုတ်ဆက်သည်။ ဘာမပြောညာမပြောနှင့် အစစအရာရာ အားလုံးကူညီပေးမည်ဆိုတဲ့ ဟန်အမူအရာအပြောအဆိုကြောင့် ချီးကျူးမိသလို သူနှင့်ဆုံလိုက်ရသည်မှာ အတော်ဟုတ်သွားသည်။

သူ့နာမည်က မဒိုရိုသီ။ ကာတာအဲယားလိုင်းမှာ အလုပ်လုပ်သည်။ လေယာဉ်မယ်။ အော် ဒါကြောင့် ဒီလောက်သွက်လက်ချက်ခြာနေတာကိုးဟု ပြောမိသည်။ အမေရိကမသွားခင် သူ့အမျိုးသားနှင့် နောက်တစ်နေ့လေယာဉ်ကို စောင့်နေခြင်းဖြစ်သည်။ နားနေစရာရှာသည်။ အခြားသိသင့်သည်များကိုလည်း ပြောပြသည်။ အလကားနားလို့ ရသည့်နေရာကိုလည်း သူတို့ပင် ခေါ်သွားသည်။ အစစအရာရာ ဂရုတစိုက် ကူညီပေးသဖြင့် ကျေးဇူးအလွန်တင်မိသည်။ သူတို့ကြောင့် စိတ်အေးလက်အေး နားနေအိပ်စက်ခွင့် ရခဲ့သည်။



ကိုယ်တစ်ဦးတည်းဆို ယောင်ချာချာနှင့် အိပ်ရေးပျက်မှာ သေချာသည်။ ကိုယ်အလွန်ကြိုက်တတ်သော ကော်ဖီခါးခါးတစ်ခွက်ကိုလည်း ကပ်လိုက်သေးသည်။ ကာတာလေဆိပ်က ကော်ဖီခွက်က လက်ကိုင်ကိုင်းနှစ်ဖက်ပါသော ခွက်အကြီးကြီးဖြစ်သည်။

ည ၁၂း၅၀ အချိန်ရောက်သောအခါ ဘေးအိပ်ယာကို ကြည့်လိုက်သည်။ မဒိုရိုသီတို့နှစ်ဦးသား အိပ်မောကျနေဟန်ရှိသည်။ နှုတ်ဆက်ဖို့ အသံပြုကြည့်သည်။ တုတ်တုတ်မျှ မလှုပ်။ နှုတ်မဆက်ရဘဲတော့ မသွားချင်။ အနည်းဆုံး ကျေးဇူးတင်စကားလေးတော့ ပြောလိုက်ချင်သည်။ ဒါကြောင့် ဒကာတော်ကို လက်ပုတ်နှိုးရသည်။ အိပ်ချင်မူးတူးဖြစ်နေသောမောင်နှံကို ကျေးဇူးစကားဆိုပြီး နှုတ်ဆက်ခဲ့သည်။ အမှန်မှာ သူတို့ကို Check in ဝင်သည်အထိ ခေါ်မည်၊ ပြီးလျှင် ပျော်ပျော်ပါးပါး အမှတ်တရ ဓာတ်ပုံရိုက်မည်ဟု စိတ်ကူးထားခြင်း ဖြစ်သည်။ သို့သော် အိပ်မောကျနေသောစုံတွဲကို မခေါ်ရက်သဖြင့် တစ်ဦးတည်းထွက်လာခဲ့ရသည်။



ဂိတ် ၁၈ တွေ့ပါပြီ။ ဒီတစ်ခါတော့ မြန်မာတစ်ဦးမှ မတွေ့တော့ပါ။ အားလုံး အဖြူချည်း ဖြစ်သည်။ လေယာဉ်က ဘယ်လောက်တောင်ကြီးမည် မသိ။ check in မှာ တန်းစီသည့်လူတန်းကြီးက အရှည်ကြီးဖြစ်သည်။ တန်းစီရင်း စကားပြောဖြစ်သည့် ဂျာမန်စုံတွဲမှာ ချစ်ခင်စရာ အလွန်ကောင်းသည်။ လေယာဉ်ခုံများပေါ် မထိုင်ခင်အထိ ချစ်ချစ်ခင်ခင် ပြောဆိုကြသည်။ ဗုဒ္ဓဘာသာဘုန်းကြီးဆိုတာ ဘာလဲ၊ ဘယ်လို နေရသလဲ၊ ဘာလုပ်ရသလဲ။ စသည် မေးသည်။ တိဗက်ဘုန်းကြီးနှစ်ပါး တစ်တန်းကျော်တွင် တွေ့ရသည်။ မှန်းကြည့်ရခြင်းဖြစ်သည်။ သူတို့ Identity ကတော့ လုံးဝနီးပါး ပျောက်နေသည်။ ကိုယ်တော် ဥရောပရောက်ရင် သမဏသညာတော့ မပျောက်စေနဲ့နော်ဟု အမှတ်တမဲ့ မှာလိုက်သော ခေမာသီဝံဆရာတော့်စကားကို အမှတ်ရမိသည်။



မနက် ၇ နာရီခန့်ရောက်သောအခါ မြူးနစ်မြို့ကို ဆိုက်ရောက်သည်။ စကားကောင်းခဲ့သောဂျာမန်စုံတွဲ ပြေးလာသည်။ ဘာကူညီပေးရမလဲ။ ပစ္စည်းတွေ များလား။ ကူဆွဲပေးရမလား … စသည်ပြောပြီး ကွန်ပြူတာအိတ်ကို အမျိုးသမီးက ဆွဲယူသည်။ ကိုယ့်ကို လာကြိုသူနှင့်တွေ့မှ လမ်းခွဲဖြစ်သည်။ ညံ့တယ်ပဲဆိုဆို မာနကြီးတယ်ပဲဆိုဆို သူတို့ အီးမေးလ်လေးတောင် မတောင်းဖြစ်ခဲ့ပါ။

လေဆိပ်ရောက်တော့ ဂျာမန်ဒကာကြီးက ပန်းစည်းလေးနှင့် ကြိုသည်။ ဘာပန်းလဲဟု မေးသောအခါ ချယ်ရီပန်းဟု ဆိုသည်။ ချယ်ရီပန်း အကြိမ်ပေါင်းများစွာ ကြားဖူးသော်လည်း ပထမဆုံးအကြိမ် ထိဖူးခြင်းပေတကား။ ၁ဝ မိနစ်ခန့်လောက် ကားစီးပြီး ဗောဓိဝိဟာရကို ရောက်သည်။ စကား ၁ နာရီလောက် ပြောပြီးသောအခါ ခဏနားဖို့ ပြောသည်။ ကုတင်ပေါ်သို့ တက်ပြီး အနားယူမည်ကြံသောအခါ လွှမ်းခြုံနေသောအအေးဓာတ်များနှင့်အတူ အလွမ်းဓာတ်များ လျှံကျလာသည်။

ဟိုတုန်းက


ဟိုတုန်းက ငါနဲ့
အခု ငါ
အတော်ကွာသွားပါလားနော်
အနိစ္စ
ဒုက္ခ
အနတ္တ

ဘယ်သူက ဘာ


ဘယ်သူက ဘာ
ဘယ်ဝါက ဘာ
ဘယ်သူ ဘယ်ကလာ
ဘယ်သူ ဘယ်လို ဖောက် ဆိုတာ
အချိန်နည်းနည်းစောင့်ကြည့်
သိတာပါ။
ဖုံးနေဖိနေ
ကာနေလို့လည်း
အပိုပါပဲ ဆရာရယ်။

အချိန်တန်ရင်



အချိန်တန်ရင် အိပ်တန်းပြန်ရမယ်ဆိုတာ
သိပေမဲ့
ခွန်အားရှိတုန်း
အချိန်ရှိတုန်း
ဝေးဝေး
မြင့်မြင့်
ပျံသန်းရတာ
စိတ်ဝင်စားနေမိတယ်။

ကျွန်တော် မိုးလေဝသအကြောင်းပဲ သိတယ်


ကျွန်တော် မိုးလေဝသအကြောင်းပဲ သိတယ်။ ဘာသာရေး
ငြိမ်းချမ်းရေးအကြောင်း မပြောတတ်ပါဘူး။
ကျွန်တော် ဗုဒ္ဓဘာသာစစ်စစ်ပါ။
ဒါပေမဲ့ တစ်သက်နဲ့တစ်ကိုယ်
ဥပုသ်တစ်ခါမှ မစောင့်ဖူးပါဘူးတဲ့။
ဥပုသ်စောင့် မလိုက်ဘဲ သူတော်ကောင်းဖြစ်နိုင်တယ်ဆိုတာကို ဆရာကြီးက သက်သေပဲတဲ့။ ဒေါက်တာကျော်သူက ဝင်ထောက်တယ်။

အဓိပ္ပာယ်ဖွင့်ဆိုမှုပေတံနှင့်ခေါင်းစီးစစ်တမ်း

အနောက်တိုင်း မိန်းကလေးတစ်ယောက်ကို “မင်းမျက်နှာလေးက ဖိုးလမင်းလေးလိုပဲ”ဟု တင်စားချီးမွှမ်းလျှင် သူ့ကို စော်ကားသည်ဟု ယူဆပြီး စိတ်ဆိုးလိမ့်မည် ဖြစ်သည်။ အနောက်တိုင်းသူတို့၏ ဖွင့်ဆိုချက်တွင် လမင်းကြီးသည် ဝိုင်းစက်နေသည်။ လမင်းလို ဝိုင်းစက်နေသောမျက်နှာသည် ဝက်နှင့်တူပြီး မည်သို့ လှပါတော့မည်နည်းဟု ယူဆကြသည်

အရှေ့တိုင်းမှာတော့ “မင်းမျက်နှာလေးက ဖိုးလမင်းလေးကျနေတာပဲ”ဟု ဆိုလျှင် သဘောကျသည်။ “သူ့မျက်နှာလေးက ဝိုင်းစက်ပြီး ချစ်စရာလေး”ဟုပင် ဆိုကြသည် မဟုတ်လော။ အနောက်တိုင်းတွင် “မင်းလေးက ကျားသစ်မလေးကျနေတာပဲ”ဟု ဆိုလျှင် သဘောခွေ့ကြပြန်သည်။ သွယ်လျကျစ်လစ်ပြီး သွက်လက်ဖျက်လက်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုကြဟန်ရှိသည်။ တစ်ဖန် အရှေ့တိုင်းသူတစ်ဦးကို ကျားသစ်မလေးနဲ့တူတယ်ဟုဆိုလျှင်ကား ခံစားနိုင်လိမ့်မည် မဟုတ်ပေ။

မလေးရှားနိုင်ငံတွင် ခေါင်ရမ်းပန်းသည် ကျက်သရေမင်္ဂလာ၏ ပြယုဂ်ဖြစ်သည်။ မြန်မာနိုင်ငံတွင်ကား ခေါင်ရမ်းပန်းကို အသုဘပန်းဟု ခေါ်ကြသည်။ အသုဘချသည့်အချိန်တွင်သာ အသုံးပြုတတ်၍ ဖြစ်သည်။ မြန်မာနိုင်ငံတွင်းမှာကိုပင် တစ်တီတူးငှက်သည် အချို့ဒေသများတွင် ငှက်ဆိုးဖြစ်ပြီး အချို့ဒေသများတွင် သာမန်ငှက်တစ်ကောင်မျှသာ ဖြစ်သည်။ အချို့ဒေသများတွင် ဇီးကွက်သည် မင်္ဂလာရှိသော ပညာရှိငှက်ကြီးဖြစ်ပြီး အချို့ဒေသများတွင် ငှက်ဆိုးဟု သမုတ်ကြသည်။ လောက၏ဖွင့်ဆိုချက်များ မည်မျှ ထွေထူးများပြားလှပါသနည်း။ အထက်ပါ ဖွင့်ဆိုသတ်မှတ်ကြပုံများသည် တစ်လောကလုံးနှင့်နှိုင်းစာလျှင် အနည်းငယ်မျှသာ ရှိပါလိမ့်ဦးမည်။ အမှန်အားဖြင့် သတ္တလောက၏ အပြင်ပန်း ဖွင့်ဆိုသမုတ်ထားချက်များသာလျှင် ဖြစ်ချေသေးသည်။

လူသားတို့၏ စိတ်ထဲ၊ နှလုံးသားထဲက ကွဲပြားသော၊ ဆန်းပြားထူးထွေ အဓိပ္ပာယ်ဖွင့်ဆိုချက်များသည်ကား အဘယ်မျှ ကွဲပြားထူးခြားပြီး စိတ်ဝင်စားဖွယ်ကောင်းလိုက်ပါမည်နည်း။ လူတစ်ယောက်တည်းကိုပဲ တစ်ဦးက လူဆိုး၊ လူယုတ်မာဟု ပြောသည်။ တစ်ဦးက သူတော်ကောင်းဟု ဆိုသည်။ လူတစ်ဦးတစ်ယောက်တည်းကိုပဲ အချို့က လူမှန်ဟု ဆိုပြီး အချို့က လူညစ်ဟု သမုတ်ကြပြန်သည်။ လူတစ်ယောက်တည်းကိုပဲ အချို့က လူတော်ဟု ဆိုပြီး အချို့က လူရှော်ဟု ပြောကြပြန်သည်။

လူကောင်း၊ လူဆိုး၊ လူမှန်၊ လူဖြောင့်၊ လူညစ်၊ လူကောက်ကျစ်၊ လူယုတ်မာ၊ လူတော်၊ လူရှော်၊ ပရဟိတသမား၊ ကိုယ်ကျိုးရှာသမား၊ ကြောင်သူတော်၊ သူတော်စင်၊ သူတော်ကောင်း၊ မြင့်မြတ်သူ၊ ယုတ်ညံ့သူ …. အိုး …. ပညတ်ချက်များ၊ သတ်မှတ်ချက်များ များပြားလှစွာတည့်။

ပတ်ဝန်းကျင်၏ ခေါ်ဝေါ်သမုတ်ချက်များသည် မှန်သည်လည်း ရှိနိုင်သည်။ မှားသည်လည်း ရှိနိုင်သည်။ ပတ်ဝန်းကျင်က ပေးအပ်သော ခေါင်းစီး သို့မဟုတ် အမှတ်တံဆိပ်သည် လုံးဝဂရုမစိုက်ဘဲ လျစ်လျူရှုမထားသင့်သကဲ့သို့ ပတ်ဝန်းကျင်က ပေးအပ်ထားသည်ဆိုတိုင်းလည်း အမှန် သို့မဟုတ် အမှားဟု တစ်ထစ်ချ ဆုံးဖြတ်၍ မသင့်လျော်ချေ။ အဘယ့်ကြောင့်ဆိုသော် လူဆိုသည်မှာ အမှန်၊ အမှား၊ အကောင်း၊ အဆိုး၊ အချစ်၊ အမုန်း၊ မုဒိတာနှလုံးသား၊ မနာလိုမှု၊ အဖြူ၊ အမည်း စသော ဆန့်ကျင်ဘက်စိတ်အခြေအနေများကို တယုတယ သိမ်းပိုက်ထားဆဲ ဖြစ်နေသည်။ ယင်းဆန့်ကျင်ဘက်စိတ်အခြေအနေများဖြင့် ပြည့်နှက်နေသော နှလုံးသားပိုင်ရှင်များ ဖြစ်နေသည်။

အမှန်၊ အကောင်း၊ အချစ်၊ မုဒိတာနှလုံးသား၊ အဖြူ စသော အမြုတေများ နှလုံးသားမှာ ကိန်းနေချိန်တွင် သတ်မှတ်ပေးလိုက်သော ခေါင်းစီးသည် အမှန်နှင့်နီးစပ်နိုင်ပြီး အမှား၊ အဆိုး၊ အမုန်း၊ မနာလိုမှု၊ အမည်း စသော အမြုတေများ နှလုံးသားမှာ ကိန်းနေချိန်တွင် သတ်မှတ်ပေးလိုက်သော ခေါင်းစီးသည်ကား အမှားနှင့်နီးစပ်သည်။

လောကတွင် အငြင်းအပွားရဆုံးပြဿနာမှာ ခေါင်းစီးတပ်ခြင်းပင် ဖြစ်သည်။ သူ့လူတော်တယ်၊ ငါ့လူတော်တယ်၊ သူက လူယုတ်မာ၊ သူက သူတော်ကောင်း စသည်ဖြင့် ဘဝတစ်လျှောက်လုံး ခေါင်းစီးတပ်နေကြသည်။ ထိုခေါင်းစီးများကြောင့် အငြင်းပွားရသည်။ ပြဿနာတက်ရသည်။ ရန်ဖြစ်ရသည်။ စစ်ပွဲကြီးတွေ ဖြစ်ရသည်။ မညီမညွတ်ဖြစ်ခြင်း၊ အစိတ်စိတ်အမွှာမွှာ ကွဲထွက်ခြင်း၊ မိသားစုပဋိပက္ခမှသည် ကမ္ဘာ့စစ်ပွဲကြီးများအထိ ရှိရှိသမျှ ပြဿနာတိုင်းသည် ခေါင်းစီးအပေါ် အခြေခံသည်။

“ငါကတော့ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်ကို ကယ်တင်မယ့် မြင့်မြတ်သူလို့ ယုံကြည်တယ်”။ “အင်း ငါကတော့ အဲဒီလို မထင်ဘူး၊ မပြတ်သားသူ ဝါးတားတားသမားလို့ ယုံတယ်”။ “ငါကတော့ ဦးသုတဟာ တော်တော်ညစ်ပတ်တဲ့သူလို့ ထင်တယ်”။ “အဲ ဟုတ်ပါဘူးဟ၊ သူက ကိုယ်ကျိုးစွန့်သမားပါဟ”။ “ဟိုကောင် ဘိုနီဟာ ငပျင်းပဲ”။ “ဟုတ်သေးဘူး ထင်တယ်နော်၊ ငါ့အမြင်တော့ ဒီကောင် တော်တော်ကြိုးစားတဲ့သူပါ”။ တစ်လောကလုံး မိမိတို့ သိမှု၊ မြင်မှု၊ ခံယူမှုအပေါ် အခြေခံပြီး ခေါင်းစီးများ အမျိုးတပ်ကြသည်။

လူတို့သည် ခေါင်းစီးများ အမျိုးမျိုးတပ်ပြီး အငြင်းပွားကြ၊ ဘက်တွေ ကွဲပြားသွားကြသည်။ ထိုမှတစ်ဆင့် ငါနှင့်မတူ ငါ့ရန်သူဖြစ်ပြီး ပဋိပက္ခမီးပွားများ လွင့်စင်ပြန့်ကျဲကုန်ရသည်။
မတူညီသောဘက်များကို ပဋိပက္ခများဆီ ဦးမလှည့်နိုင်အောင် တူညီသော ဘုံရည်မှန်းချက်များ ရှာကြရပြန်သည်။ ထိုဘုံရည်မှန်းချက် ရှာကာမှပင် ပဋိပက္ခများက ကြီးထွားသွားသည်များ ရှိနေတတ်သေးသည်။ စဉ်းစားကြည့်လေလေ ခေါင်းစီးတပ်မှုများ၏ လောကအပေါ် ရိုက်ခတ်မှုမှာ နက်ရှိုင်းလေလေ ဖြစ်သည်ကို တွေ့ရသည်။

ဥပမာအားဖြင့် ဗုဒ္ဓဘုရားရှင်၊ ယေရှု၊ မိုဟာမက် စသော ဘာသာရေးခေါင်းဆောင်များအပေါ် ကမ္ဘာ့လူသားများ ပေးအပ်သောခေါင်းစီးများကို သတိပြုနိုင်သည်။ ဗုဒ္ဓဘာသာဝင်တစ်ဦးက “ဗုဒ္ဓဘုရားရှင်ဟာ လောကမှာ အကြီးကျယ် အမြင့်မြတ်ဆုံး”ဟု ဆိုလျှင် ခရစ်ယာန်ဘာသာဝင်က “အိုး နိုး … မင်း ရူးနေလား၊ ယေရှုကသာ အကြီးကျယ်အမြင့်မြတ်ဆုံး”ဟု ဆိုလိမ့်မည်။ မူဆလင်ကတော့ “ဟား ဟား ခင်များတို့ အရူးတွေပဲ၊ ဗုဒ္ဓတို့ ယေရှုတို့ဆိုတာ မိုဟာမက်ရဲ့ ကြီးကျယ်မြင့်မြတ်မှုကို ဘယ်မီလိမ့်မတုံး”ဟု အားရပါးရ ဆိုပေလိမ့်မည်။ ဒီမိုကရေစီစနစ်ဖြင့်သာ အကြီးကျယ် အမြင့်မြတ်ဆုံး ဆုတံဆိပ်ကို ရွေးချယ်ပါက ဗုဒ္ဓဘုရားရှင်မှာ စတုတ္ထဆုနှင့်သာ ကျေနပ်ရပေလိမ့်မည်။ ဆိုလိုသည်မှာ မိမိပတ်ဝန်းကျင်နှင့် မိမိနှင့်ဆက်စပ်သောလူသားများအပေါ် လောကလူသားတို့ ခေါင်းစီးတပ်ပုံနှင့် ခေါင်းစီးတပ်ခြင်း၏ နက်ရှိုင်းမှုကို သတိပြုစေလို၍ ဖြစ်ပါသည်။

ခေါင်းစီးတပ်ပုံ ကွဲပြားခြားနားခြင်းမှာ အဓိပ္ပာယ်ဖွင့်ဆိုပုံ ကွဲပြားခြားနားခြင်းအပေါ် အခြေခံသည်ကို တွေ့ရမည် ဖြစ်သည်။

သို့ဆိုလျှင် မိမိတို့ ပတ်ဝန်းကျင်နှင့် မိမိတို့နှင့်ဆက်စပ်နေသော လူသားများအပေါ် မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုကြမည်နည်း။ အဓိပ္ပာယ်ဖွင့်ဆိုဖို့ မည်သည့်ပေတံကို အသုံးပြုရမည်နည်း။ မည်သည့်ပေတံကို အသုံးပြုမှ မှန်ကန်သောဖွင့်ဆိုချက်ကို ဖွင့်ဆိုနိုင်ပြီး သဘာဝကျသော သို့မဟုတ် လိုက်ဖက်သောခေါင်းစီး ပေးနိုင်မည်နည်း။ ဤမေးခွန်းကို ဖြေလိုသဖြင့် ရှည်ရှည်ဝေးဝေး နိဒါန်းချီလာရခြင်း ဖြစ်သည်။ ဗုဒ္ဓမြတ်စွာ ညွှန်ပြတော်မူသော “ခေါင်းစီးစစ်တမ်း”ဟု ဆိုချင်ပါသည်။

ဤခေါင်းစီးစစ်တမ်းသည် ဗုဒ္ဓဘာသာ၏ “အဓိပ္ပာယ်ဖွင့်ဆိုမှုပေတံ”ဟု ဆိုနိုင်သည်။
“အဓိပ္ပာယ်ဖွင့်ဆိုမှုပေတံ”ကို ဗုဒ္ဓမြတ်စွာသည် အဂ္ဂိကဘာရဒွါဇပုဏ္ဏားကို အကြောင်းပြုပြီး ဟောတော်မူခဲ့သည်။ ဗုဒ္ဓမြတ်စွာသည် မင်းမျိုးဖြစ်ခြင်း၊ ရုပ်ရည်ရူပကာ သပ္ပာယ်ခြင်းနှင့် သူ၏တရားဓမ္မများကြောင့် အိန္ဒိယနိုင်ငံအနှံ့အပြားတွင် ထင်ရှားကျော်ကြားသည်။ အုပ်ချုပ်သူလူတန်းစား၊ ပညာရှင်အသိုင်းအဝိုင်းက အစ အောက်ခြေလူတန်းစားများအဆုံး အလွှာပေါင်းစုံက လေးစားကြည်ညိုကြသည်။ သို့ရာတွင် အထက်တွင်ဆိုခဲ့သော ကွဲပြားသောအဓိပ္ပာယ်ဖွင့်ဆိုမှုများကြောင့် ဗုဒ္ဓမြတ်စွာအပေါ် သတ်မှတ်ထားသော ခေါင်းစီး သို့မဟုတ် အမှတ်တံဆိပ်သည်ကား အမျိုးမျိုးအဖုံဖုံ ကွဲပြားနေခဲ့သည်။

ဗြဟ္မဏများက ဇာတ်စနစ်အရ သူတို့ကိုယ်သူတို့ အမြင့်မြတ်ဆုံးဟူသော တံဆိပ်ကပ်ထားကြသည်။ အချို့ပညာရှင်များက ဗုဒ္ဓမြတ်စွာ၏ လောကအပေါ် အဓိပ္ပာယ်ဖွင့်ဆိုပုံကို သဘောမတူကြ။ ထို့ကြောင့် သူတို့က ဗုဒ္ဓမြတ်စွာကို ဘုရားတံဆိပ် မခတ်နှိပ်လိုကြ။ အချို့က အယူဝါဒရေးရာအရ ဗုဒ္ဓမြတ်စွာ၏ အမြင့်မြတ်ဆုံးဟူသော ခေါင်းစီးကို လက်မခံကြခြင်း ဖြစ်သည်။ အချို့ကတော့ အယူဝါဒရေးရာအရ ဗုဒ္ဓမြတ်စွာ မှန်ကြောင်း သိသည်။ သို့သော် မိမိတို့၏ လောဘ၊ ကျော်ဇောမှု၊ မနာလိုမှုစသောတရားများ နှလုံးသားတွင် ကိန်းနေသဖြင့် လက်မခံကြခြင်း ဖြစ်သည်။

တစ်နေ့သောအခါက ဗုဒ္ဓမြတ်စွာသည် ဆွမ်းခံကြွရင်း အဂ္ဂိကဘာရဒွါဇပုဏ္ဏားအိမ်ရှေ့သို့ ရောက်လာသည်။ သူသည် ဇာတ်စနစ်အရ သူ့ကိုယ်သူ အမြင့်မြတ်ဆုံးအလွှာထဲမှတစ်ယောက်ဟု ယုံကြည်နေသူဖြစ်သည်။ သူသည် ဗုဒ္ဓမြတ်စွာကို ကြည်ညိုသူ မဟုတ်။ လူအများ ပေးအပ်ထားသည့် “မြတ်စွာဘုရားရှင်”ဟူသောခေါင်းစီးကို သဘောမကျ။ အမြင်ကပ်နေသူတစ်ဦး ဖြစ်သည်။ သို့ဖြစ်၍ ဗုဒ္ဓမြတ်စွာက သူ့အိမ်ရှေ့သို့ ရောက်လာပြီး ဆွမ်းရပ်နေသောအခါ စိတ်တိုသွားသည်။ သူသည် စိတ်ဆိုးဆိုးဖြင့် “ဟေ့ ကတုံးစုတ် အဲဒီမှာ ရပ်နေစမ်း”ဆိုပြီး လှမ်းအော်သည်။ ဗုဒ္ဓမြတ်စွာက တုတ်တုတ်မျှ မလှုပ်။ သူ စိတ်ဆိုးလာသည်။ သို့ဖြင့် “ဟေ့ ရဟန်းယုတ် အဲဒီမှာ ရပ်နေစမ်း”ဟု အော်ပြန်သည်။ ဗုဒ္ဓမြတ်စွာထံမှ တုန့်ပြန်မှု မရသောအခါ “ဟေ့ လူယုတ်မာကြီး အဲဒီမှာ ရပ်နေစမ်း”ဟု လှမ်းဆဲလိုက်သည်။

ထိုအခါ ဗုဒ္ဓမြတ်စွာက စကားပြန်ပြောသည်။ “အို …. ပုဏ္ဏားကြီး …. သင်က ငါ့ကို လူယုတ်မာကြီးလို့ ခေါ်လိုက်တယ်နော်။ လူယုတ်မာဆိုတာ ဘာကို ပြောတာလဲ။ ဘာဖြစ်လို့ လူတစ်ယောက်ကို လူယုတ်မာလို့ ခေါ်ရသလဲဆိုတာကို သင်သိသလား”ဟု မေးသောအခါ သူက “အိုး …. လူယုတ်မာပါဆို လူယုတ်မာပေါ့”ဟု ဆိုသည်။ ထိုအခါ ဗုဒ္ဓမြတ်စွာက “အို ပုဏ္ဏားကြီး … လူယုတ်မာဆိုတာ ဘာလဲ၊ ဘာဖြစ်လို့ လူယုတ်မာလို့ ခေါ်ရသလဲဆိုတာတွေကို သင့်ကို ပြောပြမယ်”ဟု ဆိုကာ လူယုတ်မာအဓိပ္ပာယ်ဖွင့်ဆိုချက်များကို ထုတ်ဖော်ပေးခဲ့သည်။

“ပုဏ္ဏားကြီး … အောက်မှာ ငါ ပြောမယ့်အချက်တွေထဲက တစ်ခုခုနဲ့ ငြိနေရင် အဲဒီလူကို လူယုတ်မာလို့ သတ်မှတ်နိုင်တယ်”

၁။ အလွန်ဒေါသကြီး၊ ရန်ငြှိုးထားတတ်၊ ကျေးဇူးတရားနားမလည်၊ ကောက်ကျစ်တတ်သူ
၂။ လူစတဲ့ သတ္တဝါ၊ ငှက်စတဲ့ သတ္တဝါလေးများကို ညှဉ်းဆဲသတ်ဖြတ်တတ်သူ
၃။ မြို့ရွာတွေကို ဖျက်ဆီးတတ်သူ
၎။ ခိုးတတ်သူ
၅။ သူများဆီက အကြွေး ယူထားတယ်။ တစ်နေ့ကျတော့ အကြွေးလာတောင်းတယ်။ ရှိရဲ့သားနဲ့ မရှိဘူးလို့ ပြောတတ်သူ
၆။ လက်နက်အားကို ပြပြီး အနိုင်ကျင့်လုယူတတ်သူ၊ ဓားပြ
၇။ စည်းစိမ်ဥစ္စာကြောင့် လိမ်လည်မုသား ပြောတတ်သူ
၈။ ဆွေမျိုးတို့ရဲ့ မယား၊ သူငယ်ချင်းတို့ရဲ့ မယားကို သဘောတူလို့ဖြစ်စေ၊ မတူဘဲဖြစ်စေ လွန်ကျူးတတ်သူ
၉။ မိအိုဖအိုတို့ကို လုပ်ကျွေးနိုင်ပါလျက် မပြုစုမလုပ်ကျွေးသူ
၁ဝ။ မိဘ၊ ညီအစ်ကိုမောင်နှမ၊ ယောက္ခမ၊ ယောက္ခထီးတို့ကို ရိုက်တတ်သူ
၁၂။ လုပ်ထားတဲ့ မကောင်းမှုကို ဖုံးထားတတ်သူ
၁၃။ သူများတွေရဲ့ အိမ်ကို သွားတော့ အားရပါးရ စားခဲ့ပြီး ကိုယ့်အိမ်ကို လာလည်တော့ ရှိပေမဲ့ မကျွေးတတ်သူ
၁၄။ အိမ်ကို လာ(ကြွ)ခဲ့ပါ၊ ဘာလှူပါ့မယ်လို့ ပြောပြီး အိမ်လည်း ရောက်ရော “ဘယ်တုန်းက ပြောတာလဲ၊ ကျုပ်တော့ လှူမယ်လို့ ပြောခဲ့ပါဘူး”လို့ လိမ်ပြောတတ်သူ
၁၅။ ပါးစပ်က ပေးမယ်၊ လှူမယ် ပြောပြီး တကယ်မလှူတတ်သူ၊ စကားနဲ့ပဲလှူပြီး လက်နဲ့မလှူသူ
၁၆။ ပစ္စည်းဝတ္ထုကို ရှာပြီး မသူတော်စကားပြောတတ်သူ (ဒီအချက်ကို သေချာမရှင်းပါ။ အဖွင့်ကျမ်းတွေလည်း ကြည့်ဖို့ လက်လှမ်းမမီလို့ ဒီလို သာမန်ပဲ မှတ်တော်မူကြပါ။ သိသူရှိရင်လည်း ရှင်းပြပေးပါ)။
၁၇။ ကိုယ့်ကိုကျတော့ ချီးမွှမ်းဝါကြွားပြီး သူများကျရင်တော့ ကဲ့ရဲ့ရှုတ်ချတတ်သူ
၁၈။ သူများတွေ ရှိလို့၊ သဒ္ဓါပေါက်လို့ လှူနေတာကို ကြည့်ပြီး မနာလိုသူ၊ သူများပစ္စည်းနဲ့ နှမြောနေတတ်သူ
(ရွှေတိဂုံကြီးကွာ ရွှေတွေ အများကြီး။ ဒါတွေကို ဘာလုပ်လိုက်ရင် ဘာညာဆိုတာမျိုး နေမှာပေါ့)
၁၉။ ဘုရားစတဲ့ သူတော်ကောင်းတွေ၊ တရားကျင့်တဲ့ ရသေ့စသည်ကို စွပ်စွဲဆဲရေးသူ
၂ဝ။ ရဟန္တာမဟုတ်ဘဲ ရဟန္တာလို့ လိမ်ပြောသူ

“ပုဏ္ဏားကြီး … သင်တို့က နေရင်းထိုင်ရင်း ကိုယ့်ကိုကိုယ် မြင့်မြတ်သူလို့ ထင်နေကြတယ်။ ဒီမှာ ငါ ပြောမယ်။ အမျိုးဇာတ်ကြောင့်လည်း လူယုတ်မာ မဖြစ်နိုင်ဘူး။ အမျိုးဇာတ်ကြောင့်လည်း သူတော်ကောင်း မဖြစ်နိုင်ဘူး။ ကိုယ်လုပ်တဲ့အလုပ်ကြောင့်ပဲ လူယုတ်မာတို့ သူတော်ကောင်းတို့ဆိုတာ ဖြစ်လာရတာပဲ”။ ဗုဒ္ဓမြတ်စွာ၏ လူယုတ်မာဖွင့်ဆိုချက်ကို ပုဏ္ဏားကြီး သဘောကျသွားပြီး ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်သွားခဲ့သည်။

ဗုဒ္ဓမြတ်စွာ၏ လူယုတ်မာစစ်တမ်းကို ဖတ်ရှုပြီးသောအခါ မိမိကိုယ်ကို စစ်တမ်းထုတ်ကြည့်မိပြန်သည်။ “ငါ ဘယ်အချက်တွေနဲ့ ငြိနေသလဲ”။ စာဖတ်သူတို့ကိုလည်း မိမိကိုယ်ကို စစ်တမ်းထုတ်ကြည့်စေချင်သည်။

အမှန်အားဖြင့် ခေါင်းစီးတပ်ခြင်း၊ တံဆိပ်ကပ်ခြင်းသည် မိမိကိုယ်ကို ခေါင်းစီးတပ်ခြင်း၊ တံဆိပ်ကပ်ခြင်းနှင့် မိမိမှအခြားသူတို့ကို ခေါင်းစီးတပ်ခြင်း၊ တံဆိပ်ကပ်ခြင်းဟု နှစ်မျိုးရှိပါသည်။ ဗုဒ္ဓမြတ်စွာက ကိုယ့်ခေါင်းစီး သို့မဟုတ် ကိုယ့်အမှတ်တံဆိပ်ကို ပထမဦးစွာ စစ်တမ်းထုတ်ဖို့ ပြောသည်။ ကိုယ့်ခေါင်းစီး၊ ကိုယ့်အမှတ်တံဆိပ်ကို သိမှ အခြားသူများအပေါ် သဘာဝကျကျ တံဆိပ်ကပ်ပေးနိုင်မည်ဟု မီးမောင်းထိုးပြသည်။ သို့ရာတွင် အခြားသူများကို ခေါင်းစီးတပ်ခြင်း၊ တံဆိပ်ကပ်ခြင်းထက် ကိုယ့်ခေါင်းစီး၊ ကိုယ့်အမှတ်တံဆိပ်ကို အဓိကအာရုံပြုပြီး လူတိုင်းလူတိုင်း ကိုယ့်ဘဝကိုယ်ကို အရည်အသွေးမြှင့်တင်ဖို့ ဗုဒ္ဓမြတ်စွာက အားပေးသည်။

ဗုဒ္ဓမြတ်စွာ ညွှန်ပြခဲ့သည့် အဓိပ္ပာယ်ဖွင့်ဆိုမှုပေတံကို အသုံးပြုကြမည်။ ပြီးလျှင် ကိုယ့်ဘဝအမှတ်တံဆိပ်ကို အရည်အသွေးမြင့်အောင် ကြိုးစားကြမည်။ လောကသဘာဝအရ အခြားသူများကို တံဆိပ်ကပ်ဖို့ မဖြစ်မနေ လိုအပ်လာလျှင် ထိုအဓိပ္ပာယ်ဖွင့်ဆိုမှုပေတံကို အသုံးပြုကြမည်။ လောကကြီးလည်း ပဋိပက္ခများ လျော့နည်းလာမည်။ ငြိမ်းချမ်းပြီး ပျော်ရွှင်ဖွယ်ရာ လောကကြီးတစ်ခု ဖြစ်လာခဲ့လေသည်။

အရှင်ကုသလသာမိ(အတည်မဲ့)

နောက်ထပ် ဆစ်ကင်း

ဒလိုင်းလားမာ အတ္ထုပ္ပတ္တိဇာတ်ကားကို ကြည့်တုန်းက ဒလိုင်းလားမားကို မော်စီတုန်းက “Religion is poison -ဘာသာရေးဆိုတာ အဆိပ်”လို့ ပြောတဲ့စကားကို အမှတ်ရနေပါတယ်။ နောက်ပြီး “ဘာသာဆိုတာ ဘိန်းနဲ့တူတယ်”ဆိုတဲ့စကားလည်း ရှိပါတယ်။ ဘာသာရေးသမားတွေကတော့ ကန့်ကွက်ကြတာပဲ။ ဘယ်လိုပင် ကန့်ကွက်ကန့်ကွက် အနေအထားမကျရင် အဲဒီစကားတွေက မှန်နေတတ်ပြန်ပါတယ်။ နေရာတိုင်းကိုတော့ မဆိုလိုပါဘူး။ အနေအထားမကျရင်ဆိုတဲ့ စကားက ကျယ်ပြန့်ပါတယ်။

စာလေးတစ်ပုဒ် ဖတ်ဖူးတယ်။ ကျွန်းလေးတစ်ကျွန်းမှာ သူတို့ ယုံကြည်မှုနဲ့သူ အေးချမ်းပျော်ရွှင်နေတဲ့ လူမျိုးစုလေးတွေ ရှိတယ်။ နောက်ပိုင်းမှာ ကမ္ဘာ့ဘာသာကြီးတွေက စေတနာရှင်တွေအသွင်နဲ့ သာသနာပြု ရောက်သွားကြတယ်။ အေးချမ်းနေတဲ့ လူမျိုးစုလေးဟာ စိတ်ဝမ်းတွေ ကွဲကုန်တယ်။ အချင်းချင်း မညီညွတ်မှုတွေ ဖြစ်သွားတယ်။ နောက်ပိုင်းမှာ ဘာသာရေးပဋိပက္ခတွေ ဖြစ်ပြီး အေးချမ်းတဲ့ကျွန်းလေးဟာ မငြိမ်းမချမ်း အခြေအနေတွေကို ပိုင်ဆိုင်လိုက်ရတယ်။ ဒါကြောင့်ပဲ “ဘာသာရေးဆိုတာ ပေါက်ကွဲအားပြင်းထန်တဲ့ ဗုံးနဲ့တူတယ်”လို့ ဆိုကြပြန်တာ ဖြစ်ပေလိမ့်မယ်။

ရန်ကုန်၊ ပုလဲမြို့သစ်က လူမှုရေးအသင်းအဖွဲ့ လူငယ်တစ်ဦးက ပြောတယ်။ “ကမ္ဘာ့နိုင်ငံကြီးတွေက မြန်မာနိုင်ငံဟာ ဘာသာရေးလွတ်လပ်ခွင့် မရှိဘူး။ ဘာသာခြားတွေကို နှိပ်ကွပ်တယ်”လို့ ပြောရင် မခံချင်ပါဘူး။ မကျေနပ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဘာသာဝင်တိုင်းရဲ့ အထိမ်းအမှတ် ကျောင်းတွေဟာ ဥရောပနိုင်ငံအချို့မှာထက်ကို မြောက်မြားစွာ ဆောက်ခွင့်ပြုထားလို့ပါပဲ”တဲ့။

သူက ဆက်ပြောသေးတယ်။ “ဥရောပနိုင်ငံကြီးတွေ၊ တခြားမူစလင်နိုင်ငံတွေဟာ သူတို့ မြေပေါ်မှာ တရားဝင် ဗုဒ္ဓဘာသာကျောင်းတွေ ဘယ်နှစ်ကျောင်းများ ဆောက်ခွင့်ပြုပါသလဲ။ ဘာသာရေးအခမ်းအနားတွေကို ဘယ်လောက်ထိ လွတ်လပ်စွာ လုပ်ခွင့်ပြုပါသလဲ။ ကျွန်တော်က မလေးရှားမှာ အလုပ်လုပ်ဖူးတယ်။ ဗုဒ္ဓဘာသာတွေအပေါ်မှာ မူစလင်တွေ ဘယ်လို သဘောထားသလဲ။ ဒါကို နားလည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မလေးရှားဆိုတာ မူစလင်နိုင်ငံလေ။ မူစလင်နိုင်ငံဖြစ်လို့ မူစလင်ဘာသာကို ဦးစားပေးတယ်။ ဘာမှ ပြောစရာ မရှိပါဘူး။ သူတို့ကို မူစလင်ဘာသာကိုတော့ ဦးစားပေးမယ်။ ဗုဒ္ဓဘာသာကို ဦးစားမပေးဘူး၊ ခရစ်ယာန်ဘာသာကို ဦးစားမပေးဘူးလို့ ဘယ်တော့မှ ဝေဖန်မိမှာ မဟုတ်ပါဘူး”လို့ အားရပါးရ ပြောနေပါတယ်။

ဟုတ်ပါတယ်။ တစ်နိုင်ငံလုံး မူစလင်ဖြစ်နေတဲ့ နိုင်ငံမှာ တစ်ခြားဘာသာတစ်ခုခုက ၀င်ရောက်ဆွဲဆောင် သိမ်းသွင်းနေပြီဆိုရင် ဒေသခံ မူစလင်တွေ စိတ်ဆင်းရဲတော့မယ်။ ဒါ ထုံးစံပဲ။ ခရစ်ယာန်ကြီးစိုးတဲ့ နိုင်ငံမှာလည်း ထို့အတူပဲပေါ့။ “ဒါ ဒီမိုကရေစီခေတ်ကွ၊ လူတိုင်းလူတိုင်းဟာ လွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့်ရှိတယ်”လို့ ဆိုပြီး အကုန်လိုက်ရမ်းနေရင်တော့ ဒါ နည်းလမ်းမကျသေးဘူးလို့ ထင်ပါတယ်။

ဒီမိုကရေစီဆိုတာ အချင်းချင်း လေးစားတန်ဖိုးထားစိတ်အပေါ်မှာ အခြေတည်မှ ဒီမိုကရေစီ စစ်တာပါ။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဗရမ်းဗတာ(လွတ်လွတ်လပ်လပ်) တိုက်ခိုက်နေကြတာဟာ ဒီမိုကရေစီ မဟုတ်ပါဘူး။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ တန်ဖိုးထားစိတ်နဲ့ အချင်းချင်းနားလည်မှုထားပြီး လုပ်ဆောင်ကြမှသာ ဒီမိုကရေစီ ဖြစ်တာပါ။ လူသားရဲ့ လွတ်လပ်ခွင့်ကို အကြောင်းပြပြီး ဗရမ်းဗတာ ပြော၊ ဗရမ်းဗတာ လုပ်လို့ မရပါဘူး။ အခြေအနေနဲ့ အချိန်အခါကိုလည်း ကြည့်ရပါအုံးမယ်။ “လူပျိုပဲကွ၊ အပျိုကို ရည်းစားစကားပြောတာ ဘာဖြစ်လဲ”ဆိုပြီး အခြေအနေနဲ့ အချိန်အခါကို မကြည့်ဘဲ လိုက်ပြောနေလို့ မရပါဘူး။

ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ မိမိတို့ ယဉ်ကျေးမှုနဲ့ အမျိုးသားရေးလက္ခဏာဆိုတာတွေကို ဝေဖန်သုံးသပ်နိုင်ဖို့အတွက် ဘူတန်နိုင်ငံက ဘာသာကူးပြောင်းမှု တားဆီးဆန့်ကျင်ရေးဥပဒေ (Anti-Conversion Law) ထုတ်ပြန်ပြဋ္ဌာန်းချိန်က အဖြစ်အပျက်လေးများကို မီးမောင်းထိုးပြောပြချင်ပါတယ်။ အဲဒီအဖြစ်အပျက်လေးတွေကို ဖတ်တဲ့အခါတိုင်း မိမိတို့ မြန်မာနိုင်ငံက အခြေအနေများနဲ့ စိတ်ကူးထဲမှာ နှိုင်းယှဉ်သုံးသပ်သွားဖို့ မေတ္တာရပ်ခံပါရစေ။

ဘာသာကူးပြောင်းမှုဥပဒေ ထွက်လာတာနဲ့ ခရစ်ယာန်သာသနာပြုတွေက မီဒီယာမျိုးစုံကို သုံးပြီးတော့ “ဘူတန်တွေဟာ ခရစ်ယာန်တွေကို နှိမ်နေပါတယ်။ ဘူတန်ယဉ်ကျေးမှုဆိုတာကလည်း ရှေးဦး မယဉ်ကျေးမီခေတ်က ပုံစံတွေလို ဖြစ်နေတယ်၊ ဒါကြောင့် သူတို့အနေနဲ့ လူယဉ်ကျေးတွေ ဖြစ်အောင် သာသနာပြုရပါတယ်”စသဖြင့် ဘာသာကူးပြောင်းမှုဥပဒေကို ကန့်ကွက်ရေးသားပြီး ဖိအားပေးကြတယ်။

ဘူတန်ကတော့ သူ့အကြောင်းပြချက်နဲ့သူ ထုတ်ပြန်လိုက်တာပါ။ အစိုးရရဲ့ ဒီအကြောင်းပြချက်တွေဟာ မူမမှန်တဲ့အကြောင်းပြချက်တွေဖြစ်ကြောင်း၊ ခရစ်ယာန်တွေကို နှိပ်ကွပ်နေကြောင်း စသဖြင့် ကမ္ဘာ့မီဒီယာတွေကို သုံးပြီး ခရစ်ယာန်တွေက ဝေဖန်ကြပြန်ပါတယ်။

ဥပဒေရဲ့ ဆိုလိုချက်အပြည့်အစုံကတော့ “ဘူတန်နိုင်ငံ၏ ပြစ်မှုဆိုင်ရာဥပဒေ၊ အပိုဒ် ၄၆၃ အရ တစ်စုံတစ်ယောက်ဟာ တစ်စုံတစ်ယောက်ကို ဘာသာရေးအရ ဆွဲဆောင်သိမ်းသွင်းခြင်း သို့မဟုတ် သိမ်းသွင်းသည့်ပုံစံတစ်မျိုးမျိုးဖြင့် ဘာသာတစ်ခုမှ ဘာသာတစ်ခုသို့ ပြောင်းလဲအောင် အားထုတ်လျှင် ဘာသာရေးဆွဲဆောင်သိမ်းသွင်းမှု အပြစ်ဒဏ်သက်ရောက်စေရမည်”လို့ ဖြစ်ပါတယ်။

မြို့တော် သင်းဘူး (Thimphu)က အမည်မဖော်လိုတဲ့ သင်းအုပ်ဆရာတစ်ဦးက “ဒီ ဘာသာကူးပြောင်းမှုဆန့်ကျင်ရေး ဥပဒေက အတည်ပြုလုနီးနီး ဖြစ်နေပါပြီ၊ ဒါပေမယ့် အခုချိန်မှာ လက်တွေ့အကောင်အထည်ဖော်မှုတော့ မရှိသေးပါဘူး၊ ဒီဥပဒေက ခရစ်ယာန်ဘာသာဝင် တိုးပွားမှုကို ဦးတည်တိုက်ခိုက်တာ ဖြစ်ပုံရပါတယ်”ဟု ဝေဖန်ပါတယ်။ ဒီလေသံကို လိုက်ပြီးတော့ ကမ္ဘာ့မီဒီယာတွေကလည်း ဘူတန်ဗုဒ္ဓဘာသာတွေဟာ ရက်စက်ကြောင်း၊ ဘာသာခြားများအပေါ် အကြမ်းဖက်ကြောင်း စသဖြင့် သံပြိုင်ဖိအားပေးကြပါတယ်။

ဘူတန်၊ ပါလီမန်တစ်ယောက်ဖြစ်တဲ့ ကွင်လေးရှာရင်း (Kuenlay Tshering)ကတော့ “ဒီဥပဒေဟာ ဘူတန်ဘုရင့်နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံဥပဒေနဲ့ ကိုက်ညီတယ်၊ ဖွဲ့စည်းပုံဥပဒေမှာ - ဘူတန်နိုင်ငံသားတိုင်းဟာ လွတ်လပ်စွာတွေးခေါ်ခွင့်၊ ဘာသာရေးလွတ်လပ်ခွင့် ရှိပါတယ်၊ ဘယ်သူကမှ ဘာသာရေးဆွဲဆောင်သိမ်းသွင်းမှုနည်းနဲ့ အခြားဘာသာအတွင်းကို မသွတ်သွင်းစေရ-လို့ ပါရှိပါတယ်”လို့ ကမ္ဘာ့မီဒီယာတွေကို တုန့်ပြန်ပါတယ်။ ဒါပေမဲ့ အားလုံးသိကြတဲ့အတိုင်း ကမ္ဘာ့မီဒီယာဆိုတာလည်း အင်အားကြီးသူနောက်ပဲ လိုက်တတ်တာဆိုတော့ ဘူတန်အစိုးရရဲ့တုန့်ပြန်သံတွေကတော့ ကျယ်ပြန့်မှု မရှိလှပါဘူး။ “နိုင်ငံတော်က ဒီဥပဒေကို ဖောက်ဖျက်သူကို သုံးနှစ်ထက်လျော့နည်းတဲ့ ထောင်ဒဏ်အပြစ်ပေးနိုင်တဲ့ အသေးအဖွဲကိစ္စတစ်ရပ်အနေနဲ့ပဲ သုံးသပ်ထားပါတယ်”လို့လည်း ကွင်းလေးရှာရင်းက ဆိုပါတယ်။

“ဒီလို ဥပဒေမျိုးကို အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာလည်း ပြဋ္ဌာန်းထားတာပဲ။ ဒါပေမဲ့ သူတို့ကတော့ ဘာသာရေးသိမ်းသွင်းမှုဆိုတဲ့ဝေါဟာရကို မရေမရာလုပ်ထားပြီး ခရစ်ယာန်တွေကို ခြိမ်းခြောက်ဖို့အတွက် မှားယွင်းစွာ အသုံးပြုနေကြပါတယ်၊ ဒါကို ကျွန်တော်တို့ သတိထားပါတယ်၊ ကျွန်တော်တို့ကတော့ အဲဒီလို မဖြစ်စေရပါဘူး”လို့လည်း ဖြည့်စွက်ပြောကြားပါတယ်။

ဘူတန်နိုင်ငံဟာ လူဦးရေ ၆၈၃၄၀၇ ရှိတဲ့အနက် ၇၅ ရာခိုင်နှုန်းက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေက နိုင်ငံရဲ့ အနောက်ဘက်နဲ့ အရှေ့ဘက်ခြမ်းတွေမှာ အဓိက နေကြပါတယ်။ နီပေါလ်လူမျိုးစုဝင်တွေဖြစ်တဲ့ ခန့်မှန်းခြေ ၂၂ ရာခိုင်နှုန်းလောက်ရှိတဲ့ ဟိန္ဒူဘာသာဝင်တွေကတော့ နိုင်ငံရဲ့ တောင်ပိုင်းဒေသတွေမှာ နေထိုင်ကြပါတယ်။ ခရစ်ယာန်တွေကတော့ ၆၀၀၀-လောက်သာ ရှိပါတယ်။ အများစုကတော့ နီပေါလ်လူမျိုးစုတွေ ဖြစ်ပါတယ်။ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနဲ့ တရားဝင်စာသင်ကျောင်းတော့ မရှိပါဘူး။ သမ္မာကျမ်းစာကိုတော့ ဘူတန်ဘာသာစကားနဲ့ နီပေါလ်ဘာသာစကားတွေနဲ့ ဘာသာပြန်ထားတာ ရှိပါတယ်။ ဘူတန်ဖွဲ့စည်းပုံဥပဒေက ဘာသာရေးလွတ်လပ်ခွင့်ကို အာမခံပေးထားပေမဲ့ အစိုးရကတော့ ခရစ်ယာန်တွေရှိနေတာကို တရားဝင် အသိအမှတ် မပြုပါဘူး။

ဘူတန်နိုင်ငံရဲ့ တရားဝင်ဝက်ဘဆိုက်မှာ “မဟာယာန်ဗုဒ္ဓဘာသာရဲ့ ဂိုဏ်းကွဲတစ်ခုဖြစ်တဲ့ ဒရုပ်ပ ကတ်ဂျူးဂိုဏ်း (Drukpa Kagyue school)ဟာ နိုင်ငံတော်ဘာသာ ဖြစ်ပါတယ်။ တောင်ပိုင်းကတော့ ဟိန္ဒူဘာသာလွှမ်းမိုးမှု ရှိပါတယ်။ နိုင်ငံရဲ့ အချို့ဒေသတွေမှာတော့ သေလွန်သူကို ကိုးကွယ်မှု၊ တိရစ္ဆာန်ကိုးကွယ်မှုနဲ့ နတ်ကိုးကွယ်မှု အကြွင်းအကျန်တွေ တည်ရှိနေဆဲ ဖြစ်ပါတယ်”လို့ တွေ့ရပါတယ်။

ခရစ်ယာန်ဘာသာနဲ့ပတ်သက်တာကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။
“ဘူတန်နိုင်ငံဟာ နှစ်ပေါင်း ၁၀၀-ကျော်သက်တမ်းရှိတဲ့ ဘုရင်စနစ်ကို ကျင့်သုံးဆဲ ဖြစ်ပါတယ်။ ၂၀၀၈-ခုနှစ်၊ ပထမဦးဆုံး ရွေးကောက်ပွဲအပြီးမှာ ဒီမိုကရေစီနိုင်ငံ ဖြစ်လာခဲ့တယ်။ အဲဒီအချိန်ကစပြီး ဘူတန်ဟာ ဘာသာရေးလွတ်လပ်ခွင့်အပါအ၀င် ကိစ္စရပ်များစွာကို လွတ်လွတ်လပ်လပ် လုပ်ဆောင်လာခဲ့ကြတယ်။ ဒါဆိုရင် နောက်ထပ် ဘာသာရေးတွေ ဘာဖြစ်လို့ လိုအပ်နေအုံးမလဲ”လို့ ပြည်ထဲရေးနဲ့ယဉ်ကျေးမှုဝန်ကြီး ဒေါ်ဂျိက ပြောပါတယ်။

“ဘူတန်ဟာ ခရစ်ယာန်ဘာသာတင် မဟုတ်ပါဘူး၊ ဘယ်ဘာသာရေးယုံကြည်မှုတွေနဲ့မှ ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ ခင်ဗျားတို့ သိထားရမှာက ဘူတန်ဆိုတာ လူဦးရေ ၆၀၀၀၀၀ ကျော်လောက်သာ ရှိတဲ့ နိုင်ငံသေးသေးလေးတစ်ခုပါ။ ကျွန်တော်တို့ အများစုဟာ ဗုဒ္ဓဘာသာတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ ဟိန္ဒူရှိတယ်၊ ခရစ်ယာန်ရှိတယ်။ ကဲ… ဒါဆိုရင် ကျွန်တော်တို့ နောက်ထပ်ဘာသာရေးတွေ ထပ်ပြီး လိုသေးလို့လား”လို့လည်း ဆက်ပြောသွားပါတယ်။

ဘူတန်နိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေးအခြေအနေအရပ်ရပ်ဟာ ဗုဒ္ဓဘာသာနဲ့ နီးနီးကပ်ကပ် ဆက်သွယ်မှု ရှိနေပါတယ်။ ဒေါ်ဂျိဦးဆောင်တဲ့ ပြည်ထဲရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနက မြို့တော် သင်းဘူးမှာ ရှိပ်ချိုဇောင်း (Tashichho Dzong)လို့ ကျော်ကြားတဲ့ ဧရာမဘုန်းတော်ကြီးကျောင်းအတွက် ၀င်ရောက်လုပ်ကိုင်ပေးပါသေးတယ်။

“ဗုဒ္ဓဘာသာဟာ ဘူတန်ပြည်သူတွေကို အတူတကွ ရှင်သန်စေပြီး ညီညွတ်စေပါတယ်။ ဘူတန်လူမျိုးတွေရဲ့ လူမှုဘ၀ဟာ ဇောင်းဘုန်းတော်ကြီးကျောင်းမှာ ဗဟိုပြုနေပါတယ်”လို့ ဒေါ်ဂျိက ရှင်းပြပါတယ်။

“ခင်ဗျားတို့ အိန္ဒိယကို ကြည့်လိုက်ပါ၊ ဘာသာရေးပေါင်းစုံပူးတွဲနေတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် တင်းမာမှုတွေ၊ သွေးချောင်းစီးမှုတွေ မကြာခဏ ဖြစ်နေတာကို တွေ့ပါလိမ့်မယ်။ ဘူတန်ကို အဲဒီလို မဖြစ်စေချင်ပါဘူး။ ကျွန်တော်တို့ဟာ အိန္ဒိယနဲ့ တရုတ်ဆိုတဲ့ နိုင်ငံကြီးနှစ်ခုကြားမှာ ရပ်တည်နေရတာပါ။ ဘူတန်လူမျိုးတွေဟာ ဘယ်တုန်းကမှ ကိုလိုနီနိုင်ငံ မဖြစ်ခဲ့ပါဘူး။ အဲဒီအတွက် ကျွန်တော်တို့ ဂုဏ်ယူပါတယ်။ ဘူတန်ဆိုတာ သမိုင်းကြောင်းအရ သူ့ အသက်ရှင်ရပ်တည်ရေးအတွက်သာ စိတ်ဝင်စားပါတယ်။ ဘူတန်လူမျိုးတွေဟာ စစ်တိုက်ဖို့ထက် သူတို့ရဲ့ ထူးခြားတဲ့ ယဉ်ကျေးမှုနဲ့ အချုပ်အခြာအာဏာကိုသာ မက်မောကြပါတယ်”လို့လည်း ရှင်းပြပါတယ်။

၂၀၀၈-ခုနှစ်မှာ ထုတ်ပြန်တဲ့ အခြေခံဥပဒေကလည်း ဘူတန်နိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ကာကွယ်ဖို့နဲ့ ဗုဒ္ဓဘာသာဟာ နိုင်ငံတော်ရဲ့ အမွေအနှစ်တစ်ခုဖြစ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။ ဘူတန်နိုင်ငံဟာ သူတို့ဘာသာစကား၊ သူတို့ရိုးရာဝတ်စုံတွေကိုပဲ အသုံးပြု၊ ၀တ်ဆင်ကြဖို့ တင်းတင်းကျပ်ကျပ် စည်းကမ်းသက်မှတ်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်ရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ တိုးတက်ပြန့်ပွားစေဖို့ ဖြစ်ပါတယ်။ ဘူတန် အမျိုးသားတွေဟာ သူတို့အလုပ်သွားတဲ့အခါ သို့မဟုတ် လူထုအစုအဝေးတွေကို သွားတဲ့အခါတွေမှာ ဂို (Gho) လို့ခေါ်တဲ့ ဒူးထိရှည်တဲ့ ၀တ်ရုံကြီးကို ၀တ်ရပါတယ်။ ပြီးရင် ခါးမှာ အ၀တ်စနဲ့လုပ်တဲ့ ခါးပတ်စီးရပါတယ်။ အမျိုးသမီးတွေကတော့ ကိရာ (kira)လို့ ခေါ်တဲ့ ပုခုံးတစ်ဖက်ပေါ် ခြေချင်းဝတ်ထိရှည်တဲ့ ခါးမှာခါးပတ်ပတ်ထားရတဲ့ ၀တ်ရုံကြီးကို ၀တ်ရပါတယ်။ မလိုက်နာသူတွေကို ဒဏ်ငွေဆောင်ရခြင်း သို့မဟုတ် ထောင်ဒဏ်အပြစ်ပေး ခံရနိုင်ပါတယ်။

အမည်မဖော်လိုတဲ့ အစိုးရ အရာရှိတစ်ဦးက “ခင်ဗျားတို့ ကြည့်လေ၊ တိဗက်ကို တရုတ်တွေက သူတို့ပြည်နယ် လုပ်ပစ်တယ်၊ ဆစ်ကင်းနိုင်ငံကို အိန္ဒိယက သူတို့ပြည်နယ် လုပ်ပစ်တယ်။ ဒီတော့ ဒီနိုင်ငံကြီး နှစ်နိုင်ငံထဲက ဘယ်နိုင်ငံက ကျုပ်တို့ကို သိမ်းသွားမလဲ။ ဒီကိစ္စကို ဘူတန်ပြည်သူတိုင်းက စိုးရိမ်နေကြတာပါ”လို့ ပြောပါတယ်။

“ခင်ဗျားတို့ သိတဲ့အတိုင်းပဲ၊ ဆစ်ကင်းနိုင်ငံဆိုတာ အိန္ဒိယရဲ့ အရှေ့မြောက်ခြမ်းမှာ တည်ရှိတာပါ။ အခုတော့ အိန္ဒိယရဲ့ ပြည်နယ်တစ်ခုပေါ့။ တကယ်တော့ ဆစ်ကင်းဆိုတာ ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံတစ်ခုလေ။ ဗုဒ္ဓဘာသာနိုင်ငံတစ်ခုလေ။ အဓိကလူမျိုးတွေက ဘောတိယနဲ့ လက်ပ်ချားလူမျိုးတွေ။ နောက်ပိုင်း နီပေါလ်တွေက ၀င်လာတယ်။ သူတို့က ဟိန္ဒူဘာသာဝင်တွေ ဖြစ်တယ်။ နောက်ပိုင်းမှာ ဒေသခံလူမျိုးတွေထက် နီပေါလ်တွေက အင်အားသာသွားတယ်။ ၁၉၇၅-ခုနှစ်၊ ဆန္ဒခံယူပွဲအရ ဆစ်ကင်းကို အိန္ဒိယရဲ့ ပြည်နယ်တစ်ခုအဖြစ် သက်မှတ်လိုက်ကြတယ်။ ဆစ်ကင်းရဲ့ ၇၅-ရာခိုင်နှုန်းသော ပြည်သူတွေဟာ နီပေါလ်တွေပါ။ သူတို့တွေဟာ အိန္ဒိယနဲ့ မပေါင်းချင်ပါဘူးလို့ မဲပေးခဲ့ကြတာပါ။ ဒီမိုကရေစီဆိုတာ မဲများတာကို ကိုယ်စားပြုတယ်ဆို။ ကဲ….. ဘာလဲ ဒီမိုကရေစီဆိုတာ….”လို့လည်း ဆက်ရင်ဖွင့်ပါတယ်။

ဆစ်ကင်းနိုင်ငံလေးရဲ့ အဖြစ်အပျက်တွေက ဘူတန်ကို အိန္ဒိယပြည်နယ်မဖြစ်စေဖို့ သတိပေးနေပါတယ်။ ယနေ့ ရခိုင်ဒေသနဲ့မြန်မာပြည်အနှံ့အပြားမှာ ဗုဒ္ဓဘာသာဝင်တွေ စိုးရိမ်နေတဲ့အချက်ဟာ ဘူတန်တွေ စိုးရိမ်နေပုံနဲ့ သိပ်တူနေပါတယ်။ ပြီးခဲ့တဲ့ “မျိုးစောင့်ဥပဒေနှင့်လူ့အခွင့်အရေး”ဆောင်းပါးမှာလည်း စာရေးသူ တင်ပြခဲ့ဖူးပါတယ်။ ရခိုင်ပြည်နယ်ရဲ့ အချို့ဒေသတွေဟာ ကနဦးက ရခိုင်လူမျိုးတွေက ဒေသခံတွေပါ။ နောက်ပိုင်းမှာ တစ်ဖက်နိုင်ငံက ဘင်္ဂါလီလူမျိုးများ ဝင်ရောက်လာခဲ့တယ်။ ရခိုင်လူမျိုးက အနည်းစု ဖြစ်သွားတဲ့အထိပဲ။ ဒါက နယ်စပ်ဒေသအခြေအနေပဲ ရှိသေးတယ်။

မြန်မာနိုင်ငံရဲ့ အချို့ဒေသတွေမှာလည်း လူဦးရေတိုးပွားမှုနဲ့၎င်းတို့ရဲ့ လွှမ်းမိုးမှုက သိသိသာသာ ဖြစ်လာနေခဲ့တယ်။ ဒီလို ခိုင်မာတဲ့အချက်အလက်တွေကြောင့် ဆရာတော်သံဃာတော်များနဲ့ မိမိကိုယ်ကို တာဝန်ရှိတယ်လို့ နားလည်တဲ့ ဗုဒ္ဓဘာသာတွေက အသိပေးလုပ်ဆောင်လာကြတာ ဖြစ်ပါတယ်။

ဘူတန်နိုင်ငံ တာဝန်ရှိသူတွေ ပြောတဲ့စကားတွေကို ကြည့်ပြီး စာရေးသူတော့ အားငယ်မိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မိမိတို့နိုင်ငံတာဝန်ရှိသူတွေကတော့ ဟိုလက်ညှိုးထိုး ဒီလက်ညှိုးထိုးနဲ့ ဘာမှ ထိထိရောက်ရောက် ပြောဆိုလုပ်ကိုင်ပေးမယ့်အလားအလာ မတွေ့ရလို့ပါပဲ။

“၁၉၈၀-နှစ်များတုန်းက ဘူတန်ဘုရင်ဟာ နိုင်ငံရဲ့အချုပ်အခြာအာဏာတည်မြဲရေးနဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ဖို့အတွက် “နိုင်ငံတစ်ခု လူမျိုးတစ်မျိုး အစီအစဉ် (one-nation-one-people campaign)”ကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ ဒီအစီအစဉ်က တော်လှန်တဲ့ နီပေါလ်လူမျိုးတွေကို မျက်နှာသာ မပေးခဲ့ပါဘူး။ တော်လှန်တဲ့ နီပေါလ်တွေနဲ့ အာဏာပိုင်တွေဟာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြတယ်။

“တကယ်တော့ ဒီနီပေါလ်လူမျိုးတွေဟာ သူတို့ဆန္ဒအလျောက် ကျွန်တော်တို့ ဘူတန်နယ်မြေထဲကို ကျူးကျော်ဝင်လာပြီး နေထိုင်နေကြတာ ဖြစ်တယ်။ ကျွန်တော်တို့နယ်မြေကို တစ်နည်းတစ်ဖုံ ကျူးကျော်နေထိုင်နေကြတာပဲ။ ဘယ်ဘူတန်လူမျိုးကမှ လာပါ လာကြပါလို့ ဖိတ်ခေါ်ထားတာ မဟုတ်ပါဘူး။ သူတို့က လူဦးရေ ၁-သိန်းခန့် ရှိတယ်။ သူတို့ကို တိုင်းပြည်ကနေ နှင်ထုတ်ခဲ့ကြရပါတယ်”လို့လည်း ဆိုပါတယ်။

အစိုးရဟာ တော်လှန်သူတွေအပေါ် ဘာကြောင့် မငဲ့ညှာရသလဲဆိုတဲ့ မေးခွန်းအပေါ်မှာ “ကျွန်တော်တို့ ဘူတန်ဟာ နောက်ထပ် ဆစ်ကင်းပြည်နယ် မဖြစ်ချင်ပါဘူး”လို့ ရိုးရိုးရှင်းရှင်းလေးပဲ ဖြေပါတယ်။ စာရေးသူတို့လည်း “ကဲ ခင်များတို့ရော နောက်ထပ် ဆစ်ကင်းပြည်နယ် ဖြစ်ချင်ကြပါသလား”လို့ တာဝန်ရှိသူများကို မေးရမလို ဖြစ်နေပြီ။

အရှင်ကုသလသာမိ(အတည်မဲ့)

Ref: Buddhist Bhutan Proposes ‘Anti-Conversion’ Law by Vishal Arora
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails