Friday, January 24, 2014

တစ္ဆေသုတေသန ဦးခနှင့် သူ၏ တွေ့ရှိချက်များ (၂)





အားလုံးပဲ မင်္ဂလာပါဗျာ။ ကျုပ်ဦးခရဲ့ တွေ့ရှိချက် နောက်တစ်ခုကို ပြောပြမယ်။ အချို့လည်း အတော်စိတ်ဝင်စားကြပုံပဲဗျ။ ချက်ဘောက်စ်ကနေ တကယ်ဖြစ်ပျက်ခဲ့တာလား၊ အဲဒီရွာကို အခု သွားကြည့်ချင်စိတ်တောင် ဖြစ်မိတယ် …. စတဲ့စတဲ့ မေးခွန်းတွေ၊ စိတ်ပါဝင်စားမှုတွေ ပေးပို့ကြတယ်။ ဒီတော့လည်း ကျုပ်ဦးခ သုတေသနပြုရကျိုး၊ တင်ပြရကျိုး နပ်တာပေါ့ဗျာ။ ကျုပ်ဦးခနဲ့မှ တိုက်တိုက်ဆိုင်ဆိုင် ဟိုတစ်နေ့က MRTV 4 မှာ အမေရိကမှာလည်း တစ္ဆေသုတေသနပြုကြတယ်ဗျ။ ကျုပ်တို့ဆီမှာတင် မဟုတ်ဘူး။ သူတို့လည်း သုတေသနပြုကြတာပဲဗျ။ ခင်များတို့ ယုံယုံ မယုံယုံဗျာ။ သူတို့ သုတေသနပြုထားတာ ကျုပ်ဦးခတွေ့ရှိချက်တွေကို မမှီပါဘူးဗျာ။ 

အဲဒီမှာ ယုံတဲ့သူတွေ၊ မယုံတဲ့သူတွေကို အင်တာဗျူးလုပ်တာလေးတွေ ပါတယ်ဗျ။ ယုံတဲ့သူကလည်း ဘာကြောင့်ယုံတယ်ဆိုတာကို ရှင်းပြတယ်။ မယုံတဲ့သူတွေကလည်း မယုံတဲ့အကြောင်း ရှင်းပြတယ်။ စိတ်ဝင်စားစရာတော့ ကောင်းတယ်ဗျ။

သူတို့တွေက သရဲခြောက်တယ်ဆိုတဲ့ အိမ်တွေကို သွားပြီး လေ့လာကြတယ်ဗျ။ အဲဒီမှာ သူတို့ပြောတဲ့အထဲက စိတ်ဝင်စားစရာတစ်ခုကတော့ သရဲခြောက်တယ်ဆိုတဲ့ နေရာတွေမှာ သံလိုက်ဓာတ်တွေ ရှိတယ်။ အဲဒီဓာတ်တွေကြောင့် အဲဒီနေရာရောက်ရင် စိတ်ခံစားမှုတွေ ပြောင်းသွားတတ်တယ်တဲ့။ အဲဒီဓာတ်တွေရှိတဲ့နေရာရောက်ရင် စိတ်ခြောက်ခြားသွားတတ်ကြပြီး သရဲခြောက်တယ်တွေ ဘာတွေ ဖြစ်သွားတာတဲ့။ ထားပါတော့ဗျာ။ 

သူတို့တွေက ကျုပ်ဦးခလို လက်တွေ့အဖြစ်အပျက်တွေကို သိမှ မသိကြတာ ဟဲဟဲ။ ကဲဗျာ ပြောနေတာကြာတယ်။ ကျုပ်ဦးခရဲ့ တွေ့ရှိချက်(၂)ကို ပြောပြမယ်ဗျာ။
ပြီးခဲ့တဲ့ တွေ့ရှိချက်က အရမ်းရှည်တယ်တဲ့ တိုတိုကျဉ်းကျဉ်းလေးပဲ လုပ်ပါတဲ့။ စာဖတ်ပျင်းတဲ့သူတွေက အဲ့လို ပြောကြသကိုးဗျ။ ဒါကြောင့် ဒီတစ်ခါ ခပ်တိုတိုလေးကို ပြောပြမယ်ဗျာ။ 

ကျုပ်ဦးခလည်း တစ်နိုင်ငံလုံးအနှံ့ သုတေသနပြုခရီးသွားရင်းနဲ့ မိတ္ထိလာမြို့ကို ရောက်သွားတယ်။ ကျုပ်က ဘုန်းကြီးကျောင်းမှာ တည်းတာပေါ့။ ကျောင်းထိုင်ဆရာတော်ကို သွားကန့်တော့တဲ့အခါမှာ ကျောင်းထိုင်ဆရာတော်ဘေးမှာ လဲလျောင်းနေတဲ့ အသက်ကြီးကြီး ဆရာတော်တစ်ပါးနဲ့ တွေ့တယ်ဗျ။ ဆရာတော်ကြီးက အသက်ကြီးပြီ။ ၉၄ နှစ်တောင်ရှိနေပြီ။ ညကျတော့ ကျုပ်ဦးခလည်း ဒီဆရာတော်ကြီးဟာ ထေရ်ကြီးဝါကြီးဆိုတော့ အတွေ့အကြုံတွေ စုံလောက်တယ်။ ငါ့ရဲ့ တစ္ဆေသုတေသနအတွက် တစ်ခုခုတော့ ရနိုင်တယ်ဆိုပြီး ညကျတော့ ဝတ်ဖြည့်(နှိပ်ပေး)တာပေါ့။ ဝတ်ဖြည့်ရင်းနဲ့ ဆရာတော်ကြီးက မင်းနာမည် ဘယ်သူလဲ၊ ဘယ်ကနေ ဘာကိစ္စနဲ့လာတာလဲ စသဖြင့် မေးတာပေါ့ဗျာ။

အဲဒီတော့ ကျုပ်ကလည်း ကျုပ်နာမည် ဦးခလို့ ခေါ်ကြောင်း၊ တစ္ဆေအကြောင်း သုတေသနပြုနေတာဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး နေရာအနှံ့လှည်လည်ပြီး တစ္ဆေအကြောင်းများကို လေ့လာမှတ်သားနေကြောင်း ပြောပြရတာပေါ့။ ဟောဗျာ ကျုပ်ဦးခလည်း အဲဒီလို ပြောရော ဆရာတော်ကြီးက သွားမရှိတဲ့ သွားဖုံးတွေ အကုန်ဖော်ပြီးတော့ အားရပါးရ ရယ်ပါလေရောဗျာ။ ရိုးရိုးနေရင် ကြည်ညိုစရာကြီးဖြစ်ပေမဲ့ အခုလို သွားဖုံးတွေပေါ်အောင် အားရပါးရ ရယ်လိုက်တော့ ကြောက်စရာကြီးဗျာ။ ဒါနဲ့ ဆရာတော်ကြီးဘုရား ဘာဖြစ်လို့ ရယ်ရတာလဲဘုရားဆိုတော့ အောက်ပါအတိုင်း ပြောပြပါတော့တယ်။

ငါ ရယ်တာက ငါ့အကြောင်းနဲ့ငါပါကွာ။ မင်းနဲ့ဘာမှ မဆိုင်ပါဘူး။ မင်းက တစ္ဆေသုတေသနလုပ်တယ်ဆိုတော့ ငါငယ်ငယ်ကအကြောင်းကို သွားသတိရမိလို့ကွ။ ကြာတော့ ကြာပါပြီလေ။ ငါ့အသက် ၂၁ နှစ်၊ ဦးဇင်းဖြစ်စပေါ့။ အခု ငါ့အသက်က ဘာတဲ့ ၉၄ နှစ်။ ၇၃ နှစ်တောင် ကြာသွားပြီပေါ့လေ။ ဒါပေမဲ့ ငါ အဲဒီအဖြစ်အပျက်ကို တွေးမိတိုင်း ရယ်လည်း ရယ်ရသလို ကြက်သီးလည်း ထမိသကွ။ ဒီလိုကွ။ ငါလည်း ပဉ္စင်းဖြစ်စဆိုတော့ သုသာန်ဓုတင်ဆောက်တည်ချင်စိတ်ဖြစ်မိတယ်။ ဒါနဲ့ ကျောင်းသားတစ်ယောက်ကို ခေါ်ပြီးတော့ သုသာန်ကို နေ့တိုင်း သွားတယ်ကွာ။ ရွာမှာ ပြောစမှတ်တော့ ရှိတာပေါ့။ ဒီသုသာန်က ကြမ်းတယ်တဲ့။ ငါကတော့ စိတ်အားထက်သန်နေတော့ ကြောက်စိတ်လည်း မရှိပါဘူး။ ဒီလိုနဲ့ သုသာန်မှာ တရားထိုင်လာတာ ၁၅ ရက်လောက်ကြာသွားတယ်။

သုသာန်က တို့ရွာ အနောက်ဘက်က တောအုပ်လေးထဲမှာ ရှိတာ။ တောဓလေ့အတိုင်း သုသာန်နားက သစ်ပင်တွေဆို လူတွေက မခုတ်ရဲကြတော့ အဲဒီနား သစ်ပင်ကြီးတွေက အကြီးကြီးတွေ။ အုံ့ဆိုင်းမှုန်မှိုင်းလို့ နေတာပေါ့။ တောအုပ်ကြီးဆိုတော့ နေ့ခင်းသွားရင်တောင် ကြောက်တတ်တဲ့သူဆို စိတ်လှုပ်ရှားစရာကြီးပါ။ အုတ်ဂူတွေကြားထဲ သုသာန်အလယ်မှာ ပေါက်နေတဲ့ ညောင်ပင်ကြီးဆို တော်တော်သက်တမ်းရင့်နေပြီ။ ပင်စည်ကလည်း အကြီးကြီးပဲ။ အကိုင်းအခက်တွေကနေရော ပင်စည်ကနေပါ နွယ်ပင်တွေ တွဲတွဲကျနေတာ ည မှောင်ရီဝိုးတဝါးဆိုရင် ထိတ်လန့်စရာကြီးပေါ့ကွာ။

ညဆိုရင် တောအုပ်ကြီးက မှောင်မှောင်မဲမဲ ကောင်းကင်က ကြယ်ရောင်နဲ့ အုတ်ဂူဖွေးဖွေးလေးတွေ ရေးတေးတေး မြင်နေရတယ်။ ၁၅ ရက်မြောက်နေ့ကတော့ မှတ်မှတ်ရရ လပြည့်နေ့ကြီးကွ။ လပြည့်နေ့ဆိုတော့ အုတ်ဂူလေးတွေလည်း ဖွေးဖွေးဖြူနေတော့တာပဲ။ ဒီနေ့မှာ ရွာထဲက လူငယ်လေးတစ်ယောက်လည်း သေထားတယ်။ အုတ်ဂူအသစ်လေးက ထုံးဖြူအသစ်လေးတွေနဲ့ ပိုဖြူနေတာ သတိထားမိတယ်။ ဒီကောင်လေးက ငါ စာသင်ပေးထားတာ။ တော်တော်လည်း ဉာဏ်ကောင်းတဲ့ကလေး။ လိမ်လည်း လိမ္မာတယ်။ တရားမထိုင်ခင် ငါလည်း သူ့အကြောင်းကို နည်းနည်းတွေးမိသေးတယ်။ ထားပါတော့။ ငါလည်း ထုံးစံအတိုင်း တရားထိုင်တာပေါ့။

၁ နာရီလောက် ထိုင်ပြီးရော လူသံတွေ၊ လှည်းသံတွေ၊ ကလေးငိုသံတွေ အများကြီး ကြားလာရတယ်။ ဒါနဲ့ ငါလည်း တရားဆက်မထိုင်ဘဲ စောင့်ကြည့်နေတာပေါ့။ တအောင့်လောက်ကြာတော့ လှည်းတွေရော လူတွေရော ငါ့ဆီ ရောက်လာကြတယ်။ လှည်းတွေ ဖြုတ်သူက ဖြုတ်၊ အနားယူသူက အနားယူ။ အချို့အမျိုးသမီးတွေကတော့ သူတို့ ကလေးတွေနဲ့ အလုပ်ရှုပ်နေကြလေရဲ့။ ငါလည်း မေးရတာပေါ့။

“ဒကာကြီးတို့ ဘယ်က လာကြတာလဲ”
“တပည့်တော်တို့ ခရီးသွားတွေပါ။ ဒီမှာ တစ်ညလောက် တည်းမလို့ပါ”
“သုသာန်ကြီးမှာ မကောင်းပါဘူးကွ။ ရွာထဲမှာ တည်းခိုကြပေါ့”
“ရပါတယ်။ ကိစ္စမရှိပါဘူး။ မိုးလင်းခါနီးကျရင် တပည့်တော်တို့ ပြန်ထွက်ကြမှာပါ”
“အေးကွယ်၊ ဒီသုသာန်က ကြမ်းတယ်လို့ လူပြောသူပြောများတယ်။ ကလေးတွေ မကြောက်မလန့်အောင် ဂရုတစိုက်နေကြပေါ့”
“တင်ပါ့ဘုရား၊ အရှင်ဘုရားကို အလှူအတန်း လုပ်ချင်ပါတယ်။ ညကြီးမင်းကြီးဆိုတော့ စားစရာလည်း လှူလို့ မရဘူး။ အရှင်ဘုရား နောက်တစ်နေ့ ဘုဉ်းပေးလို့ ရအောင် ငှက်ပျောသီးအုန်းသီးလေးတွေ လှူချင်ပါတယ်”
“အေး ကောင်းတယ်။ လှူကြလေ၊ ဘုန်းကြီးတော့ ပြီးရင် တရားဆက်ထိုင်အုံးမယ်”

သူတို့လည်း တစ်ယောက်တစ်မျိုးစီ လှူကြတော့တာပဲ။ ပြီးတော့ သူတို့တွေဟာ မီးတွေဖို၊ ဟင်းချက်ထမင်းချက်နဲ့ အလုပ်တွေ ရှုပ်နေကြတယ်။ ဒါနဲ့ ငါလည်း တရားဆက်ထိုင်တာပေါ့။ တရားထိုင်လိုက်တာ ၃ နာရီကျော်ကျော်လောက် ကြာသွားတယ်။ ဆက်ထိုင်ရင်တော့ ရသေးတယ်။ သမာဓိအရှိန်တက်နေတာ။ အတူပါလာတဲ့ ကျောင်းသားက အော်လို့ တရားဖြုတ်လိုက်ရတာ။ “အရှင်ဘုရား အရှင်ဘုရား မျက်လုံးဖွင့်ပါအုံးဘုရား၊ မျက်လုံးဖွင့်ပါအုံးဘုရား”နဲ့ အော်နေတာ။

“ဟဲ့ကောင် ဘာလဲကွ၊ ဒီမှာ တရားထိုင်လို့ကောင်းတုန်းရှိသေးတယ်”
“စောစောက လူတွေ မရှိတော့ဘူးဘုရား”
“ဟဲ့ မိုးလည်း မလင်းသေးဘူး။ စောစောစီးစီး ခရီးဆက်ထွက်သွားကြပြီ ထင်ပါရဲ့”
ဒါနဲ့ သုသာန်ထဲ ဟိုဟိုဒီဒီ စကြံလျှောက်ကြည့်တော့ သူတို့ မီးဖိုထားတဲ့နေရာတွေမှာ ဘာအစအနမှ မရှိတော့ဘူး။ အမှန်ဆို ပြာတွေ၊ ထင်းစတွေ ကျန်နေရမှာမို့လား။ အခုတော့ ဘယ်သူမှ လာမသွားတဲ့ပုံစံပဲ။ ဘုန်းကြီးလည်း အဲဒီတော့မှ နည်းနည်းစိုးရိမ်စိတ်ဝင်လာတယ်။ ငါ အိပ်မက်မက်နေတာလားပေါ့။ 

အိပ်မက်လည်း မဟုတ်ဘူး။ ဟိုမှာ ကြည့်ပါလား။ သူတို့ လှူထားတဲ့ အထုပ်တွေတောင် ရှိသေးတာ။ စဉ်းစားနေတုန်းမှာ “အရှင်ဘုရား အရှင်ဘုရား”နဲ့ ကျောင်းသားက လှမ်းအော်ပါလေရော။
“ဟဲ့ မင်းကလည်းကွာ အလန့်တကြားနဲ့။ ဘာဖြစ်ပြန်တာလဲ”
“တပည့်တော်တို့ကို လှူထားတဲ့ဟာတွေကို ကြည့်ပါအုံး”
လှူထားတဲ့အထုပ်တွေ ဖြည်ကြည့်တော့ လားလား အသားပုပ်ငါးပုပ်တွေ ဖြစ်နေတာကို တွေ့လိုက်ရတယ်။ 

ဒါနဲ့ “ဟေ့ကောင် စောစောကပုဂ္ဂိုလ်တွေဟာ လူတွေ မဟုတ်ဘူးဟ”ဆိုပြီး ရွာကျောင်းကို သုတ်ခြေတင်ပြေးလိုက်တာ ကျောင်းကို ဘယ်လို ရောက်မှန်းတောင် မသိတော့ပါဘူးကွာ။ စိတ်ခြောက်ခြားလို့လားတော့ မသိဘူး။ နောက်နေ့ကျတော့ ငါ အိပ်မက်မက်တယ်ကွ။ ငါ့ကို လှူဖွယ်ပစ္စည်းတွေ လှူတဲ့ ဒကာကြီးက “ကိုယ်တော်တို့ တရားအားထုတ်နေလို့သာပေါ့။ မဟုတ်ရင်တော့ ကိုယ်တော်တို့ အဲဒီညက ကျုပ်တို့ အစာဖြစ်ပြီပေါ့”လို့ အိပ်မက်ထဲမှာ ပြောတယ်ကွ။ ဆရာတော်ကြီးဟာ အဲဒီလို ပြောပြီး တဟားဟား ရယ်နေပါရောလား။

အဲဒီကစပြီး အဲဒီသုသာန်ကို ညအချိန်ဆို ဘယ်သူမှ မသွားရဲတော့ဘူးတဲ့။ ဒါကတော့ ကျုပ်ဦးခရဲ့ ဒုတိယမြောက် သုတေသနပေါ့။ ဒါနဲ့ ကျုပ်ဦးခလည်း သုတေသနသမားပီပီ ဒီလောက်နဲ့ မကျေနပ်ဘဲ ဆရာတော်ကြီးပြန်တဲ့အခါ အဲဒီရွာကို လိုက်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ရွာက အဲဒီသုသာန်ကို သွားမယ်။ ရွာသားတွေနဲ့လည်း မေးရမြန်းရတာပေါ့လေ။ အဲဒီညက ကျုပ်ဦးခဟာ ကြောက်ရမယ့်အစား ဆရာတော်ကြီး သင်္ကန်းတဖားဖားနဲ့ ကျောင်းကို ပြေးနေတာ မြင်ယောင်လို့ ပြုံးတောင်ပြုံးမိသေးတယ်။ 

ဒီလိုနဲ့ ဆရာတော်ကြီးနဲ့ ရွာကို လိုက်သွားခဲ့တယ်။ ရွာမှာ ထပ်တွေ့ရတဲ့ ဇာတ်လမ်းတွေကတော့ ကျုပ်ဦးခရဲ့ သုတေသနတွေ့ရှိချက် အဆက်တွေတွေပေါ့ဗျာ။ စိတ်ဝင်စားရင်တော့ စောင့်ဖတ်ကြဦးပေါ့။

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails