Friday, May 2, 2014

အညတြ ခရီးသည် (၃)





(၉)
ည ၉ နာရီခန့်တွင် ကျောင်းဝင်းထဲ လျှောက်ကြည့်သည်။ Youtube ထဲမှ ဗွီဒီယိုကလစ်လေးထဲတွင် တွေ့ဖူးထားသော ဆင်းတုတော်လေးကို ဖူးရသည်။ ကျောင်းဝင်းအနှံ့တွင် အဖြူ၊ အဝါ၊ အနီ၊ ခရမ်းရောင် ပန်းများ ပွင့်လန်းနေကြသည်။ သဘာဝပန်းဥယျာဉ်တစ်ခုလို သာယာလှသည်။

စာကြည့်တိုက်၊ ဘုရားခန်းများကိုလည်း လှည့်ကြည့်သည်။ စာကြည့်တိုက်တွင် တို့နိုင်ငံက ဆရာတော်ကြီးများ ရေးထားသောစာအုပ်များ တွေ့မလား လိုက်ကြည့်မိသည်။ ဆရာကြီးဦးဘခင် တရားထိုင်နည်းစာအုပ်တစ်အုပ်သာ တွေ့မိသည်။

ထိုင်းနိုင်ငံဆရာတော်များ ရေးထားသော ဘာသာပြန်စာအုပ်များသာ အများဆုံး တွေ့ရသည်။
အနောက်တိုင်းသားများ ရေးထားသော ဓမ္မစာအုပ်များမှာလည်း များသောအားဖြင့် ထိုင်းနိုင်ငံ ရဟန်းတော်များဖြစ်သော အာဂျန်ချား စသော ရဟန်းတော်များ၏ တပည့်များ ရေးထားသောစာအုပ်များသာ ဖြစ်လေသည်။ အနောက်တိုင်းတွင် တည်ထောင်ထားသော ထိုင်းတောရဂိုဏ်းအဆက်အနွယ်ကျောင်းများစာရင်းကိုလည်း ကြည့်မိသည်။ အားကျစရာကောင်းလိုက်ပါဘိ။

အဓိကအဆောင်ရှေ့တွင် ဘူတာကို လာကြိုသည့် ရဟန်းတော်ကို တွေ့ရသည်။ စောစောက သူလာသေးကြောင်း၊ (ပဋ္ဌာန်း)ရွတ်ဖတ်နေသံကြားလို့ ပြန်သွားခဲ့ကြောင်း၊ ချောကလက်နှင့်ပျားရည် လာပေးခြင်းဖြစ်ကြောင်း ပြောပြပြီး မနက် ၆ နာရီ စုပေါင်းဘုရားရှိခိုး၊ တရားထိုင်မည်ဖြစ်ကြောင်း၊ ၇ နာရီတွင် မနက်စာစားမည်ဖြစ်ကြောင်း ပြောကာ နှုတ်ဆက်ထွက်ခွါသွားသည်။

(၁ဝ)
မနက် ၅ နာရီကတည်းက နိုးနေသည်။ ကျောင်းက ယူလာခဲ့သော သပိတ်၊ သောက်ရေခွက်၊ ဇွန်း၊ နိသီဒိုင်၊ လက်သုပ်ပဝါ စသည်တို့ကို ပြင်ပြီး အဓိကအဆောင်သို့ ထွက်လာခဲ့သည်။ အကြီးဆုံးရဟန်းတော်ကို ဘုရားခန်းတွင် တွေ့ရသည်။ သူက ၂၅ ဝါရှိပြီဟု ဆိုသဖြင့် ရိုသေစွာ ဝတ်ပြုလိုက်သည်။ စာရေးသူဟာ ဂျာမနီရောက်တာ မကြာသေးကြောင်း၊ ယဉ်ကျေးမှု၊ အစားအသောက် အစစအရာရာ အသစ်ဖြစ်နေကြောင်း၊ မြန်မာနှင့် ကွဲပြားကြောင်း၊ အခု တောရကျောင်းကို လာလိုက်ရသည့်အခါ ပိုပြီး အသစ်ဖြစ်နေသည်ဟု ခံစားရကြောင်း၊ အဘယ့်ကြောင့်ဆိုသော် အာရှစံတန်ဖိုးများကို ကျင့်သုံးနေသော အနောက်တိုင်းသားနေထိုင်သည့် တောရကျောင်းဖြစ်နေသောကြောင့် ဖြစ်ကြောင်း၊ အမြင်မတော်သည်များ ပြုလုပ်မိပါက ညီငယ်တစ်ယောက်လို ဆုံးမပြောဆိုနိုင်ပါကြောင်း လျှောက်လိုက်သည်။

သူတွေ့ဖူးသော မြန်မာကိုယ်တော်များတွင် စာရေးသူက ထူးခြားကြောင်း၊ စာရေးသူပြောသော အင်္ဂလိပ်စကားမှာလည်း နားလည်လွယ်ကြောင်း၊ တက်ကြွပွင့်လင်းသည့်ပြောကြားချက်ကြောင့် သူလည်း ဝမ်းသာပါကြောင်း (အနောက်တိုင်းသားတွေ ထုံးစံအတိုင်း စာရေးသူ ဝမ်းသာအောင်) ပြောပြလေသည်။

(၁၁)
သူတို့သည် တစ်နေ့တစ်နေ့ကို ဘုရားကို အလွန်ရှိခိုးကြသည်။ မနက်မိုးလင်းသည်နှင့် ဘုရားကို ရှိခိုးသည်။ ပြီးလျှင် သူတို့ကို ရဟန်းပြုပေးသော၊ တရားပြပေးသော ထိုင်းရဟန်းတော်များပုံကို ရှိခိုးသည်။ ပြီးလျှင် ငယ်သည့်ကိုယ်တော်က ကြီးသည့်ကိုယ်တော်ကို တွေ့တိုင်း ရှိခိုးသည်။ လမ်းတွင် ရှိခိုးသည်တော့ မဟုတ်ပါ။ မနက်ဘုရားရှိခိုးချိန်တွင်၊ နံနက်စာ မစားမီအချိန်၊ နံနက်စာစားပြီးအချိန်၊ ဆွမ်းခံမသွားမီ၊ ပြန်လာလျှင်၊ နေ့ဆွမ်းစားလျှင် မစားမီ၊ စားပြီး၊ ညနေ ဘုရားဝတ်ပြုလျှင် မပြုမီ၊ ပြုပြီး အငယ်ရဟန်းတော်က ကြီးသူကို ရှိခိုးသည်ကို တွေ့ရသည်။ နံနက်စာဘုဉ်းပေးပြီးသောအခါ ကျောင်းဝန်းအနှံ့ လျှောက်ကြည့်ကြသည်။ ၁၅ ဧကခန့် ကျယ်မည်ဟု ခန့်မှန်းရသည်။

(၁၁)
လမ်းလျှောက်ရင်းနှင့် အကြီးဆုံးရဟန်းတော်ကို အရှင်ဘုရား အနာဂတ်ရည်မှန်းချက်က ဘာလဲဟု မေးမိသည်။

ဘာ ဘယ်လို ဆိုပြီး ထူးဆန်းသလို ပြန်ကြည့်သည်။

တင်ပါ … ဒီလိုပါ အရှင်ဘုရားရဲ့ အနာဂတ်စီမံကိန်းက ဘယ်လို ရှိလဲဆိုတာကို စိတ်ဝင်စားလို့ပါဟု ပြောလိုက်သည်။

အော် … အနာဂတ်လား။ တပည့်တော်မှာ အနာဂတ်ဆိုတာ မရှိပါဘူး။ စီမံကိန်းဆိုတာလည်း မရှိပါဘူး။ တပည့်တော်မှာ ပစ္စုပ္ပန်ပဲ ရှိပါတယ်ဟု ဆိုလေသည်။ နားထဲမှာ ကြားရသည်မှာ တစ်မျိုးဖြစ်သွားသည်။

အော် ဒါဆိုရင် သာသနာတော်ပြန့်ပွားဖို့အတွက် အရှင်ဘုရားမှာ ဘာစီမံကိန်းမှ မရှိဘူးလားဟု မေးကြည့်မိသည်။ အမှန်အားဖြင့် စပ်စုချင်လွန်းလို့သာ မေးရသည်။ သူက ထိုကိစ္စကို သိပ်ပြောလိုဟန် မရှိလှပေ။

ကိုယ့်ဘာသာပြန့်ပွားဖို့အတွက် စီးပွားရေးလုပ်သလို တိုးချဲ့တိုးချဲ့ဆောင်ရွက်ရတဲ့ စီမံကိန်းတွေကို တပည့်တော် အယုံအကြည် မရှိဘူး။ ကျန်တဲ့ဘာသာတွေတော့ မပြောလိုဘူး။ ဗုဒ္ဓဘာသာပြန့်ပွားရေးဆိုတာ ခန္ဓာကိုယ်တွေရဲ့ အတွင်းပိုင်းမှာပဲ တိုးချဲ့ရတာ။ လူတွေရဲ့ ခန္ဓာကိုယ်မှာ အငြိမ်းဓာတ်တွေ ရောက်အောင်လုပ်ဖို့အတွက် စီမံကိန်းမလိုဘူး။ စီမံကိန်းတစ်ခုခုပါလာရင် စီးပွားရေးစိတ်ဓာတ်လို စိတ်ဓာတ်မျိုးတွေ ဝင်လာမယ် …. သူက လမ်းလျှောက်ရင်း တရစပ် ပြောနေသည်။

မနက်ခင်းအအေးဓာတ်က အသားကို စိမ့်စိမ့်သွားစေသည်။ သို့ရာတွင် သူ့စကားများကြောင့် ရင်ထဲမှာ နွေးနေသည်ဟု ခံစားရသည်။

သူက ဆက်ပြောသည်။ အရှင်ဘုရားကို တပည့်တော် မေးကြည့်ပါရစေ။ တပည့်တော်တို့ ဘုရားရှင်ဟာ နောက် ဘယ်နှနှစ်ကြာရင် ကောသလတိုင်းတစ်ခုလုံး ဗုဒ္ဓဘာသာဖြစ်ရမယ်၊ နောက် ဘယ်နှနှစ်ကြာရင် ငါဘုရားသာသနာ ယုံကြည်သူ လူဦးရေ ဘယ်လောက်ရှိရမယ်၊ နောက် ဘယ်နှနှစ်ကြာရင် အိန္ဒိယသူဌေး ဘယ်နှဦးဟာ ငါဘုရားသာသနာကို ကိုးကွယ်လာစေရမယ် … စတဲ့ စီမံကိန်းနဲ့ လုပ်ဆောင်ခဲ့ပါသလားဟု မေးလေသည်။ အဲဒီလို လုပ်ဆောင်ခဲ့တာ မဟုတ်ဘူးလို့ ထင်ပါတယ်ဟု ဖြေလိုက်သည်။

တပည့်တော်ကတော့ ဘုရားကို အကြွင်းမဲ့ ယုံကြည်တယ်။ ဒါကြောင့် ပစ္စုပ္ပန်တစ်ခုပဲ ထားတယ်။ ပစ္စုပ္ပန်မှာ တပည့်တော်တို့ဟာ ဘုရားခိုင်းတာကို လုပ်တယ်။ ဘုရားပြောတဲ့အတိုင်း အတတ်နိုင်ဆုံး နေတယ်။ ဗုဒ္ဓနှစ်သက်တဲ့ ရဟန်းတော်တစ်ပါးရဲ့ အသွင်အပြင်ကို ပြနိုင်အောင် ကြိုးစားတယ်။ ဘယ်သူ့ကိုမှ ဗုဒ္ဓဘာသာဖြစ်လာအောင် မကြိုးစားဘူး။ အဲဒီလို မကြိုးစားလို့ပဲ အခု ဒီနယ်မှာကော အခြားဥရောပက တောရကျောင်းဝန်းကျင်တွေမှာ ဗုဒ္ဓဘာသာဖြစ်လာကြတာလို့ ယုံကြည်တယ်။

လူတိုင်းနဲ့ဘာသာတိုင်းနဲ့ ပြဿနာမတက်တာဟာလည်း တပည့်တော်တို့က ရိုးရှင်းတဲ့ဘဝပုံစံကို ငြိမ်းချမ်းစွာ ဖော်ပြနေလို့ပဲ။

တပည့်တော်တို့ ပြောပြောနေတဲ့ အောင်မြင်မှုဆိုတာက ဘုရားကို ယုံကြည်ပြီး သူ လမ်းညွှန်တဲ့အတိုင်း လုပ်ရုံနဲ့ ဖြစ်နိုင်တဲ့ အသေးအမွှားကိစ္စလေးတစ်ခုပဲလို့ ထင်တယ်။

ဘုရားပြောတဲ့အတိုင်းသာ လုပ်၊ သာသနာလည်း ပြန့်ပွားတာတို့၊ ကျောင်းတိုက် တိုးတက်စည်ပင်တာတို့ စတာတွေက အလိုလို ဖြစ်လာမယ်ဆိုတာကို တပည့်တော် လုံးဝ ယုံကြည်တယ်။

ဗုဒ္ဓက နယ်တကာလှည့်တယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တွေများလာအောင် စည်းရုံးဖို့ မဟုတ်ဘူး။ သူသိထားတာကို သူများကို သိစေချင်လို့၊ သူ အေးချမ်းတာကို သူများတွေလည်း အေးချမ်းစေချင်လို့ လျှောက်သွားပြီး လိုက်ပြောပြတာ၊ အေးချမ်းတဲ့ သူရဲ့ အသွင်အပြင်ကို လိုက်ပြတာ၊ တည်ငြိမ်တဲ့ဘဝနေနည်းကို ကပွဲတွေ လိုက်ကျင်းပသလို နယ်လှည့်ပြီး ပြတာ။

အခုလည်း တပည့်တော်တို့ ဆရာ(ထိုင်းက တောရဂိုဏ်းက)ကလည်း အဲဒီလို ယူဆထားတဲ့အတွက် သူ့တပည့်မှန်သမျှကို အရှင်ဘုရားတို့တွေ သာသနာပြန့်ပွားဖို့ ဘာသန္တရတွေ မလိုပါဘူး။ ခြားနားတဲ့ ယဉ်ကျေးမှုတွေကို လေ့လာနေစရာ မလိုဘူး။

သာသနာပြန့်ပွားဖို့ ဆန္ဒရှိတယ်ဆိုရင် အရှင်ဘုရားတို့မှာ လုပ်စရာအလုပ်က တစ်ခုပဲ ရှိတယ်။ အဲဒါဟာ ဘုရားစကားနဲ့အညီ တရားကျင့်ပြီး ရိုးရှင်းတဲ့ဘဝကို စံနမူနာအဖြစ် ပြနိုင်ဖို့ပဲတဲ့။ တစ်နည်းပြောရရင်တော့ ဂန္ထဓုရနဲ့ဝိပဿနာဓုရပဲ ရှိတယ်။

ဂန္ထဓုရမှာ အင်္ဂလိပ်စာစသည်၊ အခြားယဉ်ကျေးမှုစသည်တွေ မပါဘူး။ သာသနာပြန့်ပွားစေချင်ရင် ဘုရားလမ်းညွှန်တဲ့ အကျင့်နဲ့ ဘုရားမိန့်တော်မူခဲ့တဲ့ စကားတွေကို သိအောင်လုပ်ရုံပဲ။ တစ်နည်းပြောရရင် ပိဋကတ်ပဲ။

အရှင်ဘုရား လက်ခံလား၊ လက်မခံလား မသိဘူး။ တပည့်တော်တို့က အဲ့ဒီလို လက်ခံပြီး တရားပဲ ကျင့်တယ်။ သင့်လျော်တဲ့အချိန်မှာ တရားဟောတယ်။ တရားပြတယ်။ ဒါပဲ။ ဟော … ဟိုမှာ ယုန်လေး ၂ ကောင်။ လက်ညှိုးညွှန်ပြနေစဉ်မှာပဲ ယုန်လေးများက ပြေးထွက်သွားကြသည်။

မထင်မှတ်ထားသော စကားလေးများကို ကြားရသည့်အတွက် အသိအမြင်မျိုးစုံ၊ ခံစားချက်မျိုးစုံက ရင်ထဲတွင် စီးဆင်းလာနေခဲ့သည်။

(၁၂)
“တပည့်တော်မှာ အနာဂတ်မရှိဘူး”။
“သာသနာပြန့်ပွားဖို့အတွက် ဘုရားလမ်းညွှန်တာကို လုပ်ဖို့ပဲ။ ဘာတွေမှ ထပ်သင်စရာ မလိုဘူး”။
“အရှင်ဘုရား ဘုရားကို မယုံဘူးလား”။
“အောင်မြင်မှုဆိုတာက ဘုရားကို ယုံကြည်ပြီး သူ လမ်းညွှန်တဲ့အတိုင်း လုပ်ရုံနဲ့ ဖြစ်နိုင်တဲ့ အသေးအမွှားကိစ္စလေးတစ်ခုပဲလို့ ထင်တယ်”။

သူပြောခဲ့သောစကားလုံးများက ဦးနှောက်ထဲ စီးဝင်လိုက်၊ နှလုံးသားကို လာထိခတ်လိုက်။ ထူးဆန်းသလိုလို၊ ဝမ်းသာသလိုလို၊ တစ်စုံတစ်ရာကို သိမြင်သဘောပေါက်သွားသလိုလို ခံစားနေမိခဲ့သည်။

“ငါတို့တွေ ဘုရားကို တကယ်များ မယုံခဲ့ကြဘူးလား”ဟုလည်း တွေးဖြစ်သွားသည်။

ကျောင်းတိုက်၊ ငွေကြေး စသည်များ ပိုင်ဆိုင်ရရေး၊ ထင်ပေါ်ကျော်ကြားရေး၊ ကျောင်းတိုက်ရှိလျှင်လည်း ကျောင်းတိုက်ချမ်းသာကြီးပွားရေး စသည်တို့အတွက် (ဂန္ထဓုရ၊ ဝိပဿနာဓုရမှ အခြားဖြစ်သော) လုပ်ငန်းများ လုပ်ဆောင်နေမှုများ၊ ထင်ပေါ်ကျော်ကြားမှုအတွက် တွန်းထိုးတိုက်ခိုက်မှုများ၊ …. စသည် စသည်တို့သည် ဘုရားကို မယုံကြည်သဖြင့် ဖြစ်ပေါ်လာသောဖြစ်ရပ်များဟု သဘောပိုက်လာမိသည်။

ကောက်ချက်တစ်ခု ဆွဲမိသည်။
“ဘုရားကို ယုံကြည်သောသူသည် ဘုရားလမ်းညွှန်သောတရားဓမ္မကို ယုံကြည်လာမည်။ ဘုရားလမ်းညွှန်သောတရားဓမ္မသည် အရာရာကို ပေးစွမ်းနိုင်သည် (ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီံ”။

ချိုးငှက်လေးတွေက အုပ်လိုက်သင်းလိုက် ပျံသွားကြသည်။ ထင်းရှူးပင်ကြီးတစ်ပင်ပေါ်ရောက်သောအခါ သံပြိုင်တကူးကူး အော်မြည်နေကြလေသည်။ ချိုးငှက်လေးများ၊ အမည်မသိသောအခြားငှက်လေးများ၏ တေးသီဆိုမှုလေးများနှင့်အတူ ရင်ထဲတွင် ပေါ်ပေါက်လာသော ဝါကျများကလည်း တေးသီချင်းများလို လွင့်ဝဲလာနေခဲ့သည်ကို သတိပြုမိသည်။

(၁၃)
ရဟန်းတစ်ပါးအနေဖြင့် ရာထူးနေရာ မရမှာကို ကြောက်ရွံ့ခြင်း၊ ရာထူးနေရာမှ ပြုတ်မှာကို ကြောက်ရွံ့ခြင်း၊ ဒကာဒကာမများ မပေါများမှာကို စိုးရိမ်ခြင်း၊ ရှိပြီးသော ဒကာဒကာမများ အခြားကျောင်း၊ အခြားကိုယ်တော်ကို ကိုးကွယ်သွားမှာကို စိုးရိမ်ခြင်း၊ ကျောင်းတစ်ဆောင်မီးတစ်ပြောင်နှင့် မနေနိုင်မှာကို စိုးရိမ်ခြင်း၊ ရှိပြီးသားကျောင်းထိုင်၊ ကျောင်းအုပ် စသည်အဖြစ်မှ ရွေ့လျောသွားမှာ စိုးရိမ်ခြင်း …. စသည်တို့သည် ဘုရားကို မယုံခြင်းကြောင့် ဖြစ်လိမ့်မည်ဟု ယုံကြည်မိသောအခါ အနာဂတ်ဆိုတာ ကြိုတင်တွေးယူထားစရာ မလိုသော၊ တယုတယ သိမ်းဆည်းထားစရာ မလိုသော အမှိုက်တစ်ခုအနေဖြင့် မြင်လာမိသည်။

(ရဟန်းတစ်ပါးအတွက်) အနာဂတ်ဟူသည် ဘုရားအပေါ် ယုံကြည်မှုနှင့် သူပေးသော ဓမ္မကို လိုက်နာခြင်းမျှသာ ဖြစ်ပါလားဟု သဘောပေါက်လာခဲ့မိသည်။ တစ်သက်တာ လိုက်နာနိုင်မည် မနိုင်မည်ကိုတော့ အာမခံ၍ မရနိုင်သေးသော်လည်း ထိုင်း+ဂျာမန်တောရကျောင်းလေးမှ ရရှိလိုက်သောအသိတရားတစ်ခုကတော့ တစ်ကိုယ်လုံးကို အတွေးသစ်များဖြင့် ပေါ့ပါးလတ်ဆတ်နေစေခဲ့သည်။

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails