Dictionary/အဘိဓာန်

Blogspot Dictionary

Blogspot Dictionary

Wednesday, April 23, 2014

ခဝါချခြင်း




ရန်ကုန်မှာ စတင်ဆွမ်းခံစဉ်က အသက် ၁၆ နှစ်။ ဆွမ်းခံထွက်ရတာ အလွန်ရှက်သည်။ နောက်ပိုင်း နေသားကျလာသည့်အခါမှသာ သွားရလာရ အဆင်ပြေသွားသည်။ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် ၆ နှစ်၊ သီရိလင်္ကာ ၂ နှစ်၊ မလေးရှားရောက်၊ ရန်ကုန်ပြန်ရောက် ၁ဝ နှစ်ကျော်လောက် ဆွမ်းမခံဖြစ်တော့။

အခု ဂျာမနီရောက်မှ ဆွမ်းခံဖြစ်ပြန်သည်။ ဂျာမနီတွင် ဆွမ်းခံရသည့် ခံစားချက်သည့် တကယ့်ကို ပြောမပြတတ်လောက်အောင် ထွေပြားသည်။ အမှန်အားဖြင့် ဂျာမနီတွင် သာမန်သင်္ကန်းရုံပြီး လမ်းသွားလျှင်တောင် လူများက ထူးထူးဆန်းဆန်း ကြည့်ကြသည်။

အခုတော့ ရှူးဖိနပ်၊ ခြေအိတ် ၂ ထပ်၊ ဆွယ်တာ ၅ ထပ်၊ ခေါင်းစွပ်များ ဝတ်ထားရသည့်အပြင် သင်္ကန်းကိုပါ မြန်မာဆန်ဆန် ရုံရသေးသည်။ သပိတ်ကြီးကိုလည်း လွယ်ထားရသေးသည်။ အများအမြင်တွင် မည်သို့များ ထင်လေမည်နည်း။

ကလေးများဆိုလျှင် ခပ်ဝေးဝေးရောက်သည်အထိ သမင်လည်ပြန် ကြည့်ကြသည်။ စိတ်ဝင်စားကြသည်။
အကြွေစေ့လေးများ ကိုင်ပြီး သပိတ်ပေါ်တင်ဖို့ ကြိုးစားလာတိုင်း ရင်ထဲတွင် တစ်မျိုးဖြစ်သည်။ ရှက်စိတ်လိုလို ဖြစ်လာတိုင်း သတိရမိတာတစ်ခုကတော့ ဘာကြောင့် မြတ်စွာဘုရားက ဆွမ်းခံဝတ်ကို မွန်မြတ်သောအလုပ်ဆိုပြီး ချီးမွမ်းခဲ့၊ အားပေးခဲ့သလဲဆိုတာကို သွားသတိရမိခြင်း ဖြစ်သည်။

မြတ်စွာဘုရားသည် အသိအမြင်ရဖို့၊ ဉာဏ်ပညာအဆင့်မြင့်ဖို့အတွက် အကြီးမားဆုံး အတားအဆီးမှာ မာနဖြစ်သည်ကို မြင်တော်မူသဖြင့် ဆွမ်းခံဝတ်ကို ဖြည့်ကျင့်စေခြင်းပင် ဖြစ်သည်။ မြတ်စွာဘုရားခေတ်ဆိုသည်မှာ အယူဝါဒမျိုးစုံ၊ အကျင့်မျိုးစုံ၊ အလှူခံမျိုးစုံ ပေါများသော ခေတ်ဖြစ်သည်။ အားလုံးက သူ့ဓာတ်ခံနှင့်သူ ကိုးကွယ်ကြခြင်းဖြစ်သည်။ ဆိုလိုသည်မှာ မြတ်စွာဘုရား ဆွမ်းခံဝတ်စတင်စဉ်က လောင်းလှူမည့်သူ၊ လောင်းလှူရကောင်းမှန်း သိသူ အနည်းငယ်မျှသာ ရှိပေလိမ့်မည်။

မြတ်စွာဘုရား ဘုရားမဖြစ်မီ ရာဇဂြိဟ်ပြည်သို့ ဆွမ်းခံချိန်ကဆိုလျှင် အခု ဂျာမနီမှာ ဆွမ်းခံခြင်းထက် ပိုမိုထူးဆန်းနေလိမ့်မည်ဟု ခန့်မှန်းမိသည်။

ယနေ့ ကုန်တိုက်တစ်ခုရှေ့တွင် ၁ နာရီကျော်ခန့် ကြာသည်။ စာရေးသူကတော့ မေတ္တာကမ္မဋ္ဌာန်းပွားများလိုက်၊ ရှေ့တည့်တည့်က ကြွေပြားအဖြူလေးကို မမှိတ်မသုန် ကြည့်ရင်း ကသိုဏ်းဆန်ဆန် ရှုနေလိုက်ဖြင့် ရှက်စိတ်ကို ဖြေဖျောက်ရသည်။

အချို့ဆိုလျှင် ရေဗူးကတ်လိုက်ကြီးကို လူရှေ့ကို ဗုန်းဆို ပစ်ချပေးသွားသည်။ အချို့ဆိုလျှင် ကိတ်မုန့်တစ်ခုစီကို သပိတ်ပေါ်ကို မပြောမဆို အတင်းတင်ပေးသွားသည်။ အကြွေစေ့ လာလှူသူများ၊ အချို့ ယူရို ၁ဝ တန်၊ ၅ဝ တန် များ ကိုင်လာသူများ အတော်များများ တွေ့ရသည်။ မြန်မာနိုင်ငံက အချို့ကျောင်းတွေမှာလို ဖိုးသူတော်တစ်ပါးလောက် ခေါ်ထားပြီး ကပ္ပိယကာရကနှင့်အလှူငွေ လက်ခံတဲ့စနစ်ကျင့်သုံးရလျှင် ခရီးများ ပိုရောက်လေမလားဟု တွေးမိသောအခါ ကိုယ့်ကိုကိုယ် ပြုံးမိသည်။

ငွေ ယူလာသူတိုင်းကို ငွေ လက်မခံကြောင်း၊ ဗုဒ္ဓဘာသာရဟန်းဖြစ်ကြောင်း၊ အလှူပစ္စည်းကိုလည်း အများကြီး အလှူမခံကြောင်း၊ နေ့လယ်စာ စားလောက်လျှင် ပြန်မည်ဖြစ်ကြောင်း ရှင်းပြ၊ ပြောပြရသည်။ စိတ်ဝင်စားသူများ အတော်များသည်။ အသိဒကာမကြီးတစ်ယောက် ရောက်လာသဖြင့် မှတ်တမ်းတင်ထားနိုင်သည်။
အော် ဆွမ်းခံခြင်းဆိုတာ မာနတွေ ခဝါချရခြင်းပါလား။

No comments: