Friday, December 19, 2014

စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၈)


ယခင်အပတ်မှ အဆက် ....

(၃၅)

သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ဖို့အတွက် ပူပန်လျှင် ပူပန်စရာရှိသော်လည်း စားဝတ်နေရေးအတွက်ကား အနည်းငယ်မျှ ပူပန်စရာမရှိပါ။ ကျန်းမာရေးမကောင်းလို့ ဆေးမကုသနိုင်မှာလည်း ပူစရာမရှိပါ။

စားဖို့ ပူစရာမလို၊ နေဖို့ပူစရာမလို၊ ဆေးကုဖို့ ပူစရာမလိုသော သူတို့ဘဝများကို မြင်ယောင်ကြည့်လိုက်တိုင်း ဝမ်းနည်းဝမ်းသာဖြစ်ရသည်။ ဝမ်းသာခြင်းက သူတို့တွေ အဆင်ပြေနေခြင်းကြောင့်ဖြစ်သည်။ ဝမ်းနည်းခြင်းက အမိမြန်မာပြည်က ပြည်သူများကို သတိတရ မြင်ယောင်မိသောကြောင့် ဖြစ်သည်။

နေဖို့လည်း ရုန်းကန်ရ၊ စားဖို့လည်း ရုန်းကန်ရ၊ တစ်သက်လုံး တစ်နေကုန် တစ်နေခမ်း ကြိုးစားလုပ်ကိုင်သော်လည်း ဝမ်းက မဝ၊ ခါးက မလှ။ တစ်စုံတစ်ရာ ကျန်းမာရေး ချွတ်ယွင်းပါက ဘဝပျက်ရ။ ဆေးကုစရာမရှိလို့ သေရသည့်ဝေဒနာရှင်များက ဒုနဲ့ဒေး။ ရွှေပြည်ကြီးသားများအတွက် ဘဝအာမခံချက်က အဘယ်မှာနည်း။ ဒီကြားထဲ မြတ်ဗုဒ္ဓတရားကို သေချာစွာ သဘောမပေါက်ထားသူအချို့က "ကံပေါ့"ဟု ပြောလာသောစကားအောက်တွင် လမ်းစက စုန်းစုန်းပျောက်ကွယ်သွားသဖြင့် ဗုဒ္ဓဘာသာပင် မျက်နှာပျက်ရကိန်းကြုံရသည်လည်း ရှိသည်။
သူတို့နိုင်ငံများတွင် ပုံမှန်အလုပ်လုပ်ပြီး ပုံမှန်အခွန်ဆောင်ထားသောနိုင်ငံသားများအနေဖြင့် ဘဝကို စိတ်အေးချမ်းသာစွာ နေထိုင်သွားနိုင်ကြသည်။

အလုပ်မလုပ်နိုင်လောက်အောင် မသန်စွမ်းဖြစ်သွားလို့လည်း ပူစရာ မရှိပါ။ အစိုးရက တစ်သက်လုံး ထောက်ပံ့ကူညီသွားမည်။ အနည်းဆုံး ဆေးရုံတွင် ခွဲစိတ်ကုသဖူးသောသူများတွင် အေးအေးသက်သာနေမည်ဆိုက နေနိုင်စရာ အခွင့်အလမ်းများ ရှိသည်။

သူတို့ဆီတွင် Handicap ခေါ် မသန်စွမ်းသူများ၊ ဆေးရုံတွင် ခွဲစိတ်ကုသခံဖူးသူများ၊ အမြင်အာရုံအားနည်းသူများအတွက် အထူးအစီအစဉ်များ ရှိသည်။ ရထားလက်မှတ် အခမဲ့ စီးခွင့်ပြုခြင်း၊ ပြတိုက်, ပန်းခြံ, စာကြည့်တိုက် စသည်တို့တွင် အခမဲ့ဝင်ရောက်ခွင့်ပေးခြင်း၊ အလုပ်မလုပ်ဘဲ အစိုးရမှ ထောက်ပံ့ကြေးပေးထားခြင်း (အလုပ်မလုပ်ချင်သူ ငပျင်းများ၊ ဘိန်းစားများ၊ အရက်သမားများလည်း ထောက်ပံ့သော်လည်း Handicap များက အထူးအခွင့်အရေးရှိသည်) စသည်တို့ကို အစိုးရက ပြုလုပ်ဆောင်ရွက်ပေးသည်။

ခွဲစိတ်ခံလူနာများအတွက် ဆေးရုံမှ ဆင်းလာရသော် အိမ်အထိ သူနာပြုတစ်ဦးကို စေလွှတ်စောင့်ရှောက်ပေးလေ့ရှိသည်။
မျက်စိမမြင်သူအတွက် သူနှင့်သင့်လျော်သော အထောက်အကူပြု ကိရိယာပစ္စည်းများ၊ လက်မသန်စွမ်းလျှင် လက်နှင့်ဆိုင်ရာ၊ ခြေထောက်မသန်စွမ်းလျှင် ခြေထောက်နှင့်ဆိုင်ရာ … စသဖြင့် အစစအရာရာ အဆင်ပြေအောင် စီမံဖန်တီးထားကြလေသည်။ ခန္ဓာကိုယ် မသန်စွမ်းသူတစ်ဦးသည် ဝှီးချဲဖြင့် ရထားပေါ်၊ ဘတ်စ်ကားပေါ် အကူအညီမပါဘဲ တက်နိုင်ဆင်းနိုင်သည်။ ဝှီးချဲဖြင့် ရှော့ပင်းထွက်နိုင်သည်။ ဝှီးချဲဖြင့် ပန်းခြံသွားလည်နိုင်သည်။

ဘူတာများ၊ ဘတ်စ်ကားဂိတ်များနှင့် မြို့တွင်း ပလက်ဖောင်းများ၊ မီးပွိုင့်များကအစ မျက်မမြင်များ တုတ်ကလေးထောက်ပြီး သွားနိုင်အောင် အမှတ်အသားလေးများ လုပ်ပေးထားသည်။ ပလက်ဖောင်းများကလည်း တွန်းလှည်းများ အလွယ်တကူ သွားနိုင်အောင် စီစဉ်ပေးထားသည်။ မသန်စွမ်းသူများအတွက် အဆင်ပြေအောင် သန့်စင်ခန်းကိုလည်း သီးသန့်လုပ်ပေးထားတတ်သည်။
ဒိန်းမတ်၊ နော်ဝေ၊ ဂျာမနီ၊ ဆွီဒင်၊ ဟော်လန်၊ ဘယ်ဂျီယံ စသောနိုင်ငံများတွင် အလုပ်မလုပ်လည်း လခ ရသည်။ သို့ဆိုလျှင် လူပျင်းများအတွက် အကွက်ကောင်းဆိုက်သည်ဟု ဆိုနိုင်စရာရှိသည်။

လူပျင်းများ ရေသာခိုမရအောင်လည်း အစိုးရက ပါးပါးနပ်နပ် လုပ်ထားသည်ကို တွေ့ရသည်။ အလုပ်မရှိလျှင် သို့မဟုတ် အလုပ်လက်မဲ့ဖြစ်သွားလျှင် အစိုးရက ၃ နှစ်အထိတော့ (တစ်နိုင်ငံနှင့်တစ်နိုင်ငံ အနည်းငယ်တော့ ကွဲပြားသည်) လခပေးသည်။

တစ်ဦးလျှင် ခရိုနာ ၈/၉ ထောင်ခန့် ရရှိသည်။ အိမ်ထောင်ရှိလျှင် ၂ သောင်းခန့်ရသည်။ ကလေးရှိလျှင် ကလေးတစ်ဦးအတွက် ၃ လကို ၄၂ဝဝ ခန့် ထောက်ပံ့ပေးသည်။ အမေရိကန်ဒေါ်လာ ၄ ထောင်ခန့် ထောက်ပံ့ပေးနေခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။

ထိုအတောအတွင်း သက်ဆိုင်ရာ အစိုးရရုံးက အလုပ်ရှာခိုင်းနေသည်။ “ကျွန်တော် အလုပ်ရှာနေတာပဲ၊ မတွေ့လို့ပါ”ဟု လွယ်လွယ်ပြော၍ မရပါ။ အဘယ့်ကြောင့်ဆိုသော် မည်သည့်ဆိုင်တွင်၊ ကုမ္ပဏီတွင် အလုပ်လျှောက်ခဲ့ကြောင်း၊ လက်မခံကြောင်း စသည်တို့ကို အလုပ်လျှောက်ရာအလုပ်ရှင်ထံမှ စာရွက်စာတမ်းများကို ပြရခြင်းကြောင့် ဖြစ်သည်။

အကယ်၍ အလုပ်လျှောက်တာလည်း မှန်သည်၊ အလုပ်မရတာလည်း မှန်နေလျှင် “ကဲ မင်း ရှာလို့ မရရင် ငါတို့ ရှာပေးမယ်”ဟုဆိုကာ သင့်တော်ရာ အလုပ်တစ်ခုကို ရှာပေးသည်။ ဤနည်းဖြင့် ရေသာခိုသူများအတွက် နည်းလမ်းများကို စီစဉ်ထားကြလေသည်။

မည်သို့ပင်ဖြစ်စေ လူတစ်ယောက် အလုပ်ပြုတ်သွားလျှင် သက်ဆိုင်ရာ အလုပ်သမားအာမခံကြေးဖြင့် အခြေအနေပျက်မသွားနိုင်ခြင်း၊ အလုပ်သမားအာမခံကြွေး မရတော့လျှင်လည်း အစိုးရက ပုံမှန်နေထိုင်စားသောက်ဖို့အတွက် ထောက်ပံ့ကြေးငွေ ပေးထားခြင်းတို့မှာ ရွှေပြည်ကြီးသားတို့အတွက် အံ့သြစရာပင် ဖြစ်ချေသည်။

ဂျာမန်လူမျိုးတစ်ဦးက အစိုးရ၏ အလုပ်လက်မဲ့ကိစ္စကို ရှင်းပြစဉ်က “ဒါဆိုရင် အလုပ်မလုပ်ဘဲ သက်မှတ်ကာလအတွင်း အေးဆေးသက်သာနေသူတွေ အများကြီး ဖြစ်နေမှာပေါ့”ဟု ပြောဖူးသည်။ ထိုအခါ “တို့ဂျာမန်တွေက အလုပ်မလုပ်ဘဲ စားရမှာ၊ အလုပ်မလုပ်ဘဲ အစိုးရအထောက်အပံ့ယူရမှာကို အရမ်းရှက်ကြတယ်”ဟု ဆိုသည်။ အခြားအခြားသောဥရောပသားများလည်း ထိုစိတ်ဓာတ်မျိုး အများစုမှာ ရှိကြသည်ဟု ဆိုကြသည်။ လေးစားဖွယ် ကောင်းလေစွ။

အစိုးရက ထောက်ပံ့ပေးသောငွေဟူသည်မှာ ပြည်သူများ ပေးထားရသော ဘတ်ဂျက်များ ဖြစ်သည်။ အများပိုင်ငွေ ဖြစ်သည်။ အများပိုင်ငွေကို မိမိက အလုပ်မလုပ်ဘဲ ယူနေခြင်းမှာ မသင့်တော်ဟု ယူဆခြင်းသည် နိုင်ငံသားတစ်ဦး၏ တာဝန်သိမှု၊ တာဝန်ယူမှုကို ဖော်ပြနေခြင်းဟု ဆိုနိုင်ပါလိမ့်မည်။

(၃၆)

စာရေးသူကတော့ မြတ်စွာဘုရားရှင်၏ ဟိရိ၊ သြတ္တပ္ပတရား နှစ်ပါးနှင့် ချိန်ထိုးကြည့်မိပါသည်။ မြန်မာဗုဒ္ဓဘာသာဝင်များ၏ နားလည်မှုတွင် ဟိရိ၊ သြတ္တပ္ပဆိုသောအသံကြားသည်နှင့် အဝတ်အစားများကိုသာ မြင်နေခြင်းမှာ ဝမ်းနည်းဖွယ်ကောင်းသည်။ အမှန်အားဖြင့် ဟိရိ၊ သြတ္တပ္ပဟူသည် လောကပါလ(လူ့လောကကို စောင့်ရှောက်သောတရား)ဆိုသည့်အတိုင်း လူ့ဂုဏ်သိက္ခာကို ထိန်းညှိပေးသောတရားနှစ်ပါး ဖြစ်သည်။ မလုပ်သင့် မလုပ်ထိုက်သောအရာများကို လုပ်ရမှာ ရှက်ခြင်း၊ ကြောက်ခြင်း ဖြစ်သည်။

တိုက်ပုံပုဆိုး လှပစွာ ဝတ်ဆင်ပြီး ရွှေတိဂုံပေါ် တက်၊ ဘုရားဝတ်ပြုနေသော လူကြီးနှင့် ယောဂီလုံချည်ကို ကျက်သရေရှိရှိ ဝတ်ဆင်ကာ ရွှေတိဂုံပေါ် ဘုရားဝတ်ပြုနေသော အမျိုးသမီးဖြစ်သည်ဆိုတိုင်း ဟိရိ၊ သြတ္တပ္ပတရား ရှိသည်ဟု မဆိုနိုင်ပါ။

မိမိယူထားသော တာဝန်ကို သိပါသလား၊ မိမိပြုသောအမှုကိစ္စများအပေါ် တာဝန်ယူမှု ရှိပါသလား။ မိဘတာဝန်၊ သားသမီးတာဝန်၊ ဆရာ့တာဝန်၊ အစိုးရတာဝန်၊ နိုင်ငံသားတာဝန်၊ စစ်သားတာဝန် စသဖြင့် မိမိဆိုင်ရာ တာဝန်များကို မသိခြင်း၊ တာဝန်မဲ့ခြင်း၊ တာဝန်ယူမှုမရှိခြင်းသည် ဟိရိသြတ္တပ္ပတရား ကင်းမဲ့ခြင်း ဖြစ်သည်။

မြန်မာဆန်ဆန်ဝတ်စားတတ်ခြင်းနှင့် ဟိရိသြတ္တပ္ပတရားကို ယှဉ်တွဲဖော်ပြခြင်း သို့မဟုတ် တွဲဖက်နားလည်နေကြခြင်းမှာ စိတ်ပျက်စရာပင် ကောင်းလှသည်။ ဟိရိသြတ္တပ္ပတရားနှင့်ပြည့်စုံသော မြတ်စွာဘုရားလက်ထက် အမျိုးသမီးများမှာ ချက်ပေါ်၊ ဗိုက်ပေါ်များသာ ဖြစ်ပါသည်။ အမျိုးသားများလည်း ပုဆိုးနှင့်တိုက်ပုံ၊ ယောဂီထမီအင်္ကျီများ မဝတ်ကြပါ။ မြန်မာ့ယဉ်ကျေးမှုကို မထိမ်းသိမ်းရဟု မဆိုလိုပါ။

ဟိရိ၊ သြတ္တပ္ပ၏ အဓိပ္ပာယ်သက်ရောက်မှုမှာ မြန်မာဆန်ဆန်ဝတ်ခြင်းဟူသောအဓိပ္ပာယ်ကို အနည်းငယ်မျှ မဆောင်ကြောင်း ဖော်ပြလိုရင်း ဖြစ်သည်။ မြန်မာဆန်ဆန်ဝတ်ခြင်းနှင့် ဟိရိ၊ သြတ္တပ္ပ အနည်းငယ်မျှ မဆိုင်ပါ။

ဝတ်စားဆင်ယင်မှုနှင့်လူနေမှုပုံစံများသည် အမျိုးမျိုး ကွဲပြားနေမည်သာ ဖြစ်သည်။
ရထား၊ ဘတ်စ်ကားခိုးစီးရမှာ ရှက်ခြင်း၊ အချောင်ခိုစားရမှာ ရှက်ခြင်း၊ အများပြည်သူ အပန်းဖြေရာ သို့မဟုတ် အများပြည်သူများ သွားလာရာတွင် အမှိုက်ပစ်ရမှာ ရှက်ခြင်း၊ ညစ်ပတ်အောင် လုပ်ရမှာ ရှက်ခြင်း၊
နိုင်ငံသားတစ်ယောက် တာဝန် မကျေပွန်မှာ ရှက်ခြင်း၊ သမ္မတတာဝန် မကျေပွန်မှာ ရှက်ခြင်း၊ ဝန်ကြီးတာဝန် မကျေပွန်မှာ ရှက်ခြင်း၊
အများပိုင်ပစ္စည်းကို ငါပိုင် ပြုလုပ်ရမှာ ရှက်ခြင်း၊ ပြည်သူအားလုံးပိုင်ဆိုင်သော ပြည်သူ့ဘဏ္ဍာကို ကိုယ်ကျိုးအဖြစ် အသုံးပြုရမှာ ရှက်ခြင်း၊ ပြည်သူအားလုံးနှင့်ဆိုင်သော သယံဇာတများကို တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် ရယူရမှာ ရှက်ခြင်း …
စာရေးသူကတော့ အထက်ပါ ရှက်ခြင်းများကို ဟိရိသြတ္တပ္ပဟူသော လောကအကျိုးစီးပွားကို ဖြစ်ထွန်းစေသော လောကပါလတရားများဟု ဖွင့်ဆိုပါသည်။

သူတို့သည် ဟိရိသြတ္တပ္ပတရားကို ထိန်းသိမ်းစောင့်ရှောက်ကြသည်။ ထို့ကြောင့် သူတို့တိုင်းပြည်များ ငြိမ်းချမ်းကြသည်။ သာယာကြသည်။ တိုးတက်ကြသည်။
တစ်တိုင်းပြည်လုံး ပျော်ရွှင်ကြသည်။ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံကြသည်။ ရာဇဝတ်မှုများ နည်းပါးကြသည်။ အကြမ်းဖက်မှုများ နည်းပါးကြသည်။ ဟိရိသြတ္တပ္ပတရားနှင့်အညီ တာဝန်သိမှု၊ တာဝန်ယူမှုများဖြင့် တာဝန်ကိုယ်စီ ထမ်းဆောင်ကြခြင်း၏ ရလဒ်များ ဖြစ်သည်။

(၃၇)

စာရေးသူတို့ မြန်မာပြည်ကရော … ။ တာဝန်လည်း သိပုံ မရကြ။ တာဝန်မသိသဖြင့် တာဝန်ယူမှုလည်း မရှိသလောက်။ တရားစီရင်ရေးမဏ္ဍိုင် …။ လျော့တိလျော့ရဲ။ အဂတိလိုက်စားမှုတွေက တင်းပြည့်ကျပ်ပြည့်။ အုပ်ချုပ်ရေးမဏ္ဍိုင် …။ ချမ်းသာဆင်းရဲ၊ အကောင်ကြီးအကောင်လေး ခွဲခြားခံနေရဆဲ။ ဥပဒေပြုရေး …။ ကိုယ်ကျိုးစီးပွား ကာကွယ်မှုတွေက ခိုင်မာနေဆဲ။ ………… ကဲ ဘယ်က စမည်နည်း။ အမယ်ဘုတ်ရဲ့ သူ့ချည်ခင်လို့ ဆိုချင်ဆို၊ ဂျာအေးကို သူ့အမေရိုက်လို့ ဆိုချင်ဆို။ “တရားဥပဒေ စိုးမိုးမှုမရှိဘဲ တိုင်းပြည်က ရှေ့ဆက်၍ မရနိုင်ပါ”ဟူသောသဘောတရား ကျယ်ပြန့်စေချင်ပါဘိ။

တရားမျှတသော၊ ပြည်သူပြည်သားအားလုံးတို့၏ အကျိုးစီးပွားကို ရှေးရှုသော ဥပဒေတစ်ရပ် မပေါ်ပေါက်သေးသရွေ့ မည်သည့်တိုင်းပြည်မှ မငြိမ်းချမ်းနိုင်ပါ။

တိုင်းသူပြည်သားများကို ကျောသားရင်သား မခွဲခြားဘဲ၊ အာဏာရှိ,အာဏာမဲ့ မခွဲခြားဘဲ၊ ဆင်းရဲသား,ချမ်းသာသူ မခွဲခြားဘဲ အပြစ်နှင့်ထိုက်တန်စွာ တရားစီရင်ခြင်းများ မရှိသေးသရွေ့ “သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု … သုခီ အတ္တာနံ ပရိဟရန္တု”ကို တစ်ထိုင်တည်း အကြိမ်တစ်သန်းရွတ်လည်း ကိုယ်စိတ်နှစ်ပါး မငြိမ်းချမ်းပါ၊ မချမ်းသာပါ။ ထို့ထက်ပိုရွတ်လည်း ရွတ်သူကတော့ သမာဓိရပြီး ငြိမ်းချမ်းချင် ငြိမ်းချမ်းမည်၊ တိုင်းပြည်ကတော့ ဘာမှ ထူးလာမည် မဟုတ်ပါ။

............................
..................................
ဆက်လက်ဖော်ပြပါမည်
............................
အရှင်ကုသလသာမိ (အတည်မဲ့)
၂၂၊ ၁ဝ၊ ၂ဝ၁၄

Saturday, December 13, 2014

စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၇)


ကားပါ့ကင်းမှ ကားကလေးက ငြိမ့်ခနဲ ထွက်သွားသည်။ စိတ်ထဲမှ “ကြည့်စမ်းကွာ … အကဲခတ်စမ်းကွာ … ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံကြီး”ဟု ပြောနေမိသည်။
“ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံ” “ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံ” “ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံ” “ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံ”။ ပဲ့တင်ထပ်နေသည်။ အားကျပါဘိကွယ်။ ကမ္ဘာ့အငြိမ်းချမ်းဆုံး နိုင်ငံတဲ့။ ဂုဏ်ရှိလိုက်ပါဘိ၊ တို့လည်း တို့နိုင်ငံကို ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံလို့ ကြွေးကြော်ချင်လိုက်တာ။
ခေါင်းထဲမှာ အတွေးပေါင်းစုံက တရစပ် ဝင်လာနေသည်။ စာတွေထဲမှာ မြန်မာဆိုတာ ဘာ၊ မြန်မာလူမျိုးဆိုတာ ဘယ်လို စသဖြင့် ဂုဏ်တင်ရေးနေ ရေးနေ၊ ပါးစပ်ကနေ ဘယ်လို အမျိုးမြတ်တာတွေ ဘာတွေ ညာတွေ အော်နေအော်နေ … တကယ်ဆုံးဖြတ်တာက လုပ်ရပ်တွေကိုပါ။
လုပ်ရပ်များ၊ ထိုလုပ်ရပ်များမှ ဖြစ်ပေါ်လာသော အကျိုးတရားများက အကောင်းဘက်မှာ ရှိမနေလျှင် ကြွေးကြော်သံဟူသည် ရှက်စရာတစ်မျိုးသာ ဖြစ်နေပါလိမ့်မည်။
ရာဇဝတ်မှုများ၊ အဓမ္မမှုများ၊ အနိုင်ကျင့်မှုများ၊ အဂတိလိုက်စားမှုများ လျော့နည်းသထက် လျော့နည်းလာမည်၊ တရားဥပဒေစိုးမိုးမှုများ အားကောင်းသထက် အားကောင်းလာမည်၊ ရာဇဝတ်မှုများ နည်းပါးပြီး တိကျခိုင်မာသော တရားဥပဒေအောက်မှာ ရှိနေပြီဆိုလျှင် ကြွေးကြော်နေစရာပင် လိုမည်မဟုတ်၊ အလိုအလျောက် မြန်မာကို ချီးကျူးလာပေလိမ့်မည်။ လက်တွေ့ဘဝများ မငြိမ်းချမ်းဘဲ မည်မျှပင် ကြွေးကြော်နေပါစေ … မည်သူမျှ အထင်ကြီးလေးစားလိမ့်မည် မဟုတ်ပါ။ ကြွေးကြော်နေခြင်းများကို လျှော့ပြီး လက်တွေ့လုပ်ပြကြဖို့ လိုအပ်ပါသည်။
(၃၂)
ဒိန်းမတ်နိုင်ငံသည် လူဦးရေအားဖြင့် ၅ သန်းကျော်မျှသာ ရှိသည်။ ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံများစာရင်းတွင် Global Peace Index ၏ စစ်တမ်းအရ နံပါတ် ၁ စာရင်းဝင်သည်။
ရာဇဝတ်မှုများ၊ အကြမ်းဖက်မှုများ၊ စစ်ပွဲများ စသည်များ နည်းပါးမှု၊ များပြားမှုအပေါ်အခြေခံ၍ စစ်တမ်းကောက်ယူထားခြင်း ဖြစ်သည်။
စကန်ဒီနေဗီးယားတိုင်းပြည်များအနက် ဒိန်းမတ်က နံပါတ် ၁ စာရင်းဝင်သလို နော်ဝေက နံပါတ် ၂ နှင့် ဆွီဒင်က နံပါတ် ၅ စာရင်းဝင်သည်။
ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံများ ထိပ်ဆုံး ၁ဝ နိုင်ငံတွင် အာရှမှ စင်္ကာပူ (နံပါတ် ၃) နှင့် ဂျပန် (နံပါတ် ၁ဝ) သာ ပါဝင်သည်။ အစဉ်အားဖြင့် ဒိန်းမတ်၊ နော်ဝေ၊ စင်္ကာပူ၊ စလိုဗေနီးယား၊ ဆွီဒင်၊ အိုက်စလန်၊ ဘယ်ဂျီယံ၊ ချက်နှင့်ဂျပန်နိုင်ငံတို့ ဖြစ်သည်။
“တို့မြန်မာ ဒီလို အငြိမ်းချမ်းဆုံးနိုင်ငံများစာရင်းထဲ ဘယ်တော့များ ဝင်ရောက်နိုင်ပါ့မလဲ”။ မေးခွန်းလေးကို ကိုယ့်ကိုယ်ကို မေးပြီး ဝမ်းနည်းမိပါသည်။
အမေရိကလို ရုပ်ဝတ္ထုများ အလျှံပယ် ကြွယ်ဝဖို့ ဆုမတောင်းပါ။ တရားဥပဒေစိုးမိုးပြီး အေးအတူ ပူအမျှ ဝါဒဖြူစင်တဲ့မြေဖြစ်ဖို့သာ ဆုတောင်းပါသည်။ တရားဥပဒေမစိုးမိုးဘဲ၊ ရာဇဝတ်မှုများ လျှော့နည်းမလာဘဲ၊ အကြမ်းဖက်မှုများ မပပျောက်ဘဲ “ဗုဒ္ဓဘာသာထွန်းကားတဲ့ တို့တိုင်းပြည်”လို့ မကြွေးကြော်ရဲပါ။ နေရင်းထိုင်ရင်း ငြိမ်းချမ်းမှုကိုသာ အားပေးသော ဗုဒ္ဓဝါဒပါ နာမည်ပျက်နေမှာ စိုးပါသည်။
“ဗုဒ္ဓဘာသာဝင်များပီပီ ငါတို့တွေ တိုင်းပြည်ကို ငြိမ်းချမ်းစေရအောင်၊ ဗုဒ္ဓဘာသာဖြစ်လို့ ကိုယ့်ကိုယ်ကို ဂုဏ်ယူနေကြသူများပီပီ ငါတို့တွေ ဗုဒ္ဓဘာသာဂုဏ်တက်အောင် လုပ်ကြရအောင်လေ” … ရင်ထဲမှာ တိုးတိုးလေး တိုက်တွန်းနေမိသည်။ ရင်ထဲမှာ ပဲ့တင်ထပ်လောက်အောင် အော်နေပေမယ့် အသံတော့ ထွက်မလာခဲ့ပါ။
(၃၃)
ကားလေးက အဝေးပြေးလမ်းမပေါ်တွင် ငြိမ့်ခနဲ ငြိမ့်ခနဲ ပြေးနေသည်။ ကိုစိုးစိုးမောင်ကလည်း ဒိန်းမတ်အတွေ့အကြုံများကို ရှင်းပြသည်။
ကိုစိုးစိုးမောင်တို့ မိသားစုမှာ ဗုဒ္ဓဘာသာဝင်များ မဟုတ်ကြပါ။ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသည်။ သို့သော်လည်း မိမိကဲ့သို့ ဗုဒ္ဓဘာသာသံဃာတစ်ပါးကို တရိုတသေ တလေးတစား ပြောဆိုဆက်ဆံသည်။
ဗုဒ္ဓဘာသာမိသားစုများနှင့်လည်း တရင်းတနှီး ရှိလှသည်။ ကားလေးက ရွှေညဝါဆရာတော်တို့ရှိရာ အောလ်ဘော့မြို့နားက မြို့ငယ်တစ်ခုသို့ သွားနေခြင်း ဖြစ်သည်။
“ဒကာကြီး အခု ဘာအလုပ်လုပ်သလဲ”။
“တပည့်တော် အလုပ်နားထားတယ်ဘုရား”။
“အော် ဟုတ်လား၊ ဒါဆို အလုပ်မလုပ်ဘဲ ဘယ်လို ရပ်တည်သလဲဗျ”။
“ဒီနိုင်ငံမှာ ၁ နှစ်ခွဲကျော်လောက် အလုပ်လုပ်ပြီးရင် ၂ နှစ်လောက် အလုပ်မလုပ်ဘဲ လခရတယ်ဘုရား”။
“ဗျာ … ဟုတ်ကော ဟုတ်ရဲ့လားဗျာ”။
“ဟုတ်တယ်ဘုရား … ဒါတောင် တစ်ယောက်တည်းသမားဆို တစ်မျိုး၊ လင်မယားဆိုရင် တစ်မျိုးဘုရား၊ တပည့်တော်က မိန်းမနဲ့ဆိုတော့ ခရိုနာ ၂ သောင်းရတယ်၊ ကလေးအတွက်က ၃ လကို ၄၂ဝဝ ရတယ်ဘုရား၊ … ဒိထက် အံ့သြစရာတွေက အများကြီးရှိသေးတယ်ဘုရား”။
ကိုယ့်နားကိုပင် မယုံနိုင်။ ရသည့်လခကလည်း မဝရေစာ မဟုတ်။ နေစရာ၊ စားစရာ၊ ပညာသင်ကြားဖို့အတွက် လုံလောက်သောပမာဏဖြစ်သည်။ ကျောင်းတက်ရင်၊ သင်တန်းတက်လျှင် အပိုပိုက်ဆံက ထပ်ရဦးမည်။
(၃၄)
စာရေးသူသည် နိုင်ငံရေးအကြောင်း နားမလည်သော်လည်း နားလည်သလောက် တင်ပြချင်သည်။ ဒိန်းမတ်သည် ဒီမိုကရေစီစစ်စစ်ကို ကျင့်သုံးသည့်နိုင်ငံ မဟုတ်၊ Social Democracy စနစ်ကို ကျင့်သုံးသည့်နိုင်ငံဖြစ်သည်။ တိုင်းပြည်၏ကြွယ်ဝမှုကို တိုင်းသူပြည်သားများနှင့် တိုင်းပြည်အတွင်း တရားဥပဒေနှင့်အညီ ရွှေ့ပြောင်းလာသူများကို ကူညီထောက်ပံ့ပေးသည်။
တိုင်းသူပြည်သားများ၏ ကိုယ်ကျန်းမာရေးနှင့် စိတ်ချမ်းသာရေးကို အဓိကမူအဖြစ်ထားရှိပြီး အစိုးရမူဝါဒကို ကျင့်သုံးသည်။ ဒိန်းမတ်တွင် အစိုးရအကြီးအကဲများသည် တာဝန်အရ အကြီးအကဲရာထူးများ ယူထားသော်လည်း သာမန်ပြည်သူများနှင့် ဘာမျှ မထူးခြား။ အကြီးအကဲဖြစ်ခြင်းနှင့် အခွင့်ထူးခံအဖြစ် ရောက်မသွားပေ။
သာမန်ပြည်သူများနှင့်မခြား မိမိဆိုင်ရာတာဝန်များကို ထမ်းဆောင်နေကြခြင်းသာ ဖြစ်သည်။
နိုင်ငံကို အဓိကစိုးမိုးခြယ်လှယ်နေသူတစ်ဦးတော့ ရှိသည်။ သူ့စကားကိုသာ နားထောင်ဖို့ လိုသည်။ သူ့လမ်းညွှန်ချက်အတိုင်း လိုက်လုပ်ဖို့ လိုအပ်သည်။ လူတိုင်း လွတ်လပ်စွာ ဆောင်ရွက်ခွင့်၊ ပြောဆိုခွင့်၊ ရေးသားခွင့်ရှိသည်။
သို့သော် သူ့လက်အောက်တွင်သာ ဖြစ်သည်။ လူတိုင်းက သူ့ကို မလွန်ဆန်ရဲကြ။ ငယ်ငယ်ကတည်းက မိသားစုအတွင်း၊ ကျောင်းအတွင်း၌ သူ့စကားကို လိုက်နာဖို့ကိုသာ သင်ပေးသည်။ သူဟူသည်မှာ “တရားဥပဒေ”ဖြစ်သည်။
သူတို့နိုင်ငံများတွင် တရားဥပဒေသည်သာ အမိ၊ တရားဥပဒေသည်သာ အဖဖြစ်သည်။ တရားဥပဒေသည်သာ နိုင်ငံ၏ တိုးတက်မှု၊ ဆုတ်ယုတ်မှု၊ တည်ငြိမ်အေးချမ်းမှုကို ဖန်တီးပေးနေသောအရာဖြစ်သည်။ တရားဥပဒေသည် ထာဝရဘုရားထက် ပိုတန်ခိုးကြီးလေသည်။
တရားဥပဒေလက်အောက်တွင် ဉာဏ်ကြီးရှင်များ၊ စီးပွားရေးအကွက်မြင်သူများအတွက် ချမ်းသာကြွယ်ဝသော လုပ်ငန်းရှင်ကြီးဖြစ်အောင် ကြိုးစားနိုင်သည်။ သို့ရာတွင် ချမ်းသာကြွယ်ဝမှုအလိုက် နိုင်ငံတော်ကို အခွန်ပေးဆောင်ရသည်။ နိုင်ငံသားအားလုံး အခွန်ကို စနစ်တကျ ပေးဆောင်ရသည်။ အစိုးရအနေဖြင့် တိုင်းပြည်က ပေးဆောင်လာသောအခွန်များကို (မိမိတို့နှင့်ထိုက်တန်သော လခမှအပ) အလွဲသုံးစား ပြုလုပ်ခြင်း မရှိ။ ကိုယ်ကျိုးအတွက် အသုံးပြုခြင်း မရှိ။
ရရှိလာသောအခွန်ငွေများကို ပြည်သူများ အဆင်ပြေရေး၊ ကာယသုခ၊ စိတ္တသုခနှင့် ပြည့်စုံရေးကိုသာ ရှေးရှုတွေးတောကာ ဆောင်ရွက်ကြရသည်။
အစိုးရသည် ပြည်သူ့ကျွန်၊ ပြည်သူ့အခိုင်းအစေများပီပီ ပြည်သူ့မျက်နှာရဖို့ လိုအပ်သည်။ ပြည်သူ့မျက်နှာမရလျှင် သူတို့ ကျရှုံးမည် ဖြစ်သည်။ ပြည်သူသာ အမိ၊ အဖဖြစ်ရုံမက ပြည်သူသည် အစိုးရ၏ အရှင်သခင်များပင် ဖြစ်လေသည်။
ရရှိလာသောအခွန်များကို အလွဲသုံးစား ပြုလုပ်လျှင် သို့မဟုတ် ပွင့်လင်းမြင်သာမှုမရှိလျှင် ပြည်သူ့အမျက်ဒဏ်ကို ခံရမည်ဖြစ်သည်။
(၃၅)
သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ဖို့အတွက် ပူပန်လျှင် ပူပန်စရာရှိသော်လည်း စားဝတ်နေရေးအတွက်ကား အနည်းငယ်မျှ ပူပန်စရာမရှိပါ။ ကျန်းမာရေးမကောင်းလို့ ဆေးမကုသနိုင်မှာလည်း ပူစရာမရှိပါ။
.........................................
ဆက်လက်ဖော်ပြပါမည်
..........................................
အရှင်ကုသလသာမိ (အတည်မဲ့)
၁၆၊ ၁ဝ၊ ၂ဝ၁၄

Thursday, December 4, 2014

တန်ဖိုးရှိနေဖို့ အရေးကြီးပါတယ်


(၁)

စတိတ်ခုံပေါ်မှ အော်သံကြောင့် လူတွေ လှုပ်လှုပ်ရွရွ ဖြစ်သွားတယ်။ "ဟောဒိ ဒေါ်လာ ၅ဝ တန်ကို ဘယ်သူ ယူချင်ပါသလဲခင်ဗျာ၊ ယူချင်တဲ့သူ လက်ညှိုးထောင်ပါ"လို့ အော်နေတာပါ။ ဒါနဲ့ ပရိသတ်တွေအားလုံး လက်ညှိုးတွေ ထောင်ကြတယ်။

"ဒီဒေါ်လာ ၅ဝ တန်ကို ခင်ဗျားတို့ကို ပေးမှာပါ။ ဒါပေမဲ့ မပေးခင် ကျွန်တော် လုပ်ချင်တာလေး လုပ်ပါရစေဦး"လို့ ပရိသတ်ကို ခွင့်တောင်းပြီး ဒေါ်လာကို လုံးခြေပစ်လိုက်တယ်။ ပရိသတ်ကို လုံးခြေထားတဲ့ ဒေါ်လာကို ပြရင်း "လိုချင်ပါသေးလားခင်ဗျာ"လို့မေးတော့ အားလုံးက လက်ညှိုးထောင်ကြတယ်။

ဒါနဲ့ သူက အောက်ကို ချနင်းပစ်ပြီး ဖနောင့်နဲ့ပေါက်ပစ်လိုက်ပြန်တယ်။ ပြီးမှ "လိုချင်ပါသေးလားခင်ဗျာ"လို့ မေးပြန်တယ်။ ပရိသတ်တွေအားလုံးက လက်ညှိုးထောင်လျက်ပါပဲ။
ဒီတော့မှ သူက ဆက်ပြောတယ်။ "ကဲ ခင်ဗျားတို့ သင်္ခန်းစာရသွားပြီ မဟုတ်လား။ ဒီဒေါ်လာကို ကျုပ် ဘယ်လိုလုပ်လုပ် ခင်ဗျားတို့ လိုချင်နေတုန်းပဲ။ အဲဒါ ဘာဖြစ်လို့လည်းဆိုတော့ တန်ဖိုးကျမသွားလို့ပဲ"လို့ ဆိုလိုက်တော့ ပရိသတ်လက်ခုပ်သံတွေ ဆူညံသွားခဲ့တယ်။

(၂)

တစ်ခါက ဖတ်ခဲ့ဖူးတဲ့ စာအုပ်ထဲကပါ။ ဒေါက်တာသိန်းလွင် ဘာသာပြန်တယ်လို့ ထင်ပါတယ်။
မိမိတို့ကိုယ်တိုင်ရော ပတ်ဝန်းကျင်မှာပါ ထိခိုက်နာကျင်စရာတွေ၊ မုန်းတီးစက်ဆုပ်ဖွယ်ရာတွေ၊
အဖိအနှိပ်အချုပ်အခြယ်၊ အနိုင်ကျင့်ခံရတာတွေ၊
အာဏာကြောင့်၊ ငွေကြောင့်၊ (ရဟန်းတွေမှာဆို အသက်သိက္ခာကြောင့်) ချေမှုန်းခံရတာတွေ၊
တွန်းထိုးခံရတာတွေ၊
တစ်ဖက်သတ်ချောက်ချခံရတာ ခြုံခိုတိုက်ခိုက်ခံရတာတွေ၊
ကိုယ့်စည်းစိမ် ကိုယ့်စီးပွားရေးကို နစ်နာအောင် ဆောင်ရွက်ကြတာတွေ၊ ကိုယ့်သိက္ခာကျအောင် ပြောဆိုနှိပ်ကွပ်ကြတာတွေ ....
မြောက်မြားစွာ ကြုံတွေ့ဖူးကြပါလိမ့်မယ်။ သင်လည်း တစ်နည်းမဟုတ် တစ်နည်းတော့ ကြုံတွေ့ဖူးမှာပါ။

(၃)

ဒ်ါလာကို ဘယ်လောက်ပဲ လုံးခြေပစ်၊ နင်းခြေပစ်ပေမဲ့ သူ့မှာ တန်ဖိုးက ရှိနေတော့ လူတွေက လိုချင်နေကြဆဲပါပဲ။
လုံးချေထားတဲ့ ဒေါ်လာအနွမ်းအကြေလေးကို လူအုပ်ထဲ ပစ်ချကြည့်ပါလား။ အားလုံး လုကောက်ကြလိမ့်မယ်။ ရတဲ့သူက ပျော်ရွှင်စွာ ဆုပ်ကိုင်ရင်း အနမ်းလေးတောင် ပေးကောင်း ပေးပါလိမ့်မယ်။

(၄)

ဘဝမှာ အခက်အခဲတွေ ဘယ်လောက်ကြုံကြုံ၊ အဖိအနှိပ်အထုအထောင်းတွေ ဘယ်လောက်ခံရခံရ ဒေါ်လာလို တန်ဖိုးရှိနေဖို့ လိုပါတယ်။ တန်ဖိုးရှိအောင် ကြိုးစားဖို့ လိုပါတယ်။ တန်ဖိုးရှိမှသာ ရောက်လေရာအရပ်မှာ အသုံးတည့်မှာပါ။ အသုံးတည့်မှသာ လောကကြီးက အနမ်းတွေ ပေးတာပါ။

"ငါဟာ ဒေါ်လာလို တန်ဖိုးရှိသူဖြစ်တယ်၊ ငါဟာ ဒေါ်လာလို အသုံးဝင်သူဖြစ်တယ်"လို့ တစ်နေ့တစ်ခါလောက် ရွတ်ဆိုပြီး တန်ဖိုးရှိသထက်ရှိအောင် ကြိုးစားသင့်ပါတယ်လို့ဆိုရင် သဘောတူမလား။

မိသားစုထဲမှာပဲဖြစ်ဖြစ်၊ မိတ်ဆွေအပေါင်းအသင်းတွေထဲမှာဖြစ်ဖြစ်၊ မိမိရောက်ရာ တည်ရှိရာ နေရာတိုင်းမှာ မိမိကိုယ်ကို တန်ဖိုးရှိအောင် ကျင့်သုံးနေထိုင်ဖို့ လိုအပ်လှပါတယ်။ သင် ရှာဖွေကြိုးစားတည်ဆောက်ထားတဲ့ တန်ဖိုးတွေက သင့်ဘဝ ပိုမိုမြင့်မားအောင် မြှင့်တင်ပေးမှာပါ။

အရှင်ကုသလသာမိ(အတည်မဲ့)
ဝ၇၊ ၁၁၊ ၂ဝ၁၄

Tuesday, December 2, 2014

စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၆)


အကြိတ်အနယ် ထိုးကြကြိတ်ကြသော လက်ဝှေ့ပွဲ၊ ခက်ခက်ခဲခဲ ယှဉ်ပြိုင်နေကြသော ဘောလုံးပွဲများ ကြည့်ရလျှင် လူအများ သဘောကျတတ်သလို ကြုံတွေ့ခဲ့သောဘဝအတွေ့အကြုံများအရ အခက်အခဲများသည် ဘဝအားအင်များကို ညှစ်ထုတ်ပေးသောကိရိယာများဖြစ်သည်ဟုပင် ဆိုချင်လာတတ်ခဲ့လေသည်။
(၂၇)
“ကဲ ငါ ရှေ့ဘူတာမှာ ဆင်းတော့မယ်၊ ငါက ဗုဒ္ဓဘာသာဆိုတော့ ပြောရဦးမယ်၊ ဗုဒ္ဓဘာသာအရ လူတစ်ဦးနဲ့တစ်ဦး တွေ့ဆုံခြင်းဟာ ရှေးဘဝတွေက ဆွေမျိုးတော်ခဲ့ဖူးလို့ တွေ့ကြတာ၊ အခု တို့အခုလို တွေ့တာလည်း ရှေးက အကြောင်းတရားတစ်ခုကြောင့် တွေ့ရတာ၊ မင်းနဲ့ တစ်ညတာ တွေ့ဆုံစကားပြောခွင့်ရတာ ကျေးဇူးတင်ပါတယ်၊ ကံ မကုန်သေးဘူးဆိုရင်တော့ ပြန်ဆုံကြသေးတာပေါ့”ဟု နှုတ်ဆက်လိုက်သည်။
သူကလည်း ဆွစ်ဇာလန်ရောက်ရင် သူ့ဆီကို ဆက်သွယ်ဖို့ နေအိမ်လိပ်စာကို ပေးလိုက်သည်။ ဓာတ်ပုံအတူရိုက်ကြသည်။ မိုးကလေးက ဖွဲနေသည်။ လေကလေးများလည်း တိုက်နေသည်။
ရထားလမ်းဘေးမှာ ဆောင်းမရောက်ခင် လူးလူးလွင့်လွင့် ဖူးပွင့်နေကြသော ရောင်စုံပန်းလေးများကိုလည်း တွေ့လိုက်ရသည်။
(၂၈)
ကိုးလ်ဒင်း (Kolding)ဘူတာ ရောက်ပြီ။ မိုးရွာလို့လား မသိ၊ ကိုးလ်ဒင်းက ကိုးလ်(အေး)ပါသည်။ ဂျာမနီက ရွာဘူတာလောက်သာရှိမည်။ အောလ်ဘော့သို့ သွားမည့်ရထားများ ရှိမလားဟု ဆိုက်မည့်ရထားများကို ရေးထားသော LCD များကို လိုက်ကြည့်သည်။ တစ်စီးမှ မတွေ့။ မိုးက ရွာ၊ လေက တိုက်တော့ ပါးပြင်နှင့်နားရွက်များ အေးစက်လာသည်။ ဘူတာထဲမှာလည်း လူက အနည်းငယ်သာ ရှိသည်။
စီးကရက်သောက်သူက သောက်၊ ကော်ဖီခွက်လေးများကိုယ်စီကိုင်လျက် ကော်ဖီသောက်သူက သောက်။ အချို့စုံတွဲများကလည်း တစ်လောကလုံး သူတို့နှစ်ယောက်တည်းသာ ရှိသည့်နှယ် ကလူ၏သို့ မြူ၏သို့။
ဘူတာအတွင်း နီးစပ်ရာလူများကို မေးကြည့်သည်။ ရေရေရာရာ မည်သူမျှ မသိကြ။ သို့နှင့် မြေအောက်မှနေ၍ ဘူတာရုံထဲသို့ ဝင်လိုက်သည်။ စတိုးဆိုင်သာ ရှိသည်။
“အင်ဖော်မေးရှင်းကောင်တာ ဘယ်နားမှာလဲ”ဟု လူငယ်တစ်ဦးကို မေးလိုက်သည်။ စောသေးသဖြင့် မဖွင့်သေးဟု ဆိုသည်။
သူက “ဘယ်ကို သွားချင်တာလဲ”ဟု မေးသည်။ အောလ်ဘော့ကို သွားချင်တာဖြစ်ကြောင်း ပြောပြတော့၊ အနီးဆုံးခရီးကို ပြောပြမည်ဖြစ်ကြောင်း၊ ဖရက်ဒဲရီစီယာ(Fredaricia)ဘူတာသို့ နောက် ၅ မိနစ်မှာ ရထားလာမည်။ ထိုရထားကို စီးပြီး ဖရက်ဒဲရီစီယာဘူတာတွင် ဆင်းရမည်။ ထိုမှတစ်ဆင့် အောလ်ဘော့မြို့သို့သွားမည့်ရထားကို စီးရမည်ဖြစ်ကြောင်း ပြောပြသည်။
သို့နှင့် ဖရက်ဒဲရီစီယာရထားပေါ် တက်လိုက်သည်။ ၁၅ မိနစ်ခန့်ကြာသည့်အခါ ဖရက်ဒဲရီစီယာဘူတာသို့ ရောက်သည်။
ဘူတာတွင် အောလ်ဘော့သို့သွားမည့်ရထားကို လိုက်ရှာရပြန်သည်။
အောလ်ဘော့သွားမည့် ရထားကတော့ LCD မှာ တွေ့ပါပြီ။ တွေ့မည့်တွေ့တော့ နှစ်စီး။ မည်သည့်ရထားကို တက်ရမည်နည်း။ တစ်စီးက နာရီဝက်စောင့်ရမည်။ တစ်စီးက ၄၅ မိနစ်စောင့်ရမည်။ အစောဆုံးရထားကို တက်စီးလိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။
(၂၉)
အအေးဓာတ်က ပိုလာသည်နှင့် ဘူတာအတွင်းရှိ ဘေးဘက်လေးတန် မှန်ဖြင့် ကာထားသော နားနေခန်းသို့ သွားပြီး အိတ်ကိုဖွင့်ကာ ဆွယ်တာကို ထုတ်ဝတ်လိုက်သည်။ အထူးသဖြင့် ဆောင်းတွင်း နှင်းများ ဖွေးဖွေးလှုပ်အောင် ကျလာချိန်ရောက်လျှင် နားနေဖို့ ပြုလုပ်ထားသောအခန်းလေးဖြစ်သည်။
ခဏကြာသောအခါ အမျိုးသမီးကြီးတစ်ဦး ဝင်လာသည်။ စောင်လိုလို ဘာလိုလို နီညိုရောင်အဝတ်ကြီးကို ဟိုလိပ်ဒီလိပ်၊ ဟိုထိုးထည့်ဒီထိုးထည့်ကာ ဝတ်ထားသော ဖတ်ရှင်အသစ်အဆန်းကို မမြင်ဖူး၍လောမသိ၊ ပြုံးစိစိဖြင့် ကြည့်နေသည်။ ပြန်ပြုံးပြလိုက်သည်။ အချို့က စာရေးသူလိုဘုန်းကြီးများ ဝတ်စားထားပုံကို သူများနှင့်မတူအောင် ဖက်ရှင်ထွင်ဝတ်သည်ဟု ထင်ပုံရသည်။
စာရေးသူ ဂျာမနီသို့ ထွက်ခွါလာခါနီးတွင် သူငယ်ချင်း ဦးကိတ္တိသာရနှင့် ခေမာသီဝံကျောင်းတိုက်တွင် ဆုံဖြစ်သည်။ ခေမာသီဝံဆရာတော်နှင့် တွေ့ဖြစ်တော့ ဆရာတော်က “ဥရောပသွားမှာဆိုတော့ သမဏသညာတော့ မပျောက်စေနဲ့”ဟု မှာသည်။ ထိုစကားက ခေါင်းထဲမှ မထွက်။ သို့ဖြစ်၍ စာရေးသူ ဘယ်ပဲသွားသွား၊ လမ်းလျှောက်ထွက်တာကစပြီး ဟိုဘက်အဆောင်ဒီဘက်အဆောင် ကူးတာအဆုံး များသောအားဖြင့် သင်္ကန်းရုံပြီးသာ သွားဖြစ်သည်။
တစ်ခါတစ်ရံ သင်္ကန်းကြီးရုံပြီး လူကြားထဲသွားရတာ ပြူးတိပြူးကြောင် အကြည့်များကြောင့် အနည်းငယ်တော့ အနေခက်ဖူးသည်။ မည်သို့ပင်ဖြစ်စေ ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးအသွင်ကိုတော့ တတ်နိုင်သမျှ ထိန်းသိမ်းထားဖြစ်သည်။
(၃ဝ)
ဘူတာထဲတွင် ခရီးသည်က တစ်ဦးနှစ်ဦးမျှသာ ရှိသည်။ ဒေသခံများသည် အချိန်အတိအကျ သိသဖြင့် ရထားထွက်ခါနီးမှသာ ရောက်လာလေ့ရှိသည်။ အပျင်းလည်းပြေ ဗဟုသုတလည်း ရအောင် အမျိုးသမီးကြီးနှင့်စကားပြောဦးမှပဲဟု တွေးကာ “ဟဲလို”ဟု နှုတ်ဆက်လိုက်သည်။ ဖြစ်ချင်တော့ သူက အင်္ဂလိပ်စကား သိပ်မတတ်။ သို့ပေမဲ့ ကိုယ့်ခရီးစဉ်ကို ပြောပြဖြစ်သည်။
ယခုလာမည့်ရထားဖြင့် အောလ်ဘော့ကို သွားမည့်အကြောင်း လက်မှတ်ပြပြီး ပြောဖြစ်သည်။
ထိုအခါကျမှ အမျိုးသမီးကြီးက သူ၏ စမတ်ဖုန်းလေးကို ထုတ်ပြီး အင်တာနက်မှတစ်ဆင့် ရထားခရီးစဉ်များကို ကြည့်နေသည်။
ရထားခရီးစဉ်များနှင့်ထွက်မည့်အချိန်၊ ဆိုက်မည့်အချိန်များကို ဘူတာအလိုက်၊ မိနစ်ချင်းအလိုက် အသေးစိတ် အင်တာနက်တွင် တိတိကျကျ သိနိုင်လေသည်။ နိပ်ပေစွ။ ပြီးမှ အမျိုးသမီးကြီးက ပထမရထားမှာ အောလ်ဘော့သို့ တိုက်ရိုက်မရောက်ကြောင်း၊ ၁၅ မိနစ်လောက် ပိုစောင့်ပြီး ဒုတိယရထားကို စီးသင့်ကြောင်း အကြံပြုသည်။ သို့ဖြင့် စာဖတ်ရင်း ရထားစောင့်နေလိုက်သည်။
မှတ်မှတ်ရရ ဖတ်နေဖြစ်သည့်စာအုပ်က ဆရာမဂျူး၏ “ဆုံနေရက်နဲ့ လွမ်းလေခြင်း”။ အရင်က သရုပ်မှန်ကဗျာ၊ သရုပ်မှန်ဝတ္ထုများကို သဘောလည်း မကျ၊ ဗဟုသုတအနေဖြင့်သိရအောင် ဖတ်ကြည့်တော့လည်း အရသာမတွေ့၊ ဆရာမနှင့်လူချင်းသိချိန်ကျမှ ဖတ်ချင်စိတ်ပေါက်လာသဖြင့် ဖတ်ကြည့်ခြင်း ဖြစ်သည်။ ဖတ်ကြည့်သည့်အခါ ဆရာမ၏ စာအရေးအသားများက စိတ်ဝင်စားစရာကောင်းသည်။ နုသည်၊ ညက်သည်၊ ဝါကျများက ပြေပြစ်သည်။ သို့ရာတွင် ဖြစ်စဉ်များကို အတင်းမဖြစ်ဖြစ်အောင် ကြိုးစားတတ်သည့် မြန်မာဝတ္ထုများ၏ဟန်ကတော့ ပြောင်းလဲသွားသည်ဟု မထင်။
ကိုယ်စီးမည့်ရထား မရောက်သေးသော်လည်း ရထားတွေကတော့ တစ်စီးပြီးတစ်စီး ဖြတ်သန်းသွားလာနေကြသည်။ ဒိန်းမတ်ရထားများက ဂျာမနီက ရထားများကဲ့သို့ အတွဲတွေတော့ သိပ်မများလှ။ သို့ရာတွင် ပိုမိုသစ်လွင်သည်၊ သန့်ရှင်းသည်ဟု ထင်သည်။ ဘူတာအတွင်းမှာနေမှ သတိထားမိသည်။ လျှပ်စစ်ရထားများဖြစ်သဖြင့် ရထားသံလမ်းပေါ်မှ လျှပ်စစ်သံကြိုးများက တဖျစ်ဖျစ် မြည်နေသည်။ ဓာတ်ဆီမလိုဘဲ နိုင်ငံအနှံ့၊ ဥရောပအနှံ့ လျှပ်စစ်သံကြိုးများဖြင့် ပြေးဆွဲနေသောရထားများကိုကြည့်ပြီး သဘောတွေကျနေမိသည်။
(၃၁)
LCD တွင် ဖော်ပြထားသည့်အချိန် ရောက်သည်နှင့် အချိန်တိကျစွာ ရထားရောက်လာသည်။ ရထားပေါ်တက်ပြီး ခုံအလွတ်တစ်ခုရှာကာ ထိုင်လိုက်သည်။ အသက်အရွယ်အတော်အိုးမင်းနေသည့် အသက် ၈ဝ ခန့် အဘိုးအဘွားစုံတွဲရှေ့တွင် ထိုင်လိုက်သည်။ ဒိန်းမတ်ရထားများရှိ ထိုင်ခုံများက ဂျာမနီရထားများထက် ပိုပြီး သက်တောင့်သက်သာရှိသည်။ ရထားပေါ်တွင် ဘယ်မြို့ကို ဘယ်နှနာရီနှင့် ဘယ်နှမိနစ်တွင် ရောက်မည် … စသဖြင့် ဆိုက်ရောက်မည့်ဘူတာနှင့် ရောက်မည့်အချိန်ကို ရေးထားသော စာတန်းလေးများက ပြေးနေသည်။
ထိုစာတန်းလေးများကို ကြည့်ပြီး အောလ်ဘော့မြို့ ဘူတာတွင် လာကြိုမည်ဆိုသော ဒကာကိုစိုးစိုးမောင်ထံ လှမ်းဖုန်းဆက်သည်။ ဘာမှ မပူဖို့၊ ဘူတာမှာ အသင့်လာကြိုမည်ဖြစ်ကြောင်း ပြောသည်။
အိပ်ရေးပျက်ထားသဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။ “ဖောက်”ခနဲအသံနှင့်အတူ ဗူးနှင့် ထိုင်ခုံရှေ့က စားပွဲထိသံကြားလိုက်မှ မျက်လုံးဖွင့်ကြည့်ဖြစ်သည်။ အဘိုးကြီးနှင့်အဘွားကြီး ဘီယာဗူးဖွင့်သောက်နေခြင်းပေတည်း။
(၃၂)
နေ့လယ် ၂ နာရီခန့်တွင် အောလ်ဘော့မြို့သို့ ရောက်သည်။ ကိုစိုးစိုးမောင်၊ သမီးငယ်နှင့် ကိုဇော်တို့ လာကြိုသည်ကို တွေ့ရသည်။ ဘူတာရောက်ရောက်ချင်း အပေါ့သွားချင်သဖြင့် အိမ်သာရှာသည်။ အိမ်သာက ဒိန်းမတ်ငွေ (ခရိုနာ)ထည့်မှ ပွင့်မည့်အိမ်သာဖြစ်သဖြင့် အကြွေလဲပြီးမှသာ တက်ခဲ့ရသည်။ ပြီးဒကာကိုစိုးမောင်၏ကားလေးဆီ သွားခဲ့သည်။ သူ့ကား ရှေ့ခန်းထိုင်ခုံကို စောင်တစ်ထည်ပါ ခင်းထားသည်။
ဘာသာမတူသော်လည်း ယဉ်ကျေးပျူငှါစွာ ကြိုဆိုခဲ့သော အစ္စလာမ်ဘာသာဝင် ဒကာကိုစိုးမောင်တို့အား ကျေးဇူးတင်ရသည်။
.........................................
ဆက်လက်ဖော်ပြပါမည်
..........................................
အရှင်ကုသလသာမိ (အတည်မဲ့)
၁ဝ၊ ဝ၆၊ ၂ဝ၁၄

Tuesday, November 18, 2014

စကန်ဒီနေဗီယန်းတိုင်းပြည်များသို့ ခရီး (အပိုင်း ၅)


ယခင်အပတ်မှ အဆက်


(၂၁)

ဆွစ်ဇာလန်သူ၊ ဒိန်းမတ်လူငယ်တို့နှင့် စကားတွေ ပြောပြီး ခဏကြာသောအခါ အိပ်ပျော်သွားသည်။ အဘယ်မျှကြာသွားသည် မသိ။ အိပ်ပျော်ရာမှ နိုးလာတော့ ရထားကြီးက ရပ်နေသည်။ အခန်းတွင်းတွင် ဂျာမန်အမျိုးသားကြီးနှင့် ဒိန်းမတ်လူငယ်ကို မတွေ့ရတော့ပေ။ အချို့လူတွေ ဘူတာပလက်ဖောင်းပေါ်တောင် ရောက်နေကြပြီ။

စာရေးသူလည်း အခန်းအပြင် ထွက်ပြီး စနည်းနာကြည့်သည်။ “ဟန်နိုဗာ” ဟု တွေ့ရသည်။ ဟန်နိုဗာကလည်း ဘူတာအကြီးကြီးတစ်ခုပင် ဖြစ်သည်။ ရဲမေများ၊ ရဲများ အရေးတကြီးပုံစံဖြင့် ခပ်သုတ်သုတ် သွားလိုက်လာလိုက် ဖြစ်နေကြသည်။ ဆက်သွယ်ရေးစက်များနှင့် အလုပ်ရှုပ်နေကြဟန် ရှိသည်။ ဘာဖြစ်ပါလိမ့်။

ခဏကြာသောအခါ ကုလား ၁ဝ ယောက်လောက်ကို ရဲများ ခြံရံထားသောမြင်ကွင်းကို တွေ့လိုက်ရသည်။
ပတ်စပို့မပြနိုင်သောသူများနှင့်လက်မှတ်မပါသူများကို ရထားပေါ်က ဆွဲချနေခြင်း ဖြစ်သည်ဟု သိရသည်။
ထိုပုဂ္ဂိုလ်များနှင့်ပတ်သက်ပြီး ဆွေးနွေးနေသဖြင့် ရထားက ဆက်မထွက်နိုင်ဖြစ်နေရကြောင်း နောက်မှ သိရသည်။ ရထားက ၄၅ မိနစ်ခန့် ရပ်တန့်နေသည်။ ရဲများ ခြံရံပြီး ပတ်စပို့မပါသောကုလားများကို တစ်နေရာသို့ ခေါ်ဆောင်သွားသည်ကို တွေ့ရသည်။

(၂၂)

ည ၁ နာရီကျော်ခန့်ရှိပြီ။ ရထားက နောက်ကျမှာ သေချာနေသည်။ မတတ်နိုင်။ ဟန်နိုဗာဘူတာက ရထားပြန်ထွက်တော့ ခရီးသည်များအားလုံး ရထားထွက်ခါစကလို လှုပ်လှုပ်ရှားရှား ပြန်ဖြစ်သွားသည်ဟု ထင်သည်။ ဂျာမနီ စသော ဥရောပနိုင်ငံများရှိ ရထား၊ ဘတ်စ်ကားများနှင့် လက်မှတ်စစ်ကိစ္စကို ဆွစ်ဇာလန်သူနှင့် ပြောဆိုဖြစ်သည်။ ဂျာမနီရှိ မြို့တွင်းပြေးဆွဲသော ရထား၊ ကားများပေါ်တွင် လက်မှတ်စစ်သည်ဟူ၍ တွေ့ရခဲသည်။

ဂျာမနီလူမျိုးများသည် သူတို့ကိုယ်သူတို့ ကမ္ဘာပေါ်တွင် သီလစောင့်ထိန်းဆုံးလူမျိုးဟူ၍ ဂုဏ်ယူကြသည်။ ရထားလည်း ခိုးမစီးကြဟု ဆိုသည်။ မြန်မာနိုင်ငံမှာ စပယ်ယာဟူသော အပိုလူတစ်ယောက်ပါတာတောင် အချို့က မလိမ့်တပတ်နှင့် ကားခမပေးလိုကြကြောင်းနှင့် မြန်မာနိုင်ငံ ရထားများ၊ ကားများအကြောင်း ပြောပြသည့်အခါ ဆွစ်ဇာလန်သူက အားရပါးရ ရယ်လေသည်။

(၂၃)

ဂျာမနီရှိ မှတ်တိုင်များတွင် လက်မှတ်ဖြတ်ရသည့် စက်တစ်ခု ထားရှိသည်။ ထိုစက်တွင် ကိုယ်သွားလိုသောမှတ်တိုင်ကို ရွေးချယ်ပြီး စက်ထဲကို ပိုက်ဆံထည့်ကာ လက်မှတ်ဖြတ်နိုင်လေသည်။ လက်မှတ်များကတော့ (မြန်မာငွေနှင့်တွက်လျှင်) ဈေးကြီးပါသည်။ အနိမ့်ဆုံးလက်မှတ်ခမှာ ယူရို ၂ ကျပ် ၆ဝ ပြားခန့်ဖြစ်သည်။ မြန်မာငွေနှင့်ဆိုလျှင် ၃ဝဝဝ ကျော်နီးပါးရှိပါမည်။

ယူရို ၂ ကျပ် ပြား ၆ဝ သည် ခရီးတို အသွားလက်မှတ်အတွက်သာ ဖြစ်သည်။ အပြန်ပါဆိုလျှင် ၅ ကျပ်နှင့် ပြား ၂ဝ ဖြစ်ပေလိမ့်မည်။ ထို့အပြင် တစ်နေ့စာ စီးနိုင်သော Day Ticket နှင့် တစ်လစာ၊ တစ်နှစ်စာ စသည်ဖြင့် လက်မှတ်အမျိုးမျိုး ရှိပါသည်။ စုစုပေါင်း ၅ ယောက်အထိ စီးနိုင်သော Group Ticket လည်း ရှိပါသေးသည်။ Group Ticket အတွက် ယူရို ၁ဝ ကျပ်ခန့် ပေးရသည်။ မှတ်တိုင်တိုင်းတွင် ထားရှိသော လက်မှတ်ဖြတ်သည့်စက်တွင် ငွေထည့်ပြီး ဝန်ထမ်းမလိုဘဲ အလွယ်တကူ ဝယ်ယူနိုင်ပါသည်။
၂ ကျပ် ပြား ၆ဝ ကျသင့်သည့်လက်မှတ်အတွက် ၅ ကျပ်တန် ထည့်လိုက်လျှင် လက်မှတ်နှင့်အတူ ပြန်အမ်းငွေကလည်း ၁ ပြား/ ၂ ပြားကအစ အပိုအလို မရှိ၊ အတိအကျ ထွက်လာသည်။ မည်သို့ တီထွင်ထားကြလေသနည်း။

လူ(ဝန်ထမ်း)ကမှ အချိန်ကြာဦးမည်၊ မှားကောင်း မှားနေဦးမည်။ စက်ကတော့ နည်းနည်းမှ မမှား။ အံ့သြဖွယ်နည်းပညာများပါတကား။

(၂၄)

လက်မှတ်မစစ်တတ်ပါဘဲလျှက် ခိုးမစီးတတ်ကြသောလူမျိုးများအကြောင်းကို တွေးမိတိုင်း မလေးစားဘဲ မနေနိုင် ဖြစ်ရပါသည်။ အစိုးရကလည်း အစိုးရတာဝန်ကျေပွန်ရေးအတွက် ပြည်သူ့အခိုင်းအစေ ပီသစွာဖြင့် ပြည်သူများ စိတ်အေးချမ်းသာအောင်၊ သွားရေးလာရေး စိတ်ချမ်းမြေ့ရလေအောင်၊ အချိန်ကုန်လူပန်းမဖြစ်ရလေအောင် စီမံဆောင်ရွက်ပေးထားသည်။

ပည်သူ့အခိုင်းအစေများပီပီ ပြည်သူထံမှ၊ တိုင်းပြည်ထံမှ တစ်နည်းအားဖြင့် တိုင်းပြည်၏သယံဇာတထဲမှ မည်သည့်အရာကိုမှ အမြတ်မထုတ်။
အစိုးရဟူသည် ပြည်သူကို အလုပ်အကျွေးပြုရန်နှင့်တိုင်းပြည်ကို ချမ်းမြေ့အောင်၊ သာယာအောင်၊ တိုးတက်အောင် ပြုလုပ်ရန်ဟူသော တာဝန်ကို အပြည့်အဝ ထမ်းဆောင်ရမည်ဟု တာဝန်သိပုဂ္ဂိုလ်များ ဖြစ်ပုံရသည်။ တာဝန်သိကြသဖြင့် တာဝန်ရှိမှုကို နားလည်သည်။ ထို့ကြောင့် တာဝန်ယူကြသည်။

သူတို့တိုင်းပြည်များ၏ တာဝန်သိမှု၊ တာဝန်ရှိမှု၊ တာဝန်ယူမှုများကို တွေ့မြင်သိရှိလေတိုင်း ရွှေပြည်ကြီးက စိတ်အချဉ်ပေါက်စရာ အခြေအနေများက ရင်ထဲမှာ တွန်းထိုးလှုပ်ခတ်ပြီး ဝင်လာခဲ့လေသည်။

(၂၅)

အိပ်ပျော်နေရာမှ နိုးလာတော့ မိုးက လင်းနှင့်ပြီ။ နာရီကြည့်ဖို့ ဖုန်းကို ဖွင့်လိုက်တော့ ဒိန်းမတ်နိုင်ငံထဲ ရောက်နေပြီဖြစ်ကြောင်း သိရသည်။ သင်ဟာ ဒိန်းမတ်နိုင်ငံထဲ ရောက်နေပြီဖြစ်ကြောင်း၊ အိုဗာဆီးခေါ်လျှင် တစ်မိနစ်ကို ဝ.၂၂ ဆင့် ကျသင့်မှာဖြစ်ကြောင်း၊ ဖုန်းလက်ခံလျှင် ဝ.ဝ၅ ဆင့် ကျသင့်ပြီး မက်ဆေ့ပို့လျှင်တော့ ဝ.ဝ၇ ဆင့် ကျသင့်မှာဖြစ်ကြောင်း မက်ဆေ့ဝင်လာခြင်း ဖြစ်သည်။

ဂျာမနီမှ ဒိန်းမတ်ပြောင်းလဲသွားသော်လည်း ပတ်ဝန်းကျင် ရှုခင်း၊ သစ်ပင်များ၊ တောတောင်များ၊ စိုက်ခင်းများ၊ လမ်းများကတော့ ထူးထူးခြားခြား မရှိလှဟု ထင်သည်။ နောက်ဖေးအခန်းထဲသွားကာ မျက်နှာသစ်သည်။ အပေါ့အပါးသွားသည်။ မနက်စာအဖြစ် ဂျာမနီက မမိုးဇင်မာ ထည့်ပေးလိုက်သော လိမ္မော်သီး၊ ဆီးသီးများနှင့် ကျောင်းက ယူလာသော ပေါင်မုန့်ကို စားလိုက်သည်။ အခန်းတွင်းမှာရှိသောသူများကိုလည်း ဆီးသီးစားဖို့ ပေးသည်။ အခြားသူများက လက်ကာပြသည်။ ဆွစ်ဇာလန်သူကတော့ ကျေးဇူးဟုဆိုကာ စားသည်။

“ဒီနေရာမှာတော့ ငါ့မှာ ကြွားစရာရပြီကွ”ဟုဆိုကာ မြန်မာလူမျိုးများဟာ ပေးရကမ်းရတာ အလွန်ဝါသနာပါကြောင်း၊ အချို့အကြွေးတင်ခံပြီးတောင် လှူတတ်ကြကြောင်း၊ အလှူအတန်းရက်ရောသည့်တိုင်းပြည်များစာရင်းတွင် မြန်မာက ထိပ်တန်းနိုင်ငံများစာရင်းတွင် ပါဝင်ကြောင်း ပြောပြဖြစ်သည်။ မြန်မာတို့ အလှူအတန်း ရက်ရောကြပုံများကို ပြောစဉ်က အလွန်တရာ အံ့အားသင့်နေသောအမူအရာဖြင့် “Oh! My God. Really?”ဟု ဆိုလေသည်။

ရထားက အချိန်မှားနေပြီဖြစ်သောကြောင့် လာသမျှ ပုံမှန်ရထားများကို လမ်းဖယ်ပေးနေရလေသည်။ ရထားက မကြာခဏ ရပ်သည်။ မထူးတော့ပြီ။ “တစ်နေ့ တစ်လံ၊ ပုဂံ ဘယ်ပြေးမလဲ” ပြောနေကျစကားလုံးက ခေါင်းထဲရောက်လာသည်။ ပုဂံ ဘယ်ပြေးနေပါသလဲ။

(၂၆)

မိုးက တဖွဲဖွဲ ရွာချလာသဖြင့် ရာသီဥတုက အေးစက်လာသည်။ လက်ဝါးနှစ်ဖက်ကို တင်းတင်းရင်းရင်း ဆုပ်ကိုင်ပွတ်သပ်နေမိသည်။ စိုက်ပျိုးနေဆဲ ဂျုံခင်းများ၊ ရိတ်သိမ်းပြီးသော ဂျုံခင်းများနှင့် အခြားစိုက်ခင်းများကို ငေးမောရင်း လိုက်ပါလာခဲ့သည်။ လေအားလျှပ်စစ်တာဝါတိုင်ကြီးများ နေရာအနှံ့တွေ့နေရသည်။ လျှပ်စစ်မီး ခဏခဏ ပျက်တတ်သော မြန်မာပြည်ကို အမှတ်ရမိသည်။

သဘာဝဓာတ်ငွေ့များ အမိမြေအောက်မှ ထွက်ပေါ်သော်လည်း ပြည်သူအတွက် အကျိုးတစ်စုံတစ်ရာ မရှိသေးသည်ကို တွေးမိတော့ စိတ်မကောင်းဖြစ်မိသည်။ ထားပါလေ … ငါ ပျော်စရာပဲ တွေးရင်း ခရီးသွားမယ်ဟု တွေးကာ စိတ်ပြောင်းလိုက်သည်။

ရထားစပီကာမှ အသံပေါ်လာသည်။ ပထမ ဒိန်းမတ်လို၊ ဒုတိယ ဂျာမန်လို၊ တတိယ အင်္ဂလိပ်လို။ စိတ်နည်းနည်း ရှုပ်သွားသည်။ “ဒီရထားက အကြောင်းကြောင်းကြောင့် နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်။ အိုးဒန်ဆီမြို့၊ ကိုပင်ဟေဂင်မြို့သို့ ထွက်ခွါမည့် ခရီးသည်များကတော့ ဒီရထားပေါ်မှာပဲ ရှိနေလို့ ရပါတယ်။ အောလ်ဘော့မြို့ …… သို့ ဆက်လက်ထွက်ခွါမည့် ခရီးသည်များက ရှေ့မကြာခင် ရပ်တော့မည့် ကိုးလ်ဒင်းမြို့ဘူတာတွင် ဆင်းပါ”ဟု ကြေညာသည်။

အို … ဒုက္ခပါပဲ၊ ကိုယ်က အခုမှ ရောက်ဖူးတာ၊ အဆင်ပြေပါ့မလား မသိဘူးဟု တွေးမိသည်။ သို့ရာတွင် အလွန်အကျွံ စိုးရိမ်စိတ်တော့ မဖြစ်မိပါ။ ဘဝအတွေ့အကြုံအရ အခက်အခဲများ၊ အဆင်မပြေမှုများကို ချစ်လာတတ်သောစိတ်ကလည်း ထူးဆန်းစွာ ဝင်လာသည်။

အခက်အခဲများ ကြုံလေလေ၊ အဆင်မပြေမှုများ တွေ့လေလေ စိတ်လှုပ်ရှားစရာနှင့်စိတ်ဝင်စားစရာများ ကြုံတတ်လေလေ ဖြစ်ပါသည်။
အကြိတ်အနယ် ထိုးကြကြိတ်ကြသော လက်ဝှေ့ပွဲ၊ ခက်ခက်ခဲခဲ ယှဉ်ပြိုင်နေကြသော ဘောလုံးပွဲများ ကြည့်ရလျှင် လူအများ သဘောကျတတ်သလို ကြုံတွေ့ခဲ့သောဘဝအတွေ့အကြုံများအရ အခက်အခဲများသည် ဘဝအားအင်များကို ညှစ်ထုတ်ပေးသောကိရိယာများဖြစ်သည်ဟုပင် ဆိုချင်လာတတ်ခဲ့လေသည်။

.........................
ဆက်ပါဦးမည် ............
.........................
အရှင်ကုသလသာမိ (အတည်မဲ့)
၁၈၊ ၁၁၊ ၂ဝ၁၄

Sunday, November 9, 2014

စကန်ဒီနေဗီယန်းတိုင်းပြည်များသို့ ခရီး (အပိုင်း ၄)



ယခင်အပတ်မှ အဆက်

 တိုင်းပြည်မှာ အရွယ်မရောက်သေးသူ မုဒိမ်းကျင့်မှုများ ကြောက်ခမန်းလိလိ မြင့်တက်နေသည်ဟူသော သတင်းနှင့် မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည်ဟူသော ကြွေးကြော်မှုမျိုး … နှစ်ခုယဉ်တွဲနေခြင်းလောက် ရှက်စရာကောင်းတာ မရှိဟုမြင်ပါသည်။
တိုင်းပြည်တွင် ခိုးဆိုးလုယက်မှုများ၊ ရက်စက်စွာသတ်ဖြတ်နေမှုများ၊ စစ်ပွဲများ၊ အဂတိလိုက်စားမှုများ၊ အကြမ်းဖက်မှုကို အားပေးခြင်းများ … စသည်တို့ ဖြစ်ထွန်းရာအရပ်ကို ပတိရူပဒေသဝါသဟု ကြွေးကြော်ခြင်းမှာ ဝမ်းနည်းဖွယ်ပင် ကောင်းလှသည်။
အကယ်၍ မြတ်စွာဘုရားရှင်သာ သက်တော်ထင်ရှားရှိတော်မူဦးမည်ဆိုပါက “ပြုံးတော်မူလိမ့်မှာ” အသေအချာပင် ဖြစ်သည်ဟု ထင်ပါသည်။
(၁၇)
ရထားက ကျည်ဆံရထားများလို သိပ်မြန်ပုံတော့ မရ။ တဂျူန်းဂျူန်း တဂျူတ်ဂျူတ်ဖြင့် ခရီးဆက်နေသည်။ ဘူတာငယ်လေးများကို မကြာခဏ ဖြတ်သန်းသွားလာနေသည်ကို တွေ့ရသည်။
Fulda ဟူသော ဘူတာတွင် ရထားက ရပ်နေသည်။ အခန်းအတွင်းမှ လူများ အလျှိုလျှိုထွက်လာကြသည်။ စီးကရက်များ သောက်ကြသည်။ “အမျိုးသမီးက ရထားကတော့ နောက်ကျတော့မှာပဲ၊ ဘာဖြစ်လို့ အကြာကြီး ရပ်နေလဲ မသိဘူး”ဟု ငြီးတွားသည်။
စာရေးသူလည်း အခန်းပြင် ထွက်လိုက်သည်။ အခန်းတွင်းမှာ အနည်းငယ် နွေးထွေးနေသလောက် ပြင်ပလေက အေးစက်နေသည်။
တစ်ချက်တစ်ချက် ပါးပြင်ပေါ် တိုးဝှေ့လာသော လေနုအေးက အရသာရှိလှသည်။ အနားက ဖြတ်လျှောက်သွားသူများက ပြုံးပြသူ ပြုံးပြ၊ ဟဲလိုဟု နှုတ်ဆက်သူက နှုတ်ဆက်သွားကြသည်။ ရထားပေါ်မှဆင်းပြီး စီးကရက်သောက်ကြသူ အတော်များများကို တွေ့ရသည်။
ဘူတာပလက်ဖောင်းအနားက လူများကို လှမ်းကြည့်လိုက်သည့်အခါ စီးကရက်သောက်သူများကြားတွင် စာရေးသူအခန်းထဲက ဆွစ်ဇာလန်သူလေးပါ စီးကရက်ကို ဟန်ပါပါ ဖွာရှိုက်နေသည်ကို မြင်လိုက်ရသည်။
ဘေးနားရောက်လာသော ဂျာမန်အမျိုးသားကြီးနှင့် နှုတ်ဆက်စကားပြောရင်း
“မင်းတို့ဆီမှာ စီးကရက်အတော်သောက်ကြတယ်နော်”ဟု ပြောမိသည်။
“ဟုတ်တယ် … ဒီမှာ စီးကရက်သောက်နှုန်းက အရွယ်ရောက်သူအားလုံးရဲ့ ၃ဝ% ကနေ ၄ဝ % ရာခိုင်နှုန်းလောက်အထိ ရှိတယ်၊ စီးကရက်ကြောင့်သာ မဟုတ်ရင် တို့ဆီမှာ ကင်ဆာဆိုတာ ရှိမှာ မဟုတ်ဘူး”ဟု သူ့အမြင်ကို ပြောပြသည်။
“ကင်ဆာဆိုလို့ ပြောရဦးမယ်၊ တို့ဆီက ကင်ဆာကတော့ အစားအသောက်တွေကြောင့် ဖြစ်မယ်ထင်တယ်၊ တို့နိုင်ငံက ကမ္ဘာမှာ ကင်ဆာရောဂါအဖြစ်အများဆုံးနိုင်ငံတွေထဲမှာ ဒုတိယလိုက်တယ်၊”ဟု ကြွားလိုက်မိသေးသည်။ တစ်ပြိုင်နက်တည်းမှာ ကွမ်းတံတွေးများဖြင့် ဆေးရောင်ခြယ်ထားသော ရန်ကုန်မြို့လမ်းမများနှင့် ညစ်ပတ်သောတိုက်ခန်းလှေခါးများကို မြင်ယောင်မိသည်။ ၁၅ မိနစ်ခန့်ကြာသောအခါ ရထားက ဆက်လက်ခုတ်မောင်းသွားလေသည်။
(၁၈)
Fulda ဘူတာမှ အထွက်တွင် ဒိန်းမတ်လူငယ်တစ်ဦး အခန်းထဲရောက်လာသည်။ အတန်ကြာ ခရီးနှင်ပြီးသောအခါ ရဲများ တံခါးလာခေါက်သည်။ အမှန်အားဖြင့် တံခါးက သော့ခတ်ခြင်း၊ ဂျက်ချခြင်း မရှိပါ။
တံခါးခေါက်သည့် ယဉ်ကျေးမှုကို လေးစားသွားရပြန်သည်။ မြန်မာနိုင်ငံသားများ ပြောလေ့ရှိသော “လုပ်ကြပါ လုပ်ကြပါ၊ ရှင်တို့က ရဲတွေကိုး”ဟူသော စကားကလည်း ခေါင်းထဲ ရောက်ဖြစ်အောင် ရောက်လိုက်သေးသည်။ အမှန်ဆို သူက ရထားပေါ်မှာ တာဝန်ရှိသူပဲ၊ ရထားတွဲပေါ်မှာ လွတ်လပ်စွာ ဝင်ထွက်ခွင့်ရှိနေပါလျှက် တံခါးခေါက်ပြီးမှသာ ဝင်လာသည်။
ဂျာမန်အမျိုးသားကြီးက တံခါးဖွင့်ပေးလိုက်သည်။ ရဲအရာရှိက “ပတ်စပို့နဲ့လက်မှတ်ပေးပါ”ဟု ဆိုသည်။
စာရေးသူလည်း လိုအပ်သည့်ပစ္စည်းမျိုးစုံ ထည့်ထားသည့် လွယ်အိတ်ထဲကို စမ်းပြီး ပတ်စပို့ကို ရှာသည်။ “နိုး နိုး မင်း မပါဘူး၊ ပြစရာမလိုဘူး”ဟု ရဲအရာရှိက ပြောသည်။
ရဲအရာရှိများက ဂျာမန်အမျိုးသားကြီးနှင့်တူရကီအမျိုးသားထံမှ လက်မှတ်များကို တောင်းသည်။ စာရေးသူစိတ်ထဲ ထူးဆန်းနေသည်။ မြန်မာနိုင်ငံဆိုလျှင်တော့ ဘုန်းကြီးဖြစ်သည့်အတွက် အချို့နေရာများ အခွင့်ထူးခံ ဖြစ်နေရသည်။ အမှန်အတိုင်း ပြောရလျှင် သာသနာ့အလံပါလို့ လမ်းဂိတ်ကြေးမကောက်တာ၊ ဘုန်းကြီးပါလို့ ကားကို စစ်ဆေးခြင်း မပြုလုပ်သော မြန်မာပြည်က အချို့ကိစ္စများကို သဘောမကျပါ။
စည်းကမ်းဥပဒေနှင့်ကြည်ညိုလေးစားမှု ကဏ္ဍနှစ်ခုမှာ တစ်ကန့်စီသာ ရှိနေသင့်သည်။ တစ်ခါတစ်ရံ သာသနာ့အလံထောင်ပြီး ဘုန်းကြီးကားကို ဂိတ်ကြေးကောက်လျှင် အချို့ဘုန်းကြီးများက “ဟ မင်းက ဘုန်းကြီးကားလည်း ကောက်တာပဲလား”ဟု ငေါက်လားငမ်းလား လုပ်တတ်သည်။ သံဃာတစ်ပါးအနေဖြင့် ထိုအပြုအမူမျိုး (ထိုအခွင့်ထူးရလိုမှုမျိုး)ကို စက်ဆုပ်ပါသည်။
(၁၉)
ယခု ဒီမှာတော့ ဘုန်းကြီးဖြစ်လို့မဟုတ်တာ သေချာသည်။ ဆွစ်ဇာလန်အမျိုးသမီးလည်း ဘာမှ ပြစရာမလို။ ဒိန်းမတ်လူငယ်လည်း ပြစရာ မလို။ ထူးတော့ ထူးဆန်းနေသည်။ အရင်ကတော့ ကြားဖူးသည်။ ကပ္ပလီများ၊ အရှေ့အလယ်ပိုင်းဆန်ဆန်၊ တူရကီဆန်ဆန်လူများကိုတော့ လက်မှတ်စစ်များ၊ ရဲများက သတိထားတတ်ကြသည်ဟု ဆိုကြသည်။
ဤအတိုင်းပင် ဖြစ်လေသလော။ ဂျာမန်အမျိုးသားကြီးသည် ရဲများပြန်သွားသောအခါ နားကြပ်တပ်ပြီး ဆက်အိပ်နေသည်။ တူရကီအမျိုးသားလည်း ငိုက်မြည်းနေသည်။
ဆွစ်ဇာလန်သူကတော့ ဓာတ်မီးအသေးလေးဖြင့် စာဖတ်နေသည်။ စိတ်ထဲတွင် မတင်မကျဖြစ်နေသည်များကို သူ့ကို မေးချင်သည်။ စာဖတ်တာ အနှောက်အယှက်များ ဖြစ်နေမလားဟု တွေးမိသဖြင့် မမေးဖြစ်ဘဲ ရှိသည်။
အတန်ကြာသောအခါ စာဖတ်ရာမှ မျက်လုံးလှန်ကြည့်ပြီး “အော် မအိပ်သေးဘူးလား”ဟု ဆိုသည်။ စာရေးသူလည်း မိမိသိချင်နေသောမေးခွန်းကို မဆိုင်းမတွ မေးမိသည်။ “ငါ စဉ်းစားနေတာ … စောစောက ငါတို့နှစ်ယောက်ဆီက ပတ်စပို့နဲ့လက်မှတ်ကိုတော့ ဘာဖြစ်လို့ မတောင်းတာလဲ မသိဘူး”။ သူက ပခုံးနှစ်ဖက်ကို မြှင့်၊ ခေါင်းကို အနည်းငယ် တစ်ဖက်ကို စောင်းကာ “ငါ ဘယ်လိုလုပ် သိမလဲ”ဟု ဆိုသည်။
ထိုစဉ် ဘေးနားက ဒိန်းမတ်လူငယ်က စကားဝင်ပြောသည်။ “အင်း ဒီလိုလည်း ဖြစ်နိုင်တယ်၊ အခု အရှေ့အလယ်ပိုင်းမှာ အစ္စလန်တိုင်းပြည် ထူထောင်ချင်တဲ့ ဂျီဟတ်သူပုန်တွေ သိတယ်မလား၊ အဲဒီထဲက ခေါင်းဆောင်တွေက ဥရောပရောက် မွတ်စလင်တွေ ဖြစ်နေတယ်၊ နောက်ပြီး သူတို့က ဥရောပမှာ ဖောက်ခွဲရေးတွေ လုပ်မယ်လို့ ကြေညာထားတော့ မွတ်စလင်ပုံစံပေါက်ရင် ရဲတွေက သတိထားနေကြတာ ဖြစ်မယ်”။
တစ်ဖက်က တူရကီအမျိုးသားကို တစ်ချက်စောင်းငဲ့ကြည့်ပြီး ဆက်ပြန်သည်။ စာရေးသူကတော့ တူရကီအမျိုးသားများ ကြားများကြားလေမလားဟု စိုးထိတ်နေမိသည်။ သူကတော့ အနည်းငယ် စောင်းငဲ့ကြည့်ရုံမှတစ်ပါး သိပ်ဂရုစိုက်သည့်ဟန် မပြပါ။
“အခု တို့ဥရောပကို မွတ်စလင်တွေ အများကြီး ရောက်လာပြီ၊ အချို့က ဒုက္ခသည်အဖြစ်နဲ့ ရောက်လာကြတာ၊ ဆိုမာလီယာ၊ အီရတ်၊ ဆီးရီယား၊ လစ်ဗျားနဲ့ ပါလက်စတိုင်းက မွတ်စလင်တွေကို ဥရောပက သနားစရာဒုက္ခသည်တွေလို့ သဘောထားပြီး အများကြီး ခေါ်လာခဲ့တာ နှစ်ပေါင်းမနည်းတော့ဘူး၊ ဒီအစိုးရကပဲ ထောက်ပံ့ကြေးပေး၊ နေစရာပေး၊ ပညာသင်ပေးနဲ့။ ဟိုး … အီရတ်နဲ့ကူဝိတ် စစ်ပွဲကာလကတည်းကလို့ ထင်တယ်။ နောက်ပြီး တူရကီတွေကလည်း ဥရောပထဲပါနေတော့ ပုံစံမျိုးစုံနဲ့ဒီဘက်ကို ရောက်လာကြတယ်။ သူတို့ရဲ့ လူဦးရေတိုးပွားမှုနှုန်းက ကြောက်ခမန်းလိလိပဲ”ဟု အားရပါးရ ပြောနေသည်။
“နေပါဦး ... အချို့သတင်းတွေ အဆိုအရ ခရစ်ယာန်တွေက သူတို့ဘာသာတရားအပေါ် ယုံကြည်မှုလျော့ပြီး မွတ်စလင်အဖြစ် ပြောင်းကုန်ကြတယ်လို့ တွေ့ရတယ်၊ အဲဒိလို မဟုတ်ဘူးလား”ဟု စာရေးသူက မေးမိသည်။
ထိုအခါ လူငယ်က အားရပါးရ ရယ်လေသည်။ သူက ဘာသာပြောင်းတာ မရှိမဟုတ်၊ အချို့အကြောင်းကြောင်းကြောင့် ပြောင်းတာလည်း ရှိနိုင်ကြောင်း၊ သို့သော် အနည်းစုသာ ဖြစ်ကြောင်း၊ တိုးပွားမှု၏ အဓိကအကြောင်းတရားကတော့ သူတို့၏ မွေးနှုန်းသာဖြစ်ကြောင်း အချက်အလက်များနှင့် ပြောပြလေသည်။
အမှန်အားဖြင့် သူသည် မည်သည့်ဘာသာကိုမျှ ယုံကြည်သူမဟုတ်ကြောင်း၊ သို့ရာတွင် အကြမ်းဖက်မှုများကို အားပေးသော မည်သည့်ဘာသာ၊ မည်သည့်အဖွဲ့၊ မည်သည့်အတွေးအခေါ်ကိုမျှ အားမပေးကြောင်း၊ အကြမ်းဖက်မှုကို မည်သည့်ပုံစံဖြင့်ဖြစ်စေ ရှုတ်ချကြောင်း ပြောပြသည်။
ဆွစ်ဇာလန်သူကလည်း “ဥရောပကို တူရကီနိုင်ငံလို ဖြစ်မှာတော့ ငါသိပ်ကြောက်တာပဲ”ဟု ဝင်ပြောသည်။ “ဘာကြောင့် ကြောက်ရတာလဲ … ဆိုပါဦး”ဆိုတော့။ သူသည် စကားပြောရတာ အာခြောက်လာလို့လား မသိ၊ ရေဗူးထုတ်ပြီး ရေတစ်ကြိုက်သောက်သည်။
“လုပ်ပါဦး … မင်း ပြောတာ ငါ စိတ်ဝင်စားတယ်”ဆိုတော့ သူက ထုံးရစ်ထားသော သူမ၏ ရွှေအိုရောင်ဆံပင်များကို ဖြေချပြီး မျက်နှာတစ်ခြမ်းခန့်အထိ ဖြာချထားကာ စကားဆက်သည်။
“သိပ်တော့ အများကြီး မရှိပါဘူး၊ ငါ တူရကီကို အလည်သွားဖူးတယ်၊ ဆွစ်ဇာလန်မှာ ကျောင်းတက်တဲ့ တူရကီသူငယ်ချင်းနဲ့ လိုက်သွားတာ၊ သွားတာက နွေရာသီလေ၊ အဲဒီတော့ ငါက တိုတိုလေး၊ ပေါ့ပေါ့ပါးပါးလေး ဝတ်တာပေါ့၊ အဲဒီမှာ အချို့အမျိုးသားတွေ ငါ့ကို ထူးထူးဆန်းဆန်း စူးစူးရဲရဲ ကြည့်ကြတာ စိတ်တောင် တိုလာခဲ့တယ်၊ ဒါနဲ့ သူငယ်ချင်းက အဝတ်အစား ပြောင်းဝတ်ရင်ကောင်းမှာပဲလို့ အကြံပေးတာနဲ့ အဝတ်အစားအသစ်တွေ ဝယ်ဝတ်ရတယ်၊ ဘုရား ဘုရား ဥရောပကြီး တူရကီလိုဖြစ်ရင်တော့ ဒုက္ခပဲလို့ အတွေးရခဲ့တယ်၊ ငါ အဲဒါ တွေးမိတိုင်း သိပ်မုန်းတာပဲ”ဟု အားပါးတရ ပြောလေသည်။ သူ့မျက်နှာမှာလည်း မနှစ်မြို့သည့် အမူအရာများ အထင်းသား တွေ့နေရသည်။
(၂ဝ)
စာရေးသူကတော့ အသက်မတိမ်းမယိမ်းရှိသော ကလေးသူငယ်များ ၄/၅ယောက်ခန့် ခြံရံနေသော၊ ဖရန့်ဖွတ်မြို့တွင် မကြာခဏ တွေ့ရတတ်သော ခေါင်းမြီးခြုံအမျိုးသမီးအချို့ကို မျက်စိထဲ မြင်ယောင်မိလေသည်။
...............................
ဆက်ပါဦးမည်
....................
အရှင်ကုသလသာမိ (အတည်မဲ့)
၂၇၊ ဝ၉၊ ၂ဝ၁၄
မှတ်ချက်။ ။ နောက်တစ်ပါတ်ဆိုရင်တော့ ရထားပေါ်က ဆင်းပါပြီနော် ... ရထားပေါ်မှာပဲ လေရှည်တာပါ။ နောက်ပြောစရာ သိပ်မကျန်တော့ပါဘူးနော် ...

Thursday, October 16, 2014

စကန်ဒီနေဗီးယန်းတိုင်းပြည်များသို့ ခရီး (အပိုင်း ၃)


ရထားကြီးက သူ့အရှိန်နှင့်သူ တဂျုန်းဂျုန်း တဂျက်ဂျက် မြည်ဟီးနေသော်လည်း စာရေးသူတို့အခန်းလေးက တိတ်ဆိတ်ငြိမ်သက်လှသည်။

(၁၁)

“မအိပ်ဘူးလား”ဆိုသော အမျိုးသမီးငယ်၏အသံကြောင့် အတွေးပျက်သွားသည်။

“ငါ အိပ်တော့ အိပ်ချင်တယ်၊ အိပ်မရသေးဘူး၊ ငါ ဥရောပကို စရောက်ကတည်းက စိတ်ကို လွှတ်ထားလိုက်တိုင်း ငါတို့နိုင်ငံကို သတိရတယ်၊ ပြဿနာတွေမြောက်မြားစွာနဲ့ မငြိမ်းချမ်းနိုင်၊ မပြေလည်နိုင်တဲ့အခြေအနေတွေကို တွေးပြီး မောနေတတ်တယ်၊ ပြီးတော့ အလယ်တန်းအဆင့်လောက်တောင် ပညာသင်ကြားခွင့်မရှိတဲ့ မြန်မာပြည်က ကလေးငယ်တွေကို သနားတယ်၊ ငါတို့ရွာမှာလေ အလယ်တန်းအဆင့်ထိ ကျောင်းတက်တဲ့ကလေးက ၁ဝဝ မှာ ၁ဝ ယောက်မရှိဘူး၊ အထက်တန်းဆို ၁ဝဝ မှာ ၂/၃ ယောက်လောက်ပဲ ရှိတယ်။

အထက်တန်းတက်တယ်ဆိုလည်း အလကား စနစ်မကျတဲ့ ပညာရေးကြောင့် ကျောင်းပြီးလည်း လယ်ထွန်တဲ့သူထက် ပိုထူးတာဆိုလို့ မြို့ရောက်ဖူးတာပဲ ပိုပါတယ်၊ ငါ ဒါတွေကို တွေးနေမိတာ”စသဖြင့် ပြောပြမိသည်။

မီးရောင်မှိန်မှိန်များကြားက စိတ်ဝင်တစားနားထောင်နေသော အမျိုးသမီးငယ်၏မျက်နှာကို စိတ်မကောင်းသည့်ဟန်ဖြင့် တွေ့ရသည်။

(၁၂)

“ငါ ပြောတာတွေ များသွားပြီ၊ မင်းလည်း ပြောပါဦး”ဆိုမှ သူက သူ့အကြောင်းတွေကို ပြောပြသည်။ သူက ဆွစ်ဇာလန်နိုင်ငံသူ၊ အသက် ၂၁ နှစ်အရွယ် ကျောင်းသူ၊ မိရိုးဖလာခရစ်ယာန်၊ ဘုရားကျောင်းကို အခမ်းအနားရှိမှ ရောက်ဖူးသည်။

အစက စကားမပြောဖြစ်သော်လည်း ပြောမည့်ပြောတော့ ခရားရေလွှတ်သလို ပြောသည်။ အလွန်သိချင်၊ စပ်စုချင်သော ဥရောပသားတို့ ထုံးစံ ပေါ်လာပုံရသည်။ အင်္ဂလိပ်လိုနေ့စဉ် မပြောဖြစ်သဖြင့် အချို့နေရာများတွင် နှစ်ကြိမ်ပြန်ပြန်မေးရသည်။ ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ အင်တာနက်စာမျက်နှာများတွင် အနည်းငယ်ဖတ်ဖူးသည်။ ရှောင်လင်ဘုန်းဘုန်းများနှင့် တိဗက်ဘုန်းကြီးများအကြောင်းကိုတော့ အတော်များများ တွေ့ဖူးသည်ဟု ဆိုသည်။

(၁၃)

သူက ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့သို့ ရထားဖြင့် သွားမည်၊ ပြီးလျှင် စက်ဘီးဖြင့် ဒိန်းမတ်နိုင်ငံကို လှည့်လည်မည်ဟု ဆိုသည်။

“ဒါနဲ့ မင်းက တစ်ယောက်တည်း သွားမှာလား”။
“အေးပေါ့ … တစ်ယောက်တည်း သွားရတာ လွတ်လပ်တယ်၊ ညှိနှိုင်းရတာတွေ လုပ်စရာ မလိုဘူး၊ စက်ဘီးနဲ့ သွားနိုင်သလောက် သွားမယ်၊ အဆင်ပြေတဲ့နေရာမှာ ရွက်ဖျင်တဲထိုးပြီး အိပ်မယ်၊ ငါ့မှာ စက်ဘီးလည်း ပါတယ်၊ ရွက်ဖျင်တဲလည်း ပါတယ်”။
“ဟေ … မင်းအတွက် လုံခြုံမှုကော ရှိရဲ့လား”။
“အင်း … ဒီမှာ မိန်းကလေးတစ်ယောက်တည်းဆိုပြီး အပြောင်အပျက်သဘောနဲ့တောင် မနှောက်ယှက်ကြဘူး”။
“ဘုရား … ဘုရား … တို့နိုင်ငံက မင်းလို လှပတဲ့ အမျိုးငယ်လေးတွေ မပြောနဲ့ အသက် ၄ဝ ဝန်းကျင် အမျိုးသမီးတွေတောင် တစ်ယောက်တည်း သွားရတာ စိတ်မချကြဘူး၊ လုံခြုံမှုကို မခံစားရဘူး”။

“အင်း တစ်ခုတော့ ရှိတယ်၊ အီတလီတို့ ပြင်သစ်တို့ကတော့ သိပ်မလုံခြုံဘူး၊ အီတလီက အချို့မြို့တွေမှာ လုတတ်တယ်၊ မြို့လည်ခေါင်မှာလည်း တစ်ခါတစ်ရံမှာ ယီး ယား ဆိုပြီး လှမ်းစတတ်တယ်၊ ပြင်သစ်ကတော့ လုတာတွေ ခိုးတာတွေ ပေါတယ်”

(၁၄)

သူ့စကားတွေကို နားထောင်ရင်းနှင့် ကိုယ့်ကိုကိုယ် ရှက်နေမိတာ အမှန်ပင် ဖြစ်ပါသည်။

မြန်မာနိုင်ငံ - ဗုဒ္ဓဘာသာနိုင်ငံ။ အစပ်အဟပ်က သိပ်မမိချင်တော့။ အသားအရေ၊ အရပ်အမောင်း၊ ကိုယ်နေဟန်ထား၊ အစစအရာရာ ပြောစရာမလိုသော အမျိုးသမီးငယ်လေးတစ်ယောက် စက်ဘီးတစ်စီးဖြင့် လှည့်လည်၊ အဆင်ပြေသည့်နေရာ ရွက်ဖျင်တဲထိုးပြီး နေ၊ မည်သည့်အနှောက်အယှက် ဘေးရန်မှ မဖြစ်ဘဲ ခရီးသွားနေပုံမှာ မျက်စိထဲမြင်ယောင်ကြည့်ရတာ ကျက်သရေဖြစ်နေသည်။ စိတ်ထဲမှာလည်း အံ့သြနေသည်။

လုံခြုံလိုက်သည့်ဘဝတွေ။ မည်သည့်အရာများက ဤသို့သောအခြေအနေများကို ဖန်တီးပေးလေသနည်း။ လူချင်းမတူလို့လား။

(၁၅)

အရင့်အရင်က ဥရောပယဉ်ကျေးမှုဆိုပြီး နှာခေါင်းရှုံ့ချင်၊ ပါးစပ်ရွဲ့ချင်တတ်သော အပြောအဆိုများကို ပြန်မြင်ပြီး ကိုယ့်ကိုကိုယ် မလုံမလဲ ဖြစ်နေမိသည်။

ဥရောပဆိုတာ အရှက်မရှိတဲ့ ယဉ်ကျေးမှု၊ ဟိရိသြတ္တပ္ပဆိုတာ သိပ်ရှိကြတာ မဟုတ်ဘူး … စသဖြင့် ပြောတတ်ခဲ့သော၊ ပြောနေကြဆဲစကားသံများကို မြင်ယောင်သည်။

ချောချောလှလှအမျိုးသမီးငယ်လေးတစ်ယောက် တောရောမြို့ပါမကျန် စက်ဘီးတစ်စီးဖြင့် လုံခြုံစိတ်ချစွာ ခရီးသွားခြင်းတစ်ခုကပင်လျှင် စာရေးသူအတွက် လေးစားစိတ်ဝင်ခဲ့ရသည်။ အခြားအခြားသော တာဝန်ယူစိတ်၊ မိမိဂုဏ်သိက္ခာအပေါ် တန်ဖိုးထားမှု စသော အံ့သြဖွယ်ရာ စိတ်နေသဘောထားများလည်း များစွာ ရှိနေသည်။

စာရေးသူက ထိုသို့အမြင်များကို တင်ပြလာတိုင်း တို့က သာသနာနဲ့တွေ့ရတယ်၊ သူတို့က သာသနာနဲ့ မတွေ့ရဘူး၊ တို့ကတော့ အားမကျပါဘူး၊ ပတိရူပဒေသဝါသ ဘာညာနဲ့ လာရောက်တုန့်ပြန်မှုကို အကြိမ်များစွာ ခံရဖူးသည်။

ဗုဒ္ဓဘာသာဖြစ်ပြီး သူခိုးဖြစ်နေသူနှင့် ဘာသာမဲ့ဖြစ်ပြီး သမ္မာအာဇီဝလုပ်ကိုင်စားသူ နှစ်ဦးမှာ ဘယ်သူက ဗုဒ္ဓဝါဒီလည်း ဆိုတာကို သိစေချင်ပါသည်။

အဖေအမေက ဗုဒ္ဓဘာသာဖြစ်လို့ ဗုဒ္ဓဘာသာဖြစ်လာရုံနှင့် ငါ ဗုဒ္ဓသာသနာနှင့် တွေ့ရတယ်၊ ကံကောင်းတယ်ဟု မထင်လိုက်ပါနှင့်။ မှတ်ပုံတင်ထဲနှင့် မိမိပတ်ဝန်းကျင်မှာ ဗုဒ္ဓဘာသာဟု ကြေညာထားရုံနှင့် ကိုယ့်ကိုကိုယ် ဗုဒ္ဓဘာသာဖြစ်နေပြီဟု မယူဆလိုက်ပါနှင့်။ ဗုဒ္ဓဘာသာဆိုတာ အပေါ်ယံပညတ်တစ်ခုမျှသာပါ။ သမ္မာအာဇီဝ စတဲ့ အကျင့်တရားများကသာ အနှစ်သာရပါ။

အကာ၊ အနှစ် ကွဲသိစေချင်သည်။ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဖြစ်တာတစ်ခုတည်းနှင့် တလွဲဂုဏ်မယူစေချင်ပါ။ အကျင့်ပျက်မှုတွေ နည်းပါးအောင်၊ ခိုးမှုတွေ နည်းအောင်၊ မုဒိမ်းမှုတွေ နည်းအောင်၊ လိမ်ညာလှည့်စားမှုတွေ လျော့ပါအောင် … ဝိုင်းဝန်းကြိုးပမ်းကြဖို့ လိုပါသည်။

တာဝန်ကိုယ်စီ ယူတတ်ကြဖို့ လိုပါသည်။ တိုင်းပြည်ကောင်းအောင်၊ တိုင်းပြည်မျက်နှာမငယ်ရအောင် စိတ်ကောင်းစေတနာကောင်းဖြင့် ကြိုးပမ်းဆောင်ရွက်သူများကိုလည်း တာဝန်သိသိ၊ ခေါင်းရှိရှိဖြင့် ဝိုင်းဝန်းကျားကန်ပေးဖို့ လိုအပ်ပါသည်။

တိုင်းပြည်မှာ အရွယ်မရောက်သေးသူ မုဒိမ်းကျင့်မှုများ ကြောက်ခမန်းလိလိ မြင့်တက်နေသည်ဟူသော သတင်းနှင့် မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည်ဟူသော ကြွေးကြော်မှုမျိုး … နှစ်ခုယဉ်တွဲနေခြင်းလောက် ရှက်စရာကောင်းတာ မရှိဟုမြင်ပါသည်။

တိုင်းပြည်တွင် ခိုးဆိုးလုယက်မှုများ၊ ရက်စက်စွာသတ်ဖြတ်နေမှုများ၊ စစ်ပွဲများ၊ အဂတိလိုက်စားမှုများ၊ အကြမ်းဖက်မှုကို အားပေးခြင်းများ … စသည်တို့ ဖြစ်ထွန်းရာအရပ်ကို ပတိရူပဒေသဝါသဟု ကြွေးကြော်ခြင်းမှာ ဝမ်းနည်းဖွယ်ပင် ကောင်းလှသည်။

အကယ်၍ မြတ်စွာဘုရားရှင်သာ သက်တော်ထင်ရှားရှိတော်မူဦးမည်ဆိုပါက “ပြုံးတော်မူလိမ့်မှာ” အသေအချာပင် ဖြစ်သည်ဟု ထင်ပါသည်။
............................
..........................
ဆက်ပါဦးမည် ....

အရှင်ကုသလသာမိ (အတည်မဲ့)
၂၄၊ ဝ၉၊ ၂ဝ၁၄

မှတ်ချက်။ ။ စာဖတ်ပရိသတ်များအနေနဲ့ ဆောင်းပါးက အပိုင်း(၃) ရောက်နေပြီ။ ရထားပေါ်ကကို မဆင်းနိုင်သေးဘူးလို့ ပြောနေတော့မှာပဲ။ ဘာပဲဖြစ်ဖြစ် ဆောင်းပါးထဲက တစ်ခုခုရနေတယ်ဆိုရင် ပြီးရော မဟုတ်လားနော် ...

Friday, October 3, 2014

စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၂)





ယခင်အပတ်မှ အဆက် ....................
..........................................................

ပထမ လူကိုယ်တိုင် သွားခဲ့သည်။ ယခု ဤဆောင်းပါးရေးခြင်းကတော့ စာရေးသူအနေဖြင့် စိတ်ကူးဖြင့် ဒုတိယအကြိမ် သွားခြင်းဟု ဆိုနိုင်သည်။ စာဖတ်သူများလည်း ဆောင်းပါးဖတ်ရင်း ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံများဖြစ်သော စကန်ဒီနေဗီယားနိုင်ငံများသို့ စာရေးသူနှင့်အတူ ပျော်ပျော်ပါးပါး သွားလိုက်ကြရအောင်ပါ။

(၅)

စနေနေ့တစ်နေ့လုံး ကလေးများအတွက် ယဉ်ကျေးလိမ္မာသင်တန်းနှင့် လူကြီးများအတွက် အဘိဓမ္မာသင်တန်းများ ပို့ချသည်။ သင်တန်းများပြီးသည်နှင့် ခရီးသွားဖို့ ပြင်ရသည်။ ခြေအိတ် ၅ စုံ၊ ဆွယ်တာ ၁ ထည်၊ သင်္ကန်းနှစ်စုံနှင့် အခြားတိုလီမိုလီအနည်းငယ်သာ ထည့်ဖြစ်သည်။

ဂျာမနီနိုင်ငံအပူချိန်နှင့်သိပ်မကွာဟု ထင်သဖြင့် ခေါင်းစွပ်များ မယူဖြစ်ခဲ့ပါ။
ရထားက ည ၁ဝ နာရီ ၁၉ မိနစ်။ ၉ နာရီခွဲကျော်သည်နှင့် ရထားဘူတာသို့ တစ်ပါးတည်း ထွက်ခဲ့သည်။ လမ်းမပေါ်တွင် ကားများလည်း ရှင်းနေသည်။ အသွေးအရောင်စုံသော လူများကတော့ ဟိုဟိုဒီဒီ သွားလာနေကြဆဲဖြစ်သည်။

ဂျာမနီ ၉ နာရီခွဲက အလင်းရောင် ရှိနေသေးသည်။ ၁ဝ မိနစ်ခန့် လမ်းလျှောက်ပြီးတော့ ဘူတာသို့ ရောက်သည်။ ညအချိန်မှာတောင် ဘူတာကြီးက ရထားများ ဝင်လိုက်ထွက်လိုက် ရှိနေသည်။

(၆)

ဖရန့်ဖွတ်မြို့ဘူတာသည် ဂျာမနီနိုင်ငံတွင် ဒုတိယမြောက် အကြီးဆုံး ရထားဘူတာကြီးဖြစ်သည်။ Departure Hall ၅ ခုနှင့် ပလက်ဖောင်းပေါင်း ၂၅ ခုကျော် ရှိသည်။ ဖရန့်ဖွတ်မြို့မှ ပြင်သစ်၊ ဘယ်ဂျီယံ၊ နယ်သာလန်၊ ဆွစ်ဇာလန်၊ ဒိန်းမတ်၊ သြစတြီးယား စသော နိုင်ငံများနှင့် ပြည်တွင်းမြို့များသို့ ပြေးဆွဲနေသော ရထားပေါင်းများစွာ၏ ဆုံရာလည်း ဖြစ်သည်။

နေ့စဉ် ရထားအစီးရေ ၁၁ဝဝ ခန့် ဝင်ထွက်နေပြီး ခရီးသည်ပေါင်း ၃၅ဝ,ဝဝဝ ခန့် သွားလာနေသည်ဟု သိရသည်။ ရွှေပြည်ကြီးသား စာရေးသူအတွက် အံ့သြစရာများပင် ဖြစ်သည်။

ရွှေပြည်ကြီးက အစည်ကားဆုံး ရန်ကုန်ဘူတာကြီးကို မျက်စိထဲ မြင်ယောင်မိသေးသည်။ ည ၉ နာရီလောက် ထွက်ရမည့်ရထားက နောက်ရက်မနက်ခင်းအထိ မထွက်နိုင်သေးလို့ စောင့်ခဲ့ရသည့်အတွေ့အကြုံများ၊ နယ်က ဘူတာလေးတွင် နာရီပေါင်းများစွာ နောက်ကျသဖြင့် အလဟဿဖြစ်ခဲ့ရသည့် စိတ်ပန်းလူပန်းအဖြစ်အပျက်များကလည်း အတွေးထဲ ရောက်ဖြစ်အောင် ရောက်လိုက်ကြသေးသည်။

ရထားအစီးရေ ၁၁ဝဝ ခန့်ဆိုသော်လည်း ၉၅ ရာခိုင်နှုန်းခန့်က အချိန်တိကျပါသည်။ အချို့အချိန်မမှန်သည့်ရထားဆိုသည်မှာလည်း ၅/၁ဝ မိနစ်ခန့်သာ ဖြစ်သည်။ ထို့ထက်ပိုနောက်ကျသည့်အဖြစ်အပျက်က နည်းပါသည်။

(၇)

စီးရမည့်ရထားက City Night Line ရထားဖြစ်သည်။ ပြင်သစ်၊ ဆွစ်ဇာလန်၊ နယ်သာလန်၊ ဒိန်းမတ် စသည့် ဥရောပနိုင်ငံများသို့ နေ့စဉ်ပြေးဆွဲနေသည့် ညရထားဖြစ်သည်။ အိပ်စင်ပါယူလျှင် ဈေးပိုသဖြင့် ထိုင်ခုံသာ ဝယ်ထားသည်။

ရထားက ဘူတာတွင် မဆိုက်သေးဖြင့် ဘူတာအတွင်း ထိုင်ခုံပေါ်တွင် ခဏထိုင်စောင့်သည်။ ဘူတာအတွင်း သန့်ရှင်းရေးသမားများမှာ အာဖရိကန်များနှင့်အရှေ့အလယ်ပိုင်းဆန်ဆန်၊ တူရကီဆန်ဆန် လူမျိုးများသာ များသည်။

ဘူတာအတွင်းရှိ အမှိုက်ပုံးများကို လှန်လှောပြီး ပုလင်းအဟောင်းများ၊ ရေဗူးခွံနှင့်အချိုရည်ဗူးအခွံများကို ရွေးယူနေသူအချို့ကိုလည်း တွေ့ရသည်။ ရွေးယူနေကြခြင်းမှာလည်း အကြောင်းရှိပါသည်။

အချို့ဗူးခွံများတွင် ဖန်းဟုခေါ်သော (Fund ကို ဆိုလိုသည်ဟု ထင်သည်) တံဆိပ်လေးများ ပါတတ်သည်။ ထိုတံဆိပ်လေးပါသောဗူးခွံကို စူပါမားကတ်အတွင်းရှိ စက်တွင် ထည့်လိုက်ပါက တစ်ဗူးကို ယူရို ၂၅ ဆင့် ပြန်ရသည်။

အမှိုက်ကောက်ရသက်သာအောင် ပြုလုပ်ထားသည့်စနစ်တစ်ခု ဖြစ်သဖြင့် သဘောကျမိသည်။ ထိုစနစ်ကြောင့် ဗူးခွံများကို ရောက်တတ်ရာရာ မစွန့်ပစ်ဘဲ အိမ်မှာစုထားလျှင် မုန့်ဖိုးတော့ ရနိုင်လေသည်။ အမှိုက်အလွန်ပေါသော စာရေးသူတို့နိုင်ငံအတွက် အတုယူစရာစနစ်တစ်ခုဟု သဘောပိုက်မိသည်။

(၈)

၁ဝ နာရီခန့်တွင် ရထားက ဘူတာတွင် လာရပ်သည်။ ရထားမထွက်ခင် အပေါ့အပါးသွားဦးမှ စိတ်ကူးမိသည့်အခါ ဘူတာရှိအိမ်သာမှာ ယူရို ၁ ကျပ် (မြန်မာငွေနှင့်ဆိုလျှင် ၁၃ဝဝ ခန့်)ဆိုသည်ကို သတိရသောကြောင့် ရထားထွက်မှ ရထားပေါ်ရောက်မှ ကိစ္စရှင်းတော့မယ်ဟု တွေးလိုက်သည်။

တစ်ခါမှ မသွားဖူးသည့်ခရီးဖြစ်သဖြင့် ရထားဆိုက်ပြီးသည်နှင့် ရထားပေါ်တက်သည်။ အတွဲနံပါတ် ၁၉၄၊ ထိုင်ခုံနံပါတ် ၆၄ ကို လိုက်ရှာသည်။ ရထားတွဲပေါ်တွင် လူ ၆ ယောက်စီပါသော အခန်းလေးများ ကန့်ထားသည်။ တူရကီဆန်ဆန်အမျိုးသားတစ်ဦးနှင့် ဥရောပအမျိုးသမီးငယ်တစ်ဦးပါသည်။ အမျိုးသားက ကိုယ့်ထိုင်ခုံပေါ် ထိုင်နေသည်။

လက်မှတ်ပြပြီး နေရာပြောင်းလိုက်သည်။
ဥရောပအမျိုးသမီးငယ်နှင့်မျက်နှာချင်းဆိုင်ထိုင်ခုံဖြစ်သည်။ နှုတ်ဆက်ဖို့ အကဲခတ်ကြည့်သောအခါ အမျိုးသားက ခေါင်းငုံ့ကာ မျက်လုံးမှေးနေသည်။

အမျိုးသမီးငယ်က စာအုပ်အထူကြီးကို ဖတ်နေသည်။ ကိုယ်လည်း အားကျမခံ စာအုပ်ဖတ်ရုံနှင့်တရားထိုင်သလို တည်ငြိမ်အေးချမ်းသွားတတ်သော စွန်းလွန်းဂူဆရာတော်ကြီးအတ္ထုပ္ပတ္တိစာအုပ်ကို အိုင်ပက်ထုတ်ပြီး ဖတ်နေလိုက်သည်။

(၉)

ရထားထွက်ခါနီးသောအခါ အဘိုးအိုတစ်ဦး တက်လာသည်။ ရှေ့ဆင့်နောက်ဆင့် အရှေ့အလယ်ပိုင်းဆန်ဆန်လူလတ်ပိုင်းတစ်ဦး ဝင်လာသည်။ စာအုပ်သာ ဆက်ဖတ်နေလိုက်သည်။

၅ မျက်နှာခန့်ဖတ်ပြီးသည့်အခါ ပျားပန်းခတ်မျှ လှုပ်ရှားသွားလာနေသော ဘူတာအတွင်းရှိ ခရီးသည်များနှင့် ဝင်လိုက်ထွက်လိုက်ဖြစ်နေသော ရထားများဖြင့် ရှုပ်ယှက်ခတ်နေသော ပြင်ပလောကကို ငေးကြည့်နေဖြစ်သည်။

၁ဝ နာရီ ၁၉ မိနစ်အတိတွင် ရထားစထွက်သည်။
ရထားထွက်ပြီး ၅ မိနစ်ခန့်ကြာသောအခါ အဘိုးအိုက အခန်းမီးပိတ်ချင်တယ်။ သဘောတူလားဟု မေးသည်။ အားလုံးသဘောတူလိုက်သည်။ အခန်းတွင်းမှာ တစ်ဦးနှင့်တစ်ဦး မြင်နိုင်ရုံ အလင်းမှိန်မှိန်လေးသာ ရှိတော့သည်။

မီးပိတ်ပြီးသည်နှင့် အဘိုးအိုနှင့်အာရပ်ဖြစ်ဟန်တူသူတို့ ခေါင်းငိုက်စိုက်ချကာ အိပ်ကြသည်။ အခြားတစ်ဦးက တောင်ကြည့်မြောက်ကြည့် ကြည့်နေသည်။

အမျိုးသမီးက တံခါးအပြင်ကို မိမိလိုပင် ငေးနေသည်။
အတန်ကြာသောအခါ အပြင်ခဏသွားချင်တယ်၊ သူ့ပစ္စည်းများကို ခဏကြည့်ထားပေးပါဟုဆိုပြီး အမျိုးသမီးအပြင်ထွက်သွားသည်။

ခဏကြာသောအခါ ပြန်ရောက်လာပြီး ကျေးဇူးတင်ကြောင်း ပြောသည်။ ထိုမှစကာ မိတ်ဆက်ဖြစ်သည်။ ကိုယ့်နိုင်ငံအမည်ကို မနည်းပြောယူရသည်။ နီးယားထိုင်းလန်းဆိုမှ နည်းနည်းကြားဖူးတယ်ဟု ဆိုသည်။ “ဟဲ ဟဲ ကိုယ့်ကိုယ်ကိုတော့ မြန်မာဆိုတာ ကမ္ဘာမှာ ဘယ်လိုကွ၊ တို့မြန်မာဆိုတာ ကမ္ဘာမှာ ဘယ်ဂုဏ်ယူစရာကွ”နဲ့ ထင်လာလိုက်တာ ဥရောပရောက်မှ ကိုယ့်နိုင်ငံကို မသိသူများ မြောက်မြားစွာရှိနေပါလားဆိုသည်ကို သိရသည်။ ရောက်စက “မြန်မာ”ဆိုတာကို မသိဘူးဟု ပြောလာလျှင် “ဒီလူ အတော်ဗဟုသုတနည်းတာပဲ”ဟု ယူဆမိသည်။ ယခုတော့ ရိုးသွားပါပြီလေ။

(၁ဝ)

ရထားအပြင်မှာ မီးရောင်မှိန်မှိန်လေးများကို ရိပ်ခနဲရိပ်ခနဲ ဖြတ်သန်းနေသည်။ အလင်းမကွဲသေးသော ကောင်းကင်ယံတွင် တိမ်လိပ်အချို့ကိုလည်း တွေ့ရသည်။ ညအချိန်ဖြစ်လို့ တိမ်များက အမည်းရောင် အနည်းငယ်သန်းနေသည်။

မီးရောင်တဖျက်ဖျက်နှင့်ဥဒဟိုပြေးသွားနေသော လေယာဉ်များက စာပေထဲမှ ဈာန်ရ ရသေ့၊ ရဟန်းများ တန်ခိုးပြပြီး ဈာန်ပျံနေသလို ထင်ရသည်။ စိတ်က တစ်ချက်တစ်ချက် တိမ်ကြိုတိမ်ကြားတိမ်လိပ်လေးများကြားကနေ အမိမြန်မာနိုင်ငံကို လှမ်းကြည့် လွမ်းဆွတ်မိသေးသည်။

ရုတ်တရက် တိမ်လိပ်ချွန်ချွန်လေးများကို တွေ့လျှင် မြန်မာပြည်မြေပုံလေးအလား စိတ်က မှန်းမိသည်။ မြန်မာပြည်က မြေပုံကိုက ခြေထောက်က တစ်ချောင်းတည်းရယ်။ ခြေထောက်တစ်ချောင်းတည်းရှိလို့ မတည်မငြိမ်ဖြစ်နေရတာများလား မြန်မာပြည်။ စိတ်ကူးထဲတွင် တနင်္သာရီဘက်သို့ ချွန်ထွက်နေသော ခြေထောက်ကြီးလိုမျိုး ဘင်္ဂလားပင်လယ်အော်ထဲမှာ ခြေထောက်ကြီးတစ်ချောင်းလောက် ထပ်တပ်ပေးလိုက်ရလျှင်တော့ မြန်မာပြည်ကြီး တည်ငြိမ်သွားမလား။

အတွေးများက ရထားတွဲကြီးလို အမျှင်မပြတ် တရစပ်ပြေးလွှားနေသည်။

ပြဿနာပေါင်း သောင်းခြောက်ထောင်နှင့် နလန်မထူနိုင်သော နာတာရှည်ရောဂါသည်ကြီးလို ဖြစ်နေသော အမိမြန်မာကို တွေးမိတိုင်း ရင်ထဲမှာ ဗလောင်ဆူရသည်။ အတွေးထဲက ထွက်ပြီး စိတ်က ပစ္စုပ္ပန်မှာတည်လာတော့ ရထားတွဲလေးထဲ အတူခရီးသွားတွေအားလုံး ငိုက်မြည်းနေကြလေပြီ။

ရထားကြီးက သူ့အရှိန်နှင့်သူ တဂျုန်းဂျုန်း တဂျက်ဂျက် မြည်ဟီးနေသော်လည်း စာရေးသူတို့အခန်းလေးက တိတ်ဆိတ်ငြိမ်သက်လှသည်။
.........................................
............................................
ဆက်ပါဦးမည် ..................

အရှင်ကုသလသာမိ (အတည်မဲ့)
၂၁၊ ဝ၉၊ ၂ဝ၁၄

Saturday, September 27, 2014

စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၁၊ နိဒါန်း)



(၁)

“ဘဝမှာ အမြဲတမ်း လုပ်ချင်တဲ့အရာဘာလဲ”ဟု မေးလာလျှင် စာဖတ်ခြင်းနှင့်ခရီးသွားခြင်းဟု ဖြေပါမည်။ အသက် ၁၅ နှစ်အရွယ် တောင်ငူမှာ နေစဉ်ကတည်းက ဘုမသိ ဘမသိဖြင့် ရန်ကုန်ကို ယောင်ချာချာခရီးထွက်ဖူးသည်။

သင်္ဃန်းကျွန်းဘက်တွင် ပြေးဆွဲသော ဘတ်စကားခ ငါးမူးခေတ်ဖြစ်သည်။ တာမွေ ဝေဠုမာရကျောင်းမှ လင်းစဒေါင်းသို့ ဘတ်စကားခ ငါးမူးသာ ပေးရသည်ကို မှတ်မိသည်။ ဘတ်စ်ကားခများ တက်သွားသည်နှင့်လမ်းများ အနည်းငယ်ပိုကောင်းလာသည်ကလွဲ၍ အပြောင်းအလဲ မရှိ။ ငယ်ငယ်ကတည်းက ခရီးသွား ဇ ရှိခြင်းကို နိဒါန်းချီလိုရင်း ဖြစ်သည်။

နွေရာသီစာမေးပွဲဖြေပြီးလို့ ကျောင်းပိတ်သည်နှင့် အမေဆီသို့ တန်းတန်းမတ်မတ် ဘယ်တော့မှ မပြန်။ အဖော်ကောင်းရာဆီသို့ ဟိုရွာဒီရွာ ခရီးထွက်တတ်သည်။ ပြီးမှ အမေ့ဆီ ပြန်သည်။ မြန်မာပြည်အောက်ပိုင်းဆိုလျှင် ကိုကိုးကျွန်းထိ သင်္ဘောကြီးစီးကာ သွားဖူးသည်။ မှတ်မှတ်ရရ ဟားခါးသင်္ဘောကြီးဖြစ်မည်ဟု ထင်သည်။ လူပေါင်း ၉ဝဝ ကျော်၊ ကားများပါ တင်ဆောင်သည့် ၃ ထပ်ခန့် သင်္ဘောကြီးဖြစ်သဖြင့် ထိုအချိန်က မမြင်ဖူးလို့ မူးကို မြစ်ထင်ခဲ့ဖူးသည်။

ထိုမှတစ်ဖန် မြန်မာပြည်အထက်ပိုင်း မေခ၊ မလိခမြစ်ဆုံသို့လည်း အဖော်များနှင့် ခရီးဆန့်ဖူးသည်။ လှပသာယာလှသော မြစ်ဆုံက ကျောက်ခဲလှလှလေးများကို တယုတယကိုင်ကြည့်ဖူးသည်။ အမှတ်တရအဖြစ် ကချင်လွယ်အိတ်အသစ်လေးထဲ ထည့်ကာ သယ်ယူခဲ့ဖူးသည်။ မြစ်ကြီးနား၊ ဟိုပင်၊ ထိုမှ သံတွဲ၊ ငပလီ၊ တောင်ကြီး၊ ဟိုပုန်း၊ ပင်းတယဝန်းကျင်၊ အင်းလေး … ခြေဆန့်ခဲ့ဖူးသည်။ ပဲခူးရိုးမတောထဲက ရွာအချို့သို့လည်း တစ်နေကုန် လမ်းလျှောက်ကာ သွားဖူးသည်။ ဤသို့ဤနှယ် ခရီးသွားရတာ ဝါသနာပါလှသည်။

(၂)

စာဖတ်ခြင်းဝါသနာကိုကား ဘယ်အချိန်က စတင် ပါလာခဲ့မှန်း ကိုယ့်ကိုယ်ကို ခြေရာကောက်မရပါ။ တစ်ခုသတိရမိသည်ကတော့ ပခုက္ကူဦးအုံးဖေအကြောင်း သတင်းစာမှာ ပါလာသည်ဟု ထင်သည်။ သူ့ဘဝအကြောင်း အတိုအစမှာ စာဖတ်ဖို့အကြောင်း တိုက်တွန်းထားသည်ဟု ထင်သည်။ သူက ငယ်ငယ်က အလွန်ဆိုးသည်။ အရက်သောက်၊ ဖဲရိုက် မတော်တရော်များ အတော်လုပ်သည်ဟု ဆိုသည်။ ထိုသို့ဆိုးရင်းတေရင်း ချစ်ကွဲညားဝတ္ထုများ ဖတ်သည်။ ထိုသို့ဖတ်ရာတဖြည်းဖြည်း အဆင့်မြင့်စာပေများ ဖတ်တတ်လာသည်။ ထိုမှတစ်ဆင့် သူ့ဘဝ၊ သူ့အတွေးအခေါ်များ ပြောင်းလဲသွားသည်ဟု ဆိုသည်။

ထိုလွှမ်းမိုးမှုလေးကိုတော့ အနည်းငယ် အမှတ်ရနေသည်။ သတင်းစာ၊ ဂျာနယ်များကို မကြာခဏ ဝယ်ခိုင်းတတ်သော ငယ်ငယ်က ဆရာသမားကြောင့်လည်း ဖြစ်ပုံရသည်။

ပထမတော့ အားကစားဂျာနယ်များ မပြတ်ဖတ်ဖြစ်သည်။ ထိုစဉ်က အင်အားဂျာနယ်နှင့်တံခွန်ဂျာနယ်သာ အထင်ကရရှိသည်ဟု ထင်သည်။ ချစ်စံဝင်း၊ ချစ်နိုင်(စိတ်ပညာ)၊ ဖေမြင့်၊ ဆရာတော်ဦးဇောတိက၊ အရှင်ဉာဏ၊ အရှင်ဥက္ကဋ္ဌတို့၏ စာအုပ်များကို အဓိကမှတ်မိနေသည်။ တောင်ငူမြို့က 7 Store စာအုပ်ဆိုင်ဝန်ထမ်းများက စာအုပ်ကြီးများကို ပြူးတူးပြဲတဲကြည့်တတ်သော ကိုရင်ပေါက်စကို ပြုံးစစဖြင့် စနောက်ကြသည်ကိုလည်း အမှတ်ရနေသည်။

အရှင်ဉာဏနှင့်အရှင်ဥက္ကဋ္ဌတို့ စာအုပ်များကို အဘယ့်ကြောင့် ဖတ်ဖြစ်သည်ကို ဆက်စပ်စဉ်းစားမရသေးပါ။ ဖတ်သည်ဟုသာ မှတ်မိနေသည်။ ဟုတ်တိပတ်တိ ဘာမျှ နားလည်ခဲ့ဟန် မတူပါ။

ချစ်နိုင်(စိတ်ပညာ)၏ “ချစ်လို့ပြောတာ မှတ်ပါ”စာအုပ်နှင့် ဖေမြင့်၏ “မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား”စာအုပ်နှစ်အုပ်ကတော့ စာရေးသူကိုရင်ပေါက်စကို အတော်လေး စိတ်အာဟာရနှင့်စိတ်အင်အားများ ပေးခဲ့ဖူးသည်။

ယခုအချိန်အထိ ခေတ်မကုန်သေးသော စာအုပ်များလည်း ဖြစ်သည်။ ထူးဆန်းသည်မှာ အခုဖတ်ကြည့်တော့ အရသာ သိပ်မတွေ့တော့ခြင်း ဖြစ်သည်။ ထိုမှတစ်ဆင့် အသက် ၂ဝ ဝန်းကျင်ရောက်သည့်အခါ အရှေ့က နေဝန်းထွက်သည့်ပမာ စသည့် သိန်းဖေမြင့်၏စာအုပ်များ၊ မြသန်းစံ၊ မောင်ပေါ်ထွန်း၊ မောင်ထွန်းသူ၊ မြသန်းတင့်၊ နတ်နွယ်၊ ထင်လင်း၊ မောင်ဝံသ၊ ရွှေဥဒေါင်း … စသဖြင့် ဖတ်ဖြစ်လာခဲ့သည်။

စာဖတ်ဝါသနာကိစ္စ ဤမျှနှင့် ရပ်ပါရစေ။ ပြောလိုရင်းမှာ စာဖတ်ဝါသနာနှင့် ခရီးသွားရခြင်း၌ မွေ့လျော်တတ်သော စာရေးသူ၏ ဗီဇကို ဖော်ပြလိုရင်း ဖြစ်ပါသည်။

(၃)

၂ဝ၁၄ ခုနှစ်၊ သြဂုတ်လ၊ ၁ ရက်နေ့တွင် ရွှေညဝါဆရာတော် ဂျာမနီနိုင်ငံ ဖရန့်ဖွတ်မြို့သို့ ကြွရောက်လာခဲ့သည်။ ဂျာမနီမှ ကားငှါးကာ ဥရောပတစ်ခွင် ခရီးလှည့်လည်မည်ဟု ဆိုသည်။ စာရေးသူ၏ ဝါသနာဗီဇက နိုးကြွလာသည်။ “စိတ်လှုပ်ရှားစရာခရီးစဉ်ကြီးကို လိုက်ပါချင်လိုက်တာ”။ ဆွစ်ဇာလန်၊ အီတလီ၊ ပြင်သစ်၊ နယ်သာလန်၊ ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင် … ကိုယ်ရောက်ဖူးချင်သည့်နေရာများ။ ကိုယ်အစီအစဉ်ဖြင့်ကိုယ်သွားရလျှင်လည်း လမ်းစရိတ်မတတ်နိုင်သည့်ခရီးစဉ်။

(၄)

စာရေးသူအတွက် ကံဆိုးချင်တော့ ရွှေညဝါဆရာတော်ခရီးစဉ်ကို ကြိုတင်မသိရခြင်း ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင် ဆရာတော်ခရီးလှည့်လည်မည့်အချိန်နှင့် အချိန်ကိုက် ဒုလ္လဘကိုရင် ၃ ပါး လက်ခံထားခြင်း၊ ကလေးငယ်များအတွက် ယဉ်ကျေးလိမ္မာသင်တန်းနှင့် လူကြီးများအတွက် အဘိဓမ္မာသင်တန်း ရှိနေခြင်းဖြစ်သည်။ ကိုရင်လေးများ ခဏဝတ်သည့်အခိုက် အတူတူနေပြီး သင်သင့်သည်များကို သင်ပေးလိုသည်။

နိုင်ငံရပ်ခြားတွင် ကိုရင်ဝတ်ဖို့ကလည်း ကျောင်းနှင့်ကန်နှင့်မဖြစ်သေးသည့်အတွက် အလွန်တရာ မလွယ်ကူပါ။ မိဘများ၏ ဖြစ်စေလိုသော ပြင်းပြသောဆန္ဒနှင့် ဗုဒ္ဓဘာသာအခြေခံများကို ကိုရင်ဝတ်မည့်သားငယ်များ သိသွားပါစေဟူသော မိမိ၏ဆန္ဒကြောင့်လည်းကောင်း ရွှေညဝါဆရာတော်နှင့်အတူလိုက်ပါလိုသည့် ဆန္ဒကို ချိုးနှိမ်ပစ်လိုက်သည်။

စာရေးသူမကြာခဏ ပြောလေ့ရှိသော စကားက ရင်ထဲမှာ ခိုင်ခိုင်မာမာရှိနေသည်။ ဒုတိယမျိုးဆက် အလွန်အရေးကြီးပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာရသော ပထမမျိုးဆက်သည် ဘာသာစကား၊ ယဉ်ကျေးမှု၊ အလုပ်အကိုင်၊ ပညာရေး၊ စားရေးသောက်ရေးတို့ အစစအရာရာ အသားကျဖို့ ခက်သည်။ မိမိနေရာဟူသော ခံစားချက်၊ မိမိတိုင်းပြည်ဟူသော တွယ်နှောင်မှုမရှိ။ အစစအရာရာ ရုန်းကန်ရသည်။ ကြိုးစားရသည်။ တနည်းအားဖြင့် မယောင်မလည်ဖြင့် ပတ်ဝန်းကျင်အသစ်မှာ သေသွားရမည့်သူက များသည်ဟု ဆိုချင်သည်။

သူတို့က မွေးဖွားလာတဲ့ ဒုတိယမျိုးဆက်ကျတော့ လုံးဝပြောင်းလဲသွားပြီ။ ဂျာမနီမှာမွေးသည့်ကလေးက ဂျာမနီသားလို နေတတ်လာပြီ။ ဂျာမနီသားတို့၏ အခွင့်အရေးများလည်း ရလာပြီ။ ဒေသခံတို့နှင့် တစ်သားတည်း ခံစားတတ်လာပြီ။ ဒေသခံတို့၏ ဘဝအမြင်၊ နေမှုထိုင်မှု၊ အစားအသောက်ကအစ (မတူသော်လည်း) အလွန်တရာ ကွဲပြားခြားနားလွန်းသည်ဟူသော အမြင်မျိုးမရှိတော့။ ထို့ပြင် ဘဝရပ်တည်မှုကလည်း ခိုင်မာလာကြပြီ။

ဤဒုတိယမျိုးဆက်တွင် ဘာသာရေးခိုင်မာမှု မရှိလျှင် မိမိတို့၏ လက်ရင်းလက်ငုပ် ဘာသာတရား၊ မြန်မာ့အတွေးအခေါ်၊ ယဉ်ကျေးမှု စသည်တို့ ပျောက်ကွယ်သွားမည်။ မြန်မာစိတ်၊ ဘာသာချစ်စိတ်ကင်းမဲ့သွားသော မျိုးဆက်ဖြစ်သွားလျှင် ဗုဒ္ဓဘာသာ၊ မြန်မာ့ယဉ်ကျေးမှုအတွက် အားကိုး၍ ရနိုင်တော့မည် မဟုတ်ပေ။ ဒုတိယမျိုးဆက်တွင် ဘာသာချစ်စိတ်၊ မြန်မာ့ယဉ်ကျေးမှုအပေါ် တန်ဖိုးထားစိတ်များ ကိန်းဝပ်နေသေးလျှင် ဤနိုင်ငံတွင် ဗုဒ္ဓဘာသာ ထွန်းကားတိုးတက်ဖို့ အလားအလာ များစွာရှိသည်။ ထို့ကြောင့် ကိုရင်လေးများနှင့် ကလေးငယ်များကို မိမိစွမ်းနိုင်သလောက် ဘာသာရေးအသိစိတ်ဓာတ်များ ပေးဝေငှလိုသည်။ အလွန်တရာ အရေးကြီးသည်ဟုလည်း ယုံကြည်သည်။

(၄)

ရွှေညဝါဆရာတော်၊ တပည့်ဦးသူရိယ၊ အမေရိကန်မှ ရောက်လာသည့် ကိုမောင်မောင်သိန်းနှင့် ဇနီးမစန္ဒာတို့ကား ဆွစ်ဇာလန်သို့ စတင်ထွက်ခွါသွားလေပြီ။ ကိုမောင်မောင်သိန်း ခေါ် ကပ္ပိယထိပ်ပြောင်သည် ကားမောင်းအလွန်ကျွမ်းကျင်သည်။ အင်တာနေရှင်နယ်လိုင်စင်ရှိထားသဖြင့် ဂျာမနီမှ ကားတစ်စီး ငှါးသည်။ ကိုယ်တိုင်မောင်းသည်။ ဆွစ်ဇာလန်၊ အီတလီ၊ ပြင်သစ်၊ နယ်သာလန် တစ်နိုင်ငံပြီးတစ်နိုင်ငံ၊ တစ်မြို့ပြီးတစ်မြို့ ခရီးနှင်နေကြသည်။ ဓာတ်ပုံများကြည့်ပြီး အားကျနေခဲ့သည်။ ရွှေညဝါဆရာတော်တို့ နယ်သာလန်ရောက်သည့်အခါ ကိုရင်သုံးပါးလည်း လူထွက်သွားပြီ။

သြဂုတ်လ ၁၅ ရက်နေ့ဆို ဒိန်းမတ်နိုင်ငံသို့ ရောက်မည်ဟု ဆိုသည်။ ယဉ်ကျေးလိမ္မာသင်တန်းလည်း မပျက်ရအောင်၊ အဘိဓမ္မာသင်တန်းလည်း မပျက်ရအောင် အကြံတစ်ခု ရသည်။ ၁၇ ရက်နေ့ တနင်္ဂနွေနေ့သင်တန်းများကို စနေနေ့သို့ ရွှေ့လိုက်မည်။ စနေနေ့ည ရထားဖြင့် ဒိန်းမတ်နိုင်ငံသို့ လိုက်မည်။

ခရီးက လကုန်မှ ရောက်မည်ဖြစ်သဖြင့် သင်တန်းများ တစ်ပတ်ရပ်နားမည်။ ရွှေညဝါဆရာတော်နှင့်အခြားကြိုတင်အသိပေးသင့်သူများကို အသိပေးပြီး ဆုံးဖြတ်လိုက်သည်။ ဒိန်းမတ်က ကိုစိုးစိုးမောင်ကလည်း ရထားဘူတာတွင် လာကြိုမည်ဟု ပြောသည်။

၁၅ ရက်နေ့မှာပဲ ရထားလက်မှတ်ဖြတ်လိုက်သည်။ အမှန်တကယ်ပင် စိတ်လှုပ်ရှားပါသည်။ ၁၆ ရက်နေ့ ည ၁ဝ နာရီမှ စတင်ထွက်ခွါပြီး ဒိန်းမတ်နိုင်ငံ၊ အော့လ်ဘော့မြို့သို့ ၁၇ ရက်နေ့ နေ့လည် ၂ နာရီခန့်မှ ရောက်မည့်ခရီးစဉ်ဖြစ်သည်။

ငယ်စဉ် သိတတ်စအရွယ်ကတည်းက ဥရောပယဉ်ကျေးမှု၊ ဥရောပယဉ်ကျေးမှုဟု မြန်မာတွေ နှာခေါင်းရှုံ့ကြသည်။ ဥရောပယဉ်ကျေးမှုများ မလွှမ်းမိုးလာအောင်ဆိုသောစကားကို ယနေ့အချိန်အထိ တွင်တွင်ကြီး သုံးနေကြဆဲဖြစ်သည်။

မြန်မာတို့ နှုတ်ဖျားမှာ ဥရောပသည် နဂ္ဂတစ်ပြကွက်များသာ ကဲနေသည်။ တကယ်ပင် ဥရောပယဉ်ကျေးမှုသည် နဂ္ဂတစ်ဆန်နေပါသလော၊ မြန်မာ့လူ့ဘောင်အတွက် အန္တရာယ်ထူပြောလှသော ဆန့်ကျင်ဘက် ယဉ်ကျေးမှုဖြစ်နေပါသလော၊ မြန်မာ့လူ့ဘောင်မှာ အများပြောနေသလို ကြောက်မက်ဖွယ် ယဉ်ကျေးမှုကြီး ဖြစ်နေပါသလော။

ဤခရီးသွားဆောင်းပါးတွင် တွေ့မြင်လာရသော မြင်ကွင်းများ၊ လူပုဂ္ဂိုလ်များ၊ သိရှိလိုက်ရသော အသိအမြင် ဗဟုသုတများ၊ တွေ့ကြုံခံစားလိုက်ရသော ရသစုံလင်နေသောခံစားချက်များ … စသည်တို့ကို စာရေးသူစွမ်းနိုင်သလောက် ဖော်ပြလိုပါသည်။ မျှဝေစိတ်ဖြင့် ရိုးသားစွာ တင်ပြရန်သာ ဆန္ဒရှိပါသည်။ ပထမ လူကိုယ်တိုင် သွားခဲ့သည်။ ယခု ဤဆောင်းပါးရေးခြင်းကတော့ စာရေးသူအနေဖြင့် စိတ်ကူးဖြင့် ဒုတိယအကြိမ် သွားခြင်းဟု ဆိုနိုင်သည်။

စာဖတ်သူများလည်း ဆောင်းပါးဖတ်ရင်း ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံများဖြစ်သော စကန်ဒီနေဗီယားနိုင်ငံများသို့ စာရေးသူနှင့်အတူ ပျော်ပျော်ပါးပါး သွားလိုက်ကြရအောင်ပါ။
....................................
....................................
ဆက်ပါဦးမည် .....

အရှင်ကုသလသာမိ (အတည်မဲ့)
၁၉၊ ဝ၉၊ ၂ဝ၁၄

စာရေးသူ၏ ကိုယ်ရေးအကျဉ်း




အရှင်ကုသလသာမိ(အတည်မဲ့)ကို ၁၉၈၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၇ ရက်နေ့တွင် အဖ ဦးအောင်၊ အမိ ဒေါ်ဝင်းကြည်တို့မှ မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ဃဲကြီးကျေးရွာတွင် ဖွားမြင်ခဲ့ပါသည်။ 

၁၉၉၅ ခုနှစ်မှ ၂ဝဝ၁ ခုနှစ်အတွင်း တောင်ငူမြို့၊ ဝိသုဒ္ဓါရုံမြို့ထောင့်ကျောင်းတိုက်၊ အုတ်တွင်းမြို့၊ ကန်ကလေးတောရကျောင်း၊ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဗြဟ္မနိမ္မိတာရုံ စာသင်တိုက်နှင့် ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက်တို့တွင် ပညာသင်ကြားခဲ့သည်။ 

အသက်၂၁ နှစ်အရွယ်တွင် ကျောက်ပန်းတောင်းမြို့၊ ရွှေလရောင်ကုလားပဲခွဲစက်၊ ဒေါ်မြဝင်းကြည်၊ ဒေါ်စိန်လှကြည်၊ ဒေါ်သန်းသန်းအေးနှင့် ဒေါ်နုနုကြည် ညီအစ်မတစ်စုတို့၏ ပစ္စယာနုဂ္ဂဟဖြင့် ကျောက်ပန်းတောင်းမြို့၊ စိတ္တပါလဂူကျောင်းတွင် ရဟန်းဖြစ်ခဲ့သည်။

၂ဝဝ၁ ခုနှစ်မှာပင် ကမ္ဘာအေးကုန်းမြေ၊ ပရိယတ္တိ သာသနာ့တက္ကသိုလ်သို့ တက်ရောက်ခွင့်ရပြီး ၂ဝဝ၇ ခုနှစ်အထိ B.A (Buddhism) နှင့် M.A (Buddhism) အတန်းများတွင် တက်ရောက်ပညာသင်ကြားခဲ့သည်။ 

သာသနာ့တက္ကသိုလ် တက်ရောက်စဉ်အတွင်း ပထမနှစ် First Semester နှင့် Second Semester နှစ်ခုလုံး၌ ဘာသာစုံဂုဏ်ထူးဖြင့် ပထမဆု၊ ဒုတိယနှစ်တွင် First Semester ၌ ဘာသာစုံဂုဏ်ထူး၊ Second Semester ၌ ၅ ဘာသာဂုဏ်ထူးဖြင့် ပထမဆု၊ တတိယနှစ်တွင် First Semester ၌ ဘာသာစုံဂုဏ်ထူး၊ Second Semester ၌ ၅ ဘာသာဂုဏ်ထူးဖြင့် တတိယဆု၊ စတုတ္ထနှစ်တွင် First Semester ၌ ၅ ဘာသာဂုဏ်ထူး၊ Second Semester ၌ ဘာသာစုံဂုဏ်ထူးဖြင့် ပထမဆုတို့ကို ဆွတ်ခူးရရှိခဲ့သည်။ လေးနှစ်တာကာလအတွင်း အင်္ဂလိပ်ဘာသာထူးချွန်ဆု၊ ပါဠိဘာသာထူးချွန်ဆုများကိုလည်း ဆွတ်ခူးရရှိခဲ့သည်။

၂ဝဝ၃ ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ ကြီးမှူးကျင်းပသော စာချတန်းစာမေးပွဲကို အောင်မြင်သဖြင့် သာသနဓဇဓမ္မာစရိယဘွဲ့ကို ရရှိခဲ့သည်။ ၂ဝဝ၈ ခုနှစ်တွင် သီရိလင်္ကာနိုင်ငံသို့ ထွက်ခွါပြီးနောက်ပိုင်း www.ashinkusala.com ကို ဖွင့်လှစ်ကာ သမထဝိပဿနာတရားအားထုတ်နည်းများ၊ အတွေးအမြင်ဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများ၊ ခရီးသွားအတွေ့အကြုံဆာင်းပါးများနှင့် ဝတ္ထုများကို ရေးသားခဲ့သည်။ www.facebook.com/Kusalasami နှင့် www.facebook.com/ashinkusalasami တို့တွင်လည်း ဖြန့်ဝေရေးသားလျှက် ရှိသည်။

သီရိလင်္ကာနိုင်ငံတွင် ပညာသင်ကြားစဉ်အတွင်း လင်္ကာတမန်မဂ္ဂဇင်း၌ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ၂ဝဝ၈ ခုနှစ်တွင် ကိုလံဘိုမြို့၊ ကေလနိယတက္ကသိုလ်မှ မဟာဝိဇ္ဇာ(M.A)ဘွဲ့ကို ရရှိခဲ့သည်။ ၂ဝ၁ဝ ခုနှစ်တွင် မလေးရှားနိုင်ငံ၊ ပီနန်မြို့၊ မဟာဓမ္မိကာရာမတရုတ်မြန်မာဗုဒ္ဓဘာသာကျောင်းတွင် သာသနာပြုတာဝန်များ ထမ်းဆောင်ခဲ့သည်။ 

ယင်းကျောင်းတော်ကြီးအတွင်း ခန့်ငြားထည်ဝါလှသော ရွှေစေတီကျောင်းတော်ကြီး (Golden Pagoda Bell Tower) အကောင်အထည်ပေါ်ပေါက်လာရေးအတွက် ပီနန်ဆရာတော်ဘုရားကြီး၏ ဦးဆောင်ညွှန်ကြားမှုနှင့်အတူ ဖွင့်ပွဲကျင်းပပြီးသည်အထိ ပါဝင်ဆောင်ရွက်ပေးခဲ့သည်။

၂ဝ၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်ရောက်ခဲ့သည်။ ၂ဝ၁၂/၂ဝ၁၃ ခုနှစ်တွင် မြန်မာနိုင်ငံအနှံ့အပြား တနင်္ဂနွေနေ့တိုင်း စနစ်တကျ ဖွင့်လှစ်သင်ကြားသည့် ဓမ္မစကူးလ်များ ပေါ်ပေါက်ရေးအတွက် ရည်ရွယ်ဖွဲ့စည်းထားသော ဓမ္မစကူးလ်ဖောင်ဒေးရှင်း၌ အတွင်းရေးမှူးတာဝန်ဖြင့် ကြိုးစားပါဝင်ဆောင်ရွက်ခဲ့သည်။

စာပေမှတ်တိုင်အနေအားဖြင့် မြေဇင်းကမ္မဋ္ဌာန်းအားထုတ်နည်း (အရှင်ကုသလသာမိ - ပျော်ဘွယ်)၊ အကြင်နာမဲ့တဲ့ဘုန်းကြီး (အတည်မဲ့)၊ လုပ်ကြံမှုများကြားက ဗုဒ္ဓဘာသာ (အရှင်ကုသလသာမိ - ပျော်ဘွယ်)ဟူသော စာအုပ်(၃)အုပ်ကို နေရီရီစာအုပ်တိုက်မှ ထုတ်ဝေခဲ့ပြီး ဖြစ်သည်။ အညတြခရီးသည် စာအုပ်မှာ စာရေးသူ၏ စတုတ္ထမြောက်စာအုပ်ဖြစ်သည်။ ဂျာမနီ၊ ဒိန်းမတ်၊ ဆွီဒင်၊ နော်ဝေ၊ စပိန်၊ အီတလီ၊ ဟော်လန်၊ ပြင်သစ်၊ ဘယ်ဂျီယံ၊ ဖင်လန်၊ ဆွစ်ဇာလန် စသည့် ဥရောပနိုင်ငံများသို့ အခါအားလျော်စွာ သာသနာပြုခရီးကြွရောက်ပြီး ခရီးသွားအတွေ့အကြုံဆောင်းပါးများနှင့် အခြားအတွေးအမြင်ဆောင်းပါးများကိုလည်း ဆက်လက်ရေးသားထုတ်ဝေသွားရန် ရှိပါသည်။

၂ဝ၁၄ ခုနှစ်တွင် ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့အနီး၊ ဖရိုက်ဇင်းမြို့၊ သာရိပုတ္တအင်စတီကျုနှင့် ဗောဓိဝိဟာရတို့မှ ပင့်ဖိတ်ချက်အရ ဂျာမနီနိုင်ငံသို့ ကြွရောက်ပြီး သာရိပုတ္တအင်စတီကျုတွင် ဒါရိုက်တာအဖြစ်ဖြင့် သာသနာပြုတာဝန်များ ထမ်းဆောင်ခဲ့သည်။ ယခုအခါ ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့၊ ဓမ္မဒူတမြန်မာဗုဒ္ဓဘာသာကျောင်းတွင် သာသနာပြုတာဝန်များ ထမ်းဆောင်လျက်ရှိပါသည်။ အရှင်ကုသလသာမိ(ပျော်ဘွယ်)၊ အတည်မဲ့၊ ဆူး၊ ဝင်းကြည်အောင် ဟူသော ကလောင်အမည်များဖြင့် စာပေများ ရေးသားခဲ့ဖူးပြီး ယခုအခါ အရှင်ကုသလသာမိ(အတည်မဲ့)ဟူသော ကလောင်ဖြင့် ရေးသားလျက်ရှိသည်။

ဆရာအောင်ဇော်မိုး အမေး၊ ဦးဇင်းအဖြေ

(လွန်ခဲ့တဲ့ ၄ လလောက်က ဆရာအောင်ဇော်မိုးက အောက်ပါ မေးခွန်းလေးခုကို ဆွေးနွေးပေးဖို့ လှမ်းပို့လာတယ်။ အခု ကွန်ပြူတာထဲ ဖိုင်တွေ ရှင်းရင်း တွေ့တာနဲ့ စိတ်ဝင်စားသူတွေလည်း ဖတ်နိုင်အောင် တင်ပြလိုက်တာပါ)

၁။ ပဋိပက္ခကို ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုမလဲ

၂။ လူမူရေးပဋိပက္ခတွေက ဘယ်ကနေ လာတာလဲ

၃။ အကြမ်းဖက်မှုများကို ဘယ်လို ဖြတ်သန်းကျော်လွှားနိုင်မလဲ

၎။ ပဋိပက္ခဖြစ်သူနှစ်ဦးကြား ဘယ်လို ရင်ကြားစေ့သင့်သလဲ။

ဆရာမေးခွန်းက အဆင့်(၄)ဆင့်ရှိတယ်။ ပထမ၊ ဒုတိယနဲ့ စတုတ္ထမေးခွန်းတွေမှာ ပဋိပက္ခလို့ သုံးထားတယ်။ တတိယမေးခွန်းမှာတော့ အကြမ်းဖက်မှုလို့ သုံးထားတယ်။ အကြမ်းဖက်မှုပဋိပက္ခဆိုတဲ့ အသုံးအနှုန်းကိုပဲ သုံးနှုန်းလိုတယ်လို့ ထင်ပါတယ်။ မြန်မာစကားတွေမှာလည်း အကြမ်းဖက်မှုပဋိပက္ခတွေလို့ အမြဲပဲ တွဲသုံးကြတယ်။

အကြမ်းဖက်တယ်ဆိုတာကတော့ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ စိတ်(နာမ်)ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုပြီး နှစ်မျိုးကွဲပြားပါလိမ့်မယ်။

ရုပ်ပိုင်းဆိုင်ရာနဲ့ အကြမ်းဖက်တာကတော့ ဘာမှ ထွေထွေထူးထူး ပြောစရာ မလိုဘူး ထင်ပါတယ်။

စိတ်(နာမ်)ပိုင်းဆိုင်ရာအကြမ်းဖက်ကတော့ တစ်ခါတစ်ရံ သိမ်မွေ့ပါတယ်။ ဒီတော့ အကြမ်းဖက်မှုဆိုတာ ရုပ်ပိုင်း၊ စိတ်(နာမ်)ပိုင်းဆိုင်ရာ တစ်ခုခုကို ထိခိုက်သွားအောင်၊ နာကျင်သွားအောင်၊ ခံစားသွားရအောင် ပြုလုပ်ခြင်းကို အကြမ်းဖက်မှုလို့ အဓိပ္ပာယ်ဖွင့်ဆိုရပါလိမ့်မယ်။

ဗုဒ္ဓဘာသာရှုထောင့်အရလို့ ပြောတဲ့အတွက် ငါးပါးသီလကို ကျူးလွန်နေခြင်းဟာ (သူ့အတိုင်းအတာနဲ့သူ) အကြမ်းဖက်နေခြင်းပဲ ဖြစ်ပါတယ်။

အချို့ဘာသာတရားအရ သတ္တဝါလေးတွေကို သတ်တာဟာ ဘုရားသခင်ရဲ့ ခွင့်ပြုချက်အရဖြစ်လို့ ဘာသာရေးအရ အကြမ်းဖက်မှု မမြောက်ပေမဲ့ သြစတေးလျစတဲ့ နိုင်ငံတွေမှာတော့ ဒါလည်း အကြမ်းဖက်မှုတစ်မျိုးလို့ ဆိုကြမယ်ထင်ပါတယ်။ ဆိုတော့ အကြမ်းဖက်မှုဆိုတာ တစ်စုံတစ်ဦး သို့မဟုတ် သတ္တဝါတစ်ဦးဦးကို ရုပ်ပိုင်း သို့မဟုတ် စိတ်ပိုင်းအားဖြင့် ထိခိုက်နာကျင်ခံစားရအောင် လုပ်ဆောင်တဲ့အချက်မှန်သမျှကို အကြမ်းဖက်မှုလို့ အဓိပ္ပာယ်ဖွင့်ဆိုရပါလိမ့်မယ်။

ပဋိပက္ခဆိုတာကတော့ ပါဠိစကားလုံးပါ။ အင်္ဂလိပ်လိုတော့ Conflict လို့ ဆိုတယ်။ မြန်မာလိုတော့ ဆန့်ကျင်ဘက် သို့မဟုတ် ဆန့်ကျင်ဘက်နှစ်ခု ထိပ်တိုက်တိုးတာပေါ့လေ။ ဆန့်ကျင်ဘက်နှစ်ခု ထိပ်တိုက်တိုးမှတော့ အကြမ်းဖက်မှုဆိုတာ ဖြစ်လာပြီပေါ့လေ။ ဒါကြောင့် မြန်မာတွေက အကြမ်းဖက်မှုပဋိပက္ခတွေလို့ တွဲသုံးလိုက်ကြတာဖြစ်မယ်။ ဒါကတော့ အဓိပ္ပာယ်ဖွင့်ဆိုချက်ပေါ့။

(၂) အချက်က အကြမ်းဖက်မှုပဋိပက္ခတွေ ဘယ်လို ဖြစ်ပေါ်လာတာလဲ။ ဗုဒ္ဓဘာသာရှုထောင့်က ပြောရမယ်ပေါ့လေ။ ဗုဒ္ဓဘာသာရှုထောင့်အရလို့ ဆိုလေတော့ လေထိုးကြီးရိုးရိုးပဲဆိုဆို လူတွေရဲ့ ရင်ထဲမှာ ဖြစ်တည်နေတဲ့ လောဘ၊ ဒေါသ၊ မောဟတရားကနေ အခြေခံပြီး ဖြစ်ပေါ်လာတယ်လို့ ဆိုရမှာပါ။

လူတွေမှာ နေရာဒေသအရ၊ ယုံကြည်ကိုးကွယ်မှုအရ၊ အစဉ်အလာယဉ်ကျေးမှုအရ လက်ခံယုံကြည်ပြီး ကျင့်သုံးနေကြတဲ့အရာတွေ၊ စွဲကိုင်လာတဲ့အရာတွေ ရှိတယ်။ အဲဒါတွေအပေါ်မှာ လောဘ၊ ဒေါသ၊ မောဟတရားတွေနဲ့ စွဲမြဲတည်းနှောင်ထားတယ်။ ငါတို့ဟာမှ ငါတို့ဟာ၊ ငါ့ဟာမှ ငါ၊ ငါ့အတွေးမှ ငါ့အတွေး၊ ငါ့ဘာသာမှ ငါ့ဘာသာ၊ ငါ့လူမျိုးမှ ငါ့လူမျိုး … စတဲ့ လောဘအခြေခံကနေ ငါ့ရဲ့ ….၊ ငါတို့ရဲ့ …. ကို အခြားတစ်နေရာက မတူညီတဲ့အရာတစ်ခုက ထိခိုက်လာရင် ဒေါသတရားတွေ ပေါ်လာတာပဲ။

ဒါတွေကို ဖြစ်ပေါ်လာအောင် အခြေခံတာ သို့မဟုတ် အဖြေမရအောင် ပိတ်လှောင်ထားတာက မောဟတရားပဲ။
တစ်နည်းပြောရရင်တော့ ဒုစရိုက်တရား(၁ဝ)ပါးလို့ ဆိုရမယ်။

သူ့အသတ်သတ်တာ စတဲ့ ကိုယ်နဲ့သက်ဆိုင်တဲ့ မကောင်းမှု၊ လိမ်ညာပြောဆိုတာ စတဲ့ နှုတ်နဲ့သက်ဆိုင်တဲ့မကောင်းမှု၊ သူတစ်ပါးပစ္စည်းဥစ္စာကို မတရားကြံစည်မှုစတဲ့ စိတ်နဲ့သက်ဆိုင်တဲ့မကောင်းမှု ဒါတွေကို ကျူးလွန်တာဟာ အကြမ်းဖက်မှုပဋိပက္ခတွေရဲ့ အကြောင်းတရားပဲ။ ဒါတွေကို ကျူးလွန်ဖို့ အဆင်သင့်ဖြစ်နေသူတွေရဲ့ ရင်ထဲကနေ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာတာလို့ ဆိုနိုင်ပါတယ်။

(၃) အချက်ဖြစ်တဲ့ ဒီအကြမ်းဖက်မှုပဋိပက္ခတွေကို ဘယ်လို ဖြတ်သန်းကျော်လွှားနိုင်မလဲဆိုတာကတော့ နံပါတ်(၂)အချက်နဲ့ ဆက်စပ်နေပါတယ်။ လောဘ၊ ဒေါသ၊ မောဟတရားတွေကို အမြစ်ပြတ်မဟုတ်ရင်တောင် ဒါတွေကို ကိုယ်ထိလက်ရောက်လွန်ကျူးတဲ့အဆင့်အထိ မရောက်အောင် သီလ၊ သမာဓိ၊ ပညာနဲ့ ထိန်းသွားဖို့ပါပဲ။

တစ်နည်းပြောရရင်တော့ ဒုစရိုက်တရား(၁ဝ)ပါးကို ရှောင်ရှားပြီး သုစရိုက်တရား(၁ဝ)ပါးကို ဖြည့်ကျင့်ကြဖို့ပါပဲ။ သုစရိုက်တရားတွေ ထွန်းကားလာတာနဲ့အမျှ အကြမ်းဖက်မှုတွေက လျှော့ပါးသွားမှာပါ။

သုစရိုက်တရားကို ဖြည့်ကျင့်တယ်ဆိုတာဟာ လူအချင်းချင်းကြားမှာသာမက သက်ရှိလောကတစ်ခုလုံးနဲ့ အပြန်အလှန်နားလည်ခြင်း၊ မေတ္တာထားခြင်း၊ ကိုယ်ချင်းစာခြင်း၊ တစ်ဦးကောင်းစားမှုအပေါ် တစ်ဦးက ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်း၊ တစ်နည်းပြောရရင် အခြားဘာသာတစ်ခု ကြီးပွားတိုးတက်လျှင် သူတို့နှင့်ထပ်တူ ဝမ်းမြောက်ဝမ်းသာဖြစ်ပေးခြင်း စတဲ့ မြင့်မြတ်တဲ့တရားတွေကို ဖြည့်ဆည်းတာကိုပြောတာပါ။

(၄)အချက်ဖြစ်တဲ့ ပဋိပက္ခဖြစ်သူနှစ်ဦးကြားမှာ ဘယ်လို ရင်ကြားစေ့ပေးနိုင်မလဲဆိုတာကတော့ တစ်ဦးဦးက ပဋိပက္ခဖြစ်နေသူနှစ်ဦးကို ရင်ကြားစေ့ပေးနိုင်မယ့်နည်းလမ်းကို ရှာတဲ့သဘောလို့ ယူဆရတယ်။

ဒါကတော့ အဲဒီပဋိပက္ခဖြစ်နေသူနှစ်ဦးက ဘယ်လို အကြောင်းအရာအပေါ်မှာ မူတည်ပြီး ပဋိပက္ခဖြစ်သလဲဆိုတာနဲ့ လုံးဝသက်ဆိုင်နေပါတယ်။ ဘယ်လို ရင်ကြားစေ့ပေးနိုင်မလဲဆိုတဲ့နည်းလမ်းကတော့ အဲဒီပဋိပက္ခကို သိနားလည်အောင် အရင်လုပ်ရပါလိမ့်မယ်။ ကိုယ်က ပြေလည်စေချင်ရင် သူတို့ဖြစ်နေတဲ့ပဋိပက္ခကို နားလည်အောင် ကြိုးစားဖို့က အရင်ဆုံး လုပ်ရမယ့်အလုပ်လို့ ထင်ပါတယ်။

ဖြစ်နေတဲ့ ပဋိပက္ခကို နားမလည်သေးသရွေ့ အဲဒီပဋိပက္ခကို ငြိမ်းအောင်လုပ်တာဟာ အချိန်ဖြုန်းတာပါပဲ။

ပဋိပက္ခကို နားလည်ပြီဆိုဦးတော့ ကိုယ့်မှာ ဖြည့်ဆည်းထားရမယ့် ကျွမ်းကျင်မှုတွေ၊ ဗဟုသုတတွေ၊ ပါးနပ်မှုတွေ (ဆိုင်ရာပဋိပက္ခအလျောက်) အများကြီး လိုအပ်နေဦးမှာပါ။

အရှင်ကုသလသာမိ (အတည်မဲ့)
ဝ၅၊ ဝ၉၊ ၂၀၁၄

ပေးဆပ်ခြင်းဖြင့် ဘ၀ကို တည်ဆောက်ကြသူများ


ကြာတော့ ကြာခဲ့လေပြီ။ ဘရူနိုင်း မယ်တော်ကြီးက ဒါနသီရိလင်္ကာအသင်း မဂ္ဂဇင်းအတွက် စာမူရေးပေးဖို့ ပြောခဲ့သည်။ အမှန်ဆိုရလျှင် ရေးချင်လွန်း၍သာ ရေးမည်ဟု ကတိပေးလိုက်သည်။ မည်သည့်အကြောင်းအရာကို ရေးရမည် မသိ။ ရေးစရာမရှိ၍ မဟုတ်၊ များလွန်းလို့ဟုသာ ဆိုရပေလိမ့်မည်။ ယခင်တစ်ကြိမ် ပုံနှိပ်စဉ်ကလည်း ဆောင်းပါးတစ်ပုဒ်ရေးဖူးပါသည်။ ထိုဆောင်းပါးရေးပို့စဉ်က စင်္ကာပူမယ်တော်ကြီး တည်းဖြတ်မှုကောင်းမွန်သဖြင့် ပေးချင်သည့်အကြောင်းအရာများ ကျန်နေခဲ့သည်။ ယခုအကြိမ်တွင် ဘရူနိုင်းမယ်တော်ကြီးက သူကိုယ်တိုင် တည်းဖြတ်ချင်သည်ဟု ဆိုပါသည်။

သီရိလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်၊ သီလရှင်များအတွက် အလှူငွေများ စုဆောင်းခြင်းနှင့် ကိုယ်ပိုင်အလုပ်များ ရှိနေသည့်ကြားက မဂ္ဂဇင်းအတွက်ပါ ကိုယ်စားလှယ်မလွှဲ ကိုယ်တိုင်လုပ်ကိုင်လိုသော မယ်တော်ကြီးတို့၏ ၀ီရိယအစွမ်းမှာ ချီးကျူးအားကျဖွယ်ပင် ဖြစ်ပါသည်။

၂၀၀၈-ခုနှစ် စာရေးသူ သီရိလင်္ကာသို့ စာသင်ရောက်ပြီး ၄-လခန့်ကြာသောအခါ ဒါနသီရိလင်္ကာအသင်း မယ်တော်ကြီးနှစ်ဦး သီရိလင်္ကာသို့ ရောက်လာပြီး စာသင်သားသံဃာတော်များနှင့် သီလရှင်များကို ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံပြီး အလှူငွေများနှင့် အခြားစားဖွယ်သောက်ဖွယ်များကို လှူဒါန်းခဲ့ကြသည်။ မြန်မာရဟန်းတော်များ သီတင်းသုံးရာ မကုဋာရာမကျောင်းတွင် မယ်တော်ကြီးများ ရက်အနည်းငယ် နေထိုင်ခဲ့ကြသည်။

နေထိုင်စဉ်ကာလအတွင်း မယ်တော်ကြီးများသည် အခန်းအောင်းမနေပါ။ ကျောင်းဆောင်အနှံ့သွားရောက်ပြီး “ဟိုဟာကတော့ ဟိုလို ဖြစ်နေတယ်၊ အမြန်ဆုံး ပြုပြင်ရမယ်၊ အရှင်ဘုရားတို့ မလုပ်ကြဘူးလား၊ ဒီရေမြောင်းတွေက ပိတ်နေတယ်၊ ဒီအဆောင်က ခြေသုတ်ခုံတွေက မကောင်းတော့ဘူး၊ အသစ်လဲပါလား၊ ကြည့်စမ်း … ဟိုဟာက ဟိုလို ဖြစ်နေပါလား၊ ဒီလိုဖြစ်နေပါလား”စသဖြင့် ရှာရှာဖွေဖွေ နှံ့နှံ့စပ်စပ် ပြောသည်။ နောက်ပြီး မယ်တော်ကြီးတို့ ကျောင်းအတွင်း ပြောနေပုံမှာ “တစ်ကျောင်းလုံး သံဃာများ ကြားစေသတည်း”ဟု အဓိဋ္ဌာန်ထားသည့်အလား အသံကျယ်ကျယ် ပြောဆိုသည်ကို တွေ့ရသည်။ မယ်တော်ကြီးများ ဤသို့ဤဖုံ ပြောနေကြသည့်ပုံသဏ္ဍာန်ကိုကြည့်၍ စာရေးသူမှာ အဝေးကကြည့်ပြီး ချစ်ခင်လေးစားနေမိခဲ့ပါသည်။ မယ်တော်ကြီးတို့၏ ဟန်ပန်အမူအရာ၊ ပြောပုံဆိုပုံများမှာ တက်လည်း တက်ကြွသည့်ဟန် ရှိသည်။ စေ့စပ်သည့်ဟန်လည်း ပေါက်သည်။
]
“သားတော်သံဃာတော်များအပေါ်တွင် ဒီထိတောင် Care လုပ်တယ်”ဟု ပြသနေသည့်သဏ္ဍာန် ရှိသည်။ ဤသည်မှာ စာရေးသူအတွက် မယ်တော်ကြီးများအား ပထမဆုံး တွေ့ဆုံဖူးခြင်း ဖြစ်သည်။ ၂၀၀၈-ခုနှစ် မယ်တော်ကြီးတို့ခရီးစဉ်အတွင်း မယ်တော်ကြီးများနှင့် ရင်းနှီးတွေ့ဆုံခြင်း မရှိခဲ့ပါ။

မယ်တော်ကြီးများ ပြန်သွားသောအခါ အခါအားလျော်စွာ မယ်တော်ကြီးများကို သတိရပါသည်။ မေတ္တာပို့ပါသည်။ မယ်တော်ကြီးများနှင့် စကားပြောလိုသော စိတ်များလည်း မကြာခဏ ဖြစ်မိခဲ့သည်။ သို့ရာတွင် အရေးကြီးကိစ္စတွေ များလှသော မယ်တော်ကြီးများကို အနှောက်အယှက်မပေးလိုသဖြင့် မိတ်ဆက်စကားပြောဆိုခြင်း မလုပ်ဖြစ်ခဲ့ပါ။

၂၀၀၉-ခုနှစ်တွင် မယ်တော်ကြီးများ သီရိလင်္ကာနိုင်ငံသို့ တစ်ခေါက် ရောက်လာခဲ့ကြပြန်သည်။ မယ်တော်ကြီးတို့ သီရိလင်္ကာရောက်သောအခါ စာရေးသူက ဒေါက်တာဇနိတ (သြစတေးလျ)၊ အခြားသံဃာလေးပါးနှင့်အတူ စိတ္တလပဗ္ဗတတောင်မှ တရားထိုင်ပြီး ပြန်လာသည့်အချိန် ဖြစ်သည်။

ဘရူနိုင်းမယ်တော်ကြီးက မြေဇင်းနည်းဖြင့် တရားအားထုတ်ဖူးရာမှ စတင်ပြီး မယ်တော်ကြီးက တွေ့ချင်သည်ဟုဆိုသောကြောင့် မယ်တော်ကြီးများနှင့် ပထမဆုံးအကြိမ် စကားပြောဖူးခဲ့သည်။ တကယ့်အထင်ကရပုဂ္ဂိုလ်ကြီးများနှင့် တရင်းတနှီး စကားပြောရသလို ကျေနပ်ခဲ့သည်။

ဆရာကြီး ဦးဂိုအင်ကာသည် ဗုဒ္ဓဂယာနှင့်အခြား မြင့်မြတ်သည့်ပုဂ္ဂိုလ်များ နေထိုင်သည့်ဝန်းကျင်သို့ သွားရောက်ပြီး သူတော်ကောင်းဓာတ်ကို ထုံကူးလေ့ရှိသည်ဟု ကြားဖူးသည်။ စာရေးသူဘ၀တစ်လျှောက်လုံးတွင် ဆရာကြီး၏ သူတော်ကောင်းဓာတ်ထုံကူးသည့် သဘောတရားကို သတိထားပြုကျင့်ခဲ့ဖူးသည်။ ထို့ကြောင့် မယ်တော်ကြီးများနှင့် စကားပြောသည့်အခါ ထိုသဘောတရားကို လက်တွေ့ကျင့်သုံးကြည့်သည်။

မယ်တော်ကြီးများသည် အရိယာသူတော်စင်များ မဟုတ်သည့်တိုင် ကူးယူထုံပွားသင့်သော အလေ့အလာ၊ အမူအကျင့်များ များစွာရှိနေသည်ဟု ခံစားရသည်။

မယ်တော်ကြီးများသည် သီရိလင်္ကာနိုင်ငံ ရောက်သည့်အခါတိုင်း စာသင်သားသံဃာတော်များ၊ သီလရှင်များကိုသာ လှူဒါန်းလေ့ရှိသည်မဟုတ်၊ အနုရာဓပူရမြို့ရှိ မြန်မာကျောင်း၊ ကန္ဒီမြို့ရှိ မြန်မာကျောင်းတို့ကိုလည်း သွားရောက်လှူဒါန်းလေ့ရှိသည်။ သို့ဖြစ်၍ မယ်တော်ကြီးများသည် နာယကဆရာတော်များနှင့်အတူ အဆိုပါ ကျောင်းများသို့ ညဥ့်အိပ်ညဥ့်နေ သွားရောက်လှူဒါန်းသည်။

ဤနှစ်အလှူခရီးစဉ်တွင် နာယကဆရာတော်တစ်ပါးဖြစ်သော ဦးအဂ္ဂ၀ံသက သူ့အစား မယ်တော်ကြီးများနှင့် လိုက်သွားပါဟုဆိုသဖြင့် အနုရာဓ၊ ကန္ဒီ ခရီးစဉ်တွင် လိုက်ပါခဲ့ရသည်။ စာရေးသူတွင် မယ်တော်ကြီးများနှင့် ပတ်သက်၍ စပ်စုလိုသည်များက များစွာပင် ရှိနေသည်။ ကားပေါ်ရောက်သောအခါ “မယ်တော်ကြီးများ ခရီးပန်းလိမ့်မည်၊ နောက်မှ စပ်စုတာကောင်းပါတယ်”ဟု တွေးနေခဲ့မိသည်။ သို့ရာတွင် စာရေးသူအထင် တက်တက်စင်အောင် လွဲပါသည်။

လမ်းခရီးတစ်လျှောက်လုံး မယ်တော်ကြီးများ၊ အထူးသဖြင့် ဘရူနိုင်းမယ်တော်ကြီးက မှတ်သားစရာ စကားများကို မနားတမ်း ပြောပါသည်။ မယ်တော်ကြီးပြောသမျှစကားများကို မမှတ်မိတော့သော်လည်း ရိုးသားပြီး မှန်မှန်ကန်ကန် ဖြောင့်ဖြောင့်မတ်မတ် ကြိုးစားဖို့နှင့် အများအကျိုးကို အားကြိုးမာန်တက် ဆောင်ရွက်ဖို့ တိုက်တွန်းချက်များကိုတော့ မှတ်မိနေပါသည်။

ကန္ဒီမြို့သို့ ရောက်သောအခါ ည ၁၀-နာရီခန့် ရှိလေပြီ။ ရောက်သည်နှင့် ဆရာတော်အား ကန်တော့ပြီး စာရေးသူတို့ လူငယ်ဦးဇင်းများက ရေးမိုးချိုးကာ အခန်းတွင်းဝင် အေးအေးသက်သာ နေခဲ့ကြသည်။ မယ်တော်ကြီးများလည်း ခရီးပန်းပြီး အိပ်ပျော်နေလောက်ပြီဟု ထင်ခဲ့သည်။ ည

၁၁-ခွဲခန့်ရောက်သောအခါ ရေသောက်လိုသဖြင့် ဆွမ်းစားခန်းသို့ သွားသောအခါ ကိုယ့်ကိုကိုယ် ရှက်မိစေသော မြင်ကွင်းကို မြင်ခဲ့ရသည်။ ထိုမြင်ကွင်းမှာ မယ်တော်ကြီးနှစ်ယောက်မှာ ဟင်းသီးဟင်းရွက်များကို ကိုင်ပြီး အလုပ်ရှုပ်နေခဲ့ကြခြင်း ဖြစ်သည်။ “လူငယ်ဖြစ်တဲ့ ငါတို့က ပင်ပန်းပြီး နှပ်နေလိုက်တာ၊ အမေအရွယ်မက အဘွားအရွယ် မယ်တော်ကြီးတွေက မနက် သားတော်တွေ စားဖို့အတွက်ဆိုပြီး ဒီအချိန်အထိ အနားယူချိန်မရ၊ ချက်ပြုတ်နေကြပါလား”ဟု တွေးမိပြီး တစ်ကိုယ်လုံး ကြက်သီးဖျန်းဖျန်း ထမိပါသည်။

စာရေးသူမှာ ယနေ့အချိန်အထိ လူငယ်များကို ဆုံးမစကားပြောကြားသည့်အခါတိုင်း၊ ဇွဲသတ္တိနှင့် အားကြိုးမာန်တက် အလုပ်လုပ်ကြဖို့ စကားပြောကြသည့်အခါတိုင်း မယ်တော်ကြီးများအကြောင်းကို အမြဲတစေ ထည့်ပြောမိခဲ့ပါသည်။ ဤသို့ဖြင့် မယ်တော်ကြီးများမှာ စာရေးသူ၏ ဇာတ်လိုက်များ ဖြစ်လာခဲ့ကြသည်။

၂၀၁၀-ခုနှစ်တွင် စာရေးသူသည် သီရိလင်္ကာမှ ထွက်ခွါခဲ့သည်။ “မယ်တော်ကြီးက ဘာဆက်လုပ်မလဲ၊ Ph. D လုပ်ရင် ထောက်ပံ့မယ်”ဟု ဆိုလာပါသည်။ စာရေးသူက “မယ်တော်ကြီး၊ ဒီအသင်းဟာ ဒါနသီရိလင်္ကာအသင်း ဖြစ်တယ်၊ ဦးဇင်းက အိန္ဒိယမှာ လုပ်မှာ၊ ဒါနအိန္ဒိယအသင်း မဟုတ်ဘူး၊ ဒါကြောင့် အလှူမခံလိုပါဘူး”ဟု စိတ်ရင်းအတိုင်း ပြောမိခဲ့သည်။ ထိုအခါ ဘရူနိုင်းမယ်တော်ကြီးမှ “မပူပါနဲ့၊ ဒါနသီရိလင်္ကာအသင်း ငွေထဲက မလှူပါဘူး၊ ကိုယ်ပိုင်ငွေထဲကနေ လှူမှာပါ”ဟု ဆိုသဖြင့် လက်ခံခဲ့သည်။ မည်သည့်အသင်းအဖွဲ့ဖြစ်ဖြစ်၊ မည်သည့်ပုဂ္ဂိုလ်ဖြစ်ဖြစ် သူ့အစဉ်အလာ၊ သူ့မူ၊ သူ့ရည်ရွယ်ချက် စသည် အသီးသီး ရှိကြပေလိမ့်မည်။ စာရေးသူအနေဖြင့် ဒါနသီရိလင်္ကာအသင်းသည် သီရိလင်္ကာရောက် မြန်မာစာသင်သားရဟန်းတော်၊ သီလရှင်များအတွက်သာ ဖြစ်နေသည်ကို မြင်လိုပါသည်။

အဖွဲ့အစည်းလိုက်ဖြစ်စေ၊ တစ်ဦးချင်းအလိုက်ဖြစ်စေ အလှူခံလာပါက စေတနာအားကောင်းသည့် မယ်တော်ကြီးများဖြစ်သဖြင့် လှူဒါန်းဖြစ်ဖို့ များပါသည်။ သို့ရာတွင် ဒါနသီရိလင်္ကာအသင်း အလှူငွေများမှ အခြားနေရာတစ်ခုခုသို့ ဒေါ်လာ ၅၀၀-လျော့သွားပါက သီရိလင်္ကာစာသင်သားများအတွက် ဒေါ်လာ ၅၀၀-လျော့နည်းသွားသည်နှင့် အတူတူ ဖြစ်သည်ဟု ထင်ပါသည်။ ထို့ကြောင့် စာရေးသူအနေဖြင့် ကိုယ်ပိုင်ပရဟိတလုပ်ငန်းများအတွက် မည်သည့်အခါကမျှ အလှူခံခြင်း မပြုခဲ့ဖူးပါ။

၂၀၁၂-ခုနှစ်တွင် ဘရူနိုင်းမယ်တော်ကြီးနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ဖို့ ဖြစ်လာခဲ့သည်။ မယ်တော်ကြီးမှာ သူ၏ ဇာတိ ညောင်လေးပင်မြို့၊ လက်ပံဘုရွာ၌ မွေးဖွားရာဒေသကို ကျေးဇူးပြန်လည် တုံ့ဆပ်သည့်အနေဖြင့် နှစ်စဉ် ၇-ရက် တရားစခန်းကျင်းပပေးနေခဲ့သည်။

စာရေးသူကလည်း သီရိလင်္ကာမှ စာသင်ပြန်လာသော သူငယ်ချင်းများနှင့်အတူ မြန်မာနိုင်ငံတွင် ဆန်းဒေးဓမ္မစကူးလ် ဖြစ်မြောက်ရေးအတွက် စွမ်းအားရှိသမျှ ပါဝင်လုပ်ဆောင်ပေးနေချိန်ဖြစ်သဖြင့် မအားမလပ်နိုင် ဖြစ်နေသည့်အချိန် ဖြစ်သည်။ သို့ရာတွင် မယ်တော်ကြီး၏ အမူအကျင့်၊ စိတ်ဓာတ်၊ သတ္တိနှင့် လေးစားအတုယူစရာ ရပ်တည်ချက်များ၊ အများအကျိုး ဆောင်ရွက်မှုများကို အနီးကပ် ဓာတ်ကူးလိုသဖြင့် မယ်တော်ကြီးနှင့်အတူ လိုက်ပါဖို့ ဆုံးဖြတ်ပြီး လိုက်ပါဖြစ်ခဲ့သည်။

မယ်တော်ကြီးမှာ အနည်းငယ် ၀ လာသည်။ အထိုင်အထတွင် ဒူးက အနည်းငယ် နာသည်ဟု ဆိုသောအခါ ၀မ်းနည်းသလိုလို သနားမိသလိုလို ခံစားခဲ့ရသည်။ သို့ရာတွင် ခဲ့သော ၃-နှစ်က သွက်လက်မှု၊ ဖျပ်လက်မှုတို့နှင့် ဘာမျှ ခြားနားသည်ဟု မထင်ခဲ့မိပေ။ “ငါတော့ အိုသွားပြီ၊ ဘာမျှ မလုပ်နိုင်တော့ဘူး”ဆိုသည့် စိတ်ဓာတ်အရိပ်အယောင်မျိုး အနည်းငယ်မျှ မတွေ့ခဲ့ရ။ ဇာတိရွာလေးသို့ ရောက်သည်နှင့် ထုံးစံအတိုင်း နှုတ်ဆက်သင့်သူများကို နှုတ်ဆက်ပြီး ဟိုစပ်စပ်ဒီစပ်စပ် လိုက်လုပ်နေသည်ကို တွေ့ရသည်။

မယ်တော်ကြီး၏ ဇာတိရွာတွင် မူလတန်းကျောင်းနှစ်ခုနှင့် သိမ် ဆောက်လုပ်လှူဒါန်းခြင်း၊ နှစ်စဉ် ငွေကြေးအကုန်အကျခံကာ တရားစခန်းများ စီစဉ်ပေးခြင်း၊ ပညာတော်သော ကျောင်းသား၊ ကျောင်းသူများကို ဆေးတက္ကသိုလ်တက်ရန် ကျောင်းစရိတ်လှူဒါန်းခြင်း စသော ပရဟိတ သို့မဟုတ် လူသားအကျိုးပြု လုပ်ငန်းများ လုပ်ဆောင်ထားသည်ကို အားကျအတုယူဖွယ် တွေ့မြင်ခဲ့ရသည်။

မယ်တော်ကြီး၏ ဇာတိရွာတွင် အသက် ၈၇-နှစ်ရှိသော်လည်း ကိုယ်ထူကိုယ်ထ လှုပ်ရှားသွားလာနိုင်ဆဲဖြစ်သော ဆရာတော်ကြီးကိုလည်း ဖူးတွေ့ခဲ့ရသည်။ မယ်တော်ကြီးနှင့် မောင်နှမတော်စပ်သည်ဟု ဆိုသည်။ ထိုဆရာတော်ကြီးကို “အသက်ရှည်အောင်၊ ကျန်းမာအောင် မည်သို့ လုပ်ဆောင်ရမလဲဘုရား”ဟု မေးလျှောက်သောအခါ ဆရာတော်ကြီးက “အသက်ရှည်ချင်ရင် သူတစ်ပါးတွေ အသက်ရှည်အောင် လုပ်ပေး၊ ကျန်းမာချင်ရင် သူတစ်ပါးတွေကို ကျန်းမာအောင် လုပ်ပေး၊ ဒီထက်ကောင်းတဲ့နည်း မရှိဘူး”ဟု မိန့်ပါသည်။

မယ်တော်ကြီး၏ ဇာတိရွာတွင် တစ်ညအိပ်ပြီး ပြန်လာခဲ့ပါသည်။ ပြန်လာခါနီးတွင် မယ်တော်ကြီးကို “မယ်တော်ကြီး ဦးဇင်းတို့ကို ဘာအကြံပေးစရာ ရှိလဲ၊ ဘာလုပ်စေချင်သလဲ”ဟု မေးခွန်းတစ်ခု မေးခဲ့သည်။ ထိုအခါ မယ်တော်ကြီးက “ဦးဇင်းမှ မဟုတ်ဘူး၊ တပည့်တော်နဲ့ ဆက်စပ်သူအားလုံးကို တပည့်တော် အမြဲတမ်း ပြောတယ်၊ နေရာအကျယ်ကြီးကို အသာထားလိုက်အုံး၊ အနည်းဆုံး ကိုယ့်ရပ်ကိုယ့်ရွာ ကောင်းစားရေးကို လုပ်ကြစေချင်တယ်၊ လူတိုင်းလူတိုင်းဟာ ကိုယ့်ဒေသကောင်းစားရေး၊ တိုးတက်ရေးကို လုပ်ဆောင်ဖို့ စိတ်ဓာတ်ရှိကြတယ်ဆိုရင် ဒေသတိုင်းဒေသတိုင်း တိုးတက်လာမှာပဲ”ဟု အကြံပြုတိုက်တွန်းခဲ့သည်။

“မယ်တော်ကြီး ပရဟိတလုပ်ငန်းတွေ လုပ်တာလည်း လုပ်ပေါ့၊ သီရိလင်္ကာသံဃာတွေအတွက် မယ်တော်ကြီး အသက်ရှည်ဖို့ လိုတယ်”ဟု ဆိုသောအခါ မယ်တော်ကြီးက “ရတယ်၊ ဘာမှ မပူနဲ့၊ တပည့်တော်က အသက်မထွက်သေးသရွေ့ အလုပ်လုပ်မှာ၊ တပည့်တော်က ရောဂါတွေ ခံစားပြီး နေရတာ မဖြစ်ချင်ဘူး။ အလုပ်လုပ်ရင်းနဲ့ပဲ ဗြုန်းဆို ဘာဝေဒနာမှ မခံစားရဘဲ သေချင်တာ”ဟု ဆိုပါသည်။

“လောကကြီးအတွက် ပေးဆပ်ခြင်းများနဲ့ ဘ၀ကို တည်ဆောက်ထားသူများပါလား”ဟု ရေရွတ်နေခဲ့မိပါသည်။

အပြန်ခရီးတွင် ဆောင်းရာသီ အအေးဓာတ်က သိသိသာသာ အေးမြနေခဲ့သည်။ နှစ်စဉ်နှစ်တိုင်း သီရိလင်္ကာစာသင်သားများအတွက် သိန်းပေါင်းထောင်ချီလှူဒါန်းနိုင်အောင် ကြိုးစားနိုင်စွမ်းသော မယ်တော်ကြီးတို့၏ ပုံရိပ်များကို စဉ်းစားမိသောအခါ ၀မ်းမြောက်ကြည်နူးမှု၊ အတုယူအားကျမှုများနှင့်အတူ ရင်ခွင်တစ်ခုလုံး လန်းဆန်းတက်ကြွနေခဲ့သည်။ “ကဲ … ဟုတ်ပြီ၊ မယ်တော်ကြီးများက တက်ကြွမှု၊ တည်ကြည်မှု၊ ရိုးသားမှု အားမာန်များဖြင့် ပရဟိတလုပ်ငန်းများကို နှစ်ပေါင်းများစွာ လုပ်ဆောင်ပေးနေခဲ့ကြပြီ၊ ငါတို့ သီရိလင်္ကာရောက်မြန်မာကျောင်းသားရဟန်းတော်၊ သီလရှင်များကရော ဘယ်လိုလဲ၊ မယ်တော်ကြီးများလို ပရဟိတလုပ်ငန်းများ လုပ်ဖူးလား၊ လုပ်နေလား၊ လုပ်ဖို့ စိတ်ကူး ရှိသလား၊ ကာလသုံးပါးထဲက တစ်ခုခုနဲ့ နီးစပ်ဖို့တော့ ကောင်းတယ်။ ကိုယ့်လူရေ … တောင်ပံခတ်ဖို့ အားယူနေတဲ့ အမိမြန်မာပြည်က မင်းကို စောင့်နေပြီ”။

မိမိကိုယ်ကိုယ် တီးတိုးပြောနေမိသော စကားလုံးများက နှလုံးသားနံရံတစ်ခုလုံးကို ပဲ့တင်ထပ်နေခဲ့လေသည်။ ဥဒဟိုပြေးလွှားနေသော ဘတ်စ်ကားကြီး၏နောက်တွင် မယ်တော်ကြီးတို့၏ ဇွဲသတ္တိအားမာန်များက အရှိန်အဟုန်ဖြင့် လိုက်ပါလာကြသည်။

အရှင်ကုသလသာမိ (အတည်မဲ့)
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails