Dictionary/အဘိဓာန်

Blogspot Dictionary

Blogspot Dictionary

Thursday, May 15, 2014

အီဇာ ညနေခင်းများ




(၁)
အီဇာညနေခင်းများတွင် နေညိုညိုက တိမ်မတောက်ပါ။ နေညိုညိုတိမ်မတောက်တဲ့အတွက် စာဥတို့သူငယ်ချင်းများလည်း ရေခပ်မဆင်းကြပါ။

(၂)
ဒီလမ်းကလေးပေါ်ကို နေ့စဉ်ရက်ဆက် လျှောက်လာခဲ့တာ တစ်လနီးပါးရှိသွားပြီ။ ရောက်စက ဂျာမန်ရဟန်းတော်က ပြောတယ်။ တို့ Timetable ထဲမှာ ညနေ ငါးနာရီကို လမ်းလျှောက်ချိန် ထည့်မယ်၊ ဘယ်လိုလဲလို့ မေးတယ်။ အင်း နေ့တိုင်းကြီးတော့ လမ်းမလျှောက်ချင်ပါဘူးလို့ ပြောမိတယ်။ ဒါပေမဲ့ နေ့တိုင်း လမ်းလျှောက်ဖြစ်ခဲ့တယ်။ အစတော့ နှစ်ပါးအတူ လျှောက်ကြပေမဲ့ နောက်ပိုင်းမှာ မိမိတစ်ဦးတည်းသာ လျှောက်ဖြစ်ခဲ့တယ်။ အခုတော့ မသွားရမနေနိုင်သလို ဖြစ်လာတယ်။ ညနေ ၅ နာရီထိုးတာနဲ့ မိုးဖွဲလို့ အရမ်းအေးနေတာတောင် အနွေးထည်များ အထပ်ထပ် ဝတ်၊ ခြေအိတ်လက်အိတ်များ စွပ်၊ ထီးဆောင်းပြီး သွားဖြစ်လိုက်သေးတယ်။

(၃)
အီဇာဆိုတာ မြစ်တစ်ခုရဲ့ နာမည်ဖြစ်ပါတယ်။ အီဇာမြစ်ကို ကမ္ဘာ့အသန့်ရှင်းဆုံးမြစ်ဆိုပြီး သူတို့ ဂုဏ်ယူပြောဆိုကြတယ်။ တွေ့ဖူးသမျှမြစ်တွေထဲမှာတော့ တကယ်လည်း သန့်ရှင်းပါတယ်။ ရေစီးလည်း သန်ပါတယ်။ မြစ်ရေပြင်တစ်ခုလုံးက ကျောက်ခဲဖြူဖြူလေးတွေကို တမင်များ ခင်ထားသလား အောက်မေ့ရတယ်။ ဖွေးဖွေးဖြူနေတယ်။ မြစ်ကမ်းဘေးက ကျောက်ခဲဖြူဖြူလေးတွေကို စုပုံပြီး ကလေးရော လူကြီးရော ကစားကြတယ်။ ကျောက်ခဲလေးတွေက ချောမွတ်နေတာပဲ။

ညနေခင်းတွေမှာ မိသားစုတွေဟာ စက်ဘီးလေးတွေ၊ အချို့လည်း ကားတွေ၊ အချို့လည်း စကိတ်လေးတွေ စီးပြီးတော့ လာကြတယ်။ မြစ်ကမ်းရောက်မှ လမ်းလျှောက်ကြတယ်။
မြစ်ကမ်းဘေးက လမ်းကလေးကလည်း မြက်ခင်းစိမ်းစိမ်းတွေကလည်း ရံထားတယ်။ ချယ်ရီပန်းများကလည်း ဘေးဘီဝဲယာ ဝိုင်းထားတယ်။ တသွင်သွင် တညင်ညင် စီးနေတဲ့ ရေးစီးသံကလည်း တေးသံလို သာယာတယ်။

(၄)
နေ့စဉ်လမ်းလျှောက်နေတာတောင်မှ ဒီက လူတွေရဲ့ အကြည့်တွေက အလွန်စိမ်းနေသေးတာကို တွေ့ရတယ်။ ထူးဆန်းသလို၊ အံ့သြသလိုနဲ့ ကြည့်ကြ၊ ပြုံးကြတယ်။ တွေ့တဲ့သူကို ဟိုင်း လုပ်တာကတော့ သူတို့ရဲ့ ထုံးစံပဲ ထင်ပါရဲ့။ ဟိုင်းလုပ်တာမှာလည်း အမျိုးမျိုးရှိတယ်။ အချို့က စိတ်ပါလက်ပါနဲ့ မျက်နှာကို အပြည့်အဝပြုံးပြီး နှုတ်ဆက်တာ။ အချို့က ဟိုင်းဆိုပြီး မျက်နှာက ချက်ချင်းတည်သွားတာ။ အချို့ကျတော့လည်း ပါးစပ်ကို စေ့ပြီး မျက်လုံးကို တစ်ချက်ဝင့်ပြီး မပွင့်တပွင့်နဲ့ ဟိုင်းလုပ်တာ။ အချို့ကျတော့လည်း အဝေးကတည်းက ဟိုင်းဆိုပြီး လက်ကို အဝေးကတည်းက လှမ်းလာကာ လက်ဆွဲနှုတ်ဆက်တတ်တယ်။ အချို့ကျတော့ ပိုထူးဆန်းတယ်။ လူကိုလည်း မကြည့်၊ ပြုံးလည်း မပြုံးဘဲ သူ့ဟာသူ ဟိုင်းလို့ ပြောပြီး သူ့လမ်းသူ သွားနေတာ။ ဘယ်လို လူမျိုးများလည်း မသိ။ ထူးဆန်းပါဘိ။

(၅)
တစ်နေ့ကတော့ ကျောင်းကို အမြဲလာတတ်တဲ့ တရုတ်ကျောင်းသူတစ်ယောက်ရယ်၊ ဂျာမန်ဒကာကြီးတစ်ယောက်ရယ် ရောက်လာတယ်။ သူတို့က တစ်ပတ်ကို တစ်ကြိမ်တော့ အမြဲလာနေကျ။ တရားလာထိုင်ကြတယ်။ ဒီနေ့တော့ ညနေ ၅ နာရီမထိုးခင်လေးမှာ ရောက်လာတယ်။ ဒီအချိန်က ဦးဇင်းရဲ့ လမ်းလျှောက်ချိန်လို့ ပြောလိုက်တော့ သူတို့လည်း လိုက်လို့ ရမလားတဲ့။ ရတာပေါ့။

တစ်ကိုယ်တည်း ညနေခင်းတွေက နည်းနည်းပုံစံပြောင်းသွားတာကလွဲရင် တိတ်ဆိတ်နေဆဲပါပဲ။ သူတို့နဲ့ အတူသွားမှ သိရတာက သူတို့ကိုတော့ လူတွေက သိပ်လည်း မကြည့်ကြသလို နှုတ်ဆက်တာလည်း သိပ်မရှိပါဘူး။ ဗုဒ္ဓဘာသာရဟန်းတစ်ပါးရဲ့ ထူးဆန်းတဲ့ ဖက်ရှင်ကြောင့် ပြုံးပြနှုတ်ဆက်ကြတာကိုးလို့ သိလိုက်ရတယ်။ အစကတော့ ဂျာမန်တွေ အရမ်းဖော်ရွေကြတာပဲလို့ ထင်ခဲ့တာ မှားပါလေရော။ ကိုယ့်နိုင်ငံကို အလည်လာတဲ့ ဥရောပသားတွေကို မြန်မာတွေ ပြုံးကြသလိုမျိုး ဖြစ်မှာပေါ့။ တစ်လမ်းလုံး သူပြုံး၊ ကိုယ်ပြုံး၊ တစ်ပြုံးပြုံး ဖြစ်နေခဲ့တာပေါ့။

(၆)
အီဇာမြစ်ကမ်းက ကျောက်ခဲဖြူဖြူလေးတွေပေါ်မှာ ထိုင်လိုက်ကြတယ်။ မြတ်ရောင်နီဆရာတော်က ပြောဖူးတယ်။ အီဇာမြစ်ကမ်းမှာ သူ တရားထိုင်လေ့ရှိတယ်တဲ့။ အဲဒီစကားလေးကို အမှတ်ရပြီး သူတို့ကို ပြောဖြစ်တယ်။ ဒါဆို တို့လည်း တရားထိုင်ကြရအောင်ဆိုပြီး တရားထိုင်လိုက်ကြတယ်။ မိနစ် ၂ဝ ခန့် ကြာသွားတယ်။ တရားထိုင်ပြီးလို့ ပုံမှန်စကားပြောချိန်မှာလည်း ရောက်လာတဲ့သူတွေက ပြုံးရွှင်စွာနဲ့ နှုတ်ဆက်ကြတယ်။ အီဇာက ကြည်နေသလို စိတ်ထဲလည်း ကြည်ခဲ့ရတယ်။ အီဇာကို ရောက်တိုင်း ကဗျာရေးတတ်တဲ့ သူငယ်ချင်းတွေကို သတိရစိတ်ကတော့ မပျောက်သေးဘူး။

(၇)
အပြန်လမ်းမှာ ဒကာကြီးက တစ်လမ်းလုံး ငါတွေးမိတယ်။ တစ်ခု မေးပါရစေ။ အရှင်ဘုရား ဒီမှာ နေရတာ အခြေနေ ဘယ်လိုလဲ။ ပျော်သွားပြီလားတဲ့။ အင်း … ပျော်တယ်လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ နည်းနည်းတော့ နေပျော်လာပါပြီလို့ ဖြေခဲ့တယ်။ ဒါနဲ့ သူက ဆက်ပြောတယ်။ ငါ တွေးမိတယ်။ အရှင်ဘုရားသာ ဒီမှာ ၅ နှစ်ကနေ ၁ဝ နှစ်လောက်အထိ နေမယ်ဆိုရင် အပြုံးကိုယ်တော် (Smiling Monk) ဆိုပြီး လူသိများလာမှာ သေချာတယ်။ အဲဒီလို နေပါ့လားတဲ့။ အရှင်ဘုရား အဲဒီလို နေမယ်ဆိုရင် ၄ နှစ်ကျော်တာနဲ့ အမြဲနေ PR ရနိုင်တယ်။ နောက်ပြီး အီးယူကဒ်လည်း ရနိုင်တယ်။ အီးယူကဒ်ရရင် ဥရောပတစ်တိုက်လုံး ကြိုက်သလို သွားလို့ ရပြီ။ အဲဒီကျရင် အရှင်ဘုရားက ဂျာမန်စကားလည်း တတ်တော့ အရှင်ဘုရားရဲ့လုပ်ငန်းတွေလည်း အများကြီး တိုးတက်နေလောက်ပြီ ….. စသည်ဖြင့် တွေးလိုက်ပြောလိုက် လမ်းလျှောက်ရင်း ပြောနေခဲ့တယ်။

(၈)
“အို … အီဇာ၊ သင့်နာမည်အဓိပ္ပာယ်က လွတ်မြောက်ခြင်း၊ လွတ်လပ်ခြင်း။ ငါက မင်းကို အားကျနေပါတယ်။” အီဇာမြစ်ကမ်းရောက်တိုင်း စိတ်ထဲမှာ ပြောမိတဲ့ စကားလေးပါ။ ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်း၊ အောင်မြင်ခြင်းတွေထက် လွတ်မြောက်ခြင်း၊ လွတ်လပ်ခြင်းကိုသာ တမ်းတနေသူပါ။ လွတ်မြောက်ခြင်း၊ လွတ်လပ်ခြင်းထက် ပိုမိုကြီးကျယ်တဲ့အရာ ဘာများ ရှိပါသေးသလဲ။ စဉ်းစား၍ မရပါ။ အပြန်လမ်းက ထိုအတွေးများနဲ့ ဆိတ်ငြိမ်နေခဲ့တယ်။

အီဇာညနေခင်းများက ဘယ်၍ဘယ်မျှ ရှည်လျားမလဲ မပြောနိုင်ပါ။ အီဇာလို လွတ်လပ်စွာ၊ ကြည်လင်စွာ စီးဆင်းခွင့်တွေ ရှိနေဦးမယ်ဆိုရင်တော့ အီဇာညနေခင်းများက နှစ်ကာလများစွာကို ဖြတ်သန်းကျော်လွှားသွားပေလိမ့်မယ်။ သူ့ရဲ့ ကြည်လင်တဲ့ မြစ်ကျဉ်းလေးဘေးမှာ ကြည်မွေ့ပျော်ရွှင်သူများလည်း ပြည့်လို့ပေါ့။ ။

No comments: