Tuesday, May 6, 2014

ဂျာမဏီခရီးနိဒါန်း (၃)


ဂျာမဏီသို့ မထွက်ခွါမီက မန္တလေးမှ ဖောင်တော်ဦးဆရာတော်က သူ၏ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို လေ့လာဖို့ ဖိတ်သည်။ ဖောင်တော်ဦးရောက်သောအခါ ညီအစ်ကို ဆရာတော်နှစ်ပါးထံမှ များစွာ သင်ယူခွင့်ရသည်။ မြန်မာနိုင်ငံရဟန်းတော်များ၏ အနာဂတ်အလားအလာ၊ ဘုန်းကြီးကျောင်းများ၏ အရေးပါမှု၊ တိုးတက်လာမှု၊ ဆုတ်ယုတ်လာမှု၊ ရဟန်းတော်များ၏ ပညာရေးအခြေအနေ တိုးတက်မှု၊ ဆုတ်ယုတ်မှု၊ ပြုပြင်ပြောင်းလဲရေး လုပ်သင့်ပုံများကို အထူးသဖြင့် ဆွေးနွေးဖြစ်ကြသည်။ တိုက်တိုက်ဆိုင်ဆိုင် စင်္ကာပူနိုင်ငံမှ Dhamma Download အဖွဲ့က ဦးစီးသည်ဟု ထင်သည်။ မြန်မာနိုင်ငံရဟန်းတော်များ၏ ပရိယတ္တိပညာရေး ပြုပြင်ပြောင်းလဲမှု လုပ်သင့်မသင့် အကြံပြုတောင်းခံလွှာကလည်း လက်ထဲရောက်လာသည့်အချိန် ဖြစ်နေသည်။ ပညာရေးက ပြုပြင်ပြောင်းလဲမှု လုပ်သင့်သည်မှာ အကြွင်းမဲ့ လက်ခံပါသည်။ သို့ရာတွင် မည်သို့ ပြောင်းလဲကြမည်နည်းဟူသော မေးခွန်းက အဖြေရဖို့ အလှမ်းဝေးလွန်းနေသည်။ ပြောလိုသည်မှာ ပညာရေးအကြောင်း မဟုတ်ပါ။ ဂျာမဏီနိုင်ငံသားများနှင့် တွေ့ဆုံခဲ့ပုံကို ပြောလိုခြင်း ဖြစ်သည်။

ဖောင်တော်ဦးကျောင်းတွင် နိုင်ငံခြားမှ ပညာဒါနအနေဖြင့် လာရောက်သင်ကြားပေးနေသော ဆရာ၊ဆရာမများနှင့် ပညာရေးအတွက် လှူဒါန်းသူများ အမြဲမပြတ် လာရောက်လေ့ရှိကြသည်။ ဖောင်တော်ဦးဆရာတော်၏ ရိုးရှင်းသောဘဝနေထိုင်မှုနှင့်ခေတ်အမြင်ရှိမှုက အနောက်တိုင်းသားများကို ဆွဲဆောင်နေသည်ဟု ထင်သည်။ ဖောင်တော်ဦးတွင် ကားလ်ဘရုခ်ျဆိုသူ ဂျာမန်နှင့်အခြားပုဂ္ဂိုလ်များကို တွေ့ခွင့်ရပြီး စကားပြောခဲ့ရသည်။ ကားလ်ဘရုခ်ျကတော့ စကားပြောလို့ အဆင်ပြေဆုံးဟု ဆိုနိုင်သည်။ သူ့ကို ဆောင်ရန်၊ ရှောင်ရန်များ မေးကြည့်သည်။

သူက ဂျာမဏီရောက်ရင် မြန်မာနိုင်ငံမှာလို လူတိုင်းဆီက အပြုံးကို ရရန် မျှော်လင့်မထားဖို့ ပြောသည်။ ဂျာမဏီလူမျိုးများသည် အလွန်ဝေဖန်တတ်သောလူမျိုးများဖြစ်ကြောင်း၊ သူတို့ ဝေဖန်လျှင် စိတ်မဆိုးဘဲ ပြန်လည်ဝေဖန်ပြောဆိုသင့်ကြောင်း စသည်ဖြင့် များစွာ ပြောဖြစ်ခဲ့သည်။ အခု လက်တွေ့ရောက်လာသောအခါ မြန်မာလူမျိုးများကဲ့သို့ ဟက်ဟက်ပက်ပက် မရှိလှသော်လည်း မနက်ခင်း လမ်းလျှောက်သည့်အခါ တွေ့သည့်လူတိုင်းနီးပါးက ပြုံးရွှင်စွာဖြင့် Gutan Morgen! (မင်္ဂလာနံနက်ခင်းပါ)ဟု နှုတ်ဆက်လေ့ရှိကြသည်။ တစ်ခါတစ်ရံ သွားနေသောကားပေါ်မှပင် ထိုကဲ့သို့ နှုတ်ဆက်သွားလေ့ရှိကြသည်မှာ ကြည်နူးစရာ ကောင်းသည်။

Freising မြို့လေးသည် Munich မြို့ကြီးမှ ကားဖြင့် နာရီဝက်ခန့် သွားရသောခရီးမျှသာ ဖြစ်သော်လည်း မြူးနစ်မြို့၏ ဆူညံမှု၊ ရှုပ်ထွေးမှုများနှင့်ကား လုံးဝဆန့်ကျင်ဘက် ဖြစ်သည်။ ဤမြို့ကို အချို့က အိပ်နေသောမြို့(Sleeping City)ဟု ဆိုကြသည်။ ၂၄ နာရီ များသောအားဖြင့် ရှင်းလင်းတိတ်ဆိတ်နေတတ်သည်။ အစားအသောက်ပိုင်းတွင် အချို့အစားအစာများမှာ စားလို့ အဆင်ပြေသော်လည်း အချို့အစားအစာများကတော့ အတော်ကို ကွားခြားလွန်းသည်။ မြန်မာ့လျှာနှင့် မည်သို့မျှ အဆင်မပြေလှပေ။ ဂျာမဏီသို့ ရောက်လာသည်မှာ ၁ လခန့် ရှိပြီဖြစ်သော်လည်း မြန်မာပြည်သို့ သတိရဖြစ်မိသည့်စိတ်ကား မကုန်သေးပေ။ သူငယ်ချင်းတစ်ပါးနှင့်အွန်လိုင်းမှာတွေ့တော့ သူက မင့်နှယ် အသက် ၃၀ ကျော်နေပြီ လွမ်းတယ်ဆိုတဲ့စကားလုံးကို မသုံးတော့စမ်းပါနဲ့ဟု ဆိုသည်။

သူတော့ နားလည်မလည် မပြောတတ်။ တစ်ခါတစ်ရံ သစ်ရွက်လေး လွင့်နေသည်ကို ကြည့်ပြီးလည်း လွမ်း၊ မိုးရေစက်လေးတွေ တဖွဲဖွဲ ကျနေလည်း လွမ်း၊ ငှက်လေးတွေ အော်လည်း လွမ်း၊ တစ်ခါတစ်ရံ ဘာမဟုတ်သည့် လေတိုးလို့ စာရွက်လေး ဖျက်ခနဲ လွင့်သွားသည့်အခါမှာလည်း လွမ်း … ဘယ်သူ့ကို ဘာကိုလို့ အမည်တပ်မရသော လွမ်းခြင်းမျိုး ဖြစ်ပါသည်။ စာရေးဆရာတို့၏ လွမ်းနည်းမျိုးဟု ဆိုက ဆိုနိုင်မည်ဟု ထင်သည်။ တစ်နေကုန် မြန်မာစကားတစ်ခွန်းမှ မပြောရသည့်နေ့များကို စဉ်းစားကြည့်လျှင် ကိုယ်ချင်းစာနိုင်ပါလိမ့်မည်။

ပွင့်ပွင့်လင်းလင်း ဝန်ခံရလျှင် မြန်မာပြည်တွင်ရှိစဉ်က အလွန်ကို လွတ်လွတ်လပ်လပ် ရှိသည်။ သွားချင်သည့်ခရီး ထသွားသည်။ လုပ်ချင်သည့်အလုပ် ထလုပ်သည်။ တွေ့ချင်သည့်လူ ထဖုန်းဆက်သည်။ ကောက်ခေါ်သည်။ သွားတွေ့သည်။ ဖော်ရွေစွာ ပြောဆိုနိုင်မည့် သူငယ်ချင်းများ နေရာအနှံ့တွင်ရှိသည်။ အားလျှင် သွားလည်မည်။ စကားတွေ ပြောကြမည်။ ညအိပ်ချင်သည့်အခါမှသာ အိပ်နိုင်သည်။ မနက်လည်း ထချင်သည့်အချိန်မှသာ ထနိုင်သည်။ အခု ဒီရောက်သည့်အခါ အရာအားလုံးက ပြောင်းပြန်ဖြစ်ကုန်သည်။ မနက် ၅ နာရီ ထရသည်။ ဘုရားရှိခိုး၊ တရားထိုင်၊ ပြီးလျှင် အခြားလုပ်စရာရှိသည်များ လုပ်၊ ၇ နာရီခန့် အရုဏ်ဆွမ်းစား၊ ဂျာမန်စကားသင်၊ ဧည့်သည်လာလျှင် တရားဟော၊ တရားပြပေးရ၊ ဆွေးနွေးပေးရ၊ ၁ဝ နာရီ ဆွမ်းခံကြွ၊ ၁၁ နာရီခန့် နေ့ဆွမ်းစား၊ နေ့လည်မှာ ဧည့်သည်လာလျှင် တွေ့ဆုံပြောဆို၊ တရားထိုင်ပြ၊ သင်တန်းအတွက် ပြင်ဆင်၊ ညနေ လာတဲ့ဧည့်သည်များနှင့်အတူ ဘုရားရှိခိုး၊ ….. တစ်နေကုန်လိုလို အချိန်တွေက ပြည့်နေသည်။

အင်တာနက်မှာ သူငယ်ချင်းများနှင့် တွေ့ဆုံပြောဆိုတာ၊ စာရေးတာကိုတော့ အချိန်လုပြီး လုပ်ရသည်။ မြန်မာနိုင်ငံမှာ သွားချင်တာ သွား၊ စားချင်တာ စားမရဆိုတော့ ရောက်ရောက်ချင်းအနေခက်နေတာ မဆန်းလှဟုသာ ဆိုရမည်။ တစ်ဖက်ကကြည့်လျှင် ကိုယ့်ကိုကိုယ် အလိုမလိုက်ရသဖြင့် တစ်မျိုးတစ်မည် ကောင်းကျိုးများ ဖြစ်နေပြန်ပါသည်။

Freising မြို့လေးတွင် ဗုဒ္ဓဘာသာဦးရေက ၃ဝဝ ခန့်မျှသာ ရှိသည်။ အချို့က ကျောင်းကိုသာ လာပြီး လုပ်ကူကြသော်လည်း ဗုဒ္ဓဘာသာဝင်များ မဟုတ်ကြပါ။ အသစ်အဆန်းကို စမ်းကြည့်ချင်သည့်သဘောဖြင့် လာရောက်ကြခြင်း ဖြစ်သည်။ ရောက်ခါစ အပတ်က လာရောက်ခဲ့သော သြစတေးလျသူပင်လျှင် အခုအခါ ဗုဒ္ဓဘာသာကို အတော်စိတ်ဝင်စားလာသည်ကို တွေ့ရသည်။ တွေ့ခါစက ၁၅ မိနစ်တောင် ထိုင်ဖို့ခက်ခဲနေသူက ယခုအခါ မိနစ် ၄ဝ ထိုင်နိုင်လာပြီ။ ထိုင်သည့်အခါတွင်လည်း အခြားသူများလို ခေါင်းအုံး(အလွယ်ခေါ်လိုက်သည်။ ဂွမ်းများထည့်ထားသည့် ထိုင်စရာ)ကို ဖင်ခုမထိုင်တော့ဘဲ စာရေးသူထိုင်သလို ထိုင်တတ်လာသည်။ သို့သော် အခုအချိန်ထိ ခရစ်ယာန်တစ်ဦးပင် ဖြစ်ပါသည်။ ခရစ်ယာန်ပဲဖြစ်ဖြစ် မည်သည့်ဘာသာဝင်ပဲဖြစ်ဖြစ် မြတ်ဗုဒ္ဓ၏တရားတော်၏ အကျိုးပေးမှုကား တစ်တန်းတစ်စားတည်းပင် မဟုတ်ပါလား။

သူနှင့်အတူပါလာသော ဂျာမန်သူတစ်ဦးဆိုလျှင် သူ့အသက် ၁၈ နှစ်ကတည်းက တိဗက်ဗုဒ္ဓဘာသာကို စိတ်ဝင်စားခဲ့သည်။ စာအုပ်များ ဖတ်သည်။ မန္တာန်များ ရွတ်ဖတ်သည်။ တရားထိုင်သည်။ သို့ရာတွင် ဆရာမရှိသဖြင့် မထိရောက်ခဲ့၊ မထိရောက်သဖြင့် တစ်နှစ်ခန့်ကြာသောအခါ မေ့ပျောက်သွားခဲ့သည်ဟု ဆိုသည်။ အခုအခါမှာတော့ သူ့အသက်က ၂၂ နှစ်ရှိပြီ။ ပြောလိုသည်မှာ သူ တရားထိုင်သည်မှာ ၃ ကြိမ်ခန့်ပင် ရှိသေးသော်လည်း ထူးခြားမှုများ ဖြစ်ပေါ်ခဲ့သည်။ သူက တရားထိုင်ပြီး ၅ မိနစ်ခန့်ရှိသည်နှင့် ပြင်ပအာရုံများ(ကားသံ၊ လူသံ စသည်)ကို လုံးဝမကြားတော့ဘူးဟု ဆိုသည်။ ထိုအချိန်တွင် စာရေးသူက ဘုရားလောင်း တရားထိုင်စဉ်က လှည်းအစီး ၅ဝဝ ဘေးက ဖြတ်သွားတာတောင် မသိလိုက်သည့်ဇာတ်လမ်းကို ပြောပြသည်။ သူ အလွန်ဝမ်းသာသွားသည်။ ထို့အပြင် ဘာထူးခြားတာတွေ ရှိသေးလဲဟု မေးသည့်အခါ အဖြူလှိုင်းများ ပြေးလွှားနေသည်ကို မြင်ရသည်ဟု ဆိုသည်။ အလင်းနိမိတ်များအကြောင်းကို ရှင်းပြပေးလိုက်ရာ အတော်လေး ကျေနပ်သွားသည်ကို တွေ့ရသည်။

တရားထိုင်ပြီး ပြန်မည်ပြုသောအခါ ညစာ ဘယ်အချိန်စားသလဲ၊ ငါ လာကျွေးပါရစေဟု ဆိုသဖြင့် ညစာ မစားရကြောင်း ပြောပြရှင်းပြလိုက်သည့်အခါ အတော်အံ့သြသည့်အမူအရာ ဖြစ်သွားသည်ကို တွေ့ရသည်။
ယခုအခါ ဂျာမန်စကားလည်း အနည်းငယ် ပြောတတ်လာ၊ သိလာသည်။ သို့ရာတွင် အလွန်ခက်သည့်ဘာသာစကားများတွင် တစ်ခုအပါအဝင်ဖြစ်သည့်အတွက် ခေါင်းတော့ အတော်ရှုပ်သည်။ မှတ်ရတာ အတော်များသည်။ အချို့ဝေါဟာရများက အင်္ဂလိပ်ဘာသာစကားနှင့် ဆင်တူသည်။ တစ်ခါတစ်ရံ ဆင်တူတာ ကောင်းသော်လည်း ဂျာမန်နှင့်အင်္ဂလိပ်ဆင်တူလျှင် အချို့နေ့တွင် ပိုခက်သွားတတ်သည်။ အင်္ဂလိပ် W ဆိုလျှင် ဂျာမန်က ဘ(ဗ)သံ၊ S ဆိုလျှင် ဇ သံ၊ V ဆိုလျှင် ဖ သံ … စသည်ဖြင့် ကွဲလွဲသွားတတ်သဖြင့် အသံထွက်ကလည်း မကြာခဏ မှားနေတတ်သည်။ ယခင်က အင်္ဂလိပ်စကားကို ရှူ၊ ယှက် စသည် များစွာပါသော စကားဖြစ်သည်ဟု ဆိုခဲ့ရာ ဂျာမန်စကားက ရှူ၊ ယှက်သံများ ပိုမိုများသည်ဟု ထင်သည်။

မြန်မာနိုင်ငံမှာ ရှိစဉ်က နောင်တော်ကြီး ဦးတေဇောဘာသ(မြတ်ရောင်နီ)က မှာလိုက်သေးသည်။ အမြဲတမ်း ပြုံးနေတတ်အောင် ကြိုးစားပါဟူ၏။ နောင်ကြီး ဓမ္မဂင်္ဂါကလည်း ရှင်ကု ရုပ်က တည်လွန်းတယ်ဟု မှတ်ချက်ပေးဖူး၏။ သို့အတွက်ကြောင့် တတ်နိုင်သမျှ ပြုံးနေတတ်အောင် ကြိုးစား၏။ သို့ရာတွင် လူတိုင်းမှာ ကိုယ်ပိုင်ဟန်များ အသီးသီး ရှိတတ်ကြသည်ဟု သဘောပိုက်ထားသဖြင့် အလွန်အပင်ပန်းခံပြီး ပြုံးဖို့ကား အတော်ခက်နေပါလိမ့်မည်။ ဘာပဲဖြစ်ဖြစ် ဒီက ဆက်စပ်သူအားလုံးကတော့ ချစ်ခင်ကြသည်၊ ဖေးမကူညီကြသည်။ အိမ်နီးနားချင်းအတော်များများနှင့်လည်း စကားပြောဖြစ်ပြီး ခင်မင်မှုများ တိုးလာသည်။

နေရာတိုင်းတွင် အခက်အခဲများ၊ အကြပ်အတည်းများနှင့် စိတ်ညစ်စရာများ ရှိတတ်သည်ဖြစ်ရာ ယင်းတို့ကို အထူးတလည် စာဖွဲ့မနေတော့ဘဲ အကောင်းမြင်စရာများနှင့် ဖာထေးနိုင်အောင် ကြိုးစားရပေလိမ့်မည်။

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails