Sunday, January 12, 2014

ဤခရီး နီးသလား


မြန်မာနိုင်ငံရဲ့ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်တွေဟာ ဘယ်အခါမှ မပြတ်သားခဲ့ပါလား။ မြန်မာပြည်မှာနေကြတဲ့ နိုင်ငံသူနိုင်ငံသားတိုင်း မိမိတို့ရဲ့ တိုင်းပြည်ကို လူမှုရေး၊ စီးပွားရေး တည်တည်ငြိမ်ငြိမ်နဲ့ သွားနေတာကို မြင်ချင်ကြမှာပါ။ အချင်းချင်း မညီညွတ်လို့ သူ့ကျွန်ဘဝအောက် နှစ်ပေါင်း (၁ဝဝ)ကျော်ကျရောက်ခဲ့တယ်။ 

တိုင်းတစ်ပါးသားတွေရဲ့ သွေးခွဲအုပ်ချုပ်မှုစနစ်၊ မြန်မာပြည်က သယံဇာတတွေကို နည်းအမျိုးမျိုးနဲ့ သူတို့နိုင်ငံကို တင်ပို့တယ်။ ကိုယ်ပိုင်ဆိုင်တဲ့ မြေ၊ ကိုယ်ပိုင်ဆိုင်တဲ့ သယံဇာတတွေကိုတောင်မှ ကိုယ်မသုံးခဲ့ရ။ အမျိုးမျိုး ဂုတ်သွေးစုပ်ခံခဲ့ရတယ်။ သူ့ကျွန်အောက်မှာ အရာအားလုံး အောက်ကျနောက်ကျဖြစ်ခဲ့ရတယ်။ ဒီကြားထဲ နှစ်ပေါင်းများစွာ ထွန်းတောက်ခဲ့တဲ့ ဗုဒ္ဓသာသနာ၊ ဗုဒ္ဓယဉ်ကျေးမှုတွေ စိမ့်ဝင်နေတဲ့ မြန်မာ့ယဉ်ကျေးမှုတွေလည်း အစွန်းအထင်းတွေ ပေကျံလာခဲ့ရတယ်။

မြန်မာနိုင်ငံအနှံ့ သာသနာပြုကျောင်းတွေ တည်ထောင်။ အရာရာနိမ့်ကျတဲ့ ဗုဒ္ဓဘာသာကလေးတွေ စိတ်ဝင်စားလာအောင် အထင်ကြီးလာအောင် နည်းအမျိုးမျိုးနဲ့ ခရစ်ယာန်ဘာသာသိမ်းသွင်းခြင်းတွေ ပြုလုပ်ခဲ့ကြတယ်။ သာသနာပြုကျောင်းမှ မတက်ရင်လည်း စာက မတတ်၊ လူရာမဝင်ဆိုတော့ မိဘတွေကလည်း မိမိတို့ရဲ့ ဗုဒ္ဓဘာသာကလေးတွေကို သာသနာပြုကျောင်းတွေကို ပို့ခဲ့ကြရတယ်။ သာသနာပြုကျောင်းတွေဟာ ဘာသာရေးဆိုင်ရာတွေ သင်ပေးတာ မဟုတ်ပေမဲ့ ဘာသာရေးအငွေ့အသက်တွေကို ဆိုင်ရာဆိုင်ရာ နေရာတိုင်းမှာ ထည့်သွင်းသိစေခဲ့တယ်။ ဥပမာ ထမင်းစားခါနီးမှာ ဘုရားသခင်ကို ကျေးဇူးတင်ရတာမျိုး၊ ကျောင်းတက်ကျောင်းဆင်းမှာ ဓမ္မသီချင်း သီဆိုရတာမျိုးတို့ ဖြစ်ပါတယ်။ ဒီလိုနဲ့ မြန်မာနိုင်ငံအနှံ့အပြားမှာ ခရစ်ယာန်တွေလည်း တိုးပွားလာတော့တယ်။ တစ်ဖက်မှာလည်း အင်္ဂလိပ်အစိုးရဟာ အိန္ဒိယ၊ ဘင်္ဂလားတို့ကနေ အစ္စလာဟ်ဘာသာဝင်တွေလည်း ခေါ်သွင်းလာခဲ့တယ်။ (မူလကတည်းက အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေတဲ့ မွတ်စလင်တွေလည်း အနည်းအကျဉ်း ရှိပါတယ်)။ ပြောချင်တာက ဘာသာရေးဆိုင်ရာ ဒွေးရောယှက်တင်မှုတွေလည်း မြန်မာ့မြေပေါ်မှာ ပေါ်ပေါက်လာခဲ့ရတယ်။

အင်္ဂလိပ်အစိုးရရဲ့ပေါ်လစီတွေကြောင့် ကုလားဗမာအဓိကရုဏ်းတွေ ဖြစ်ခဲ့တယ်။ သွေးခွဲအုပ်ချုပ်မှုများကြောင့် တိုင်းရင်းသားတွေအကြား သံသယတွေ ကြီးထွားခဲ့ရတယ်။ အချင်းချင်း သံသယမျက်လုံးတွေနဲ့ နေလာခဲ့ကြရတယ်။ လွတ်လပ်ရေး ရတဲ့အထိဆိုပါတော့။ လွတ်လပ်ရေးရခါနီးနဲ့ ရပြီးစလောက်အထိတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကတိစကားတွေ၊ စည်းရုံးရေးကောင်းမှုတွေ၊ “ရှမ်းပြည်မှာနေတဲ့ ဗမာတွေ ရှမ်းအမျိုးသားများနဲ့ ချစ်ချစ်ခင်ခင် ညီရင်းအစ်ကိုလို နေကြပါ။ အနိုင်မကျင့်ချင်ကြပါနဲ့။ အနိုင်ကျင့်မယ်ကြံရင် ကျုပ်နဲ့အရင် အိုးစားကွဲရလိမ့်မယ်”စတဲ့ မိန့်ခွန်းတွေကြောင့် သံသယတွေ အနည်းငယ် ပြေပျောက်သွားခဲ့ရတယ်။ မမျှော်လင့်ဘဲ ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်တွေ ကျဆုံးကုန်တော့ ဖဆပလအစိုးရက ဗိုလ်ချုပ်ပေးခဲ့တဲ့ ကတိစကားတွေကို အစဖျောက်ပစ်ခဲ့တယ်။ ဒီလိုနဲ့ တိုင်းရင်းသားတွေရဲ့မျှော်လင့်ချက်တွေ ပျက်သုဉ်းပြီး သံသယနှလုံးသားတွေနဲ့ ဖြစ်သွားခဲ့ရပြန်တယ်။

တိုင်းရင်းသားတွေရဲ့ သံသယတွေကို ပျောက်ကွယ်အောင် ပြုလုပ်ပေးမယ့် ခေါင်းဆောင်လည်း မပေါ်။ သံသယကင်းစေမယ့် လုပ်ရပ်တွေလည်း လုပ်ဆောင်ခြင်း မရှိ။ ဒီကြားထဲ ဗမာလူမျိုးကြီးဝါဒကလည်း ပြည်မခေါင်းဆောင်တွေရဲ့ စိတ်ထဲ ကိန်းနေပြန်တယ်။ ပြည်နယ်တွေက ထွက်တဲ့ ကျောက်မျက်ရတနာတွေ၊ ကျွန်းသစ်တွေနဲ့ အခြားသယံဇာတတွေဟာ ပြည်နယ်တွေအတွက် မဟုတ်ဘဲ ပြည်မအတွက်နဲ့ လူတစ်စုအတွက်ပဲ ဖြစ်နေခဲ့တယ်။ ပြည်မမှာတော့ ဆေးရုံတွေ၊ ကျောင်းတွေ၊ စက်ရုံတွေနဲ့ စည်ကားတိုးတက်လို့။ ပြည်နယ်တွေမှာတော့ စုတ်ပြတ်သတ်လို့။ ဒီလို မညီမျှမှုတွေကြောင့် တိုင်းရင်းသားတွေမှာ လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ ဆိုင်ရာဆိုင်ရာ စစ်တပ်တွေ ဖွဲ့စည်းကြတော့တယ်။ အစိုးရကတော့ သူပုန်၊ သောင်းကျန်းသူလို့ နာမည်တပ်ပြီး တိုက်ပွဲတွေ နှစ်ပေါင်းများစွာ ဖြစ်လာရတာပဲ။ စစ်ပွဲတွေအတွင်းမှာ အစိုးရစစ်သားတွေဟာ ရောက်ရာအရပ်မှာ မုဒိမ်းကျင့်၊ ဓားပြတိုက် စတဲ့ ဒုစရိုက်မျိုးစုံကိုလည်း ကျူးလွန်ခဲ့ကြတော့ သံသယအဆင့်ကနေ အမုန်းတရားတွေ တိုးပွားလာရတော့တာပဲ။

တိုင်းရင်းသားတွေနဲ့ ဒီလို ပဋိပက္ခတွေဖြစ်ရုံသာမက ပြည်မမှာလည်း အားကိုးရတဲ့ အများက ယုံကြည်လေးစားမှုရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့လို အာဇာနည်တွေ လုပ်ကြံခံရတော့ သူတစ်လူငါတစ်မင်း အာဏာတွေ လုကြရင်းနဲ့ တိုင်းပြည်က နလံမထူနိုင်ခဲ့ဘူး။ ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ ဒီမိုကရေစီ၊ အရင်းရှင်၊ ပစ္စည်းမဲ့၊ လူတန်းစားတိုက်ပွဲများနဲ့ စိန်ခေါ်မှုပေါင်းများစွာအောက်မှာ တိုင်းပြည်က ဝရုန်းသုန်းကား ဖြစ်နေခဲ့ရတယ်။ ဒီလိုနဲ့ ပဋိပက္ခတွေ မြောက်မြားစွာ ဖြစ်ပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့ ကယ်တင်ရှင်ကြီးတစ်ဦး ပေါ်ပေါက်လာခဲ့တယ်။ တိုင်းပြည်ချောက်ထဲ မကျရလေအောင်ဆိုပြီး ကြွေးကြော်ရင်း ချီတက်လာခဲ့တဲ့ ကယ်တင်ရှင်ကြီးရဲ့ ကျေးဇူးတော်ကြောင့် မြန်မာနိုင်ငံဟာ ချောက်ထဲကျရုံမက သံသယမီးလျှံတွေ၊ အမုန်းမီးတောက်တွေထဲကို ကျရောက်ခဲ့ရတယ်။ ကယ်တင်ရှင်ကြီးကို ဆက်ခံသူအဆက်ဆက်ကလည်း ပိုပိုပြီး လက်ဇောင်းထက်လာတော့ တိုင်းပြည်ဟာ အဖတ်ဆယ်လို့မရလောက်အောင် ဆင်းရဲတွင်း နွံထဲမှာ ကျရောက်လာရတော့တယ်။

တိုင်းပြည်က ဆင်းရဲတွင်းနွံထဲ ကျရောက်တယ်ဆိုပေမဲ့ အာဏာရှင်တွေနဲ့သူတို့ရဲ့ အပေါင်းအပါတွေကတော့ ဆယ်သက်စားမကုန်သုံးမကုန်နိုင်တဲ့ စည်းစိမ်ချမ်းသာတွေကို ပိုင်ဆိုင်ခဲ့ကြတယ်။ ပြည်မမှာရှိတဲ့ သယံဇာတတွေသာမက ပြည်နယ်တွေမှာရှိတဲ့ မြေပေါ်မြေအောက် သယံဇာတများကို ကိုယ်ကျိုးစီးပွားအတွက် အမြတ်ထုတ်ခဲ့ကြတယ်။ သမိုင်းတစ်လျှောက်လုံးကို ပြန်လည်ကြည့်လိုက်တဲ့အခါ တိုင်းတစ်ပါးသားကျွန်အဖြစ်က လွတ်လာရုံပဲ ရှိတယ်။ ပြည်သူတွေအတွက် အသက်အိုးအိမ်စည်းစိမ်လုံခြုံမှု၊ ပညာရေး၊ စီးပွားရေး စတဲ့ ဘက်ပေါင်းစုံ ချွတ်ယွင်းနိမ့်ကျသွားခဲ့တယ်။ ပြည်မကလူတွေအတွက်တောင် ဒီလောက်ဆိုးဝါးနေတာ ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားတွေအတွက်တော့ ပိုဆိုးသွားတော့တာပေါ့။ 

တိုင်းပြည်ရဲ့ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စပ်ဆိုတဲ့ သီချင်း နားထောင်လည်း ထောင်နန်းစံရ၊ ဓာတ်ပုံလေးတောင် ကိုင်ဆောင်မထားရဲ။ အရာအားလုံး ရေငုံနှုတ်ပိတ်။ ငြိမ်ဝပ်ပိပြားစွာနဲ့ နှစ်ပေါင်းများစွာ နေလာခဲ့ရတယ်။ ကျေးဇူးရှင်တွေကို ကျေးဇူးကန်းတဲ့ တိုင်းပြည်ကြီး ဖြစ်မှန်းမသိ ဖြစ်သွားခဲ့ရတယ်။ တိုင်းပြည်ကို အသက်တမျှ ချစ်ခင်တဲ့ ခေါင်းဆောင်တွေလည်း တောခိုသူခို၊ ပြည်ပရောက်လိုရောက်၊ ထောင်နန်းစံသူစံ၊ ဘုရားအလောင်းစိတ်ဓာတ်တွေ အညွန့်ချိုးခံလာခဲ့ရတယ်။ ပညာတတ်စရာ မလိုဘူး၊ စိတ်ထားကောင်းခြင်း,မကောင်းခြင်းတွေ ဂရုစိုက်စရာ မလိုဘူး၊ ပါးနပ်ဖို့ လူရည်လည်ဖို့ပဲ လိုတယ်ဆိုတဲ့ အတွေးအခေါ်တွေ ထွန်းကားလာခဲ့တယ်။ ဗုဒ္ဓဘာသာတိုင်းပြည်နဲ့မလိုက်ဖက်လောက်အောင် လူလည်၊ လူလိမ်၊ လူညစ်အတွေးအခေါ်တွေ မြန်မာတွေရဲ့စိတ်ထဲ ယဉ်ကျေးမှုပမာ စီးဆင်းလာခဲ့ရတော့တယ်။ ဒီနေ့အချိန်အထိပဲ။

ဒီလိုနဲ့ ၂ဝဝ၈ ခုနှစ်မှာတော့ မမျှော်လင့်တဲ့ အပြောင်းအလဲတစ်ခု ပေါ်ပေါက်လာခဲ့တယ်။ ဘောလုံးကွင်းဒီမိုကရေစီဆိုတဲ့ စစ်တပ်ကပေးတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာခဲ့တယ်။ ဘောလုံးကွင်းထဲမှာ လူစုပြီး အထက်က ပြောသမျှ “ထောက်ခံပါတယ်၊ ထောက်ခံပါတယ်”လို့ အော်ပြီး ထောက်ခံပေးရတဲ့ ဒီမိုကရေစီဖြစ်လို့ ဘောလုံးကွင်းဒီမိုကရေစီလို့ ဆိုရတာပါ။ မယုံရဲယုံရဲ နေလာရင်းက တဖြည်းဖြည်း အာဏာတွေ၊ အချုပ်အချယ်တွေ ဖြေလျှော့လာခဲ့တယ်။ မတရားဖမ်းဆီးထောင်ချခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်း ထောင်က လွတ်လာခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD လည်း ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရင်းနဲ့ ရန်သူတွေလို နေလာခဲ့ရာကနေ အတူတကွ အလုပ်လုပ်သူတွေ ဖြစ်လာခဲ့တယ်။

ဒါကတော့ မြန်မာနိုင်ငံရဲ့ ဆိုးရွားလှတဲ့ ရင်နာစရာ အတိတ်ဇာတ်တွေကို စာရေးသူ လက်လှမ်းမီသမျှ ခုန်ပျံကျော်လွှားကာ ကောက်ကြောင်း ဆွဲကြည့်ခြင်းပါ။ စာရေးသူတို့ မြန်မာလူမျိုးတွေရဲ့ဘဝဟာ အတော့်ကို သနားစရာ ကောင်းပါတယ်လို့ သုံးသပ်ချင်ပါတယ်။ ဒီလို ကောက်ကြောင်းဆွဲပြတာကလည်း အကြောင်းရှိပါတယ်။ စာရေးသူတို့ဟာ ဟိုတုန်းကလည်း မညီညွတ်ခဲ့ကြလို့၊ ပြည်သူအချင်းချင်း၊ တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲခဲ့လို့၊ သူ့ခေါင်းဆောင်၊ ငါ့ခေါင်းဆောင်ဆိုတဲ့ စိတ်နဲ့ တစ်ယူသန်ခဲ့လို့၊ သူရဲကောင်းကိုးကွယ်မှုဝါဒ(Heroism)ကို စွဲကိုင်ခဲ့လို့ ဒုက္ခတွေ အကြိမ်ကြိမ် ရောက်ခဲ့။ အမုန်းမီးတွေ ပွားခဲ့။ သံသယတွေနဲ့ နေလာခဲ့ကြရတယ်။ တိုင်းပြည်ဒုက္ခရောက်လောက်အောင် ခေါင်းဆောင်စွဲတွေ၊ သူရဲကောင်းကိုးကွယ်မှုတွေ၊ သံသယမီးပွားတွေနဲ့ စိတ်ဝမ်းကွဲမှုတွေကို ဒီနေ့အချိန်အထိ ဆက်လက်ကိုင်စွဲနေကြဦးမှာလား။

ဒီနေ့ဒီအချိန်ကာလဟာ စာရေးသူတို့ တစ်သက်တာမှာ လွတ်လပ်မှုရဲ့အရသာကို စတင်ခံစားနေရတဲ့ ကာလပါ။ လွတ်လပ်မှုခြေလှမ်း၊ လွတ်လပ်ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းရဲ့ သရုပ်သကန်တွေကို လက်လှမ်းမီတော့မယ်လို့ မျှော်လင့်နေနိုင်တဲ့ အချိန်ပါ။ ဒုက္ခသုက္ခတွေ၊ အသက်သွေးချွေးတွေနဲ့ ချီတက်လာခဲ့ရတဲ့ တိုင်းပြည်ရဲ့ ဒီခရီးဟာ ဒီနေ့အချိန်လောက် မျှော်လင့်စရာကောင်းခဲ့တဲ့ကာလ မရှိဖူးဘူးလို့ ထင်ပါတယ်။ ဆိုတော့ မတိမ်းမမှောက်အောင် အားလုံးသတိရှိဖို့ လိုအပ်နေပါတယ်။ ဒီလိုအချိန်မှာ ပြည်သူတွေအနေနဲ့ သူ့ခေါင်းဆောင်၊ ငါ့ခေါင်းဆောင်ဆိုတဲ့ တစ်ယူသန်အစွဲတွေ၊ သူရဲကောင်းကိုးကွယ်မှုဝါဒတွေ၊ ဒါတွေကို စွန့်လွှတ်ပြီး ညီညွတ်တဲ့၊ အခြေအနေအရပ်ရပ်ကို သုံးသပ်နိုင်မှုတွေ ရှိဖို့ လိုအပ်ပါတယ်။ 

To forgive is not to forget ဆိုတဲ့ ဂန္ဒီရဲ့စကားလို အတိတ်က ဖြစ်ရပ်ဆိုးတွေကို မေ့ဖျောက်ပစ်ဖို့ မဟုတ်ဘဲ ခွင့်လွှတ်ဖို့နဲ့ သင်္ခန်းစာယူတတ်ဖို့ လိုအပ်နေတဲ့ အချိန်ပါ။ ဒါမှသာ တိုင်းပြည်ရဲ့အနာဂတ်ဟာ ညီညီညွတ်ညွတ်နဲ့ ချောချောမွေ့မွေ့ ဖြစ်လာနိုင်မယ်လို့ ယုံကြည်ပါတယ်။ မတရား ဖမ်းဆီးချုပ်နှောင်မှုတွေ မရှိတော့ဘူးဆိုရင်၊ မိမိတို့အမြင်ကို လွတ်လပ်ပွင့်လင်းစွာ ထုတ်ဖော်ရေးသားခွင့်တွေကို မဖျက်ဆီးဘူးဆိုရင် တစ်နည်းအားဖြင့် လွတ်လပ်စွာ ပြောရေးဆိုခွင့် (Freedom of Speech)၊ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့် (Freedom of Press)တွေသာ ရှိနေရင် စာရေးသူတို့ဟာ အရာအားလုံးကို မျှော်လင့်ခွင့် ရှိနေပါတယ်။ 

တိုင်းရင်းသားများနဲ့မြန်မာနိုင်ငံသားများ ဖြစ်ချင်တဲ့ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်စီမံပိုင်ခွင့်ရှိတဲ့ ပြည်ထောင်စု(စစ်စစ်)စနစ်ဆိုတဲ့ မျှော်လင့်ချက်ပန်းတိုင်ကိုလည်း မဝေးတော့တဲ့ အနာဂတ်မှာ လှမ်းကိုင်နိုင်မှာပါ။ အခုအချိန်ဟာ ကောင်းဖို့အတွက် လက်တစ်ကမ်းမှာ ရှိနေသလို ဆိုးဖို့အတွက်လည်း လက်တစ်ကမ်းမှာ ရှိနေတယ်လို့ သုံးသပ်မိကြောင်းပါ။

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails