Dictionary/အဘိဓာန်

Blogspot Dictionary

Blogspot Dictionary

Monday, January 13, 2014

တစ္ဆေသုတေသန ဦးခနှင့် သူ၏ တွေ့ရှိချက်များ


ကျုပ်နာမည် ဦးခ ပါ။ တစ္ဆေဆိုတာကို ခင်ဗျားတို့ ယုံကြလား။ ကျုပ်ကတော့ ငယ်ငယ်ကတည်းက တစ္ဆေအကြောင်းတွေ အများကြီး ကြားဖူးတာပဲ။ ဦးခရဲ့ အဘိုးအဘွားတွေ၊ အမေနဲ့အဖေဆီကနေ တစ္ဆေပုံပြင်တွေ အများကြီး ကြားခဲ့ရတယ်ဗျ။ နောက်ပြီး ရွာဦးဘုန်းကြီးကလည်း တစ္ဆေပုံပြင်တွေ ပြောပြတယ်။ အများကြီးမှ အများကြီး။ နောက်တော့ သူငယ်ချင်းတွေနဲ့အခြား အသိမိတ်ဆွေတွေပေါ့ဗျာ။ အဲဒီတုန်းက ကျုပ်က တစ္ဆေဆိုတာကို သိပ်မယုံဘူးဗျ။ ဒါပေမဲ့ ထူးဆန်းတာက ယုံတဲ့သူရော မယုံတဲ့သူပါ တစ္ဆေအကြောင်းပြောရင် စိတ်ဝင်စားကြသဗျ။ အခြားပုံပြင်တွေထက်ကို စိတ်ဝင်စားကြတာ။ ခင်ဗျားကော အတူတူပဲလား။ တစ္ဆေပုံပြင်များ ညအခါ ပြောရင် တစ်ယောက်တည်း သွားနေကျနေရာတောင် တစ်ယောက်တည်း သွားရဲတော့ဘူးဗျ။ ညညသေးပေါက်ထရင်တောင် သူများကို နှိုးရတာ။ ခင်ဗျားတို့ကော ကြုံဖူးလား။ ဘုရားဟောတရားတွေမှာလည်း တစ္ဆေအကြောင်း၊ ပြိတ္တာအကြောင်းတွေ ဟောထားတယ်ဆိုပဲဗျ။

ဒီလိုနဲ့ ကျုပ်ဦးခ ကြီးပြင်းလာတယ်ဆိုပါတော့ဗျာ။ ကျုပ်အကြောင်း နည်းနည်းပြောရဦးမယ်ဗျ။ ကျုပ်ဦးခဟာ နေရာတကာဝင်ပါချင်တယ်ဗျ။ ရွာက အလှူပွဲဆိုလည်း မတောက်တခေါက် သိထားတာလေးတွေကို လော်စပီကာကြီးနဲ့ အော်တယ်ဗျ။ ဘိသိက်သွန်းပြီဆိုလည်း ဦးခပဲ။ မင်္ဂလာဆောင်ဆိုလည်း ဦးခ၊ ဘုန်းကြီးကျောင်း ဘုရားပင့်သွားလည်း ဦးခ၊ နောက်ဆုံးဗျာ အသုဘချတာတောင် ဦးခပဲ။ ပြောချင်တာကတော့ ကျုပ်ဦးခဟာ သူများထက် သိချင်တယ်ဗျာ။ အားတာနဲ့ ဘုန်းကြီးကျောင်းသွား၊ ဘုန်းကြီးဆီမှာ ရှိတဲ့ စာအုပ်တွေ အကုန်ဖတ်တာပဲ။ ထူးခြားတာက ဘာစာအုပ်ဖတ်ဖတ်၊ တစ္ဆေအကြောင်းတို့၊ ပြိတ္တာအကြောင်းတို့မပါဘူးဆိုရင် ကျုပ် သိပ်ပြီး စိတ်မဝင်စားဘူးဗျ။ ဒါက ဖတ်ရင်းနဲ့မှ သတိထားမိတာ။ နောက်ပြီး ရွာက ဦးဇင်းသာအေးက ငယ်ငယ်ကတည်းက မြို့မှာနေ၊ နောက်ပြီး တက္ကသိုလ်တက်တယ်။ ခု သူက သီရိလင်္ကာကနေ ဒေါက်တာဘွဲ့လုပ်ဖို့ စာအုပ်စာတမ်း လာရှာတာတဲ့။ ပြောချင်တာက အဲဒီဦးဇင်းဆီက “သုတေသန”ဆိုတဲ့ စကားတစ်လုံးကို ခဏခဏ ကြားရတော့ ကျုပ်ဦးခ စိတ်ဝင်စားသွားတာ။ ဒါနဲ့ သူ့ကို မေးရတော့တာပေါ့။

ဒီလိုနဲ့ သူက ရှင်းပြတယ်ဗျ။ သုတေသနလုပ်တယ်ဆိုတာ ကိုယ်သိချင်တဲ့အရာတစ်ခုခုကို ရှုထောင့်စုံကနေ လက်တွေ့၊ စာတွေ့လေ့လာတာကို ပြောတာဗျဆိုပြီး ထသွားတော့တယ်။ ကျုပ်မှာတော့ ဆက်မေးချင်တာတောင် မမေးရတော့ဘူး။ သူကတော့ တွေးရင်တွေးမှာပေါ့။ ဒီတောသား မတန်မရာ လာမေးနေတယ်ဆိုပြီးတော့ပေါ့လေ။ အဲဒီနေ့ကစပြီး ကျုပ်စိတ်ထဲမှာ ဦးဇင်းသာအေးလို သုတေသနလုပ်ချင်စိတ်တွေ ဖြစ်နေတယ်ဗျာ။ ဒါပေမဲ့ ဦးဇင်းသာအေးပြောရင် ကျုပ်ကို လှောင်မှာဗျ။ လေးတန်းတောင် မအောင်တဲ့ကောင်က သုတေသနလုပ်မယ်ဆိုတော့လေ။ ဒါနဲ့ ကျုပ်လည်း ဦးဇင်းသာအေးဆီကို နေ့တိုင်းသွားတာ။ ပြောချင်တာက သူ့ကို မပြောရဲပေမဲ့ သုတေသနဆိုတာ လူတိုင်း လုပ်လို့ရတယ်ဆိုတာ နားလည်လိုက်တယ်ဗျာ။ ဦးဇင်းသာအေး ရွာမှာ ရှိတုန်းတော့ ကိုယ့်စိတ်ကူးနဲ့ကိုယ် ပီတိတွေ ဖြစ်လို့ပေါ့ဗျာ။ ဦးဇင်းသာအေးလည်း ပြန်သွားရော ရွာသားတွေကို ကျုပ်ဆရာလုပ်တော့တာပဲ။ တွေ့တဲ့သူတိုင်းကို “ခင်ဗျားတို့ တစ္ဆေသရဲအကြောင်း သိချင်ကြတယ်မလား။ အဲဒီအကြောင်းကို ကျုပ်သုတေသန လုပ်မယ် ဟဟဟဟ”လို့ အမြဲပြောတော့တာပဲ။

ဒီလိုနဲ့ မြန်မာနိုင်ငံအနှံ့ လူတွေ့လေ့လာစစ်ဆေးတာတွေ လုပ်၊ စာအုပ်စာတမ်းတွေ ဖတ်၊ ကျုပ်ဦးခရဲ့ သုတေသနလုပ်ငန်း စတော့တာပဲ။ ဦးဇင်းသာအေး ပြန်မလာခင် ပြီးအောင် လုပ်ရမှာဗျ။ သူပြန်လာရင် ကျုပ်ကို ကဲ့ရဲ့မှာ သေချာတယ်။ ကဲ နိဒါန်းတွေ ပျိုးတာလည်း များပြီဗျာ။ ကျုပ် နှစ်ပေါင်းများစွာ သုတေသနလုပ်ထားတာလေးတွေကို ခင်ဗျားတို့ကို ပြောပြမယ်ဗျာ။ ကျုပ်ဦးခ အင်္ဂလိပ်စာတတ်လို့ကတော့ ကျုပ်တွေ့ထားတာတွေကို အင်္ဂလိပ်လို့ ရေးလိုက်ရရင် ဦးဇင်းသာအေးလို ဒေါက်တာဘွဲ့တွေ ရချင်ရနေမှာ။ ကျုပ်ဦးခရဲ့ တွေ့ရှိချက်တွေက အများကြီးဗျ။ ခင်ဗျားတို့လည်း စိတ်ဝင်စားမှာ သေချာတယ်။

ပထမဆုံး ပြောချင်တာက သရဲခြောက်ခြင်းအကြောင်း တစ်နည်းပြောရရင် သရဲခြောက်ခြင်း ရည်ရွယ်ချက်လေးတွေကို ကျုပ်ဦးခ ဒီလို တွေ့ထားတယ်ဗျ။ အားလုံးပေါင်း အကြမ်းဖျင်းအနေနဲ့ (၁ဝ)မျိုး ရှိတယ်ဗျ။ ကျုပ်က အဲဒီ(၁ဝ)မျိုးကို အဖြစ်အပျက်လေးတွေနဲ့ ခင်ဗျားတို့ကို ပြောမှာပါ။
၁။ ကံနိမ့်၍ခြောက်ခြင်း
၂။ ပြောင်လှောင်ကျီစယ်လို၍ ခြောက်ခြင်း
၃။ ချစ်ခင်၍ခြောက်ခြင်း
၎။ အမျှအတန်းခံလို သာဓုခေါ်လို၍ခြောက်ခြင်း
၅။ ခင်မင်၍ခြောက်ခြင်း
၆။ ကြောက်၍ခြောက်ခြင်း
၇။ စားချင်သောက်ချင်၍ခြောက်ခြင်း
၈။ ဥစ္စာပေးလို မစလို၍ခြောက်ခြင်း
၉။ မှာထားလို၍ခြောက်ခြင်း
၁ဝ။ နှုတ်ဆက်လို၍ခြောက်ခြင်း ဆိုပြီး (၁ဝ)မျိုးရှိတယ်ဆိုတာကို ကျုပ်ဦးခရဲ့ သုတေသနအရ အကျဉ်းချုံးပြတာပေါ့ဗျာ။

ကဲ ခင်ဗျားတို့ ဘယ်လို ထင်လဲ။ အဲဒီ(၁ဝ)မျိုးကို အဖြစ်အပျက်တွေနဲ့အတူ ကျုပ်တွေ့ရှိထားတာဗျ။ ဒီထဲက ကျုပ်ဦးခ စိတ်အဝင်စားဆုံး ဇာတ်လမ်းလေးကို ပြောချင်တယ်ဗျာ။ အနီးဆုံးဖြစ်တဲ့ ရိုးမတောထဲက ဆည်လယ်ဆိုတဲ့ ရွာကနေ ၅ မိုင်လောက်ဝေးတဲ့ တောထဲမှာ အိမ်ခြေ ၇ဝ လောက်ရှိတဲ့ ရွာလေးရှိတယ်ဗျ။ အဲဒီကို ရောက်သွားတာ။ ထုံးစံအတိုင်း ကျုပ်ဦးခဟာ ကိုယ့်ကိုကိုယ် “တစ္ဆေသုတေသနဦးခ”ဆိုပြီး မိတ်ဆက်တာပေါ့ဗျာ။ (၄ တန်းပဲအောင်တာကိုတော့ ထည့်မပြောဘူးပေါ့ဗျာ)။ 

ရွာဦးကျောင်းဘုန်းကြီးကလည်း ၃ တန်းအောင်ဆိုတော့ ကျုပ်ဦးခကို ပညာရှင်ကြီးလို ဆက်ဆံတာဗျ။ အဲဒီလို မိတ်ဆက်ရင်းနဲ့ “အော် ခင်ဗျားက တစ္ဆေအကြောင်း လေ့လာနေတာဆိုတော့ ရွာထဲက ကျောင်းဒကာ ဘတုပ်တို့ အိမ်ကို ပို့ပေးရမှာပေါ့”ဆိုပြီး အိမ်ခေါ်သွားတာနဲ့ ဘတုပ်ဆီက ဒီဇာတ်လမ်းကို ကြားခဲ့ရတော့တာပဲ။ ခင်ဗျားတို့ မယုံမရှိနဲ့နော်။ ဒီအကြောင်းက လတ်လတ်ဆက်ဆက်ကြီး။ ကာယကံရှင်ကိုယ်တိုင် ပြောပြတာ။

တကယ်တော့ ဘတုပ်တို့ လင်မယားဟာ အောက်ပြည်ကနေ ရောက်လာတာ။ အသက် ၁၃ နှစ်လောက်ရှိတဲ့ သမီးငယ်နဲ့အတူပေါ့။ အောက်ပြည်မှာနေရင်း လုပ်စားစရာ လယ်မြေက မရှိ။ အလွန်ဆင်းရဲလွန်းလို့ ရိုးမတောထဲမှာ မြေရိုင်းတွေ ပေါတယ်။ သီးနှံတွေလည်း ဖြစ်တယ်လို့ ကြားတာနဲ့ ဒီရွာကို ရောက်လာကြတာ။ ရွာကို ရောက်တာနဲ့ ရွာဦးဘုန်းကြီးကို ဝင်တွေ့ရင်း ကျောင်းဒကာ ဦးသာလှနဲ့ စတွေ့တယ်။ ကျောင်းဒကာဆိုပေမဲ့ စိတ်ဓာတ်ကတော့ သိပ်ကောင်းတဲ့သူ မဟုတ်ဘူး။ ဘတုပ်တို့ကတော့ မသိဘူးပေါ့။ ဒီလိုနဲ့ ဘတုပ်တို့နဲ့ စကားပြောရင်း အကြောင်းစုံကို သိရောဆိုပါတော့။ ဒီတော့ ဦးသာလှက “မောင်ရင်တို့ကို သနားတယ်ကွယ်။ ကျုပ်မှာ လယ်တစ်ကွက်တော့ ရှိတယ်။ စပါးထွက်နှုန်းကလည်း သိပ်ကောင်းတာ။ အဲဒါ မောင်ရင်တို့ လုပ်ကိုင်စားကြဖို့ ပေးမယ်။ ရတာကို ၃ ပုံ ပုံမယ်။ ၁ ပုံကို မင်းတို့ စား။ ကျန်တာ ငါ့ကို ပေး။ ကျေနပ်ရင် လုပ်ကွာ”ဆိုတော့ ဘတုပ်တို့ လင်မယား ထခုန်မိတော့မတတ် ဝမ်းသာသွားတာပေါ့။

ဒါနဲ့ ဦးသာလှကပဲ လယ်ထဲမှာ တဲလေးတစ်လုံး ဆောက်ပေးတယ်။ ဘတုပ်တို့ အဲဒီမှာ နေတယ်။ ရွာထဲမှာတော့ ပြောနေကြတာပေါ့။ “အောက်ပြည်သားလေး သနားပါတယ်ဟယ်၊ ဦးသာလှတို့ကတော့ စိတ်ကောင်းကို မရှိဘူး”ဆိုပြီး ပြောနေကြတော့တာပေါ့။ ရွားသားတွေ ဘာလို့ အဲဒီလို ပြောကြတာလဲဆိုတော့ အကြောင်းရှိတယ်ဗျ။ ဦးသာလှက ဘတုပ်ကို ပေးလိုက်တဲ့ လယ်က ခိုက်တယ်တဲ့။ အဲဒီလယ်မှာ သီးနှံတွေ ဝင်းမှည့်ပြီး ရိတ်သိမ်းပြီးတာနဲ့ လယ်လုပ်သူတွေဟာ အကုန်သေကြတာပဲတဲ့။ တိုက်ဆိုင်မှုလို့ မထင်လိုက်ကြနဲ့ဦး။ လယ်သမားခြောက်ဆက်ရှိပြီတဲ့ဗျ။ ခြောက်ဆက်။ အကုန်သေတာပဲ။ ဒါကြောင့် ပြောကြတာ။ အဲဒီလို လယ်သမား ခြောက်ဆက်လောက် သေပြီးတော့ ရွာသားတွေက အဲဒီလယ်ကို “မလုပ်ကောင်းလယ်”လို့ ခေါ်ကြတယ်ဗျ။ အခုချိန်ထိ အဲဒီနာမည်ရှိသေးတယ်။ ဦးသာလှကတော့ လယ်လုပ်သူသေတာနဲ့ လယ်က ထွက်သမျှ သူအကုန်ပိုင်တာပေါ့။

ဒီလိုနဲ့ ဘတုပ်တို့ မိသားစုလေးဟာ ပျော်ပျော်ပါးပါးနဲ့ လယ်တဲလေးမှာ ရောက်ကုန်ကြတာပေါ့။ တစ်နေ့မှာ ထူးဆန်းတာတစ်ခု စဖြစ်တော့တာပဲ။ ဘတုပ်ဟာ သူ့သမီးလေးကို ပဲပင်စိုက်ဖို့ လယ်တဲအရှေ့ဘက် ခပ်လှမ်းလှမ်းမှာ တွင်းလေးတွေ တူးခိုင်းပြီး လယ်ထဲမှာ ထွန်ယက်နေခဲ့တယ်။ ညနေစောင်းတော့ တဲကို ပြန်ရောက်တော့ သမီးလေးဟာ တဲထဲမှာ ကြော့ကြော့မော့မော့ သနပ်ခါးပါးကွက်လေးနဲ့။ “ဟဲ့ သမီး ဒီနေ့ တွင်းတူးတာ ဘယ်နှတွင်း ပြီးလဲ”။ “တစ်တွင်းပဲပြီးတယ် အဖေ”။ “ဟယ် ဒီသမီး အပျင်းကြီးလှချည်လား။ ဒီလောက်အပျင်းကြီးတာ ဘယ်လိုလုပ် တိုးတက်မှာလဲ။ အလသဿ ကုတော သိပ္ပံ၊ အသိပ္ပဿ ကုတော ဓနံတဲ့။ နင် ဘယ်တော့မှ ကြီးပွားမှာ မဟုတ်ဘူး”ဆိုပြီး ဘတုပ်ဟာ ငယ်ငယ်က ရခဲ့ဖူးတဲ့ လောကနီတိတွေနဲ့ သမီးကို ဆုံးမတော့တာပဲ။ ဘတုပ်လည်း ဆုံးမပြီးရော “အဖေကလည်း ဆူဖို့ပဲ။ ဒီလို အဖေရဲ့။ အဖေပြောသလို တွင်းသွားတူးတာပဲ။ တွင်းတစ်တွင်း တူးပြီးတာနဲ့ ကျုပ်နားကို ကောင်မလေးတစ်ယောက် လာတယ်။ နင်တို့က စည်းကမ်းကို မရှိဘူး။ ဒါ ငါတို့နေရာဟဲ့။ မြေကြီးကို ဟိုဆွဒီဆွ မလုပ်နဲ့။ နောက်ဆက်လုပ်ရင် ငါ့အဆိုးမဆိုနဲ့”လို့ ပြောတယ် အဖေရဲ့”ဆိုပြီး ပြန်ပြောပြလိုက်တယ်။ ဘတုပ်ဟာ ဖျက်ခနဲ့ဆို တဲအပြင်ကို လှမ်းကြည့်လိုက်တယ်။ နေဝင်ရီတရောကာလဆိုတော့ အပြင်မှာ မှောင်ရိပ်သန်းနေပြီ။ “ဒါနဲ့ နေပါဦး၊ အဲဒီကလေးမက ဘယ်ကို ထွက်သွားတာလဲ”။ “ဟိုး အရှေ့ဘက် ပိန္နဲပင်နားကို ထွက်သွားတာပဲ”။ “အေးအေး ထားလိုက်တော့။ စိန်စိန်ရေ ထမင်းကျက်ပြီလား။ စားရအောင်ကွာ။ အင်းးးးး နေဦး နေဦး မစားနဲ့အုံး။ ငါ ရွာထဲသွားလိုက်ဦးမယ်။ ငါပြန်လာမှ စားကြရအောင်”ဆိုပြီး ဘတုပ် ရွာထဲက ဦးသာလှဆီကို ဦးတည်သွားတော့တယ်။

“ဟဲ့ ဘတုပ်၊ မင်းလကွာ ညကြီးမင်းကြီး ဘာကိစ္စတုန်းဟ”။ “မေးစရာလေးရှိလို့ပါ”။ “အေး မေးကွာ မေး”။ “ခင်ဗျား ကျုပ်တို့ကို ပေးထားတဲ့ လယ်မြေကို ခင်ဗျားနဲ့ စပ်တူ ပိုင်တဲ့သူများ ရှိလား”။ “ရာရာစစကွာ ဒီမြေတစ်ကွင်းလုံး ငါတစ်ယောက်တည်း ပိုင်တာပါကွ။ မင်းမယုံရင် ရွာထဲ လိုက်မေးကြည့်”။ “ဟုတ်ပါပြီဗျာ၊ ယုံပါတယ်။ မမေးတော့ပါဘူး”။ အင်း ဒီမြေဟာ ရွာမှာ ဦးသာလှတစ်ယောက်ပဲ ပိုင်တာတော့ သေချာသွားပြီ။ ဒါဆိုရင် မနက်က သမီးကို ငါတို့ပိုင်တဲ့မြေလို့ ပြောသွားတဲ့ ကလေးမက ဘယ်ကလဲ” ဘတုပ်လည်း တစ်စုံတစ်ရာကို သဘောပေါက်သွားပြီး ကြက်တစ်ကောင်ဝယ်ပြီး လယ်တဲဆီကို ပြန်လာခဲ့တော့တယ်။

“ရော့ စိန်စိန် ဒီကြက်ကို ချက်ကွာ။ ပြီးမှ ညစာ စားကြတာပေါ့”ဆိုပြီး ကြက်ကို ပစ်ပေးလိုက်တယ်။ ဘတုပ်လည်း သူတတ်သမျှ ကြားဖူးသမျှလေးတွေနဲ့ စဉ်းစားနေတော့တယ်။ “ကိုဘတုပ် ထမင်းစားလို့ ရပြီ”လို့ စိန်စိန်ခေါ်မှ သတိရသွားတယ်။ “စိန်စိန်ရေ ငါ့ကို ဟော့ဟိုပန်းကန်ထဲ ကြက်သားထည့်ပေးစမ်းကွာ”လို့ဆိုတော့ မိန်းမဖြစ်သူလည်း ဘုမသိဘမသိနဲ့ ပေးလိုက်တယ်။ “ကိုဘတုပ် … ဒီနေ့ တော့်ကြည့်ရတာ တစ်မျိုးပဲတော်၊ ဘာဖြစ်နေတာလဲ”။ “အသာနေစမ်းပါဟာ နင်ဘာမှ မသိပါဘူး”ဆိုပြီး တဲအပြင်ကို ထွက်သွားခဲ့တယ်။ ပြီးတော့ သမီးပြောတဲ့ ပိန္နဲပင်တောစပ်လေးမှာ ရပ်ပြီး “အိမ်နီးချင်းများခင်မျာ၊ ဟင်းများ ကမ်းလှမ်းပါသည်၊ စားသောက်တော်မူကြပါ၊ မေတ္တာဖြင့် တစ်ဦးကိုတစ်ဦး ပေါင်းသင်းဆက်ဆံခြင်း ဖြစ်ပါသည်”လို့ ပြောပြီး ဟင်းပန်းကန်ကို ချထားခဲ့တယ်။
မနက်မိုးလင်းတာနဲ့ ဘတုပ်ဟာ လယ်ထဲ မဆင်းသေးဘဲ မနေ့က သမီးတွင်းတူးတဲ့နေရာကို သွားပြီး တွင်းများကို ဆက်တူးနေခဲ့တယ်။ ဘတုပ် တွင်းတူးနေတုန်း မနေ့က ကလေးမ ရောက်လာပြီး “တကတဲ ရှင်တို့ဟာလေ မနေ့ကလည်း ပြောပြီးသွားပြီ။ ဒီမြေက ငါတို့နေရာ။ မတူးပါနဲ့လို့။ ခု ဆက်တူးနေပြန်ပြီ။ ပြီးမှ ကျုပ်အဆိုးမဆိုနဲ့”လို့ ကျိန်းမောင်းတော့တယ်။ ဒီတော့မှ ဘတုပ်က “အမိရယ် စိတ်မဆိုးပါနဲ့။ အမိကို တွေ့ချင်လို့ ဒါကို ဆက်လုပ်ကြည့်တာပါ။ တွင်းမတူးရမယ့်နေရာကို သေချာပြောပြပါလား။ အဲဒီပြတဲ့နေရာကို နောက် ဘယ်တော့မှ မတူးတော့ပါဘူး”လို့ ပြောလိုက်တော့ ကလေးမဟာ ဟောဒီကနေ ဟောဒီနေရာဆိုပြီး မြေနေရာသက်မှတ်ပေးလိုက်တယ်။ ဘတုပ်လည်း ကတိပေးပြီး လယ်တောထဲ လယ်ထွန်နေလိုက်တယ်။

ညနေရောက်တော့ ဘတုပ်လည်း ရွာထဲသွားပြီး အမဲသားသွားဝယ်တယ်။ မနေ့ကလိုပဲ ပိန္နဲပင်အစပ်သွားပြီး “အိမ်နီးချင်းများခင်မျာ၊ ဒီနေ့ ဟင်းကတော့ အမဲသားဟင်းပါခင်မျာ၊ စေတနာဖြင့် ကျွေးပါတယ်။ သုံးဆောင်ကြပါခင်မျာ”လို့ ယဉ်ယဉ်ကျေးကျေး ပြောပြီး ဟင်းခွက်ကို ချထားခဲ့လိုက်တယ်။
ကျုပ်ဦးခ ကြားဝင်ရဦးမယ်ဗျာ။ ခင်ဗျားတို့တော့ မသိဘူး။ ကျုပ်တော့ အတော် စိတ်ဝင်စားနေပြီဗျာ။ ကျုပ်သာဆိုရင် ကြောက်တာနဲ့ အဲဒီရွာကနေ ပြေးမှာပဲ။ ဘတုပ်ကတော့ တစ္ဆေသရဲတွေနဲ့ ပတ်သက်ပြီး သူ့ရွာဘုန်းကြီးက ပြောထားတဲ့နည်းကို သုံးတာတဲ့ဗျာ။ တစ္ဆေသုတေသနတွေ အများကြီး လုပ်လာတဲ့ ကျုပ်ဦးခတောင် ကြက်သီးထတယ်ဗျာ။ ကဲဗျာ ခင်ဗျားတို့ ကျုပ်ပြောတာ စိတ်ဝင်စားမှာ ဟုတ်ပါဘူး။ ဘတုပ်ဇာတ်လမ်းပဲ ဆက်ရအောင်။

ဒီလိုနဲ့ ဘတုပ်လည်း မိသားစုနဲ့အတူ ထမင်းစားပြီး ညအိပ်ယာဝင်လိုက်ကြတယ်။ ညအိပ်မပျော်ခင်မှာ စိန်စိန်က “ကိုဘတုပ် တော့်နှယ် ခါတိုင်းဆို ချွေတာရမယ်ဆို၊ အသားဟင်းဆိုတာ နေ့တိုင်း မချက်ရဘူးဆို၊ ခုတော့ ရှင်ဘာဖြစ်နေတာလဲ၊ မနေ့က ကြက်သားဟင်း၊ ဒီနေ့ အမဲသားဟင်း၊ ကိုယ်ပြောတဲ့စကားကို ကိုယ့်ဟာကို မစောင့်ထိန်းဘူး၊ တော် ရှာကျွေးနိုင်ရင် ချက်ပေါ့လေ၊ ကျုပ်တို့ဆီမှာတော့ ပိုက်ဆံက သိပ်မရှိတော့ဘူး”လို့ စကားနာ ထိုးတယ်။ ဘတုပ်လည်း အဖြစ်မှန်ပြောပြလိုက်ရင် စိန်စိန်တို့ သားအမိ ကြောက်ပြီး မနေရဲတော့ဘူးပြောမှာစိုးလို့ ဘာမှ ပြောမပြဘဲ နေလိုက်တယ်။ မနက်မိုးလင်းလို့ လယ်တောထဲ ထုံးစံအတိုင်း သွားပြီး လယ်ထွန်၊ နေပူတော့ လယ်ဘေးက သစ်ပင်အောက်မှာ ခဏနားနေလိုက်တယ်။ နားနေရင်းနဲ့ ထွန်သွားလေးတွေ ချွန်နေတုန်း အသက် ၅ဝ လောက်ရှိတဲ့ လူကြီးတစ်ယောက် ရောက်လာပြီး နှုတ်ဆက်တယ်။

“ဘာတွေများ လုပ်နေတာလဲဗျ”။ “ထွန်သွားတွေ ချွန်နေတာပါခင်မျာ”။ “ဘယ်ကများ ကြွလာပါသလဲ၊ ရေသောက်ပါဦး၊ ကွမ်းယာလေးများ ဝါးပါဦး”လို့ ဘတုပ်က ယဉ်ကျေးပျူငှါစွာ ပြန်ပြောလိုက်တယ်။ လူကြီးဟာ အကြောင်းသိအစင်းသိ ရင်းနှီးတဲ့သူတစ်ယောက်လို ဘတုပ်နားမှာ လာထိုင်တယ်။

“အေးဗျာ ခင်ဗျား ကျုပ်တို့ကို ဟင်းပေးစားတာ ၂ ရက်ရှိသွားပြီ။ ကျေးဇူးတင်တယ်ဗျာ။ ကျုပ်တို့က ဘာမှ ကျေးဇူးပြန်မဆပ်ရသေးဘူး”။ “မလိုပါဘူးဗျာ။ အိမ်နီးချင်းတွေဆိုတော့ စေတနာနဲ့ ကျွေးတာပါ”။ “အေးဗျာ … ခင်ဗျားအရင်က လူတွေက မကောင်းဘူးဗျာ။ သူတို့လုပ်ချင်ရာ စွတ်လုပ်ကြတာ။ ကျုပ်တို့ တောင်းပန်လည်း မရဘူး။ ဒါကြောင့် ဒုက္ခရောက်ကုန်ကြတာ။ ဟိုတစ်ရက်က ကောင်မလေးက ကျုပ်သမီးပေါ့။ သူက ငယ်ကလည်း ငယ်၊ စိတ်ကလည်း ထက်တော့ သူနဲ့အဆင်မပြေရင် ဒုက္ခရောက်ကုန်တာပဲ၊ ဒီသမီးလေးဆိုးတာကို ခွင့်လွှတ်ပါဗျာ”။ “ရပါတယ်ဗျာ … ကိစ္စမရှိပါဘူး။ ကျုပ်ဟာ ဘယ်သူ့ကိုမှ စိတ်ဆိုးအောင်၊ ဒုက္ခရောက်အောင် လုပ်ချင်စိတ် မရှိပါ။ အိမ်နီးချင်းများနှင့် ချစ်ချစ်ခင်ခင်သာ နေထိုင်လိုပါတယ်၊ တစ်စုံတစ်ရာ အမှားလုပ်မိရင် ကျုပ်ကို ပြောပါ။ မသိလို့ လုပ်မိတာ ဖြစ်ပါလိမ့်မယ်။ သင်တို့ ပြောလာရင် နောက်မလုပ်ဖြစ်အောင် ဆင်ခြင်ပါ့မယ်”။ “အင်း ခင်ဗျားကြည့်ရတာ လူရိုးလူကောင်းပုံပါပဲ။ ကျုပ်မပြန်ခင် တစ်ခု ပြောပါရစေဦး၊ အရင်နေ့ကလို ကျုပ်တို့ကို အသားဟင်းလေးတွေ ပေးပါဦး၊ အင်း … ခင်ဗျားတို့လည်း သိပ်ရှိကြတာ မဟုတ်တော့ ကျုပ်က ဟင်းဖိုးပေးမယ်။ ရော့ ငွေ ၁ဝ။ ဒါနဲ့ဝယ်ပြီး ချက်ကျွေးပါ။ နောက်များလည်း ငွေလိုရင် ထပ်ပေးပါဦးမယ်၊ ဒါနဲ့ ကျုပ်တို့အတွက် ဟင်းမှာ အူ၊ အသဲ၊ ကလီစာတွေနဲ့ဦးခေါင်းလေးတော့ ပါပါစေဗျာ”။ လူကြီးဟာ ဘတုပ်ကို နှုတ်ဆက်ပြီး ပိန္နဲတောဘက်ကို ထွက်ခွါသွားတော့တယ်။

ဘတုပ်လည်း ညနေရောက်တဲ့အခါ အမဲသားများ အိုးလိုက်ချက်ပြီး အိုးကိုပါ ပိန္နဲတောမှာ သွားချပေးလိုက်တယ်။ နောက်ရက်များမှာလည်း လူကြီးဟာ ရံခါရံခါ ရောက်လာပြီး အလ္လာပသလ္လာပများ ပြောကာ ချစ်ချစ်ခင်ခင် နေထိုင်ခဲ့ကြတော့တယ်။ ဘတုပ်တို့ဟာ လယ်သမားဆိုတော့ စပါးမပေါ်ခင် ဆင်းဆင်းရဲရဲ ကျပ်ကျပ်တည်းတည်း နေရစားရတာပေါ့ဗျာ။ လယ်တောဘေးက ခြံလေးက ဟင်းသီးဟင်းရွက်လေးတွေကို စိန်စိန်က ရွာထဲ လည်ရောင်းပြီး စားဝတ်နေရေး ဖြေရှင်းရတာပေါ့။ တစ်နေ့တော့ လူကြီးက ဘတုပ်တို့ ဆင်းရဲနေတာကို ကြည့်ပြီး “ခင်များတို့ ကြည့်ရတာ သိပ်ဆင်းရဲနေကြပုံပေါ်တယ်။ ကျုပ် ကူညီပေးပါရစေ၊ ခင်များမိန်းမကို ရွာထဲမှာ ဆိုင်လေးတစ်ဆိုင် ဖွင့်ခိုင်းပါ။ ကျုပ် ငွေရင်းပေးပါ့မယ်”လို့ဆိုပြီး ငွေအရင်းအနှီးပေးလို့ စိန်စိန်က ရွာထဲမှာ ဆိုင်လေးဖွင့်၊ နေ့ဘက်မှာရောင်းပြီး ညနေဘက်ကျမှ ပြန်လာရတာပေါ့။ ဘာပဲဖြစ်ဖြစ် ဘတုပ်တို့ မိသားစုဟာ စားဝတ်နေရေး ချောင်လည်လာခဲ့တယ်။

ခုဆို စပါးတွေကလည်း ဝင်းမှည့်လာပြီ။ ဘတုပ်တို့ကတော့ ပျော်မဆုံးပေါ့။ ဒါပေမဲ့ ရွာထဲမှာတော့ ပြောနေကြပြီဗျ။ ဟိုအောက်ပြည်သားတော့ ဒုက္ခရောက်တော့မယ်။ အသုဘဟင်း စားရတော့မယ်ပေါ့။ တချို့ဆို “ဦးသာလှရေ ဒီနှစ် လယ်ကြီးက သိပ်အထွက်ကောင်းမယ့်ပုံပဲဗျ။ မသာဟင်းကိုတော့ အသားဟင်းငါးဟင်းလေးနဲ့ ကောင်းကောင်းကျွေးပါဗျာ”လို့ ပြောကြတယ်။ ဒီတော့ ဦးသာလှတို့လည်း ပြုံးပြုံးပေါ့ဗျာ။ ဒါပေမဲ့ ရွာသားတွေ စိတ်ထဲမှာတော့ တစ်မျိုးဖြစ်နေတယ်။ ဘတုပ်တို့မိသားစုရဲ့ စီးပွားရေးအခြေအနေက တစ်နေ့တစ်ခြား တိုးတက်လာတယ်။ သမီးလေးဆိုရင် ရွှေနားကပ်လေးတောင် ပိုင်နေပါပေါ့လား။

ဒီလိုနေလာရင်း တစ်နေ့မှာ ဘတုပ် အကြီးအကျယ် စိုးရိမ်သွားခဲ့ရတယ်။ ဒီလိုဗျ။ တွေ့နေကျ လူကြီးက ဒေါသတကြီးနဲ့ရောက်လာတယ်။ မြင်ရတာကတော့ သူတစ်ယောက်တည်းပဲ။ ဒါပေမဲ့ ခြေသံတွေ တဗုန်းဗုန်းနဲ့ အများကြီးလာတာဗျ။ နောက်ပြီး “ဟင်းးး ဟီးးးး”စတဲ့ မကျေမနပ်အသံတွေကလည်း ကြားနေရသေးတယ်။ လူကြီးက “ခင်များ လုပ်တာ ကောင်းသေးလားဗျာ။ ခင်များတို့ကို လူရိုးလူကောင်းတွေဆိုပြီး အိမ်နီးချင်းကောင်း ပီသအောင် ကျုပ်နေခဲ့တယ်။ ခင်များတို့ကို ပေးကမ်းသင့်သလောက် ပေးကမ်းခဲ့တယ်။ အခုတော့ဗျာ။ မနေ့ညက ကျုပ်တို့ မိသားစု၊ ဆွေမျိုးတွေ အကုန်လုံး နေစရာကို မရှိဘူး။ တစ်ညလုံးလည်း အိပ်မရအောင် ဖြစ်ခဲ့တယ်။ ဟိုပြေးဒီပြေးနဲ့ သောကတွေ ရောက်လိုက်ရတာဗျာ။ အဲဒါ ကျုပ်ဆွေမျိုးတွေက ခင်များတို့မိသားစုကို မျိုးဖြုတ်ပစ်မယ်တဲ့။ အဲဒါ ကျုပ် စိတ်မကောင်းလို့ လာပြောတာ”။ အဲဒီအခါ ဘတုပ်ဟာ ပြာပြာသလဲလဲနဲ့ “မိတ်ဆွေကြီး ဘယ်လို ဖြစ်ရတာလဲဗျာ။ ကျုပ်တို့ ဘာအမှား လုပ်မိလို့ပါလဲ။ ကျုပ်ကို ပြောပါ။ အမှားလုပ်မိရင် တောင်းပန်ပါတယ်”။

“ဒီလိုဗျာ … မနေ့ညက ခင်များနဲ့ခင်များသမီး ကျုပ်တို့နားကို လာတယ်ဗျာ။ လာပြီးတော့ သမ္ဗုဒ္ဓေတွေ ရွတ်တယ်။ ပဋ္ဌာန်း ၂၄ ပစ္စည်းတွေလည်း ရွတ်တယ်။ လာပဲလာသေးတယ်။ ခင်များက ခင်များ ရွတ်ရုံတင် မဟုတ်ဘူး။ သမီး ရွတ်ရွတ်ဆိုပြီး ခင်များသမီးကိုတောင် ရွတ်ခိုင်းနေသေးတယ်”။ “ကျုပ် မှားသွားပါတယ်ခင်မျာ။ နောက်မရွတ်တော့ပါဘူး။ မသိလို့ လုပ်မိခြင်းဖြစ်၍ ခွင့်လွှတ်ပါခင်မျာ။ နောက်မဖြစ်အောင် ဆင်ခြင်နေပါ့မယ်။ မိတ်ဆွေရဲ့ဆွေမျိုးတွေကိုလည်း တောင်းပန်ပေးပါခင်မျာ”။ “အေး ကောင်းပြီလေ။ ကျုပ် ပြေလည်အောင် ပြောကြည့်ပါ့မယ်။ အတတ်နိုင်ဆုံးတော့ ကြိုးစားပါ့မယ်။ မရရင်တော့ ခင်များအတွက် စိတ်မကောင်းပါဘူးဗျာ”လို့ ပြောပြီး ထွက်သွားတော့တယ်။

ဘတုပ်လည်း စိုးရိမ်တကြီးနဲ့ စိန်စိန်ကို ခေါ်ပြီး အမဲသားဟင်း ချက်ခိုင်းတော့တယ်။ ပြီးတာနဲ့ တောစပ်သွားပြီး တောင်းပန်လိုက်တယ်။ နောက်နေ့မှာ လူကြီးရောက်လာပြီး “မနေ့က ခင်များ တောင်းပန်တာကို ကျုပ်ဆွေမျိုးတွေ ကျေနပ်ကုန်ကြတယ်။ နောက်ပြီး ခင်များကို ဒီမှာပဲ နေစေချင်တယ်တဲ့။ ဒါနဲ့ သူတို့ ရှိတဲ့ငွေလေးစုပြီး ခင်များ ဒီလယ်ကို အပိုင်ဝယ်ဖို့ ပိုက်ဆံပါ ပေးလိုက်တယ်။ ရော့ ဒါ သူတို့ လယ်ဝယ်ဖို့ ပေးလိုက်တာ။ အဲ ခင်များ သိထားရမှာက ကျုပ်နဲ့ခင်များ ဒီလို ဆက်ဆံနေတာ၊ ကျုပ်က ငွေပေးတာတွေကို ဘယ်သူ့ကိုမှ မပြောမိစေနဲ့”ဆိုပြီး ငွေ ၄ဝဝ ပေးပြီး ပြန်သွားတယ်။ ဘတုပ်လည်း ဝမ်းသာလိုက်တာ လွန်ရော။ ဒါနဲ့ ဘတုပ်ဟာ ဦးသာလှဆီကို သုတ်ခြေတင် သွားတော့တယ်။

“ဟာ မောင်ဘတုပ် … မင်း ဒီပိုက်ဆံတွေ ဘယ်က ရလာတာလဲ”။ “တလွဲမထင်ပါနဲ့ ဦးသာလှ၊ ကျုပ်အောက်ပြည်က လာကတည်းက ဒီပိုက်ဆံလေးတွေကို မသုံးရက်ဘဲ စုထားခဲ့တာပါ”။ “အေးကွာ … တကယ်တော့ မင်းမြင်တဲ့အတိုင်း ဒီလယ်က အထွက်နှုန်း သိပ်ကောင်းတာကွ။ တကယ်ဆို ၁၅ဝဝ လောက်တန်တာ။ ဒီတော့ မင်းကို ၁ဝဝဝ နဲ့ ပေးမယ်ကွာ။ စပါးပေါ်မှ ကျန်ငွေကို ထပ်ပေးပါ့။ ကျေနပ်ရင် မင့်ငွေ ၄ဝဝ ထားခဲ့”။ “ကောင်းပါပြီဗျာ၊ ကျေးဇူးတင်ပါတယ်”။ ဘတုပ်လည်း လယ်ပိုင်ရှင်ဖြစ်တော့မယ်ဆိုတာကို တွေးပြီး တစိမ့်စိမ့် ကြည်နူးနေတော့တာပေါ့။

ဒီလိုနဲ့ လယ်ရိတ်သိမ်းချိန်ရောက်လာခဲ့တယ်။ စပါးတွေ ထွက်လာတာမှ လွန်ရော။ အခြားလယ်တွေထက်ကို အထွက်နှုန်းကောင်းတယ်။ ရွာထဲမှာတော့ တီးတိုးစကားတွေ များမှများပေါ့ဗျာ။ ဘတုပ်တို့တော့ ထုံးစံအတိုင်း ဒုက္ခရောက်တော့မယ်ပေါ့။ သိတဲ့အတိုင်း ဘတုပ်တို့က မိတ်ဆွေတွေ ဖြစ်နေကြတော့ ဘာမှ မဖြစ်ခဲ့ပါဘူး။ ဦးသာလှနဲ့ သဘောတူထားတဲ့အတိုင်း စပါးတွေကို ၃ ပုံ ပုံတယ်။ ၁ ပုံကို ဘတုပ်ယူတယ်။ ဦးသာလှကတော့ ဘတုပ်တို့ ဒုက္ခရောက်တော့မှာဆိုတော့ ၃ ပုံလုံး သူရတော့မယ်ဆိုပြီး ကြိတ်ပျော်နေတာပေါ့။ ၁ ပုံထဲက လယ်ဖိုးအတွက် ထပ်ဖြည့်လိုက်တော့ ဘတုပ်တို့လည်း လယ်ပိုင်ရှင်ဖြစ်သွားခဲ့တယ်။ ဒီလိုနဲ့ ဦးသာလှတို့ စောင့်နေလိုက်တာ နောက်တစ်မိုးရောက်လည်း ဘာမှ မဖြစ်၊ နောက်တစ်မိုးရောက်လည်း ဘာမှ မဖြစ်နဲ့ ၆ နှစ်တောင် ကြာသွားခဲ့တယ်။ ဘတုပ်တို့လည်း ဟိုတုန်းကလို မဟုတ်တော့ဘူး။ အိမ်တစ်ဆောင်မီးတပြောင်နဲ့ ဖြစ်နေပြီ။ သမီးလေးတောင် ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်လေး ဖြစ်နေပြီ။ အလှူအတန်းဆိုလည်း ဘတုပ်တို့ လင်မယားက ထိပ်ဆုံးကဆိုတော့ ရွာဦးဘုန်းကြီးကလည်း ဒကာဘတုပ် ဒကာဘတုပ်ဖြစ်နေပြီ။

ဒီလိုနဲ့ ၆ နှစ်ပြည့်ပြီးလို့ မိုးကျခါနီးမှာ ဝမ်းနည်းစရာအဖြစ်အပျက်တစ်ခု ဖြစ်ခဲ့တယ်။ လပြည့်ညတစ်ညမှာပေါ့။ ပိန္နဲတောဘက်က အော်ဟစ်သံ၊ နွားခလောက်သံ၊ ငိုယိုသံ စတဲ့ အသံတွေ ဆူညံနေတယ်။ ဘာများဖြစ်ပါလိမ့်ပေါ့။ “စိန်စိန်ရေ ထစမ်းပါဦး၊ ဟိုဘက်မှာ ဆူညံနေတာပဲ၊ ဘာဖြစ်တာလဲ မသိဘူး”ဆိုတော့ “ကိုယ်တော့်နှယ် ဘာတွေများ လျှောက်ပြောနေတာလဲ၊ ကျုပ်ဖြင့် ဘာသံမှ မကြားပါတော်၊ အိပ်မှာ ဆက်အိပ်ပါ”ဆိုပြီး ပြန်အိပ်သွားတယ်။ “အော် ဒီအသံတွေက ငါတစ်ယောက်တည်း ကြားရတာပါလား”ဆိုတာကို သတိထားမိသွားတယ်။ ဒါနဲ့ အိမ်အပြင်ထွက်လိုက်တော့ လူကြီးရောက်လာတယ်။ မျက်နှာလည်း မကောင်းဘူး။
“မိတ်ဆွေကြီးရေ … ကျုပ်တို့ သွားရတော့မယ်။ နယ်ပိုင်က ကျုပ်တို့ကို နှင်နေပြီ။ ဒီနေရာမှာ မနေရတော့ဘူး။ အဲဒါ အားလုံး စိတ်မကောင်းဖြစ်ပြီး ငိုကာယိုကာ ပစ္စည်းတွေ သိမ်းနေကြတာ။ ကျုပ်နှုတ်ဆက်ပါတယ်။ ခင်များနဲ့ မိတ်ဆွေဖြစ်ရတာ ဝမ်းသာပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ နေရာသစ်မှာ ခင်များလို လူကို တွေ့အုံးပါ့မလား မသိဘူး။ နေရာသစ်က ပရိတ်တွေ၊ ပဋ္ဌာန်းတွေ ရွတ်ကြတဲ့နေရာဆိုရင် ကျုပ်တို့ တစ်ဆွေမျိုးလုံး ဒုက္ခရောက်ရတော့မှာပဲ။ အဲဒီလို နေရာမျိုးဆိုရင် သူတို့က ပရိတ်၊ ပဋ္ဌာန်းနဲ့ ကျုပ်တို့ကို ဒုက္ခပေး။ ကျုပ်တို့ကလည်း သူတို့ ကံနိမ့်တာနဲ့ ဒုက္ခရောက်အောင် ပြန်လုပ်။ မကောင်းပါဘူးဗျာ။ ဒါပေမဲ့ ဘယ်တတ်နိုင်မလဲ။ သွားမယ်ဗျာ”ဆိုပြီး နှုတ်ဆက်ထွက်ခွါသွားတော့တယ်။ ဘတုပ်လည်း တစ်စုံတစ်ခုကို သတိရတာနဲ့ “ဗျို့မိတ်ဆွေကြီး ခဏနေပါဦး၊ ခင်များတို့နေရာမှာ နောက်ရောက်လာမယ့်သူတွေက ဘယ်လို လူတွေ ဖြစ်မလဲ”လို့ မေးတော့ “အဲဒါတော့ မပူပါနဲ့၊ ဒီနေရာမှာ ဘယ်သူ့ကိုမှ မထားတော့ဘူးတဲ့၊ လူတွေနဲ့ သိပ်နီးသွားလို့တဲ့”လို့ ဖြေပေးလိုက်မှ ဘတုပ်လည်း စိတ်အေးသွားခဲ့တယ်။

အခုချိန်မှာတော့ ဘတုပ်တို့ဟာ ရွာမှာ လယ်ရှင်သူဌေးကြီး ဖြစ်နေပြီ။ ကျုပ်ဦးခလည်း ဘတုပ်တို့ရွာက ပြန်လာတာ နှစ်၂ဝ တောင်ရှိနေပြီ။ သူတို့တွေ အသက်ထင်ရှားရှိသေးလား၊ မရှိတော့ဘူးလားတောင် မသိတော့ဘူး။ ဒါကတော့ ကျုပ် တစ္ဆေသုတေသန ဦးခရဲ့ တွေ့ရှိချက်တစ်ခုပါ။ ခင်ဗျားတို့လည်း သင်္ခန်းစာယူစရာတွေ၊ ဗဟုသုတတွေ အများကြီး ရလိမ့်မယ်လို့ ထင်ပါတယ်။ ဆင်ခြင်စရာ၊ သုံးသပ်စရာတွေကလည်း အများကြီး ပါမှာပါ။ မယုံတော့ မရှိနဲ့နော်။ သိတယ်မလား၊ တစ္ဆေသုတေသန ဦးခပါ။ နောက်ထပ် တွေ့ရှိချက်တွေလည်း အများကြီး ရှိသေးတယ်ဗျ။ ခင်များတို့ စိတ်ဝင်စားရင်တော့ ဆက်ပြောပြရသေးတာပေါ့ဗျာ။

No comments: