Saturday, May 24, 2014

ဂျာမနီက ဗုဒ္ဓနေ့ပွဲတော်နှင့် မှတ်မှတ်ရရ အတွေးများ (၂)












(၇)
နီပေါလ်နိုင်ငံ ကိုယ်စားပြု ဘုရားကျောင်းကတော့ ဟိန္ဒူအငွေ့အသက်တွေ ပါဝင်နေတာ တွေ့ရတယ်။ (အနက်ရောင်အဆောင်နဲ့အမျိုးသမီးကွေးနေတာပါတဲ့ပုံဟာ နီပေါလ်ကိုယ်စားပြုကျောင်းဆောင်ပါ)။ ဆိုင်တန်းများကို ဖြတ်ကျော်ရင်း ဆိုင်တွေမှာ ခင်းကျင်းပြသထားတဲ့ စာအုပ်တွေကို လိုက်ကြည့်မိတယ်။ ဒလိုင်းလားမားစာအုပ်များ၊ သစ်နက်ဟန်းစာအုပ်များ၊ ဘုရားဆင်းတုတော် စတဲ့ ဗုဒ္ဓဘာသာအသုံးအဆောင်ပစ္စည်းများကို တွေ့ရတယ်။ ဈေးတန်းများကို လွန်ပြီးတဲ့အခါ ဘောလုံးကွင်းပွဲကြည့်စင်လို လုပ်ထားတဲ့ ကပွဲနေရာကို ရောက်လာတယ်။

စတိတ်စင်ပေါ်မှာ မဟာယာနရဟန်းတော်များ၊ တိဗက်ရဟန်းတော်များ၊ မဟာယာနသီလရှင်များ ထိုင်နေတာကို တွေ့ရတယ်။ စတိတ်စင်ရှေ့မှာတော့ ထိုင်းအမျိုးသမီးလေးများက သူတို့ ရိုးရာဝတ်စုံလေးများနဲ့ ကပြနေတာကို တွေ့ရတယ်။ စတိတ်စင်ဘေးမှာလည်း ထိုင်းအမျိုးသားများက သူတို့ ရိုးရာဝတ်စုံများနဲ့ အလှပြထားကြတယ်။ ထိုင်းလက်ရာဗုဒ္ဓရုပ်ပွားတော်ကိုလည်း ပန်းမျိုးစုံနဲ့ ထားရှိပူဇော်နေကြတာကို တွေ့ရတယ်။

(၈)
ပွဲကြည့်စင်ပေါ်ကို လှမ်းကြည့်လိုက်တယ်။ လူတွေ အများကြီးကို အကဲခတ်ကြည့်လိုက်တဲ့အခါ အနောက်တိုင်းသားတွေက အများစုပါဝင်နေတာကို တွေ့ရတော့ အံ့သြသွားတယ်။ အော် သူတို့လည်း ဗုဒ္ဓဘာသာကို အတော်စိတ်ဝင်စားလာကြပါလားဆိုတာ သိလိုက်ရတယ်။ အရှေ့တိုင်းသားတွေသာ အနောက်တိုင်းသားတွေလို ကြွယ်ဝလာကြရင်တော့ အနောက်မှာ ဗုဒ္ဓသာသနာထွန်းကားဖို့က သိပ်မခက်ဘူးလို့ ထင်မြင်လာစေခဲ့တယ်။

အချို့ဦးဇင်းတို့ မြန်မာတွေ ပြောနေကြတယ်။ “နိုင်ငံခြားသာသနာပြုတဲ့ကွာ၊ ကိုယ့်နိုင်ငံသားတွေနဲ့သာ ပြု၊ ပြီးတော့ ကိုယ့်နိုင်ငံသားတွေဆီကပဲ ပြန်အလှူခံနေတာပါ”တဲ့။ အရင်က ကိုယ်လည်း အဲဒီလို ပြောချင်ခဲ့တယ်။ တကယ်တော့ ကိုယ့်နိုင်ငံသားတွေက ကိုယ်ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို သူများနိုင်ငံမှာ ထွန်းကားစေချင်တာဆိုတော့ ကိုယ်က မပေးလို့ ဘယ်သူက လာပေးမှာလဲ။ မြန်မာနိုင်ငံက အခြားဘာသာသာသနာပြုတွေဆိုရင် အခုချိန်ထိ အန်ဂျီအိုအသွင်နဲ့ဝင်ပြီး နိုင်ငံခြား၊ ဥရောပက ငွေတွေ ရနေကြတာပဲ မဟုတ်လား။

ဟိုးယခင်ကတည်းက အဲဒီလို အထောက်အပံ့တွေ ရကြတော့ သာသနာပြုရတာ ထိရောက်တာပေါ့။ ဒီတော့ ကိုယ်တို့နိုင်ငံသား ဗုဒ္ဓဘာသာတွေအနေနဲ့လည်း ကိုယ်ကိုးကွယ်တဲ့ဘာသာ ပြန့်ပွားစေချင်ရင် ကိုယ်ပဲ လှူဒါန်းထောက်ပံ့ရမှာပေါ့လေ။ တစ်ခုတော့ ရှိတာပေါ့။ ကိုယ့်နိုင်ငံသားတွေဆီကနေ လိမ်လည်အလှူမခံမိဖို့နဲ့ ရည်ရွယ်ချက်က ကိုယ့်နိုင်ငံသားအဝန်းအဝိုင်းဆိုရင်တော့လည်း နိုင်ငံခြားသာသနာပြုခေါ်ရတာ တစ်မျိုးဖြစ်နေမှာပေါ့။ ဒါမျိုးတွေကလည်း ရှိနေတာပဲ မဟုတ်လား။ ဒါကတော့ တစ်ကဏ္ဍပေါ့လေ။ ဦးဇင်း ဆိုလိုတာက အညတြခရီးသည် ဆောင်းပါးထဲက ကျောင်းလို ထိုင်းနိုင်ငံသားတွေက ကမကထ လုပ်ပြီး လှူတယ်၊ ဦးတည်တာက ဂျာမနီနိုင်ငံသားတွေကို ဦးတည်တယ်။ ဒါမျိုးကို ဆိုလိုတာပါ။ ဒါမျိုး မဖြစ်နိုင်သေးသရွေ့တော့ ထိရောက်တဲ့ပြုနည်းကား မဟုတ်သေးဘူးလို့ ဆိုရင် မမှားဘူးထင်ပါတယ်။

ပြောချင်တာကတော့ မြန်မာနိုင်ငံသား လှူနိုင်တန်းနိုင်သောဒကာများ အမြန်ပေါ်ပေါက်ပါစေ။ ဂျာမနီနိုင်ငံ West Park ဥယျာဉ်ကြီးထဲမှာ ဗုဒ္ဓဘာသာဘုရားတန်ဆောင်းဆောက်ခွင့်ရမယ်ဆိုရင် ဂုဏ်ယူစရာလည်း ကောင်းသလို ပါရမီထူးတဲ့ ကုသိုလ်ထူးကြီး ဖြစ်မှာ မလွဲပါဘူး။ မြန်မာနိုင်ငံက တစ်နေရာရာမှာ စေတီတွေ၊ တန်ဆောင်းတွေ လှူတာထက် ဂျာမနီနိုင်ငံက အထင်ကရ ဥယျာဉ်ကြီးထဲမှာ လှူခွင့်ရတာဟာ ပိုမိုကြီးကျယ်တဲ့ရလဒ်တွေ ရှိတယ်ဆိုတာ အထူးပြောနေဖွယ် မလိုဘူး ထင်ပါတယ်။

(၉)
ဗုဒ္ဓနေ့ပွဲတော်ကျင်းပရာ အဓိကပွဲကြည့်စင်နားရောက်တော့ ဒေါ်နီနီရင်နှင့်အတူ မြန်မာဒကာမ ၃ ဦးကို တွေ့လိုက်ရတယ်။ သူတို့ လာနှုတ်ဆက်ကြတယ်။ “ဦးဇင်းရယ် သူများ နိုင်ငံတွေကို အားကျလိုက်တာ”တဲ့။ “အော် ဘာကို အားကျတာတုန်း”ဆိုတော့ “သူများနိုင်ငံတွေက သူတို့ ရိုးရာယဉ်ကျေးမှုတွေကို ဒီမှာ ခမ်းခမ်းနားနား ပြသကြတယ်။ တပည့်တော်တို့လည်း တပည့်တော်တို့ ယဉ်ကျေးမှုကို ပြချင်တာပေါ့”တဲ့။ “အော် ဒါဆိုလည်း တို့ မြန်မာတွေလည်း လုပ်ကြတာပေါ့”လို့ ပြောလိုက်တယ်။ “ဟုတ်တယ် နောက်နှစ်ကျရင် တပည့်တော်တို့ မြန်မာနိုင်ငံကိုယ်စားပြုပြီး မြန်မာ့ယဉ်ကျေးမှုတွေ၊ ရိုးရာအကတွေကို ပြနိုင်အောင် လုပ်ကြမယ်”လို့ ဒေါ်နီနီရင်က ပြောပါတယ်။ ဒါပေမဲ့ စကားအဆုံးသတ်မှာ “ဦးဇင်းက နောက်နှစ်ဗုဒ္ဓနေ့မတိုင်ခင် ထွက်မပြေးနဲ့အုံးနော်၊ ဦးဇင်းရှိမှ လုပ်ကြမှာ”တဲ့။

တက်ကြွတဲ့ ဒကာမကြီးများကို လေးစားမိသလို အားလည်း တက်မိပါရဲ့။ စိတ်ထဲမှာတော့ မြန်မာ့ရိုးရာ ဆီမီးခွက်အကတို့ စတဲ့ မြန်မာ့ဟန်အကတွေကို ကိုယ့်ရှေ့က စတိတ်စင်ပေါ် တင်ကြတယ်။ ဖရန့်ဖွတ်က မြန်မာတွေကိုလည်း ဖိတ်ပြီး အကြီးအကျယ် လုပ်လိုက်ရရင်တော့ အနောက်တိုင်းသားတွေ လက်ခုပ်တဖြောင်းဖြောင်းနဲ့ သဘောကျနေလိမ့်မယ်ထင်တယ်။ ဒကာမကြီး ဒေါ်နီနီရင်က ရုပ်သေးလည်း ကပြတတ်တော့ ရုပ်သေးအကကို ဒကာမကြီးက ဇာတ်စင်ပေါ်မှာ ကပြ၊ အရုပ်က သေးသေးလေးဆိုတော့ ပရိုဂျက်တာကြီးတွေနဲ့ ပရိသတ်အားလုံး မြင်နိုင်အောင် လုပ်ရမယ် စသဖြင့် စိတ်ကူးယဉ်အတွေးနယ်ချဲ့ဖြစ်ခဲ့တယ်။ အော် …. နောက်တစ်နှစ် ဗုဒ္ဓနေ့ပွဲတော် …. ကိုယ့်အကြိုက်ဆုံးနာမည်ကိုက “အတည်မဲ့”ဆိုတော့လည်း …..။

(၁ဝ)
ဗုဒ္ဓနေ့ပွဲတော်ရှိရာ West Park က အပြန်မှာ ဥက္ကဋ္ဌဂုဏက အိုလံပစ်မျှော်စင်ကို လိုက်ပြမယ်ဆိုလို့ လိုက်သွားခဲ့တယ်။ အိုလံပစ်မျှော်စင်က ၂၉၈.၂၈ မီတာ မြင့်ပါတယ်။ လှေကားနဲ့ဆိုရင် လှေကားထစ်ပေါင်း ၁၂၃ဝ ရှိပါတယ်။ ဓာတ်လှေကားက တစ်စက္ကန့်ကို ၄ မီတာနှုန်းရှိတဲ့အတွက် ဓာတ်လှေကားအလေ့အကျင့်ရှိတဲ့ ဂျာမနီသားတွေတောင် နားအူကြပါတယ်။ မြူးနစ်မြို့ရဲ့ အမြင့်ဆုံးအဆောက်အအုံဖြစ်တဲ့အတွက် မြူးနစ်မြို့တစ်မြို့လုံးကို လှမ်းမြင်ရတယ်။

ဘိုင်ယန်မြူးနစ်ဘောလုံးကွင်းကိုလည်း လှမ်းမြင်နေရတယ်။ မြူးနစ်မြို့ထဲက ပန်းခြံအချို့ကိုလည်း ကြည်နူးစရာ မြင်တွေ့ရတယ်။ အိုလံပစ်ဘောလုံးအားကစားကွင်းဆိုရင် အပေါ်စီးကနေ ကြည့်ရတော့ အတော်လှပနေတာကို တွေ့ရတယ်။ အိုလံပစ်မျှော်စင်ပေါ်မှာ ၄၅ မိနစ်ခန့် အချိန်ဖြုန်းပြီးတော့ ကျောင်းကို ပြန်လာခဲ့ကြတယ်။

(၁၁)
West Park ဥယျာဉ်ကြီးထဲက ဗုဒ္ဓနေ့မြင်ကွင်းက မျက်စိထဲက မထွက်ဘူး။ မဟာယာန၊ တိဗက်တန်၊ ထေရဝါဒ။ နောက်ပြီး စာရေးသူရဲ့ လုပ်ကြံမှုများကြားက ဗုဒ္ဓဘာသာ စာအုပ်ထဲမှာ ဖော်ပြထားတဲ့အတိုင်း ဗုဒ္ဓဘာသာဂိုဏ်းကွဲများအချင်းချင်း ပြိုင်ဆိုင်တိုက်ခိုက်မှု၊ မဟာယာနက ထေရဝါဒဆိုရင် ကလေးဦးနှောက်သာရှိတဲ့ ဗုဒ္ဓဘာသာဝင်များတဲ့။ သူတို့ကသာ လူကြီးဦးနှောက်နဲ့ဗုဒ္ဓဘာသာများတဲ့။ အဖေမှာ မှာတဲ့အတိုင်း လုပ်တာ ကလေးဦးနှောက်တဲ့။ လူကြီးကတော့ အဖေက ဒီလို မှာပေမဲ့ နေရာဒေသအားလျော်စွာ လုပ်သင့်၊ မလုပ်သင့် စဉ်းစားပြီးမှ လုပ်တာတဲ့။ ဘာပဲဖြစ်ဖြစ် ဗုဒ္ဓကို ယုံကြည်တယ်ဆိုပြီး တိုက်ခိုက်နေကြတာကတော့ ကြည့်ရတာ သိပ်မကောင်းလှပါ။

(၁၂)
နောက်ပြီး ခရစ်ယာန်ဆရာတော်များ မြူးနစ်မြို့မှာ ညီလာခံတစ်ခုလုပ်မည့်အကြောင်း သတင်းကလည်း စိတ်ကူးထဲ ဝင်ရောက်လာတယ်။ ဘာတဲ့ ….။

ဂျာမနီနိုင်ငံမှာ ဗုဒ္ဓဘာသာစိတ်ဝင်စားသူတွေ ဘာကြောင့် တိုးပွားလာသလဲဆိုတာကို ခေါင်းစဉ်တစ်ခုအနေနဲ့ ဆွေးနွေးကြမယ်တဲ့။ ဗုဒ္ဓဘာသာတွေ ဂျာမနီမှာ ဘယ်လို လှုပ်ရှားလို့ ဂျာမန်သားတွေက အဲဒီနောက် လိုက်ကုန်ကြသလဲ။ လက်ရှိ ခရစ်ယာန်ဘုန်းကြီးတွေ ဒီကိစ္စကို ဘယ်လို မစ်ရှင်တွေ အသုံးပြုပြီး ခရစ်ယာန်သာသနာကြီးပွားအောင် ပြန်လုပ်ကြမလဲ။ ဒါတွေကို ဆွေးနွေးကြမယ်တဲ့။

နောက်ပြီး အဲဒီညီလာခံကို တက်ရောက်မယ့် ခရစ်ယာန်ဓမ္မကထိကဆရာတော်တစ်ပါးကလည်း အီးမေးလ်ပို့ထားတယ်။ အဲဒီရဲ့ ဆက်စပ်မှုအနေနဲ့ ဗောဓိဝိဟာရကို လာလည်ချင်ပါတယ်။ ကျောင်းမှာ ဘာတွေ လုပ်သလဲ။ လူတွေကို ဘယ်လို တရားဟောသလဲ … ဆိုတာတွေကို လာလေ့လာချင်ပါတယ်တဲ့။ အတူနေ ဂျာမန်ရဟန်းကတော့ စာရေးသူနဲ့ တိုင်ပင်ပြီး “ဘာမှ ထူးခြားတဲ့ အစီအစဉ် မရှိကြောင်း၊ ဘယ်ခရစ်ယာန်ကိုမှလည်း ဗုဒ္ဓဘာသာကောင်းကြောင်း မပြောကြောင်း၊ သူတို့ဘာသာ စိတ်ဝင်စားလို့ လာရောက်သူများကို ဗုဒ္ဓဘာသာအကြောင်း ပြောပြကြောင်း၊ တရားအားထုတ်ကြကြောင်း” … စတာလောက်သာ ပြုလုပ်ကြောင်း စာပြန်လိုက်တယ်။

(၁၃)
တစ်ရက်ကလည်း လမ်းလျှောက်ရင်းနဲ့ ခရစ်ယာန်ကျောင်းက တရားပွဲတစ်ခုကို သွားဖြစ်တယ်။ အမှန်က အဲဒီကို လမ်းလျှောက်သွားတာ။ ဝင်ကြည့်လို့ ရတယ်ဆိုတာနဲ့ ဝင်ဖြစ်သွားတာ။ တရားဟောတာ အတော်ဆွဲဆောင်မှု ရှိတယ်။ တစ်လုံးမှတော့ နားမလည်ဘူး။ စာရေးသူရောက်ပြီး နာရီဝက်လောက်ကြာတော့ ပြီးသွားတယ်။

ဘေးနားက အဘွားတစ်ယောက်ကို မေးမိတယ်။ “ဒီတရားပွဲမှာ လူက ၁ဝဝ လောက်ရှိတယ်။ ငါ အံ့သြမိတာက လူငယ်တစ်ယောက်မှ မတွေ့တာပဲ။ ငါ လေ့လာကြည့်မိသလောက် အသက် ၃ဝ လောက်ရှိတဲ့ အမျိုးသမီးက အငယ်ဆုံးပဲဖြစ်မယ်။ ကျန်တာတွေက အသက်ကြီးတဲ့ အနည်းဆုံး ၅ဝ ကျော်တွေပဲ တွေ့ရတယ်။ အဲဒါ ဘာဖြစ်လို့လည်း လူငယ်တွေကို မဖိတ်လို့လား”လို့ ဆိုတော့ “လူငယ်တွေ ဘာသာတရားအပေါ် ယုံကြည်မှု နည်းလာကြပြီ၊ ဒါမျိုး တရားပွဲတွေ မလာကြတော့ဘူး”တဲ့။

ဗုဒ္ဓနေ့ပွဲတော်မှာ အနောက်တိုင်းသားများ မြောက်မြားစွာကို တွေ့လိုက်ရခြင်းနဲ့ ဆက်စပ်ပြီး ပစ္စက္ခကြုံဆုံမိတာလေးတွေကို တွေးနေမိတာပါ။

ဆက်ရန် ............

အရှင်ကုသလသာမိ (အတည်မဲ့)

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails