Wednesday, April 23, 2014

ဆွမ်းခံခြင်း

ကလေးများက ဘေးကနေ တခစ်ခစ် ရယ်ရင်းပြုံးရင်းနဲ့ ဖြတ်လျှောက်သွားကြသည်။

အချို့လူကြီးများက ခပ်လှမ်းလှမ်းမှ ထူးဆန်းသလို ပြူးတူးပြဲတဲ ကြည့်သွားကြသည်။

အချို့ကတော့ လူကို အနီးကပ် လာကြည့်ပြီး ပြုံးစိစိဖြင့် ပြန်လှည့်သွားကြသည်။

အချို့ကတော့ အကြွေစေ့လေးများ လာထည့်ရန် ဟန်ပြင်သည်။ သို့ရာတွင် ငါတို့က ငွေ အလှူခံနေတာ မဟုတ်ပါ။ စားစရာအလှူခံနေတာဖြစ်ပါတယ်။ ဒါက ဗုဒ္ဓမြတ်စွာရဲ့ မြင့်မြတ်တဲ့လမ်းညွှန်ချက်တစ်ခုပါဟု ပြောလိုက်ရသည်။

သပိတ်လွယ်ပြီး အသွင်ဖြင့် ဗုဒ္ဓဘာသာကို မိတ်ဆက်ပေးနိုင်ရန် ကုန်တိုက်တစ်ခုရှေ့တွင် မတ်တပ်ရပ်နေခြင်းဖြစ်သည်။ တဝှီးဝှီး တိုက်ခတ်လာသောလေက ပါးပြင်ကို စပ်ဖျဉ်းဖျဉ်း ဖြစ်စေသည်။ လက်ဝါးနှစ်ဖက်ကို ပွတ်နေရသည်။ သို့ရာတွင် မကြာခဏ ဘာလဲ၊ ဘယ်လိုလဲ လာမေးကြသူတွေကြောင့် အကျိုးတော့ မယုတ်ဟု ထင်သည်။

ကုန်တိုက်ကို ရောက်ဖို့ နာရီဝက်လောက် လမ်းလျှောက်ရသည်။ ကုန်တိုက်ရှေ့တွင် ၄၅ မိနစ်ကျော် မတ်တပ်ရပ်သည်။ အချို့ငွေလှူသူများက ငါတို့ ကုန်တိုက်က ထွက်လာရင် မုန့်လှူမယ်ဟု ပြောသောကြောင့် စောင့်နေရခြင်း ဖြစ်သည်။

အချို့က ကုန်တိုက်ထဲက ဘာဝယ်ခဲ့ပေးရမလဲဟု မေးသည်။ ဗုဒ္ဓဘာသာရဟန်းဆိုတာ လူကျွေးတာ စားရတာဟု ပြောပြသဖြင့် သဘောကျဟန် ရှိသည်။

လူတစ်ယောက်က ဂျာမန်ဘုန်းကြီးနှင့်စကားပြောသည်။ တအံ့တသြ ပုံစံတွေ့ရသဖြင့် မေးကြည့်သည်။ ဒီလို သူတောင်းစားမျိုး တစ်ခါမှ မတွေ့ဖူးကြောင်း၊ ခေတ်သစ်သူတောင်းစားပဲဟု သုံးသပ်သွားကြောင်း၊ ကျောင်းကို အချိန်ရရင် လာခဲ့မယ်ဆိုတဲ့အကြောင်း ပြောသည်ဟု ဆိုသည်။ ဘိက္ခု ရဟန်းဆိုတဲ့ ပါဠိစကားလုံးအဓိပ္ပာယ်ကိုက သူတောင်းစားဟု အဓိပ္ပာယ်ရနေတော့ ဘာတတ်နိုင်မလဲ။

ဘာပဲဖြစ်ဖြစ်ပေါ့လေ။ အင်း ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ။

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails