Saturday, May 24, 2014

ဂျာမနီက ဗုဒ္ဓနေ့ပွဲတော်နှင့် မှတ်မှတ်ရရ အတွေးများ (၂)












(၇)
နီပေါလ်နိုင်ငံ ကိုယ်စားပြု ဘုရားကျောင်းကတော့ ဟိန္ဒူအငွေ့အသက်တွေ ပါဝင်နေတာ တွေ့ရတယ်။ (အနက်ရောင်အဆောင်နဲ့အမျိုးသမီးကွေးနေတာပါတဲ့ပုံဟာ နီပေါလ်ကိုယ်စားပြုကျောင်းဆောင်ပါ)။ ဆိုင်တန်းများကို ဖြတ်ကျော်ရင်း ဆိုင်တွေမှာ ခင်းကျင်းပြသထားတဲ့ စာအုပ်တွေကို လိုက်ကြည့်မိတယ်။ ဒလိုင်းလားမားစာအုပ်များ၊ သစ်နက်ဟန်းစာအုပ်များ၊ ဘုရားဆင်းတုတော် စတဲ့ ဗုဒ္ဓဘာသာအသုံးအဆောင်ပစ္စည်းများကို တွေ့ရတယ်။ ဈေးတန်းများကို လွန်ပြီးတဲ့အခါ ဘောလုံးကွင်းပွဲကြည့်စင်လို လုပ်ထားတဲ့ ကပွဲနေရာကို ရောက်လာတယ်။

စတိတ်စင်ပေါ်မှာ မဟာယာနရဟန်းတော်များ၊ တိဗက်ရဟန်းတော်များ၊ မဟာယာနသီလရှင်များ ထိုင်နေတာကို တွေ့ရတယ်။ စတိတ်စင်ရှေ့မှာတော့ ထိုင်းအမျိုးသမီးလေးများက သူတို့ ရိုးရာဝတ်စုံလေးများနဲ့ ကပြနေတာကို တွေ့ရတယ်။ စတိတ်စင်ဘေးမှာလည်း ထိုင်းအမျိုးသားများက သူတို့ ရိုးရာဝတ်စုံများနဲ့ အလှပြထားကြတယ်။ ထိုင်းလက်ရာဗုဒ္ဓရုပ်ပွားတော်ကိုလည်း ပန်းမျိုးစုံနဲ့ ထားရှိပူဇော်နေကြတာကို တွေ့ရတယ်။

(၈)
ပွဲကြည့်စင်ပေါ်ကို လှမ်းကြည့်လိုက်တယ်။ လူတွေ အများကြီးကို အကဲခတ်ကြည့်လိုက်တဲ့အခါ အနောက်တိုင်းသားတွေက အများစုပါဝင်နေတာကို တွေ့ရတော့ အံ့သြသွားတယ်။ အော် သူတို့လည်း ဗုဒ္ဓဘာသာကို အတော်စိတ်ဝင်စားလာကြပါလားဆိုတာ သိလိုက်ရတယ်။ အရှေ့တိုင်းသားတွေသာ အနောက်တိုင်းသားတွေလို ကြွယ်ဝလာကြရင်တော့ အနောက်မှာ ဗုဒ္ဓသာသနာထွန်းကားဖို့က သိပ်မခက်ဘူးလို့ ထင်မြင်လာစေခဲ့တယ်။

အချို့ဦးဇင်းတို့ မြန်မာတွေ ပြောနေကြတယ်။ “နိုင်ငံခြားသာသနာပြုတဲ့ကွာ၊ ကိုယ့်နိုင်ငံသားတွေနဲ့သာ ပြု၊ ပြီးတော့ ကိုယ့်နိုင်ငံသားတွေဆီကပဲ ပြန်အလှူခံနေတာပါ”တဲ့။ အရင်က ကိုယ်လည်း အဲဒီလို ပြောချင်ခဲ့တယ်။ တကယ်တော့ ကိုယ့်နိုင်ငံသားတွေက ကိုယ်ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို သူများနိုင်ငံမှာ ထွန်းကားစေချင်တာဆိုတော့ ကိုယ်က မပေးလို့ ဘယ်သူက လာပေးမှာလဲ။ မြန်မာနိုင်ငံက အခြားဘာသာသာသနာပြုတွေဆိုရင် အခုချိန်ထိ အန်ဂျီအိုအသွင်နဲ့ဝင်ပြီး နိုင်ငံခြား၊ ဥရောပက ငွေတွေ ရနေကြတာပဲ မဟုတ်လား။

ဟိုးယခင်ကတည်းက အဲဒီလို အထောက်အပံ့တွေ ရကြတော့ သာသနာပြုရတာ ထိရောက်တာပေါ့။ ဒီတော့ ကိုယ်တို့နိုင်ငံသား ဗုဒ္ဓဘာသာတွေအနေနဲ့လည်း ကိုယ်ကိုးကွယ်တဲ့ဘာသာ ပြန့်ပွားစေချင်ရင် ကိုယ်ပဲ လှူဒါန်းထောက်ပံ့ရမှာပေါ့လေ။ တစ်ခုတော့ ရှိတာပေါ့။ ကိုယ့်နိုင်ငံသားတွေဆီကနေ လိမ်လည်အလှူမခံမိဖို့နဲ့ ရည်ရွယ်ချက်က ကိုယ့်နိုင်ငံသားအဝန်းအဝိုင်းဆိုရင်တော့လည်း နိုင်ငံခြားသာသနာပြုခေါ်ရတာ တစ်မျိုးဖြစ်နေမှာပေါ့။ ဒါမျိုးတွေကလည်း ရှိနေတာပဲ မဟုတ်လား။ ဒါကတော့ တစ်ကဏ္ဍပေါ့လေ။ ဦးဇင်း ဆိုလိုတာက အညတြခရီးသည် ဆောင်းပါးထဲက ကျောင်းလို ထိုင်းနိုင်ငံသားတွေက ကမကထ လုပ်ပြီး လှူတယ်၊ ဦးတည်တာက ဂျာမနီနိုင်ငံသားတွေကို ဦးတည်တယ်။ ဒါမျိုးကို ဆိုလိုတာပါ။ ဒါမျိုး မဖြစ်နိုင်သေးသရွေ့တော့ ထိရောက်တဲ့ပြုနည်းကား မဟုတ်သေးဘူးလို့ ဆိုရင် မမှားဘူးထင်ပါတယ်။

ပြောချင်တာကတော့ မြန်မာနိုင်ငံသား လှူနိုင်တန်းနိုင်သောဒကာများ အမြန်ပေါ်ပေါက်ပါစေ။ ဂျာမနီနိုင်ငံ West Park ဥယျာဉ်ကြီးထဲမှာ ဗုဒ္ဓဘာသာဘုရားတန်ဆောင်းဆောက်ခွင့်ရမယ်ဆိုရင် ဂုဏ်ယူစရာလည်း ကောင်းသလို ပါရမီထူးတဲ့ ကုသိုလ်ထူးကြီး ဖြစ်မှာ မလွဲပါဘူး။ မြန်မာနိုင်ငံက တစ်နေရာရာမှာ စေတီတွေ၊ တန်ဆောင်းတွေ လှူတာထက် ဂျာမနီနိုင်ငံက အထင်ကရ ဥယျာဉ်ကြီးထဲမှာ လှူခွင့်ရတာဟာ ပိုမိုကြီးကျယ်တဲ့ရလဒ်တွေ ရှိတယ်ဆိုတာ အထူးပြောနေဖွယ် မလိုဘူး ထင်ပါတယ်။

(၉)
ဗုဒ္ဓနေ့ပွဲတော်ကျင်းပရာ အဓိကပွဲကြည့်စင်နားရောက်တော့ ဒေါ်နီနီရင်နှင့်အတူ မြန်မာဒကာမ ၃ ဦးကို တွေ့လိုက်ရတယ်။ သူတို့ လာနှုတ်ဆက်ကြတယ်။ “ဦးဇင်းရယ် သူများ နိုင်ငံတွေကို အားကျလိုက်တာ”တဲ့။ “အော် ဘာကို အားကျတာတုန်း”ဆိုတော့ “သူများနိုင်ငံတွေက သူတို့ ရိုးရာယဉ်ကျေးမှုတွေကို ဒီမှာ ခမ်းခမ်းနားနား ပြသကြတယ်။ တပည့်တော်တို့လည်း တပည့်တော်တို့ ယဉ်ကျေးမှုကို ပြချင်တာပေါ့”တဲ့။ “အော် ဒါဆိုလည်း တို့ မြန်မာတွေလည်း လုပ်ကြတာပေါ့”လို့ ပြောလိုက်တယ်။ “ဟုတ်တယ် နောက်နှစ်ကျရင် တပည့်တော်တို့ မြန်မာနိုင်ငံကိုယ်စားပြုပြီး မြန်မာ့ယဉ်ကျေးမှုတွေ၊ ရိုးရာအကတွေကို ပြနိုင်အောင် လုပ်ကြမယ်”လို့ ဒေါ်နီနီရင်က ပြောပါတယ်။ ဒါပေမဲ့ စကားအဆုံးသတ်မှာ “ဦးဇင်းက နောက်နှစ်ဗုဒ္ဓနေ့မတိုင်ခင် ထွက်မပြေးနဲ့အုံးနော်၊ ဦးဇင်းရှိမှ လုပ်ကြမှာ”တဲ့။

တက်ကြွတဲ့ ဒကာမကြီးများကို လေးစားမိသလို အားလည်း တက်မိပါရဲ့။ စိတ်ထဲမှာတော့ မြန်မာ့ရိုးရာ ဆီမီးခွက်အကတို့ စတဲ့ မြန်မာ့ဟန်အကတွေကို ကိုယ့်ရှေ့က စတိတ်စင်ပေါ် တင်ကြတယ်။ ဖရန့်ဖွတ်က မြန်မာတွေကိုလည်း ဖိတ်ပြီး အကြီးအကျယ် လုပ်လိုက်ရရင်တော့ အနောက်တိုင်းသားတွေ လက်ခုပ်တဖြောင်းဖြောင်းနဲ့ သဘောကျနေလိမ့်မယ်ထင်တယ်။ ဒကာမကြီး ဒေါ်နီနီရင်က ရုပ်သေးလည်း ကပြတတ်တော့ ရုပ်သေးအကကို ဒကာမကြီးက ဇာတ်စင်ပေါ်မှာ ကပြ၊ အရုပ်က သေးသေးလေးဆိုတော့ ပရိုဂျက်တာကြီးတွေနဲ့ ပရိသတ်အားလုံး မြင်နိုင်အောင် လုပ်ရမယ် စသဖြင့် စိတ်ကူးယဉ်အတွေးနယ်ချဲ့ဖြစ်ခဲ့တယ်။ အော် …. နောက်တစ်နှစ် ဗုဒ္ဓနေ့ပွဲတော် …. ကိုယ့်အကြိုက်ဆုံးနာမည်ကိုက “အတည်မဲ့”ဆိုတော့လည်း …..။

(၁ဝ)
ဗုဒ္ဓနေ့ပွဲတော်ရှိရာ West Park က အပြန်မှာ ဥက္ကဋ္ဌဂုဏက အိုလံပစ်မျှော်စင်ကို လိုက်ပြမယ်ဆိုလို့ လိုက်သွားခဲ့တယ်။ အိုလံပစ်မျှော်စင်က ၂၉၈.၂၈ မီတာ မြင့်ပါတယ်။ လှေကားနဲ့ဆိုရင် လှေကားထစ်ပေါင်း ၁၂၃ဝ ရှိပါတယ်။ ဓာတ်လှေကားက တစ်စက္ကန့်ကို ၄ မီတာနှုန်းရှိတဲ့အတွက် ဓာတ်လှေကားအလေ့အကျင့်ရှိတဲ့ ဂျာမနီသားတွေတောင် နားအူကြပါတယ်။ မြူးနစ်မြို့ရဲ့ အမြင့်ဆုံးအဆောက်အအုံဖြစ်တဲ့အတွက် မြူးနစ်မြို့တစ်မြို့လုံးကို လှမ်းမြင်ရတယ်။

ဘိုင်ယန်မြူးနစ်ဘောလုံးကွင်းကိုလည်း လှမ်းမြင်နေရတယ်။ မြူးနစ်မြို့ထဲက ပန်းခြံအချို့ကိုလည်း ကြည်နူးစရာ မြင်တွေ့ရတယ်။ အိုလံပစ်ဘောလုံးအားကစားကွင်းဆိုရင် အပေါ်စီးကနေ ကြည့်ရတော့ အတော်လှပနေတာကို တွေ့ရတယ်။ အိုလံပစ်မျှော်စင်ပေါ်မှာ ၄၅ မိနစ်ခန့် အချိန်ဖြုန်းပြီးတော့ ကျောင်းကို ပြန်လာခဲ့ကြတယ်။

(၁၁)
West Park ဥယျာဉ်ကြီးထဲက ဗုဒ္ဓနေ့မြင်ကွင်းက မျက်စိထဲက မထွက်ဘူး။ မဟာယာန၊ တိဗက်တန်၊ ထေရဝါဒ။ နောက်ပြီး စာရေးသူရဲ့ လုပ်ကြံမှုများကြားက ဗုဒ္ဓဘာသာ စာအုပ်ထဲမှာ ဖော်ပြထားတဲ့အတိုင်း ဗုဒ္ဓဘာသာဂိုဏ်းကွဲများအချင်းချင်း ပြိုင်ဆိုင်တိုက်ခိုက်မှု၊ မဟာယာနက ထေရဝါဒဆိုရင် ကလေးဦးနှောက်သာရှိတဲ့ ဗုဒ္ဓဘာသာဝင်များတဲ့။ သူတို့ကသာ လူကြီးဦးနှောက်နဲ့ဗုဒ္ဓဘာသာများတဲ့။ အဖေမှာ မှာတဲ့အတိုင်း လုပ်တာ ကလေးဦးနှောက်တဲ့။ လူကြီးကတော့ အဖေက ဒီလို မှာပေမဲ့ နေရာဒေသအားလျော်စွာ လုပ်သင့်၊ မလုပ်သင့် စဉ်းစားပြီးမှ လုပ်တာတဲ့။ ဘာပဲဖြစ်ဖြစ် ဗုဒ္ဓကို ယုံကြည်တယ်ဆိုပြီး တိုက်ခိုက်နေကြတာကတော့ ကြည့်ရတာ သိပ်မကောင်းလှပါ။

(၁၂)
နောက်ပြီး ခရစ်ယာန်ဆရာတော်များ မြူးနစ်မြို့မှာ ညီလာခံတစ်ခုလုပ်မည့်အကြောင်း သတင်းကလည်း စိတ်ကူးထဲ ဝင်ရောက်လာတယ်။ ဘာတဲ့ ….။

ဂျာမနီနိုင်ငံမှာ ဗုဒ္ဓဘာသာစိတ်ဝင်စားသူတွေ ဘာကြောင့် တိုးပွားလာသလဲဆိုတာကို ခေါင်းစဉ်တစ်ခုအနေနဲ့ ဆွေးနွေးကြမယ်တဲ့။ ဗုဒ္ဓဘာသာတွေ ဂျာမနီမှာ ဘယ်လို လှုပ်ရှားလို့ ဂျာမန်သားတွေက အဲဒီနောက် လိုက်ကုန်ကြသလဲ။ လက်ရှိ ခရစ်ယာန်ဘုန်းကြီးတွေ ဒီကိစ္စကို ဘယ်လို မစ်ရှင်တွေ အသုံးပြုပြီး ခရစ်ယာန်သာသနာကြီးပွားအောင် ပြန်လုပ်ကြမလဲ။ ဒါတွေကို ဆွေးနွေးကြမယ်တဲ့။

နောက်ပြီး အဲဒီညီလာခံကို တက်ရောက်မယ့် ခရစ်ယာန်ဓမ္မကထိကဆရာတော်တစ်ပါးကလည်း အီးမေးလ်ပို့ထားတယ်။ အဲဒီရဲ့ ဆက်စပ်မှုအနေနဲ့ ဗောဓိဝိဟာရကို လာလည်ချင်ပါတယ်။ ကျောင်းမှာ ဘာတွေ လုပ်သလဲ။ လူတွေကို ဘယ်လို တရားဟောသလဲ … ဆိုတာတွေကို လာလေ့လာချင်ပါတယ်တဲ့။ အတူနေ ဂျာမန်ရဟန်းကတော့ စာရေးသူနဲ့ တိုင်ပင်ပြီး “ဘာမှ ထူးခြားတဲ့ အစီအစဉ် မရှိကြောင်း၊ ဘယ်ခရစ်ယာန်ကိုမှလည်း ဗုဒ္ဓဘာသာကောင်းကြောင်း မပြောကြောင်း၊ သူတို့ဘာသာ စိတ်ဝင်စားလို့ လာရောက်သူများကို ဗုဒ္ဓဘာသာအကြောင်း ပြောပြကြောင်း၊ တရားအားထုတ်ကြကြောင်း” … စတာလောက်သာ ပြုလုပ်ကြောင်း စာပြန်လိုက်တယ်။

(၁၃)
တစ်ရက်ကလည်း လမ်းလျှောက်ရင်းနဲ့ ခရစ်ယာန်ကျောင်းက တရားပွဲတစ်ခုကို သွားဖြစ်တယ်။ အမှန်က အဲဒီကို လမ်းလျှောက်သွားတာ။ ဝင်ကြည့်လို့ ရတယ်ဆိုတာနဲ့ ဝင်ဖြစ်သွားတာ။ တရားဟောတာ အတော်ဆွဲဆောင်မှု ရှိတယ်။ တစ်လုံးမှတော့ နားမလည်ဘူး။ စာရေးသူရောက်ပြီး နာရီဝက်လောက်ကြာတော့ ပြီးသွားတယ်။

ဘေးနားက အဘွားတစ်ယောက်ကို မေးမိတယ်။ “ဒီတရားပွဲမှာ လူက ၁ဝဝ လောက်ရှိတယ်။ ငါ အံ့သြမိတာက လူငယ်တစ်ယောက်မှ မတွေ့တာပဲ။ ငါ လေ့လာကြည့်မိသလောက် အသက် ၃ဝ လောက်ရှိတဲ့ အမျိုးသမီးက အငယ်ဆုံးပဲဖြစ်မယ်။ ကျန်တာတွေက အသက်ကြီးတဲ့ အနည်းဆုံး ၅ဝ ကျော်တွေပဲ တွေ့ရတယ်။ အဲဒါ ဘာဖြစ်လို့လည်း လူငယ်တွေကို မဖိတ်လို့လား”လို့ ဆိုတော့ “လူငယ်တွေ ဘာသာတရားအပေါ် ယုံကြည်မှု နည်းလာကြပြီ၊ ဒါမျိုး တရားပွဲတွေ မလာကြတော့ဘူး”တဲ့။

ဗုဒ္ဓနေ့ပွဲတော်မှာ အနောက်တိုင်းသားများ မြောက်မြားစွာကို တွေ့လိုက်ရခြင်းနဲ့ ဆက်စပ်ပြီး ပစ္စက္ခကြုံဆုံမိတာလေးတွေကို တွေးနေမိတာပါ။

ဆက်ရန် ............

အရှင်ကုသလသာမိ (အတည်မဲ့)

Tuesday, May 20, 2014

ဂျာမနီက ဗုဒ္ဓနေ့ပွဲတော်နှင့် မှတ်မှတ်ရရ အတွေးများ










(၁)
“ဖွား ပွင့် ဟော စံ၊ ဗျာဒိတ်ခံ၊ မှတ်ရန်ကဆုန်၊ လပြည့်ကြုံ”ဆိုတဲ့ လင်္ကာလေးနဲ့အညီ မြတ်စွာဘုရားရှင်ရဲ့ အဖြစ်အပျက်ကြီး ၅ ခုကို အကြောင်းပြုပြီး ဗုဒ္ဓနေ့ပွဲတော်တွေ ကမ္ဘာ့နေရာအနှံ့အပြားမှာ ကျင်းပလေ့ရှိကြတယ်။ မြန်မာမှာတော့ ဖွားမြင်ခြင်း၊ ဘုရားဖြစ်တော်မူခြင်း၊ မဟာဗုဒ္ဓဝင်ကို ဟောတော်မူခြင်း၊ ပရိနိဗ္ဗာန်စံတော်မူခြင်းနဲ့ ဗျာဒိတ်ခံယူတော်မူခြင်းဆိုတဲ့ အဖြစ်အပျက်ကြီး ၅ ခုလို့ ဆိုကြပေမဲ့ အများအားဖြင့်တော့ ဖွား၊ ပွင့်၊ စံ ဆိုတဲ့ အဖြစ်အပျက် ၃ ခုကိုပဲ လက်ခံပြောဆိုကြပါတယ်။

(၂)
ဂျာမနီကို ရောက်ပြီး ၁ဝ ရက်ကျော်ကျော်ကတည်းက ဗုဒ္ဓနေ့ပွဲတော်ကျင်းပရေးအတွက် ကျောင်းမှာ အစည်းအဝေးလုပ်ကြတယ်။ ပုံမှန်အားဖြင့်တော့ မေလ ၁၁ ရက်နေ့မှာ ကျင်းပကြပေမဲ့ ပွဲတော်တွေ တိုက်နေတဲ့အတွက် မေလ ၁၇၊ ၁၈ နှစ်ရက်တိုင်တိုင် ကျင်းပဖို့ သဘောတူကြတယ်။ နောက်ပြီး ပွဲတော်အစီအစဉ်တွေကို ဆွေးနွေးကြတယ်။

Dhamma Talk တရားပွဲအစီအစဉ်ကို ဆွေးနွေးရာမှာ ဂျာမန်ရဟန်းတော်က ကျောင်းအတွင်းနဲ့ကျောင်းအပြင် ၂ ဌာနခွဲပြီး ဂျာမန်လို သူက အပြင်မှာ ဟောမယ်၊ ဦးဇင်းက အတွင်းမှာ အင်္ဂလိပ်လို ဟောဖို့ အဆိုပြုတော့ ဦးဇင်းက ရောက်တာ မကြာသေးဘူး၊ အဆင်သင့်ဖြစ်ပါ့မလား၊ အရှင်ဘုရားပဲ ဟောပါလို့ ပြောမိတယ်။ ဒါနဲ့ သူက ဘာမှ စိုးရိမ်မနေနဲ့၊ ဟောသာ ဟော၊ ပြောသာ ပြော … အားလုံးက အရှင်ဘုရား ပြောတာ နားထောင်ချင်နေကြတယ်လို့ ဆိုတာနဲ့ လက်ခံဖြစ်တယ်။

မနက် ၁ဝ နာရီကနေ ၁၁ နာရီထိ တစ်ကြိမ်၊ နေ့လယ် ၂ နာရီကနေ ညနေ ၄ နာရီထိ တစ်ကြိမ်၊ ညနေ ၅ နာရီကနေ ၆ နာရီထိ တစ်ကြိမ် ဟောဖို့ အစီအစဉ် ချက်မှတ်လိုက်တယ်။ ၁၈ ရက်နေ့ မနက် ၁ဝ နာရီကိုတော့ မြန်မာဒကာ၊ ဒကာမများ လာမှာဖြစ်တဲ့အတွက် မြန်မာလိုဟောဖို့ အစီအစဉ် ထည့်လိုက်တယ်။

(၃)
ဟောပြောရမယ့် ခေါင်းစဉ်တွေကတော့
(က) ဗုဒ္ဓနေ့ပွဲတော်များ ကျင်းပရခြင်းအကြောင်း
(ခ) တရားထိုင်ရခြင်းအကြောင်းနှင့် တရားထိုင်ပုံထိုင်နည်းများ
(ဂ) ဗုဒ္ဓနည်းဖြင့် လူတော်လူကောင်းဖြစ်အောင် တည်ဆောက်ခြင်း
(ဃ) ဗုဒ္ဓဘာသာဟူသည်
(င) ပြီးပြည့်စုံသောလူသားတစ်ယောက်ဖြစ်အောင် မည်သို့ လုပ်မည်နည်း (ပါရမီ ၁ဝ ပါး) တို့ပါပဲ။

ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် အဲဒီအစည်းအဝေးကတည်းက ရင်ထဲမှာ အလုံးကြီးမဟုတ်ရင်တောင် အလုံးလေး ရှိနေခဲ့တယ်။ ဂျာမန်စာကလည်း လေ့လာရသေးတယ်။ ဟောပြောရမယ့်ဟာတွေအတွက်လည်း ပြင်ဆင်ရဦးမယ်။ စာတွေ ဖတ်၊ စဉ်းစား၊ စီစဉ်၊ အလုပ်တွေ အတော်ရှုပ်သွားတယ်။ အကြောင်းအရာတွေကတော့ အလွန်ရိုးရှင်းလွယ်ကူပါတယ်။ အကောင်းဆုံး ဟောပြောနိုင်ဖို့ပဲ စိတ်ပူမိတာပါ။ ဒါပေမဲ့ မေလ ၁၇ ရက်မရောက်ခင် ကျောင်းရောက်လာတဲ့ ဗုဒ္ဓဘာသာကို စိတ်ဝင်စားသူများကို ဟောပြောလိုက်ရတဲ့အတွေ့အကြုံတွေ ရလာတဲ့အခါ ပေါ့ပေါ့ပါးပါး ဖြစ်သွားခဲ့ပါတယ်။

နောက်ပြီး ဂျာမနီကို စရောက်ကတည်းက “လုပ်မလား”လို့ မေးရင်သာ ငြင်းချင် ငြင်းမယ်။ သွားရဲသလား၊ လုပ်ရဲသလားလို့ မေးလာရင်တော့ “နိုး”လို့ ဘယ်တော့မှ မပြောဘူး။ ဂျာမန်ရဟန်းတော်ကိုလည်း အရှင်ဘုရား လုပ်နိုင်တဲ့အရာမှန်သမျှကို တပည့်တော် လုပ်နိုင်တယ်၊ ခိုင်းပါ၊ ပြောပါ၊ ဒါပေမဲ့ အရှင်ဘုရားတောင် မလုပ်နိုင်တာ၊ မလုပ်ချင်တာကိုတော့ တပည့်တော်ကို မခိုင်းပါနဲ့လို့ ပြောထားတာပါ။

(၄)
ဦးဇင်းတို့ဆီက မေလ ၁၇၊ ၁၈ မှာဆိုပေမဲ့ မြူးနစ်မြို့ပေါ်မှာတော့ ဂျာမနီနိုင်ငံသားတွေ၊ ထိုင်း၊ သီရိလင်္ကာ၊ တရုတ်၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ တိဗက် စတဲ့ နိုင်ငံသားတွေ ဦးဆောင်ပြီး ဗုဒ္ဓနေ့ပွဲတော်ကို West Park ဥယျာဉ်ကြီးထဲမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပနေကြပါတယ်။ ကျောင်းက ဥက္ကဋ္ဌကြီး မစ္စတာဂုဏရဲ့ကားနဲ့ West Park ကို ရောက်သွားခဲ့တယ်။ ဥယျာဉ်ကြီးက မြက်ခင်းပြင်အကျယ်ကြီး၊ သန့်ရှင်းတဲ့ ရေကန်၊ ချယ်ရီပန်းများ၊ အခြားအရောင်အသွေး စုံတဲ့ ပန်းမျိုးစုံတို့နဲ့ အလွန်သာယာလှပါတယ်။ ရေကန်နားရောက်တာနဲ့ အဝေးကနေ လှမ်းမြင်ရတဲ့ လူတွေ အများကြီး စုဝေးနေတဲ့နေရာက ဓမ္မတေးသံများ စတင်ကြားရတယ်။ စင်္ကာပူ၊ မလေးရှားက တရုတ်ကျောင်းတွေမှာ ကြားရလေ့ရှိတဲ့ တရုတ်ဘုန်းကြီးများ ရွတ်ဆိုနေတဲ့အသံပါ။

ဦးဇင်းတို့လည်း အသံကြားတဲ့ ပွဲတော်ရှိရာအရပ်ကို ဦးတည်လျှောက်လှမ်းလာခဲ့ကြတယ်။
ဈေးရောင်းပွဲတော်များ၊ ထိုင်းစားသောက်ဆိုင်များ၊ ဗီယက်နမ်, ထိုင်း, တိဗက် စသော နိုင်ငံများမှ ရိုးရာပစ္စည်းများ ရောင်းချသောဆိုင်များကို တွေ့ခဲ့ရတယ်။ ဆိုင်အားလုံးက မဟာယာန၊ တိဗက်တန်ဗုဒ္ဓဘာသာ အရိပ်အငွေ့များပင် လွှမ်းမိုးထားတာကို တွေ့ရတယ်။ Buddha Haus လို့ခေါ်တဲ့ မေတ္တာဝိဟာရတစ်ကျောင်းတည်းသာ ထေရဝါဒကျောင်းဖြစ်တာကို တွေ့ရတယ်။

(၅)
“အရှင်ဘုရား ဒီကို လာရတာ ပျော်လား၊ ဘယ်လို ခံစားရလဲ”တဲ့။ ဥက္ကဋ္ဌဂုဏက မေးတယ်။ “ဒီလိုပါပဲ၊ ဗဟုသုတတော့ ရပါတယ်”လို့ပဲ ဖြေလိုက်တယ်။ “တပည့်တော်ကတော့ မကြိုက်ဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ ထေရဝါဒမတွေ့ရလို့”တဲ့။ ဥက္ကဋ္ဌကလည်း ကျောင်းက ဂျာမန်ဘုန်းကြီး လေသံအတိုင်းဖြစ်နေတာကို တွေ့ရတယ်။ တကယ်တော့ မဟာယာနတွေ၊ ထေရဝါဒတွေ အလွန့်အလွန် ခွဲခြားနေတာကို သိပ်မကြိုက်လှပါ။ ဗီယက်နမ်ဘုန်းကြီး သစ်နက်ဟန်၊ တိဗက်ဘုန်းကြီး ဒလိုင်းလားမားတို့ကြောင့် ဗုဒ္ဓအကြောင်းကို လူအများ စိတ်ဝင်စားမှု ရှိလာခြင်းကို အသိအမှတ်ပြုရမှာဖြစ်ကြောင်း၊ ဒလိုင်းလားမား ဟောပြောတာကတော့ ငြိမ်းချမ်းဖို့ထက် ချစ်စရာ၊ ပျော်စရာအဖြစ်သာ ခံစားလို့ ရပေမဲ့ သစ်နက်ဟန်ရဲ့ ဟောပြောမှုများက ကြည့်ရှုသူတိုင်းကို ငြိမ်းချမ်းမှုပေးနိုင်ကြောင်း စသဖြင့် ဥက္ကဋ္ဌကို ပြောဖြစ်ခဲ့တယ်။

(၆)
West Park ဥယျာဉ်ကြီးထဲ ရောက်စဉ်က အကြီးမားဆုံး ဆန္ဒတစ်ခု ဖြစ်တည်ခဲ့ပါတယ်။ ဖြစ်တည်လာရတဲ့အကြောင်းကတော့ ဒီဥယျာဉ်ကြီးထဲ ရောက်တာနဲ့ အဝေးကနေ လှမ်းတွေ့လိုက်ရတဲ့ ဘုရားတန်ဆောင်းတစ်ခုကြောင့်ပါပဲ။ ရေကန်အကြီးကြီးရဲ့ ဘေးက ရေကန်အသေးမှာ ထိုင်းနိုင်ငံဗိသုကာနဲ့ ရပ်တော်မူတန်ဆောင်းကြီးကို တွေ့လိုက်ရတယ်။ ပထမတော့ ဗုဒ္ဓနေ့ပွဲတော်ကြောင့် ယာယီပြုလုပ်ထားတာလို့ ထင်ထားတာ။ ဥက္ကဋ္ဌကို မေးကြည့်တော့မှ ယာယီမဟုတ်ကြောင်း၊ ထိုင်းဗိသုကာလက်ရာနဲ့ အမြဲတည်ဆောက်ထားတဲ့ တန်ဆောင်းဖြစ်ကြောင်း၊ ထိုင်းသာမက နီပေါလ်၊ တရုတ်၊ ဂျပန်ဆိုင်ရာများလည်း ရှိကြောင်း သိလိုက်ရတယ်။ ထိုင်းတန်ဆောင်းကို ကြည့်လိုက်တဲ့အခါ အဆောက်အအုံက ဆွဲဆောင်မှုရှိပေမဲ့ ရပ်တော်မူဘုရားဆင်းတုက နည်းနည်းမှ ကြည့်မကောင်းဘူး။ မြန်မာ့ဗိသုကာဆရာများ အပျင်းပြေထုထားသလိုတောင် ဖြစ်နေသလား အောက်မေ့မိတယ်။

အကြီးမားဆုံးဆန္ဒဆိုတာကတော့ အဲဒီ West Park ဥယျာဉ်ကြီးထဲမှာ မြန်မာ့ဗိသုကာလက်ရာတွေ ထုံမွှမ်းထားတဲ့ ဘုရားတန်ဆောင်းကြီးတစ်ခု ပေါ်ပေါက်စေချင်တာပါပဲ။ ဥက္ကဋ္ဌကို မေးကြည့်တော့ သူက ရယ်ပြီးတော့ “ပိုက်ဆံသာ မင်းတို့ မြန်မာတွေ အကုန်အကျ ခံနိုင်ရင် ဂျာမနီအစိုးရကတော့ Welcome ဖြစ်နေမှာပါ”တဲ့။ စွမ်းဆောင်နိုင်သူများ ပေါ်ပေါက်ပါစေသတည်း။

ဆက်ရန် ..........

အရှင်ကုသလသာမိ (အတည်မဲ့)
၂ဝ၊ ဝ၅၊ ၂၀၁၄

Friday, May 16, 2014

ဖရိုင်းဇင်းပန်းဥယျာဉ်ထဲမှာ




(၁)
ဖရိုက်ဇင်းစာကြည့်တိုက်က အကြီးကြီးရယ်။ စာအုပ်တွေက စုံလှတယ်။ ဂျာမန်ဘာသာနဲ့ရေးထားတာတွေက များပါတယ်။ ဘာပဲဖြစ်ဖြစ် ဗဟုသုတအနေနဲ့ လိုက်ငေးတယ်။ ဖရိုက်ဇင်းသမိုင်းစာအုပ်လေးတစ်အုပ်ကို ကောက်ကိုင်မိတယ်။ စာအုပ်ပေါ်က မျက်နှာဖုံးပေါ်က ရေးထားတဲ့ Freising ဆိုတာကို သေချာကြည့်တဲ့အခါ ပါဠိသင်လာတဲ့ကိုယ်တော်ပီပီ ပုဒ်ခွဲကြည့်မိတယ်။ Frei+sing ဂျာမန်လို Frei ဆိုတာ Free လွတ်လပ်ခြင်း၊ Sing ဆိုတာက သီချင်းဆိုတာ။ နာမည်လေးကို အတော်သဘောကျသွားတယ်။ သူတို့ ဘယ်လို အဓိပ္ပာယ်ဖွင့်ကြသလဲဆိုတာတော့ နောက်မှ မေးကြည့်ရဦးမယ်။

(၂)
Freising ဆိုတာ Freising ပြည်နယ်ရဲ့ မြို့တော်တစ်ခု ဖြစ်ပါတယ်။ လူဦးရေအားဖြင့် ၄ သောင်းကျော် ရှိတယ်လို့ ဆိုပါတယ်။ မြူးနစ်မြို့တော်ရဲ့ မြောက်ဘက် အီဇာမြစ်ကမ်းဘေးမှာ တည်ရှိပါတယ်။ မြူးနစ်မြို့ကနေ ကားနဲ့ ၂၅ မိနစ်ခန့်ခရီးရှိပါတယ်။ ရထားနဲ့ဆိုရင်လည်း အဲဒီလောက်ပဲ ကြာပါတယ်။ မြူးနစ်လေဆိပ်ကြီးနဲ့လည်း အနီးဆုံးနေရာမှာ ရှိပါတယ်။ မြူးနစ်လေဆိပ်ကနေ ဆင်းလိုက်တာနဲ့ မြောက်ဘက်ကို လှမ်းကြည့်လိုက်ရင် ကမ္ဘာ့သမိုင်းဝင်အမွေအနှစ်ဖြစ်တဲ့ ကတ်သတ်ဒရီယလ် (cathedral hill) တောင်ကုန်းကို လှမ်းမြင်နိုင်ပါတယ်။ ဒီနာမည်ကျော်တောင်ကုန်းပေါ်မှာ ခရစ်ယာန်ဂိုဏ်းချုပ်ကြီးရဲ့ ခမ်းနားတဲ့ နန်းတော်ရဲတိုက်ကြီးလည်း တည်ရှိပါတယ်။

လက်ရှိပုပ်ရဟန်းမင်း မတိုင်ခင်က ပုပ်ရဟန်းမင်းကြီးဟာ စာရေးသူတို့ကျောင်းဘေးက တောင်ကုန်းပေါ်က ဘုရားကျောင်းမှာ ရဟန်းဖြစ်ခဲ့တာ။ ဒါ့အပြင် ဗိုင်ဟန်ရှတဲဖန် (Weihenstephan Hill) တောင်ကုန်းကိုလည်း လှမ်းမြင်နိုင်ပါတယ်။ ဒီတောင်ကုန်းကတော့ ကမ္ဘာ့သက်တမ်းအရင့်ဆုံးဘီယာတွေ ထုတ်လုပ်တဲ့နေရာတစ်ခု ဖြစ်ပါတယ်။

Freising မြို့လေးဟာ အလွန်တရာ ရှေးကျပြီး ရှေးဟောင်းဒဏ္ဍာရီပုံပြင်တွေ၊ စိတ်ဝင်စားဖွယ်ရာဇာတ်လမ်းတွေ အများအပြား ရှိပါတယ်။ ဘာသာရေးမြို့တော်လို့လည်း ဆိုလို့ ရပါတယ်။ ယခင်နှစ်ပေါင်းများစွာမှ ယနေ့အချိန်အထိ ခရစ်ယာန်ဘာသာတရားနဲ့ပတ်သက်ပြီး အထွတ်အမြတ်ထားရာ မြို့တစ်မြို့ဆိုရင်လည်း မမှားနိုင်ပါဘူး။ မြို့ထဲက တံတားတွေ အိမ်တွေ၊ လမ်းတွေမှာလည်း ခရစ်တော်ရဲ့ရုပ်ပွားတော်တွေ ဆောက်လုပ်ထားကြတယ်။ ယနေ့အချိန်အထိ တစ်နေကုန် ဘုရားကျောင်းက ခေါင်းလောင်းသံတွေ တစ်နာရီခြားတစ်ခါ တညံညံ တီးခတ်နေဆဲပါ။ ည ၉ နာရီကျမှ ရပ်ပါတယ်။ ရှေးတုန်းက အယူအဆအရတော့ မကောင်းဆိုးဝါးတွေဟာ ဒီခေါင်းကြီးတွေအသံကြားရင်း ပြေးကုန်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အစဉ်အဆက်အနေနဲ့ ခေါင်းလောင်းတွေ ဆက်လက်တီးနေကြတာလို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ အေဒီ ၇၂ဝ မှာ သူတော်စင် ကော်ဘီနီယန်း(Corbinian)က ဘာသာရေးအဆောက်အအုံတစ်ခုကို တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။ Freising မြို့တော်ရဲ့ အမှတ်အသားတံဆိပ်က ကျောပေါ်မှာ ပစ္စည်းတွေ တင်ထားတဲ့ ဝက်ဝံရုပ်ဖြစ်ပါတယ်။ ဒီအမှတ်တံဆိပ်ကလည်း ရာဇဝင်နဲ့ပါ။ တစ်နေ့မှာ ဝက်ဝံက သူတော်စင် အာဘီအို (Arbeo)ရဲ့ မြင်းကို ကိုက်သတ်ပစ်တယ်။ ဒါနဲ့ သူတော်စင်က ဒဏ်ပေးတဲ့အနေနဲ့ ဝက်ဝံကို သူ့ပစ္စည်းတွေကို သယ်ခိုင်းလိုက်တယ်။ ဒီသူတော်စင်က အဲဒီလောက်ထိ တန်ခိုးကြီးတယ်လို့ ဆိုတယ်။ ဒါကို အကြောင်းပြုပြီးတော့ ပစ္စည်းတွေ တင်ထားတဲ့ ဝက်ဝံက Freising ရဲ့ သင်္ကေတဖြစ်လာရတာပါ။

အေဒီ ၉၉၆ မှာ ဒူကဲဟင်နရီ (Duke Henry) ဆိုသူရဲ့ ကြိုးပမ်းမှုကြောင့် Freising ရဲ့ အဓိကစီးပွားရေးတွေ၊ အခြေခံအဆောက်အအုံတွေက မြူးနစ်ကျေးရွာဘက်ကို ရောက်ကုန်တယ်လို့ ဆိုပါတယ်။ တဖြည်းဖြည်းနဲ့ မြူးနစ်မြို့က ကြီးကျယ်လာရာ ၁၁၅၈ ခုနှစ်မှာတော့ Freising ရဲ့ စီးပွားရေးအခြေအနေတွေဟာ မြူးနစ်ကို အရှုံးပေးလာရတယ်။ မြူးနစ်မှာလည်း ခမ်းနားကြီးကျယ်တဲ့ ဘုရားရှိခိုးကျောင်းကြီးတွေ ဆောက်လုပ်လိုက်ကြတယ်။

(၃)
စီးပွားရေး၊ လူမှုရေးအရ မြူးနစ်မြို့က သာလွန်သွားပေမဲ့ ဘာသာရေးအရတော့ ဖရိုက်ဇင်းက အစစအရာရာ မပြောင်းလဲနိုင်တော့လောက်အောင် အခြေတည်နေခဲ့ပါတယ်။ ယနေ့အချိန်အထိ ပုပ်ရဟန်းမင်းကြီးအောက် အနည်းငယ်လောက်ပဲ အဆင့်နိမ့်တဲ့ ရဟန်းမင်းကြီးများ စိုးစံနေဆဲပဲ ဖြစ်ပါတယ်။ ရဟန်းမင်းကြီးများဟာ ခမ်းနားကြီးကျယ်စွာ စားသုံးရခြင်း၊ နေထိုင်စံမြန်းရခြင်း စတဲ့နေရာအားလုံးမှာ ရှေးခေတ်ရှင်ဘုရင်များလို ပြုစုခံနေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ယနေ့ခေတ်မှာ ရဟန်းပြုသူနည်းလာတဲ့အတွက် သာသနာပြုလုပ်ငန်းတွေကတော့ ထောင့်မစေ့နိုင်လောက်အောင် ဖြစ်လာတယ်လို့ ဆိုပါတယ်။ ဒါကြောင့်ပဲ အာရှဘက်ကနေ ခရစ်ယာန်ဘုန်းတော်ကြီးများကို တင်သွင်းရတယ်လို့ ဆိုပါတယ်။

Freising မှာ သာသနာဆိုင်ရာ တာဝန်ထမ်းဆောင်နေတဲ့ ဘုန်းတော်ကြီးများဟာ အများအားဖြင့် အာရှဒေသကနေ လာရောက်အမှုထမ်းတဲ့ ဘုန်းတော်ကြီးတွေ များတယ်လို့ သိရတယ်။ လခကလည်း အရမ်းမြင့်တော့ ဒီမှာ အမှုတော်ထမ်းလိုတဲ့ ဘုန်းတော်ကြီးတွေလည်း အတော်များတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ အချို့ဆရာတော်များ ပူပန်နေကြသလို ဒီက သာသနာဆိုင်ရာမှာလည်း ဘုန်းကြီးတွေ နည်းလာလို့ စိတ်ပူနေကြရတယ်လို့ ဆိုပါတယ်။

(၄)
မြန်မာနိုင်ငံက ကျေးရွာတွေမှာ ကိုရင်နည်းလာတဲ့ကိစ္စကို ဒီက ဂျာမန်ရဟန်းတော်နဲ့ ပြောဖြစ်တော့ ကောင်းပါတယ်၊ ဒါ သဘာဝကျပါတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ တိုးတက်တဲ့တိုင်းပြည်တိုင်းဟာ ဘာသာတရားဆိုင်ရာမှာ အပြောင်းအလဲတော့ ဖြစ်မှာပဲ။ မြန်မာနိုင်ငံချမ်းသာလာလေလေ ဘုန်းကြီးနည်းလာလေလေ ဖြစ်မှာပဲ။ ဒီတော့ အရေအတွက်ထက် အရည်အချင်း၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြည့်ဝတဲ့ ရဟန်းတွေ ပေါ်ထွက်လာမှာမို့ပါ။ စာရေးသူလည်း လက်ခံခဲ့ပါတယ်။ မရှက်တမ်း ဝန်ခံရရင် တို့ဆီမှာ အလုပ်လက်မဲ့တွေ အများကြီး မဟုတ်လား။ ဘာကြောင့် အလုပ်လက်မဲ့များနေသလဲ။ အရည်အချင်းနဲ့စိတ်ဓာတ်ပိုင်းကိုပဲ ပြရမယ်ထင်တယ်။

(၅)
စာရေးသူဟာ (အီဇာညနေခင်းများ ဆောင်းပါးထဲမှာ ဆိုခဲ့သလို) ညနေတိုင်း လမ်းလျှောက်ဖြစ်တယ်။ လမ်းလျှောက်လိုက်တိုင်း နေရာအနှံ့မှာ တွေ့နေရတာက ခရစ်ယာန်ဆိုင်ရာ အမှတ်အသားတွေ၊ ခရစ်တော်ပုံတွေချည်းပါပဲ။ ဒါတွေကို မြင်တော့ မြန်မာနိုင်ငံက နောင်တော်တစ်ပါး ပြောတာကို သွားအမှတ်ရနေမိတတ်တယ်။ ကိုယ်တော် ကုလားတွေ သူ့သာသနာ သူပြုတာ၊ ဘာလို့ စကားထဲ ထည့်ပြောနေလဲ၊ တို့ ဗုဒ္ဓဘာသာတွေလည်း သူများဆီ သွားပြီး သာသနာပြုနေတာ မဟုတ်လားတဲ့။ ဘာဖြစ်လို့အဲဒီလို သူ ပြောတာလဲဆိုတော့ ကုလားမကောင်းကြောင်း ပြောသူဆိုရင် သူက အလွန်အမြင်ကပ်နေတာကိုး။

(၆)
တကယ်တော့ ဒီမှာ လာနေတယ်၊ သာသနာပြုတယ်ဆိုတာ အချို့ဘာသာတွေ သာသနာပြုသလို လာပြုနေတာ မဟုတ်ပါဘူး။ ငြိမ်းငြိမ်းချမ်းချမ်း၊ ကြည်ကြည်သာသာနဲ့ ဗုဒ္ဓဘာသာအကြောင်း သိချင်သူတွေကို ကူညီပေးနေခြင်းပါပဲ။ စာရေးသူ ဒီကို ရောက်ပြီး ကြိုဆိုပွဲကတည်းက ဒီကိုလာတာဟာ ခရစ်ယာန်နဲ့အခြားဘာသာဝင်တွေကို ဗုဒ္ဓဘာသာအဖြစ် ပြောင်းလဲပေးဖို့ လာတာ မဟုတ်ကြောင်း၊ ဗုဒ္ဓဘာသာကို လေ့လာလိုသူများအတွက် အကူအညီဖြစ်စေဖို့ ရောက်လာခြင်း ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

အချို့ဘာသာတရားဆိုရင် အားလုံး သိတဲ့အတိုင်းပဲ။ သူတို့ တရားကို နားလည်သဘောပေါက်ပြီး အဲဒီဘာသာဝင် ဖြစ်သူဆိုတာ မကြားဖူးပေမဲ့ (အနည်းငယ်သာ ကြားဖူးပေမဲ့) တစ်နှစ်ပြီးတစ်နှစ် အဲဒီဘာသာဝင်လူဦးရေက ဗုံးပေါက်သလို ပေါက်ကွဲနေတာ။ ဗုဒ္ဓဘာသာသာသနာပြုခြင်းဟာ အဲဒီဘာသာ သာသနာပြုခြင်းနဲ့တော့ လားလားမျှ မသက်ဆိုင်ပါကြောင်း နောင်တော်ကြီးကို သိစေချင်ခဲ့ပေမဲ့ မပြောဖြစ်ခဲ့ပါ။

(၇)
တစ်ရက်က ကျောင်းကို မကြာခဏ လာတတ်တဲ့ ဗုဒ္ဓဘာသာဂျာမန်ဒကာတစ်ဦး ပြောတာလေးလည်း သဘောကျလို့ ပြန်ပြောပါရစေ။ သူဆိုရင် ထိုင်းကို အလည်သွားရင်း ဗုဒ္ဓဘာသာကို စိတ်ဝင်စားလို့ လေ့လာရင်းနဲ့ ဗုဒ္ဓဘာသာဖြစ်လာခဲ့သူပါ။

တစ်နေ့မှာ သူ့သူငယ်ချင်းက ငါတို့ ဖရိုက်ဇင်းက ခရစ်တော်ရဲ့ အရိပ်အောက်မှာ သာယာပြီးသား၊ မင်းတို့ ဒီမှာ ကျောင်းလာတည်ထောင်တာဟာ စိတ်ကူးယဉ်တာပဲလို့ ပြောသတဲ့။ ဒါနဲ့ သူက ခရစ်တော်ရဲ့ အရိပ်အောက်မှာဆိုတာ ဟုတ်လို့လား။ လူဦးရေ အများစုက ခရစ်ယာန်ဘာသာဆိုတာ ငါ လက်ခံတယ်။ ဒါပေမဲ့ ခရစ်ယာန်ကို အပြည့်အဝ ယုံကြည်သူက ၅ဝ ရာခိုင်နှုန်းတောင် ရှိရဲ့လား။ မတည်ငြိမ်တဲ့အရှေ့အလယ်ပိုင်းကနေ လွင့်စဉ်လာတဲ့ လူတွေနဲ့ဘာသာတရားကိုးကွယ်သူတွေ တိုးပွားလာမှုကရော ဖရိုက်ဇင်းရဲ့ လမ်းမတွေကို အသွင်ပြောင်းစပြုနေပြီဆိုတာ မင်းလည်း သိပါတယ်။

သာယာပျော်ရွှင်ဖွယ်ဖြစ်တဲ့ ဥယျာဉ်တစ်ခု ဖြစ်ဖို့အတွက် ငါတို့ ဖရိုက်ဇင်းဆိုတဲ့ ဥယျာဉ်ထဲမှာ ပန်းပေါင်းစုံ ပွင့်နေဖို့ လိုတယ်။ ငါတို့က ခရစ်တော်ကို ယုံကြည်သူများကို “လာပါ၊ အဲဒါ မကောင်းဘူး၊ ဗုဒ္ဓဘာသာ လာကိုးကွယ်ပါ”လို့ ဘယ်တော့မှ မပြောဘူး။ သူတို့ လိုအပ်လို့ အကူအညီတောင်းလာတဲ့အခါမှသာ ငါတို့က သူတို့ဆန္ဒကို ဖြည့်ပေးချင်တာလောက်ပါပဲ … စသဖြင့် သူ ပြောခဲ့တာတွေကို ပြန်လည်ဖောက်သည်ချနေခဲ့ပါတယ်။ စာရေးသူကလည်း အတွေးချင်းထပ်တူထပ်မျှဖြစ်ပါကြောင်း ပြန်ပြောလိုက်တယ်။

(၈)
ဖရိုက်ဇင်းသမိုင်းစာအုပ်လေး ကောက်ကိုင်ဖတ်ရှုပြီး ထွက်ပေါ်လာတဲ့ အတွေးစလေးတွေပါ။ ဘာပဲဖြစ်ဖြစ် ဂျာမန်ဒကာပြောတဲ့စကားထဲကလို ဖရိုင်းဇင်းပန်းဥယျာဉ်ထဲမှာ လူတွေ စိတ်ကြည်နူးစေမယ့် ပန်းတစ်ပွင့်အဖြစ်ကနေ ဦးတည်ချက်ပြောင်းမသွားအောင် ကိုယ့်ကိုကိုယ် ပျိုးထောင်နေရဦးမှာပါ။

(၉)
စာကြည့်တိုက်ထဲက ထွက်တော့ နေကို မမြင်ရတော့ဘူး။ ဒါပေမဲ့ အလင်းတော့ ရှိနေဆဲပဲ။ Free+sing ဆိုတဲ့အသံလေးကလည်း တိုးတိုးလေး ထွက်လာတယ်။

အရှင်ကုသလသာမိ (အတည်မဲ့)
၁၅၊ ဝ၅၊ ၂ဝ၁၄

အလုပ်မရှိလို့


(၁)
အရှင်ဘုရား … အရှင်ဘုရားကို အချို့လူတွေ ပြစ်တင်ပြောဆိုနေကြတယ်ဘုရား၊ တပည့်တော် မခံနိုင်ဘူး၊ တစ်ခုခု ပြန်ပြောပါဦး။

(၂)
ဟေ … ဟုတ်လား။ သူတို့တွေက အချိန်တွေ ပိုပြီး လုပ်စရာ မရှိလို့ ဖြစ်မှာပေါ့ကွာ။ ။

Thursday, May 15, 2014

အီဇာ ညနေခင်းများ




(၁)
အီဇာညနေခင်းများတွင် နေညိုညိုက တိမ်မတောက်ပါ။ နေညိုညိုတိမ်မတောက်တဲ့အတွက် စာဥတို့သူငယ်ချင်းများလည်း ရေခပ်မဆင်းကြပါ။

(၂)
ဒီလမ်းကလေးပေါ်ကို နေ့စဉ်ရက်ဆက် လျှောက်လာခဲ့တာ တစ်လနီးပါးရှိသွားပြီ။ ရောက်စက ဂျာမန်ရဟန်းတော်က ပြောတယ်။ တို့ Timetable ထဲမှာ ညနေ ငါးနာရီကို လမ်းလျှောက်ချိန် ထည့်မယ်၊ ဘယ်လိုလဲလို့ မေးတယ်။ အင်း နေ့တိုင်းကြီးတော့ လမ်းမလျှောက်ချင်ပါဘူးလို့ ပြောမိတယ်။ ဒါပေမဲ့ နေ့တိုင်း လမ်းလျှောက်ဖြစ်ခဲ့တယ်။ အစတော့ နှစ်ပါးအတူ လျှောက်ကြပေမဲ့ နောက်ပိုင်းမှာ မိမိတစ်ဦးတည်းသာ လျှောက်ဖြစ်ခဲ့တယ်။ အခုတော့ မသွားရမနေနိုင်သလို ဖြစ်လာတယ်။ ညနေ ၅ နာရီထိုးတာနဲ့ မိုးဖွဲလို့ အရမ်းအေးနေတာတောင် အနွေးထည်များ အထပ်ထပ် ဝတ်၊ ခြေအိတ်လက်အိတ်များ စွပ်၊ ထီးဆောင်းပြီး သွားဖြစ်လိုက်သေးတယ်။

(၃)
အီဇာဆိုတာ မြစ်တစ်ခုရဲ့ နာမည်ဖြစ်ပါတယ်။ အီဇာမြစ်ကို ကမ္ဘာ့အသန့်ရှင်းဆုံးမြစ်ဆိုပြီး သူတို့ ဂုဏ်ယူပြောဆိုကြတယ်။ တွေ့ဖူးသမျှမြစ်တွေထဲမှာတော့ တကယ်လည်း သန့်ရှင်းပါတယ်။ ရေစီးလည်း သန်ပါတယ်။ မြစ်ရေပြင်တစ်ခုလုံးက ကျောက်ခဲဖြူဖြူလေးတွေကို တမင်များ ခင်ထားသလား အောက်မေ့ရတယ်။ ဖွေးဖွေးဖြူနေတယ်။ မြစ်ကမ်းဘေးက ကျောက်ခဲဖြူဖြူလေးတွေကို စုပုံပြီး ကလေးရော လူကြီးရော ကစားကြတယ်။ ကျောက်ခဲလေးတွေက ချောမွတ်နေတာပဲ။

ညနေခင်းတွေမှာ မိသားစုတွေဟာ စက်ဘီးလေးတွေ၊ အချို့လည်း ကားတွေ၊ အချို့လည်း စကိတ်လေးတွေ စီးပြီးတော့ လာကြတယ်။ မြစ်ကမ်းရောက်မှ လမ်းလျှောက်ကြတယ်။
မြစ်ကမ်းဘေးက လမ်းကလေးကလည်း မြက်ခင်းစိမ်းစိမ်းတွေကလည်း ရံထားတယ်။ ချယ်ရီပန်းများကလည်း ဘေးဘီဝဲယာ ဝိုင်းထားတယ်။ တသွင်သွင် တညင်ညင် စီးနေတဲ့ ရေးစီးသံကလည်း တေးသံလို သာယာတယ်။

(၄)
နေ့စဉ်လမ်းလျှောက်နေတာတောင်မှ ဒီက လူတွေရဲ့ အကြည့်တွေက အလွန်စိမ်းနေသေးတာကို တွေ့ရတယ်။ ထူးဆန်းသလို၊ အံ့သြသလိုနဲ့ ကြည့်ကြ၊ ပြုံးကြတယ်။ တွေ့တဲ့သူကို ဟိုင်း လုပ်တာကတော့ သူတို့ရဲ့ ထုံးစံပဲ ထင်ပါရဲ့။ ဟိုင်းလုပ်တာမှာလည်း အမျိုးမျိုးရှိတယ်။ အချို့က စိတ်ပါလက်ပါနဲ့ မျက်နှာကို အပြည့်အဝပြုံးပြီး နှုတ်ဆက်တာ။ အချို့က ဟိုင်းဆိုပြီး မျက်နှာက ချက်ချင်းတည်သွားတာ။ အချို့ကျတော့လည်း ပါးစပ်ကို စေ့ပြီး မျက်လုံးကို တစ်ချက်ဝင့်ပြီး မပွင့်တပွင့်နဲ့ ဟိုင်းလုပ်တာ။ အချို့ကျတော့လည်း အဝေးကတည်းက ဟိုင်းဆိုပြီး လက်ကို အဝေးကတည်းက လှမ်းလာကာ လက်ဆွဲနှုတ်ဆက်တတ်တယ်။ အချို့ကျတော့ ပိုထူးဆန်းတယ်။ လူကိုလည်း မကြည့်၊ ပြုံးလည်း မပြုံးဘဲ သူ့ဟာသူ ဟိုင်းလို့ ပြောပြီး သူ့လမ်းသူ သွားနေတာ။ ဘယ်လို လူမျိုးများလည်း မသိ။ ထူးဆန်းပါဘိ။

(၅)
တစ်နေ့ကတော့ ကျောင်းကို အမြဲလာတတ်တဲ့ တရုတ်ကျောင်းသူတစ်ယောက်ရယ်၊ ဂျာမန်ဒကာကြီးတစ်ယောက်ရယ် ရောက်လာတယ်။ သူတို့က တစ်ပတ်ကို တစ်ကြိမ်တော့ အမြဲလာနေကျ။ တရားလာထိုင်ကြတယ်။ ဒီနေ့တော့ ညနေ ၅ နာရီမထိုးခင်လေးမှာ ရောက်လာတယ်။ ဒီအချိန်က ဦးဇင်းရဲ့ လမ်းလျှောက်ချိန်လို့ ပြောလိုက်တော့ သူတို့လည်း လိုက်လို့ ရမလားတဲ့။ ရတာပေါ့။

တစ်ကိုယ်တည်း ညနေခင်းတွေက နည်းနည်းပုံစံပြောင်းသွားတာကလွဲရင် တိတ်ဆိတ်နေဆဲပါပဲ။ သူတို့နဲ့ အတူသွားမှ သိရတာက သူတို့ကိုတော့ လူတွေက သိပ်လည်း မကြည့်ကြသလို နှုတ်ဆက်တာလည်း သိပ်မရှိပါဘူး။ ဗုဒ္ဓဘာသာရဟန်းတစ်ပါးရဲ့ ထူးဆန်းတဲ့ ဖက်ရှင်ကြောင့် ပြုံးပြနှုတ်ဆက်ကြတာကိုးလို့ သိလိုက်ရတယ်။ အစကတော့ ဂျာမန်တွေ အရမ်းဖော်ရွေကြတာပဲလို့ ထင်ခဲ့တာ မှားပါလေရော။ ကိုယ့်နိုင်ငံကို အလည်လာတဲ့ ဥရောပသားတွေကို မြန်မာတွေ ပြုံးကြသလိုမျိုး ဖြစ်မှာပေါ့။ တစ်လမ်းလုံး သူပြုံး၊ ကိုယ်ပြုံး၊ တစ်ပြုံးပြုံး ဖြစ်နေခဲ့တာပေါ့။

(၆)
အီဇာမြစ်ကမ်းက ကျောက်ခဲဖြူဖြူလေးတွေပေါ်မှာ ထိုင်လိုက်ကြတယ်။ မြတ်ရောင်နီဆရာတော်က ပြောဖူးတယ်။ အီဇာမြစ်ကမ်းမှာ သူ တရားထိုင်လေ့ရှိတယ်တဲ့။ အဲဒီစကားလေးကို အမှတ်ရပြီး သူတို့ကို ပြောဖြစ်တယ်။ ဒါဆို တို့လည်း တရားထိုင်ကြရအောင်ဆိုပြီး တရားထိုင်လိုက်ကြတယ်။ မိနစ် ၂ဝ ခန့် ကြာသွားတယ်။ တရားထိုင်ပြီးလို့ ပုံမှန်စကားပြောချိန်မှာလည်း ရောက်လာတဲ့သူတွေက ပြုံးရွှင်စွာနဲ့ နှုတ်ဆက်ကြတယ်။ အီဇာက ကြည်နေသလို စိတ်ထဲလည်း ကြည်ခဲ့ရတယ်။ အီဇာကို ရောက်တိုင်း ကဗျာရေးတတ်တဲ့ သူငယ်ချင်းတွေကို သတိရစိတ်ကတော့ မပျောက်သေးဘူး။

(၇)
အပြန်လမ်းမှာ ဒကာကြီးက တစ်လမ်းလုံး ငါတွေးမိတယ်။ တစ်ခု မေးပါရစေ။ အရှင်ဘုရား ဒီမှာ နေရတာ အခြေနေ ဘယ်လိုလဲ။ ပျော်သွားပြီလားတဲ့။ အင်း … ပျော်တယ်လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ နည်းနည်းတော့ နေပျော်လာပါပြီလို့ ဖြေခဲ့တယ်။ ဒါနဲ့ သူက ဆက်ပြောတယ်။ ငါ တွေးမိတယ်။ အရှင်ဘုရားသာ ဒီမှာ ၅ နှစ်ကနေ ၁ဝ နှစ်လောက်အထိ နေမယ်ဆိုရင် အပြုံးကိုယ်တော် (Smiling Monk) ဆိုပြီး လူသိများလာမှာ သေချာတယ်။ အဲဒီလို နေပါ့လားတဲ့။ အရှင်ဘုရား အဲဒီလို နေမယ်ဆိုရင် ၄ နှစ်ကျော်တာနဲ့ အမြဲနေ PR ရနိုင်တယ်။ နောက်ပြီး အီးယူကဒ်လည်း ရနိုင်တယ်။ အီးယူကဒ်ရရင် ဥရောပတစ်တိုက်လုံး ကြိုက်သလို သွားလို့ ရပြီ။ အဲဒီကျရင် အရှင်ဘုရားက ဂျာမန်စကားလည်း တတ်တော့ အရှင်ဘုရားရဲ့လုပ်ငန်းတွေလည်း အများကြီး တိုးတက်နေလောက်ပြီ ….. စသည်ဖြင့် တွေးလိုက်ပြောလိုက် လမ်းလျှောက်ရင်း ပြောနေခဲ့တယ်။

(၈)
“အို … အီဇာ၊ သင့်နာမည်အဓိပ္ပာယ်က လွတ်မြောက်ခြင်း၊ လွတ်လပ်ခြင်း။ ငါက မင်းကို အားကျနေပါတယ်။” အီဇာမြစ်ကမ်းရောက်တိုင်း စိတ်ထဲမှာ ပြောမိတဲ့ စကားလေးပါ။ ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်း၊ အောင်မြင်ခြင်းတွေထက် လွတ်မြောက်ခြင်း၊ လွတ်လပ်ခြင်းကိုသာ တမ်းတနေသူပါ။ လွတ်မြောက်ခြင်း၊ လွတ်လပ်ခြင်းထက် ပိုမိုကြီးကျယ်တဲ့အရာ ဘာများ ရှိပါသေးသလဲ။ စဉ်းစား၍ မရပါ။ အပြန်လမ်းက ထိုအတွေးများနဲ့ ဆိတ်ငြိမ်နေခဲ့တယ်။

အီဇာညနေခင်းများက ဘယ်၍ဘယ်မျှ ရှည်လျားမလဲ မပြောနိုင်ပါ။ အီဇာလို လွတ်လပ်စွာ၊ ကြည်လင်စွာ စီးဆင်းခွင့်တွေ ရှိနေဦးမယ်ဆိုရင်တော့ အီဇာညနေခင်းများက နှစ်ကာလများစွာကို ဖြတ်သန်းကျော်လွှားသွားပေလိမ့်မယ်။ သူ့ရဲ့ ကြည်လင်တဲ့ မြစ်ကျဉ်းလေးဘေးမှာ ကြည်မွေ့ပျော်ရွှင်သူများလည်း ပြည့်လို့ပေါ့။ ။

အလုပ်မရှိလို့


(၁)
အရှင်ဘုရား … အရှင်ဘုရားကို အချို့လူတွေ ပြစ်တင်ပြောဆိုနေကြတယ်ဘုရား၊ တပည့်တော် မခံနိုင်ဘူး၊ တစ်ခုခု ပြန်ပြောပါဦး။

(၂)
ဟေ … ဟုတ်လား။ သူတို့တွေက အချိန်တွေ ပိုပြီး လုပ်စရာ မရှိလို့ ဖြစ်မှာပေါ့ကွာ။ ။

Saturday, May 10, 2014

ဖားလား ငါးလား ...


(၁)
တစ်နေ့က ပုံမှန်လာရောက်ပြီး တရားအားထုတ်၊ တရားနာလေ့ရှိတဲ့ အိန္ဒိယနွယ်ဖွား ဒကာမကြီးနဲ့ တရားထိုင်နေစဉ် နာရီပြည့်ခါနီးမှာ နောက်က လူတစ်ယောက်ဝင်လာသံ၊ ဖိနပ်ချွတ်သံ ကြားလိုက်ရတယ်။ သူစိမ်းလား၊ ဘယ်သူလဲ ဘယ်ဝါလဲဟု စိတ်က တွေးဖြစ်သွားတယ်။ တရားအာရုံလွတ်သွားတယ်။ ခဏနေတော့ ငြိမ်သွားတယ်။ သိလိုစိတ်က ပိုပြင်းပြလာတယ်။ ပြီးတော့ အသက်ကို မှန်မှန်ရှူရှိုက်သံ ကြားလာရတယ်။ အော် သူလည်း တရားလာထိုင်တာ ဖြစ်မှာပါလို့ တွေးလိုက်တယ်။ အဲဒီအခါမှ တရားကို ပြန်အာရုံပြုဖြစ်တယ်။

(၂)
၁ဝ မိနစ်လောက်အကြာမှာတော့ နာရီအချက်ပေးသံနဲ့အတူ တရားဖြုတ်လိုက်တယ်။ တရားဖြုတ်ပြီးတာနဲ့ နောက်ကို လှည့်ကြည့်လိုက်တယ်။ ဖိနပ်စင်လေးဘေးမှာ လူတစ်ယောက်တရားမှတ်နေလေရဲ့။ ကိုယ့်လည်း မြင်ရော သွားမယ်ဆိုပြီး လက်ကာပြတယ်။ နေပါအုံး၊ နေပါအုံး မိတ်ဆက်ပါအုံး၊ ဒီနား လာထိုင်ပါအုံးဆိုတော့ အိန္ဒိယဒကာမကြီးက မခေါ်နဲ့ ဘန္တေ တဲ့။ အော် ခေါ်ရမှာပေါ့၊ တရားလာအားထုတ်တဲ့သူကိုလို့ ဆိုတော့ အနားကို တိုးတိုးလေး ကပ်ပြောတယ်။ အရက်သမား၊ ဆေးသမားကြီးနဲ့တူတယ်တဲ့။ သူ ဘာပဲဖြစ်နေနေ၊ ဦးဇင်းကတော့ သူနဲ့ စကားပြောကြည့်ချင်တယ်လို့ ပြောလိုက်တယ်။ သူ့ကို တရားထိုင်တဲ့ ဆိုဖာလေး ယူခိုင်းပြီး ထိုင်ခိုင်းလိုက်တယ်။

(၃)
သူက အသက် ၅ဝ ကျော်ပြီတဲ့။ ဆေးစွဲနေပါတယ်။ မိန်းမတွေ၊ သားသမီးတွေနဲ့လည်း ဝေးသွားပါပြီတဲ့။ ပြောရင်းနဲ့ မျက်ရည်တွေ ကျလာတယ်။ သူ့လက်ကောက်ဝတ်နဲ့ မျက်ရည်တွေ သုတ်နေတယ်။ မိမိက တစ်ရှူးတစ်ခုလှမ်းပေးလိုက်တယ်။ သူ ဆေးဖြတ်ချင်တယ်။ ဘယ်လိုမှ ဖြတ်မရဘူး ဖြစ်နေတယ်။ မင်း ဖြတ်ပေးနိုင်မလားတဲ့ သူက မေးတယ်။ ငါတော့ ဖြတ်မပေးနိုင်ဘူး။ ဟောမှာ တွေ့လား၊ ထိုင်နေတဲ့သူ ဗုဒ္ဓလို့ ခေါ်တယ်။ သူ ဖြတ်ပေးနိုင်တယ်လို့ ပြောလိုက်တယ်။ အနည်းငယ် စိတ်ဝင်စားသွားသလား မသိဘူး။ ဘုရားဆင်းတုကို အသေအချာကြည့်နေတယ်။ အိုး တကယ်လား၊ သူက ဖြတ်ပေးနိုင်တယ်လို့ မယုံသင်္ကာမျက်လုံးနဲ့ ပြောနေတယ်။

မင်းကသာ သူပြောတဲ့အတိုင်း လုပ်ရင် သူ ဖြတ်ပေးနိုင်တယ်လို့ ပြောလိုက်တယ်။ သူက ရယ်စရာပြောတယ်လို့ ထင်နေပုံရတယ်။ သူက စကားမှ မပြောတတ်တာတဲ့။ ဟောဒီမှာ ကြည့်၊ (ပဋ္ဌာန်းအကျယ်စာအုပ်ထူကြီးကို ကိုင်လျက်) ဒါ သူပြောခဲ့တဲ့ စကားတွေပဲ၊ ဒါမျိုးစာအုပ်က ၄၂ အုပ်တောင် ရှိတယ်လို့၊ အဲဒီလောက်တောင် ပြောခဲ့တာလို့၊ အဲဒီစကားတွေကို ငါက မင်းကို ပြန်ပြောမှာလို့ ပြောလိုက်တယ်။

သူက စကားတွေ အများကြီး လျှောက်ပြောနေတော့ (ရစ်နေတော့) စကားအများကြီး မပြောပါနဲ့။ သူက(ဗုဒ္ဓက) စကားအများကြီး ပြောတာ မကြိုက်ဘူး၊ အလုပ်အများကြီး လုပ်တာပဲ ကြိုက်တယ်လို့ ပြောတော့ သူက ဘာလုပ်ရမှာလဲလို့ မေးတယ်။

ဆေးသမားတော့ နည်းနည်းများ ငြိမ်မလားဆိုတဲ့အတွေးနဲ့ ကဲ တင်ပလ္လင်ခွေ ထိုင်ပါ၊ ဘယ်လက်ဖဝါးပေါ် ညာလက်ဖဝါးကို တင်ပါ၊ ခါးကို မတ်မတ်ထားပါ၊ မျက်စိကို မှိတ်ထားပါ၊ စိတ်ကို လျှော့ချလိုက်ပါ၊ ခေါင်း ဆံစကနေ ခြေဖျားအထိ ဖြည်းဖြည်းချင်း အာရုံပြုကြည့်ပါ၊ အကြောတွေအားလုံးကို လျှော့ချထားပါ၊ စိတ်ထဲကနေ တစ်ကိုယ်လုံးကို ကြည့်လိုက်ပါ၊ ဘယ်နေရာက တင်းနေသေးလဲ၊ တစ်ကိုယ်လုံး သက်တောင့်သက်သာအနေအထားဖြစ်တဲ့အထိ လျှော့ချပါ၊ ကျေနပ်ပြီဆိုတာနဲ့ မင်း မျက်လုံးတွေကို ခဏဖွင့်ပြီး ငါ လုပ်တာကို ကြည့်ပေးပါ။

 သူ့ရှေ့မှာ အသေအချာထိုင်ပြတယ်။ မင်းရဲ့ ဝင်သက်ထွက်သက်ကို မှတ်မယ်။ သတိပြုမယ်။ ထွက်လေထွက်တဲ့အခါ လေလေးက ဒီနေရာကို ထိသွားတယ်။ နှာသီးဖျားကို လက်ထောက်ပြီး ပြတယ်။ ဝင်လေဝင်သွားတဲ့အခါလည်းပဲ လေက ဒီနေရာကို ထိသွားတယ်။ မင်း ဘာမှ လုပ်စရာ မလိုဘူး။ မင်း လုပ်ရမှာက အဲဒီ လေထိသွားတာလေးကို သတိပြုနေဖို့ပဲ။ ဒီနေ့ အစဆုံးနေ့ဆိုတော့ မိနစ် ၃ဝ နဲ့ စမယ်။ မင်း အတတ်နိုင်ဆုံး လုံးဝ မလှုပ်ပါနဲ့။ လှုပ်ချင်တယ်ဆိုရင် သတိလေးထားပြီး ဖြည်းဖြည်းချင်းလေး လှုပ်ပါ …. စသဖြင့် တရားထိုင်နည်းအကျဉ်း ပြောပြလိုက်တယ်။ နာရီအချက်ပေးစက်ကို မိနစ် ၃ဝ ပေးပြီး တရားစထိုင်လိုက်တယ်။

(၄)
မိနစ် ၃ဝ ပြည့်သွားတယ်။ အိန္ဒိယဒကာမကြီးကော မိမိပါ အံ့သြသွားတယ်။ သူက မိနစ် ၃ဝ ပြည့်တဲ့အထိ တရားထိုင်နိုင်ခဲ့တာကိုပေါ့။ ပြီးတော့ အခြေအနေ ဘယ်လို ရှိလဲလို့ မေးတော့ ကောင်းတယ်တဲ့။ ဆေးသုံးထားတဲ့အချိန်တွေ လာလို့ ရလားတဲ့။ အချိန်မရွေးလာခဲ့ပါ။ လာရင်တော့ တရားထိုင်ရမယ်လို့။ သူက ဘာကြောင့်ရယ် မသိ၊ ဆေးကြောင့်လော၊ ဘာကြောင့်လဲတော့ မသိ၊ မျက်ရည်တွေ ထပ်ကျလာနေတယ်။ နောက်လည်း လာပါဦးမယ်တဲ့။ သူ့စိတ်တွေ နည်းနည်းငြိမ်းချမ်းပါတယ်တဲ့။ ငါ ဆေးပြတ်ဖို့ ငါ့ကို စကားလက်ဆောင်နည်းနည်း ပြောပေးနိုင်မလားလို့ မေးပါတယ်။

အမှန်တော့ သူ့ကို စကားအကြာကြီး မပြောချင်ပါ။ သို့သော် မတော်တဆများ ဆေးဖြတ်နိုင်သွားရင်ဆိုတဲ့အတွေးလေးနဲ့ ထိုင်းမှာ ရဟန္တာလို့ နာမည်ကြီးတဲ့ ဆရာတော်အာဂျန်ချားစာအုပ်ထဲက ဥပမာလေးနဲ့ စကားနည်းနည်း ပြောဖြစ်ခဲ့တယ်။

(၅)
သတ္တဝါလေးတွေဟာ ထောင်ချောက်မိတယ်ဆိုရင် အသည်းအသန် ရုန်းကန်အော်ဟစ်ရင်း ဆင်းရဲခံစားရတယ်။ သူတို့ဟာ လွတ်မြောက်ဖို့အတွက် အားကုန်ထည့်ပြီး ရုန်းကြတယ်။ ဒါပေမဲ့ ရုန်းလေလေ ထောင်ချောက်က ပိုတင်းပြီး ဝေဒနာက ပိုခံစားရလေလေပဲ။
မင်း ဆေးစွဲတယ်ဆိုတာလည်း ထောက်ချောက်မိခြင်းတစ်မျိုးပဲ။ မင်း ဘယ်လောက်ပဲ ရုန်းရုန်း ထွက်လို့ကို မရဘူး။ ထောင်ချောက်မိနေတဲ့ သတ္တဝါလေးတွေ လုပ်နိုင်တာတစ်ခုပဲ ရှိတယ်။ အဲဒါကတော့ မုဆိုးလာတာကို စောင့်ပြီး အသေခံဖို့ပဲ။ ငှက်ကလေးတွေ ကြိုးကွင်းထောင်ချောက်မိတာလည်း အတူတူပဲ။ လည်ပင်းကို ကြိုးကွင်းက စွပ်မိနေတော့ ဘယ်လိုပင် ရှေ့တိုးနောက်ငင် ရုန်းရုန်း၊ ပိုပြီးတော့ အထိနာရုံပဲ။
ငါတို့မှာလည်း ထောင်ချောက်တွေ ရှိတယ်။ အမြင်အာရုံထောင်ချောက်၊ အကြားအာရုံထောင်ချောက်၊ အနံ့အာရုံထောင်ချောက်၊ အရသာအာရုံထောင်ချောက်၊ အတွေ့အာရုံထောင်ချောက်တွေ။ မင်း ဆေးစွဲတယ်ဆိုတာ အရသာအာရုံထောင်ချောက်ပဲ။ ဆေးချလိုက်ရင်ဖြစ်တဲ့ အရသာကနေ အခြားအာရုံထောင်ချောက်တွေထဲကို မင်း ဆက်တိုးမှာပဲ။

မုဆိုးထောင်ထားတဲ့ ထောင်ချောက်တွေကတော့ လုံးဝကို လွတ်လမ်းမရှိဘူး။ ဒါပေမဲ့ ကံကောင်းတာက အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အတွေ့ဆိုတဲ့ ထောင်ချောက်တွေကနေ လွတ်ဖို့အတွက်ကတော့ ဟောဒီက ဗုဒ္ဓက နည်းပေးထားတယ်။ အဲဒါ စောစောက မင်း ကြိုးစားလိုက်တဲ့ တရားအားထုတ်တာပဲ။
နောက်ဆင်တူတဲ့ ဥပမာလေးတစ်ခု ပြောပြမယ်။ တံငါသည်တစ်ယောက်ဟာ ငါးမျှားချိတ်ကို ရေထဲ ချထားတယ်။ ငါးက အစာကို မက်မောပြီး လာဟပ်တယ်။ သူ့လျှာ(အာခံတွင်း)မှာ ငါးမျှားချိတ်က လာချိတ်မိတယ်။ သူ ဘယ်လိုပဲရုန်းရုန်း မလွတ်နိုင်ဘူး။ အာခံတွင်းက

နာကျင်မှုကလည်း ပြင်းထန်တဲ့ဝေဒနာတွေ ပေးနေတယ်။ သွေးစတွေတောင် ပေကျံလို့။ သူက အနာခံပြီး ရုန်းလိုက်ရင် သူ့လျှာ သို့မဟုတ် ခံတွင်းက စုတ်ပြဲသွားနိုင်တယ်။ ဒါပေမဲ့ သူ လွတ်မြောက်သွားနိုင်တယ်။ အဲဒီလိုပဲ မင်းဟာ ဆေးကို စွဲမိသွားပြီ။ ငါးမျှားချိတ်က ငါးခံတွင်းထဲ ရောက်နေသလိုပဲ။ မင်း ဘယ်လိုမှ ထုတ်လို့ မရဘူး။ ဒါပေမဲ့ မင်း ပေတေပြီး တရားအားထုတ်လိုက်ရင် ငါးခံတွင်း စုတ်ပြဲသွားလို့ နာကျင်သလို မင်းလည်း နာကျင်ရမှာပဲ။ ဒါပေမဲ့ မင်း ဆေးပြတ်နိုင်တယ်။ ငါးမျှားချိတ်ကလည်း မင်းပါးစပ်ထဲရောက်နေပြီ၊ လွတ်ကလည်း လွတ်ချင်တယ်၊ အသက်မသေချင်ဘူးဆိုရင်တော့ ခံတွင်းနာတာလောက်ကိုတော့ ထည့်မတွက်သင့်တော့ဘူးပေါ့။

နောက် ငါးမျှားချိတ်ကို လာဟပ်မိတဲ့ ဖားလိုတော့ မင်းကို မဖြစ်စေချင်ဘူး။ ဖားက ငါးမျှားချိတ်ကို ဟပ်လိုက်ရင် သူ့ဗိုက်ထဲထိ မြိုချပစ်တာတဲ့။ အဲဒီလိုဆိုတော့ ငါးမျှားချိတ် မြိုချမိတဲ့ ဖားဟာ ငါးလောက်တောင် အခွင့်အရေး မရှိဘူး။ သူ့အတွက်ကတော့ ဘယ်လောက်အနာခံရုန်းရုန်း သေဖို့ တစ်လမ်းပဲ ရှိတော့တယ်။ အဲဒီတော့ ငါက မင်းကို ငါးမျှားချိတ် မြိုချမိတဲ့ ဖားတော့ မဖြစ်စေချင်ဘူး။ ဖားလား၊ ငါးလားဆိုတာတော့ မင်း အသိဆုံး ဖြစ်မှာပဲ။

 (၆)
သူ့မျက်နှာအရတော့ စိတ်ဝင်စားသည့်အမူအရာ ပြနေတယ်။ သူ့ထက်ပိုစိတ်ဝင်စားနေပုံပြတာက ဘေးနားက အိန္ဒိယဒကာမကြီး။ အရမ်းကောင်းတယ်၊ အရမ်းကောင်းတယ်လို့လည်း ပြောနေတယ်။ ဆေးစွဲနေသူ ဒကာကတော့ နောက်တစ်ပတ်လည်း သူ လာဦးမယ်လို့ ပြောပါတယ်။ တကယ်လာမလာတော့ မပြောတတ်။ သူ့ကို ပြောရင်းနဲ့ ကိုယ့်ပါးကို ကိုယ်ပြန်စမ်းမိတယ်။ ငါးမျှားချိတ်ဒဏ်တွေများ ရှိနေမလားပေါ့။ မှန်ပြတင်းကနေ အပြင်ဘက်ကို စောင်းငဲ့ကြည့်မိတယ်။ ငါးမျှားချိတ်တွေ ဝဲကာလွင့်ကာ ပြေးလွှားနေကြတာကို တွေ့လိုက်ရတယ်။ ငါးမျှားချိတ်ဆိုတာ သူ့သဘာဝအရ နာကျင်မှုပေးတတ်ပေမဲ့ ကိုယ်သွားဟပ်မှ ချိတ်မိတာပါ။ မတော်တဆ ဟပ်မိခဲ့ရင်တောင် ကိုယ်တိုင်က ငါးဖြစ်တာထက် ဖားမဖြစ်ဖို့တော့ အလွန်အရေးကြီးလှပါတယ်။

(၇)
အင်း ….. ဖားလား …. ငါးလား …. ။ ။

Wednesday, May 7, 2014

ဂျာမဏီခရီးနိဒါန်း (၃)


ဂျာမဏီသို့ မထွက်ခွါမီက မန္တလေးမှ ဖောင်တော်ဦးဆရာတော်က သူ၏ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို လေ့လာဖို့ ဖိတ်သည်။ ဖောင်တော်ဦးရောက်သောအခါ ညီအစ်ကို ဆရာတော်နှစ်ပါးထံမှ များစွာ သင်ယူခွင့်ရသည်။ မြန်မာနိုင်ငံရဟန်းတော်များ၏ အနာဂတ်အလားအလာ၊ ဘုန်းကြီးကျောင်းများ၏ အရေးပါမှု၊ တိုးတက်လာမှု၊ ဆုတ်ယုတ်လာမှု၊ ရဟန်းတော်များ၏ ပညာရေးအခြေအနေ တိုးတက်မှု၊ ဆုတ်ယုတ်မှု၊ ပြုပြင်ပြောင်းလဲရေး လုပ်သင့်ပုံများကို အထူးသဖြင့် ဆွေးနွေးဖြစ်ကြသည်။ တိုက်တိုက်ဆိုင်ဆိုင် စင်္ကာပူနိုင်ငံမှ Dhamma Download အဖွဲ့က ဦးစီးသည်ဟု ထင်သည်။ မြန်မာနိုင်ငံရဟန်းတော်များ၏ ပရိယတ္တိပညာရေး ပြုပြင်ပြောင်းလဲမှု လုပ်သင့်မသင့် အကြံပြုတောင်းခံလွှာကလည်း လက်ထဲရောက်လာသည့်အချိန် ဖြစ်နေသည်။ ပညာရေးက ပြုပြင်ပြောင်းလဲမှု လုပ်သင့်သည်မှာ အကြွင်းမဲ့ လက်ခံပါသည်။ သို့ရာတွင် မည်သို့ ပြောင်းလဲကြမည်နည်းဟူသော မေးခွန်းက အဖြေရဖို့ အလှမ်းဝေးလွန်းနေသည်။ ပြောလိုသည်မှာ ပညာရေးအကြောင်း မဟုတ်ပါ။ ဂျာမဏီနိုင်ငံသားများနှင့် တွေ့ဆုံခဲ့ပုံကို ပြောလိုခြင်း ဖြစ်သည်။

ဖောင်တော်ဦးကျောင်းတွင် နိုင်ငံခြားမှ ပညာဒါနအနေဖြင့် လာရောက်သင်ကြားပေးနေသော ဆရာ၊ဆရာမများနှင့် ပညာရေးအတွက် လှူဒါန်းသူများ အမြဲမပြတ် လာရောက်လေ့ရှိကြသည်။ ဖောင်တော်ဦးဆရာတော်၏ ရိုးရှင်းသောဘဝနေထိုင်မှုနှင့်ခေတ်အမြင်ရှိမှုက အနောက်တိုင်းသားများကို ဆွဲဆောင်နေသည်ဟု ထင်သည်။ ဖောင်တော်ဦးတွင် ကားလ်ဘရုခ်ျဆိုသူ ဂျာမန်နှင့်အခြားပုဂ္ဂိုလ်များကို တွေ့ခွင့်ရပြီး စကားပြောခဲ့ရသည်။ ကားလ်ဘရုခ်ျကတော့ စကားပြောလို့ အဆင်ပြေဆုံးဟု ဆိုနိုင်သည်။ သူ့ကို ဆောင်ရန်၊ ရှောင်ရန်များ မေးကြည့်သည်။

သူက ဂျာမဏီရောက်ရင် မြန်မာနိုင်ငံမှာလို လူတိုင်းဆီက အပြုံးကို ရရန် မျှော်လင့်မထားဖို့ ပြောသည်။ ဂျာမဏီလူမျိုးများသည် အလွန်ဝေဖန်တတ်သောလူမျိုးများဖြစ်ကြောင်း၊ သူတို့ ဝေဖန်လျှင် စိတ်မဆိုးဘဲ ပြန်လည်ဝေဖန်ပြောဆိုသင့်ကြောင်း စသည်ဖြင့် များစွာ ပြောဖြစ်ခဲ့သည်။ အခု လက်တွေ့ရောက်လာသောအခါ မြန်မာလူမျိုးများကဲ့သို့ ဟက်ဟက်ပက်ပက် မရှိလှသော်လည်း မနက်ခင်း လမ်းလျှောက်သည့်အခါ တွေ့သည့်လူတိုင်းနီးပါးက ပြုံးရွှင်စွာဖြင့် Gutan Morgen! (မင်္ဂလာနံနက်ခင်းပါ)ဟု နှုတ်ဆက်လေ့ရှိကြသည်။ တစ်ခါတစ်ရံ သွားနေသောကားပေါ်မှပင် ထိုကဲ့သို့ နှုတ်ဆက်သွားလေ့ရှိကြသည်မှာ ကြည်နူးစရာ ကောင်းသည်။

Freising မြို့လေးသည် Munich မြို့ကြီးမှ ကားဖြင့် နာရီဝက်ခန့် သွားရသောခရီးမျှသာ ဖြစ်သော်လည်း မြူးနစ်မြို့၏ ဆူညံမှု၊ ရှုပ်ထွေးမှုများနှင့်ကား လုံးဝဆန့်ကျင်ဘက် ဖြစ်သည်။ ဤမြို့ကို အချို့က အိပ်နေသောမြို့(Sleeping City)ဟု ဆိုကြသည်။ ၂၄ နာရီ များသောအားဖြင့် ရှင်းလင်းတိတ်ဆိတ်နေတတ်သည်။ အစားအသောက်ပိုင်းတွင် အချို့အစားအစာများမှာ စားလို့ အဆင်ပြေသော်လည်း အချို့အစားအစာများကတော့ အတော်ကို ကွားခြားလွန်းသည်။ မြန်မာ့လျှာနှင့် မည်သို့မျှ အဆင်မပြေလှပေ။ ဂျာမဏီသို့ ရောက်လာသည်မှာ ၁ လခန့် ရှိပြီဖြစ်သော်လည်း မြန်မာပြည်သို့ သတိရဖြစ်မိသည့်စိတ်ကား မကုန်သေးပေ။ သူငယ်ချင်းတစ်ပါးနှင့်အွန်လိုင်းမှာတွေ့တော့ သူက မင့်နှယ် အသက် ၃၀ ကျော်နေပြီ လွမ်းတယ်ဆိုတဲ့စကားလုံးကို မသုံးတော့စမ်းပါနဲ့ဟု ဆိုသည်။

သူတော့ နားလည်မလည် မပြောတတ်။ တစ်ခါတစ်ရံ သစ်ရွက်လေး လွင့်နေသည်ကို ကြည့်ပြီးလည်း လွမ်း၊ မိုးရေစက်လေးတွေ တဖွဲဖွဲ ကျနေလည်း လွမ်း၊ ငှက်လေးတွေ အော်လည်း လွမ်း၊ တစ်ခါတစ်ရံ ဘာမဟုတ်သည့် လေတိုးလို့ စာရွက်လေး ဖျက်ခနဲ လွင့်သွားသည့်အခါမှာလည်း လွမ်း … ဘယ်သူ့ကို ဘာကိုလို့ အမည်တပ်မရသော လွမ်းခြင်းမျိုး ဖြစ်ပါသည်။ စာရေးဆရာတို့၏ လွမ်းနည်းမျိုးဟု ဆိုက ဆိုနိုင်မည်ဟု ထင်သည်။ တစ်နေကုန် မြန်မာစကားတစ်ခွန်းမှ မပြောရသည့်နေ့များကို စဉ်းစားကြည့်လျှင် ကိုယ်ချင်းစာနိုင်ပါလိမ့်မည်။

ပွင့်ပွင့်လင်းလင်း ဝန်ခံရလျှင် မြန်မာပြည်တွင်ရှိစဉ်က အလွန်ကို လွတ်လွတ်လပ်လပ် ရှိသည်။ သွားချင်သည့်ခရီး ထသွားသည်။ လုပ်ချင်သည့်အလုပ် ထလုပ်သည်။ တွေ့ချင်သည့်လူ ထဖုန်းဆက်သည်။ ကောက်ခေါ်သည်။ သွားတွေ့သည်။ ဖော်ရွေစွာ ပြောဆိုနိုင်မည့် သူငယ်ချင်းများ နေရာအနှံ့တွင်ရှိသည်။ အားလျှင် သွားလည်မည်။ စကားတွေ ပြောကြမည်။ ညအိပ်ချင်သည့်အခါမှသာ အိပ်နိုင်သည်။ မနက်လည်း ထချင်သည့်အချိန်မှသာ ထနိုင်သည်။ အခု ဒီရောက်သည့်အခါ အရာအားလုံးက ပြောင်းပြန်ဖြစ်ကုန်သည်။ မနက် ၅ နာရီ ထရသည်။ ဘုရားရှိခိုး၊ တရားထိုင်၊ ပြီးလျှင် အခြားလုပ်စရာရှိသည်များ လုပ်၊ ၇ နာရီခန့် အရုဏ်ဆွမ်းစား၊ ဂျာမန်စကားသင်၊ ဧည့်သည်လာလျှင် တရားဟော၊ တရားပြပေးရ၊ ဆွေးနွေးပေးရ၊ ၁ဝ နာရီ ဆွမ်းခံကြွ၊ ၁၁ နာရီခန့် နေ့ဆွမ်းစား၊ နေ့လည်မှာ ဧည့်သည်လာလျှင် တွေ့ဆုံပြောဆို၊ တရားထိုင်ပြ၊ သင်တန်းအတွက် ပြင်ဆင်၊ ညနေ လာတဲ့ဧည့်သည်များနှင့်အတူ ဘုရားရှိခိုး၊ ….. တစ်နေကုန်လိုလို အချိန်တွေက ပြည့်နေသည်။

အင်တာနက်မှာ သူငယ်ချင်းများနှင့် တွေ့ဆုံပြောဆိုတာ၊ စာရေးတာကိုတော့ အချိန်လုပြီး လုပ်ရသည်။ မြန်မာနိုင်ငံမှာ သွားချင်တာ သွား၊ စားချင်တာ စားမရဆိုတော့ ရောက်ရောက်ချင်းအနေခက်နေတာ မဆန်းလှဟုသာ ဆိုရမည်။ တစ်ဖက်ကကြည့်လျှင် ကိုယ့်ကိုကိုယ် အလိုမလိုက်ရသဖြင့် တစ်မျိုးတစ်မည် ကောင်းကျိုးများ ဖြစ်နေပြန်ပါသည်။

Freising မြို့လေးတွင် ဗုဒ္ဓဘာသာဦးရေက ၃ဝဝ ခန့်မျှသာ ရှိသည်။ အချို့က ကျောင်းကိုသာ လာပြီး လုပ်ကူကြသော်လည်း ဗုဒ္ဓဘာသာဝင်များ မဟုတ်ကြပါ။ အသစ်အဆန်းကို စမ်းကြည့်ချင်သည့်သဘောဖြင့် လာရောက်ကြခြင်း ဖြစ်သည်။ ရောက်ခါစ အပတ်က လာရောက်ခဲ့သော သြစတေးလျသူပင်လျှင် အခုအခါ ဗုဒ္ဓဘာသာကို အတော်စိတ်ဝင်စားလာသည်ကို တွေ့ရသည်။ တွေ့ခါစက ၁၅ မိနစ်တောင် ထိုင်ဖို့ခက်ခဲနေသူက ယခုအခါ မိနစ် ၄ဝ ထိုင်နိုင်လာပြီ။ ထိုင်သည့်အခါတွင်လည်း အခြားသူများလို ခေါင်းအုံး(အလွယ်ခေါ်လိုက်သည်။ ဂွမ်းများထည့်ထားသည့် ထိုင်စရာ)ကို ဖင်ခုမထိုင်တော့ဘဲ စာရေးသူထိုင်သလို ထိုင်တတ်လာသည်။ သို့သော် အခုအချိန်ထိ ခရစ်ယာန်တစ်ဦးပင် ဖြစ်ပါသည်။ ခရစ်ယာန်ပဲဖြစ်ဖြစ် မည်သည့်ဘာသာဝင်ပဲဖြစ်ဖြစ် မြတ်ဗုဒ္ဓ၏တရားတော်၏ အကျိုးပေးမှုကား တစ်တန်းတစ်စားတည်းပင် မဟုတ်ပါလား။

သူနှင့်အတူပါလာသော ဂျာမန်သူတစ်ဦးဆိုလျှင် သူ့အသက် ၁၈ နှစ်ကတည်းက တိဗက်ဗုဒ္ဓဘာသာကို စိတ်ဝင်စားခဲ့သည်။ စာအုပ်များ ဖတ်သည်။ မန္တာန်များ ရွတ်ဖတ်သည်။ တရားထိုင်သည်။ သို့ရာတွင် ဆရာမရှိသဖြင့် မထိရောက်ခဲ့၊ မထိရောက်သဖြင့် တစ်နှစ်ခန့်ကြာသောအခါ မေ့ပျောက်သွားခဲ့သည်ဟု ဆိုသည်။ အခုအခါမှာတော့ သူ့အသက်က ၂၂ နှစ်ရှိပြီ။ ပြောလိုသည်မှာ သူ တရားထိုင်သည်မှာ ၃ ကြိမ်ခန့်ပင် ရှိသေးသော်လည်း ထူးခြားမှုများ ဖြစ်ပေါ်ခဲ့သည်။ သူက တရားထိုင်ပြီး ၅ မိနစ်ခန့်ရှိသည်နှင့် ပြင်ပအာရုံများ(ကားသံ၊ လူသံ စသည်)ကို လုံးဝမကြားတော့ဘူးဟု ဆိုသည်။ ထိုအချိန်တွင် စာရေးသူက ဘုရားလောင်း တရားထိုင်စဉ်က လှည်းအစီး ၅ဝဝ ဘေးက ဖြတ်သွားတာတောင် မသိလိုက်သည့်ဇာတ်လမ်းကို ပြောပြသည်။ သူ အလွန်ဝမ်းသာသွားသည်။ ထို့အပြင် ဘာထူးခြားတာတွေ ရှိသေးလဲဟု မေးသည့်အခါ အဖြူလှိုင်းများ ပြေးလွှားနေသည်ကို မြင်ရသည်ဟု ဆိုသည်။ အလင်းနိမိတ်များအကြောင်းကို ရှင်းပြပေးလိုက်ရာ အတော်လေး ကျေနပ်သွားသည်ကို တွေ့ရသည်။

တရားထိုင်ပြီး ပြန်မည်ပြုသောအခါ ညစာ ဘယ်အချိန်စားသလဲ၊ ငါ လာကျွေးပါရစေဟု ဆိုသဖြင့် ညစာ မစားရကြောင်း ပြောပြရှင်းပြလိုက်သည့်အခါ အတော်အံ့သြသည့်အမူအရာ ဖြစ်သွားသည်ကို တွေ့ရသည်။
ယခုအခါ ဂျာမန်စကားလည်း အနည်းငယ် ပြောတတ်လာ၊ သိလာသည်။ သို့ရာတွင် အလွန်ခက်သည့်ဘာသာစကားများတွင် တစ်ခုအပါအဝင်ဖြစ်သည့်အတွက် ခေါင်းတော့ အတော်ရှုပ်သည်။ မှတ်ရတာ အတော်များသည်။ အချို့ဝေါဟာရများက အင်္ဂလိပ်ဘာသာစကားနှင့် ဆင်တူသည်။ တစ်ခါတစ်ရံ ဆင်တူတာ ကောင်းသော်လည်း ဂျာမန်နှင့်အင်္ဂလိပ်ဆင်တူလျှင် အချို့နေ့တွင် ပိုခက်သွားတတ်သည်။ အင်္ဂလိပ် W ဆိုလျှင် ဂျာမန်က ဘ(ဗ)သံ၊ S ဆိုလျှင် ဇ သံ၊ V ဆိုလျှင် ဖ သံ … စသည်ဖြင့် ကွဲလွဲသွားတတ်သဖြင့် အသံထွက်ကလည်း မကြာခဏ မှားနေတတ်သည်။ ယခင်က အင်္ဂလိပ်စကားကို ရှူ၊ ယှက် စသည် များစွာပါသော စကားဖြစ်သည်ဟု ဆိုခဲ့ရာ ဂျာမန်စကားက ရှူ၊ ယှက်သံများ ပိုမိုများသည်ဟု ထင်သည်။

မြန်မာနိုင်ငံမှာ ရှိစဉ်က နောင်တော်ကြီး ဦးတေဇောဘာသ(မြတ်ရောင်နီ)က မှာလိုက်သေးသည်။ အမြဲတမ်း ပြုံးနေတတ်အောင် ကြိုးစားပါဟူ၏။ နောင်ကြီး ဓမ္မဂင်္ဂါကလည်း ရှင်ကု ရုပ်က တည်လွန်းတယ်ဟု မှတ်ချက်ပေးဖူး၏။ သို့အတွက်ကြောင့် တတ်နိုင်သမျှ ပြုံးနေတတ်အောင် ကြိုးစား၏။ သို့ရာတွင် လူတိုင်းမှာ ကိုယ်ပိုင်ဟန်များ အသီးသီး ရှိတတ်ကြသည်ဟု သဘောပိုက်ထားသဖြင့် အလွန်အပင်ပန်းခံပြီး ပြုံးဖို့ကား အတော်ခက်နေပါလိမ့်မည်။ ဘာပဲဖြစ်ဖြစ် ဒီက ဆက်စပ်သူအားလုံးကတော့ ချစ်ခင်ကြသည်၊ ဖေးမကူညီကြသည်။ အိမ်နီးနားချင်းအတော်များများနှင့်လည်း စကားပြောဖြစ်ပြီး ခင်မင်မှုများ တိုးလာသည်။

နေရာတိုင်းတွင် အခက်အခဲများ၊ အကြပ်အတည်းများနှင့် စိတ်ညစ်စရာများ ရှိတတ်သည်ဖြစ်ရာ ယင်းတို့ကို အထူးတလည် စာဖွဲ့မနေတော့ဘဲ အကောင်းမြင်စရာများနှင့် ဖာထေးနိုင်အောင် ကြိုးစားရပေလိမ့်မည်။

Sunday, May 4, 2014

အညတြ ခရီးသည် (နိဂုံး)





(၁၄)
ထင်းရှူးအသီး( အသီးဟု ထင်သည်၊ အထွတ်အထွတ်လေးတွေနဲ့ ခပ်ပွပွအသီး)များက နေရာအနှံ့ပြန့်ကျဲနေသည်။ လမ်းလျှောက်လိုက်တိုင်း ထင်းရှူးသီးများကို ရှောင်လို့မရ။ မြေသားစစ်စစ်ကို သိပ်မတွေ့ရ။ ထင်းရှူးသီးများ၊ အရွက်များဖြင့် နူးညံ့နေသောမြေပြင်ပေါ်တွင်သာ လျှောက်လှမ်းနေရသည်။

ကျောင်းဝန်းအတွင်း လှည့်လည်လမ်းလျှောက်နေရင်း ဂျာမန်ရဟန်းတော်က တပည့်တော် အမှားပါရင် ခွင့်လွှတ်ပါ။ အရှင်ဘုရား သဘောမတူတာရှိရင် ဆွမ်းခံသွားရင်း ပြောကြမယ်။ ဒီနေ့ ဆွမ်းခံရွာက တစ်နာရီကျော်လောက် လှမ်းလျှောက်ရမယ်။ အသွားအပြန်ဆိုရင် ၃ နာရီလောက်ကြာမယ်။ အခုတော့ အရှင်ဘုရား ကျောင်းလေးမှာ ခဏသွားနားလိုက်ပါဦး။ ၉ နာရီထိုးရင် ကျောင်းဆောင်ကြီးမှာ တွေ့ကြမယ်ဟု ပြောပြီး လူစုခွဲလိုက်သည်။ တိတ်ဆိတ်နေသောတစ်ပါးကျောင်းလေးတွင် တရားထိုင်ဖို့ အာရုံစိုက်ကြည့်သည်။ မရ။ ဘယ်လိုမှ အာရုံစုစည်းလို့ မရ။

အကြောင်းရှာကြည့်သောအခါ စာရေးချင်သောအတွေးက များနေသည်။ ကိုယ်တွေးမိသောအရာများကို အခြားသူများနှင့် မျှဝေချင်နေသည်။ သို့ရာတွင် ကွန်ပြူတာမပါခဲ့။ ဖုန်းလိုင်းများကိုတောင် ဖြတ်ထားသည်။ မှတ်စုစာအုပ်လေးထဲ ကောက်ခြစ်နေခဲ့သည်။ အာရုံအထူးစူးစိုက်နေစရာမလိုသော အရွတ်အဖတ်ကိစ္စကို လုပ်လိုက်သည်။ ထင်းရှူးပင်များ ထိပ်ကို တိုးတိုက်သွားသော လေက တဝေါဝေါအသံကို ပေးလျှက်ရှိသည်။

၉ နာရီ ထိုးခါနီးတော့ အဓိကကျောင်းဆောင်ကို သပိတ်လွယ်ပြီး ထွက်လာခဲ့သည်။ အထဲက ဆွယ်တာက ၂ ထပ်ဖြစ်နေသဖြင့် သင်္ကန်းရုံရတာ မသေမသပ် ဖြစ်နေသည်။ မြန်မာနိုင်ငံတွင် သပိတ်ကို ညာဖက်ပုခုံးတွင် လွယ်သည်။ သူကတော့ ဘယ်ဖက်ပုခုံးပေါ်ကနေ စလွယ်သိုင်းပြီး လွယ်သည်။ တပည့်တော် အဲ့ဒီလို မလွယ်တတ်ဘူးဆိုတော့ ကြိုက်သလို လွယ်ပါ။ ရွာကို ရောက်ရင် တပည့်တော်လည်း အရှင်ဘုရားလို လွယ်မှာပါဟုဆိုသဖြင့် မြန်မာလိုပဲ လွယ်လိုက်သည်။

လမ်းတစ်လျှောက်လုံးက ထင်းရှူးတောကြီးဖြစ်သည်။ ဒီတောထဲမှာ ယုန်တွေ၊ သမင်တွေ အများကြီး ရှိတယ်။ ဒါပေမဲ့ သူတို့က လူသံကြားရင် ရှောင်နေတတ်တော့ တွေ့တော့ တွေ့ခဲတယ်ဟု ဆိုသည်။ သို့သော် တစ်နေရာတွင် ယုန်လေး ၃ ကောင် မြက်စားနေတာကို လှမ်းတွေ့လိုက်သည်။ ၂ ကောင်က အမြန်ပြေးသည်။ ၁ ကောင်ကတော့ ခေါင်းထောင်ပြီး ကြည့်နေသည်။ ကင်မရာကို အမြန်ထုတ်ပြီး ရိုက်လိုက်နိုင်ခဲ့သည်။

(၁၅)
ရာသီဥတုက အေးလို့လား မသိ။ လမ်းလျှောက်ရသည်မှာ အရသာရှိလှသည်။ မြက်ခင်းပြင်ပေါ်ဖြတ်လိုက်၊ တောလမ်းလေးတွေပေါ်ရောက်လိုက် သွားနေရသည်။ မြက်ခင်းပြင်ဟုဆိုသော်လည်း ပန်းတွေ တဝင်းဝင်းပွင့်နေတာ များသည်။ အရှင်ဘုရား ဒီပန်းပင်လေးတွေက တမင်စိုက်ထားတာလားဟု မေးသည့်အခါ ဂျာမန်ရဟန်းတော်က ရယ်သည်။ သဘာဝပေါက်နေတဲ့အပင်တွေဟု ဆိုသည်။ အော် … တို့နိုင်ငံမှာတော့ သဘာဝပေါက်တာဆိုလို့ မြက်နဲ့ဆူးတွေပဲ ရှိတယ်။ သူတို့ဆီမှာတော့ ပန်းတွေက အလေ့ကျပေါက်သတဲ့၊ ကောင်းလိုက်တာဟု စိတ်ထဲမှ ရေရွတ်မိသည်။
ဤသို့လျှောက်လာကြရင်း ရွာလေးကို အဝေးမှ လှမ်းမြင်နေရသည်။ ရွာကိုဝင်သည့် လမ်းမပေါ် ရောက်လာသည်။

ရွာအဝင်ကတ္တရာလမ်းက မြန်မာနိုင်ငံက ပြည်လမ်းမလောက်တော့ ညက်ညောသည်။ ရွာထဲတွင်လည်း လမ်းတွေက အလွန်ညက်ညောလှသည်။ အိမ်တိုင်းအိမ်တိုင်းတွင် ကားများ၊ အလှစိုက်ပန်းအိုးများကို တွေ့နေရသည်။ အရှင်ဘုရား ဒီရွာမှာ ဗုဒ္ဓဘာသာ ဘယ်နှအိမ်ရှိလဲဟု ဂျာမန်ရဟန်းတော်ကို မေးမိသည်။ သူက ပြုံးရယ်ပြီး တစ်အိမ်မှ မရှိဘူးဟု ဖြေသည်။ အံ့သြသွားသည်။ ထူးဆန်းတာတွေချည်း ကြုံနေရသည်။

အိမ် ၄ အိမ်သို့ ကြွရသည်။ သူတို့က ခင်မင်မှုနဲ့ လှူကြတာ၊ ဗုဒ္ဓဘာသာကို သိလို့ရယ် မဟုတ်ဘူး၊ အလှူလုပ်တာကောင်းတယ်ဆိုတာကတော့ သူတို့ ဘာသာမှာလည်း ရှိတာပဲ မဟုတ်လား။ တပည့်တော်တို့က အခုလို ရိုးရိုးရှင်းရှင်းနဲ့ ဘယ်သူ့ကိုမှ ဒုက္ခမပေးဘဲ တောထဲမှာ နေပြီး အေးအေးချမ်းချမ်း နေနေတာ၊ တရားအားထုတ်နည်းတွေ ပြောပြတာကို သူတို့က သဘောကျတယ်။ အားပေးတယ်။ စသည်ဖြင့် သူက ရှင်းပြနေသည်။

စာရေးသူက တောရွာက လူများကို လေ့လာနေမိသည်။ မြို့မှာတွေ့ရသောသူများထက် ပိုမိုရိုးသားသည်ဟု ထင်မိသည်။ ဒူးခေါင်းတွေ၊ လက်တွေ၊ အဝတ်တွေမှာ မြေကြီးအနည်းငယ် ပေကျံနေသည်။ ပုဆိန်၊ ဓား စသည့် တောပစ္စည်းများ ကိုင်ဆောင်ထားသော လူဖြူတောသားကို အခုမှ တွေ့ဖူးခြင်း ဖြစ်သဖြင့် အနည်းငယ် ထူးဆန်းသည်။ နောက်ပြီး တစ်ဦး(ဓာတ်ပုံထဲက ဆွမ်းလောင်းနေသူ)ကဆိုလျှင် အင်္ဂလိပ်လူမျိုးတစ်ဦးဖြစ်သည်။ ဂျာမန်သူနှင့်လက်ထပ်ပြီး တောမှာ ယာလုပ်နေခြင်း ဖြစ်သည်။ စိတ္တဇဆန်ဆန်နိုင်ငံခြားကားများ ကြည့်ဖူးသဖြင့် ပုဆိန်ကြီးကိုင်ထားသော အင်္ဂလိပ်တောသားကိုကြည့်ပြီး စိတ်ထဲ တစ်မျိုးဖြစ်လိုက်သေးသည်။

ဂျာမန်ရဟန်းတော်က မိတ်ဆက်ပေးသဖြင့် စာရေးသူကို အခုမှ ဥရောပရောက်လာသူဟု ဆိုကာ သူတို့ အိမ် အတွင်းပိုင်းများကို ဗဟုသုတအဖြစ် လိုက်ပြပေးသည်။ အပူပေးစက်များ၊ အခြားလူမှုအသုံးအဆောင်များ၊ သန့်ရှင်းသပ်ရပ်မှုများကတော့ ချီးကျူးစရာ ကောင်းလှသည်ကို တွေ့ခဲ့ရသည်။

သွားခဲ့သမျှ အိမ် ၄ အိမ်ကရော၊ အခြားလမ်းတွေ့သူများကပါ ပြုံးရွှင်ဖော်ရွေစွာ နှုတ်ဆက်ကြသည်ကို တွေ့ရသည်။ အခြားလမ်းမှနေ၍ ပြန်လာခဲ့ကြသည်။ တောထဲတွင် လင့်စင်အချို့ကိုလည်း ကြိုကြားကြိုကြား တွေ့ရသည်။ သမင်၊ ယုန် စသည့်သတ္တဝါလေးကို ပစ်ဖို့ တည်ဆောက်ထားခြင်း ဖြစ်သည်။ လိုင်စင်ရှိသူများ ပစ်နိုင်သည်ဟု ဆိုသဖြင့် စိတ်မကောင်းဖြစ်မိသေးသည်။ သီရိလင်္ကာနိုင်ငံမှာလို အားလုံး ဘေးမဲ့ပေးထားလျှင် ဘယ်လောက်ကောင်းမလဲဟု တွေးမိသည်။

(၁၆)
၁၁ နာရီကျော်လောက်ရှိသောအခါ ကျောင်းသို့ ပြန်ရောက်သည်။ ဘုရားရှိခိုးကြသည်။ ငယ်သူက ကြီးသူကို ရှိခိုးကြသည်။ ဆွမ်းခံရာမှ ရရှိလာသော ပေါင်မုန့်များ၊ အချိုရည်ဗူးများ၊ သစ်သီးများကို ဆွမ်းကျောင်းထဲ ပို့လိုက်သည်။ ကဲ အရှင်ဘုရား ဘယ်လို သဘောရလဲ၊ ဆွမ်းခံကြွတာကိုလေ၊ မောသွားပြီလားဟု မေးသည်။ မမောပါဘူးဘုရား၊ လမ်းလျှောက်ရတာ ကောင်းပါတယ်။ တပည့်တော်အတွက် အတွေ့အကြုံသစ်ဆိုတော့ စိတ်ထဲလည်း တစ်မျိုးခံစားရပါတယ်ဟု ပြန်ဖြေမိသည်။

လုပ်ပါဦး၊ အရှင်ဘုရား ခံစားချက်ကို ..ဟု ဆိုသောအခါ ဒီလိုပါဘုရား … အခု အရှင်ဘုရားတို့ဟာ ဗုဒ္ဓဘာသာဝင်မဟုတ်သူတွေ လှူဒါန်းတဲ့ ဆွမ်းအစရှိတာနဲ့ ရပ်တည်နေကြတာဆိုတော့ တပည့်တော် ဘုရားရှင်လက်ထက်ကအကြောင်းတွေကို သတိရမိလို့ပါ။ ဘုရားရှင်လက်ထက်မှာလည်း ဗုဒ္ဓဘာသာမဟုတ်သူတွေရဲ့ဆွမ်းနဲ့ ရပ်တည်ရတဲ့၊ ဗုဒ္ဓဘာသာမဟုတ်သူတွေရဲ့အိမ်မှာ ဆွမ်းခံရတဲ့အဖြစ်အပျက်ဇာတ်လမ်းတွေ အများကြီး မဟုတ်လား။ တချို့ဇာတ်လမ်းတွေမှာ ၁၂ နှစ်လုံးလုံး အိမ်ရှေ့မှာ ဆွမ်းသွားရပ်တာ ဘာဆွမ်းမှ မလောင်းဘူး။ ၁၂ နှစ်ပြည့်မှ ကန်တော့ဆွမ်းပါဆိုတဲ့ စကားလေးတစ်ခွန်းကို ပြန်ပြောဖော်ရသတဲ့။ ဒါတွေကို တပည့်တော် ပြန်သတိရတဲ့အတွက် စိတ်ထဲမှာ ဝမ်းသာမိပါတယ်။ လုပ်ဆောင်နိုင်မယ်ဆိုရင် ကမ္ဘာမှာ ဗုဒ္ဓတရားတော်တွေကို လူတွေ သိမြင်ခွင့်ရဖို့အတွက် ကျောင်းမှာ တရားကျင့်ပြီး ရောက်တဲ့နေရာမှာ ဆွမ်းခံနေရုံနဲ့ ဖြစ်နိုင်တယ်ဆိုတဲ့ အသိအမြင်ကတော့ တပည့်တော်ဘဝအတွက် တန်ဖိုးမဖြတ်နိုင်လောက်အောင်ပါပဲဘုရားဟု ပြန်ပြောခဲ့သည်။

ဂျာမန်ရဟန်းတော်က ဆက်ပြောသည်။ ဟုတ်တယ်။ အခု ဒီကျောင်းမှာ လာရောက်ကူညီသူတွေ၊ တရားလာထိုင်သူတွေကလည်း ခရစ်ယာန်တွေပဲ။ အချို့တရားထိုင်တာ တော်တော်အရသာ တွေ့နေကြပြီ။ တပည့်တော်တို့က မင်းတို့ ဗုဒ္ဓဘာသာပြောင်းပါလို့ လုံးဝ မပြောဘူး။ အချို့လည်း ဒီအတိုင်း နေတယ်။
အချို့တော့လည်း သူတို့ ဗုဒ္ဓဘာသာပြောင်းချင်ကြောင်း လာပြောကြတယ်။ မင်း ဗုဒ္ဓဘာသာပြောင်းချင်တာ ငါနဲ့ ဘာမှ မဆိုင်ဘူး။ မင်း စိတ်နဲ့မင်းပဲ ဆိုင်တယ်။ မင်း ဗုဒ္ဓဘာသာဖြစ်ခြင်း၊ မဖြစ်ခြင်းကို ငါ ဘယ်လိုလုပ် ဆုံးဖြတ်ပေးနိုင်မှာလဲ။ (Converting is nothing to do with me. You are the only one who knows your mind really. How can I jugde you are Buddhist or not?)

မင်းစိတ်က ဘုရား၊ တရား၊ သံဃာအပေါ်မှာ ယုံကြည်စိတ်ရှိသွားပြီဆိုရင် မင်းဟာ ဗုဒ္ဓဘာသာတောင် ဖြစ်စရာ မလိုတော့ဘူး။ မင်း ဗုဒ္ဓဘာသာဖြစ်လို့ ဘုရားက ပျော်နေမယ်၊ ငါတို့က ဝမ်းသာနေမယ်ထင်လား။ မင်း အမြင်မှန်သွားတဲ့အတွက်ပဲ ငါတို့ ဝမ်းသာတယ်။ မင်း ဗုဒ္ဓဘာသာဖြစ်လာပြီဆိုတာနဲ့တော့ ငါ နည်းနည်းမှ စိတ်မလှုပ်ရှားဘူး၊ ငါတို့တွေဟာ လူတစ်ယောက်ဗုဒ္ဓဘာသာဖြစ်လာရုံနဲ့တော့ ဝမ်းမသာနိုင်ဘူး။ လူတစ်ယောက် အသိအမြင်ရသွားပြီဆိုရင်တော့ တကယ့်ကို ဝမ်းသာပါတယ်။

တကယ်တော့ ငါတို့ဟာ Convert ဆိုတဲ့ စကားလုံးကို သုံးကို မသုံးချင်တာ၊ Realization ဆိုတဲ့စကားလုံးကိုပဲ သုံးချင်တာလို့ သူတို့ကို ပြောလိုက်တယ် … စသည်ဖြင့် အားတက်သရော ပြောနေခဲ့သည်။

(၁၇)
ဒါနဲ့ နေပါဦး၊ အရှင်ဘုရားက တပည့်တော်ကိုပဲ မေးခွန်းတွေ မေးနေတယ်၊ အရှင်ဘုရားမှာကော ဘာအနာဂတ်အစီအစဉ်တွေ ရှိလဲဟု ခပ်ပြုံးပြုံးဖြင့် မေးလေသည်။ အရှင်ဘုရားက အနာဂတ်အကြောင်း၊ ဘုရားယုံခြင်းအကြောင်းတွေကို အကျယ်ချဲ့ပြောသွားကတည်းက အရှင်ဘုရား ပြောတာတွေကို သဘောကျပြီး ကိုယ့်အနေအထားကို တော်တော်လေး ပြန်သုံးသပ်မိတယ်။ အချိန်မရွေး သေနိုင်တာကို သိပေမဲ့ ရည်မှန်းချက်တစ်ခုရှိတယ်။ အခု တပည့်တော်တို့နိုင်ငံက ပညာရေးက ပြုပြင်ပြောင်းလဲဖို့ အတော်လိုအပ်နေတယ်။ လူပညာရေးတော့ လူတွေအပိုင်းပေါ့။ ဘုန်းကြီးပညာရေးကို ပြင်စေချင်တယ်။ သူများကို ပြင်လို့ မရရင် ကိုယ်ပိုင်တက္ကသိုလ်တစ်ခုလောက် တည်ထောင်ပြီး စံပြပညာရေးစနစ်တစ်ခုကို အသက်သွင်းချင်တယ်။

အရှင်ဘုရားနဲ့ စကားမပြောခင်တုန်းကတော့ ဒါတွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့အတွက် လူတွေကို ဘယ်လို၊ ဘုန်းကြီးတွေကို ဘယ်လို စည်းရုံးမယ် စသဖြင့် တပည့်တော် စီမံကိန်းတွေ ဆွဲဖို့ စိတ်ကူးထားခဲ့တယ်။ အခုတော့ ဒီစီမံကိန်းတွေကို ဘုရားကိုပဲ လွှဲအပ်လိုက်တော့မလားလို့ စဉ်းစားနေတယ်။ ဘယ်လိုနည်းနဲ့ အပ်မှာလဲဆိုတော့ တပည့်တော်က ရဟန်းတစ်ပါးအနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေကိုပဲ လုပ်မယ်။ ကျန်တာတွေတော့ ဘုရားက လုပ်ပေးလိမ့်မယ်ပေါ့။ ဒါက တင်စားပြီး ပြောတယ်လို့လည်း ဆိုနိုင်ပါတယ်။ ဘုရားက တန်ခိုးရှင်လို လုပ်ပေးမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး … စသဖြင့် ဆွေးနွေးဖြစ်ခဲ့သည်။

(၁၈)
မှန်ကန်စွာ၊ ရိုးသားစွာ၊ တက်ကြွစွာ၊ တည်ငြိမ်စွာ၊ ယုံကြည်စွာ လုပ်ဆောင်နေမည်ဆိုလျှင် ကိုယ်သွားရာလမ်းဟာ အေးချမ်းသော၊ နေပျော်သော၊ ကျေနပ်ဖွယ်ဖြစ်သော နေရာတစ်ခုဆီ မလွဲမသွေ ရောက်ရှိနိုင်မှာ သေချာနေသည်ဟု ယုံကြည်ချက်အခိုင်အမာ ဖွဲ့တည်နေမိခဲ့သည်။ အမြတ်ထုတ်ခြင်း၊ ကျော်ကြားမှု၊ အောင်မြင်မှုအတွက် လှည့်ပတ်ခြင်း၊ ကောက်ကျစ်ခြင်း၊ လှည့်စားခြင်း၊ မိမိအောင်မြင်မှုအတွက် အူယားဖားယား ဆောင်ရွက်ခြင်း၊ မရိုးမသားနည်းများဖြင့် ဆောင်ရွက်ခြင်း စသည်စသည်တို့ကို လုပ်ဆောင်နေသူများသည် ဗုဒ္ဓသားတော်မပြောနှင့် ဗုဒ္ဓဘာသာအစစ်ပင် မဟုတ်နိုင်တော့ပါလားဆိုသည်ကိုလည်း ကွက်ကွက်ကွင်းကွင်း မြင်လာနေမိခဲ့သည်။

ခရီးသွားသဖြင့် ရရှိလာသောအသိအမြင်များတွင် လွတ်မြောက်ပြီးသော နှလုံးသား(Liberated Heart)ဟု အဓိပ္ပာယ်ရသော မုတ္တောဒါယ(Muttodaya)တောကျောင်းသို့ သွားရောက်ရခြင်းကြောင့် ရရှိလာခဲ့သည့် အသိအမြင်များက တစ်မျိုးတစ်ဖုံ အံ့သြစေခဲ့ပါသည်။ ဘဝအသိအမြင်များကို တလင်းလင်းတလက်လက် ဖြစ်စေခဲ့ပါသည်။ လွတ်မြောက်ပြီးသော နှလုံးသားရှိရာသို့ကား ရောက်ပြီးခဲ့ပြီဖြစ်သော်လည်း ကိုယ့်နှလုံးသားကတော့ လွတ်မြောက်ဖို့ အချိန်နာရီများ ဘယ်မျှလောက် ယူရဦးမည်မသိပါတကား။

မှန်ကန်စွာ၊ ရိုးသားစွာ၊ တက်ကြွစွာ၊ တည်ငြိမ်စွာ၊ ယုံကြည်စွာဖြင့် ဘဝတစ်လျှောက်လုံး လျှောက်လှမ်းနိုင်ဖို့အတွက်တော့ အားအင်တွေက ပြည့်ပြည့်လာသည်ဟု ခံစားမိသည်။

(၁၉)
စာရေးသူ၏ အတွေ့အကြုံအပေါ် အခြေခံ၍ ခံစား၍ ရသမျှလေးများကို မှတ်တမ်းပြုထားခြင်း ဖြစ်ပါသည်။ အချို့သုံးသပ်ချက်များမှာ သိလွန်းတတ်လွန်း၍ သုံးသပ်ထားခြင်း မဟုတ်ပါ။ မြင်လိုက်သောမြင်ကွင်းအပေါ်မှာ ခံစားလိုက်ရသော လျှပ်တပြက်အတွေးစလေးများကို ရေးခြစ်မိခြင်းဖြစ်သည်ဟုသာ ဆိုချင်ပါသည်။ အခြားစိတ်ဝင်စားဖွယ်ရာ ဆွေးနွေးချက်များလည်း ရှိနေပါသေးသည်။ သို့ရာတွင် နောက်ပိုင်းမှ ခေါင်းစဉ်သီးသန့်ဖြင့် တင်ပြဖို့ စိတ်ကူးထားပါသည်။

(၂ဝ)
အပြန်ခရီးတွင် ရထားတံခါးကိုလည်း ကိုယ်တိုင် ဖွင့်တတ်သွားပြီ။ အသွားတုန်းကလို ဟိုလိုက်မှတ်၊ ဒီလိုက်ကြည့် သိပ်လုပ်စရာ မလိုတော့။ အတွေ့အကြုံက လူကို တည်ငြိမ်စေသည်။ မုတ္တောဒါယတွင် အားလုံးကို ကျေးဇူးတင်ကြောင်း ပြောခဲ့သည်။ အခု စာဖတ်ပရိသတ်များကိုလည်း ကျေးဇူးတင်ပါသည်။

မုတ္တောဒါယ(Liberated Heart) လွတ်မြောက်ပြီးသော နှလုံးသားပိုင်ရှင်များ ဖြစ်နိုင်ကြပါစေ။

မေတ္တာဖြင့်
အရှင်ကုသလသာမိ(အတည်မဲ့)

Friday, May 2, 2014

အညတြ ခရီးသည် (၃)





(၉)
ည ၉ နာရီခန့်တွင် ကျောင်းဝင်းထဲ လျှောက်ကြည့်သည်။ Youtube ထဲမှ ဗွီဒီယိုကလစ်လေးထဲတွင် တွေ့ဖူးထားသော ဆင်းတုတော်လေးကို ဖူးရသည်။ ကျောင်းဝင်းအနှံ့တွင် အဖြူ၊ အဝါ၊ အနီ၊ ခရမ်းရောင် ပန်းများ ပွင့်လန်းနေကြသည်။ သဘာဝပန်းဥယျာဉ်တစ်ခုလို သာယာလှသည်။

စာကြည့်တိုက်၊ ဘုရားခန်းများကိုလည်း လှည့်ကြည့်သည်။ စာကြည့်တိုက်တွင် တို့နိုင်ငံက ဆရာတော်ကြီးများ ရေးထားသောစာအုပ်များ တွေ့မလား လိုက်ကြည့်မိသည်။ ဆရာကြီးဦးဘခင် တရားထိုင်နည်းစာအုပ်တစ်အုပ်သာ တွေ့မိသည်။

ထိုင်းနိုင်ငံဆရာတော်များ ရေးထားသော ဘာသာပြန်စာအုပ်များသာ အများဆုံး တွေ့ရသည်။
အနောက်တိုင်းသားများ ရေးထားသော ဓမ္မစာအုပ်များမှာလည်း များသောအားဖြင့် ထိုင်းနိုင်ငံ ရဟန်းတော်များဖြစ်သော အာဂျန်ချား စသော ရဟန်းတော်များ၏ တပည့်များ ရေးထားသောစာအုပ်များသာ ဖြစ်လေသည်။ အနောက်တိုင်းတွင် တည်ထောင်ထားသော ထိုင်းတောရဂိုဏ်းအဆက်အနွယ်ကျောင်းများစာရင်းကိုလည်း ကြည့်မိသည်။ အားကျစရာကောင်းလိုက်ပါဘိ။

အဓိကအဆောင်ရှေ့တွင် ဘူတာကို လာကြိုသည့် ရဟန်းတော်ကို တွေ့ရသည်။ စောစောက သူလာသေးကြောင်း၊ (ပဋ္ဌာန်း)ရွတ်ဖတ်နေသံကြားလို့ ပြန်သွားခဲ့ကြောင်း၊ ချောကလက်နှင့်ပျားရည် လာပေးခြင်းဖြစ်ကြောင်း ပြောပြပြီး မနက် ၆ နာရီ စုပေါင်းဘုရားရှိခိုး၊ တရားထိုင်မည်ဖြစ်ကြောင်း၊ ၇ နာရီတွင် မနက်စာစားမည်ဖြစ်ကြောင်း ပြောကာ နှုတ်ဆက်ထွက်ခွါသွားသည်။

(၁ဝ)
မနက် ၅ နာရီကတည်းက နိုးနေသည်။ ကျောင်းက ယူလာခဲ့သော သပိတ်၊ သောက်ရေခွက်၊ ဇွန်း၊ နိသီဒိုင်၊ လက်သုပ်ပဝါ စသည်တို့ကို ပြင်ပြီး အဓိကအဆောင်သို့ ထွက်လာခဲ့သည်။ အကြီးဆုံးရဟန်းတော်ကို ဘုရားခန်းတွင် တွေ့ရသည်။ သူက ၂၅ ဝါရှိပြီဟု ဆိုသဖြင့် ရိုသေစွာ ဝတ်ပြုလိုက်သည်။ စာရေးသူဟာ ဂျာမနီရောက်တာ မကြာသေးကြောင်း၊ ယဉ်ကျေးမှု၊ အစားအသောက် အစစအရာရာ အသစ်ဖြစ်နေကြောင်း၊ မြန်မာနှင့် ကွဲပြားကြောင်း၊ အခု တောရကျောင်းကို လာလိုက်ရသည့်အခါ ပိုပြီး အသစ်ဖြစ်နေသည်ဟု ခံစားရကြောင်း၊ အဘယ့်ကြောင့်ဆိုသော် အာရှစံတန်ဖိုးများကို ကျင့်သုံးနေသော အနောက်တိုင်းသားနေထိုင်သည့် တောရကျောင်းဖြစ်နေသောကြောင့် ဖြစ်ကြောင်း၊ အမြင်မတော်သည်များ ပြုလုပ်မိပါက ညီငယ်တစ်ယောက်လို ဆုံးမပြောဆိုနိုင်ပါကြောင်း လျှောက်လိုက်သည်။

သူတွေ့ဖူးသော မြန်မာကိုယ်တော်များတွင် စာရေးသူက ထူးခြားကြောင်း၊ စာရေးသူပြောသော အင်္ဂလိပ်စကားမှာလည်း နားလည်လွယ်ကြောင်း၊ တက်ကြွပွင့်လင်းသည့်ပြောကြားချက်ကြောင့် သူလည်း ဝမ်းသာပါကြောင်း (အနောက်တိုင်းသားတွေ ထုံးစံအတိုင်း စာရေးသူ ဝမ်းသာအောင်) ပြောပြလေသည်။

(၁၁)
သူတို့သည် တစ်နေ့တစ်နေ့ကို ဘုရားကို အလွန်ရှိခိုးကြသည်။ မနက်မိုးလင်းသည်နှင့် ဘုရားကို ရှိခိုးသည်။ ပြီးလျှင် သူတို့ကို ရဟန်းပြုပေးသော၊ တရားပြပေးသော ထိုင်းရဟန်းတော်များပုံကို ရှိခိုးသည်။ ပြီးလျှင် ငယ်သည့်ကိုယ်တော်က ကြီးသည့်ကိုယ်တော်ကို တွေ့တိုင်း ရှိခိုးသည်။ လမ်းတွင် ရှိခိုးသည်တော့ မဟုတ်ပါ။ မနက်ဘုရားရှိခိုးချိန်တွင်၊ နံနက်စာ မစားမီအချိန်၊ နံနက်စာစားပြီးအချိန်၊ ဆွမ်းခံမသွားမီ၊ ပြန်လာလျှင်၊ နေ့ဆွမ်းစားလျှင် မစားမီ၊ စားပြီး၊ ညနေ ဘုရားဝတ်ပြုလျှင် မပြုမီ၊ ပြုပြီး အငယ်ရဟန်းတော်က ကြီးသူကို ရှိခိုးသည်ကို တွေ့ရသည်။ နံနက်စာဘုဉ်းပေးပြီးသောအခါ ကျောင်းဝန်းအနှံ့ လျှောက်ကြည့်ကြသည်။ ၁၅ ဧကခန့် ကျယ်မည်ဟု ခန့်မှန်းရသည်။

(၁၁)
လမ်းလျှောက်ရင်းနှင့် အကြီးဆုံးရဟန်းတော်ကို အရှင်ဘုရား အနာဂတ်ရည်မှန်းချက်က ဘာလဲဟု မေးမိသည်။

ဘာ ဘယ်လို ဆိုပြီး ထူးဆန်းသလို ပြန်ကြည့်သည်။

တင်ပါ … ဒီလိုပါ အရှင်ဘုရားရဲ့ အနာဂတ်စီမံကိန်းက ဘယ်လို ရှိလဲဆိုတာကို စိတ်ဝင်စားလို့ပါဟု ပြောလိုက်သည်။

အော် … အနာဂတ်လား။ တပည့်တော်မှာ အနာဂတ်ဆိုတာ မရှိပါဘူး။ စီမံကိန်းဆိုတာလည်း မရှိပါဘူး။ တပည့်တော်မှာ ပစ္စုပ္ပန်ပဲ ရှိပါတယ်ဟု ဆိုလေသည်။ နားထဲမှာ ကြားရသည်မှာ တစ်မျိုးဖြစ်သွားသည်။

အော် ဒါဆိုရင် သာသနာတော်ပြန့်ပွားဖို့အတွက် အရှင်ဘုရားမှာ ဘာစီမံကိန်းမှ မရှိဘူးလားဟု မေးကြည့်မိသည်။ အမှန်အားဖြင့် စပ်စုချင်လွန်းလို့သာ မေးရသည်။ သူက ထိုကိစ္စကို သိပ်ပြောလိုဟန် မရှိလှပေ။

ကိုယ့်ဘာသာပြန့်ပွားဖို့အတွက် စီးပွားရေးလုပ်သလို တိုးချဲ့တိုးချဲ့ဆောင်ရွက်ရတဲ့ စီမံကိန်းတွေကို တပည့်တော် အယုံအကြည် မရှိဘူး။ ကျန်တဲ့ဘာသာတွေတော့ မပြောလိုဘူး။ ဗုဒ္ဓဘာသာပြန့်ပွားရေးဆိုတာ ခန္ဓာကိုယ်တွေရဲ့ အတွင်းပိုင်းမှာပဲ တိုးချဲ့ရတာ။ လူတွေရဲ့ ခန္ဓာကိုယ်မှာ အငြိမ်းဓာတ်တွေ ရောက်အောင်လုပ်ဖို့အတွက် စီမံကိန်းမလိုဘူး။ စီမံကိန်းတစ်ခုခုပါလာရင် စီးပွားရေးစိတ်ဓာတ်လို စိတ်ဓာတ်မျိုးတွေ ဝင်လာမယ် …. သူက လမ်းလျှောက်ရင်း တရစပ် ပြောနေသည်။

မနက်ခင်းအအေးဓာတ်က အသားကို စိမ့်စိမ့်သွားစေသည်။ သို့ရာတွင် သူ့စကားများကြောင့် ရင်ထဲမှာ နွေးနေသည်ဟု ခံစားရသည်။

သူက ဆက်ပြောသည်။ အရှင်ဘုရားကို တပည့်တော် မေးကြည့်ပါရစေ။ တပည့်တော်တို့ ဘုရားရှင်ဟာ နောက် ဘယ်နှနှစ်ကြာရင် ကောသလတိုင်းတစ်ခုလုံး ဗုဒ္ဓဘာသာဖြစ်ရမယ်၊ နောက် ဘယ်နှနှစ်ကြာရင် ငါဘုရားသာသနာ ယုံကြည်သူ လူဦးရေ ဘယ်လောက်ရှိရမယ်၊ နောက် ဘယ်နှနှစ်ကြာရင် အိန္ဒိယသူဌေး ဘယ်နှဦးဟာ ငါဘုရားသာသနာကို ကိုးကွယ်လာစေရမယ် … စတဲ့ စီမံကိန်းနဲ့ လုပ်ဆောင်ခဲ့ပါသလားဟု မေးလေသည်။ အဲဒီလို လုပ်ဆောင်ခဲ့တာ မဟုတ်ဘူးလို့ ထင်ပါတယ်ဟု ဖြေလိုက်သည်။

တပည့်တော်ကတော့ ဘုရားကို အကြွင်းမဲ့ ယုံကြည်တယ်။ ဒါကြောင့် ပစ္စုပ္ပန်တစ်ခုပဲ ထားတယ်။ ပစ္စုပ္ပန်မှာ တပည့်တော်တို့ဟာ ဘုရားခိုင်းတာကို လုပ်တယ်။ ဘုရားပြောတဲ့အတိုင်း အတတ်နိုင်ဆုံး နေတယ်။ ဗုဒ္ဓနှစ်သက်တဲ့ ရဟန်းတော်တစ်ပါးရဲ့ အသွင်အပြင်ကို ပြနိုင်အောင် ကြိုးစားတယ်။ ဘယ်သူ့ကိုမှ ဗုဒ္ဓဘာသာဖြစ်လာအောင် မကြိုးစားဘူး။ အဲဒီလို မကြိုးစားလို့ပဲ အခု ဒီနယ်မှာကော အခြားဥရောပက တောရကျောင်းဝန်းကျင်တွေမှာ ဗုဒ္ဓဘာသာဖြစ်လာကြတာလို့ ယုံကြည်တယ်။

လူတိုင်းနဲ့ဘာသာတိုင်းနဲ့ ပြဿနာမတက်တာဟာလည်း တပည့်တော်တို့က ရိုးရှင်းတဲ့ဘဝပုံစံကို ငြိမ်းချမ်းစွာ ဖော်ပြနေလို့ပဲ။

တပည့်တော်တို့ ပြောပြောနေတဲ့ အောင်မြင်မှုဆိုတာက ဘုရားကို ယုံကြည်ပြီး သူ လမ်းညွှန်တဲ့အတိုင်း လုပ်ရုံနဲ့ ဖြစ်နိုင်တဲ့ အသေးအမွှားကိစ္စလေးတစ်ခုပဲလို့ ထင်တယ်။

ဘုရားပြောတဲ့အတိုင်းသာ လုပ်၊ သာသနာလည်း ပြန့်ပွားတာတို့၊ ကျောင်းတိုက် တိုးတက်စည်ပင်တာတို့ စတာတွေက အလိုလို ဖြစ်လာမယ်ဆိုတာကို တပည့်တော် လုံးဝ ယုံကြည်တယ်။

ဗုဒ္ဓက နယ်တကာလှည့်တယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တွေများလာအောင် စည်းရုံးဖို့ မဟုတ်ဘူး။ သူသိထားတာကို သူများကို သိစေချင်လို့၊ သူ အေးချမ်းတာကို သူများတွေလည်း အေးချမ်းစေချင်လို့ လျှောက်သွားပြီး လိုက်ပြောပြတာ၊ အေးချမ်းတဲ့ သူရဲ့ အသွင်အပြင်ကို လိုက်ပြတာ၊ တည်ငြိမ်တဲ့ဘဝနေနည်းကို ကပွဲတွေ လိုက်ကျင်းပသလို နယ်လှည့်ပြီး ပြတာ။

အခုလည်း တပည့်တော်တို့ ဆရာ(ထိုင်းက တောရဂိုဏ်းက)ကလည်း အဲဒီလို ယူဆထားတဲ့အတွက် သူ့တပည့်မှန်သမျှကို အရှင်ဘုရားတို့တွေ သာသနာပြန့်ပွားဖို့ ဘာသန္တရတွေ မလိုပါဘူး။ ခြားနားတဲ့ ယဉ်ကျေးမှုတွေကို လေ့လာနေစရာ မလိုဘူး။

သာသနာပြန့်ပွားဖို့ ဆန္ဒရှိတယ်ဆိုရင် အရှင်ဘုရားတို့မှာ လုပ်စရာအလုပ်က တစ်ခုပဲ ရှိတယ်။ အဲဒါဟာ ဘုရားစကားနဲ့အညီ တရားကျင့်ပြီး ရိုးရှင်းတဲ့ဘဝကို စံနမူနာအဖြစ် ပြနိုင်ဖို့ပဲတဲ့။ တစ်နည်းပြောရရင်တော့ ဂန္ထဓုရနဲ့ဝိပဿနာဓုရပဲ ရှိတယ်။

ဂန္ထဓုရမှာ အင်္ဂလိပ်စာစသည်၊ အခြားယဉ်ကျေးမှုစသည်တွေ မပါဘူး။ သာသနာပြန့်ပွားစေချင်ရင် ဘုရားလမ်းညွှန်တဲ့ အကျင့်နဲ့ ဘုရားမိန့်တော်မူခဲ့တဲ့ စကားတွေကို သိအောင်လုပ်ရုံပဲ။ တစ်နည်းပြောရရင် ပိဋကတ်ပဲ။

အရှင်ဘုရား လက်ခံလား၊ လက်မခံလား မသိဘူး။ တပည့်တော်တို့က အဲ့ဒီလို လက်ခံပြီး တရားပဲ ကျင့်တယ်။ သင့်လျော်တဲ့အချိန်မှာ တရားဟောတယ်။ တရားပြတယ်။ ဒါပဲ။ ဟော … ဟိုမှာ ယုန်လေး ၂ ကောင်။ လက်ညှိုးညွှန်ပြနေစဉ်မှာပဲ ယုန်လေးများက ပြေးထွက်သွားကြသည်။

မထင်မှတ်ထားသော စကားလေးများကို ကြားရသည့်အတွက် အသိအမြင်မျိုးစုံ၊ ခံစားချက်မျိုးစုံက ရင်ထဲတွင် စီးဆင်းလာနေခဲ့သည်။

(၁၂)
“တပည့်တော်မှာ အနာဂတ်မရှိဘူး”။
“သာသနာပြန့်ပွားဖို့အတွက် ဘုရားလမ်းညွှန်တာကို လုပ်ဖို့ပဲ။ ဘာတွေမှ ထပ်သင်စရာ မလိုဘူး”။
“အရှင်ဘုရား ဘုရားကို မယုံဘူးလား”။
“အောင်မြင်မှုဆိုတာက ဘုရားကို ယုံကြည်ပြီး သူ လမ်းညွှန်တဲ့အတိုင်း လုပ်ရုံနဲ့ ဖြစ်နိုင်တဲ့ အသေးအမွှားကိစ္စလေးတစ်ခုပဲလို့ ထင်တယ်”။

သူပြောခဲ့သောစကားလုံးများက ဦးနှောက်ထဲ စီးဝင်လိုက်၊ နှလုံးသားကို လာထိခတ်လိုက်။ ထူးဆန်းသလိုလို၊ ဝမ်းသာသလိုလို၊ တစ်စုံတစ်ရာကို သိမြင်သဘောပေါက်သွားသလိုလို ခံစားနေမိခဲ့သည်။

“ငါတို့တွေ ဘုရားကို တကယ်များ မယုံခဲ့ကြဘူးလား”ဟုလည်း တွေးဖြစ်သွားသည်။

ကျောင်းတိုက်၊ ငွေကြေး စသည်များ ပိုင်ဆိုင်ရရေး၊ ထင်ပေါ်ကျော်ကြားရေး၊ ကျောင်းတိုက်ရှိလျှင်လည်း ကျောင်းတိုက်ချမ်းသာကြီးပွားရေး စသည်တို့အတွက် (ဂန္ထဓုရ၊ ဝိပဿနာဓုရမှ အခြားဖြစ်သော) လုပ်ငန်းများ လုပ်ဆောင်နေမှုများ၊ ထင်ပေါ်ကျော်ကြားမှုအတွက် တွန်းထိုးတိုက်ခိုက်မှုများ၊ …. စသည် စသည်တို့သည် ဘုရားကို မယုံကြည်သဖြင့် ဖြစ်ပေါ်လာသောဖြစ်ရပ်များဟု သဘောပိုက်လာမိသည်။

ကောက်ချက်တစ်ခု ဆွဲမိသည်။
“ဘုရားကို ယုံကြည်သောသူသည် ဘုရားလမ်းညွှန်သောတရားဓမ္မကို ယုံကြည်လာမည်။ ဘုရားလမ်းညွှန်သောတရားဓမ္မသည် အရာရာကို ပေးစွမ်းနိုင်သည် (ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီံ”။

ချိုးငှက်လေးတွေက အုပ်လိုက်သင်းလိုက် ပျံသွားကြသည်။ ထင်းရှူးပင်ကြီးတစ်ပင်ပေါ်ရောက်သောအခါ သံပြိုင်တကူးကူး အော်မြည်နေကြလေသည်။ ချိုးငှက်လေးများ၊ အမည်မသိသောအခြားငှက်လေးများ၏ တေးသီဆိုမှုလေးများနှင့်အတူ ရင်ထဲတွင် ပေါ်ပေါက်လာသော ဝါကျများကလည်း တေးသီချင်းများလို လွင့်ဝဲလာနေခဲ့သည်ကို သတိပြုမိသည်။

(၁၃)
ရဟန်းတစ်ပါးအနေဖြင့် ရာထူးနေရာ မရမှာကို ကြောက်ရွံ့ခြင်း၊ ရာထူးနေရာမှ ပြုတ်မှာကို ကြောက်ရွံ့ခြင်း၊ ဒကာဒကာမများ မပေါများမှာကို စိုးရိမ်ခြင်း၊ ရှိပြီးသော ဒကာဒကာမများ အခြားကျောင်း၊ အခြားကိုယ်တော်ကို ကိုးကွယ်သွားမှာကို စိုးရိမ်ခြင်း၊ ကျောင်းတစ်ဆောင်မီးတစ်ပြောင်နှင့် မနေနိုင်မှာကို စိုးရိမ်ခြင်း၊ ရှိပြီးသားကျောင်းထိုင်၊ ကျောင်းအုပ် စသည်အဖြစ်မှ ရွေ့လျောသွားမှာ စိုးရိမ်ခြင်း …. စသည်တို့သည် ဘုရားကို မယုံခြင်းကြောင့် ဖြစ်လိမ့်မည်ဟု ယုံကြည်မိသောအခါ အနာဂတ်ဆိုတာ ကြိုတင်တွေးယူထားစရာ မလိုသော၊ တယုတယ သိမ်းဆည်းထားစရာ မလိုသော အမှိုက်တစ်ခုအနေဖြင့် မြင်လာမိသည်။

(ရဟန်းတစ်ပါးအတွက်) အနာဂတ်ဟူသည် ဘုရားအပေါ် ယုံကြည်မှုနှင့် သူပေးသော ဓမ္မကို လိုက်နာခြင်းမျှသာ ဖြစ်ပါလားဟု သဘောပေါက်လာခဲ့မိသည်။ တစ်သက်တာ လိုက်နာနိုင်မည် မနိုင်မည်ကိုတော့ အာမခံ၍ မရနိုင်သေးသော်လည်း ထိုင်း+ဂျာမန်တောရကျောင်းလေးမှ ရရှိလိုက်သောအသိတရားတစ်ခုကတော့ တစ်ကိုယ်လုံးကို အတွေးသစ်များဖြင့် ပေါ့ပါးလတ်ဆတ်နေစေခဲ့သည်။
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails