Tuesday, July 8, 2014

ကုသိုလ်လေးနဲ့ နေရအောင်




(၁)
တစ်ခါက ရသေ့ကြီးတစ်ပါးဟာ တောအုပ်အစပ်မှာ တဲကျောင်းလေးတစ်ကျောင်း ဆောက်ပြီးနေတယ်။ အဲဒီတဲကျောင်းလေးနဲ့ မနီးမဝေးမှာတော့ ပြည့်တန်ဆာမတစ်ယောက်ရဲ့ အိမ်ရှိတယ်။ ပြည့်တန်ဆာမဟာ ရုပ်ရည်က အလွန်ချောမောတော့ နေ့စဉ်နဲ့အမျှ သူ့ဆီကို လာတဲ့ အမျိုးသားတွေ မြောက်မြားစွာ ရှိတယ်။ ဒါကြောင့် သူမရဲ့အိမ်ဟာ အမြဲတမ်း စည်ကားနေတော့တယ်။ သူမအိမ်နဲ့ ဆန့်ကျင်စွာပဲ ရသေ့ကြီးရဲ့ ကျောင်းသင်္ခမ်းလေးကတော့ အမြဲတမ်း တိတ်ဆိတ်စွာ အေးချမ်းစွာ ရှိနေပါတယ်။ သူမကတော့ အချိန်ရရင် ရသလို ရသေ့ကြီးရဲ့ ကျောင်းသင်္ခမ်းလေးကို လှမ်းလှမ်းကြည့်ပြီး “အော် အေးချမ်းလိုက်တာ၊ သာယာလိုက်တာ”ဆိုပြီး ကျောင်းသင်္ခမ်းလေးရဲ့ သာယာမှုကို ကြည်နူးနေခဲ့တယ်။ တစ်ချိန်တည်းမှာပဲ တစ်ပါးတည်း အေးချမ်းစွာ နေနေတဲ့ ရသေ့ကြီးကို လှမ်းပြီး ကြည်ညိုနေခဲ့တယ်။
ရသေ့ကြီးရဲ့ကျောင်းသင်္ခမ်းလေးရှေ့မှာ ကွပ်ပျစ်လေးတစ်ခု ရှိတယ်။ အဲဒီကွပ်ပျစ်လေးပေါ်မှာ ရေနွေးအိုးလေးတစ်လုံးနဲ့ရသေ့ကြီးကတော့ ပြည့်တန်ဆာမအိမ်ဘက်ကို အမြဲတမ်း စိတ်ဝင်တစား ကြည့်နေခဲ့တယ်။ အမျိုးသားတွေ နေ့စဉ်နေ့တိုင်း တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်ပျော်ပါးနေကြတာကို စိတ်ဝင်စားသွားတယ်။ ဒါနဲ့ အမျိုးသားတစ်ယောက် ဝင်သွားတိုင်း ကျောက်ခဲလေးတစ်လုံးကို ကောက်ပြီး တစ်နေရာမှာ ပုံထားတယ်။ ဒီလို လုပ်လာလိုက်တာ တစ်နေ့ကျတော့ ကျောက်ခဲပုံကြီးတစ်ခု ဖြစ်လာခဲ့တယ်။
ဒီလိုနဲ့ ပြည့်တန်ဆာမရော ရသေ့ကြီးပါ ကွယ်လွန်သွားခဲ့ကြတယ်။ ပြည့်တန်ဆာမက နတ်ပြည်ကို ရောက်သွားတယ်။ ရသေ့ကြီးကတော့ ငရဲပြည်ကို ရောက်သွားခဲ့ပါတယ်။ ဒါနဲ့ ရသေ့ကြီးက “အရှင်ယမမင်း … နှစ်ပေါင်းများစွာ တစ်ပါးတည်းနေပြီး ရသေ့ဝတ်လာတဲ့ ကျုပ်ကျတော့ ငရဲပြည်မှာ နေရပြီး ယောက်ျားပေါင်းများစွာနဲ့ ပျော်ပါးနေခဲ့တဲ့ ပြည့်တန်ဆာမကျတော့ နတ်ပြည်ရောက်သွားတယ်၊ ဘယ်လို ဖြစ်တာလဲ”လို့ မေးလိုက်ပါတယ်။
ဒါနဲ့ ယမမင်းကြီးက “ပြည့်တန်ဆာမဟာ အမိအိုနဲ့လုပ်ကိုင်မစားသောက်နိုင်တဲ့ ညီအစ်ကိုမောင်နှမတွေကို လုပ်ကိုင်ကျွေးမွေးတယ်။ နေ့စဉ်နဲ့အမျှ ရသေ့ကြီးရဲ့ ကျောင်းသင်္ခမ်းလေးကို ကြည့်ပြီး ကြည်ညိုစိတ်နဲ့ ကုသိုလ်အတွေးတွေ တွေးတယ်။ ဒါကြောင့် နတ်ပြည်ကို ရောက်ရတယ်။ သင်ကတော့ နေရင်းထိုင်ရင်း သူများကိုကြည့်ပြီး နေ့တိုင်း အကုသိုလ်တွေ ပွားနေတယ်။ ဒါကြောင့် သင်ဟာ ငရဲပြည်မှာ ရောက်နေရခြင်း ဖြစ်တယ်”လို့ ရှင်းပြလိုက်ပါတယ်။
(၂)
ပုံပြင်ထဲမှာ ရသေ့ကြီးက ဘာတွေ ဆက်ပြောတယ်။ ဘာတွေ ဆက်ဖြစ်တယ်ဆိုတာတော့ မသိရပါဘူး။ ဒါက ပုံပြင်တစ်ပုဒ်သာဖြစ်တော့ အဲဒီလောက် အသေးစိတ်စရာလည်း မလိုဘူး ထင်ပါတယ်။ ပုံပြင်ဆိုပေမဲ့ တွေးစရာတွေ၊ သင်္ခန်းစာယူစရာတွေက အများကြီး ပါနေပါတယ်။ လူအမျိုးမျိုး၊ စိတ်အထွေထွေဆိုတဲ့အတိုင်း လောကကြီးဟာ မတူကွဲပြားတဲ့ အယူအဆတွေ၊ ပုံသဏ္ဌာန်တွေ တစ်နည်းအားဖြင့် ဘဝပုံရိပ်တွေက အမျိုးမျိုးအဖုံဖုံ ရှိနေပါတယ်။ အဲဒီလို မတူညီမှုတွေအပေါ် အခြေခံပြီး ဘဝရပ်တည်ချက်တွေကလည်း ကွဲပြားနေပြန်တယ်။
အချို့သူတွေအတွက် ကုသိုလ်ဖြစ်ဖို့ လွယ်ကူသလို အချို့သူတွေအတွက်ကျတော့ ကုသိုလ်ဖြစ်ဖို့ အတော်ကို ကြိုးစားနေကြရတယ်။ အချို့ကတော့ ဘဝပေးအခြေအနေကြောင့် အကုသိုလ်ဖြစ်မယ့်ပတ်ဝန်းကျင်မှာ နေနေရပေမဲ့ အချို့ကျတော့ အစစအရာရာ ကုသိုလ်ဖြစ်နိုင်တဲ့ပတ်ဝန်းကျင်မှာ နေနေရတာတောင် ကုသိုလ်ဖြစ်အောင် မနေတတ်ကြပါဘူး။
အထက်က ပုံပြင်ထဲမှာ ရသေ့ကြီးရဲ့ကျောင်းသင်္ခမ်းဟာ ကုသိုလ်ဖြစ်စရာ ပတ်ဝန်းကျင်ကြီးပါ။ ဒါပေမဲ့ သူများရဲ့လုပ်ရပ်တွေကို ကြည့်ပြီး အကုသိုလ်တွေ ပွားနေခဲ့တယ်။ အေးချမ်းတိတ်ဆိတ်တဲ့ ကုသိုလ်အရိပ်အမြုံကနေ ပူလောင်ရှုပ်ထွေးတဲ့ အကုသိုလ်ပြကွက်တွေကို ငေးမောရင်း အချိန်တွေကို ကုန်လွန်စေခဲ့တယ်။
အခြားတစ်ဖက်မှာတော့ ပြည့်တန်ဆာမလေးဟာ တဏှာလောဘတွေ၊ ဒေါသတွေ၊ မောဟတွေ၊ အလိုမကျမှုတွေ၊ တွယ်တာမှုတွေ၊ ပြင်းပြတဲ့ဆန္ဒတွေနဲ့ ရှုပ်ထွေးပွေလိမ်နေတဲ့ မှော်ရုံတောကနေ ရသေ့ကြီးရဲ့ကျောင်းသင်္ခမ်း အေးအေးချမ်းချမ်းလေးကို လှမ်းငေးရင်း ကုသိုလ်တွေကို အရယူနိုင်ခဲ့တယ်။
(၃)
စာဖတ်သူများအနေနဲ့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်လေးကို ပြန်ငဲ့ကြည့်လိုက်ပါဦးလား။ “ငါ ကျင်လည်နေရတဲ့ ပတ်ဝန်းကျင်က ကုသိုလ်အဖြစ်များနိုင်စရာ ပတ်ဝန်းကျင်လား၊ အကုသိုလ်အဖြစ်များနိုင်စရာ ပတ်ဝန်းကျင်လား”ဆိုတာကိုပေါ့။ ကုသိုလ်ဖြစ်နိုင်စရာ ပတ်ဝန်းကျင်ကြီးမှာ ရှိနေတယ်ဆိုရင် “အော် ငါ အတော်ကံကောင်းပါလား”လို့ တွေးပြီး ကုသိုလ်တွေကို အရယူလိုက်ကြပါ။ ပုံပြင်ထဲက ရသေ့ကြီးလို မဖြစ်ဖို့တော့ အရေးကြီးပါတယ်။ ဘဝအဆက်ဆက်က အကြောင်းကံတွေကြောင့် အကုသိုလ်များတဲ့ ပတ်ဝန်းကျင်မှာ ရှိနေခဲ့မယ်ဆိုရင်လည်း “အော် ငါ အတော်ကံဆိုးပါလား”လို့ မတွေးမိပါစေနဲ့။ ပုံပြင်ထဲက အမျိုးသမီးလေးလို ကုသိုလ်ကို အမိအရ ရှာဖွေယူတတ်အောင် ကြိုးစားကြစေချင်ပါတယ်။ ကိုယ်ကသာ ကြိုးစားချင်တဲ့ဆန္ဒရှိပါစေ ကုသိုလ်တွေက ပတ်ဝန်းကျင်မှာ အများကြီး ရှိနေတာ တွေ့ပါလိမ့်မယ်။
(၄)
နေ့စဉ်နဲ့အမျှ သတင်းမီဒီယာတွေ၊ သတင်းစာတွေ၊ လူမှုကွန်ရက်တွေကနေ အကြောင်းအရာပေါင်းစုံ၊ သတင်းပေါင်းစုံက လူမှုဘဝတွေထဲကို နက်နက်ရှိုင်းရှိုင်း တိုးဝင်လာနေတယ်။ မှန်တာတွေရော၊ မမှန်တာတွေရော၊ ကောင်းတာတွေရော၊ မကောင်းတာတွေရော စုံလို့နေတယ်။ အချို့က ကုသိုလ်ဖြစ်အောင် တွေးတတ်ကြသလို အချို့ကတော့ အခြားသူများရဲ့အကြောင်းတွေကို အချိန်နဲ့အမျှ တွေးတောမြည်တွန်ရင်း အကုသိုလ်တွေနဲ့ အချိန်ကုန်နေကြတယ်။
လုပ်ဆောင်ချက်တစ်ခု မှန် မမှန်၊ ကောင်း မကောင်းကို သုံးသပ်တာ၊ ဆုံးဖြတ်တာ ကောင်းပါတယ်။ ဒါပေမဲ့ အခြားသူများရဲ့လုပ်ဆောင်ချက်ကို အကောင်း၊ အဆိုး သုံးသပ်ဆုံးဖြတ်တဲ့အရာမှာတော့ ကိုယ်ချင်းစာတရားနဲ့ ယောနိသောမနသိကာရ (သင့်တင့်သောနှလုံးသွင်းမှု)ရှိနေဖို့ လိုအပ်ပါတယ်။
တစ်နည်းအားဖြင့် ကုသိုလ်ဖြစ်အောင် သုံးသပ်တတ်ဖို့၊ ဆုံးဖြတ်တတ်ဖို့ အရေးကြီးပါတယ်။ တစ်နည်းအားဖြင့် လောကအတွက် အပြုသဘောဆောင်ပြီး အကျိုးများအောင် သုံးသပ်ဆုံးဖြတ်ဖို့ အရေးကြီးလှပါတယ်။ လူ့ဘဝဆိုတာ ခဏဆိုမှ ခဏလေးရယ်ပါ။ ကုသိုလ်ဖြစ်အောင် တွေးရအောင်ပါ။ ကုသိုလ်ဖြစ်အောင် ပြောရအောင်ပါ။ အခြားသူများရဲ့ လုပ်ရပ်တွေကို ဝေဖန်ပြစ်တင်ရင်း အချိန်မကုန်ရအောင် သတိပြုရအောင်ပါ။ အဲဒီလိုမှ မဟုတ်ရင်တော့ ပုံပြင်ထဲက ရသေ့ကြီးလို သူများအားနည်းချက်ကို ကြည့်ရင်း အချိန်ကုန်သွားလိမ့်မယ်။
(၅)
ဓမ္မပဒမှာ သူတစ်ပါးအပြစ်ကိုချည်း လိုက်ကြည့်ပြီး ဝေဖန်တတ်တဲ့ရဟန်းတစ်ပါး ရှိတယ်။ “ဒီကိုယ်တော်က သင်္ကန်းကို ဒီလိုကြီး ဝတ်တယ်၊ ဒီကိုယ်တော်ကတော့ ဒီလိုကြီး နေတယ်”စသဖြင့် အမြဲတမ်း ဝေဖန်ပြစ်တင်လေ့ရှိတယ်။ အဲဒီရဟန်းကိုအကြောင်းပြုပြီး မြတ်စွာဘုရားက “ပရဝဇ္ဈာနုပဿိဿ၊ နိစ္စံ ဥဇ္ဈာနသညိနော။ အာသဝါ တဿ ဝဍ္ဎန္တိ၊ အာရာ သော အာသဝက္ခယာ”လို့ မိန့်တော်မူပါတယ်။ အဓိပ္ပာယ်ကတော့ “သူတစ်ပါးအပြစ်ကို အမြဲတမ်း ကြည့်၊ ပြောဆိုပြစ်တင်နေသူဟာ လောဘ၊ ဒေါသ၊ မောဟတွေသာ တိုးပွားတယ်။ နိဗ္ဗာန်နဲ့လည်း ဝေးပါတယ်”လို့ ဆိုလိုပါတယ်။
နိဗ္ဗာန်ဆိုတဲ့စကားလုံးက မြင့်လွန်းတယ်ဆိုရင် ဒီလိုလေး နားလည်လိုက်ပါ။ “သူများ မကောင်းကြောင်းကို ပြောပြီးနေတဲ့သူဟာ ကုသိုလ်နဲ့ဝေးတယ်”လို့ မှတ်ထားလိုက်ပါ။ ဒီတော့ သူများ မကောင်းတာကို ပြောတာဟာ ကိုယ့်ရဲ့ကောင်းတာလေးတွေကို ဖဲ့ခြွေပေးနေရတာပါ။ ကိုယ့်ကိုကိုယ် ကောင်းအောင် အရင်ဆုံး ကြိုးစားတာဟာ (အတ္တသမာပဏိဓိ) မင်္ဂလာကို ဖြည့်ဆည်းနေခြင်း ဖြစ်ပါတယ်။ ဒီတော့ ကိုယ့်ကိုကိုယ် ကောင်းအောင် ကြိုးစားနေတာဟာ ကိုယ့်ကိုကိုယ်ရော၊ လောကကိုရော ကောင်းမွန်အောင် တည်ဆောက်နေခြင်းပါ။
(၆)
ကိုယ်တိုင် တိုးတက်ချင်လို့ပဲဖြစ်ဖြစ်၊ ကိုယ့်ပတ်ဝန်းကျင် တိုးတက်စေချင်လို့ပဲဖြစ်ဖြစ်၊ နိုင်ငံတိုးတက်စေချင်လို့ပဲဖြစ်ဖြစ်၊ လောကတိုးတက်စေချင်လို့ပဲဖြစ်ဖြစ် အရင်ဆုံး ပြုလုပ်ရမှာက မိမိကိုယ်တိုင်ပါ။ မိမိကိုယ်ကို ကောင်းအောင်ပြုပြင်ကြိုးစားခြင်းဟာ ကုသိုလ်နဲ့ နေတာပါပဲ။ ကုသိုလ်နဲ့နေတော့ အရာရာဟာ တင့်တယ်တော့မှာပေါ့။


အရှင်ကုသလသာမိ (အတည်မဲ့)

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails