Sunday, May 4, 2014

အညတြ ခရီးသည် (နိဂုံး)





(၁၄)
ထင်းရှူးအသီး( အသီးဟု ထင်သည်၊ အထွတ်အထွတ်လေးတွေနဲ့ ခပ်ပွပွအသီး)များက နေရာအနှံ့ပြန့်ကျဲနေသည်။ လမ်းလျှောက်လိုက်တိုင်း ထင်းရှူးသီးများကို ရှောင်လို့မရ။ မြေသားစစ်စစ်ကို သိပ်မတွေ့ရ။ ထင်းရှူးသီးများ၊ အရွက်များဖြင့် နူးညံ့နေသောမြေပြင်ပေါ်တွင်သာ လျှောက်လှမ်းနေရသည်။

ကျောင်းဝန်းအတွင်း လှည့်လည်လမ်းလျှောက်နေရင်း ဂျာမန်ရဟန်းတော်က တပည့်တော် အမှားပါရင် ခွင့်လွှတ်ပါ။ အရှင်ဘုရား သဘောမတူတာရှိရင် ဆွမ်းခံသွားရင်း ပြောကြမယ်။ ဒီနေ့ ဆွမ်းခံရွာက တစ်နာရီကျော်လောက် လှမ်းလျှောက်ရမယ်။ အသွားအပြန်ဆိုရင် ၃ နာရီလောက်ကြာမယ်။ အခုတော့ အရှင်ဘုရား ကျောင်းလေးမှာ ခဏသွားနားလိုက်ပါဦး။ ၉ နာရီထိုးရင် ကျောင်းဆောင်ကြီးမှာ တွေ့ကြမယ်ဟု ပြောပြီး လူစုခွဲလိုက်သည်။ တိတ်ဆိတ်နေသောတစ်ပါးကျောင်းလေးတွင် တရားထိုင်ဖို့ အာရုံစိုက်ကြည့်သည်။ မရ။ ဘယ်လိုမှ အာရုံစုစည်းလို့ မရ။

အကြောင်းရှာကြည့်သောအခါ စာရေးချင်သောအတွေးက များနေသည်။ ကိုယ်တွေးမိသောအရာများကို အခြားသူများနှင့် မျှဝေချင်နေသည်။ သို့ရာတွင် ကွန်ပြူတာမပါခဲ့။ ဖုန်းလိုင်းများကိုတောင် ဖြတ်ထားသည်။ မှတ်စုစာအုပ်လေးထဲ ကောက်ခြစ်နေခဲ့သည်။ အာရုံအထူးစူးစိုက်နေစရာမလိုသော အရွတ်အဖတ်ကိစ္စကို လုပ်လိုက်သည်။ ထင်းရှူးပင်များ ထိပ်ကို တိုးတိုက်သွားသော လေက တဝေါဝေါအသံကို ပေးလျှက်ရှိသည်။

၉ နာရီ ထိုးခါနီးတော့ အဓိကကျောင်းဆောင်ကို သပိတ်လွယ်ပြီး ထွက်လာခဲ့သည်။ အထဲက ဆွယ်တာက ၂ ထပ်ဖြစ်နေသဖြင့် သင်္ကန်းရုံရတာ မသေမသပ် ဖြစ်နေသည်။ မြန်မာနိုင်ငံတွင် သပိတ်ကို ညာဖက်ပုခုံးတွင် လွယ်သည်။ သူကတော့ ဘယ်ဖက်ပုခုံးပေါ်ကနေ စလွယ်သိုင်းပြီး လွယ်သည်။ တပည့်တော် အဲ့ဒီလို မလွယ်တတ်ဘူးဆိုတော့ ကြိုက်သလို လွယ်ပါ။ ရွာကို ရောက်ရင် တပည့်တော်လည်း အရှင်ဘုရားလို လွယ်မှာပါဟုဆိုသဖြင့် မြန်မာလိုပဲ လွယ်လိုက်သည်။

လမ်းတစ်လျှောက်လုံးက ထင်းရှူးတောကြီးဖြစ်သည်။ ဒီတောထဲမှာ ယုန်တွေ၊ သမင်တွေ အများကြီး ရှိတယ်။ ဒါပေမဲ့ သူတို့က လူသံကြားရင် ရှောင်နေတတ်တော့ တွေ့တော့ တွေ့ခဲတယ်ဟု ဆိုသည်။ သို့သော် တစ်နေရာတွင် ယုန်လေး ၃ ကောင် မြက်စားနေတာကို လှမ်းတွေ့လိုက်သည်။ ၂ ကောင်က အမြန်ပြေးသည်။ ၁ ကောင်ကတော့ ခေါင်းထောင်ပြီး ကြည့်နေသည်။ ကင်မရာကို အမြန်ထုတ်ပြီး ရိုက်လိုက်နိုင်ခဲ့သည်။

(၁၅)
ရာသီဥတုက အေးလို့လား မသိ။ လမ်းလျှောက်ရသည်မှာ အရသာရှိလှသည်။ မြက်ခင်းပြင်ပေါ်ဖြတ်လိုက်၊ တောလမ်းလေးတွေပေါ်ရောက်လိုက် သွားနေရသည်။ မြက်ခင်းပြင်ဟုဆိုသော်လည်း ပန်းတွေ တဝင်းဝင်းပွင့်နေတာ များသည်။ အရှင်ဘုရား ဒီပန်းပင်လေးတွေက တမင်စိုက်ထားတာလားဟု မေးသည့်အခါ ဂျာမန်ရဟန်းတော်က ရယ်သည်။ သဘာဝပေါက်နေတဲ့အပင်တွေဟု ဆိုသည်။ အော် … တို့နိုင်ငံမှာတော့ သဘာဝပေါက်တာဆိုလို့ မြက်နဲ့ဆူးတွေပဲ ရှိတယ်။ သူတို့ဆီမှာတော့ ပန်းတွေက အလေ့ကျပေါက်သတဲ့၊ ကောင်းလိုက်တာဟု စိတ်ထဲမှ ရေရွတ်မိသည်။
ဤသို့လျှောက်လာကြရင်း ရွာလေးကို အဝေးမှ လှမ်းမြင်နေရသည်။ ရွာကိုဝင်သည့် လမ်းမပေါ် ရောက်လာသည်။

ရွာအဝင်ကတ္တရာလမ်းက မြန်မာနိုင်ငံက ပြည်လမ်းမလောက်တော့ ညက်ညောသည်။ ရွာထဲတွင်လည်း လမ်းတွေက အလွန်ညက်ညောလှသည်။ အိမ်တိုင်းအိမ်တိုင်းတွင် ကားများ၊ အလှစိုက်ပန်းအိုးများကို တွေ့နေရသည်။ အရှင်ဘုရား ဒီရွာမှာ ဗုဒ္ဓဘာသာ ဘယ်နှအိမ်ရှိလဲဟု ဂျာမန်ရဟန်းတော်ကို မေးမိသည်။ သူက ပြုံးရယ်ပြီး တစ်အိမ်မှ မရှိဘူးဟု ဖြေသည်။ အံ့သြသွားသည်။ ထူးဆန်းတာတွေချည်း ကြုံနေရသည်။

အိမ် ၄ အိမ်သို့ ကြွရသည်။ သူတို့က ခင်မင်မှုနဲ့ လှူကြတာ၊ ဗုဒ္ဓဘာသာကို သိလို့ရယ် မဟုတ်ဘူး၊ အလှူလုပ်တာကောင်းတယ်ဆိုတာကတော့ သူတို့ ဘာသာမှာလည်း ရှိတာပဲ မဟုတ်လား။ တပည့်တော်တို့က အခုလို ရိုးရိုးရှင်းရှင်းနဲ့ ဘယ်သူ့ကိုမှ ဒုက္ခမပေးဘဲ တောထဲမှာ နေပြီး အေးအေးချမ်းချမ်း နေနေတာ၊ တရားအားထုတ်နည်းတွေ ပြောပြတာကို သူတို့က သဘောကျတယ်။ အားပေးတယ်။ စသည်ဖြင့် သူက ရှင်းပြနေသည်။

စာရေးသူက တောရွာက လူများကို လေ့လာနေမိသည်။ မြို့မှာတွေ့ရသောသူများထက် ပိုမိုရိုးသားသည်ဟု ထင်မိသည်။ ဒူးခေါင်းတွေ၊ လက်တွေ၊ အဝတ်တွေမှာ မြေကြီးအနည်းငယ် ပေကျံနေသည်။ ပုဆိန်၊ ဓား စသည့် တောပစ္စည်းများ ကိုင်ဆောင်ထားသော လူဖြူတောသားကို အခုမှ တွေ့ဖူးခြင်း ဖြစ်သဖြင့် အနည်းငယ် ထူးဆန်းသည်။ နောက်ပြီး တစ်ဦး(ဓာတ်ပုံထဲက ဆွမ်းလောင်းနေသူ)ကဆိုလျှင် အင်္ဂလိပ်လူမျိုးတစ်ဦးဖြစ်သည်။ ဂျာမန်သူနှင့်လက်ထပ်ပြီး တောမှာ ယာလုပ်နေခြင်း ဖြစ်သည်။ စိတ္တဇဆန်ဆန်နိုင်ငံခြားကားများ ကြည့်ဖူးသဖြင့် ပုဆိန်ကြီးကိုင်ထားသော အင်္ဂလိပ်တောသားကိုကြည့်ပြီး စိတ်ထဲ တစ်မျိုးဖြစ်လိုက်သေးသည်။

ဂျာမန်ရဟန်းတော်က မိတ်ဆက်ပေးသဖြင့် စာရေးသူကို အခုမှ ဥရောပရောက်လာသူဟု ဆိုကာ သူတို့ အိမ် အတွင်းပိုင်းများကို ဗဟုသုတအဖြစ် လိုက်ပြပေးသည်။ အပူပေးစက်များ၊ အခြားလူမှုအသုံးအဆောင်များ၊ သန့်ရှင်းသပ်ရပ်မှုများကတော့ ချီးကျူးစရာ ကောင်းလှသည်ကို တွေ့ခဲ့ရသည်။

သွားခဲ့သမျှ အိမ် ၄ အိမ်ကရော၊ အခြားလမ်းတွေ့သူများကပါ ပြုံးရွှင်ဖော်ရွေစွာ နှုတ်ဆက်ကြသည်ကို တွေ့ရသည်။ အခြားလမ်းမှနေ၍ ပြန်လာခဲ့ကြသည်။ တောထဲတွင် လင့်စင်အချို့ကိုလည်း ကြိုကြားကြိုကြား တွေ့ရသည်။ သမင်၊ ယုန် စသည့်သတ္တဝါလေးကို ပစ်ဖို့ တည်ဆောက်ထားခြင်း ဖြစ်သည်။ လိုင်စင်ရှိသူများ ပစ်နိုင်သည်ဟု ဆိုသဖြင့် စိတ်မကောင်းဖြစ်မိသေးသည်။ သီရိလင်္ကာနိုင်ငံမှာလို အားလုံး ဘေးမဲ့ပေးထားလျှင် ဘယ်လောက်ကောင်းမလဲဟု တွေးမိသည်။

(၁၆)
၁၁ နာရီကျော်လောက်ရှိသောအခါ ကျောင်းသို့ ပြန်ရောက်သည်။ ဘုရားရှိခိုးကြသည်။ ငယ်သူက ကြီးသူကို ရှိခိုးကြသည်။ ဆွမ်းခံရာမှ ရရှိလာသော ပေါင်မုန့်များ၊ အချိုရည်ဗူးများ၊ သစ်သီးများကို ဆွမ်းကျောင်းထဲ ပို့လိုက်သည်။ ကဲ အရှင်ဘုရား ဘယ်လို သဘောရလဲ၊ ဆွမ်းခံကြွတာကိုလေ၊ မောသွားပြီလားဟု မေးသည်။ မမောပါဘူးဘုရား၊ လမ်းလျှောက်ရတာ ကောင်းပါတယ်။ တပည့်တော်အတွက် အတွေ့အကြုံသစ်ဆိုတော့ စိတ်ထဲလည်း တစ်မျိုးခံစားရပါတယ်ဟု ပြန်ဖြေမိသည်။

လုပ်ပါဦး၊ အရှင်ဘုရား ခံစားချက်ကို ..ဟု ဆိုသောအခါ ဒီလိုပါဘုရား … အခု အရှင်ဘုရားတို့ဟာ ဗုဒ္ဓဘာသာဝင်မဟုတ်သူတွေ လှူဒါန်းတဲ့ ဆွမ်းအစရှိတာနဲ့ ရပ်တည်နေကြတာဆိုတော့ တပည့်တော် ဘုရားရှင်လက်ထက်ကအကြောင်းတွေကို သတိရမိလို့ပါ။ ဘုရားရှင်လက်ထက်မှာလည်း ဗုဒ္ဓဘာသာမဟုတ်သူတွေရဲ့ဆွမ်းနဲ့ ရပ်တည်ရတဲ့၊ ဗုဒ္ဓဘာသာမဟုတ်သူတွေရဲ့အိမ်မှာ ဆွမ်းခံရတဲ့အဖြစ်အပျက်ဇာတ်လမ်းတွေ အများကြီး မဟုတ်လား။ တချို့ဇာတ်လမ်းတွေမှာ ၁၂ နှစ်လုံးလုံး အိမ်ရှေ့မှာ ဆွမ်းသွားရပ်တာ ဘာဆွမ်းမှ မလောင်းဘူး။ ၁၂ နှစ်ပြည့်မှ ကန်တော့ဆွမ်းပါဆိုတဲ့ စကားလေးတစ်ခွန်းကို ပြန်ပြောဖော်ရသတဲ့။ ဒါတွေကို တပည့်တော် ပြန်သတိရတဲ့အတွက် စိတ်ထဲမှာ ဝမ်းသာမိပါတယ်။ လုပ်ဆောင်နိုင်မယ်ဆိုရင် ကမ္ဘာမှာ ဗုဒ္ဓတရားတော်တွေကို လူတွေ သိမြင်ခွင့်ရဖို့အတွက် ကျောင်းမှာ တရားကျင့်ပြီး ရောက်တဲ့နေရာမှာ ဆွမ်းခံနေရုံနဲ့ ဖြစ်နိုင်တယ်ဆိုတဲ့ အသိအမြင်ကတော့ တပည့်တော်ဘဝအတွက် တန်ဖိုးမဖြတ်နိုင်လောက်အောင်ပါပဲဘုရားဟု ပြန်ပြောခဲ့သည်။

ဂျာမန်ရဟန်းတော်က ဆက်ပြောသည်။ ဟုတ်တယ်။ အခု ဒီကျောင်းမှာ လာရောက်ကူညီသူတွေ၊ တရားလာထိုင်သူတွေကလည်း ခရစ်ယာန်တွေပဲ။ အချို့တရားထိုင်တာ တော်တော်အရသာ တွေ့နေကြပြီ။ တပည့်တော်တို့က မင်းတို့ ဗုဒ္ဓဘာသာပြောင်းပါလို့ လုံးဝ မပြောဘူး။ အချို့လည်း ဒီအတိုင်း နေတယ်။
အချို့တော့လည်း သူတို့ ဗုဒ္ဓဘာသာပြောင်းချင်ကြောင်း လာပြောကြတယ်။ မင်း ဗုဒ္ဓဘာသာပြောင်းချင်တာ ငါနဲ့ ဘာမှ မဆိုင်ဘူး။ မင်း စိတ်နဲ့မင်းပဲ ဆိုင်တယ်။ မင်း ဗုဒ္ဓဘာသာဖြစ်ခြင်း၊ မဖြစ်ခြင်းကို ငါ ဘယ်လိုလုပ် ဆုံးဖြတ်ပေးနိုင်မှာလဲ။ (Converting is nothing to do with me. You are the only one who knows your mind really. How can I jugde you are Buddhist or not?)

မင်းစိတ်က ဘုရား၊ တရား၊ သံဃာအပေါ်မှာ ယုံကြည်စိတ်ရှိသွားပြီဆိုရင် မင်းဟာ ဗုဒ္ဓဘာသာတောင် ဖြစ်စရာ မလိုတော့ဘူး။ မင်း ဗုဒ္ဓဘာသာဖြစ်လို့ ဘုရားက ပျော်နေမယ်၊ ငါတို့က ဝမ်းသာနေမယ်ထင်လား။ မင်း အမြင်မှန်သွားတဲ့အတွက်ပဲ ငါတို့ ဝမ်းသာတယ်။ မင်း ဗုဒ္ဓဘာသာဖြစ်လာပြီဆိုတာနဲ့တော့ ငါ နည်းနည်းမှ စိတ်မလှုပ်ရှားဘူး၊ ငါတို့တွေဟာ လူတစ်ယောက်ဗုဒ္ဓဘာသာဖြစ်လာရုံနဲ့တော့ ဝမ်းမသာနိုင်ဘူး။ လူတစ်ယောက် အသိအမြင်ရသွားပြီဆိုရင်တော့ တကယ့်ကို ဝမ်းသာပါတယ်။

တကယ်တော့ ငါတို့ဟာ Convert ဆိုတဲ့ စကားလုံးကို သုံးကို မသုံးချင်တာ၊ Realization ဆိုတဲ့စကားလုံးကိုပဲ သုံးချင်တာလို့ သူတို့ကို ပြောလိုက်တယ် … စသည်ဖြင့် အားတက်သရော ပြောနေခဲ့သည်။

(၁၇)
ဒါနဲ့ နေပါဦး၊ အရှင်ဘုရားက တပည့်တော်ကိုပဲ မေးခွန်းတွေ မေးနေတယ်၊ အရှင်ဘုရားမှာကော ဘာအနာဂတ်အစီအစဉ်တွေ ရှိလဲဟု ခပ်ပြုံးပြုံးဖြင့် မေးလေသည်။ အရှင်ဘုရားက အနာဂတ်အကြောင်း၊ ဘုရားယုံခြင်းအကြောင်းတွေကို အကျယ်ချဲ့ပြောသွားကတည်းက အရှင်ဘုရား ပြောတာတွေကို သဘောကျပြီး ကိုယ့်အနေအထားကို တော်တော်လေး ပြန်သုံးသပ်မိတယ်။ အချိန်မရွေး သေနိုင်တာကို သိပေမဲ့ ရည်မှန်းချက်တစ်ခုရှိတယ်။ အခု တပည့်တော်တို့နိုင်ငံက ပညာရေးက ပြုပြင်ပြောင်းလဲဖို့ အတော်လိုအပ်နေတယ်။ လူပညာရေးတော့ လူတွေအပိုင်းပေါ့။ ဘုန်းကြီးပညာရေးကို ပြင်စေချင်တယ်။ သူများကို ပြင်လို့ မရရင် ကိုယ်ပိုင်တက္ကသိုလ်တစ်ခုလောက် တည်ထောင်ပြီး စံပြပညာရေးစနစ်တစ်ခုကို အသက်သွင်းချင်တယ်။

အရှင်ဘုရားနဲ့ စကားမပြောခင်တုန်းကတော့ ဒါတွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့အတွက် လူတွေကို ဘယ်လို၊ ဘုန်းကြီးတွေကို ဘယ်လို စည်းရုံးမယ် စသဖြင့် တပည့်တော် စီမံကိန်းတွေ ဆွဲဖို့ စိတ်ကူးထားခဲ့တယ်။ အခုတော့ ဒီစီမံကိန်းတွေကို ဘုရားကိုပဲ လွှဲအပ်လိုက်တော့မလားလို့ စဉ်းစားနေတယ်။ ဘယ်လိုနည်းနဲ့ အပ်မှာလဲဆိုတော့ တပည့်တော်က ရဟန်းတစ်ပါးအနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေကိုပဲ လုပ်မယ်။ ကျန်တာတွေတော့ ဘုရားက လုပ်ပေးလိမ့်မယ်ပေါ့။ ဒါက တင်စားပြီး ပြောတယ်လို့လည်း ဆိုနိုင်ပါတယ်။ ဘုရားက တန်ခိုးရှင်လို လုပ်ပေးမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး … စသဖြင့် ဆွေးနွေးဖြစ်ခဲ့သည်။

(၁၈)
မှန်ကန်စွာ၊ ရိုးသားစွာ၊ တက်ကြွစွာ၊ တည်ငြိမ်စွာ၊ ယုံကြည်စွာ လုပ်ဆောင်နေမည်ဆိုလျှင် ကိုယ်သွားရာလမ်းဟာ အေးချမ်းသော၊ နေပျော်သော၊ ကျေနပ်ဖွယ်ဖြစ်သော နေရာတစ်ခုဆီ မလွဲမသွေ ရောက်ရှိနိုင်မှာ သေချာနေသည်ဟု ယုံကြည်ချက်အခိုင်အမာ ဖွဲ့တည်နေမိခဲ့သည်။ အမြတ်ထုတ်ခြင်း၊ ကျော်ကြားမှု၊ အောင်မြင်မှုအတွက် လှည့်ပတ်ခြင်း၊ ကောက်ကျစ်ခြင်း၊ လှည့်စားခြင်း၊ မိမိအောင်မြင်မှုအတွက် အူယားဖားယား ဆောင်ရွက်ခြင်း၊ မရိုးမသားနည်းများဖြင့် ဆောင်ရွက်ခြင်း စသည်စသည်တို့ကို လုပ်ဆောင်နေသူများသည် ဗုဒ္ဓသားတော်မပြောနှင့် ဗုဒ္ဓဘာသာအစစ်ပင် မဟုတ်နိုင်တော့ပါလားဆိုသည်ကိုလည်း ကွက်ကွက်ကွင်းကွင်း မြင်လာနေမိခဲ့သည်။

ခရီးသွားသဖြင့် ရရှိလာသောအသိအမြင်များတွင် လွတ်မြောက်ပြီးသော နှလုံးသား(Liberated Heart)ဟု အဓိပ္ပာယ်ရသော မုတ္တောဒါယ(Muttodaya)တောကျောင်းသို့ သွားရောက်ရခြင်းကြောင့် ရရှိလာခဲ့သည့် အသိအမြင်များက တစ်မျိုးတစ်ဖုံ အံ့သြစေခဲ့ပါသည်။ ဘဝအသိအမြင်များကို တလင်းလင်းတလက်လက် ဖြစ်စေခဲ့ပါသည်။ လွတ်မြောက်ပြီးသော နှလုံးသားရှိရာသို့ကား ရောက်ပြီးခဲ့ပြီဖြစ်သော်လည်း ကိုယ့်နှလုံးသားကတော့ လွတ်မြောက်ဖို့ အချိန်နာရီများ ဘယ်မျှလောက် ယူရဦးမည်မသိပါတကား။

မှန်ကန်စွာ၊ ရိုးသားစွာ၊ တက်ကြွစွာ၊ တည်ငြိမ်စွာ၊ ယုံကြည်စွာဖြင့် ဘဝတစ်လျှောက်လုံး လျှောက်လှမ်းနိုင်ဖို့အတွက်တော့ အားအင်တွေက ပြည့်ပြည့်လာသည်ဟု ခံစားမိသည်။

(၁၉)
စာရေးသူ၏ အတွေ့အကြုံအပေါ် အခြေခံ၍ ခံစား၍ ရသမျှလေးများကို မှတ်တမ်းပြုထားခြင်း ဖြစ်ပါသည်။ အချို့သုံးသပ်ချက်များမှာ သိလွန်းတတ်လွန်း၍ သုံးသပ်ထားခြင်း မဟုတ်ပါ။ မြင်လိုက်သောမြင်ကွင်းအပေါ်မှာ ခံစားလိုက်ရသော လျှပ်တပြက်အတွေးစလေးများကို ရေးခြစ်မိခြင်းဖြစ်သည်ဟုသာ ဆိုချင်ပါသည်။ အခြားစိတ်ဝင်စားဖွယ်ရာ ဆွေးနွေးချက်များလည်း ရှိနေပါသေးသည်။ သို့ရာတွင် နောက်ပိုင်းမှ ခေါင်းစဉ်သီးသန့်ဖြင့် တင်ပြဖို့ စိတ်ကူးထားပါသည်။

(၂ဝ)
အပြန်ခရီးတွင် ရထားတံခါးကိုလည်း ကိုယ်တိုင် ဖွင့်တတ်သွားပြီ။ အသွားတုန်းကလို ဟိုလိုက်မှတ်၊ ဒီလိုက်ကြည့် သိပ်လုပ်စရာ မလိုတော့။ အတွေ့အကြုံက လူကို တည်ငြိမ်စေသည်။ မုတ္တောဒါယတွင် အားလုံးကို ကျေးဇူးတင်ကြောင်း ပြောခဲ့သည်။ အခု စာဖတ်ပရိသတ်များကိုလည်း ကျေးဇူးတင်ပါသည်။

မုတ္တောဒါယ(Liberated Heart) လွတ်မြောက်ပြီးသော နှလုံးသားပိုင်ရှင်များ ဖြစ်နိုင်ကြပါစေ။

မေတ္တာဖြင့်
အရှင်ကုသလသာမိ(အတည်မဲ့)

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails