Tuesday, July 8, 2014

ဂျာမနီက ဗုဒ္ဓနေ့ပွဲတော်နှင့် မှတ်မှတ်ရရ အတွေးများ (နိဂုံး)



(၁၄)
Sariputta Institut ဗုဒ္ဓနေ့ပွဲတော်ကျရင် တစ်နေ့ကို ၃ ကြိမ်တောင်မှ တရားဟောရမယ်၊ တရားပြရမယ်ဆိုတော့ နေ့စဉ်နဲ့အမျှ ပြင်ဆင်နေရတော့တယ်။ ပြင်ဆင်မှုအချို့ ရှိလာတာနဲ့အမျှ စိတ်လှုပ်ရှားမှုတော့ မဖြစ်တော့ပါဘူး။ နောက်တစ်ပိုင်းကလည်း ဒီက ဂျာမန်တွေဟာ အင်္ဂလိပ်စကားကို နားလည်ရုံ၊ ဆက်သွယ်နိုင်ရုံမျှပဲ တတ်မြောက်ကြတာပါ။ နောက်ပြီး ပရိသတ်ကလည်း သိပ်များမှာ မဟုတ်ဘူး။ လာတဲ့ပရိသတ်ကိုလည်း ဂျာမန်ဘာသာနဲ့တစ်အုပ်စု၊ အင်္ဂလိပ်လို တစ်အုပ်စု ခွဲလိုက်တော့ အယောက် ၂ဝ ထက်မပိုနိုင်တော့ဘူး။ ဒီကြားထဲမှာ ဗီယက်နမ်မှာ ကျင်းပတဲ့ ကမ္ဘာ့ဗုဒ္ဓနေ့အခမ်းအနားအတွက် Sariputta Institut ရဲ့ စကားလက်ဆောင်ကို ရေးပေးခဲ့တာဟာလည်း ဒီနှစ်ဗုဒ္ဓနေ့အတွက် အမှတ်တရတစ်ခုပါပဲ။
(၁၅)
ဒီလိုနဲ့ မေလ ၁၇ ရက်နေ့ကို ရောက်လာခဲ့တယ်။ ၁၇ ရက်နေ့ကတော့ မြန်မာတွေ မလာကြပါဘူး။ သီရိလင်္ကာ ၇ ယောက်လောက်ရယ်၊ ဗီယက်နမ် ၃ ယောက်၊ ထိုင်း ၁ဝ ယောက်လောက်ရယ်နဲ့ ကျန်တာကတော့ ဂျာမန် ၄ဝ လောက်ရှိပါလိမ့်မယ်။ ထင်ထားတဲ့အတိုင်းပဲ အင်္ဂလိပ်လို တရားဟောမယ်ဆိုတော့ ပရိသတ်က ၁၅ ယောက်လောက်ပဲ ကျန်ပါတယ်။ ဘာမှန်းညာမှန်း မသိဘဲ လူတွေမြင်လို့ ဝင်ရောက်နားထောင်တဲ့သူ ၅ ယောက်ရယ်ဆိုတော့ ပရိသတ်က ၂ဝ ဦးသာ ရှိပါတယ်။
(၁၆)
Wesak ခေါ် ဗုဒ္ဓနေ့ပွဲတော်များ ကျင်းပကြပုံနဲ့ ဗုဒ္ဓနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ပြောပြတယ်။ နောက်ပြီး “ဖွား ပွင့် ဟော စံ၊ ဗျာဒိတ်ခံ၊ မှတ်ရန်ကဆုန်၊ လပြည့်ကြုံ”ဆိုတဲ့ လင်္ကာလေးကို အခြေခံပြီး ဗုဒ္ဓဝင်ကို ပြောပြတယ်။ အဲဒီအထဲမှာမှ ဖွားမြင်ခြင်း၊ ဘုရားဖြစ်တော်မူခြင်းနဲ့ ပရိနိဗ္ဗာန်စံတော်မူခြင်း ၃ ခုကိုသာ အများဆုံး လက်ခံကြကြောင်း၊ ကျန်နှစ်ခုဖြစ်တဲ့ မဟာဗုဒ္ဓဝင်ကို ဟောတော်မူခြင်းနဲ့ ဗျာဒိတ်ခံယူတော်မူခြင်း အဖြစ်အပျက်နှစ်ခုကတော့ လက်ခံခြင်း၊ လက်မခံခြင်းထက် အရေးတယူ ထည့်သွင်းပြောဆိုလေ့ မရှိကြကြောင်း ပြောပြဖြစ်တယ်။ တစ်ဖန် ဘာသာတရားတစ်ခုအကြောင်း ပြောတဲ့အခါမှာ ယုံကြည်သက်ဝင်သူရှုထောင့်မှ ပြောဆိုခြင်းနဲ့ ပညာရပ်ဆန်ဆန်လေ့လာသူရှုထောင့်မှ လေ့လာခြင်းဟု နှစ်မျိုးရှိနိုင်ကြောင်း၊ အခု ဦးဇင်း ပြောတာက ယုံကြည်သက်ဝင်သူရှုထောင့်မှ ပြောဆိုခြင်းဖြစ်ကြောင်း၊ ပညာရပ်ဆန်ဆန်လေ့လာသူရှုထောင့်မှ သိလိုလျှင် တစ်ဖက်အခန်းတွင် စာအုပ်များစွာ ရှိကြောင်း ပြောပြဖြစ်ခဲ့တယ်။
သီရိလင်္ကာသား ဒကာကတော့ သူတို့ဆီမှာလည်း ကျန်နှစ်ခုဖြစ်တဲ့ မဟာဗုဒ္ဓဝင်ကို ဟောတော်မူခြင်းနဲ့ ဗျာဒိတ်ခံယူတော်မူခြင်း အဖြစ်အပျက်နှစ်ခုကို ပြောဆိုတာ မကြားမိကြောင်း ပြောပြတယ်။ မနက် ၁ဝ နာရီမှာ စပြီး ၁၁ နာရီမှာ အဆုံးသတ်ပါတယ်။
(၁၇)
တရားဟောအပြီးမှာ မြတ်စွာဘုရားဖွားတော်မူခြင်း ရုပ်တုကို ရေသွန်းလောင်းကြတယ်။ စုပေါင်းဘုရားရှိခိုးကြတယ်။ နောက်ပြီး ထူးခြားချက်အနေနဲ့ ဗုဒ္ဓဘာသာကို စိတ်ဝင်စားရုံသာမက ဗုဒ္ဓဘာသာအဖြစ် ခံယူလိုသူများ ရှိပါက ရှေ့ထွက်ရန်နှင့် သရဏဂုံနှင့်ငါးပါးသီလဆောက်တည်ရန် ကြေညာတဲ့အခါ ဂျာမန် ၄ ဦး၊ ဗီယက်နမ် ၂ ဦးနှင့် အိန္ဒိယတစ်ဦးတို့ ဗုဒ္ဓဘာသာအဖြစ် ခံယူကြသည်။ သူတို့ကို သရဏဂုံနှင့် ငါးပါးသီလပေးပြီး ဗုဒ္ဓဘာသာအဖြစ် ခံယူစေခဲ့တာဟာ ဦးဇင်းအတွက် ပထမဆုံးအတွေ့အကြုံဖြစ်လို့ ဖော်မပြနိုင်လောက်အောင် ပီတိဖြစ်မိခဲ့ပါတယ်။
အဲဒီနောက် နေ့လယ် ၁၂ နာရီကျော်ကျော်မှာ ဆွမ်းစားတယ်။ ၁၂ နာရီဆိုလို့ ဟင် … လို့ မဖြစ်နဲ့ဦး။ ဒီမှာက ၁ နာရီဝန်းကျင်ကျမှ မွန်းလွဲတာပါ။ အင်တာနက်မှာ ဂျာမနီနိုင်ငံ မွန်းလွဲချိန်တွေလည်း ရေးထားပါတယ်။ ဆွမ်းစားပြီး ခဏနေတော့ သီရိလင်္ကာနိုင်ငံသူ နီလာမီက သီရိလင်္ကာယဉ်ကျေးမှု၊ စွယ်တော်အကြောင်း စတာတွေကို မိတ်ဆက်တယ်။ ပြီးနောက် သူ့သမီးလေးကို စွယ်တော်ကို ဆံပင်ထဲမှာ ဝှက်ပြီး သယ်သွားရတဲ့ ဟေမမာလာမင်းသမီးလေးအကြောင်းကို ကပြတယ်။ သီရိလင်္ကာ တေးသံလေးတွေ ကြားရတော့ ရင်ထဲအထိ စွဲနစ်ခဲ့ဖူးတဲ့ သီရိလင်္ကာယဉ်ကျေးမှုအငွေ့အသက်တွေက ပြန်လည်နိုးထလာသလို ခံစားမိတယ်။
(၁၈)
နေ့ခင်း ၂ နာရီမှာ တရားပွဲပြန်စတယ်။ စ ဟောချိန်မှာ ၁၂ ယောက်သာရှိပေမဲ့ ကြော်ညာသင်ပုန်းကြည့်ပြီး ဝင်လာကြလို့ ၂၅ ယောက်လောက်ဖြစ်သွားတယ်။ ဝင်လာသမျှက လူငယ်လေးတွေချည်းပဲ။ ဆွေးနွေးဟောပြောရတဲ့အကြောင်းအရာက တရားထိုင်နည်းများအကြောင်း ဖြစ်တယ်။ တရားထိုင်ဖို့ စတင်ပြီဆိုတာနဲ့ ရည်ရွယ်ချက် ၂ မျိုးထားရှိဖို့ ပြောထားရတယ်။ စိတ်ငြိမ်ရုံ၊ စိတ်ချမ်းသာရုံဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဘဝလွတ်မြောက်မှုကို လိုချင်တဲ့ ရည်ရွယ်ချက် ၂ မျိုးကို ရှင်းပြတယ်။ အခု ရောက်လာသူအားလုံးက ဘာရည်ရွယ်ချက်လဲဆိုတော့ အားလုံး ရယ်ကြတယ်။ ပြီးတော့ ဖြေကြတယ်။ ဘဝမှာ စိတ်ချမ်းချမ်းသာသာ နေချင်တယ်။ ပြဿနာတွေ ပြေလည်ချင်တယ်။ ဒါကြောင့် တရားအားထုတ်ချင်တာပါတဲ့။ မေးခွန်းတွေ အများကြီး မေးကြတယ်။ ဒါပေမဲ့ အချိန်အကန့်အသတ်ကြောင့် အနည်းငယ်သာ ပြောဖြစ်ခဲ့ကြတယ်။
မှတ်မှတ်ရရ မေးခွန်းကတော့ … အတွေးကိစ္စပါ။ ဦးဇင်းက ရှင်းပြတယ်။ တရားထိုင်တဲ့အခါမှာ အတွေးတွေ ဝင်လာမယ်။ အတွေးဆိုတာ သူခိုးနဲ့တူတယ်။ ဘာဖြစ်လို့ သူခိုးနဲ့တူသလဲဆိုတော့ သူခိုးဆိုတာ အိမ်ရှင်က သတိမပြုမိသရွေ့ အိမ်ထဲက ပစ္စည်းတွေကို ယူသွားမှာပါ။ အိမ်ရှင်က သတိပြုမိပြီဆိုတာနဲ့ ထွက်ပြေးတော့တာပဲ။ အဲဒီလိုပဲ အတွေးဆိုတာက သတိပြုမိလိုက်တာနဲ့ ပျောက်သွားတယ်။ အဲဒါကြောင့် အတွေးတစ်ခု ဝင်လာရင် သတိပြုရုံပဲ ပြုလိုက်ပါ။ အတွေးတွေကို အဲဒီသတိပြုခြင်းအားဖြင့် ပယ်ဖျောက်ပါလို့ ပြောထားတယ်။ ဒါကို မြူးနစ်တက္ကသိုလ်ကျောင်းသူက မေးတာ။
“အရှင်ဘုရား (သူပြောတာကတော့ YOU ပေါ့ဗျာ) ပြောတဲ့အထဲမှာ အတွေးတွေကို ရှင်းထုတ်ဖို့ဆိုတာကို ခဏခဏ ပြောတယ်။ နောက်ပြီး အတွေးကို သူခိုးနဲ့တူတယ်လို့လည်း ပြောတယ်။ သတိပြုဖို့လည်း ပြောတယ်။ သတိမပြုရင် အဲဒီအတွေးက ငါ့ဆီကနေ ဘာတွေကို ယူသွားနိုင်ပါသလဲ”တဲ့။
အားပါးပါး။ မေးခွန်းကတော့ အတော်ကောင်းပါတယ်ပေါ့လေ။ ဒီတော့ သမ္မာသင်္ကပ္ပအကြောင်းတွေလည်း ရှင်းပြရတယ်။ အားလုံးတော့ မပြောတော့ဘူး။ သူ သဘောကျသွားတဲ့အချက်တစ်ခုကိုပဲ ပြောပါရစေ။ “ကဲ ဥပမာတစ်ခု ပြောပြမယ်။ မင်းက ကျောင်းသူတစ်ယောက်ဖြစ်တယ်။ ဂျာမန်သမိုင်းစာအုပ်ကို ဖတ်နေတယ်။ ဖတ်နေတာက ဂျာမန်သမိုင်းနော်။ အဲဒီအချိန်မှာ မင်းခေါင်းထဲကို မင်းရည်းစားအကြောင်း ဝင်လာတယ်။ ပြီးခဲ့တဲ့အပတ်က မင်းရည်းစားက မုန့်ခွံ့ကျွေးလို့ မင်း ပျော်ခဲ့ရတာကို မင်း ပြန်တွေးမိသွားတယ်။ မင်းမျက်လုံးကတော့ စာတွေကို ဖတ်နေဆဲပဲ။ စာမျက်နှာတွေလည်း တော်တော်များများ ပြီးနေပြီ။ တစ်ပြိုင်တည်းမှာပဲ မင်းရည်းစားအကြောင်းကိုလည်း ဖျက်ခနဲ ဖျက်ခနဲ တွေးမိနေတယ်။ ကဲ အဲဒီတော့ ငါက ပြန်မေးချင်တာက မင်းရည်းစားအကြောင်း တွေးတဲ့ အတွေးတွေက မင်းဆီက ဘာတွေကို ယူသွားခဲ့သလဲ”လို့ ရှင်းပြပြီး မေးခွန်းပြန်ထုတ်လိုက်တော့ ချက်ချင်းသဘောပေါက်သွားတဲ့ပုံပြတယ်။ ငါ့အချိန်တွေ၊ ငါ့လေ့လာမှုတွေကို သူ ခိုးသွားတာပဲတဲ့။
“ဆိုလိုတာက အခု တို့ တရားအားထုတ်နည်းဆိုတာက အာရုံစူးစိုက်မှု၊ တည်ငြိမ်မှု ရအောင် ကြိုးစားတာ။ မင်း စာအုပ်ကိုင်ပြီး စာဖတ်နေပြီဆိုရင် အဲဒီစာအုပ်အကြောင်း သို့မဟုတ် အဲဒီစာအုပ်ထဲက မင်းသိချင်တာကို သိဖို့ကလွဲပြီး ကျန်တာကို မင်း မစဉ်းစားသင့်ဘူး။ အဲဒီလို ကိုယ်ရည်ရွယ်တဲ့အရာတစ်ခုကို တည်တည်ငြိမ်ငြိမ်သွားနိုင်ဖို့ တရားအားထုတ်တာ”စသဖြင့် ရှင်းပြပေးတော့ အားလုံးသဘောကျပုံ ပြကြတယ်။
(၁၉)
ညပိုင်း ၅ နာရီမှာတော့ ဗုဒ္ဓနည်းဖြင့် လူတော်လူကောင်းဖြစ်အောင် တည်ဆောက်ခြင်း ခေါင်းစဉ်နဲ့ ဆွေးနွေးဟောပြောရတယ်။ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာတွေအတွက်တော့ အလွန်လွယ်တဲ့အကြောင်းတွေပါ။ လူတော်လူကောင်းဆိုတာကို ငါးပါးသီလ၊ ဒုစရိုက် ၁ဝ ပါး၊ သုစရိုက် ၁ဝ ပါး၊ ဥပါသကာဂုဏ်ရည် ၁ဝ ပါးတို့ကို ရှင်းလင်းဆွေးနွေးပြတယ်။ “ငါးပါးသီလက ဘာမှ မထူးပါဘူး။ ငါတို့ ခရစ်ယာန်မှာလည်း ရှိတာပဲ”လို့ ဒကာတစ်ဦးက ပြောတော့ ထူးတဲ့အကြောင်း၊ မတူတဲ့အချက်တွေ၊ တူတဲ့အချက်တွေကို ဆွေးနွေးပြတော့ သူတို့ အတော်လေး အံ့သြပုံ ပြတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သမ္မာကျမ်းစာထဲကအချက်အလက်တွေကိုပါ ထုတ်ပြပြီး ပြောပြတာကိုး။ “ဗုဒ္ဓဘာသာက သူတစ်ပါးအသက်ကို သတ်တာဟာ မကောင်းဘူး၊ ရှောင်ကြဉ်တာက ကောင်းတယ်လို့ပဲ ပြောတာ။ ငါဘုရားပညတ်တော်မူမယ်။ သူတစ်ပါးအသတ်ကို လုံးဝ မသတ်ရလို့ အမိန့်ပေးခြင်း မရှိဘူး။ ပညတ်တော် ၁ဝ ပါးကျတော့ အမိန့်တော်၊ ပညတ်ချက်ဖြစ်တယ်”လို့ ရှင်းပြတယ်။
နောက်ပြီး “သမ္မာကျမ်းမှာက လူ့အသတ်ကို မသတ်ဖို့ပဲ ပြောတာ။ သက်ရှိအားလုံးကို မပါဘူး။ လူမှတစ်ပါး အခြားသက်ရှိတွေကို ထာဝရဘုရားသခင်က ဘာဖြစ်လို့ ဖန်ဆင်းထားတာလဲဆိုတာကို သိပါသလား”လို့ မေးကြည့်တယ်။ သိပေမဲ့ မဖြေချင်လို့ပဲလားတော့ မသိ။ ဘယ်သူမှ မဖြေကြဘူး။ “လူမှတစ်ပါး အခြားသက်ရှိတွေ ဟော အခု မင်းတို့ ဂျာမနီလူမျိုးတွေ အရမ်းချစ်တဲ့ ခွေးလေးတွေ၊ နောက်ပြီး ငှက်စတဲ့ သတ္တဝါတွေကို ထာဝရဘုရားက လူတွေ ပျော်ဖို့၊ စားဖို့အတွက် ဖန်ဆင်းပေးထားတာ။ ဗုဒ္ဓဘာသာအလိုအရ လူသာမက အခြားအသက်ရှိသတ္တဝါအားလုံးဟာ သံသရာခရီးသွားတွေပဲ မင်းတို့ အိမ်က ချစ်စရာ ခွေးလေးတွေကလည်း အခု ငါတို့လို လူ့ဘဝကို ရောက်နိုင်တယ်။ ငါတို့ ချစ်တတ်သလို၊ မုန်းတတ်သလို သူတို့လည်း ချစ်တတ်တယ်၊ မုန်းတတ်တယ်။ သံသရာရှုထောင့်အရ ပြောရမယ်ဆိုရင် ငါတို့အားလုံးဟာ တစ်လှေတည်းစီးတွေပါပဲ ……. ” စသဖြင့် ပြောပြတော့ အားလုံးက လက်ခံပုံရတယ်။ တစ်ယောက်ကဆိုရင် “ဟုတ်တယ်၊ အဲဒီအမြင်ကို ကြိုက်တယ်”လို့တောင် ထပြောတယ်။
ဆွေးနွေးပွဲက ၁ နာရီဆိုပေမဲ့ ၂ နာရီနီးပါး ကြာသွားခဲ့တယ်။ ပြီးတော့ အားလုံး ပြန်ကုန်တယ်။ သီရိလင်္ကာ ဒကာလေး ၂ ယောက်နဲ့ ဦးဇင်းတို့ ၂ ပါးကတော့ ခုံတွေ၊ ခွက်တွေ သိမ်းကြ၊ ဆည်းကြပေါ့လေ။ ဘာပဲဖြစ်ဖြစ် အတွေ့အကြုံသစ်တွေနဲ့အတူ လန်းဆန်းနေခဲ့တာတော့ အမှန်ပါပဲ။
(၂ဝ)
နောက်တစ်နေ့ကတော့ ရွှေမြန်မာများအလှည့်။ မနက် ၁ဝ နာရီမှာ ဗုဒ္ဓနေ့ပွဲတော်အကြောင်းကိုပဲ မြန်မာလို ပြောပြ၊ ဆွေးနွေးခဲ့တယ်။ မြန်မာတွေပဲဆိုတော့ ဘာမှ အထူးတလည် ဆွေးနွေးပြောဆိုစရာတော့ မရှိခဲ့ပါဘူး။ ၁၁ နာရီမှာ ဘုရားရှိခိုးခြင်းအခမ်းအနားလုပ်တယ်။ မနေ့ကလိုပဲ ဗုဒ္ဓဘာသာခံယူလိုသူများ ရှေ့ထွက်ဖို့ ပြောတဲ့အခါ ၃ ယောက် ထွက်လာပြီး သရဏဂုံ၊ ငါးပါးသီလနဲ့ ဗုဒ္ဓဘာသာအဖြစ် ခံယူလိုက်ကြတယ်။
ပြီးတဲ့အခါ အားလုံး ပျော်ပျော်ပါးပါးနဲ့ ပြောဆိုကြ၊ နှုတ်ဆက်ကြတယ်။ အနည်းစုလေးသာရှိတဲ့ မြန်မာတွေအချင်းချင်း မအားမလပ်တဲ့ကြားကနေ တွေ့ကြဆုံကြတော့ သူတို့လည်း အတော်လေး တက်ကြွပျော်ရွှင်နေကြတာကို တွေ့ရတယ်။ နေ့ဆွမ်းကတော့ မြန်မာအစားအသောက်အစုံအလင်နဲ့ အားပါးတရ စားလိုက်တယ်။
ဆွမ်းစားအပြီးမှာတော့ ဒကာမကြီးဒေါ်နီနီရင်က မြန်မာ့ရိုးရာ ရုပ်သေးအကနဲ့ ဖျော်ဖြေပါတယ်။ လူတွေ အတော်စိတ်ဝင်စားကြတာကို တွေ့ရတယ်။ အထူးသဖြင့် ကလေးတွေက ပိုမိုပြီး စိတ်ဝင်စားကြတယ်။ ဒကာမကြီးရုပ်သေးကပွဲကြောင့် လူငယ်တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေလည်း ရောက်လာကြတယ်။ စတိတ်စင်နဲ့လိုက်ကာတွေနဲ့ သေချာကပြရင် လူတွေ အတော်လေး စိတ်ဝင်စားကြလိမ့်မယ်။
ရုပ်သေးအကအပြီး နေ့လယ် ၂ နာရီတရားဟောချိန်မှာလည်း မြန်မာတွေက အနောက်ဘေးမှာ စကားပြောကောင်းတုန်း။ ဒါပေမဲ့ တရားပွဲမပြီးမီ ပြန်သွားကြတယ်။ အချို့လည်း တကယ့်ကို မလွယ်ကူတဲ့အနေအထားကနေ လာရတာ။ ညတစ်ညလုံး အလုပ်လုပ်။ နောက်နေ့မနက် ကျောင်းကိုလာ။ အဝေးရောက်ပေမဲ့ ဘာသာရေးအသိစိတ်ဓာတ်ကြွယ်ဝတဲ့သူများလို့ ကင်ပွန်းတပ်မိပါတယ်။
(၂၁)
နေ့ခင်း ၂ နာရီမှာ ဟောပြောဆွေးနွေးတဲ့ ခေါင်းစဉ်ကတော့ “ဗုဒ္ဓဘာသာဟူသည်”ဆိုတဲ့ ခေါင်းစဉ်ပါ။ ညပိုင်းမှာ ဘုရားရှိခိုးတာပဲ လုပ်မယ်ဆိုပြီး “ပြီးပြည့်စုံသောလူသားတစ်ယောက်ဖြစ်အောင် မည်သို့ လုပ်မည်နည်း (ပါရမီ ၁ဝ ပါး)”ခေါင်းစဉ်ကိုပါ တစ်ခါတည်း ဟောပြောဆွေးနွေးဖို့ ဂျာမန်ဘုန်းကြီးက ပြောပေမဲ့ ခေါင်းစဉ်တစ်ခုကိုသာ ပြောလို့ အဆင်ပြေနိုင်ကြောင်း ပြောပြီး “ဗုဒ္ဓဘာသာဟူသည်”ဆိုတဲ့ ခေါင်းစဉ်ကိုသာ ဆွေးနွေးဖြစ်ပါတယ်။
“ဗုဒ္ဓဘာသာဟူသည် ဘဝနေနည်းဖြစ်တယ်”ဆိုတဲ့ အခြေခံအပေါ်မှာ မူတည်ပြီး ဒါန၊ သီလ၊ ဘာဝနာ ဆိုတဲ့ အချက် ၃ ချက်၊ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ အချက် ၃ ချက်ကို ရှင်းပြတယ်။ နောက်ပြီး “ကောင်းတာလုပ်၊ မကောင်းတာ မလုပ်နဲ့၊ ကိုယ့်စိတ်ကို ယဉ်ကျေးအောင် ဆုံးမ”ဆိုတဲ့ ဗုဒ္ဓသြဝါဒအနှစ်ချုပ်ကို ပြောပြတယ်။ အဲဒီကနေမှ မဂ္ဂင်ရှစ်ပါး၊ သစ္စာလေးပါး၊ ပညတ်၊ ပရမတ်၊ နိဗ္ဗာန်အယူအဆအကြောင်းများကို ဆွေးနွေးဖြစ်တယ်။ ၁ နာရီ ဟောပြောဖို့ရာက ၁ နာရီခွဲကျော်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗုဒ္ဓသြဝါဒအနှစ်ချုပ်က မေးခွန်းအချိန်မှာ အချိန်တော်တော်ပေးလိုက်ရတယ်။
“ကောင်းတာလုပ်ဆိုတာတော့ ဟုတ်ပါပြီ။ ကောင်းတာဆိုတာ ဘာလဲ၊ မကောင်းတာဆိုတာ ဘာလဲ။ ကောင်းခြင်း မကောင်းခြင်းကို ဘယ်သူက သတ်မှတ်သလဲ” သူတို့က မေးတာပါ။ “အနဝဇ္ဇသုခဝိပါကလက္ခဏာ - အပြစ်မရှိခြင်း၊ ကောင်းကျိုးပေးခြင်း အချက် ၂ ချက်နဲ့ ပြည့်စုံရင် ကောင်းတာလို့ ခေါ်တယ်”လို့ ပြောတော့ အပြစ်မရှိခြင်းဆိုတာ ဘာလဲ။ ဒါက အပြစ်ရှိတယ်၊ ဒါက အပြစ်မရှိဘူးဆိုတာကို ဘယ်သူက သတ်မှတ်ပေးသလဲ။ ဘာပေတံနဲ့ တိုင်းမလဲ။ ဆက်မေးကြပြန်တယ်။
နောက်ဆုံး ကာလာမသုတ်ကို ကိုင်မှ နည်းနည်းသဘောကျဟန်ပြတယ်။ ကောင်းခြင်း မကောင်းခြင်းကို ဘယ်သူမှ မသတ်မှတ်ဘူး။ မင်းကိုယ်တိုင် မင်း ဉာဏ်နဲ့စဉ်းစား၊ သုံးသပ်၊ ဆုံးဖြတ်၊ ဗုဒ္ဓဘာသာမှာ လူသားဆိုတာ အမြင့်မြတ်ဆုံး၊ လူသားထက် ပိုမြင့်မြတ်တာ ဘာမှ မရှိဘူး။ ဟော ဟိုမှာ ကြည့်။ ဗုဒ္ဓဆင်းတုတော်။ သူလည်း လူသားပဲ။ ဒါပေမဲ့ မြင့်မြတ်တာတွေ အများကြီး စုဆောင်းထားခဲ့လို့ ဗုဒ္ဓဆိုပြီး တို့ကိုးကွယ်တာ။ အားထားတာ။ မင်းလည်း မင်း အသိဉာဏ်ကို ပိုပိုပြီး မြင့်မြတ်အောင် လုပ်ရင် တစ်နေ့ကျရင် မင်းကို လောကကြီးက ကိုးကွယ်လာကြမှာပဲ။ ပြောချင်တာက မင်းတို့ကိုယ်တိုင် စမ်းသပ်ပါ၊ ချင့်ချိန်ပါ၊ သုံးသပ်ပါ။ ပြီးရင် လုပ်သင့် မသင့် ဆုံးဖြတ်ပါလို့ အကြံပေးချင်ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာပါပဲ …. စသဖြင့် ရှင်းပြခဲ့တယ်။
(၂၂)
ညနေ ၅ နာရီအစီအစဉ်ကိုတော့ ဂျာမန်ဘုန်းကြီးက သူပဲ ဦးဆောင်လိုက်ပါမယ်ဆိုတာနဲ့ အီဇာ(လွတ်မြောက်ခြင်း)မြစ်ကမ်းဘေးကို လမ်းလျှောက်ထွက်လာခဲ့တယ်။ ရာသီဥတုက နည်းနည်းအေးနေတယ်။ မနက်ဖြန်ဆိုရင် ပူတော့မယ်တဲ့။ နွေရာသီရောက်တော့မယ်တဲ့လေ။ တို့ဆီမှာ မိုးတွေ တဖြိုင်ဖြိုင် ရွာနေတဲ့၊ ရွာတော့မယ့်အချိန်မှာကျမှ ဒီမှာက ပူတော့မယ်တဲ့။ ကျောင်းတွေလည်း ပိတ်တော့မယ်။ မတူညီတဲ့ အရပ်ဒေသနှစ်ခုကို နှိုင်းယှဉ်ရင်းနဲ့ မတူညီသော အတွေးအခေါ်များ၊ ယဉ်ကျေးမှုများ၊ ဘဝနေပုံထိုင်ပုံများအကြောင်းကို တွေးနေမိခဲ့တယ်။ ပြီးတော့ ဗုဒ္ဓနေ့ပွဲတော်ကနေ ရရှိလိုက်တဲ့ အတွေ့အကြုံများ၊ အတွေးအမြင်များအကြောင်းကိုလည်း တစ်သီတစ်တန်းကြီး အတွေးနယ်ချဲ့နေမိခဲ့တယ်။
(၂၃)
ဘာသာစကားသာ အထိုက်အလျောက် (ကျွမ်းကျင်ရင်တော့ အတိုင်းထက်အလွန်ပေါ့) ကျွမ်းကျင်မှုရှိရင် အနောက်သာသနာပြုဖို့ဟာ ထင်သလောက်ကြီး မခက်တဲ့အပိုင်းတွေကိုလည်း မြင်လိုက်မိပါတယ်။ မြန်မာလူမျိုးများ မရှိတဲ့နေရာမှာ သီးသီးသန့်သန့် နေရာလေးတစ်ခု ရှိမယ်ဆိုရင် ပိုပြီးတော့ အလုပ်ဖြစ်နိုင်ပါတယ်။ “မြန်မာလူမျိုးများ မရှိတဲ့နေရာ”လို့ ပြောလိုက်တာဟာ အကြောင်းရှိပါတယ်။ မြန်မာတွေပဲရှိရင် မြန်မာတွေအချင်းချင်း သာသနာပြုရတာက သိပ်လွယ်တော့ အနောက်တိုင်းသားဒေသခံတွေကို လျစ်လျူရှုသွားနိုင်စရာရှိတယ်လို့ မြင်မိလို့ပါ။
ဒီမှာက အဲဒီလိုနေရာလေးတစ်ခုသာရှိရင် ဆွမ်းခံစားရုံပါပဲ။ တချို့ရက်တွေဆိုရင် ဆွမ်းခံတာ မြန်မာနိုင်ငံထက်တောင်မှ လှူကြတန်းကြသေးတယ်။ စားဖို့နဲ့ရပ်တည်ဖို့လောက်ကတော့ တစ်နည်းနည်းနဲ့ ဖြစ်သွားနိုင်တာကိုလည်း လေ့လာသိရှိရတယ်။ လူရိုသေရှင်ရိုသေ နေရာမဟုတ်ပါဘဲ ချောင်(ဂျောင်)ကျကျ အခန်းငယ်ရဲ့ ပြတင်းဝမှာ ထားတဲ့ ဗုဒ္ဓဘာသာဆိုင်ရာအကြောင်းအရာများကိုတောင် နေ့စဉ်မပြတ် လာရောက်ကြည့်ရှုလေ့ရှိကြတယ်။ ခန့်ငြားပြီး တင့်တင့်တယ်တယ် အဆောက်အအုံသာဆိုလျှင် လူပေါင်းများစွာကို ဆွဲဆောင်နိုင်ပေလိမ့်မယ်။
(၂၄)
နောက်ပြီး ကျက်သရေမင်္ဂလာနဲ့ပြည့်စုံလှတဲ့ ဗုဒ္ဓဆင်းတုတော်များ ကမ္ဘာအနှံ့ရောက်နေတာဟာလည်း (ပန်းခြံတွေ၊ အိမ်ရှေ့တွေ၊ ဟိုတယ်တွေ စတဲ့နေရာမှာ ထားတာကို မြန်မာတွေကတော့ သိပ်မလိုလားကြဘူး) ဗုဒ္ဓဘာသာတွေအမြင်မှာ မကောင်းလှပေမဲ့ သာသနာအတွက် ကောင်းတဲ့အကွက်တွေလည်း ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လမ်းမှာတွေ့တဲ့အမျိုးသမီးကြီးနှစ်ဦးနဲ့ ဆုံတုန်းက “အိုး အိမ်က ပန်းခြံလေးထဲမှာ ဗုဒ္ဓဆင်းတုရှိတယ်၊ ငါ စိတ်ညစ်ရင် ခြံထဲဆင်းပြီး ဗုဒ္ဓကို ကြည့်တယ်။ ဗုဒ္ဓဆင်းတုကို ကြည့်ရင် စိတ်ချမ်းသာတယ်”တဲ့။
တစ်ရက်က ဈေးထဲသွားတော့ ဈေးဆိုင်အဝင်ဝမှာ ဗုဒ္ဓဆင်းတုတော်တစ်ဆူကို တွေ့တယ်။ မြန်မာနိုင်ငံလက်ရာလေး။ ဆိုင်ရှင်နဲ့စကားပြောကြည့်တော့ သူပြောတဲ့အထဲမှာ လာတဲ့သူတွေက ဒီဆင်းတုတော်ကို သဘောကျကြောင်း၊ ဘယ်က ဝယ်ခဲ့သလဲ မေးကြကြောင်း၊ သူကလည်း ဗုဒ္ဓဘာသာကို တည်ထောင်သူရဲ့ ဆင်းတုဖြစ်ကြောင်း၊ စိတ်ငြိမ်းချမ်းအောင် အဓိကဟောပြောသူဖြစ်တယ်လို့ ဖြေလေ့ရှိကြောင်း သူက ပြောပြတယ်။ ဘာပဲဖြစ်ဖြစ် ဗုဒ္ဓဆင်းတုက သက်မဲ့ပင်ဖြစ်ပေမဲ့ စကားတွေ အများကြီး ပြောနေတယ်လို့ ဆိုနိုင်ပါတယ်။
(၂၅)
ဒီမှာက မြစ်ကမ်းဘေးသွားသွား၊ လမ်းဘေးသွားသွား မိတ်ဆက်ကြသူတွေ၊ ဗုဒ္ဓဘာသာအကြောင်းကို အားပါးတရ မေးကြတာတွေ အများကြီး ရှိပါတယ်။ နိုင်ငံအနှံ့အပြားမှာလည်း စုပေါင်းတရားထိုင်ကြတဲ့ အဖွဲ့အစည်းတွေ၊ ဘုန်းကြီးမရှိဘဲ (ဘာသာမပြောင်းဘဲ) အင်တာနက်ကနေ ဗုဒ္ဓဘာသာအကြောင်း စုပေါင်းလေ့လာနေတဲ့ အဖွဲ့တွေ … မြောက်မြားစွာ ရှိလာနေတယ်လို့ သိရတယ်။
ဦးဇင်းတို့ ဗုဒ္ဓဘာသာတွေထဲက စွမ်းနိုင်သူများသာ ပြည်တွင်းမှာ မလိုအပ်သောအဆောက်အအုံများစွာကို ဆောက်လုပ်လှူဒါန်းခြင်းထက် ပြည်ပအနောက်နိုင်ငံများမှာ ဆောက်လုပ်လှူဒါန်းနိုင်လျှင် လောကအတွက်၊ သာသနာအတွက်၊ ဗုဒ္ဓဘာသာတရားတော်များကို ငံ့လင့်နေကြသူများစွာအတွက် ဖော်မပြနိုင်လောက်တဲ့ အကျိုးကျေးဇူးများ ဖြစ်လာမှာ မုချမလွဲပါပဲ။ နောက်ပြီး ဗုဒ္ဓဘာသာအဆောက်အအုံများ၊ စေတီပုထိုး သို့မဟုတ် ဆင်းတုတော်များ အလွန့်အလွန် ရှားပါးတဲ့အရပ်ဒေသမှာ ဆောက်လုပ်ရခြင်းဖြစ်တဲ့အတွက် မိမိကိုယ်တိုင်အတွက်လည်း သမိုင်းအဆက်ဆက် တွင်ကျန်ရစ်မယ့် သာသနာပြုလုပ်ငန်းကြီးအဖြစ် ကမ္ပည်းတွင်ရစ်မှာလည်း မြေကြီးလက်ခတ်မလွဲပါပဲ။
(၂၆)
“ကမ္ဘာကြီးက စိတ်ဝင်စားဖို့အရမ်းကောင်းတယ်၊ အရှေ့တိုင်းသားတွေက အနောက်တိုင်းသားတွေ ကျင့်သုံးတဲ့ သိပ္ပံပညာတွေကို သင်တယ်၊ အနောက်တိုင်းသားတွေ ယုံကြည်ကိုးကွယ်မှုကို ကြိုက်နှစ်သက်လာကြတယ်။ ဟော … အနောက်တိုင်းသားတွေကတော့ အရှေ့တိုင်းသားတွေ ကျင့်သုံးတဲ့ ယောဂကျင့်စဉ်တွေ၊ ကရာတေးတွေ၊ တရားအားထုတ်ခြင်းတွေကို ကြိုက်နှစ်သက်လာကြတယ်။ ဒါဟာ ယင်ဓာတ်နဲ့ ယန်ဓာတ် အလျင်အမြန် ပြောင်းလဲနေတဲ့အချိန်ပဲ”ဆိုတဲ့ ဇင်းမာစတာ ဆီအွန်ဆား (Zen Master Seung Sahn)ရဲ့ စကားက ယနေ့ကမ္ဘာရဲ့ သရုပ်အမှန်ပါပဲ။
(၂၇)
ဂျာမနီနိုင်ငံက ဗုဒ္ဓနေ့ပွဲတော်အကြောင်းနဲ့ မှတ်မှတ်ရရ အတွေးတွေကတော့ ရေးမယ်ဆို မြောက်မြားစွာ ရှိနေဦးမှာပါ။ အချို့အချက်တွေက မရည်ရွယ်ပေမဲ့ ကိုယ့်ကိုကိုယ် အမွှမ်းတင်သလို သို့မဟုတ် အခြားဘာသာ သို့မဟုတ် အခြားသူများကို ထိခိုက်သလို အရေးအသားများ ပါသွားခဲ့လျှင် ခွင့်လွှတ်ကြရန် တောင်းပန်လိုပါတယ်။ မိမိကိုယ်တိုင်ကတော့ အသက်အရွယ်အရသော်လည်း၊ အတွေ့အကြုံအရသော်လည်း ဘာဆိုဘာမျှ စွမ်းဆောင်နိုင်လောက်တဲ့ အရည်အချင်းမရှိသေးပါ။ တွေးမိတဲ့အတွေးများ၊ ဖြစ်မိတဲ့ဆန္ဒများ၊ ရိုးရှင်းစွာ ဖြစ်တည်လာရသော စေတနာများကို ရိုးရိုးသားသား လှစ်ဟဖွင့်ပြမိခြင်းမျှသာ ဖြစ်ပါတယ်။ ဒီဖော်ပြချက်များက စွမ်းဆောင်နိုင်သူတစ်ဦးဦး သို့မဟုတ် များစွာကို ပုတ်နှိုးမိရင်တော့ ဗုဒ္ဓဘာသာဟာ ဂျာမနီမှာ သာတဲ့ လတစ်စင်းပမာ ကျက်သရေဖြာနေတော့မှာပါ။

ပြီးပါပြီ။
အားလုံးကို ကျေးဇူးတင်ပါတယ်။

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails