Friday, December 19, 2014

စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၈)


ယခင်အပတ်မှ အဆက် ....

(၃၅)

သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ဖို့အတွက် ပူပန်လျှင် ပူပန်စရာရှိသော်လည်း စားဝတ်နေရေးအတွက်ကား အနည်းငယ်မျှ ပူပန်စရာမရှိပါ။ ကျန်းမာရေးမကောင်းလို့ ဆေးမကုသနိုင်မှာလည်း ပူစရာမရှိပါ။

စားဖို့ ပူစရာမလို၊ နေဖို့ပူစရာမလို၊ ဆေးကုဖို့ ပူစရာမလိုသော သူတို့ဘဝများကို မြင်ယောင်ကြည့်လိုက်တိုင်း ဝမ်းနည်းဝမ်းသာဖြစ်ရသည်။ ဝမ်းသာခြင်းက သူတို့တွေ အဆင်ပြေနေခြင်းကြောင့်ဖြစ်သည်။ ဝမ်းနည်းခြင်းက အမိမြန်မာပြည်က ပြည်သူများကို သတိတရ မြင်ယောင်မိသောကြောင့် ဖြစ်သည်။

နေဖို့လည်း ရုန်းကန်ရ၊ စားဖို့လည်း ရုန်းကန်ရ၊ တစ်သက်လုံး တစ်နေကုန် တစ်နေခမ်း ကြိုးစားလုပ်ကိုင်သော်လည်း ဝမ်းက မဝ၊ ခါးက မလှ။ တစ်စုံတစ်ရာ ကျန်းမာရေး ချွတ်ယွင်းပါက ဘဝပျက်ရ။ ဆေးကုစရာမရှိလို့ သေရသည့်ဝေဒနာရှင်များက ဒုနဲ့ဒေး။ ရွှေပြည်ကြီးသားများအတွက် ဘဝအာမခံချက်က အဘယ်မှာနည်း။ ဒီကြားထဲ မြတ်ဗုဒ္ဓတရားကို သေချာစွာ သဘောမပေါက်ထားသူအချို့က "ကံပေါ့"ဟု ပြောလာသောစကားအောက်တွင် လမ်းစက စုန်းစုန်းပျောက်ကွယ်သွားသဖြင့် ဗုဒ္ဓဘာသာပင် မျက်နှာပျက်ရကိန်းကြုံရသည်လည်း ရှိသည်။
သူတို့နိုင်ငံများတွင် ပုံမှန်အလုပ်လုပ်ပြီး ပုံမှန်အခွန်ဆောင်ထားသောနိုင်ငံသားများအနေဖြင့် ဘဝကို စိတ်အေးချမ်းသာစွာ နေထိုင်သွားနိုင်ကြသည်။

အလုပ်မလုပ်နိုင်လောက်အောင် မသန်စွမ်းဖြစ်သွားလို့လည်း ပူစရာ မရှိပါ။ အစိုးရက တစ်သက်လုံး ထောက်ပံ့ကူညီသွားမည်။ အနည်းဆုံး ဆေးရုံတွင် ခွဲစိတ်ကုသဖူးသောသူများတွင် အေးအေးသက်သာနေမည်ဆိုက နေနိုင်စရာ အခွင့်အလမ်းများ ရှိသည်။

သူတို့ဆီတွင် Handicap ခေါ် မသန်စွမ်းသူများ၊ ဆေးရုံတွင် ခွဲစိတ်ကုသခံဖူးသူများ၊ အမြင်အာရုံအားနည်းသူများအတွက် အထူးအစီအစဉ်များ ရှိသည်။ ရထားလက်မှတ် အခမဲ့ စီးခွင့်ပြုခြင်း၊ ပြတိုက်, ပန်းခြံ, စာကြည့်တိုက် စသည်တို့တွင် အခမဲ့ဝင်ရောက်ခွင့်ပေးခြင်း၊ အလုပ်မလုပ်ဘဲ အစိုးရမှ ထောက်ပံ့ကြေးပေးထားခြင်း (အလုပ်မလုပ်ချင်သူ ငပျင်းများ၊ ဘိန်းစားများ၊ အရက်သမားများလည်း ထောက်ပံ့သော်လည်း Handicap များက အထူးအခွင့်အရေးရှိသည်) စသည်တို့ကို အစိုးရက ပြုလုပ်ဆောင်ရွက်ပေးသည်။

ခွဲစိတ်ခံလူနာများအတွက် ဆေးရုံမှ ဆင်းလာရသော် အိမ်အထိ သူနာပြုတစ်ဦးကို စေလွှတ်စောင့်ရှောက်ပေးလေ့ရှိသည်။
မျက်စိမမြင်သူအတွက် သူနှင့်သင့်လျော်သော အထောက်အကူပြု ကိရိယာပစ္စည်းများ၊ လက်မသန်စွမ်းလျှင် လက်နှင့်ဆိုင်ရာ၊ ခြေထောက်မသန်စွမ်းလျှင် ခြေထောက်နှင့်ဆိုင်ရာ … စသဖြင့် အစစအရာရာ အဆင်ပြေအောင် စီမံဖန်တီးထားကြလေသည်။ ခန္ဓာကိုယ် မသန်စွမ်းသူတစ်ဦးသည် ဝှီးချဲဖြင့် ရထားပေါ်၊ ဘတ်စ်ကားပေါ် အကူအညီမပါဘဲ တက်နိုင်ဆင်းနိုင်သည်။ ဝှီးချဲဖြင့် ရှော့ပင်းထွက်နိုင်သည်။ ဝှီးချဲဖြင့် ပန်းခြံသွားလည်နိုင်သည်။

ဘူတာများ၊ ဘတ်စ်ကားဂိတ်များနှင့် မြို့တွင်း ပလက်ဖောင်းများ၊ မီးပွိုင့်များကအစ မျက်မမြင်များ တုတ်ကလေးထောက်ပြီး သွားနိုင်အောင် အမှတ်အသားလေးများ လုပ်ပေးထားသည်။ ပလက်ဖောင်းများကလည်း တွန်းလှည်းများ အလွယ်တကူ သွားနိုင်အောင် စီစဉ်ပေးထားသည်။ မသန်စွမ်းသူများအတွက် အဆင်ပြေအောင် သန့်စင်ခန်းကိုလည်း သီးသန့်လုပ်ပေးထားတတ်သည်။
ဒိန်းမတ်၊ နော်ဝေ၊ ဂျာမနီ၊ ဆွီဒင်၊ ဟော်လန်၊ ဘယ်ဂျီယံ စသောနိုင်ငံများတွင် အလုပ်မလုပ်လည်း လခ ရသည်။ သို့ဆိုလျှင် လူပျင်းများအတွက် အကွက်ကောင်းဆိုက်သည်ဟု ဆိုနိုင်စရာရှိသည်။

လူပျင်းများ ရေသာခိုမရအောင်လည်း အစိုးရက ပါးပါးနပ်နပ် လုပ်ထားသည်ကို တွေ့ရသည်။ အလုပ်မရှိလျှင် သို့မဟုတ် အလုပ်လက်မဲ့ဖြစ်သွားလျှင် အစိုးရက ၃ နှစ်အထိတော့ (တစ်နိုင်ငံနှင့်တစ်နိုင်ငံ အနည်းငယ်တော့ ကွဲပြားသည်) လခပေးသည်။

တစ်ဦးလျှင် ခရိုနာ ၈/၉ ထောင်ခန့် ရရှိသည်။ အိမ်ထောင်ရှိလျှင် ၂ သောင်းခန့်ရသည်။ ကလေးရှိလျှင် ကလေးတစ်ဦးအတွက် ၃ လကို ၄၂ဝဝ ခန့် ထောက်ပံ့ပေးသည်။ အမေရိကန်ဒေါ်လာ ၄ ထောင်ခန့် ထောက်ပံ့ပေးနေခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။

ထိုအတောအတွင်း သက်ဆိုင်ရာ အစိုးရရုံးက အလုပ်ရှာခိုင်းနေသည်။ “ကျွန်တော် အလုပ်ရှာနေတာပဲ၊ မတွေ့လို့ပါ”ဟု လွယ်လွယ်ပြော၍ မရပါ။ အဘယ့်ကြောင့်ဆိုသော် မည်သည့်ဆိုင်တွင်၊ ကုမ္ပဏီတွင် အလုပ်လျှောက်ခဲ့ကြောင်း၊ လက်မခံကြောင်း စသည်တို့ကို အလုပ်လျှောက်ရာအလုပ်ရှင်ထံမှ စာရွက်စာတမ်းများကို ပြရခြင်းကြောင့် ဖြစ်သည်။

အကယ်၍ အလုပ်လျှောက်တာလည်း မှန်သည်၊ အလုပ်မရတာလည်း မှန်နေလျှင် “ကဲ မင်း ရှာလို့ မရရင် ငါတို့ ရှာပေးမယ်”ဟုဆိုကာ သင့်တော်ရာ အလုပ်တစ်ခုကို ရှာပေးသည်။ ဤနည်းဖြင့် ရေသာခိုသူများအတွက် နည်းလမ်းများကို စီစဉ်ထားကြလေသည်။

မည်သို့ပင်ဖြစ်စေ လူတစ်ယောက် အလုပ်ပြုတ်သွားလျှင် သက်ဆိုင်ရာ အလုပ်သမားအာမခံကြေးဖြင့် အခြေအနေပျက်မသွားနိုင်ခြင်း၊ အလုပ်သမားအာမခံကြွေး မရတော့လျှင်လည်း အစိုးရက ပုံမှန်နေထိုင်စားသောက်ဖို့အတွက် ထောက်ပံ့ကြေးငွေ ပေးထားခြင်းတို့မှာ ရွှေပြည်ကြီးသားတို့အတွက် အံ့သြစရာပင် ဖြစ်ချေသည်။

ဂျာမန်လူမျိုးတစ်ဦးက အစိုးရ၏ အလုပ်လက်မဲ့ကိစ္စကို ရှင်းပြစဉ်က “ဒါဆိုရင် အလုပ်မလုပ်ဘဲ သက်မှတ်ကာလအတွင်း အေးဆေးသက်သာနေသူတွေ အများကြီး ဖြစ်နေမှာပေါ့”ဟု ပြောဖူးသည်။ ထိုအခါ “တို့ဂျာမန်တွေက အလုပ်မလုပ်ဘဲ စားရမှာ၊ အလုပ်မလုပ်ဘဲ အစိုးရအထောက်အပံ့ယူရမှာကို အရမ်းရှက်ကြတယ်”ဟု ဆိုသည်။ အခြားအခြားသောဥရောပသားများလည်း ထိုစိတ်ဓာတ်မျိုး အများစုမှာ ရှိကြသည်ဟု ဆိုကြသည်။ လေးစားဖွယ် ကောင်းလေစွ။

အစိုးရက ထောက်ပံ့ပေးသောငွေဟူသည်မှာ ပြည်သူများ ပေးထားရသော ဘတ်ဂျက်များ ဖြစ်သည်။ အများပိုင်ငွေ ဖြစ်သည်။ အများပိုင်ငွေကို မိမိက အလုပ်မလုပ်ဘဲ ယူနေခြင်းမှာ မသင့်တော်ဟု ယူဆခြင်းသည် နိုင်ငံသားတစ်ဦး၏ တာဝန်သိမှု၊ တာဝန်ယူမှုကို ဖော်ပြနေခြင်းဟု ဆိုနိုင်ပါလိမ့်မည်။

(၃၆)

စာရေးသူကတော့ မြတ်စွာဘုရားရှင်၏ ဟိရိ၊ သြတ္တပ္ပတရား နှစ်ပါးနှင့် ချိန်ထိုးကြည့်မိပါသည်။ မြန်မာဗုဒ္ဓဘာသာဝင်များ၏ နားလည်မှုတွင် ဟိရိ၊ သြတ္တပ္ပဆိုသောအသံကြားသည်နှင့် အဝတ်အစားများကိုသာ မြင်နေခြင်းမှာ ဝမ်းနည်းဖွယ်ကောင်းသည်။ အမှန်အားဖြင့် ဟိရိ၊ သြတ္တပ္ပဟူသည် လောကပါလ(လူ့လောကကို စောင့်ရှောက်သောတရား)ဆိုသည့်အတိုင်း လူ့ဂုဏ်သိက္ခာကို ထိန်းညှိပေးသောတရားနှစ်ပါး ဖြစ်သည်။ မလုပ်သင့် မလုပ်ထိုက်သောအရာများကို လုပ်ရမှာ ရှက်ခြင်း၊ ကြောက်ခြင်း ဖြစ်သည်။

တိုက်ပုံပုဆိုး လှပစွာ ဝတ်ဆင်ပြီး ရွှေတိဂုံပေါ် တက်၊ ဘုရားဝတ်ပြုနေသော လူကြီးနှင့် ယောဂီလုံချည်ကို ကျက်သရေရှိရှိ ဝတ်ဆင်ကာ ရွှေတိဂုံပေါ် ဘုရားဝတ်ပြုနေသော အမျိုးသမီးဖြစ်သည်ဆိုတိုင်း ဟိရိ၊ သြတ္တပ္ပတရား ရှိသည်ဟု မဆိုနိုင်ပါ။

မိမိယူထားသော တာဝန်ကို သိပါသလား၊ မိမိပြုသောအမှုကိစ္စများအပေါ် တာဝန်ယူမှု ရှိပါသလား။ မိဘတာဝန်၊ သားသမီးတာဝန်၊ ဆရာ့တာဝန်၊ အစိုးရတာဝန်၊ နိုင်ငံသားတာဝန်၊ စစ်သားတာဝန် စသဖြင့် မိမိဆိုင်ရာ တာဝန်များကို မသိခြင်း၊ တာဝန်မဲ့ခြင်း၊ တာဝန်ယူမှုမရှိခြင်းသည် ဟိရိသြတ္တပ္ပတရား ကင်းမဲ့ခြင်း ဖြစ်သည်။

မြန်မာဆန်ဆန်ဝတ်စားတတ်ခြင်းနှင့် ဟိရိသြတ္တပ္ပတရားကို ယှဉ်တွဲဖော်ပြခြင်း သို့မဟုတ် တွဲဖက်နားလည်နေကြခြင်းမှာ စိတ်ပျက်စရာပင် ကောင်းလှသည်။ ဟိရိသြတ္တပ္ပတရားနှင့်ပြည့်စုံသော မြတ်စွာဘုရားလက်ထက် အမျိုးသမီးများမှာ ချက်ပေါ်၊ ဗိုက်ပေါ်များသာ ဖြစ်ပါသည်။ အမျိုးသားများလည်း ပုဆိုးနှင့်တိုက်ပုံ၊ ယောဂီထမီအင်္ကျီများ မဝတ်ကြပါ။ မြန်မာ့ယဉ်ကျေးမှုကို မထိမ်းသိမ်းရဟု မဆိုလိုပါ။

ဟိရိ၊ သြတ္တပ္ပ၏ အဓိပ္ပာယ်သက်ရောက်မှုမှာ မြန်မာဆန်ဆန်ဝတ်ခြင်းဟူသောအဓိပ္ပာယ်ကို အနည်းငယ်မျှ မဆောင်ကြောင်း ဖော်ပြလိုရင်း ဖြစ်သည်။ မြန်မာဆန်ဆန်ဝတ်ခြင်းနှင့် ဟိရိ၊ သြတ္တပ္ပ အနည်းငယ်မျှ မဆိုင်ပါ။

ဝတ်စားဆင်ယင်မှုနှင့်လူနေမှုပုံစံများသည် အမျိုးမျိုး ကွဲပြားနေမည်သာ ဖြစ်သည်။
ရထား၊ ဘတ်စ်ကားခိုးစီးရမှာ ရှက်ခြင်း၊ အချောင်ခိုစားရမှာ ရှက်ခြင်း၊ အများပြည်သူ အပန်းဖြေရာ သို့မဟုတ် အများပြည်သူများ သွားလာရာတွင် အမှိုက်ပစ်ရမှာ ရှက်ခြင်း၊ ညစ်ပတ်အောင် လုပ်ရမှာ ရှက်ခြင်း၊
နိုင်ငံသားတစ်ယောက် တာဝန် မကျေပွန်မှာ ရှက်ခြင်း၊ သမ္မတတာဝန် မကျေပွန်မှာ ရှက်ခြင်း၊ ဝန်ကြီးတာဝန် မကျေပွန်မှာ ရှက်ခြင်း၊
အများပိုင်ပစ္စည်းကို ငါပိုင် ပြုလုပ်ရမှာ ရှက်ခြင်း၊ ပြည်သူအားလုံးပိုင်ဆိုင်သော ပြည်သူ့ဘဏ္ဍာကို ကိုယ်ကျိုးအဖြစ် အသုံးပြုရမှာ ရှက်ခြင်း၊ ပြည်သူအားလုံးနှင့်ဆိုင်သော သယံဇာတများကို တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် ရယူရမှာ ရှက်ခြင်း …
စာရေးသူကတော့ အထက်ပါ ရှက်ခြင်းများကို ဟိရိသြတ္တပ္ပဟူသော လောကအကျိုးစီးပွားကို ဖြစ်ထွန်းစေသော လောကပါလတရားများဟု ဖွင့်ဆိုပါသည်။

သူတို့သည် ဟိရိသြတ္တပ္ပတရားကို ထိန်းသိမ်းစောင့်ရှောက်ကြသည်။ ထို့ကြောင့် သူတို့တိုင်းပြည်များ ငြိမ်းချမ်းကြသည်။ သာယာကြသည်။ တိုးတက်ကြသည်။
တစ်တိုင်းပြည်လုံး ပျော်ရွှင်ကြသည်။ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံကြသည်။ ရာဇဝတ်မှုများ နည်းပါးကြသည်။ အကြမ်းဖက်မှုများ နည်းပါးကြသည်။ ဟိရိသြတ္တပ္ပတရားနှင့်အညီ တာဝန်သိမှု၊ တာဝန်ယူမှုများဖြင့် တာဝန်ကိုယ်စီ ထမ်းဆောင်ကြခြင်း၏ ရလဒ်များ ဖြစ်သည်။

(၃၇)

စာရေးသူတို့ မြန်မာပြည်ကရော … ။ တာဝန်လည်း သိပုံ မရကြ။ တာဝန်မသိသဖြင့် တာဝန်ယူမှုလည်း မရှိသလောက်။ တရားစီရင်ရေးမဏ္ဍိုင် …။ လျော့တိလျော့ရဲ။ အဂတိလိုက်စားမှုတွေက တင်းပြည့်ကျပ်ပြည့်။ အုပ်ချုပ်ရေးမဏ္ဍိုင် …။ ချမ်းသာဆင်းရဲ၊ အကောင်ကြီးအကောင်လေး ခွဲခြားခံနေရဆဲ။ ဥပဒေပြုရေး …။ ကိုယ်ကျိုးစီးပွား ကာကွယ်မှုတွေက ခိုင်မာနေဆဲ။ ………… ကဲ ဘယ်က စမည်နည်း။ အမယ်ဘုတ်ရဲ့ သူ့ချည်ခင်လို့ ဆိုချင်ဆို၊ ဂျာအေးကို သူ့အမေရိုက်လို့ ဆိုချင်ဆို။ “တရားဥပဒေ စိုးမိုးမှုမရှိဘဲ တိုင်းပြည်က ရှေ့ဆက်၍ မရနိုင်ပါ”ဟူသောသဘောတရား ကျယ်ပြန့်စေချင်ပါဘိ။

တရားမျှတသော၊ ပြည်သူပြည်သားအားလုံးတို့၏ အကျိုးစီးပွားကို ရှေးရှုသော ဥပဒေတစ်ရပ် မပေါ်ပေါက်သေးသရွေ့ မည်သည့်တိုင်းပြည်မှ မငြိမ်းချမ်းနိုင်ပါ။

တိုင်းသူပြည်သားများကို ကျောသားရင်သား မခွဲခြားဘဲ၊ အာဏာရှိ,အာဏာမဲ့ မခွဲခြားဘဲ၊ ဆင်းရဲသား,ချမ်းသာသူ မခွဲခြားဘဲ အပြစ်နှင့်ထိုက်တန်စွာ တရားစီရင်ခြင်းများ မရှိသေးသရွေ့ “သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု … သုခီ အတ္တာနံ ပရိဟရန္တု”ကို တစ်ထိုင်တည်း အကြိမ်တစ်သန်းရွတ်လည်း ကိုယ်စိတ်နှစ်ပါး မငြိမ်းချမ်းပါ၊ မချမ်းသာပါ။ ထို့ထက်ပိုရွတ်လည်း ရွတ်သူကတော့ သမာဓိရပြီး ငြိမ်းချမ်းချင် ငြိမ်းချမ်းမည်၊ တိုင်းပြည်ကတော့ ဘာမှ ထူးလာမည် မဟုတ်ပါ။

............................
..................................
ဆက်လက်ဖော်ပြပါမည်
............................
အရှင်ကုသလသာမိ (အတည်မဲ့)
၂၂၊ ၁ဝ၊ ၂ဝ၁၄

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails