Saturday, September 27, 2014

ပေးဆပ်ခြင်းဖြင့် ဘ၀ကို တည်ဆောက်ကြသူများ


ကြာတော့ ကြာခဲ့လေပြီ။ ဘရူနိုင်း မယ်တော်ကြီးက ဒါနသီရိလင်္ကာအသင်း မဂ္ဂဇင်းအတွက် စာမူရေးပေးဖို့ ပြောခဲ့သည်။ အမှန်ဆိုရလျှင် ရေးချင်လွန်း၍သာ ရေးမည်ဟု ကတိပေးလိုက်သည်။ မည်သည့်အကြောင်းအရာကို ရေးရမည် မသိ။ ရေးစရာမရှိ၍ မဟုတ်၊ များလွန်းလို့ဟုသာ ဆိုရပေလိမ့်မည်။ ယခင်တစ်ကြိမ် ပုံနှိပ်စဉ်ကလည်း ဆောင်းပါးတစ်ပုဒ်ရေးဖူးပါသည်။ ထိုဆောင်းပါးရေးပို့စဉ်က စင်္ကာပူမယ်တော်ကြီး တည်းဖြတ်မှုကောင်းမွန်သဖြင့် ပေးချင်သည့်အကြောင်းအရာများ ကျန်နေခဲ့သည်။ ယခုအကြိမ်တွင် ဘရူနိုင်းမယ်တော်ကြီးက သူကိုယ်တိုင် တည်းဖြတ်ချင်သည်ဟု ဆိုပါသည်။

သီရိလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်၊ သီလရှင်များအတွက် အလှူငွေများ စုဆောင်းခြင်းနှင့် ကိုယ်ပိုင်အလုပ်များ ရှိနေသည့်ကြားက မဂ္ဂဇင်းအတွက်ပါ ကိုယ်စားလှယ်မလွှဲ ကိုယ်တိုင်လုပ်ကိုင်လိုသော မယ်တော်ကြီးတို့၏ ၀ီရိယအစွမ်းမှာ ချီးကျူးအားကျဖွယ်ပင် ဖြစ်ပါသည်။

၂၀၀၈-ခုနှစ် စာရေးသူ သီရိလင်္ကာသို့ စာသင်ရောက်ပြီး ၄-လခန့်ကြာသောအခါ ဒါနသီရိလင်္ကာအသင်း မယ်တော်ကြီးနှစ်ဦး သီရိလင်္ကာသို့ ရောက်လာပြီး စာသင်သားသံဃာတော်များနှင့် သီလရှင်များကို ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံပြီး အလှူငွေများနှင့် အခြားစားဖွယ်သောက်ဖွယ်များကို လှူဒါန်းခဲ့ကြသည်။ မြန်မာရဟန်းတော်များ သီတင်းသုံးရာ မကုဋာရာမကျောင်းတွင် မယ်တော်ကြီးများ ရက်အနည်းငယ် နေထိုင်ခဲ့ကြသည်။

နေထိုင်စဉ်ကာလအတွင်း မယ်တော်ကြီးများသည် အခန်းအောင်းမနေပါ။ ကျောင်းဆောင်အနှံ့သွားရောက်ပြီး “ဟိုဟာကတော့ ဟိုလို ဖြစ်နေတယ်၊ အမြန်ဆုံး ပြုပြင်ရမယ်၊ အရှင်ဘုရားတို့ မလုပ်ကြဘူးလား၊ ဒီရေမြောင်းတွေက ပိတ်နေတယ်၊ ဒီအဆောင်က ခြေသုတ်ခုံတွေက မကောင်းတော့ဘူး၊ အသစ်လဲပါလား၊ ကြည့်စမ်း … ဟိုဟာက ဟိုလို ဖြစ်နေပါလား၊ ဒီလိုဖြစ်နေပါလား”စသဖြင့် ရှာရှာဖွေဖွေ နှံ့နှံ့စပ်စပ် ပြောသည်။ နောက်ပြီး မယ်တော်ကြီးတို့ ကျောင်းအတွင်း ပြောနေပုံမှာ “တစ်ကျောင်းလုံး သံဃာများ ကြားစေသတည်း”ဟု အဓိဋ္ဌာန်ထားသည့်အလား အသံကျယ်ကျယ် ပြောဆိုသည်ကို တွေ့ရသည်။ မယ်တော်ကြီးများ ဤသို့ဤဖုံ ပြောနေကြသည့်ပုံသဏ္ဍာန်ကိုကြည့်၍ စာရေးသူမှာ အဝေးကကြည့်ပြီး ချစ်ခင်လေးစားနေမိခဲ့ပါသည်။ မယ်တော်ကြီးတို့၏ ဟန်ပန်အမူအရာ၊ ပြောပုံဆိုပုံများမှာ တက်လည်း တက်ကြွသည့်ဟန် ရှိသည်။ စေ့စပ်သည့်ဟန်လည်း ပေါက်သည်။
]
“သားတော်သံဃာတော်များအပေါ်တွင် ဒီထိတောင် Care လုပ်တယ်”ဟု ပြသနေသည့်သဏ္ဍာန် ရှိသည်။ ဤသည်မှာ စာရေးသူအတွက် မယ်တော်ကြီးများအား ပထမဆုံး တွေ့ဆုံဖူးခြင်း ဖြစ်သည်။ ၂၀၀၈-ခုနှစ် မယ်တော်ကြီးတို့ခရီးစဉ်အတွင်း မယ်တော်ကြီးများနှင့် ရင်းနှီးတွေ့ဆုံခြင်း မရှိခဲ့ပါ။

မယ်တော်ကြီးများ ပြန်သွားသောအခါ အခါအားလျော်စွာ မယ်တော်ကြီးများကို သတိရပါသည်။ မေတ္တာပို့ပါသည်။ မယ်တော်ကြီးများနှင့် စကားပြောလိုသော စိတ်များလည်း မကြာခဏ ဖြစ်မိခဲ့သည်။ သို့ရာတွင် အရေးကြီးကိစ္စတွေ များလှသော မယ်တော်ကြီးများကို အနှောက်အယှက်မပေးလိုသဖြင့် မိတ်ဆက်စကားပြောဆိုခြင်း မလုပ်ဖြစ်ခဲ့ပါ။

၂၀၀၉-ခုနှစ်တွင် မယ်တော်ကြီးများ သီရိလင်္ကာနိုင်ငံသို့ တစ်ခေါက် ရောက်လာခဲ့ကြပြန်သည်။ မယ်တော်ကြီးတို့ သီရိလင်္ကာရောက်သောအခါ စာရေးသူက ဒေါက်တာဇနိတ (သြစတေးလျ)၊ အခြားသံဃာလေးပါးနှင့်အတူ စိတ္တလပဗ္ဗတတောင်မှ တရားထိုင်ပြီး ပြန်လာသည့်အချိန် ဖြစ်သည်။

ဘရူနိုင်းမယ်တော်ကြီးက မြေဇင်းနည်းဖြင့် တရားအားထုတ်ဖူးရာမှ စတင်ပြီး မယ်တော်ကြီးက တွေ့ချင်သည်ဟုဆိုသောကြောင့် မယ်တော်ကြီးများနှင့် ပထမဆုံးအကြိမ် စကားပြောဖူးခဲ့သည်။ တကယ့်အထင်ကရပုဂ္ဂိုလ်ကြီးများနှင့် တရင်းတနှီး စကားပြောရသလို ကျေနပ်ခဲ့သည်။

ဆရာကြီး ဦးဂိုအင်ကာသည် ဗုဒ္ဓဂယာနှင့်အခြား မြင့်မြတ်သည့်ပုဂ္ဂိုလ်များ နေထိုင်သည့်ဝန်းကျင်သို့ သွားရောက်ပြီး သူတော်ကောင်းဓာတ်ကို ထုံကူးလေ့ရှိသည်ဟု ကြားဖူးသည်။ စာရေးသူဘ၀တစ်လျှောက်လုံးတွင် ဆရာကြီး၏ သူတော်ကောင်းဓာတ်ထုံကူးသည့် သဘောတရားကို သတိထားပြုကျင့်ခဲ့ဖူးသည်။ ထို့ကြောင့် မယ်တော်ကြီးများနှင့် စကားပြောသည့်အခါ ထိုသဘောတရားကို လက်တွေ့ကျင့်သုံးကြည့်သည်။

မယ်တော်ကြီးများသည် အရိယာသူတော်စင်များ မဟုတ်သည့်တိုင် ကူးယူထုံပွားသင့်သော အလေ့အလာ၊ အမူအကျင့်များ များစွာရှိနေသည်ဟု ခံစားရသည်။

မယ်တော်ကြီးများသည် သီရိလင်္ကာနိုင်ငံ ရောက်သည့်အခါတိုင်း စာသင်သားသံဃာတော်များ၊ သီလရှင်များကိုသာ လှူဒါန်းလေ့ရှိသည်မဟုတ်၊ အနုရာဓပူရမြို့ရှိ မြန်မာကျောင်း၊ ကန္ဒီမြို့ရှိ မြန်မာကျောင်းတို့ကိုလည်း သွားရောက်လှူဒါန်းလေ့ရှိသည်။ သို့ဖြစ်၍ မယ်တော်ကြီးများသည် နာယကဆရာတော်များနှင့်အတူ အဆိုပါ ကျောင်းများသို့ ညဥ့်အိပ်ညဥ့်နေ သွားရောက်လှူဒါန်းသည်။

ဤနှစ်အလှူခရီးစဉ်တွင် နာယကဆရာတော်တစ်ပါးဖြစ်သော ဦးအဂ္ဂ၀ံသက သူ့အစား မယ်တော်ကြီးများနှင့် လိုက်သွားပါဟုဆိုသဖြင့် အနုရာဓ၊ ကန္ဒီ ခရီးစဉ်တွင် လိုက်ပါခဲ့ရသည်။ စာရေးသူတွင် မယ်တော်ကြီးများနှင့် ပတ်သက်၍ စပ်စုလိုသည်များက များစွာပင် ရှိနေသည်။ ကားပေါ်ရောက်သောအခါ “မယ်တော်ကြီးများ ခရီးပန်းလိမ့်မည်၊ နောက်မှ စပ်စုတာကောင်းပါတယ်”ဟု တွေးနေခဲ့မိသည်။ သို့ရာတွင် စာရေးသူအထင် တက်တက်စင်အောင် လွဲပါသည်။

လမ်းခရီးတစ်လျှောက်လုံး မယ်တော်ကြီးများ၊ အထူးသဖြင့် ဘရူနိုင်းမယ်တော်ကြီးက မှတ်သားစရာ စကားများကို မနားတမ်း ပြောပါသည်။ မယ်တော်ကြီးပြောသမျှစကားများကို မမှတ်မိတော့သော်လည်း ရိုးသားပြီး မှန်မှန်ကန်ကန် ဖြောင့်ဖြောင့်မတ်မတ် ကြိုးစားဖို့နှင့် အများအကျိုးကို အားကြိုးမာန်တက် ဆောင်ရွက်ဖို့ တိုက်တွန်းချက်များကိုတော့ မှတ်မိနေပါသည်။

ကန္ဒီမြို့သို့ ရောက်သောအခါ ည ၁၀-နာရီခန့် ရှိလေပြီ။ ရောက်သည်နှင့် ဆရာတော်အား ကန်တော့ပြီး စာရေးသူတို့ လူငယ်ဦးဇင်းများက ရေးမိုးချိုးကာ အခန်းတွင်းဝင် အေးအေးသက်သာ နေခဲ့ကြသည်။ မယ်တော်ကြီးများလည်း ခရီးပန်းပြီး အိပ်ပျော်နေလောက်ပြီဟု ထင်ခဲ့သည်။ ည

၁၁-ခွဲခန့်ရောက်သောအခါ ရေသောက်လိုသဖြင့် ဆွမ်းစားခန်းသို့ သွားသောအခါ ကိုယ့်ကိုကိုယ် ရှက်မိစေသော မြင်ကွင်းကို မြင်ခဲ့ရသည်။ ထိုမြင်ကွင်းမှာ မယ်တော်ကြီးနှစ်ယောက်မှာ ဟင်းသီးဟင်းရွက်များကို ကိုင်ပြီး အလုပ်ရှုပ်နေခဲ့ကြခြင်း ဖြစ်သည်။ “လူငယ်ဖြစ်တဲ့ ငါတို့က ပင်ပန်းပြီး နှပ်နေလိုက်တာ၊ အမေအရွယ်မက အဘွားအရွယ် မယ်တော်ကြီးတွေက မနက် သားတော်တွေ စားဖို့အတွက်ဆိုပြီး ဒီအချိန်အထိ အနားယူချိန်မရ၊ ချက်ပြုတ်နေကြပါလား”ဟု တွေးမိပြီး တစ်ကိုယ်လုံး ကြက်သီးဖျန်းဖျန်း ထမိပါသည်။

စာရေးသူမှာ ယနေ့အချိန်အထိ လူငယ်များကို ဆုံးမစကားပြောကြားသည့်အခါတိုင်း၊ ဇွဲသတ္တိနှင့် အားကြိုးမာန်တက် အလုပ်လုပ်ကြဖို့ စကားပြောကြသည့်အခါတိုင်း မယ်တော်ကြီးများအကြောင်းကို အမြဲတစေ ထည့်ပြောမိခဲ့ပါသည်။ ဤသို့ဖြင့် မယ်တော်ကြီးများမှာ စာရေးသူ၏ ဇာတ်လိုက်များ ဖြစ်လာခဲ့ကြသည်။

၂၀၁၀-ခုနှစ်တွင် စာရေးသူသည် သီရိလင်္ကာမှ ထွက်ခွါခဲ့သည်။ “မယ်တော်ကြီးက ဘာဆက်လုပ်မလဲ၊ Ph. D လုပ်ရင် ထောက်ပံ့မယ်”ဟု ဆိုလာပါသည်။ စာရေးသူက “မယ်တော်ကြီး၊ ဒီအသင်းဟာ ဒါနသီရိလင်္ကာအသင်း ဖြစ်တယ်၊ ဦးဇင်းက အိန္ဒိယမှာ လုပ်မှာ၊ ဒါနအိန္ဒိယအသင်း မဟုတ်ဘူး၊ ဒါကြောင့် အလှူမခံလိုပါဘူး”ဟု စိတ်ရင်းအတိုင်း ပြောမိခဲ့သည်။ ထိုအခါ ဘရူနိုင်းမယ်တော်ကြီးမှ “မပူပါနဲ့၊ ဒါနသီရိလင်္ကာအသင်း ငွေထဲက မလှူပါဘူး၊ ကိုယ်ပိုင်ငွေထဲကနေ လှူမှာပါ”ဟု ဆိုသဖြင့် လက်ခံခဲ့သည်။ မည်သည့်အသင်းအဖွဲ့ဖြစ်ဖြစ်၊ မည်သည့်ပုဂ္ဂိုလ်ဖြစ်ဖြစ် သူ့အစဉ်အလာ၊ သူ့မူ၊ သူ့ရည်ရွယ်ချက် စသည် အသီးသီး ရှိကြပေလိမ့်မည်။ စာရေးသူအနေဖြင့် ဒါနသီရိလင်္ကာအသင်းသည် သီရိလင်္ကာရောက် မြန်မာစာသင်သားရဟန်းတော်၊ သီလရှင်များအတွက်သာ ဖြစ်နေသည်ကို မြင်လိုပါသည်။

အဖွဲ့အစည်းလိုက်ဖြစ်စေ၊ တစ်ဦးချင်းအလိုက်ဖြစ်စေ အလှူခံလာပါက စေတနာအားကောင်းသည့် မယ်တော်ကြီးများဖြစ်သဖြင့် လှူဒါန်းဖြစ်ဖို့ များပါသည်။ သို့ရာတွင် ဒါနသီရိလင်္ကာအသင်း အလှူငွေများမှ အခြားနေရာတစ်ခုခုသို့ ဒေါ်လာ ၅၀၀-လျော့သွားပါက သီရိလင်္ကာစာသင်သားများအတွက် ဒေါ်လာ ၅၀၀-လျော့နည်းသွားသည်နှင့် အတူတူ ဖြစ်သည်ဟု ထင်ပါသည်။ ထို့ကြောင့် စာရေးသူအနေဖြင့် ကိုယ်ပိုင်ပရဟိတလုပ်ငန်းများအတွက် မည်သည့်အခါကမျှ အလှူခံခြင်း မပြုခဲ့ဖူးပါ။

၂၀၁၂-ခုနှစ်တွင် ဘရူနိုင်းမယ်တော်ကြီးနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ဖို့ ဖြစ်လာခဲ့သည်။ မယ်တော်ကြီးမှာ သူ၏ ဇာတိ ညောင်လေးပင်မြို့၊ လက်ပံဘုရွာ၌ မွေးဖွားရာဒေသကို ကျေးဇူးပြန်လည် တုံ့ဆပ်သည့်အနေဖြင့် နှစ်စဉ် ၇-ရက် တရားစခန်းကျင်းပပေးနေခဲ့သည်။

စာရေးသူကလည်း သီရိလင်္ကာမှ စာသင်ပြန်လာသော သူငယ်ချင်းများနှင့်အတူ မြန်မာနိုင်ငံတွင် ဆန်းဒေးဓမ္မစကူးလ် ဖြစ်မြောက်ရေးအတွက် စွမ်းအားရှိသမျှ ပါဝင်လုပ်ဆောင်ပေးနေချိန်ဖြစ်သဖြင့် မအားမလပ်နိုင် ဖြစ်နေသည့်အချိန် ဖြစ်သည်။ သို့ရာတွင် မယ်တော်ကြီး၏ အမူအကျင့်၊ စိတ်ဓာတ်၊ သတ္တိနှင့် လေးစားအတုယူစရာ ရပ်တည်ချက်များ၊ အများအကျိုး ဆောင်ရွက်မှုများကို အနီးကပ် ဓာတ်ကူးလိုသဖြင့် မယ်တော်ကြီးနှင့်အတူ လိုက်ပါဖို့ ဆုံးဖြတ်ပြီး လိုက်ပါဖြစ်ခဲ့သည်။

မယ်တော်ကြီးမှာ အနည်းငယ် ၀ လာသည်။ အထိုင်အထတွင် ဒူးက အနည်းငယ် နာသည်ဟု ဆိုသောအခါ ၀မ်းနည်းသလိုလို သနားမိသလိုလို ခံစားခဲ့ရသည်။ သို့ရာတွင် ခဲ့သော ၃-နှစ်က သွက်လက်မှု၊ ဖျပ်လက်မှုတို့နှင့် ဘာမျှ ခြားနားသည်ဟု မထင်ခဲ့မိပေ။ “ငါတော့ အိုသွားပြီ၊ ဘာမျှ မလုပ်နိုင်တော့ဘူး”ဆိုသည့် စိတ်ဓာတ်အရိပ်အယောင်မျိုး အနည်းငယ်မျှ မတွေ့ခဲ့ရ။ ဇာတိရွာလေးသို့ ရောက်သည်နှင့် ထုံးစံအတိုင်း နှုတ်ဆက်သင့်သူများကို နှုတ်ဆက်ပြီး ဟိုစပ်စပ်ဒီစပ်စပ် လိုက်လုပ်နေသည်ကို တွေ့ရသည်။

မယ်တော်ကြီး၏ ဇာတိရွာတွင် မူလတန်းကျောင်းနှစ်ခုနှင့် သိမ် ဆောက်လုပ်လှူဒါန်းခြင်း၊ နှစ်စဉ် ငွေကြေးအကုန်အကျခံကာ တရားစခန်းများ စီစဉ်ပေးခြင်း၊ ပညာတော်သော ကျောင်းသား၊ ကျောင်းသူများကို ဆေးတက္ကသိုလ်တက်ရန် ကျောင်းစရိတ်လှူဒါန်းခြင်း စသော ပရဟိတ သို့မဟုတ် လူသားအကျိုးပြု လုပ်ငန်းများ လုပ်ဆောင်ထားသည်ကို အားကျအတုယူဖွယ် တွေ့မြင်ခဲ့ရသည်။

မယ်တော်ကြီး၏ ဇာတိရွာတွင် အသက် ၈၇-နှစ်ရှိသော်လည်း ကိုယ်ထူကိုယ်ထ လှုပ်ရှားသွားလာနိုင်ဆဲဖြစ်သော ဆရာတော်ကြီးကိုလည်း ဖူးတွေ့ခဲ့ရသည်။ မယ်တော်ကြီးနှင့် မောင်နှမတော်စပ်သည်ဟု ဆိုသည်။ ထိုဆရာတော်ကြီးကို “အသက်ရှည်အောင်၊ ကျန်းမာအောင် မည်သို့ လုပ်ဆောင်ရမလဲဘုရား”ဟု မေးလျှောက်သောအခါ ဆရာတော်ကြီးက “အသက်ရှည်ချင်ရင် သူတစ်ပါးတွေ အသက်ရှည်အောင် လုပ်ပေး၊ ကျန်းမာချင်ရင် သူတစ်ပါးတွေကို ကျန်းမာအောင် လုပ်ပေး၊ ဒီထက်ကောင်းတဲ့နည်း မရှိဘူး”ဟု မိန့်ပါသည်။

မယ်တော်ကြီး၏ ဇာတိရွာတွင် တစ်ညအိပ်ပြီး ပြန်လာခဲ့ပါသည်။ ပြန်လာခါနီးတွင် မယ်တော်ကြီးကို “မယ်တော်ကြီး ဦးဇင်းတို့ကို ဘာအကြံပေးစရာ ရှိလဲ၊ ဘာလုပ်စေချင်သလဲ”ဟု မေးခွန်းတစ်ခု မေးခဲ့သည်။ ထိုအခါ မယ်တော်ကြီးက “ဦးဇင်းမှ မဟုတ်ဘူး၊ တပည့်တော်နဲ့ ဆက်စပ်သူအားလုံးကို တပည့်တော် အမြဲတမ်း ပြောတယ်၊ နေရာအကျယ်ကြီးကို အသာထားလိုက်အုံး၊ အနည်းဆုံး ကိုယ့်ရပ်ကိုယ့်ရွာ ကောင်းစားရေးကို လုပ်ကြစေချင်တယ်၊ လူတိုင်းလူတိုင်းဟာ ကိုယ့်ဒေသကောင်းစားရေး၊ တိုးတက်ရေးကို လုပ်ဆောင်ဖို့ စိတ်ဓာတ်ရှိကြတယ်ဆိုရင် ဒေသတိုင်းဒေသတိုင်း တိုးတက်လာမှာပဲ”ဟု အကြံပြုတိုက်တွန်းခဲ့သည်။

“မယ်တော်ကြီး ပရဟိတလုပ်ငန်းတွေ လုပ်တာလည်း လုပ်ပေါ့၊ သီရိလင်္ကာသံဃာတွေအတွက် မယ်တော်ကြီး အသက်ရှည်ဖို့ လိုတယ်”ဟု ဆိုသောအခါ မယ်တော်ကြီးက “ရတယ်၊ ဘာမှ မပူနဲ့၊ တပည့်တော်က အသက်မထွက်သေးသရွေ့ အလုပ်လုပ်မှာ၊ တပည့်တော်က ရောဂါတွေ ခံစားပြီး နေရတာ မဖြစ်ချင်ဘူး။ အလုပ်လုပ်ရင်းနဲ့ပဲ ဗြုန်းဆို ဘာဝေဒနာမှ မခံစားရဘဲ သေချင်တာ”ဟု ဆိုပါသည်။

“လောကကြီးအတွက် ပေးဆပ်ခြင်းများနဲ့ ဘ၀ကို တည်ဆောက်ထားသူများပါလား”ဟု ရေရွတ်နေခဲ့မိပါသည်။

အပြန်ခရီးတွင် ဆောင်းရာသီ အအေးဓာတ်က သိသိသာသာ အေးမြနေခဲ့သည်။ နှစ်စဉ်နှစ်တိုင်း သီရိလင်္ကာစာသင်သားများအတွက် သိန်းပေါင်းထောင်ချီလှူဒါန်းနိုင်အောင် ကြိုးစားနိုင်စွမ်းသော မယ်တော်ကြီးတို့၏ ပုံရိပ်များကို စဉ်းစားမိသောအခါ ၀မ်းမြောက်ကြည်နူးမှု၊ အတုယူအားကျမှုများနှင့်အတူ ရင်ခွင်တစ်ခုလုံး လန်းဆန်းတက်ကြွနေခဲ့သည်။ “ကဲ … ဟုတ်ပြီ၊ မယ်တော်ကြီးများက တက်ကြွမှု၊ တည်ကြည်မှု၊ ရိုးသားမှု အားမာန်များဖြင့် ပရဟိတလုပ်ငန်းများကို နှစ်ပေါင်းများစွာ လုပ်ဆောင်ပေးနေခဲ့ကြပြီ၊ ငါတို့ သီရိလင်္ကာရောက်မြန်မာကျောင်းသားရဟန်းတော်၊ သီလရှင်များကရော ဘယ်လိုလဲ၊ မယ်တော်ကြီးများလို ပရဟိတလုပ်ငန်းများ လုပ်ဖူးလား၊ လုပ်နေလား၊ လုပ်ဖို့ စိတ်ကူး ရှိသလား၊ ကာလသုံးပါးထဲက တစ်ခုခုနဲ့ နီးစပ်ဖို့တော့ ကောင်းတယ်။ ကိုယ့်လူရေ … တောင်ပံခတ်ဖို့ အားယူနေတဲ့ အမိမြန်မာပြည်က မင်းကို စောင့်နေပြီ”။

မိမိကိုယ်ကိုယ် တီးတိုးပြောနေမိသော စကားလုံးများက နှလုံးသားနံရံတစ်ခုလုံးကို ပဲ့တင်ထပ်နေခဲ့လေသည်။ ဥဒဟိုပြေးလွှားနေသော ဘတ်စ်ကားကြီး၏နောက်တွင် မယ်တော်ကြီးတို့၏ ဇွဲသတ္တိအားမာန်များက အရှိန်အဟုန်ဖြင့် လိုက်ပါလာကြသည်။

အရှင်ကုသလသာမိ (အတည်မဲ့)

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails