Tuesday, April 29, 2014

အညတြ ခရီးသည်





(၁)
ဂျာမဏီကို ရောက်ပြီးကတည်းက ဆွမ်းခံထွက်တာနှင့်လမ်းလျှောက်သည်ကလွဲ၍ ခရီးဝေး တစ်ခါမှ မသွားရသေး။ အခု သွားမည့်သွားရတော့ တစ်ပါးတည်း။ ရထားခရီး။ ခရီးက နေ့ဝက်လောက်ကြာမည်။ ပိုဆိုးသည်မှာ ရထားက ၂ ဆင့်ပြောင်းစီးရမည်။ ရာသီဥတုက နည်းနည်းပူလာသည်။ ရောက်စက အနွေးထည် ၅ ထည်၊ ခြေအိတ် ၂ ထည်၊ သင်္ကန်း၊ ခြုံထည် စသဖြင့် အထူကြီး ဝတ်ထားရသည်။ အခုတော့ နည်းနည်းပူလာသဖြင့် (ဒီဂရီ ၁၅ ခန့်) အနွေးထည် ၂ ထည်သာ ဝတ်ဖြစ်သည်။

ဂျာမနီကိုယ်တော်က ရထားလက်မှတ်နှင့် မြေပုံစာရွက်ကြီး ယူလာသည်။ မင်း စိတ်လှုပ်ရှားနေပြီလားဟု ဆိုသည်။ ထုံးစံအတိုင်း နည်းနည်းမှ အလျှော့မပေးချင်တာနဲ့ အေးဆေးပါဟု ဖြေလိုက်သည်။ သူက ခရီးစဉ်အကြောင်း၊ ဟိုရောက်ရင် တည်းရမည့်နေရာအကြောင်း၊ ဟိုကျောင်းက သံဃာများ၏ ဝိနည်းစည်းကမ်း လိုက်နာကြပုံများအကြောင်း၊ ရထားပြောင်းစီးတဲ့အခါ တက်တက်ကြွကြွနဲ့ အခြားသူများကို မေးသင့်ကြောင်း … စသည်ဖြင့် အစစအရာရာ မှာနေခဲ့သည်။ သူ့ကို ဘယ်လိုပင် ပြောလိုက်ပြောလိုက်၊ မသွားဖူးသည့်ခရီး၊ အသွင်မတူ၊ အစားမတူ၊ အနေမတူ၊ အတွေးမတူ … ဘာဆိုဘာမျှ မတူသည့်အခြေအနေများအတွက် စိတ်လှုပ်ရှားနေသည်က အမှန်ပင် ဖြစ်ပါသည်။

အဘယ့်ကြောင့်ဆိုသော် ယခု သွားရမည့်နေရာသည် ရဟန်းတော်များ ကပ္ပိယမပါဘဲ ခရီးမသွားရပါ။ ကပ္ပိယမပါခဲ့သော် ငွေ ယူမလာရပါ။ ထို့ကြောင့် သူတို့ စည်းကမ်းကို လိုက်နာသည့်အနေဖြင့် ဘာငွေကြေးမှ ယူမလာခဲ့ပါ။ ငွေမပါသည့်အတွက် တစ်ခုခု ဖြစ်ခဲ့သော် ဥပမာ ရထားလွဲစီးပြီး နောက်ရထားတစ်စီးကို လက်မှတ်ဖြတ်ရမည်ဆိုသော် ဒုက္ခရောက်ဖို့ သေချာသလောက် ရှိသည်။ ငွေမပါဘဲ ခရီးရှည်မသွားဖူးသော မြန်မာရဟန်းတစ်ပါးအတွက် ဟာတာတာ ဖြစ်နေခဲ့သည်ကိုတော့ ဝန်ခံရပေလိမ့်မည်။

(၂)
ရထားက နေ့လည် ၁ နာရီ ခွဲ ထွက်မည်။ ၁ နာရီကျော်လောက်မှာ ဘူတာကို ရောက်သည်။ ဘူတာရောက်သည်နှင့် ဂျာမန်ရဟန်းက ငါ သွားတော့မယ်၊ ရမလားဟု မေးသည်။ အိုကေဟုသာ ပြောလိုက်သည်။ အမှန်မှာ ရထားရောက်လာသည်အထိ စောင့်စေချင်သည်။ ရထားထွက်သွားမှ ပြန်စေချင်သည်။ သို့ရာတွင် မြန်မာပီပီ အလျှော့မပေးချင်ပါ။ သူက မြန်မာလို ဆင်းရဲသားနိုင်ငံက လာတဲ့ စာရေးသူဟာ အစစအရာရာ အားငယ်လိမ့်မည်၊ စိတ်လှုပ်ရှားနေလိမ့်မည်၊ ကြောက်ရွံ့နေလိမ့်မည်၊ အခုသွားမည့်နေရာလို ဝိနည်းစည်းကမ်းတင်းကျပ်သောနေရာမှာလည်း အနည်းငယ် ဒုက္ခတွေ့လိမ့်မည်ဟု ထင်နေခဲ့သည်။

စာရေးသူကလည်း ပြောပြဖြစ်သည်။ အဲဒီကျောင်းက တင်းကျပ်တယ်ဆိုတာ ငါတို့ မြန်မာနိုင်ငံက စာသင်တိုက်အချို့ကို မမီပါဘူးဟု ပြောပြသည်။ သို့ရာတွင် သူက ယုံချင်သည့်လက္ခဏာမပြပေ။ ဘာပဲဖြစ်ဖြစ် ဘူတာမှာ စာရေးသူကို ထားခဲ့ပြီး သူ ပြန်သွားသည်။

အနီးစပ်ဆုံး ဘယ်သူ့ကို မိတ်ဖွဲ့ရမလဲ လိုက်ကြသည်။ ကပ္ပလီနှင့်ဂျာမန်သူစုံတွဲ၊ အဖိုးကြီးနှင့်အဘွားကြီးစုံတွဲ၊ ကျောင်းသူအရွယ်ကောင်မလေးတစ်ယောက်၊ အမျိုးသားတစ်ယောက်။ ကပ္ပလီစုံတွဲက ပတ်ဝန်းကျင်ကို လုံးဝဂရုစိုက်ပုံ မရ။ ကျောင်းသူမလေးနှင့်အမျိုးသားတစ်ယောက်ကတော့ စာရေးသူကို အနည်းငယ်သာ စောင်းကြည့်ပြီး ဖုန်းကလိနေကြသည်။ အဖိုးကြီးအဖွားကြီးတို့ကသာ စာရေးသူကို စိတ်ဝင်စားပုံ ရသည်။ ဒါကြောင့် သူတို့အနား ကပ်သွားပြီး နှုတ်ဆက်ဖြစ်သည်။ သို့ရာတွင် ကံမကောင်းခဲ့ပါ။ ဟလိုတစ်လုံးကလွဲပြီး အင်္ဂလိပ်လို လုံးဝပြောမရ၍ အားရပါးရပြုံးပြကာ အခြားတစ်ယောက်ဆီ သွားဖို့ ပြင်လိုက်သည်။

စုံတွဲဆီလည်း သွားလို့ မဖြစ်၊ ဖုန်းကလိနေသော ကောင်မလေးဆီလည်း သွားရမှာ တစ်မျိုးဖြစ်။ ဒါနဲ့ အမျိုးသားတစ်ဦးနား သွားပြီး ဟလိုဟု နှုတ်ဆက်လိုက်သည်။ သူက ဟလို နှုတ်ဆက်ရင်း လက်ကလည်း အားရပါးရ ဆွဲယမ်းနှုတ်ဆက်သည်။ သို့ရာတွင် သူလည်း အင်္ဂလိပ်လို မပြောတတ်။ ဘာပဲဖြစ်ဖြစ် သူက အတော်ခင်မင်ပုံရသဖြင့် သူ့နားမှာ ခဏထိုင်လိုက်သည်။

လက်ဟန်ခြေဟန်များဖြင့် စကားပြောကြသည်။ ကိုယ်သွားမည့် ခရီးစဉ်ကို လက်မှတ်ပြရင်း၊ မြေပုံပြရင်း သူ့ကို ပြောပြသည်။ သူကလည်း ဝမ်းသာအားရဖြင့် ရထား ဒုတိယအကြိမ် ပြောင်းစီးရမည့် ဘူတာအထိ သူလည်း လိုက်မှာဖြစ်ကြောင်း ပြောပြသည်။ စာရေးသူလည်း အတော်ဝမ်းသာသွားသည်။

သတ်မှတ်ထားသောအချိန်ထက် ၁ မိနစ်နောက်ကျပြီး ရထားရောက်လာသည်။ ရထားပေါ်တွင် ပထမတန်းနှင့်ဒုတိယတန်းဟု ၂ မျိုးသာရှိသည်။ ဒုတိယတန်းဆိုသော်လည်း ဆိုဖာနှင့်အတော်အတန်ကောင်းသော ခုံများ ဖြစ်သည်။ ရထားက အလုံဆိုတော့ အနည်းငယ် မွန်းကြပ်သလို ခံစားရသည်။ ရထားနံရံတွင် အပူပေးသံဇကာများကို တွေ့ရသည်။ ရထားက ၂/၃ မိနစ်ခန့်သာ ရပ်သည်။ ပြေးလမ်းပေါ်တွင် အရှိန်ဖြင့် မောင်းနှင်အားယူနေသော လေယာဉ်နှင့်တူလှသည်။

ရထားလမ်းဘေးဝဲယာတွင် စိမ်းလန်းစိုပြေလှသည်။ အိမ်များ၊ ဘုရားရှိခိုးကျောင်းများ၊ လမ်းများ၊ သစ်တောများ၊ စိုက်ခင်များ၊ ပန်းခင်းများဖြင့် အလွန်သာယာလှသည်။ ဟိုတုန်းက ကိုယ့်နိုင်ငံကို စိမ်းလန်းတဲ့မြေ စသည်ဖြင့် သီချင်းလုပ်ဆိုကြသည်။ သို့ပေတည့် အော် … တို့ဆီမှာ ဒီလောက် မစိမ်းလန်း၊ မလှပပါလားလို့ တွေးနေမိသည်။ လမ်းတစ်လျှောက် သွေ့ခြောက်သည့်နေရာဟူ၍ တစ်နေရာမှ မတွေ့ပါတကား။

ရထားပေါ်တွင် ဘူတာတွင် မိတ်ဆက်ခဲ့သူကို မင်းက ဘယ်ကလဲဟု မေးသည့်အခါ သူက ကမ္ဘာ့မြေပုံကြီးကို ထုတ်ကာ ပြသည်။ ကိုဆိုဗိုကဟု ဆိုသည်။ မင်းက မွတ်စလင်လားဟု စာရေးသူကို မေးသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဗုဒ္ဓဘာသာဟု မဖြေရဲပါ။ မွတ်စလင်မဟုတ်ဟုသာ ဖြေလိုက်သည်။ မွတ်စလင်မဟုတ်ဘဲ ဘာဖြစ်လို့ ခေါင်းပေါ်က အဝိုင်းကြီး ဆောင်းထားတာလဲတဲ့။ စာရေးသူဆောင်းခဲ့သော ခေါင်းစွပ်အသေးလေးကို ဆိုချင်ပုံရသည်။

လမ်းတစ်လျှောက်တွင် စာရေးသူက ရထားဘူတာများကို တစ်ခုပြီးတစ်ခု မှတ်သည်။ ရထားလက်မှတ်တွင်ပါသော ရထားဘူတာနာမည်များကို နိုင်ငံမြေပုံနှင့် တိုက်ကြည့်သည်။ ထိုကဲ့သို့ ခဏခဏ ကြည့်သည်ကို သူက စိုးရိမ်လို့ မြေပုံကြည့်သည်ထင်၍လား မသိ။ ဘာမှ မပူနဲ့၊ မင်း သွားမည့်နေရာကို ငါ သိတယ်။ အဲဒီရထားသွားတဲ့နေရာအထိ ငါ လိုက်ပို့မယ်၊ အဲဒီစာရွက်တွေကို ခဏခဏ ထုတ်မကြည့်နေပါနဲ့ဟု လက်ဟန်ခြေဟန်ဖြင့် ပြောပြသည်။ စာရေးသူကလည်း ငါ စိုးရိမ်လို့ မဟုတ်၊ ဗဟုသုတအဖြစ် ကြည့်ခြင်းဖြစ်ကြောင်း ပြောသော်လည်း နားမလည်၍ ထင်သည်၊ စာရွက်တွေကို သေချာခေါက်ပြီး စာရေးသူ၏ လွယ်အိတ်ထဲကို ထည့်လေသည်။

(၃)
၄၅ မိနစ်ခန့် ကြာသောအခါ ရထားပြောင်းစီးရမည့်ဘူတာသို့ ရောက်သည်။ သူကပင် လက်ဆွဲခေါ်လိုက်၊ လက်တို့ခေါ်လိုက် လုပ်သည်။ စာရေးသူက သေချာအောင် ဘူတာရဲများကို မေးမည်ပြုသောအခါ အတင်းဆွဲတားသည်။ မမေးနဲ့၊ ငါ့နောက်ပဲ လိုက်ဟု ဆိုသည်။ တစ်ခြားဗဟုသုတမေးချင်လို့ပါဟု ပြောသော်လည်း နားလည်ပုံမရ၊ ဒီနားမှာပဲ ရပ်နေ၊ ရထားက ဒီနား ရပ်မှာဟု ဆိုသည်။ ဘူတာတွင် ရထားများစွာ တန်းစီနေကြသည်။ အချို့ရထားများမှာ ၂ ထပ်ရထားများ ဖြစ်သည်။

တစ်ပါးတည်းခရီးသွားရသည်မှာ အနေခက်လှသည်။ ဘူတာမှာရော၊ ရထားပေါ်မှာပါ အတော်များများက အထူးအဆန်းသဖွယ် ကြည့်ကြသည်။ မီဒီယာခေတ်ဟု ဘယ်လောက်ပင်ဆိုဆို လက်တွေ့မြင်ရသောအခါ ဝတ်ပုံနေပုံက အတော်ပင် ထူးဆန်းနေပေလိမ့်မည်။ သတ်မှတ်ချိန်ရောက်သောအခါ ရထားဆိုက်လာသည်။ ဒီလိုနဲ့ နောက်ရထားပေါ် ရောက်သွားပြန်သည်။ အချိန်အလွန်တိကျသော ရထားများ ဖြစ်သည်။ နောက်ရထားပြောင်းစီးရမည့်ဘူတာရောက်ဖို့ ၂ နာရီကျော် အချိန်ကြာဦးမည်ဖြစ်သဖြင့် ခဏတာ မှေးဖို့ ပြင်လိုက်သည်။

(၄)
နောက် ၂ နာရီကျော် စီးပြီး သတ်မှတ်ချိန်ရောက်သည့်အခါ နောက်ထပ်ပြောင်းစီးရမည့်ဘူတာသို့ ဆိုက်လာသည်။ ဘူတာက ဆင်းဆင်းချင်း စာရေးသူနဲ့အတူ စီးလာသူက အတင်းဆွဲပြီး နောက်ရထားရှိသည့်ပလက်ဖောင်းသို့ ခေါ်သည်။ ဘာဖြစ်လို့ အမြန်ကြီး လုပ်နေတာလဲဟု မေးရာ သူကလည်း သူ့ဘာသာစကားဖြင့် ပြောရှာသည်။ သို့သော် ဘာမှ နားမလည်။ သူခေါ်ရာနောက်ကို လိုက်သွားလိုက်သည်။ စာရေးသူကို ရထားပေါ်ထိ လိုက်ပို့ပြီး ပွေ့ဖက်နှုတ်ဆက်သည်။ ပြီးလျှင် သူက အခြားရထားရှိရာသို့ ပြေးထွက်သွားလေသည်။ အဲဒီအချိန်ကျမှ သူ ဘာဖြစ်လို့ လောနေသလဲဆိုတာကို သဘောပေါက်သည်။

ဗုဒ္ဓဘာသာဘုန်းကြီး မမြင်ဖူးတဲ့ မွတ်စလင်တစ်ဦးနှင့် တွေ့ကြုံခဲ့ရပုံတစ်ခုကတော့ အမှတ်တရ ဖြစ်လှသည်။

နာရီဝက်ခန့် စီးပြီးသောအခါ စာရေးသူဆင်းရမည့်ဘူတာသို့ ဆိုက်သည်။ တောရကျောင်းက ဘုန်းကြီးနှင့် ဒကာတစ်ယောက်က အသင့်စောင့်နေသည်။ ရထားက ခဏလေး ငြိမ့်ရုံသာ ငြိမ့်သည်။ နှုတ်ဆက်ပြီးသောအခါ တောရကျောင်းလေးဆီသို့ ဦးတည်သွားကြသည်။ ဒါက ရွာဟု ပြောသည်။ သူတို့ ရွာကလည်း ရန်ကုန်က လမ်းမတွေထက် ညီညာသည်။ သန့်ရှင်းသည်။ ရွာက အိမ်တွေထဲ ကြည့်လိုက်သောအခါ နွားတွေ၊ ကျွဲတွေ မတွေ့ရဘဲ ထွန်စက်တွေ၊ ဇိမ်ခံကားတွေကိုသာ တွေ့ရသည်။

စိုက်ပျိုးရေးလုပ်သည့် တောသားကြီးများကို တွေ့ချင်လှပါဘိနှယ်။ ထင်းရူးတောတန်းများ၊ စိုက်ခင်းများ၊ ကျို့တို့ကျဲတဲ အိမ်ခြေအချို့ကို ဖြတ်သန်းပြီး ၁ဝ မိနစ်ခန့်ကြာသောအခါ တောရကျောင်းလေးကို ရောက်သည်။ ဟိုးကတည်းက ဗွီဒီယိုကလစ်လေးကို ကြည့်ဖူးထားသော နေရာလေးကို တွေ့ရသောအခါ ရင်ထဲတွင် ဝမ်းသာခြင်း၊ စိတ်လှုပ်ရှားခြင်းများ ဖြစ်ရသည်။

(အရှည်ကြီး ဖတ်ရတာ ပျင်းသွားမှာစိုးလို့ အပိုင်းခွဲပြီး တင်လိုက်တယ်။ စိတ်ဝင်စားရင် မျှော်စေသတည်း)။

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails