Tuesday, August 12, 2014

ဘာလင်မှ ဘယ်သို့ ဘယ်ဆီလဲ (အပိုင်း ၃)


(၁၄)

Postdam က ပြန်လာတော့ တစ်နေရာရာကို ဆက်သွားလိုသေးလားဟု ရဝေနွယ်ဆရာတော်ကို သံအမတ်ကြီးက လျှောက်သည်။ ဆရာတော်ပင်ပန်းနေပြီဖြစ်သဖြင့် တစ်နေ့တာ နားလိုက်သည်။

သံအမတ်ကြီးအိမ်တွင် ရဝေနွယ်ဆရာတော်နှင့်စကားပြောရင်း ဆရာတော်ထံမှ စိတ်ထားနည်းပညာများ ရလိုက်သည်။ ဆရာတော်၏ စိတ်ထားနည်းပညာမှာ အထူးအဆန်း မဟုတ်၊ ကုသိုလ်ဖြစ်အောင်၊ စိတ်ချမ်းသာအောင် နေထိုင်နည်းပင် ဖြစ်တော့သည်။ ဆရာတော်ပြောလေ့ပြောထရှိသောစကားမှာ ဘာပဲလုပ်လုပ် ပါရမီဖြစ်အောင်လုပ်ဆိုသော စကားပင်ဖြစ်သည်။ တစ်စုံတစ်ရာကို ပါရမီမြောက်အောင် လုပ်လိုက်လျှင် ကုသိုလ်တရားနှင့်စိတ်ချမ်းသာမှုက အလိုလို ပါဝင်လာသည်ကို တွေ့ရမည် ဖြစ်သည်။

ကုသိုလ်မဖြစ်စေသော အပြောအဆိုများ၊ အပြုအမူများ၊ မိမိအတွက်၊ သူတစ်ပါးအတွက် ဘယ်သူ့အတွက်မှ စိတ်ချမ်းသာစရာမဖြစ်စေသော အပြောအဆိုများ၊ အပြုအမူများကို ရှောင်ရှားနိုင်လျှင် ထိုပုဂ္ဂိုလ်၏ အပြောအဆို၊ အပြုအမူများမှာ စိတ်ချမ်းသာဖွယ် ပတ်ဝန်းကျင်ကို အလိုအလျောက် ဖန်တီးနေပြီးသား ဖြစ်သည်။

ဆရာတော်နှင့်ပတ်သက်၍ ထူးခြားချက်တစ်ခုကို သတိထားမိသည်။ စာရေးဆရာစိတ် ဖြစ်သည်။ ဆရာတော်နှင့်စကားပြောသူတိုင်းကို သူ့စာတွေ ဖတ်ဖူးသလားဟု မေးတတ်ခြင်းဖြစ်သည်။ ဖတ်ဖူးသည်ဟု ဆိုလျှင်လည်း ဘယ်စာအုပ်ကို ဖတ်ဖူးတာလဲ စသည်ဖြင့် မေးတတ်သည်။ ဆရာတော်က သူ့စာတွေ ဖတ်ဖူးတယ်ဟု သိရလျှင် အလွန်ပျော်ကြောင်း၊ ဝမ်းသာကြောင်း ပြောတတ်သည်။ စာရေးသူလည်း ထိုကဲ့သို့သောစိတ်ခံစားချက်မျိုး ရှိသည်။ ကိုယ်ရေးသည့်စာများကို ဖတ်သည်ဟု ဆိုလာလျှင် စိတ်ချမ်းသာမှုတစ်မျိုးကို ခံစားရသည်။

လွန်ခဲ့သည့် ၂ နှစ်ခန့်က ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက်၊ လှရတနာဆရာတော်ထံသို့ လူမသိ သူမသိသေးသော Dhamma School Foundation ကို ပရိုမိုးရှင်းပြုလုပ်ရန် သွားခဲ့ဖူးသည်။

ဆရာတော်ထံအသွား မြေညီထပ်တွင် ဦးဇင်းလေးတစ်ပါးနှင့် တွေ့သည်။ သူက အားရပါးရ၊ အားတက်သရောဖြင့် “အရှင်ဘုရား … ဦးကုသလသာမိ မဟုတ်လား၊ တပည့်တော်က အရှင်ဘုရားရဲ့ စာဖတ်ပရိသတ်ပါဘုရား၊ အရှင်ဘုရားရေးတဲ့စာတွေဖတ်ရတာ အရမ်းအရသာရှိတယ်”ဟု ဆိုသည်။ ဖော်မပြတတ်သော ပီတိတစ်မျိုးကြောင့် အဆိုပါ ဦးဇင်းလေးကို ယနေ့အထိ သတိတရ ဖြစ်နေဆဲရှိသည်။ အော် … စာရေးဆရာများ၏ တူညီသော ခံစားချက်ပါလား …

(၁၅)

ညရောက်တော့ ရဝေနွယ်ဆရာတော် တရားပွဲကျင်းပသည်။ ဘာလင်မြို့တွင် မြန်မာလူမျိုး ဗုဒ္ဓဘာသာက အနည်းငယ်သာရှိသည်။ သံအမတ်ကြီးက တရားနာလိုသောသူများကို ကားဖြင့် အကြိုအပို့လုပ်သည်။ သံအမတ်ကြီးမိသားစုအပါအဝင် တရားနာပရိသတ် ၁၇ ယောက်ခန့်သာရှိသည်။ ဆရာတော်က ဖရန့်ဖွတ်မြို့တွင် ဒါနပါရမီ တရားကို ဟောပြီး ဘာလင်မြို့တွင် သီလပါရမီတရားကို ဟောကြားသည်။ ဒါနကို ပါရမီမြောက်အောင် ပြုလုပ်ဖို့၊ သီလကို ပါရမီမြောက်အောင် စောင့်ထိန်းဖို့ကို အဓိက ဟောကြားသွားသည်။

လူတိုင်း ဒါနပြုလုပ်ကြသည်။ ပေးကမ်းကြသည်။ သို့ရာတွင် ပါရမီမြောက်အောင် မလုပ်ဖြစ်ကြကြောင်း ဆရာတော်က ထောက်ပြသည်။ ထို့နောက် ပါရမီမြောက်ဖို့အတွက် ဘုရားကျောင်းကန်၊ သံဃာများကို လှူဒါန်းလျှင်ပဲဖြစ်ဖြစ်၊ အိမ်ရှင်မက မိမိ၏ ခင်ပွန်း၊ သားသမီးများကို နေ့စဉ်ကျွေးတာပဲဖြစ်ဖြစ် နိဗ္ဗာန်ကို ရည်မှန်းပြီး လှူဒါန်းရန် တိုက်တွန်းသည်။

နေ့စဉ် ငှက်ကလေး၊ ခွေးကလေး၊ ချဥ့်ကလေးများကို အစာကျွေးပြီး ဒါနပြုလုပ်ဖို့လည်း လမ်းညွှန်ပေးသည်။ ဆရာတော့်ညွှန်ကြားချက်များသည် အေးချမ်းတည်ငြိမ်ရေး၊ ကိုယ်ကျန်းမာစိတ်ချမ်းသာရေးကို အလေးပေးထားသဖြင့် စိတ်ချမ်းသာစရာ အလွန်ကောင်းပါသည်။

(၁၆)

နောက်ရက်မနက်တွင် ပြတိုက်တစ်ခုကို လိုက်ပို့သည်။ ပြတိုက်မဖွင့်မီ ပြတိုက်ရှေ့ရောက်နှင့်နေသဖြင့် ခဏတာ စောင့်နေရသည်။ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုများ၊ လူမှုရေးစနစ်များ၊ ဘာသာရေး၊ ဘာသာစကား၊ နည်းပညာ … စသဖြင့် အဆင့်ဆင့် ဖြစ်ထွန်းတိုးတက်မှုကို ပြသထားသော Ethnological Museum သို့ သွားရောက်လည်ပတ်ကြခြင်း ဖြစ်သည်။

ပြတိုက်မဖွင့်သေးသဖြင့် ပြတိုက်ရှေ့တွင် ကလေးငယ်များနှင့်ဆရာမများ အုပ်စုလိုက်၊ အုပ်စုလိုက် စောင့်ဆိုင်းနေကြသည်။ ပြတိုက်ဖွင့်သောအခါ အားလုံးတန်းစီလက်မှတ်ဝယ်ပြီး ဝင်ကြရသည်။

ပြတိုက်ထဲရောက်သည့်အခါ အလွန်တရာ အံ့သြဖွယ်မြင်ကွင်းများကို မြင်ရသည်။ အာရှယဉ်ကျေးမှုအကြောင်းကို ပြသသည့်အခန်းတစ်ခုလုံး ဗုဒ္ဓရုပ်ပွားတော်များ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုပုံရိပ်များကိုသာ အများဆုံး တွေ့ရသည်။

ဗုဒ္ဓရုပ်ပွားတော်များကိုလည်း သူ့ခေတ်အခါအလိုက် အစဉ်အတိုင်း စနစ်တကျ စီစဉ်ထားရှိသည်ကို တွေ့ရသည်။ ဘုရားအလောင်းတော် လူ့ပြည်သို့ ဆင်းသက်တော်မူခြင်း၊ မယ်တော်မာယာအိပ်မက်မြင်မက်ခြင်း၊ ဘုရားအလောင်းတော် တောထွက်တော်မူခြင်း၊ တရားကျင့်တော်မူခြင်း၊ ဘုရားဖြစ်တော်မူခြင်း၊ ပရိနိဗ္ဗာန်စံတော်မူခြင်း စသော ဗုဒ္ဓဝင်အဖြစ်အပျက်များကိုလည်း နေရာတကျ စီစဉ်ပြသထားသည်ကို တွေ့ရသည်။

ဗုဒ္ဓဝင်ဆိုင်ရာ၊ ဗုဒ္ဓဘာသာဆိုင်ရာ ဗွီဒီယိုဖိုင်များကိုလည်း ကွန်ပြူတာအတွင်း စနစ်တကျ ထည့်ပေးထားသည်။ ပြတိုက်အတွင်းက ကွန်ပြူတာတွင်လည်း ဗုဒ္ဓဘာသာအကြောင်းကို လေ့လာနိုင်အောင် ပြုလုပ်ပေးထားသည်ကို တွေ့ရသည်။

အခြားတစ်ဖက်တွင် ရှေးခေတ်ဥရောပ၊ အာဖရိကယဉ်ကျေးမှုဆိုင်ရာ ရုပ်တုများကို ပြသထားသည်။ ဥရောပ၊ အာဖရိက၊ အီဂျစ်ရှေးဟောင်းအရုပ်များမှာ အာရှမှ ဗုဒ္ဓရုပ်ပွားတော်များလို တည်ငြိမ်မှု၊ အေးချမ်းမှု တစ်စုံတစ်ရာကိုမျှ မတွေ့ရပါ။ ခွေးလိုလို၊ နွားလိုလို၊ လူလိုလို၊ ကျားလိုလို၊ ကြောင်လိုလို ဟိုမရောက် ဒီမရောက် ကိုးရိုးကားယား ပုပုကွကွ ရုပ်ပုံများကသာ များလေသည်။

လူပုံများကလည်း မျက်လုံးပြူးပြူး၊ အစွယ်ငေါငေါ၊ ပါးစပ်ပြဲပြဲ၊ ခေါင်းကြီးကြီး၊ ခန္ဓာကိုယ်က ပုံမကျ … အရုပ်ဆိုးဆိုးရုပ်တုများသာ အများဆုံး တွေ့ရသည်။ (အစွဲဖြင့် ပြောသည်မဟုတ်။ ပုံအချို့ကို ကြည့်နိုင်ပါသည်။) ဗုဒ္ဓမြတ်စွာဘုရားရှင်၏ တည်ငြိမ်သော မျက်နှာတော်နှင့် ကိုယ်ဟန်အနေအထားများကြောင့် အာရှပြတိုက် တည်ငြိမ်အေးချမ်းမှုရှိနေသဖြင့် ဂုဏ်ယူစရာ ဖြစ်ခဲ့ရသည်။

(၁၇)

ဂျာမနီနိုင်ငံသည် ခရစ်ယာန်ဘာသာ ကြီးစိုးရာ နိုင်ငံဖြစ်သည်။ သို့ရာတွင် ဗုဒ္ဓဘာသာဆိုင်ရာ သမိုင်းအဖြစ်အပျက်များကို လူငယ်များအား လေ့လာစေသည်။ ဆရာဆရာမများကိုယ်တိုင် ကလေးများကို ပြတိုက်ကို ခေါ်လာပြီး လေ့လာစေသည်။

ကလေးများကလည်း မှတ်စုစာအုပ်များ၊ ဘောပင်လေးများဖြင့် အားကြိုးမာန်တက် ရေးမှတ်နေကြသည်ကို တွေ့ရသည်။ ဤကလေးများမှာ အလွန်ဆုံးရှိလှ၊ ၁၃ နှစ်ခန့်သာ ရှိလိမ့်မည်။ သို့ရာတွင် အရာရာကို စနစ်တကျ လေ့လာတတ်အောင်၊ မှတ်သားတတ်အောင် လေ့ကျင့်ပေးထားပုံမှာ အားကျဖွယ်ရာ ကောင်းလှသည်။

(၁၈)

နောက်တစ်ခု သတိပြုသင့်သည်မှာ အခြားဘာသာတရားအပေါ် လေးစားမှု၊ သဘောထားကြီးမှု ဖြစ်သည်။ ခရစ်ယာန်ဘာသာကြီးစိုးသည့်တိုင်းပြည်ဖြစ်လို့ အခြားဘာသာဆိုင်ရာများကို မပြသသင့်ဟူသော အမြင်မရှိခြင်း ဖြစ်သည်။

ကလေးများကို “တို့က ဒီလို ယုံကြည်တယ်၊ ဒါက ဒီလို ရှိတယ်”စသဖြင့် အခြေအနေအရပ်ရပ်ကို နားလည်အောင် ကြိုးစားသည်။ အခွင့်အလမ်းများကို ဖန်တီးပေးသည်။ ယုံကြည်ခြင်းဆိုင်ရာသည် လူတစ်ဦးချင်းစီ၏ နှလုံးသားရေးရာနှင့်ဦးနှောက်ဆိုင်ရာကိစ္စတစ်ခု ဖြစ်သည်။

စာရေးသူက ဤသို့ ဆိုလိုက်သဖြင့် အနောက်နိုင်ငံများက ဘာသာအားလုံးကို တပြေးညီ ဆက်ဆံသည်။ ဘာသာရေးလွတ်လပ်ခွင့် အပြည့်ရှိသည်။ မြန်မာနိုင်ငံက ဒီမိုကရေစီသမားယောင်ယောင် ဘာယောင်ယောင်သမားများ ပြောဆိုနေသလို အခွင့်အရေး တန်းတူပေးသည်ဟုတော့ မထင်လိုက်ပါနှင့်။ သူတို့ ဘာသာတရား တိုးတက်ရေး၊ စည်ပင်ရေး၊ ရှင်သန်ရေးအတွက် ဥပဒေနှင့် အသေအချာ စီမံထားသည်။

သူတို့နိုင်ငံ၏အသက်၊ ဘာသာတရား၏အသက်၊ နိုင်ငံသားတို့၏ အသက်အိုးအိမ်စည်းစိမ်၏အသက်ကို ဥပဒေဖြင့် စနစ်တကျ စီမံထားသည်။ ဒေါ်အောင်ဆန်းစုကြည် မကြာခဏ ပြောနေသော “တရားဥပဒေ စိုးမိုးရေး”ဟူသည်မှာ ဤအချက်ကို ပြောလိုရင်း ဖြစ်သည်။

နိုင်ငံတစ်ခုတွင် တရားဥပဒေသည် အသက်အသည်းနှလုံးဖြစ်သလို ဖြစ်သင့်မဖြစ်သင့်ပိုင်းဖြတ်ပေးသောဦးနှောက်တစ်ခုလည်း ဖြစ်ပါသည်။

(၁၉)
“ကျွန်တော်တို့ မွတ်စလင်များ ဒီမှာ အများကြီး ရှိပါတယ်၊ ဗလီဆောက်ခွင့်ပေးပါ”ဟု မွတ်စလင်လူထုက တောင်းဆိုလိုက်သည်။

လူ့အခွင့်အရေးအရ တောင်းဆိုခွင့်ရှိသည်။ အစိုးရကလည်း ပြောသည်။ “အိုကေ … တို့နိုင်ငံက ဒီမိုကရေစီနိုင်ငံဖြစ်တယ်။ လွတ်လပ်စွာ လုပ်ဆောင်ခွင့်ရှိတယ်။ ဒါကြောင့် တို့အစိုးရက ဆောက်ခွင့်ပေးတယ်။ ဒါပေမဲ့ ဒေသခံ၊ မြို့ခံတွေရဲ့ ဆန္ဒကလည်း ရှိသေးတယ်။ သူတို့ကို မေးရဦးမယ်”ဟု အဖြေပေးသည်။ မြို့ခံများက ခရစ်ယာန်အများစုဖြစ်သည့်အတွက် ကန့်ကွက်ကြသည်။ ဗလီဆောက်ခွင့်မရှိတော့။ ဤနိုင်ငံများ၏ ပါးနပ်မှုကို ဥပမာပေးခြင်း ဖြစ်သည်။

ဤစနစ်ကြောင့် ဂျာမနီမှာ မွတ်စလင်များ သန်းချီရှိသော်လည်း ဗလီအရေအတွက်က အနည်းငယ်သာ ရှိသည်။ ဗလီပေါင်း ၁၅ဝ ခန့်ရှိသည်ဟု ဆိုသော်လည်း ပီပီပြင်ပြင်ရှိသည့်ဗလီအရေအတွက်က ၁ဝဝ ခန့်သာရှိသည်ဟု ဆိုသည်။

ယခုအခါတွင် အနောက်နိုင်ငံများတွင် ခရစ်ယာန်ဘုရားရှိခိုးကျောင်းတံခါးများ တဖြည်းဖြည်း ပိတ်နေကြချိန်တွင် မွတ်စလင်တို့က ငွေအလုံးအရင်းဖြင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများကို ဝယ်ယူနေကြသည်။ မွတ်စလင်တိုးပွားနှုန်းက အနောက်နိုင်ငံများတွင် တဖြည်းဖြည်း သိသာထင်ရှားလာသည်။

ခရစ်ယာန်ဘာသာဝင်တို့က ဘာသာရေးဘက်အားလျော့လာချိန်၊ ဗုဒ္ဓဘာသာဝင်နှင့်အခြားဘာသာဝင်များက ငွေကြေးချို့တဲ့ချိန်တွင် မွတ်စလင်တို့က ဘာသာရေးကို ဘဝနှင့်ခိုင်ခိုင်မာမာ တွဲစပ်ကာ ငွေပင်ငွေရင်း အမြောက်အမြားဖြင့် ကမ္ဘာ့အနှံ့ခြေဆန့်နေကြပြီ ဖြစ်သည်။ သို့သော်လည်း အနည်းအကျဉ်းကသာ သတိပြုရကောင်းမှန်း သိနေကြသည်။ အမေရိကန်လို နိုင်ငံမျိုးကသာ တားဆီးရကောင်းမှန်း နားလည်ထားသည့်ပုံရသည်။ သို့သော် အမေရိကန်က “ကျွန်တော်တို့က မွတ်စလင်ကို ဘယ်တော့မှ မတိုက်၊ အကြမ်းဖက်သမားကိုသာ တိုက်သည်”ဟုသာ စကားစထွက်ထားသည်ကို အတုယူသင့်ပါသည်။

စာရေးသူ၏ ဆိုလိုရင်းမှာ “တရားဥပဒေစိုးမိုးရေး”ကို ရှေးရှုနိုင်ကြဖို့ ဖြစ်ပါသည်။ တရားဥပဒေစိုးမိုးလျှင် အရာရာကို တရားနည်းလမ်းတကျ စီမံလို့ ရသည်။ ဣနြေ္ဒရှိရှိဖြင့် စောင့်ရှောက်စရာရှိတာ စောင့်ရှောက်နိုင်သည်။ ပယ်ရှားစရာရှိတာ ပယ်ရှားနိုင်သည်။ မိမိတို့ သဘောမကျသည်ကို ဥပဒေဖြင့် တားဆီးလို့ ရသည်။ ကန့်ကွက်လို့ ရသည်။ ဂျာမနီနိုင်ငံတွင် မွတ်စလင် ၃ သန်းကျော်ရှိသည်။ ဗလီက အထက်တွင်ဆိုခဲ့သလို ၁ဝဝ ကျော်သာ ရှိသည်။

မြန်မာနိုင်ငံတွင် မွတ်စလင်လူဦးရေ ၄ သန်းခန့်သာရှိသော်လည်း ဗလီများက ထောင်ချီနေသည်။ ဘယ်သူတွေက ခွင့်ပြုခဲ့သနည်း။ ဒေသခံပြည်သူတို့၏ ကန့်ကွက်မှုကို ဘယ်သူတွေက နားမထောင်ခဲ့သနည်း။ သတိပြုမိကြဖို့ ဖြစ်ပါသည်။

အခု တို့မြန်မာနိုင်ငံ၏ခြေလှမ်းများ ဘယ်သို့ ဘယ်ဆီ လှမ်းနေသလဲ။ မျက်ခြေမပြတ်ကြစေလိုပါ။ သမိုင်းသင်္ခန်းစာများကို အမှတ်သည်းခြေရှိရှိ သတိမူမိကြစေဖို့ ဖြစ်ပါသည်။

(၂ဝ)

နေ့လယ်တွင် ဘာလင်တံတိုင်းကြီးကို သွားဖို့ စီစဉ်ကြသည်။ ဘာလင်တံတိုင်းမသွားမီ အခြားရှေးဟောင်းအဆောက်အအုံများကို သွားရောက်လည်ပတ်ကြသည်။ သင်္ဘောဖြင့် Sight Seeing Tour လည်း သွားကြသည်။ သန့်ရှင်းသပ်ရပ်သော ဘာလင်မြို့ သင်္ဘောဆိပ်သည် ကမ္ဘာလှည့်ခရီးသွားများ၊ အပန်းဖြေနေကြသောဒေသခံလူမျိုးများဖြင့် ပြည့်နှက်နေသည်။

................................
.................... ဆက်ပါဦးမည် ...
....................

အရှင်ကုသလသာမိ (အတည်မဲ့)
ဝ၈၊ ဝ၉၊ ၂ဝ၁၄

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails