Dictionary/အဘိဓာန်

Blogspot Dictionary

Blogspot Dictionary

Tuesday, December 2, 2014

စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၆)


အကြိတ်အနယ် ထိုးကြကြိတ်ကြသော လက်ဝှေ့ပွဲ၊ ခက်ခက်ခဲခဲ ယှဉ်ပြိုင်နေကြသော ဘောလုံးပွဲများ ကြည့်ရလျှင် လူအများ သဘောကျတတ်သလို ကြုံတွေ့ခဲ့သောဘဝအတွေ့အကြုံများအရ အခက်အခဲများသည် ဘဝအားအင်များကို ညှစ်ထုတ်ပေးသောကိရိယာများဖြစ်သည်ဟုပင် ဆိုချင်လာတတ်ခဲ့လေသည်။
(၂၇)
“ကဲ ငါ ရှေ့ဘူတာမှာ ဆင်းတော့မယ်၊ ငါက ဗုဒ္ဓဘာသာဆိုတော့ ပြောရဦးမယ်၊ ဗုဒ္ဓဘာသာအရ လူတစ်ဦးနဲ့တစ်ဦး တွေ့ဆုံခြင်းဟာ ရှေးဘဝတွေက ဆွေမျိုးတော်ခဲ့ဖူးလို့ တွေ့ကြတာ၊ အခု တို့အခုလို တွေ့တာလည်း ရှေးက အကြောင်းတရားတစ်ခုကြောင့် တွေ့ရတာ၊ မင်းနဲ့ တစ်ညတာ တွေ့ဆုံစကားပြောခွင့်ရတာ ကျေးဇူးတင်ပါတယ်၊ ကံ မကုန်သေးဘူးဆိုရင်တော့ ပြန်ဆုံကြသေးတာပေါ့”ဟု နှုတ်ဆက်လိုက်သည်။
သူကလည်း ဆွစ်ဇာလန်ရောက်ရင် သူ့ဆီကို ဆက်သွယ်ဖို့ နေအိမ်လိပ်စာကို ပေးလိုက်သည်။ ဓာတ်ပုံအတူရိုက်ကြသည်။ မိုးကလေးက ဖွဲနေသည်။ လေကလေးများလည်း တိုက်နေသည်။
ရထားလမ်းဘေးမှာ ဆောင်းမရောက်ခင် လူးလူးလွင့်လွင့် ဖူးပွင့်နေကြသော ရောင်စုံပန်းလေးများကိုလည်း တွေ့လိုက်ရသည်။
(၂၈)
ကိုးလ်ဒင်း (Kolding)ဘူတာ ရောက်ပြီ။ မိုးရွာလို့လား မသိ၊ ကိုးလ်ဒင်းက ကိုးလ်(အေး)ပါသည်။ ဂျာမနီက ရွာဘူတာလောက်သာရှိမည်။ အောလ်ဘော့သို့ သွားမည့်ရထားများ ရှိမလားဟု ဆိုက်မည့်ရထားများကို ရေးထားသော LCD များကို လိုက်ကြည့်သည်။ တစ်စီးမှ မတွေ့။ မိုးက ရွာ၊ လေက တိုက်တော့ ပါးပြင်နှင့်နားရွက်များ အေးစက်လာသည်။ ဘူတာထဲမှာလည်း လူက အနည်းငယ်သာ ရှိသည်။
စီးကရက်သောက်သူက သောက်၊ ကော်ဖီခွက်လေးများကိုယ်စီကိုင်လျက် ကော်ဖီသောက်သူက သောက်။ အချို့စုံတွဲများကလည်း တစ်လောကလုံး သူတို့နှစ်ယောက်တည်းသာ ရှိသည့်နှယ် ကလူ၏သို့ မြူ၏သို့။
ဘူတာအတွင်း နီးစပ်ရာလူများကို မေးကြည့်သည်။ ရေရေရာရာ မည်သူမျှ မသိကြ။ သို့နှင့် မြေအောက်မှနေ၍ ဘူတာရုံထဲသို့ ဝင်လိုက်သည်။ စတိုးဆိုင်သာ ရှိသည်။
“အင်ဖော်မေးရှင်းကောင်တာ ဘယ်နားမှာလဲ”ဟု လူငယ်တစ်ဦးကို မေးလိုက်သည်။ စောသေးသဖြင့် မဖွင့်သေးဟု ဆိုသည်။
သူက “ဘယ်ကို သွားချင်တာလဲ”ဟု မေးသည်။ အောလ်ဘော့ကို သွားချင်တာဖြစ်ကြောင်း ပြောပြတော့၊ အနီးဆုံးခရီးကို ပြောပြမည်ဖြစ်ကြောင်း၊ ဖရက်ဒဲရီစီယာ(Fredaricia)ဘူတာသို့ နောက် ၅ မိနစ်မှာ ရထားလာမည်။ ထိုရထားကို စီးပြီး ဖရက်ဒဲရီစီယာဘူတာတွင် ဆင်းရမည်။ ထိုမှတစ်ဆင့် အောလ်ဘော့မြို့သို့သွားမည့်ရထားကို စီးရမည်ဖြစ်ကြောင်း ပြောပြသည်။
သို့နှင့် ဖရက်ဒဲရီစီယာရထားပေါ် တက်လိုက်သည်။ ၁၅ မိနစ်ခန့်ကြာသည့်အခါ ဖရက်ဒဲရီစီယာဘူတာသို့ ရောက်သည်။
ဘူတာတွင် အောလ်ဘော့သို့သွားမည့်ရထားကို လိုက်ရှာရပြန်သည်။
အောလ်ဘော့သွားမည့် ရထားကတော့ LCD မှာ တွေ့ပါပြီ။ တွေ့မည့်တွေ့တော့ နှစ်စီး။ မည်သည့်ရထားကို တက်ရမည်နည်း။ တစ်စီးက နာရီဝက်စောင့်ရမည်။ တစ်စီးက ၄၅ မိနစ်စောင့်ရမည်။ အစောဆုံးရထားကို တက်စီးလိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။
(၂၉)
အအေးဓာတ်က ပိုလာသည်နှင့် ဘူတာအတွင်းရှိ ဘေးဘက်လေးတန် မှန်ဖြင့် ကာထားသော နားနေခန်းသို့ သွားပြီး အိတ်ကိုဖွင့်ကာ ဆွယ်တာကို ထုတ်ဝတ်လိုက်သည်။ အထူးသဖြင့် ဆောင်းတွင်း နှင်းများ ဖွေးဖွေးလှုပ်အောင် ကျလာချိန်ရောက်လျှင် နားနေဖို့ ပြုလုပ်ထားသောအခန်းလေးဖြစ်သည်။
ခဏကြာသောအခါ အမျိုးသမီးကြီးတစ်ဦး ဝင်လာသည်။ စောင်လိုလို ဘာလိုလို နီညိုရောင်အဝတ်ကြီးကို ဟိုလိပ်ဒီလိပ်၊ ဟိုထိုးထည့်ဒီထိုးထည့်ကာ ဝတ်ထားသော ဖတ်ရှင်အသစ်အဆန်းကို မမြင်ဖူး၍လောမသိ၊ ပြုံးစိစိဖြင့် ကြည့်နေသည်။ ပြန်ပြုံးပြလိုက်သည်။ အချို့က စာရေးသူလိုဘုန်းကြီးများ ဝတ်စားထားပုံကို သူများနှင့်မတူအောင် ဖက်ရှင်ထွင်ဝတ်သည်ဟု ထင်ပုံရသည်။
စာရေးသူ ဂျာမနီသို့ ထွက်ခွါလာခါနီးတွင် သူငယ်ချင်း ဦးကိတ္တိသာရနှင့် ခေမာသီဝံကျောင်းတိုက်တွင် ဆုံဖြစ်သည်။ ခေမာသီဝံဆရာတော်နှင့် တွေ့ဖြစ်တော့ ဆရာတော်က “ဥရောပသွားမှာဆိုတော့ သမဏသညာတော့ မပျောက်စေနဲ့”ဟု မှာသည်။ ထိုစကားက ခေါင်းထဲမှ မထွက်။ သို့ဖြစ်၍ စာရေးသူ ဘယ်ပဲသွားသွား၊ လမ်းလျှောက်ထွက်တာကစပြီး ဟိုဘက်အဆောင်ဒီဘက်အဆောင် ကူးတာအဆုံး များသောအားဖြင့် သင်္ကန်းရုံပြီးသာ သွားဖြစ်သည်။
တစ်ခါတစ်ရံ သင်္ကန်းကြီးရုံပြီး လူကြားထဲသွားရတာ ပြူးတိပြူးကြောင် အကြည့်များကြောင့် အနည်းငယ်တော့ အနေခက်ဖူးသည်။ မည်သို့ပင်ဖြစ်စေ ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးအသွင်ကိုတော့ တတ်နိုင်သမျှ ထိန်းသိမ်းထားဖြစ်သည်။
(၃ဝ)
ဘူတာထဲတွင် ခရီးသည်က တစ်ဦးနှစ်ဦးမျှသာ ရှိသည်။ ဒေသခံများသည် အချိန်အတိအကျ သိသဖြင့် ရထားထွက်ခါနီးမှသာ ရောက်လာလေ့ရှိသည်။ အပျင်းလည်းပြေ ဗဟုသုတလည်း ရအောင် အမျိုးသမီးကြီးနှင့်စကားပြောဦးမှပဲဟု တွေးကာ “ဟဲလို”ဟု နှုတ်ဆက်လိုက်သည်။ ဖြစ်ချင်တော့ သူက အင်္ဂလိပ်စကား သိပ်မတတ်။ သို့ပေမဲ့ ကိုယ့်ခရီးစဉ်ကို ပြောပြဖြစ်သည်။
ယခုလာမည့်ရထားဖြင့် အောလ်ဘော့ကို သွားမည့်အကြောင်း လက်မှတ်ပြပြီး ပြောဖြစ်သည်။
ထိုအခါကျမှ အမျိုးသမီးကြီးက သူ၏ စမတ်ဖုန်းလေးကို ထုတ်ပြီး အင်တာနက်မှတစ်ဆင့် ရထားခရီးစဉ်များကို ကြည့်နေသည်။
ရထားခရီးစဉ်များနှင့်ထွက်မည့်အချိန်၊ ဆိုက်မည့်အချိန်များကို ဘူတာအလိုက်၊ မိနစ်ချင်းအလိုက် အသေးစိတ် အင်တာနက်တွင် တိတိကျကျ သိနိုင်လေသည်။ နိပ်ပေစွ။ ပြီးမှ အမျိုးသမီးကြီးက ပထမရထားမှာ အောလ်ဘော့သို့ တိုက်ရိုက်မရောက်ကြောင်း၊ ၁၅ မိနစ်လောက် ပိုစောင့်ပြီး ဒုတိယရထားကို စီးသင့်ကြောင်း အကြံပြုသည်။ သို့ဖြင့် စာဖတ်ရင်း ရထားစောင့်နေလိုက်သည်။
မှတ်မှတ်ရရ ဖတ်နေဖြစ်သည့်စာအုပ်က ဆရာမဂျူး၏ “ဆုံနေရက်နဲ့ လွမ်းလေခြင်း”။ အရင်က သရုပ်မှန်ကဗျာ၊ သရုပ်မှန်ဝတ္ထုများကို သဘောလည်း မကျ၊ ဗဟုသုတအနေဖြင့်သိရအောင် ဖတ်ကြည့်တော့လည်း အရသာမတွေ့၊ ဆရာမနှင့်လူချင်းသိချိန်ကျမှ ဖတ်ချင်စိတ်ပေါက်လာသဖြင့် ဖတ်ကြည့်ခြင်း ဖြစ်သည်။ ဖတ်ကြည့်သည့်အခါ ဆရာမ၏ စာအရေးအသားများက စိတ်ဝင်စားစရာကောင်းသည်။ နုသည်၊ ညက်သည်၊ ဝါကျများက ပြေပြစ်သည်။ သို့ရာတွင် ဖြစ်စဉ်များကို အတင်းမဖြစ်ဖြစ်အောင် ကြိုးစားတတ်သည့် မြန်မာဝတ္ထုများ၏ဟန်ကတော့ ပြောင်းလဲသွားသည်ဟု မထင်။
ကိုယ်စီးမည့်ရထား မရောက်သေးသော်လည်း ရထားတွေကတော့ တစ်စီးပြီးတစ်စီး ဖြတ်သန်းသွားလာနေကြသည်။ ဒိန်းမတ်ရထားများက ဂျာမနီက ရထားများကဲ့သို့ အတွဲတွေတော့ သိပ်မများလှ။ သို့ရာတွင် ပိုမိုသစ်လွင်သည်၊ သန့်ရှင်းသည်ဟု ထင်သည်။ ဘူတာအတွင်းမှာနေမှ သတိထားမိသည်။ လျှပ်စစ်ရထားများဖြစ်သဖြင့် ရထားသံလမ်းပေါ်မှ လျှပ်စစ်သံကြိုးများက တဖျစ်ဖျစ် မြည်နေသည်။ ဓာတ်ဆီမလိုဘဲ နိုင်ငံအနှံ့၊ ဥရောပအနှံ့ လျှပ်စစ်သံကြိုးများဖြင့် ပြေးဆွဲနေသောရထားများကိုကြည့်ပြီး သဘောတွေကျနေမိသည်။
(၃၁)
LCD တွင် ဖော်ပြထားသည့်အချိန် ရောက်သည်နှင့် အချိန်တိကျစွာ ရထားရောက်လာသည်။ ရထားပေါ်တက်ပြီး ခုံအလွတ်တစ်ခုရှာကာ ထိုင်လိုက်သည်။ အသက်အရွယ်အတော်အိုးမင်းနေသည့် အသက် ၈ဝ ခန့် အဘိုးအဘွားစုံတွဲရှေ့တွင် ထိုင်လိုက်သည်။ ဒိန်းမတ်ရထားများရှိ ထိုင်ခုံများက ဂျာမနီရထားများထက် ပိုပြီး သက်တောင့်သက်သာရှိသည်။ ရထားပေါ်တွင် ဘယ်မြို့ကို ဘယ်နှနာရီနှင့် ဘယ်နှမိနစ်တွင် ရောက်မည် … စသဖြင့် ဆိုက်ရောက်မည့်ဘူတာနှင့် ရောက်မည့်အချိန်ကို ရေးထားသော စာတန်းလေးများက ပြေးနေသည်။
ထိုစာတန်းလေးများကို ကြည့်ပြီး အောလ်ဘော့မြို့ ဘူတာတွင် လာကြိုမည်ဆိုသော ဒကာကိုစိုးစိုးမောင်ထံ လှမ်းဖုန်းဆက်သည်။ ဘာမှ မပူဖို့၊ ဘူတာမှာ အသင့်လာကြိုမည်ဖြစ်ကြောင်း ပြောသည်။
အိပ်ရေးပျက်ထားသဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။ “ဖောက်”ခနဲအသံနှင့်အတူ ဗူးနှင့် ထိုင်ခုံရှေ့က စားပွဲထိသံကြားလိုက်မှ မျက်လုံးဖွင့်ကြည့်ဖြစ်သည်။ အဘိုးကြီးနှင့်အဘွားကြီး ဘီယာဗူးဖွင့်သောက်နေခြင်းပေတည်း။
(၃၂)
နေ့လယ် ၂ နာရီခန့်တွင် အောလ်ဘော့မြို့သို့ ရောက်သည်။ ကိုစိုးစိုးမောင်၊ သမီးငယ်နှင့် ကိုဇော်တို့ လာကြိုသည်ကို တွေ့ရသည်။ ဘူတာရောက်ရောက်ချင်း အပေါ့သွားချင်သဖြင့် အိမ်သာရှာသည်။ အိမ်သာက ဒိန်းမတ်ငွေ (ခရိုနာ)ထည့်မှ ပွင့်မည့်အိမ်သာဖြစ်သဖြင့် အကြွေလဲပြီးမှသာ တက်ခဲ့ရသည်။ ပြီးဒကာကိုစိုးမောင်၏ကားလေးဆီ သွားခဲ့သည်။ သူ့ကား ရှေ့ခန်းထိုင်ခုံကို စောင်တစ်ထည်ပါ ခင်းထားသည်။
ဘာသာမတူသော်လည်း ယဉ်ကျေးပျူငှါစွာ ကြိုဆိုခဲ့သော အစ္စလာမ်ဘာသာဝင် ဒကာကိုစိုးမောင်တို့အား ကျေးဇူးတင်ရသည်။
.........................................
ဆက်လက်ဖော်ပြပါမည်
..........................................
အရှင်ကုသလသာမိ (အတည်မဲ့)
၁ဝ၊ ဝ၆၊ ၂ဝ၁၄

No comments: