Tuesday, July 8, 2014

ငါ သူ့ကို မုန်းမိမယ် (ဂျူလီယာ)




(၁)
ဂျာမနီကို ရောက်စ ရာသီဥတုက ၃ ဒီဂရီလောက်ကနေ ၁၃ ဒီဂရီလောက်ထိ ရှိတယ်။ အလွန့်အလွန်ကို အေးတာပဲ။ ဆွယ်တာ ၅ ထပ်၊ ခြေအိတ် ၃ ထပ်၊ အခြားအတွင်းမှာလည်း အထပ်ထပ်၊ ခေါင်းစွပ်၊ ခြုံထည် … စုံနေတာပဲ။ လက်သည်းကြားတွေလည်း အနည်းငယ် အက်။ ဟော အခု ၂ လနီးပါးလောက်ရှိတော့ ခြေအိတ် ၁၊ ဆွယ်တာ ၁၊ ခေါင်းစွပ် ၁ ခုသာ ဝတ်ပြီး အေးအေးသက်သာ နေနိုင်လာတယ်။ နွမ်းဘက် (မြန်မာဂျာနယ်တွေမှာတော့ နုရင်ဘတ်ပေါ့လေ)က ဒေါ်သဉ္ဇာအောင်တို့ ဝယ်ပေးတဲ့ လိမ်းစရာလေးတွေ မနက်မိုးလင်းတာနဲ့ လိမ်းလိုက်တော့ လက်သည်းကြား နာတာတွေလည်း မဖြစ်တော့ဘူး။ တစ်ခါတစ်ရံ ၉ ဒီဂရီလောက်ရှိတာတောင် အဝတ်အစားတွေ အထူးတလည် ဝတ်စရာမလိုဘဲ သွားနိုင်လာခဲ့တယ်။
(၂)
ဒီနေ့က မိုးရွာတယ်။ မိုးရွာရင် ဒီမှာ အရမ်းအေးတယ်။ သူတို့တောင် ဆွယ်တာတစ်ထည်တည်းနဲ့ သွားနိုင်သေးတာ၊ ငါလည်း သွားနိုင်ရမှာပေါ့လို့ တွေးပြီး ထီးကလေးဆောင်းကာ အီဇာမြစ်ကမ်းဘေးကို ထွက်လာခဲ့တယ်။ မိုးရွာတဲ့အပြင် လေကပါ တိုက်တော့ အတော်လေးကို အေးလာခဲ့တယ်။ တစ်ချက်တစ်ချက် ခိုက်ခိုက်လာတယ်။ ဒါနဲ့ မြန်နှုန်းမြင့်ပြီး လျှောက်လိုက်တော့ အနည်းငယ် သက်သာလာတယ်။ အီဇာမြစ်ကမ်းကို ရောက်တော့ ခါတိုင်းဆို ကားတွေ အများကြီး၊ အပန်းဖြေသူတွေ အများကြီး။ ဒီနေ့ တစ်ယောက်မှ မတွေ့ရဘူး။ ဒီနိုင်ငံမှာက မိုးအေးရင်၊ နေမပူရင် အိမ်ထဲမှာပဲ ကွေးတယ်။ နေတယ်။ နေအရမ်းပူပြီဆိုရင် အိမ်က ကလေးတွေကော၊ ခွေးတွေကော အကုန်ခေါ်ပြီး လမ်းလျှောက်ထွက်ကြတော့တာပဲ။ အခု မိုးအေးတော့ အီဇာမြစ်ကမ်းက တိတ်ဆိတ်လို့ နေတယ်။
(၃)
ထီးလေးဆောင်းပြီး မိုးရွာလို့ ရေစီးသန်နေတဲ့ အီဇာမြစ်ကျဉ်းလေးကို ကြည့်နေမိတယ်။ တဝေါဝေါအသံပေးကာ စီးဆင်းနေတဲ့ မြစ်ရေပြင်က အသံရယ်၊ ထီးလေးပေါ်ကို ကျကျလာနေတဲ့ မိုးရေစက်သံတွေရယ်က ဂီတသံလေလား။ အချိန်အတော်ကြာ ရပ်ကြည့်နေမိတယ်။ ရုတ်တရက် အနောက်ဘက်က အသံတစ်ခု ကြားလိုက်ရတယ်။ “ဟလို”၊ “ဟလို”။ လှည့်ကြည့်လိုက်တယ်။ ကိုယ်ကလည်း လှည့်ကြည့်ရော “ဆောရီး”တဲ့။ ကိစ္စမရှိပါဘူးလည်း ပြောရော တစ်ခုမေးစရာရှိပါတယ်လို့ ဆိုတော့ “မေးပါ”လို့ ပြောလိုက်တယ်။ သူ့ကိုယ်သူ မိတ်ဆက်ပြီး “ဗုဒ္ဓဘာသာဘုန်းကြီး မဟုတ်လား၊ ဘယ်မှာ နေတာလဲ၊ ကျောင်းရှိလား၊ အလည်လာပြီး လေ့လာလို့ ရမလား၊ ဗုဒ္ဓဘာသာအကြောင်းကို ငါ့ကို ရှင်းပြပေးနိုင်မလား”စတဲ့ မေးခွန်းတွေ မေးတယ်။ အားလုံးကို “ဟုတ်တယ်၊ ရတယ်”ဆိုတဲ့ နှစ်ခွန်းပဲ ဖြေပါတယ်။ မနက် ၅ နာရီကနေ ည ၉ နာရီအထိ ဟောဒီလိပ်စာထဲက ကျောင်းမှာ ရှိတယ်။ ကြိုက်တဲ့အချိန်လာပါ။ အချိန်မရွေးပါ။ ငါက လဘက်ရည်နဲ့တောင် ဧည့်ခံပါဦးမယ်လို့ ပြောလိုက်တော့ သဘောကျစွာနဲ့ နှုတ်ဆက်ပြန်သွားခဲ့တယ်။
(၄)
ဟောဗျာ၊ တစ်ခု မေးဖို့ ကျန်သွားတယ်၊ ဘယ်နေ့ လာမလဲ၊ ဘယ်တော့ လာမလဲ၊ ဘယ်အချိန် လာဖြစ်မလဲဆိုတာတောင် မမေးလိုက်ရဘူး။ အေးပေါ့လေ၊ မလာတော့လည်း ဘယ်တတ်နိုင်မလဲ။ တွေးနေတုန်းမှာ သူက အဝေးကို ရောက်သွားပြီ၊ သူ့ကျောပြင်တောင် ခပ်သေးသေးပဲ မြင်ရတော့တယ်။
(၅)
မြန်မာပိဋကတ်၊ ဂျပန်ပိဋကတ်၊ တရုတ်ပိဋကတ်၊ ကိုရီးယားပိဋကတ်၊ ထိုင်းပိဋကတ်စာအုပ်တွေ၊ အာဂျန်ချားစတဲ့ ထိုင်းဆရာတော်များ၊ ဖားအောက်ဆရာတော်၊ မဟာစည်ဆရာတော်၊ သဒ္ဓမ္မရံသီဆရာတော်၊ ဦးဘခင် စတဲ့ မြန်မာပြည်က ဆရာတော်၊ ဆရာကြီးများရဲ့ စာအုပ်များ၊ ထိုင်းဆရာတော်များအဆက်အနွယ် အနောက်တိုင်းသားများ ရေးထားတဲ့ စာအုပ်များ စတဲ့ စာအုပ်တွေ မြောက်မြားစွာ ရှိနေတဲ့ စာကြည့်တိုက်လေးထဲမှာ တစ်ပါးတည်း စာကြည့်နေခဲ့တယ်။ အချိန်က နေ့လည် ၁ နာရီ။ တိတ်ဆိတ်မှုက ပတ်ဝန်းကျင်ကို လွှမ်းမိုးထားတယ်။ အာဂျန်ချားရဲ့ဟောပြောချက်တွေထဲမှာ ဈာန်ဝင်နေတုန်း “ဟလို”ဆိုပြီး အမျိုးသမီးတစ်ယောက် ဝင်လာခဲ့တယ်။ အော် သူ တကယ်ပြန်လာခဲ့တာပဲ။
(၆)
သူ့နာမည် မိတ်ဆက်၊ ကိုယ့်နာမည် မိတ်ဆက်၊ သူ့တိုင်းပြည်၊ ကိုယ့်တိုင်းပြည်အကြောင်း ပြော၊ သူက ရုရှားက၊ မိဘတွေက ချမ်းသာတယ်။ အိမ်နဲ့အခြားအသုံးအဆောင်တွေ ဝယ်ပေးထားတယ်၊ သူက အဲဒီအိမ်ကို သူများကို ငှါးပြီး ငှါးလို့ ရတဲ့ လခနဲ့ ကမ္ဘာပတ်တယ်။ ပတ်မယ်။ သူ စိတ်ဝင်စားတာက ဒဿနိကဗေဒ။ အခု သူ့သူငယ်ချင်းက ဂျာမနီမှာ ကျောင်းတက်နေတယ်။ ဂျာမနီကို ခဏရောက်နေတာ။ အခု ဗုဒ္ဓဘာသာကို လေ့လာဖို့ စိတ်ကူးနေတုန်း ကိုယ့်ကို တွေ့တာ။ သူက ၃ ရက်ဆက်တိုက် ကျောင်းကို ရောက်လာတယ်။ စာကြည့်တိုက်လေးထဲမှာ ဆွေးနွေးလိုက်၊ စာအုပ်ဖတ်လိုက်။ စာအုပ်ဖတ်တာကတော့ ကိုယ်ပေးဖတ်တဲ့ စာအုပ်တွေကို ဖတ်တာ။ သူ့ စိတ်ဝင်စားမှုက အံ့မခန်းပဲ။ ၃ ရက်သင်တန်း သို့မဟုတ် ဆွေးနွေးပွဲလုပ်ချင်တယ် ရမလားဆိုတော့ ရတယ်ပေါ့။ သူနဲ့ဆွေးနွေးပြောဆိုဖြစ်ခဲ့တာတွေထဲက အနည်းငယ်လောက်ပဲ ဖော်ပြနိုင်ပေလိမ့်မယ်။
(၇)
သူ  စ မေးဖြစ်တာကတော့ “ဘာဖြစ်လို့ ကတုံး တုံးထားတာလဲ”၊ “အဝတ်အစားကရော ဘာလို့ တစ်မျိုးကြီး ဝတ်ထားတာလဲ”တဲ့။ “ပြောမယ်ဆိုရင်တော့ သမိုင်းနဲ့ချီပြီး ပြောရမှာ၊ ငါတို့ ဘုရားက အဓိကနဲ့ သာမညကို ခွဲထားတယ်။ ဒီခန္ဓာကိုယ်ကြီးက အနှစ်သာရမရှိဘူး။ အနှစ်သာရမရှိတဲ့ ခန္ဓာကိုယ်ကြီးကို အတတ်နိုင်ဆုံး ရိုးရှင်းစေချင်တယ်။ ဥပမာ မင်းမှာ ဆံပင်တွေ ရှိတော့ ဆံပင်နံ့တွေ ထွက်မယ်၊ အဲဒီအနံ့တွေကို ဖုံးဖို့အတွက် အမွှေးတွေ၊ ဝယ်ရမယ်၊ လိမ်းရမယ်၊ သန့်ရှင်းသပ်ရပ်နေစေဖို့အတွက် မင်း အချိန်အများကြီး ပေးရတယ်၊ တစ်လတစ်လကို အဲဒီဆံပင်အတွက် ထိုက်သင့်တဲ့ငွေကြေးပမာဏကိုလည်း သုံးစွဲရမယ်၊ အဲဒီဆံပင်အတွက် ကြောင့်ကြစိုက်ရတာ၊ စိုးရိမ်ရတာ၊ တွေးတောရတာတွေ အများကြီးပဲမဟုတ်လား၊ ငါတို့ကျတော့ အဲဒါတွေ မရှိဘူး။ ဗုဒ္ဓက ဒါတွေ မရှိစေချင်လို့ ခေါင်းတုံးခိုင်းတာ။
နောက်ပြီး ငါ ထင်တာ တစ်ခု ရှိသေးတယ်။ ဗုဒ္ဓက တော်လှန်ရေးသမား၊ အတွေးအခေါ် တော်လှန်ရေးသမားပေါ့။ သူက ဖန်ဆင်းခြင်းကိုလည်း ပယ်တယ်၊ လူ့ရဲ့ အထက်မှာ ရှိနေတဲ့ ဘုရားသခင်၊ တန်ခိုးရှင် အားလုံးကို ငြင်းတယ်။ အဲဒါတွေ ဘာမှ မရှိဘူး။ လူတိုင်းဟာ အရှင်သခင်ဖြစ်တယ်။ ကိုယ့်ကံကြမ္မာကို စီရင်နိုင်ခွင့်ရှိတာ လူပဲ။ ပြောလိုတာက ဗုဒ္ဓက အဲဒီလို တော်လှန်ခဲ့တာ။
နောက်ပြီး ဗုဒ္ဓခေတ် အိန္ဒိယမှာ အပြစ်ဒဏ်ပေးလို့ရှိရင် ခေါင်းတုံးရိတ်ပြီး ပြာတွေ ပတ်ကျဲတာဟာ စက်ဆုပ်စရာအပြစ်ပေးခြင်းပဲ။ ခေါင်းတုံးဟာ ရှက်စရာပဲ။ ဒီယဉ်ကျေးမှု ဒီကွန်းဆက်ကိုလည်း တော်လှန်လိုက်တာပဲ။ အဝတ်အစားကတော့ ပုံမှန်လူတွေနဲ့ မတူအောင်လို့ပါပဲ။ ဗုဒ္ဓက သူ့အဖွဲ့အစည်းရဲ့ ယူနီဖောင်းကို တစ်ခုတည်း၊ တစ်ပုံစံတည်း ဖြစ်စေချင်တယ်။ အခု တို့ဝတ်ထားတဲ့ပုံစံကိုက အဲဒီခေတ် ရသေ့ရဟန်းတွေ ဝတ်တဲ့ပုံစံနဲ့ ခပ်ဆင်ဆင်ပဲလို့ ယူဆရတယ်။
(၈)
သူနဲ့စကားပြောနေစဉ်မှာ အခြားဧည့်သည်တစ်ယောက် ရောက်လာတယ်။ ဒါကြောင့် “အမြီးကိုင်ကိုင် ခေါင်းကိုင်ကိုင်”ဆောင်းပါးထဲက ဥပမာလေး ပါဝင်တဲ့ အာဂျန်ချားရဲ့ စာအုပ်လေးကို ပေးလိုက်တယ်။ အဲဒီစာမျက်နှာကို ဖတ်ခိုင်းခဲ့တယ်။ ၁၅ မိနစ်လောက်အကြာ ပြန်ရောက်လာတော့ “ဘယ်လို သဘောရလဲ”လို့ မေးမိတယ်။ “ငါ အရမ်း စိတ်ထိခိုက်သွားတယ်”တဲ့။ “အော် ဘာဖြစ်လို့လဲ၊ ဘာစိတ်ထိခိုက်စရာပါလို့လဲ”လို့ မေးတော့ “ငါ လုပ်နေတဲ့အလုပ်တွေအားလုံးကို အဓိပ္ပာယ်မရှိဘူးလို့ ပြောသလိုဖြစ်နေတာကိုး၊ ငါ့အိမ်၊ ငါ့ပိုင်ဆိုင်မှု၊ ငါ တွယ်တာရတဲ့အရာအားလုံးဟာလည်း ဆင်းရဲခြင်းအကြောင်းပဲဆိုတော့ ငါ စိတ်မကောင်းမဖြစ်ဘဲ ဘယ်ရှိပါ့မလဲ”တဲ့။ နောက်ပြီး “လောကမှာရှိတဲ့အရာအားလုံးဟာ အနှစ်သာရမရှိဘူးဆိုရင် ငါတို့ ဒီလောကထဲမှာ ဘာဖြစ်လို့ အသက်ရှင်နေတော့မလဲ”တဲ့။
သူက အဲဒီလို ပြောချိန်က ဘာပြန်ပြောရမှန်းကို မသိတော့တာပါ။ “မင်းက တော်လ်စတွိုင်းရဲ့ တိုင်းပြည်ကလို့ မပြောရဘူး။ မင်းပြောသလို မင်း မေးခွန်းထုတ်သလို တော်လ်စတွိုင်းလည်း မေးခွန်းထုတ်ခဲ့ဖူးတယ်”လို့ ပြောလိုက်တော့ သူ တော်တော်ပျော်သွားတယ်။ “ဟုတ်တယ်၊ တော်လ်စတွိုင်းက ပြောတယ်၊ ဗုဒ္ဓဟာ လောကကြီးက ဆင်းရဲတယ်၊ ဒုက္ခသစ္စာကြီးပါလို့ ပြောပြီးတော့ ဘာဖြစ်လို့ ကိုယ့်ကိုကိုယ် သတ်မသေတာလဲ၊ အနှစ်သာရမရှိဘူးဆိုရင် သတ်သေလိုက်ပေါ့”တဲ့။ “ဒါကို ဘယ်က ဖတ်ထားတာလဲ”တဲ့။ “အိုး တို့နိုင်ငံမှာ မင်းတို့ဆီက စာရေးဆရာတွေ အတော်သိကြတယ်၊ ယက်ဖတူရှင်ကို၊ ပါစတာညက် စတဲ့ ရုရှားစာရေးဆရာနာမည်တွေ တို့ဆီမှာ နာမည်ကြီးတယ်၊ သူတို့ ဝတ္ထုတွေ နှစ်ခြိုက်ကြတယ်။ ဇီမားလမ်းဆုံတို့၊ ဒေါက်တာဇီဗားဂိုးတို့၊ ကာမာရာဇော့ညီအစ်ကိုများတို့ စတဲ့ စာအုပ်တွေ ငါ ဖတ်ဖူးတယ်၊ မင်း ဖတ်ဖူးလားတော့ မသိဘူး”စသဖြင့် ပြောပြလိုက်တော့ သူ အတော်လေး အထင်ကြီးသွားပုံရတယ်။ စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးက ဒီမှာ လာပြခဲ့တယ်။
(၉)
ဗုဒ္ဓဘာသာကို နားလည်ချင်ရင် လောကီနဲ့လောကုတ္တရာဆိုတာကို မင်းနားလည်ဖို့ လိုတယ်။ ဗုဒ္ဓဘာသာတစ်ဦးဖြစ်ပြီဆိုတာနဲ့ အဲဒီနှစ်မျိုးထဲက တစ်မျိုးမျိုးကို ပန်းတိုင်၊ ရည်ရွယ်ချက်တစ်ခုအဖြစ် ထားရှိရမယ်။ မင်းအနေနဲ့ ဒီဘဝမှာ ပျော်ပျော်ရွှင်ရွှင် သောကကင်းကင်း နေနိုင်ဖို့၊ တည်ငြိမ်တဲ့ဘဝတစ်ခုကို ဖန်တီးတည်ဆောက်ချင်လို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့လား။ ဒါမှမဟုတ် ဘဝက လွတ်မြောက်ချင်လို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့လားဆိုတာ ခွဲခြားထားရမယ်။ စောစောက ပြောတဲ့ မြွေဦးခေါင်းနဲ့မြွေအမြီးဥပမာက လောကုတ္တရာရှုထောင့် ပိုဆန်တယ်။ ဘဝလွတ်မြောက်မှုကို လိုချင်ပြီဟေ့ဆိုတာနဲ့ ချမ်းသာတာပဲဖြစ်ဖြစ်၊ ဆင်းရဲတာပဲဖြစ်ဖြစ် အရာအားလုံးကို အတည်မဲ့သဘောထားနဲ့ပဲ ကြည့်မြင်နိုင်အောင် ကြိုးစားရမယ်။ ချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ ကောင်းခြင်း၊ ဆိုးခြင်းတွေရဲ့အလွန်မှာ ဘဝလွတ်မြောက်မှုက ရှိတာ။ ချမ်းသာ၊ ဆင်းရဲ၊ အကောင်း၊ အဆိုး သတ်မှတ်ချက်တွေအပေါ် နစ်မွန်းနေသရွေ့ ဘဝလွတ်မြောက်မှုမရနိုင်ဘူး။ (Freedom is beyond good and bad).
ဟုတ်ပြီ။ အဲဒါက ဗုဒ္ဓဝါဒရဲ့ အနှစ်သာရ၊ ပန်းတိုင်တော့ ဟုတ်ပါပြီ။ ဒါဆိုရင် “ဗုဒ္ဓဘာသာကို ဘဝနေနည်း”လို့ ဘယ်လို ပြောနိုင်တော့မလဲ။ သူက ဆက်ပြီး မေးခွန်းထုတ်တယ်။ လောကီဘဝမှာ ပျော်ရွှင်စွာနေထိုင်နိုင်ရေးအွက် နည်းလမ်းပေါင်းများစွာကို ဗုဒ္ဓဘာသာက ပေးထားတယ်။ လောကမှာရှိတဲ့ ပျော်ရွှင်စွာနေထိုင်ရေးနည်းလမ်းတွေကို ဗုဒ္ဓဘာသာက မပယ်ဘူး။ ဒါပေမဲ့ အစွန်းမရောက်ဖို့ အရေးကြီးတယ်။ လောကရေးရာမှာ အစွန်းရောက်ရင်လည်း လောကကနေ ထွက်မြောက်ဖို့အတွက် အလွန်ခက်ခဲသွားမယ်။ လောကထဲမှာ လူ့ဘဝထဲမှာနေပြီးတော့ လောကုတ္တရာတွေချည်းတွေးကြံ ပြောဆိုနေရင်လည်း ဘဝက မရေမရာ မတင်မကျ ဖြစ်မယ်။ ဒီတော့ ဗုဒ္ဓလမ်းစဉ်ကို ကျင့်သုံးတော့မယ်ဆိုရင် ငါ ဘယ်ဖြစ်ချင်တာလဲ၊ ငါ ဘာလိုချင်တာလဲဆိုတာ သိရမယ်။
(၁ဝ)
သူနဲ့ပြောဖြစ်ခဲ့တဲ့အထဲက သတိရမိတာတစ်ခုကတော့ ၃၁ ဘုံအကြောင်းပါ။ ကျောင်းက နံရံမှာ ၃၁ ဘုံကို အစဉ်အတိုင်း ရေးထားတဲ့ ပိုစတာကို ကြည့်ပြီး ရှင်းပြဖို့ ပြောတဲ့အတွက် ၃၁ ဘုံအကြောင်းကို အကျဉ်းချုပ် ပြောပြရတယ်။ မေးခွန်းတွေနဲ့ဆွေးနွေးဖြစ်တာတွေကတော့ အများကြီးပဲ။ အဲဒီထဲက အမှတ်တရဖြစ်တဲ့တစ်ခုကတော့ တိရစ္ဆာန်ကို နိမ့်ကျတဲ့အပါယ်ဘုံစာရင်းမှာ ထည့်ထားတာကို သူ မကျေနပ်နိုင်ပါဘူးတဲ့။ နိမ့်ကျတယ်၊ အပါယ်ကျတယ်၊ ဆင်းရဲအတိဖြစ်တယ် … စတဲ့ဖွင့်ဆိုချက်တွေအတွက် စိတ်မကောင်းဘူးတဲ့။ သူ့မှာ ခွေးလေးတစ်ကောင်ရှိတယ်။ သူက အရမ်းချစ်စရာကောင်းတယ်။ အသိညာဏ်လည်း ရှိပါတယ်တဲ့။
အသိညာဏ်ရှိတယ်လို့ ဆိုပေမဲ့ လူတွေလို စဉ်းစားဝေဖန်နိုင်စွမ်း၊ ဆင်ခြင်တွေးတောနိုင်စွမ်း၊ သုံးသပ်ဆုံးဖြတ်နိုင်စွမ်း … စတဲ့ အဆင့်မြင့်အသိညာဏ်အခြေအနေများကိုတော့ ပိုင်ဆိုင်မှုမရှိကြောင်း ပြောပြရတယ်။ ဆက်လက်ပြီး ခွေး စတဲ့ တိရစ္ဆာန်တွေဟာ နိမ့်ကျတဲ့ ဘုံဘဝမှာ ရှိတယ်လို့ ဆိုရပေမဲ့ ဗုဒ္ဓဝါဒအရ လူသားတွေဟာလည်း ခွေး စတဲ့ တိရစ္ဆာန်ဘဝကို ရောက်နိုင်ကြောင်း၊ ၃၁ ဘုံသားတွေဟာ ဟိုဘုံက ဒီဘုံ အပြန်အလှန် ရောက်နိုင်ကြောင်း၊ အဲဒီလို ရောက်ရှိဖို့အတွက် မိမိတို့ ပြုလုပ်သောကံတရားက တွန်းပို့ခြင်းဖြစ်ကြောင်း၊ ကောင်းသောကံများက အထက်အထက် မြင့်မြတ်သောဘုံသို့ ပို့ဆောင်ကြောင်း၊ နိမ့်ကျသောကံများက အောက်ဘုံများသို့ ပို့ဆောင်ကြောင်း၊ မြင့်မြတ်သောလူသားတစ်ယောက်အဖြစ် မြင်တွေ့ရဖို့အတွက် ကမ္မဝါဒက အမြဲတမ်း မီးမောင်းထိုးပြနေကြောင်း … စသဖြင့် ရှင်းပြဖြစ်ခဲ့တယ်။
ရှင်းပြလို့အပြီးမှာ တအံ့တသြ အမူအရာများနဲ့ အလွန်စိတ်ဝင်စားမိကြောင်း၊ ဆက်လက်လေ့လာမည်ဖြစ်ကြောင်း ပြောပြတယ်။
(၁၁)
နောက် ဆွေးနွေးဖြစ်တာကတော့ ဘဝအစ၊ ဘဝအဆုံးကိစ္စပါ။ သူယုံကြည်သောဘာသာတရားအလိုအရ ဘဝအစဟာ ဘုရားသခင်က ဖန်ဆင်းလိုက်ခြင်းပဲ။ တရားစီရင်ခြင်းဟာ ဘဝအဆုံးပေါ့။ သူသိတဲ့ဘဝအစအဆုံးကို ပြောနေစဉ် အဲဒါတွေ ငါ သိပြီးသားတွေချည်းပဲလို့ ပြောတော့ “ငါသိတာတွေကျတော့ မင်းက သိနေပြီးဖြစ်တယ်။ မင်းသိတာတွေကျတော့ ငါ မသိဘူး။ ငါတော်တော်ညံ့သေးတာပဲ”လို့ပြောပြီး သူ့ကိုယ်သူ ငြီးတွားနေတယ်။ “မညံ့ပါဘူး။ မင်း သိတာတွေလည်း များပါတယ်။ ငါက မင်းထက် ၇ နှစ်ကြီးလို့ပါ”လို့ ပြောလိုက်တယ်။
ဘဝအစ၊ ဘဝအဆုံးနဲ့ပတ်သက်ပြီး ပြောဖြစ်တော့ ပဋိစ္စသမုပ္ပါဒ်အကြောင်း ရှင်းရတယ်။ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကို သူ အတော်စိတ်ဝင်စားသွားတယ်။ ငါတို့ ဆွေးနွေးခဲ့သမျှထဲမှာ ပဋိစ္စသမုပ္ပါဒ်ကို စိတ်အဝင်စားဆုံးပဲလို့ တတွတ်တွတ်ပြောနေတော့တယ်။ ပဋိစ္စသမုပ္ပါဒ်ဒေသနာအရ ဖန်ဆင်းရှင်မရှိ၊ လူတိုင်း၊ သတ္တဝါတိုင်းဟာ ဖန်ဆင်းရှင်ဖြစ်ကြောင်း ပြောပြတော့ အိုး မိုင် ဂေါဒ်လို့ ထအော်ပါတော့တယ်။ သူ ထအော်တော့ အော် … မင်းက ဘုရားသခင်ကို အတော်ချစ်သလားလို့ မေးမိတယ်။ ဘုရားသခင်ကို ချစ်လို့ မဟုတ်ကြောင်း၊ အာမေဋိတ်သက်သက်သာဖြစ်ကြောင်း ပြောတယ်။
တကယ်တော့ ငါက ထာဝရဘုရားကို မယုံဘူး။ ယေရှုခရစ်တော်ကိုသာ ဘုရားအဖြစ် ယုံကြည်တာ။ ကျမ်းဟောင်းထဲမှာ ထာဝရဘုရားက စစ်ပွဲတွေကို ဦးဆောင်ပြီး တိုက်တယ်။ လူပေါင်းများစွာကို သတ်တယ်။ ဒါတွေကို ငါ မကြိုက်ဘူး။ သူသာ တကယ်တည်ရှိခဲ့မယ်ဆိုရင် ငါ သူ့ကို မုန်းမိလိမ့်မယ်။ ငါ့ရင်ထဲမှာ ယေရှုခရစ်တော်ပဲ ရှိတယ်။ If he really exists, I would hate him. It’s only Jesus who dwells in my heart. ခရစ်တော်ကိုတော့ ငါ့ဘဝနဲ့ထပ်တူ ချစ်မြတ်နိုးတယ်။ လို့ ခရစ်ယာန်အပေါ် ယုံကြည်ချက်ကို အားတက်သရော ပြောပြနေပါတော့တယ်။
(၁၂)
သုံးရက်မြောက်နေ့ကျတော့ ဗုဒ္ဓဘာသာဆိုင်ရာစာအုပ်တွေ၊ ဖတ်စေချင်တဲ့စာအုပ်တွေ ပြောပြဖို့ တောင်းဆိုတယ်။ What the Buddha Taught ၊ What Buddhist Believe ၊ The collected teachings of Ajahn Chah စတဲ့ စာအုပ် ၁ဝ အုပ်လောက်ကို ညွှန်လိုက်တယ်။ အင်တာနက်မှာက လမ်းကြောင်းအမှန်ကို သိဖို့ မလွယ်ကူကြောင်း၊ အခုလို အပြင်မှာ တွေ့ဆုံဆွေးနွေးလိုက်ရမှ တိတိပပ သိခွင့်ရကြောင်း၊ သူ့လိုပဲ ဗုဒ္ဓဘာသာကို စိတ်ဝင်စားသူ လူငယ်များ မြောက်မြားစွာ ရှိနေကြောင်း၊ သို့ရာတွင် သူတို့ကို ကူညီလမ်းညွှန်ပေးနိုင်သူ မရှိဖြစ်နေကြောင်း၊ အခု မင်းနဲ့ဆွေးနွေးခွင့်ရတဲ့အတွက် ကျေးဇူးအထူးတင်ကြောင်း ပြောပြတယ်။ အချို့စာအုပ်တွေလည်း ပေးလိုက်တယ်။ ကျေးဇူးတင်စကားများ အပြန်အလှန်ပြောပြီး နှုတ်ဆက်ထွက်ခွါသွားခဲ့တယ်။
(၁၃)
သူ ပြန်သွားပြီး ခဏနေတော့ မိုးတဖွဲဖွဲ ကျလာခဲ့တယ်။ သူ ထီးမှ ပါပါ့မလားလို့ တွေးမိလိုက်သေးတယ်။ သုံးရက်တာ ဆွေးနွေးပြောပြခွင့်ရစေခဲ့တဲ့ ဗုဒ္ဓဘာသာစိတ်ဝင်စားသူ ဂျူလီယာ။ သူ့လို လူတွေ ဘယ်လောက်တောင် ရှိနေမလဲ။ အခြားတစ်ဖက်မှာတော့ သူတို့ကို ကူညီလမ်းပြပေးမယ့် ဗုဒ္ဓဘာသာစင်တာများ၊ ကျောင်းတော်များက အဆင်သင့်ရှိမနေခဲ့ပါ။ ဗုဒ္ဓဘာသာဝင်တွေ ချမ်းသာပြီး အနောက်တိုင်းမှာ ဗုဒ္ဓဘာသာစင်တာတွေ၊ ကျောင်းတော်တွေ၊ ပညာတတ်ရဟန်းတော်တွေ မြောက်မြားစွာ ပေါ်ပေါက်လာအောင် ကြိုးစားနိုင်ကြရင်တော့ အနောက်တိုင်းကမ္ဘာက ဗုဒ္ဓဘာသာငတ်မွတ်သူများအတွက် အလွန်တရာအကျိုးရှိနေပါလိမ့်မယ်။

အရှင်ကုသလသာမိ (အတည်မဲ့)

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails