Saturday, December 13, 2014

စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၇)


ကားပါ့ကင်းမှ ကားကလေးက ငြိမ့်ခနဲ ထွက်သွားသည်။ စိတ်ထဲမှ “ကြည့်စမ်းကွာ … အကဲခတ်စမ်းကွာ … ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံကြီး”ဟု ပြောနေမိသည်။
“ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံ” “ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံ” “ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံ” “ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံ”။ ပဲ့တင်ထပ်နေသည်။ အားကျပါဘိကွယ်။ ကမ္ဘာ့အငြိမ်းချမ်းဆုံး နိုင်ငံတဲ့။ ဂုဏ်ရှိလိုက်ပါဘိ၊ တို့လည်း တို့နိုင်ငံကို ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံလို့ ကြွေးကြော်ချင်လိုက်တာ။
ခေါင်းထဲမှာ အတွေးပေါင်းစုံက တရစပ် ဝင်လာနေသည်။ စာတွေထဲမှာ မြန်မာဆိုတာ ဘာ၊ မြန်မာလူမျိုးဆိုတာ ဘယ်လို စသဖြင့် ဂုဏ်တင်ရေးနေ ရေးနေ၊ ပါးစပ်ကနေ ဘယ်လို အမျိုးမြတ်တာတွေ ဘာတွေ ညာတွေ အော်နေအော်နေ … တကယ်ဆုံးဖြတ်တာက လုပ်ရပ်တွေကိုပါ။
လုပ်ရပ်များ၊ ထိုလုပ်ရပ်များမှ ဖြစ်ပေါ်လာသော အကျိုးတရားများက အကောင်းဘက်မှာ ရှိမနေလျှင် ကြွေးကြော်သံဟူသည် ရှက်စရာတစ်မျိုးသာ ဖြစ်နေပါလိမ့်မည်။
ရာဇဝတ်မှုများ၊ အဓမ္မမှုများ၊ အနိုင်ကျင့်မှုများ၊ အဂတိလိုက်စားမှုများ လျော့နည်းသထက် လျော့နည်းလာမည်၊ တရားဥပဒေစိုးမိုးမှုများ အားကောင်းသထက် အားကောင်းလာမည်၊ ရာဇဝတ်မှုများ နည်းပါးပြီး တိကျခိုင်မာသော တရားဥပဒေအောက်မှာ ရှိနေပြီဆိုလျှင် ကြွေးကြော်နေစရာပင် လိုမည်မဟုတ်၊ အလိုအလျောက် မြန်မာကို ချီးကျူးလာပေလိမ့်မည်။ လက်တွေ့ဘဝများ မငြိမ်းချမ်းဘဲ မည်မျှပင် ကြွေးကြော်နေပါစေ … မည်သူမျှ အထင်ကြီးလေးစားလိမ့်မည် မဟုတ်ပါ။ ကြွေးကြော်နေခြင်းများကို လျှော့ပြီး လက်တွေ့လုပ်ပြကြဖို့ လိုအပ်ပါသည်။
(၃၂)
ဒိန်းမတ်နိုင်ငံသည် လူဦးရေအားဖြင့် ၅ သန်းကျော်မျှသာ ရှိသည်။ ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံများစာရင်းတွင် Global Peace Index ၏ စစ်တမ်းအရ နံပါတ် ၁ စာရင်းဝင်သည်။
ရာဇဝတ်မှုများ၊ အကြမ်းဖက်မှုများ၊ စစ်ပွဲများ စသည်များ နည်းပါးမှု၊ များပြားမှုအပေါ်အခြေခံ၍ စစ်တမ်းကောက်ယူထားခြင်း ဖြစ်သည်။
စကန်ဒီနေဗီးယားတိုင်းပြည်များအနက် ဒိန်းမတ်က နံပါတ် ၁ စာရင်းဝင်သလို နော်ဝေက နံပါတ် ၂ နှင့် ဆွီဒင်က နံပါတ် ၅ စာရင်းဝင်သည်။
ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံများ ထိပ်ဆုံး ၁ဝ နိုင်ငံတွင် အာရှမှ စင်္ကာပူ (နံပါတ် ၃) နှင့် ဂျပန် (နံပါတ် ၁ဝ) သာ ပါဝင်သည်။ အစဉ်အားဖြင့် ဒိန်းမတ်၊ နော်ဝေ၊ စင်္ကာပူ၊ စလိုဗေနီးယား၊ ဆွီဒင်၊ အိုက်စလန်၊ ဘယ်ဂျီယံ၊ ချက်နှင့်ဂျပန်နိုင်ငံတို့ ဖြစ်သည်။
“တို့မြန်မာ ဒီလို အငြိမ်းချမ်းဆုံးနိုင်ငံများစာရင်းထဲ ဘယ်တော့များ ဝင်ရောက်နိုင်ပါ့မလဲ”။ မေးခွန်းလေးကို ကိုယ့်ကိုယ်ကို မေးပြီး ဝမ်းနည်းမိပါသည်။
အမေရိကလို ရုပ်ဝတ္ထုများ အလျှံပယ် ကြွယ်ဝဖို့ ဆုမတောင်းပါ။ တရားဥပဒေစိုးမိုးပြီး အေးအတူ ပူအမျှ ဝါဒဖြူစင်တဲ့မြေဖြစ်ဖို့သာ ဆုတောင်းပါသည်။ တရားဥပဒေမစိုးမိုးဘဲ၊ ရာဇဝတ်မှုများ လျှော့နည်းမလာဘဲ၊ အကြမ်းဖက်မှုများ မပပျောက်ဘဲ “ဗုဒ္ဓဘာသာထွန်းကားတဲ့ တို့တိုင်းပြည်”လို့ မကြွေးကြော်ရဲပါ။ နေရင်းထိုင်ရင်း ငြိမ်းချမ်းမှုကိုသာ အားပေးသော ဗုဒ္ဓဝါဒပါ နာမည်ပျက်နေမှာ စိုးပါသည်။
“ဗုဒ္ဓဘာသာဝင်များပီပီ ငါတို့တွေ တိုင်းပြည်ကို ငြိမ်းချမ်းစေရအောင်၊ ဗုဒ္ဓဘာသာဖြစ်လို့ ကိုယ့်ကိုယ်ကို ဂုဏ်ယူနေကြသူများပီပီ ငါတို့တွေ ဗုဒ္ဓဘာသာဂုဏ်တက်အောင် လုပ်ကြရအောင်လေ” … ရင်ထဲမှာ တိုးတိုးလေး တိုက်တွန်းနေမိသည်။ ရင်ထဲမှာ ပဲ့တင်ထပ်လောက်အောင် အော်နေပေမယ့် အသံတော့ ထွက်မလာခဲ့ပါ။
(၃၃)
ကားလေးက အဝေးပြေးလမ်းမပေါ်တွင် ငြိမ့်ခနဲ ငြိမ့်ခနဲ ပြေးနေသည်။ ကိုစိုးစိုးမောင်ကလည်း ဒိန်းမတ်အတွေ့အကြုံများကို ရှင်းပြသည်။
ကိုစိုးစိုးမောင်တို့ မိသားစုမှာ ဗုဒ္ဓဘာသာဝင်များ မဟုတ်ကြပါ။ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသည်။ သို့သော်လည်း မိမိကဲ့သို့ ဗုဒ္ဓဘာသာသံဃာတစ်ပါးကို တရိုတသေ တလေးတစား ပြောဆိုဆက်ဆံသည်။
ဗုဒ္ဓဘာသာမိသားစုများနှင့်လည်း တရင်းတနှီး ရှိလှသည်။ ကားလေးက ရွှေညဝါဆရာတော်တို့ရှိရာ အောလ်ဘော့မြို့နားက မြို့ငယ်တစ်ခုသို့ သွားနေခြင်း ဖြစ်သည်။
“ဒကာကြီး အခု ဘာအလုပ်လုပ်သလဲ”။
“တပည့်တော် အလုပ်နားထားတယ်ဘုရား”။
“အော် ဟုတ်လား၊ ဒါဆို အလုပ်မလုပ်ဘဲ ဘယ်လို ရပ်တည်သလဲဗျ”။
“ဒီနိုင်ငံမှာ ၁ နှစ်ခွဲကျော်လောက် အလုပ်လုပ်ပြီးရင် ၂ နှစ်လောက် အလုပ်မလုပ်ဘဲ လခရတယ်ဘုရား”။
“ဗျာ … ဟုတ်ကော ဟုတ်ရဲ့လားဗျာ”။
“ဟုတ်တယ်ဘုရား … ဒါတောင် တစ်ယောက်တည်းသမားဆို တစ်မျိုး၊ လင်မယားဆိုရင် တစ်မျိုးဘုရား၊ တပည့်တော်က မိန်းမနဲ့ဆိုတော့ ခရိုနာ ၂ သောင်းရတယ်၊ ကလေးအတွက်က ၃ လကို ၄၂ဝဝ ရတယ်ဘုရား၊ … ဒိထက် အံ့သြစရာတွေက အများကြီးရှိသေးတယ်ဘုရား”။
ကိုယ့်နားကိုပင် မယုံနိုင်။ ရသည့်လခကလည်း မဝရေစာ မဟုတ်။ နေစရာ၊ စားစရာ၊ ပညာသင်ကြားဖို့အတွက် လုံလောက်သောပမာဏဖြစ်သည်။ ကျောင်းတက်ရင်၊ သင်တန်းတက်လျှင် အပိုပိုက်ဆံက ထပ်ရဦးမည်။
(၃၄)
စာရေးသူသည် နိုင်ငံရေးအကြောင်း နားမလည်သော်လည်း နားလည်သလောက် တင်ပြချင်သည်။ ဒိန်းမတ်သည် ဒီမိုကရေစီစစ်စစ်ကို ကျင့်သုံးသည့်နိုင်ငံ မဟုတ်၊ Social Democracy စနစ်ကို ကျင့်သုံးသည့်နိုင်ငံဖြစ်သည်။ တိုင်းပြည်၏ကြွယ်ဝမှုကို တိုင်းသူပြည်သားများနှင့် တိုင်းပြည်အတွင်း တရားဥပဒေနှင့်အညီ ရွှေ့ပြောင်းလာသူများကို ကူညီထောက်ပံ့ပေးသည်။
တိုင်းသူပြည်သားများ၏ ကိုယ်ကျန်းမာရေးနှင့် စိတ်ချမ်းသာရေးကို အဓိကမူအဖြစ်ထားရှိပြီး အစိုးရမူဝါဒကို ကျင့်သုံးသည်။ ဒိန်းမတ်တွင် အစိုးရအကြီးအကဲများသည် တာဝန်အရ အကြီးအကဲရာထူးများ ယူထားသော်လည်း သာမန်ပြည်သူများနှင့် ဘာမျှ မထူးခြား။ အကြီးအကဲဖြစ်ခြင်းနှင့် အခွင့်ထူးခံအဖြစ် ရောက်မသွားပေ။
သာမန်ပြည်သူများနှင့်မခြား မိမိဆိုင်ရာတာဝန်များကို ထမ်းဆောင်နေကြခြင်းသာ ဖြစ်သည်။
နိုင်ငံကို အဓိကစိုးမိုးခြယ်လှယ်နေသူတစ်ဦးတော့ ရှိသည်။ သူ့စကားကိုသာ နားထောင်ဖို့ လိုသည်။ သူ့လမ်းညွှန်ချက်အတိုင်း လိုက်လုပ်ဖို့ လိုအပ်သည်။ လူတိုင်း လွတ်လပ်စွာ ဆောင်ရွက်ခွင့်၊ ပြောဆိုခွင့်၊ ရေးသားခွင့်ရှိသည်။
သို့သော် သူ့လက်အောက်တွင်သာ ဖြစ်သည်။ လူတိုင်းက သူ့ကို မလွန်ဆန်ရဲကြ။ ငယ်ငယ်ကတည်းက မိသားစုအတွင်း၊ ကျောင်းအတွင်း၌ သူ့စကားကို လိုက်နာဖို့ကိုသာ သင်ပေးသည်။ သူဟူသည်မှာ “တရားဥပဒေ”ဖြစ်သည်။
သူတို့နိုင်ငံများတွင် တရားဥပဒေသည်သာ အမိ၊ တရားဥပဒေသည်သာ အဖဖြစ်သည်။ တရားဥပဒေသည်သာ နိုင်ငံ၏ တိုးတက်မှု၊ ဆုတ်ယုတ်မှု၊ တည်ငြိမ်အေးချမ်းမှုကို ဖန်တီးပေးနေသောအရာဖြစ်သည်။ တရားဥပဒေသည် ထာဝရဘုရားထက် ပိုတန်ခိုးကြီးလေသည်။
တရားဥပဒေလက်အောက်တွင် ဉာဏ်ကြီးရှင်များ၊ စီးပွားရေးအကွက်မြင်သူများအတွက် ချမ်းသာကြွယ်ဝသော လုပ်ငန်းရှင်ကြီးဖြစ်အောင် ကြိုးစားနိုင်သည်။ သို့ရာတွင် ချမ်းသာကြွယ်ဝမှုအလိုက် နိုင်ငံတော်ကို အခွန်ပေးဆောင်ရသည်။ နိုင်ငံသားအားလုံး အခွန်ကို စနစ်တကျ ပေးဆောင်ရသည်။ အစိုးရအနေဖြင့် တိုင်းပြည်က ပေးဆောင်လာသောအခွန်များကို (မိမိတို့နှင့်ထိုက်တန်သော လခမှအပ) အလွဲသုံးစား ပြုလုပ်ခြင်း မရှိ။ ကိုယ်ကျိုးအတွက် အသုံးပြုခြင်း မရှိ။
ရရှိလာသောအခွန်ငွေများကို ပြည်သူများ အဆင်ပြေရေး၊ ကာယသုခ၊ စိတ္တသုခနှင့် ပြည့်စုံရေးကိုသာ ရှေးရှုတွေးတောကာ ဆောင်ရွက်ကြရသည်။
အစိုးရသည် ပြည်သူ့ကျွန်၊ ပြည်သူ့အခိုင်းအစေများပီပီ ပြည်သူ့မျက်နှာရဖို့ လိုအပ်သည်။ ပြည်သူ့မျက်နှာမရလျှင် သူတို့ ကျရှုံးမည် ဖြစ်သည်။ ပြည်သူသာ အမိ၊ အဖဖြစ်ရုံမက ပြည်သူသည် အစိုးရ၏ အရှင်သခင်များပင် ဖြစ်လေသည်။
ရရှိလာသောအခွန်များကို အလွဲသုံးစား ပြုလုပ်လျှင် သို့မဟုတ် ပွင့်လင်းမြင်သာမှုမရှိလျှင် ပြည်သူ့အမျက်ဒဏ်ကို ခံရမည်ဖြစ်သည်။
(၃၅)
သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ဖို့အတွက် ပူပန်လျှင် ပူပန်စရာရှိသော်လည်း စားဝတ်နေရေးအတွက်ကား အနည်းငယ်မျှ ပူပန်စရာမရှိပါ။ ကျန်းမာရေးမကောင်းလို့ ဆေးမကုသနိုင်မှာလည်း ပူစရာမရှိပါ။
.........................................
ဆက်လက်ဖော်ပြပါမည်
..........................................
အရှင်ကုသလသာမိ (အတည်မဲ့)
၁၆၊ ၁ဝ၊ ၂ဝ၁၄

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails