Dictionary/အဘိဓာန်

Blogspot Dictionary

Blogspot Dictionary

Wednesday, April 23, 2014

နောက်ထပ် ဆစ်ကင်း

ဒလိုင်းလားမာ အတ္ထုပ္ပတ္တိဇာတ်ကားကို ကြည့်တုန်းက ဒလိုင်းလားမားကို မော်စီတုန်းက “Religion is poison -ဘာသာရေးဆိုတာ အဆိပ်”လို့ ပြောတဲ့စကားကို အမှတ်ရနေပါတယ်။ နောက်ပြီး “ဘာသာဆိုတာ ဘိန်းနဲ့တူတယ်”ဆိုတဲ့စကားလည်း ရှိပါတယ်။ ဘာသာရေးသမားတွေကတော့ ကန့်ကွက်ကြတာပဲ။ ဘယ်လိုပင် ကန့်ကွက်ကန့်ကွက် အနေအထားမကျရင် အဲဒီစကားတွေက မှန်နေတတ်ပြန်ပါတယ်။ နေရာတိုင်းကိုတော့ မဆိုလိုပါဘူး။ အနေအထားမကျရင်ဆိုတဲ့ စကားက ကျယ်ပြန့်ပါတယ်။

စာလေးတစ်ပုဒ် ဖတ်ဖူးတယ်။ ကျွန်းလေးတစ်ကျွန်းမှာ သူတို့ ယုံကြည်မှုနဲ့သူ အေးချမ်းပျော်ရွှင်နေတဲ့ လူမျိုးစုလေးတွေ ရှိတယ်။ နောက်ပိုင်းမှာ ကမ္ဘာ့ဘာသာကြီးတွေက စေတနာရှင်တွေအသွင်နဲ့ သာသနာပြု ရောက်သွားကြတယ်။ အေးချမ်းနေတဲ့ လူမျိုးစုလေးဟာ စိတ်ဝမ်းတွေ ကွဲကုန်တယ်။ အချင်းချင်း မညီညွတ်မှုတွေ ဖြစ်သွားတယ်။ နောက်ပိုင်းမှာ ဘာသာရေးပဋိပက္ခတွေ ဖြစ်ပြီး အေးချမ်းတဲ့ကျွန်းလေးဟာ မငြိမ်းမချမ်း အခြေအနေတွေကို ပိုင်ဆိုင်လိုက်ရတယ်။ ဒါကြောင့်ပဲ “ဘာသာရေးဆိုတာ ပေါက်ကွဲအားပြင်းထန်တဲ့ ဗုံးနဲ့တူတယ်”လို့ ဆိုကြပြန်တာ ဖြစ်ပေလိမ့်မယ်။

ရန်ကုန်၊ ပုလဲမြို့သစ်က လူမှုရေးအသင်းအဖွဲ့ လူငယ်တစ်ဦးက ပြောတယ်။ “ကမ္ဘာ့နိုင်ငံကြီးတွေက မြန်မာနိုင်ငံဟာ ဘာသာရေးလွတ်လပ်ခွင့် မရှိဘူး။ ဘာသာခြားတွေကို နှိပ်ကွပ်တယ်”လို့ ပြောရင် မခံချင်ပါဘူး။ မကျေနပ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဘာသာဝင်တိုင်းရဲ့ အထိမ်းအမှတ် ကျောင်းတွေဟာ ဥရောပနိုင်ငံအချို့မှာထက်ကို မြောက်မြားစွာ ဆောက်ခွင့်ပြုထားလို့ပါပဲ”တဲ့။

သူက ဆက်ပြောသေးတယ်။ “ဥရောပနိုင်ငံကြီးတွေ၊ တခြားမူစလင်နိုင်ငံတွေဟာ သူတို့ မြေပေါ်မှာ တရားဝင် ဗုဒ္ဓဘာသာကျောင်းတွေ ဘယ်နှစ်ကျောင်းများ ဆောက်ခွင့်ပြုပါသလဲ။ ဘာသာရေးအခမ်းအနားတွေကို ဘယ်လောက်ထိ လွတ်လပ်စွာ လုပ်ခွင့်ပြုပါသလဲ။ ကျွန်တော်က မလေးရှားမှာ အလုပ်လုပ်ဖူးတယ်။ ဗုဒ္ဓဘာသာတွေအပေါ်မှာ မူစလင်တွေ ဘယ်လို သဘောထားသလဲ။ ဒါကို နားလည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မလေးရှားဆိုတာ မူစလင်နိုင်ငံလေ။ မူစလင်နိုင်ငံဖြစ်လို့ မူစလင်ဘာသာကို ဦးစားပေးတယ်။ ဘာမှ ပြောစရာ မရှိပါဘူး။ သူတို့ကို မူစလင်ဘာသာကိုတော့ ဦးစားပေးမယ်။ ဗုဒ္ဓဘာသာကို ဦးစားမပေးဘူး၊ ခရစ်ယာန်ဘာသာကို ဦးစားမပေးဘူးလို့ ဘယ်တော့မှ ဝေဖန်မိမှာ မဟုတ်ပါဘူး”လို့ အားရပါးရ ပြောနေပါတယ်။

ဟုတ်ပါတယ်။ တစ်နိုင်ငံလုံး မူစလင်ဖြစ်နေတဲ့ နိုင်ငံမှာ တစ်ခြားဘာသာတစ်ခုခုက ၀င်ရောက်ဆွဲဆောင် သိမ်းသွင်းနေပြီဆိုရင် ဒေသခံ မူစလင်တွေ စိတ်ဆင်းရဲတော့မယ်။ ဒါ ထုံးစံပဲ။ ခရစ်ယာန်ကြီးစိုးတဲ့ နိုင်ငံမှာလည်း ထို့အတူပဲပေါ့။ “ဒါ ဒီမိုကရေစီခေတ်ကွ၊ လူတိုင်းလူတိုင်းဟာ လွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့်ရှိတယ်”လို့ ဆိုပြီး အကုန်လိုက်ရမ်းနေရင်တော့ ဒါ နည်းလမ်းမကျသေးဘူးလို့ ထင်ပါတယ်။

ဒီမိုကရေစီဆိုတာ အချင်းချင်း လေးစားတန်ဖိုးထားစိတ်အပေါ်မှာ အခြေတည်မှ ဒီမိုကရေစီ စစ်တာပါ။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဗရမ်းဗတာ(လွတ်လွတ်လပ်လပ်) တိုက်ခိုက်နေကြတာဟာ ဒီမိုကရေစီ မဟုတ်ပါဘူး။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ တန်ဖိုးထားစိတ်နဲ့ အချင်းချင်းနားလည်မှုထားပြီး လုပ်ဆောင်ကြမှသာ ဒီမိုကရေစီ ဖြစ်တာပါ။ လူသားရဲ့ လွတ်လပ်ခွင့်ကို အကြောင်းပြပြီး ဗရမ်းဗတာ ပြော၊ ဗရမ်းဗတာ လုပ်လို့ မရပါဘူး။ အခြေအနေနဲ့ အချိန်အခါကိုလည်း ကြည့်ရပါအုံးမယ်။ “လူပျိုပဲကွ၊ အပျိုကို ရည်းစားစကားပြောတာ ဘာဖြစ်လဲ”ဆိုပြီး အခြေအနေနဲ့ အချိန်အခါကို မကြည့်ဘဲ လိုက်ပြောနေလို့ မရပါဘူး။

ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ မိမိတို့ ယဉ်ကျေးမှုနဲ့ အမျိုးသားရေးလက္ခဏာဆိုတာတွေကို ဝေဖန်သုံးသပ်နိုင်ဖို့အတွက် ဘူတန်နိုင်ငံက ဘာသာကူးပြောင်းမှု တားဆီးဆန့်ကျင်ရေးဥပဒေ (Anti-Conversion Law) ထုတ်ပြန်ပြဋ္ဌာန်းချိန်က အဖြစ်အပျက်လေးများကို မီးမောင်းထိုးပြောပြချင်ပါတယ်။ အဲဒီအဖြစ်အပျက်လေးတွေကို ဖတ်တဲ့အခါတိုင်း မိမိတို့ မြန်မာနိုင်ငံက အခြေအနေများနဲ့ စိတ်ကူးထဲမှာ နှိုင်းယှဉ်သုံးသပ်သွားဖို့ မေတ္တာရပ်ခံပါရစေ။

ဘာသာကူးပြောင်းမှုဥပဒေ ထွက်လာတာနဲ့ ခရစ်ယာန်သာသနာပြုတွေက မီဒီယာမျိုးစုံကို သုံးပြီးတော့ “ဘူတန်တွေဟာ ခရစ်ယာန်တွေကို နှိမ်နေပါတယ်။ ဘူတန်ယဉ်ကျေးမှုဆိုတာကလည်း ရှေးဦး မယဉ်ကျေးမီခေတ်က ပုံစံတွေလို ဖြစ်နေတယ်၊ ဒါကြောင့် သူတို့အနေနဲ့ လူယဉ်ကျေးတွေ ဖြစ်အောင် သာသနာပြုရပါတယ်”စသဖြင့် ဘာသာကူးပြောင်းမှုဥပဒေကို ကန့်ကွက်ရေးသားပြီး ဖိအားပေးကြတယ်။

ဘူတန်ကတော့ သူ့အကြောင်းပြချက်နဲ့သူ ထုတ်ပြန်လိုက်တာပါ။ အစိုးရရဲ့ ဒီအကြောင်းပြချက်တွေဟာ မူမမှန်တဲ့အကြောင်းပြချက်တွေဖြစ်ကြောင်း၊ ခရစ်ယာန်တွေကို နှိပ်ကွပ်နေကြောင်း စသဖြင့် ကမ္ဘာ့မီဒီယာတွေကို သုံးပြီး ခရစ်ယာန်တွေက ဝေဖန်ကြပြန်ပါတယ်။

ဥပဒေရဲ့ ဆိုလိုချက်အပြည့်အစုံကတော့ “ဘူတန်နိုင်ငံ၏ ပြစ်မှုဆိုင်ရာဥပဒေ၊ အပိုဒ် ၄၆၃ အရ တစ်စုံတစ်ယောက်ဟာ တစ်စုံတစ်ယောက်ကို ဘာသာရေးအရ ဆွဲဆောင်သိမ်းသွင်းခြင်း သို့မဟုတ် သိမ်းသွင်းသည့်ပုံစံတစ်မျိုးမျိုးဖြင့် ဘာသာတစ်ခုမှ ဘာသာတစ်ခုသို့ ပြောင်းလဲအောင် အားထုတ်လျှင် ဘာသာရေးဆွဲဆောင်သိမ်းသွင်းမှု အပြစ်ဒဏ်သက်ရောက်စေရမည်”လို့ ဖြစ်ပါတယ်။

မြို့တော် သင်းဘူး (Thimphu)က အမည်မဖော်လိုတဲ့ သင်းအုပ်ဆရာတစ်ဦးက “ဒီ ဘာသာကူးပြောင်းမှုဆန့်ကျင်ရေး ဥပဒေက အတည်ပြုလုနီးနီး ဖြစ်နေပါပြီ၊ ဒါပေမယ့် အခုချိန်မှာ လက်တွေ့အကောင်အထည်ဖော်မှုတော့ မရှိသေးပါဘူး၊ ဒီဥပဒေက ခရစ်ယာန်ဘာသာဝင် တိုးပွားမှုကို ဦးတည်တိုက်ခိုက်တာ ဖြစ်ပုံရပါတယ်”ဟု ဝေဖန်ပါတယ်။ ဒီလေသံကို လိုက်ပြီးတော့ ကမ္ဘာ့မီဒီယာတွေကလည်း ဘူတန်ဗုဒ္ဓဘာသာတွေဟာ ရက်စက်ကြောင်း၊ ဘာသာခြားများအပေါ် အကြမ်းဖက်ကြောင်း စသဖြင့် သံပြိုင်ဖိအားပေးကြပါတယ်။

ဘူတန်၊ ပါလီမန်တစ်ယောက်ဖြစ်တဲ့ ကွင်လေးရှာရင်း (Kuenlay Tshering)ကတော့ “ဒီဥပဒေဟာ ဘူတန်ဘုရင့်နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံဥပဒေနဲ့ ကိုက်ညီတယ်၊ ဖွဲ့စည်းပုံဥပဒေမှာ - ဘူတန်နိုင်ငံသားတိုင်းဟာ လွတ်လပ်စွာတွေးခေါ်ခွင့်၊ ဘာသာရေးလွတ်လပ်ခွင့် ရှိပါတယ်၊ ဘယ်သူကမှ ဘာသာရေးဆွဲဆောင်သိမ်းသွင်းမှုနည်းနဲ့ အခြားဘာသာအတွင်းကို မသွတ်သွင်းစေရ-လို့ ပါရှိပါတယ်”လို့ ကမ္ဘာ့မီဒီယာတွေကို တုန့်ပြန်ပါတယ်။ ဒါပေမဲ့ အားလုံးသိကြတဲ့အတိုင်း ကမ္ဘာ့မီဒီယာဆိုတာလည်း အင်အားကြီးသူနောက်ပဲ လိုက်တတ်တာဆိုတော့ ဘူတန်အစိုးရရဲ့တုန့်ပြန်သံတွေကတော့ ကျယ်ပြန့်မှု မရှိလှပါဘူး။ “နိုင်ငံတော်က ဒီဥပဒေကို ဖောက်ဖျက်သူကို သုံးနှစ်ထက်လျော့နည်းတဲ့ ထောင်ဒဏ်အပြစ်ပေးနိုင်တဲ့ အသေးအဖွဲကိစ္စတစ်ရပ်အနေနဲ့ပဲ သုံးသပ်ထားပါတယ်”လို့လည်း ကွင်းလေးရှာရင်းက ဆိုပါတယ်။

“ဒီလို ဥပဒေမျိုးကို အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာလည်း ပြဋ္ဌာန်းထားတာပဲ။ ဒါပေမဲ့ သူတို့ကတော့ ဘာသာရေးသိမ်းသွင်းမှုဆိုတဲ့ဝေါဟာရကို မရေမရာလုပ်ထားပြီး ခရစ်ယာန်တွေကို ခြိမ်းခြောက်ဖို့အတွက် မှားယွင်းစွာ အသုံးပြုနေကြပါတယ်၊ ဒါကို ကျွန်တော်တို့ သတိထားပါတယ်၊ ကျွန်တော်တို့ကတော့ အဲဒီလို မဖြစ်စေရပါဘူး”လို့လည်း ဖြည့်စွက်ပြောကြားပါတယ်။

ဘူတန်နိုင်ငံဟာ လူဦးရေ ၆၈၃၄၀၇ ရှိတဲ့အနက် ၇၅ ရာခိုင်နှုန်းက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေက နိုင်ငံရဲ့ အနောက်ဘက်နဲ့ အရှေ့ဘက်ခြမ်းတွေမှာ အဓိက နေကြပါတယ်။ နီပေါလ်လူမျိုးစုဝင်တွေဖြစ်တဲ့ ခန့်မှန်းခြေ ၂၂ ရာခိုင်နှုန်းလောက်ရှိတဲ့ ဟိန္ဒူဘာသာဝင်တွေကတော့ နိုင်ငံရဲ့ တောင်ပိုင်းဒေသတွေမှာ နေထိုင်ကြပါတယ်။ ခရစ်ယာန်တွေကတော့ ၆၀၀၀-လောက်သာ ရှိပါတယ်။ အများစုကတော့ နီပေါလ်လူမျိုးစုတွေ ဖြစ်ပါတယ်။ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနဲ့ တရားဝင်စာသင်ကျောင်းတော့ မရှိပါဘူး။ သမ္မာကျမ်းစာကိုတော့ ဘူတန်ဘာသာစကားနဲ့ နီပေါလ်ဘာသာစကားတွေနဲ့ ဘာသာပြန်ထားတာ ရှိပါတယ်။ ဘူတန်ဖွဲ့စည်းပုံဥပဒေက ဘာသာရေးလွတ်လပ်ခွင့်ကို အာမခံပေးထားပေမဲ့ အစိုးရကတော့ ခရစ်ယာန်တွေရှိနေတာကို တရားဝင် အသိအမှတ် မပြုပါဘူး။

ဘူတန်နိုင်ငံရဲ့ တရားဝင်ဝက်ဘဆိုက်မှာ “မဟာယာန်ဗုဒ္ဓဘာသာရဲ့ ဂိုဏ်းကွဲတစ်ခုဖြစ်တဲ့ ဒရုပ်ပ ကတ်ဂျူးဂိုဏ်း (Drukpa Kagyue school)ဟာ နိုင်ငံတော်ဘာသာ ဖြစ်ပါတယ်။ တောင်ပိုင်းကတော့ ဟိန္ဒူဘာသာလွှမ်းမိုးမှု ရှိပါတယ်။ နိုင်ငံရဲ့ အချို့ဒေသတွေမှာတော့ သေလွန်သူကို ကိုးကွယ်မှု၊ တိရစ္ဆာန်ကိုးကွယ်မှုနဲ့ နတ်ကိုးကွယ်မှု အကြွင်းအကျန်တွေ တည်ရှိနေဆဲ ဖြစ်ပါတယ်”လို့ တွေ့ရပါတယ်။

ခရစ်ယာန်ဘာသာနဲ့ပတ်သက်တာကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။
“ဘူတန်နိုင်ငံဟာ နှစ်ပေါင်း ၁၀၀-ကျော်သက်တမ်းရှိတဲ့ ဘုရင်စနစ်ကို ကျင့်သုံးဆဲ ဖြစ်ပါတယ်။ ၂၀၀၈-ခုနှစ်၊ ပထမဦးဆုံး ရွေးကောက်ပွဲအပြီးမှာ ဒီမိုကရေစီနိုင်ငံ ဖြစ်လာခဲ့တယ်။ အဲဒီအချိန်ကစပြီး ဘူတန်ဟာ ဘာသာရေးလွတ်လပ်ခွင့်အပါအ၀င် ကိစ္စရပ်များစွာကို လွတ်လွတ်လပ်လပ် လုပ်ဆောင်လာခဲ့ကြတယ်။ ဒါဆိုရင် နောက်ထပ် ဘာသာရေးတွေ ဘာဖြစ်လို့ လိုအပ်နေအုံးမလဲ”လို့ ပြည်ထဲရေးနဲ့ယဉ်ကျေးမှုဝန်ကြီး ဒေါ်ဂျိက ပြောပါတယ်။

“ဘူတန်ဟာ ခရစ်ယာန်ဘာသာတင် မဟုတ်ပါဘူး၊ ဘယ်ဘာသာရေးယုံကြည်မှုတွေနဲ့မှ ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ ခင်ဗျားတို့ သိထားရမှာက ဘူတန်ဆိုတာ လူဦးရေ ၆၀၀၀၀၀ ကျော်လောက်သာ ရှိတဲ့ နိုင်ငံသေးသေးလေးတစ်ခုပါ။ ကျွန်တော်တို့ အများစုဟာ ဗုဒ္ဓဘာသာတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ ဟိန္ဒူရှိတယ်၊ ခရစ်ယာန်ရှိတယ်။ ကဲ… ဒါဆိုရင် ကျွန်တော်တို့ နောက်ထပ်ဘာသာရေးတွေ ထပ်ပြီး လိုသေးလို့လား”လို့လည်း ဆက်ပြောသွားပါတယ်။

ဘူတန်နိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေးအခြေအနေအရပ်ရပ်ဟာ ဗုဒ္ဓဘာသာနဲ့ နီးနီးကပ်ကပ် ဆက်သွယ်မှု ရှိနေပါတယ်။ ဒေါ်ဂျိဦးဆောင်တဲ့ ပြည်ထဲရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနက မြို့တော် သင်းဘူးမှာ ရှိပ်ချိုဇောင်း (Tashichho Dzong)လို့ ကျော်ကြားတဲ့ ဧရာမဘုန်းတော်ကြီးကျောင်းအတွက် ၀င်ရောက်လုပ်ကိုင်ပေးပါသေးတယ်။

“ဗုဒ္ဓဘာသာဟာ ဘူတန်ပြည်သူတွေကို အတူတကွ ရှင်သန်စေပြီး ညီညွတ်စေပါတယ်။ ဘူတန်လူမျိုးတွေရဲ့ လူမှုဘ၀ဟာ ဇောင်းဘုန်းတော်ကြီးကျောင်းမှာ ဗဟိုပြုနေပါတယ်”လို့ ဒေါ်ဂျိက ရှင်းပြပါတယ်။

“ခင်ဗျားတို့ အိန္ဒိယကို ကြည့်လိုက်ပါ၊ ဘာသာရေးပေါင်းစုံပူးတွဲနေတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် တင်းမာမှုတွေ၊ သွေးချောင်းစီးမှုတွေ မကြာခဏ ဖြစ်နေတာကို တွေ့ပါလိမ့်မယ်။ ဘူတန်ကို အဲဒီလို မဖြစ်စေချင်ပါဘူး။ ကျွန်တော်တို့ဟာ အိန္ဒိယနဲ့ တရုတ်ဆိုတဲ့ နိုင်ငံကြီးနှစ်ခုကြားမှာ ရပ်တည်နေရတာပါ။ ဘူတန်လူမျိုးတွေဟာ ဘယ်တုန်းကမှ ကိုလိုနီနိုင်ငံ မဖြစ်ခဲ့ပါဘူး။ အဲဒီအတွက် ကျွန်တော်တို့ ဂုဏ်ယူပါတယ်။ ဘူတန်ဆိုတာ သမိုင်းကြောင်းအရ သူ့ အသက်ရှင်ရပ်တည်ရေးအတွက်သာ စိတ်ဝင်စားပါတယ်။ ဘူတန်လူမျိုးတွေဟာ စစ်တိုက်ဖို့ထက် သူတို့ရဲ့ ထူးခြားတဲ့ ယဉ်ကျေးမှုနဲ့ အချုပ်အခြာအာဏာကိုသာ မက်မောကြပါတယ်”လို့လည်း ရှင်းပြပါတယ်။

၂၀၀၈-ခုနှစ်မှာ ထုတ်ပြန်တဲ့ အခြေခံဥပဒေကလည်း ဘူတန်နိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ကာကွယ်ဖို့နဲ့ ဗုဒ္ဓဘာသာဟာ နိုင်ငံတော်ရဲ့ အမွေအနှစ်တစ်ခုဖြစ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။ ဘူတန်နိုင်ငံဟာ သူတို့ဘာသာစကား၊ သူတို့ရိုးရာဝတ်စုံတွေကိုပဲ အသုံးပြု၊ ၀တ်ဆင်ကြဖို့ တင်းတင်းကျပ်ကျပ် စည်းကမ်းသက်မှတ်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်ရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ တိုးတက်ပြန့်ပွားစေဖို့ ဖြစ်ပါတယ်။ ဘူတန် အမျိုးသားတွေဟာ သူတို့အလုပ်သွားတဲ့အခါ သို့မဟုတ် လူထုအစုအဝေးတွေကို သွားတဲ့အခါတွေမှာ ဂို (Gho) လို့ခေါ်တဲ့ ဒူးထိရှည်တဲ့ ၀တ်ရုံကြီးကို ၀တ်ရပါတယ်။ ပြီးရင် ခါးမှာ အ၀တ်စနဲ့လုပ်တဲ့ ခါးပတ်စီးရပါတယ်။ အမျိုးသမီးတွေကတော့ ကိရာ (kira)လို့ ခေါ်တဲ့ ပုခုံးတစ်ဖက်ပေါ် ခြေချင်းဝတ်ထိရှည်တဲ့ ခါးမှာခါးပတ်ပတ်ထားရတဲ့ ၀တ်ရုံကြီးကို ၀တ်ရပါတယ်။ မလိုက်နာသူတွေကို ဒဏ်ငွေဆောင်ရခြင်း သို့မဟုတ် ထောင်ဒဏ်အပြစ်ပေး ခံရနိုင်ပါတယ်။

အမည်မဖော်လိုတဲ့ အစိုးရ အရာရှိတစ်ဦးက “ခင်ဗျားတို့ ကြည့်လေ၊ တိဗက်ကို တရုတ်တွေက သူတို့ပြည်နယ် လုပ်ပစ်တယ်၊ ဆစ်ကင်းနိုင်ငံကို အိန္ဒိယက သူတို့ပြည်နယ် လုပ်ပစ်တယ်။ ဒီတော့ ဒီနိုင်ငံကြီး နှစ်နိုင်ငံထဲက ဘယ်နိုင်ငံက ကျုပ်တို့ကို သိမ်းသွားမလဲ။ ဒီကိစ္စကို ဘူတန်ပြည်သူတိုင်းက စိုးရိမ်နေကြတာပါ”လို့ ပြောပါတယ်။

“ခင်ဗျားတို့ သိတဲ့အတိုင်းပဲ၊ ဆစ်ကင်းနိုင်ငံဆိုတာ အိန္ဒိယရဲ့ အရှေ့မြောက်ခြမ်းမှာ တည်ရှိတာပါ။ အခုတော့ အိန္ဒိယရဲ့ ပြည်နယ်တစ်ခုပေါ့။ တကယ်တော့ ဆစ်ကင်းဆိုတာ ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံတစ်ခုလေ။ ဗုဒ္ဓဘာသာနိုင်ငံတစ်ခုလေ။ အဓိကလူမျိုးတွေက ဘောတိယနဲ့ လက်ပ်ချားလူမျိုးတွေ။ နောက်ပိုင်း နီပေါလ်တွေက ၀င်လာတယ်။ သူတို့က ဟိန္ဒူဘာသာဝင်တွေ ဖြစ်တယ်။ နောက်ပိုင်းမှာ ဒေသခံလူမျိုးတွေထက် နီပေါလ်တွေက အင်အားသာသွားတယ်။ ၁၉၇၅-ခုနှစ်၊ ဆန္ဒခံယူပွဲအရ ဆစ်ကင်းကို အိန္ဒိယရဲ့ ပြည်နယ်တစ်ခုအဖြစ် သက်မှတ်လိုက်ကြတယ်။ ဆစ်ကင်းရဲ့ ၇၅-ရာခိုင်နှုန်းသော ပြည်သူတွေဟာ နီပေါလ်တွေပါ။ သူတို့တွေဟာ အိန္ဒိယနဲ့ မပေါင်းချင်ပါဘူးလို့ မဲပေးခဲ့ကြတာပါ။ ဒီမိုကရေစီဆိုတာ မဲများတာကို ကိုယ်စားပြုတယ်ဆို။ ကဲ….. ဘာလဲ ဒီမိုကရေစီဆိုတာ….”လို့လည်း ဆက်ရင်ဖွင့်ပါတယ်။

ဆစ်ကင်းနိုင်ငံလေးရဲ့ အဖြစ်အပျက်တွေက ဘူတန်ကို အိန္ဒိယပြည်နယ်မဖြစ်စေဖို့ သတိပေးနေပါတယ်။ ယနေ့ ရခိုင်ဒေသနဲ့မြန်မာပြည်အနှံ့အပြားမှာ ဗုဒ္ဓဘာသာဝင်တွေ စိုးရိမ်နေတဲ့အချက်ဟာ ဘူတန်တွေ စိုးရိမ်နေပုံနဲ့ သိပ်တူနေပါတယ်။ ပြီးခဲ့တဲ့ “မျိုးစောင့်ဥပဒေနှင့်လူ့အခွင့်အရေး”ဆောင်းပါးမှာလည်း စာရေးသူ တင်ပြခဲ့ဖူးပါတယ်။ ရခိုင်ပြည်နယ်ရဲ့ အချို့ဒေသတွေဟာ ကနဦးက ရခိုင်လူမျိုးတွေက ဒေသခံတွေပါ။ နောက်ပိုင်းမှာ တစ်ဖက်နိုင်ငံက ဘင်္ဂါလီလူမျိုးများ ဝင်ရောက်လာခဲ့တယ်။ ရခိုင်လူမျိုးက အနည်းစု ဖြစ်သွားတဲ့အထိပဲ။ ဒါက နယ်စပ်ဒေသအခြေအနေပဲ ရှိသေးတယ်။

မြန်မာနိုင်ငံရဲ့ အချို့ဒေသတွေမှာလည်း လူဦးရေတိုးပွားမှုနဲ့၎င်းတို့ရဲ့ လွှမ်းမိုးမှုက သိသိသာသာ ဖြစ်လာနေခဲ့တယ်။ ဒီလို ခိုင်မာတဲ့အချက်အလက်တွေကြောင့် ဆရာတော်သံဃာတော်များနဲ့ မိမိကိုယ်ကို တာဝန်ရှိတယ်လို့ နားလည်တဲ့ ဗုဒ္ဓဘာသာတွေက အသိပေးလုပ်ဆောင်လာကြတာ ဖြစ်ပါတယ်။

ဘူတန်နိုင်ငံ တာဝန်ရှိသူတွေ ပြောတဲ့စကားတွေကို ကြည့်ပြီး စာရေးသူတော့ အားငယ်မိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မိမိတို့နိုင်ငံတာဝန်ရှိသူတွေကတော့ ဟိုလက်ညှိုးထိုး ဒီလက်ညှိုးထိုးနဲ့ ဘာမှ ထိထိရောက်ရောက် ပြောဆိုလုပ်ကိုင်ပေးမယ့်အလားအလာ မတွေ့ရလို့ပါပဲ။

“၁၉၈၀-နှစ်များတုန်းက ဘူတန်ဘုရင်ဟာ နိုင်ငံရဲ့အချုပ်အခြာအာဏာတည်မြဲရေးနဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ဖို့အတွက် “နိုင်ငံတစ်ခု လူမျိုးတစ်မျိုး အစီအစဉ် (one-nation-one-people campaign)”ကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ ဒီအစီအစဉ်က တော်လှန်တဲ့ နီပေါလ်လူမျိုးတွေကို မျက်နှာသာ မပေးခဲ့ပါဘူး။ တော်လှန်တဲ့ နီပေါလ်တွေနဲ့ အာဏာပိုင်တွေဟာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြတယ်။

“တကယ်တော့ ဒီနီပေါလ်လူမျိုးတွေဟာ သူတို့ဆန္ဒအလျောက် ကျွန်တော်တို့ ဘူတန်နယ်မြေထဲကို ကျူးကျော်ဝင်လာပြီး နေထိုင်နေကြတာ ဖြစ်တယ်။ ကျွန်တော်တို့နယ်မြေကို တစ်နည်းတစ်ဖုံ ကျူးကျော်နေထိုင်နေကြတာပဲ။ ဘယ်ဘူတန်လူမျိုးကမှ လာပါ လာကြပါလို့ ဖိတ်ခေါ်ထားတာ မဟုတ်ပါဘူး။ သူတို့က လူဦးရေ ၁-သိန်းခန့် ရှိတယ်။ သူတို့ကို တိုင်းပြည်ကနေ နှင်ထုတ်ခဲ့ကြရပါတယ်”လို့လည်း ဆိုပါတယ်။

အစိုးရဟာ တော်လှန်သူတွေအပေါ် ဘာကြောင့် မငဲ့ညှာရသလဲဆိုတဲ့ မေးခွန်းအပေါ်မှာ “ကျွန်တော်တို့ ဘူတန်ဟာ နောက်ထပ် ဆစ်ကင်းပြည်နယ် မဖြစ်ချင်ပါဘူး”လို့ ရိုးရိုးရှင်းရှင်းလေးပဲ ဖြေပါတယ်။ စာရေးသူတို့လည်း “ကဲ ခင်များတို့ရော နောက်ထပ် ဆစ်ကင်းပြည်နယ် ဖြစ်ချင်ကြပါသလား”လို့ တာဝန်ရှိသူများကို မေးရမလို ဖြစ်နေပြီ။

အရှင်ကုသလသာမိ(အတည်မဲ့)

Ref: Buddhist Bhutan Proposes ‘Anti-Conversion’ Law by Vishal Arora

No comments: