Wednesday, April 23, 2014

ဂျာမဏီခရီးနိဒါန်း

ဂျာမဏီနိုင်ငံက Bodhi Vihara & Sariputta Institute ၏ ပင့်ဖိတ်မှုကြောင့် ဇန်နဝါရီလတွင် ဂျာမဏီဗီဇာလျှောက်ဖြစ်သည်။ လျှောက်ဖြစ်သည့်ဗီဇာက National Type Visa ဖြစ်သည်။ ထိုင်ဝမ်မှာလိုဆိုလျှင် Resident Visa ဖြစ်မည်။ စလျှောက်စဉ်က ကြာမည်ဟု မျှော်လင့်ထားခဲ့သော်လည်း လွယ်လွယ်ကူကူနှင့် ရလိုက်သည်။ ဗီဇာမလျှောက်ခင်က ဥရောပနိုင်ငံကြီးတစ်နိုင်ငံကို သွားရတော့မယ်ဆိုသည့်အတွေးဖြင့် အလွန်ပျော်ခဲ့သည်။ ဟိုရောက်လျှင် ဘာတွေ လုပ်မည်၊ ဘာတွေ တိုးတက်နိုင်မည်စတာတွေကို စဉ်းစားရင်းဖြင့် အားတက်သည်။ သံရုံးမှ ဗီဇာရပြီဖြစ်ကြောင်း အကြောင်းကြားသောအခါ စိတ်ထဲ တစ်မျိုးဖြစ်သွားသည်။ အတော်ထူးဆန်းသော ခံစားမှုမျိုးဖြစ်သည်။ စိတ်လှုပ်ရှားသွားခြင်းလည်း ဖြစ်နိုင်သည်။



ယခု ပင့်ဖိတ်ခြင်းသည် အပျော်မဟုတ်၊ အလှူခံသက်သက်မဟုတ်၊ အလည်သဘောမဟုတ်၊ တကယ်အလုပ်လုပ်ရမည့်အနေအထား ဖြစ်သည်။ နောက်ပြီး ယခု သွားမည့်နေရာသည် ကိုယ့်မြန်မာလူမျိုးများ နေသည့်နေရာ မဟုတ်။ စင်္ကာပူ၊ မလေးရှား၊ ထိုင်ဝမ် …. အတော်များများသော မြန်မာကျောင်းများသည် မြန်မာနှင့်မကင်းပေ။ မြန်မာနိုင်ငံက ကျောင်းများကဲ့သို့ အစားအသောက်၊ အနေအထိုင်၊ ဟောရေးပြောရေး၊ သာရေးနာရေး အားလုံး မြန်မာ့နည်း မြန်မာ့ဟန်အတိုင်းသာ ဖြစ်သည်။ အခြားသော အမေရိက၊ အင်္ဂလန် …. အတော်များများသည်လည်း ထူးခြားမှုသိပ်မရှိလှပါ။ မြန်မာ့အစားအစား၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာလူမျိုးများနှင့် အပြန်အလှန် အမှီသဟဲပြုနေကြရပေမသည်။ သို့ရာတွင် မိမိသွားရမည့်နေရာသည် ဂျာမဏီနိုင်ငံသားရဟန်းတော် တည်ထောင်ထားသည့်နေရာဖြစ်သည်။ မြန်မာလိုဆိုလျှင် ဝိနည်းဓိုရ်တစ်ပါး ဖြစ်သည်။ ယဉ်ကျေးမှုက မတူ။ အစားအသောက်က ကွဲပြား။ မိမိပြောဆိုဆက်ဆံရမည့် သူများသည် အားလုံးနီးပါးက ဥရောပသားများ ဖြစ်သည်။ ဗီဇာရသည့်အခါ အနီးကပ်နေသူများ၊ ဒကာဒကာမများက ဝမ်းမြောက်ကြသော်လည်း မိမိမှာ တစ်မျိုးကြီး ခံစားနေရသည်။



မည်သို့ဆိုစေ ဗီဇာက ရသွားပြီ။ ဂျာမန်ရဟန်းတော်ကလည်း အမြန်ဆုံး လာခဲ့ဖို့ ပြောနေသည်။ ချက်ချင်းကြီးတော့ မသွားချင်သေး။ အချိန်ရသမျှ ဆွဲထားချင်သေးသည်။ သို့အတွက်ကြောင့် ဧပြီလ ၇ ရက်နေ့တစ်လကျော်လောက် ခွါပြီး လက်မှတ်ဖြတ်လိုက်သည်။ စုဆောင်းစရာရှိသည်များကို စုဆောင်းရသည်။ အထူးသဖြင့် စာအုပ်များ စုဆောင်းဖြစ်သည်။ ဝတ္ထုငွေအတွက်ကတော့ “ဒေါက်တာဘွဲ့သွားလုပ်ရင် လှူပါအုံးမယ်၊ အဲဒီကျရင် ပြောပါဘုရား”ဆိုပြီး လှူနေကျ ဒကာများပင် မလှူကြ။ ကိစ္စတော့ မရှိပါဘူး။ အစစအရာရာ အဆင်ပြေသွားခဲ့သည်။ သို့ရာတွင် သွားရမည့်ရက် နီးလာလေလေ စိတ်လှုပ်ရှားလေ ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံက ကျောင်းတစ်ခုခုမှာ နေလျှင် လွတ်လပ်စွာ နေထိုင်နိုင်သည်။ အေးအေးသက်သာ စာလေးဖတ်လိုက်၊ စာလေးရေးလိုက်၊ သွားချင်သည့်နေရာ သွားလိုက်၊ ဖိအားကင်းကင်း ပျော်ပျော်ရွှင်ရွှင် နေနိုင်သည်။ အစားအသောက်လည်း မပူမပင်ရ။ အပူအပင် အတော်ကင်းသည်။ အခုသွားမည့်နေရာကတော့ အားလုံးအသစ်တွေက ဆီးလို့ ကြိုနေမည်။ အစားအသောက်အသစ်၊ နေထိုင်မှုအသစ်၊ ယဉ်ကျေးမှုအသစ်။



မသွားမီ နှုတ်ဆက်စရာရှိသည်များကို နှုတ်ဆက်သည်။ မပြီးပြတ်သေးသောကိစ္စများ ပြီးပြတ်အောင် ဆောင်ရွက်သည်။ နှုတ်ဆက်ခြင်းကိစ္စကတော့ ၅ဝ%သာ ပြီးပြတ်သည်ဟု ဆိုရမည်။ နောက်ဆုံးနေ့ရောက်လျှင် အားလုံးကို ဖုန်းဆက်မည်ဟု စိတ်ကူးခဲ့သော်လည်း နောက်ဆုံးနေ့တွင် တစ်ချိန်လေးမှ အနားမရ။ ရွှေတိဂုံဘုရား သွားဖို့တောင် အချိန်မရလိုက်ခဲ့ဘူး။ မနက် ၅း၃ဝ လေဆိပ်သွားတော့လည်း လေဆိပ်ရောက်မှ အေးအေးဆေးဆေး ဖုန်းပြောဦးမယ်လို့ စိတ်ကူးခဲ့ပေမဲ့ ကီလိုတွေ အများကြီး ပိုနေသည့်အတွက် ပြာယာခတ်ရသေးသည်။



မသွားမီညက ဆရာမများ၊ ဒကာ၊ ဒကာမများ ရောက်လာပြီး စကားပြောကြသည်။ သူတို့က ယူစရာရှိတာ အကုန်ယူသွား။ ထည့်၊ အကုန်ထည့်ဆိုပြီး မြှောက်ပေးကြသဖြင့် ဘတ်ဂေ့ဂ်ျက ၃၈ ကီလို ကျော်သွားသည်။ လက်ဆွဲအိတ်က ၁ဝ ကီလို။ လက်ပတော့အိတ်၊ လွယ်အိတ်။ အတော်များနေသည်။ မတတ်နိုင်။ ဆရာမများက ယူသာယူသွား အားလုံးအဆင်ပြေလိမ့်မည်ဟု ဗေဒင်ဟောလိုက်ကြသည်။

မနက်မိုးလင်း လေဆိပ် Check in ဝင်သောအခါ ကီလို ချိန်ကြည့်သည်။ “၃၈ ကီလိုတောင် ကျော်နေတယ်၊ မရဘူးဘုရား”။ “လုပ်ပါဦး၊ ဒါက စာအုပ်တွေမို့လို့ပါ”။ “မရဘူးဘုရား၊ ကီလိုက အလွန်ဆုံး ၃ဝ ပဲ ရမှာ”။ အနည်းငယ် စိတ်ပျက်သွားသည့်ဟန်ဖြင့် “အင်းးးး ဒါဆို တစ်ခု မေးပါရစေ၊ ဒါတွေကို ဦးဇင်း ထားခဲ့လို့လည်း မဖြစ်နိုင်ဘူး။ ဒီတော့ ဖြစ်နိုင်မယ့်နည်းလေးရှိရင် ပြောပါအုံး”ဟု ပြောလိုက်သည်။



သူ့ထက်အရာရှိပုံရသောသူကို သွားတိုင်ပင်သည်။ “ဦးဇင်းအိတ်က အရမ်းလေးလွန်းသွားပြီလေ၊ အတင်အချမှာ ခက်လို့ ကီလို ၃ဝ ကို အလွန်ဆုံး သတ်မှတ်ထားတာ၊ ပစ္စည်းတွေကို ဟန်းကယ်ရီထဲ ခွဲထည့်ပါလား”။ “အဲဒီလို ခွဲထည့်လိုက်ရင် ဟန်းကယ်ရီရော၊ ဘတ်ဂေ့ဂ်ျကိုရော Pass ပေးလိုက်မှာပေါ့နော်”။ ပြုံးပြီး “ရပါတယ်၊ ရပါတယ်၊ ပေးလိုက်ပါ့မယ်”။ ရှက်ရှက်ဖြင့် လေဆိပ်ထဲက တိုင်တစ်ခုကို ကွယ်ကာ ပစ္စည်းတွေ ထုတ်သည်။ ခွဲထည့်သည်။ သူငယ်ချင်းဝရကိတ္တိ ပါလို့သာပေါ့။ မန္တလေးက မနန်းခင်ဦး ပေးလိုက်သော စပယ်ရှယ်အကြော်စုံကတော့ ကီလို လျှော့ပွဲမှာ ရှုံးခဲ့လေသည်။ (အခုမှ လက်ဖက်သုပ် စားချင်နေတယ် မှတ်ကရော)။ စားစရာထက် စာအုပ်ကို ပိုချစ်ခဲ့သကိုး။



လေယာဉ်က တိကျသည်။ ၇း၄၅ တွင် ထွက်ခွါသည်။ မြန်မာအနည်းငယ်ပါသည်။ ၁ဝ ယောက်ခန့် ရှိမည်ထင်သည်။ ရင်းရင်းနှီးနှီး စကားပြောဖူးသော ဘရူနိုင်းမယ်တော်ကြီး ဒေါ်သက်သက်နွယ်၏ မိတ်ဆွေ ဒေါ်ကြည်ကြည်မေကို တွေ့လိုက်ရသဖြင့် အံ့သြသွားသလို ပျော်လည်း ပျော်သွားသည်။ ကာတာရောက်မှ ပြောကြမည်ဟု နှုတ်ဆက်သည်။ ခုံချင်းကပ်နေရာတွင် အင်္ဂလန်လူမျိုးစုံတွဲ အဘိုးအဘွားနှစ်ဦးပါသည်။ ရင်းနှီးဖော်ရွေစွာ နှုတ်ဆက်သည်။ အလွန်ချစ်စရာကောင်းသည်ဟု သဘောထားမိသည်။ အဘွားကြီးနှင့်ကပ်လျက် လိုက်ပါရင်း စကားတွေအများကြီး ပြောဖြစ်သည်။ ပထမဆုံးဥရောပခရီးစဉ်ဟု ပြောလိုက်ရာ ဂျာမန်လူမျိုးများ ပေါင်းသင်းရခက်ကြောင်း၊ မာနကြီးကြောင်း၊ ဂျာမန်စကားခက်ကြောင်း အားတက်သရော ပြောပါတော့သည်။ နောက်ပြီး ခါးပတ်ကို ဘယ်လို ပတ်ရကြောင်း၊ လေယာဉ်စတက်လျှင် နားအူတတ်ကြောင်း၊ (အဲယားလိုင်းက ပေးသည့်) နားကို ဆို့သည့်အရာကို ဆို့ထားသင့်ကြောင်း အမျိုးမျိုး ရှင်းပြပါတော့သည်။ အင်္ဂလန်စုံတွဲသည် အတော်ကျေးဇူးများသည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာပြည်ကို လွမ်းချိန်များကို အစားထိုးပေးတဲ့အတွက်ကြောင့်ပါပဲ။



၂ နာရီ ခွဲ သုံးနာရီလောက်တွင် အစားအသောက်များ ရောက်လာသည်။ နာရီကြည့်လိုက်သည်။ အေးဆေးပေါ့။ ထွက်လာတာ ၇း၄၅ ဆိုတော့ အချိန်များစွာ ရှိသေးသည်။ နောက် ၁ ခွဲ ၂ လောက်ရှိသောအခါ နောက်တစ်ကြိမ် ရောက်လာသည်။ ခုံရှေ့က စကရင်မှာ နာရီကြည့်လိုက်သည်။ ကာတာစံတော်ချိန် ၉ နာရီခန့် ပြနေသည်ဟု ထင်သည်။ အေးဆေးပေါ့။ အားလုံးကုန်အောင် စားလိုက်သည်။ ကာတာရောက်လျှင် ၁၂ နာရီလောက် ဘယ်လို ဖြတ်သန်းရမလဲဆိုတာ မသိသေးသည့်အတွက် များများစားထားဖို့ လိုအပ်သည် မဟုတ်ပါလား။ လေယာဉ်ပေါ်တွင် နောက်ဖေးသွားသည့်အခါ တန်းစီရသည်။ တန်းစီနေစဉ်အတွင် ဒကာကြီးတစ်ဦးက နှုတ်ဆက်သည်။ စကားပြောကြည့်သောအခါ သူက ကာတာလေဆိပ်တွင် နာရီ ၂ဝ စောင့်ရမည်ဟု ဆိုသည်။ ကိုယ်က ၁၂ နာရီစောင့်ရမှာဆိုတော့ ကိုယ့်ထက်ပိုများနေသည်။ စကားပြောဖော်ရပြီဟု ပြောခဲ့သည်။ ဒကာကြီးကလည်း လေဆိပ်တွင် သူကပ္ပိယလုပ်မည်၊ ဘာမှ မပူနှင့်ဟု ဆိုသည်။ အတော်ဝမ်းသာသွားသည်။ ကာတာလေဆိပ်ဆင်းသောအခါ ဘယ်ကနေဘယ်လို လူကွဲသွားသည်မသိ။ ဒကာကြီးကို ရှာမရတော့ပါ။



အင်္ဂလန်သွားမည့်သူများ၊ အမေရိကသွားမည့်သူများ၊ ဘာလင်သွားမည့်သူများ …. မြန်မာအတော်များများကို တွေ့သော်လည်း သူ့အလုပ်နှင့်သူမို့ ဘယ်သူမှ အချိန်ကြာကြာ စကားပြောချိန်မရှိပါ။ လေဆိပ်ကြီးထဲ လျှောက်သွားသည်။ အားလုံးက အရှေ့အလယ်ပိုင်း ဝတ်စုံများနှင့်သာ များသည်။ မျက်လုံးထဲ ကြည့်ရတာ စိမ်းနေသည်။ ယောင်ချာချာနှင့် လျှောက်ကြည့်ရင်း ဝတ်စုံဖြူမွတ်ဆလင်များနှင့် မိတ်ဆက်ကြည့်သည်။ အားလုံးက ကိုယ့်ကိုလည်း မွတ်ဆလင်ဟု ထင်နေကြသည်။ ကာတာလေဆိပ်တွင် မွတ်ဆလင်ဝတ်ရုံမျိုးစုံ တွေ့ရသည်။



လေဆိပ်ထဲ ဟိုကြည့်ဒီကြည့် ကြည့်နေချိန်တွင် အတော်ပင် သွက်လက်ချက်ခြာသည့် အမျိုးသမီးတစ်ဦး လာနှုတ်ဆက်သည်။ ဘာမပြောညာမပြောနှင့် အစစအရာရာ အားလုံးကူညီပေးမည်ဆိုတဲ့ ဟန်အမူအရာအပြောအဆိုကြောင့် ချီးကျူးမိသလို သူနှင့်ဆုံလိုက်ရသည်မှာ အတော်ဟုတ်သွားသည်။

သူ့နာမည်က မဒိုရိုသီ။ ကာတာအဲယားလိုင်းမှာ အလုပ်လုပ်သည်။ လေယာဉ်မယ်။ အော် ဒါကြောင့် ဒီလောက်သွက်လက်ချက်ခြာနေတာကိုးဟု ပြောမိသည်။ အမေရိကမသွားခင် သူ့အမျိုးသားနှင့် နောက်တစ်နေ့လေယာဉ်ကို စောင့်နေခြင်းဖြစ်သည်။ နားနေစရာရှာသည်။ အခြားသိသင့်သည်များကိုလည်း ပြောပြသည်။ အလကားနားလို့ ရသည့်နေရာကိုလည်း သူတို့ပင် ခေါ်သွားသည်။ အစစအရာရာ ဂရုတစိုက် ကူညီပေးသဖြင့် ကျေးဇူးအလွန်တင်မိသည်။ သူတို့ကြောင့် စိတ်အေးလက်အေး နားနေအိပ်စက်ခွင့် ရခဲ့သည်။



ကိုယ်တစ်ဦးတည်းဆို ယောင်ချာချာနှင့် အိပ်ရေးပျက်မှာ သေချာသည်။ ကိုယ်အလွန်ကြိုက်တတ်သော ကော်ဖီခါးခါးတစ်ခွက်ကိုလည်း ကပ်လိုက်သေးသည်။ ကာတာလေဆိပ်က ကော်ဖီခွက်က လက်ကိုင်ကိုင်းနှစ်ဖက်ပါသော ခွက်အကြီးကြီးဖြစ်သည်။

ည ၁၂း၅၀ အချိန်ရောက်သောအခါ ဘေးအိပ်ယာကို ကြည့်လိုက်သည်။ မဒိုရိုသီတို့နှစ်ဦးသား အိပ်မောကျနေဟန်ရှိသည်။ နှုတ်ဆက်ဖို့ အသံပြုကြည့်သည်။ တုတ်တုတ်မျှ မလှုပ်။ နှုတ်မဆက်ရဘဲတော့ မသွားချင်။ အနည်းဆုံး ကျေးဇူးတင်စကားလေးတော့ ပြောလိုက်ချင်သည်။ ဒါကြောင့် ဒကာတော်ကို လက်ပုတ်နှိုးရသည်။ အိပ်ချင်မူးတူးဖြစ်နေသောမောင်နှံကို ကျေးဇူးစကားဆိုပြီး နှုတ်ဆက်ခဲ့သည်။ အမှန်မှာ သူတို့ကို Check in ဝင်သည်အထိ ခေါ်မည်၊ ပြီးလျှင် ပျော်ပျော်ပါးပါး အမှတ်တရ ဓာတ်ပုံရိုက်မည်ဟု စိတ်ကူးထားခြင်း ဖြစ်သည်။ သို့သော် အိပ်မောကျနေသောစုံတွဲကို မခေါ်ရက်သဖြင့် တစ်ဦးတည်းထွက်လာခဲ့ရသည်။



ဂိတ် ၁၈ တွေ့ပါပြီ။ ဒီတစ်ခါတော့ မြန်မာတစ်ဦးမှ မတွေ့တော့ပါ။ အားလုံး အဖြူချည်း ဖြစ်သည်။ လေယာဉ်က ဘယ်လောက်တောင်ကြီးမည် မသိ။ check in မှာ တန်းစီသည့်လူတန်းကြီးက အရှည်ကြီးဖြစ်သည်။ တန်းစီရင်း စကားပြောဖြစ်သည့် ဂျာမန်စုံတွဲမှာ ချစ်ခင်စရာ အလွန်ကောင်းသည်။ လေယာဉ်ခုံများပေါ် မထိုင်ခင်အထိ ချစ်ချစ်ခင်ခင် ပြောဆိုကြသည်။ ဗုဒ္ဓဘာသာဘုန်းကြီးဆိုတာ ဘာလဲ၊ ဘယ်လို နေရသလဲ၊ ဘာလုပ်ရသလဲ။ စသည် မေးသည်။ တိဗက်ဘုန်းကြီးနှစ်ပါး တစ်တန်းကျော်တွင် တွေ့ရသည်။ မှန်းကြည့်ရခြင်းဖြစ်သည်။ သူတို့ Identity ကတော့ လုံးဝနီးပါး ပျောက်နေသည်။ ကိုယ်တော် ဥရောပရောက်ရင် သမဏသညာတော့ မပျောက်စေနဲ့နော်ဟု အမှတ်တမဲ့ မှာလိုက်သော ခေမာသီဝံဆရာတော့်စကားကို အမှတ်ရမိသည်။



မနက် ၇ နာရီခန့်ရောက်သောအခါ မြူးနစ်မြို့ကို ဆိုက်ရောက်သည်။ စကားကောင်းခဲ့သောဂျာမန်စုံတွဲ ပြေးလာသည်။ ဘာကူညီပေးရမလဲ။ ပစ္စည်းတွေ များလား။ ကူဆွဲပေးရမလား … စသည်ပြောပြီး ကွန်ပြူတာအိတ်ကို အမျိုးသမီးက ဆွဲယူသည်။ ကိုယ့်ကို လာကြိုသူနှင့်တွေ့မှ လမ်းခွဲဖြစ်သည်။ ညံ့တယ်ပဲဆိုဆို မာနကြီးတယ်ပဲဆိုဆို သူတို့ အီးမေးလ်လေးတောင် မတောင်းဖြစ်ခဲ့ပါ။

လေဆိပ်ရောက်တော့ ဂျာမန်ဒကာကြီးက ပန်းစည်းလေးနှင့် ကြိုသည်။ ဘာပန်းလဲဟု မေးသောအခါ ချယ်ရီပန်းဟု ဆိုသည်။ ချယ်ရီပန်း အကြိမ်ပေါင်းများစွာ ကြားဖူးသော်လည်း ပထမဆုံးအကြိမ် ထိဖူးခြင်းပေတကား။ ၁ဝ မိနစ်ခန့်လောက် ကားစီးပြီး ဗောဓိဝိဟာရကို ရောက်သည်။ စကား ၁ နာရီလောက် ပြောပြီးသောအခါ ခဏနားဖို့ ပြောသည်။ ကုတင်ပေါ်သို့ တက်ပြီး အနားယူမည်ကြံသောအခါ လွှမ်းခြုံနေသောအအေးဓာတ်များနှင့်အတူ အလွမ်းဓာတ်များ လျှံကျလာသည်။

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails