Monday, February 25, 2013

ခေါင်းစဉ်များတဲ့ စာတစ်ပုဒ်


ဘာလိုလိုနဲ့ စာတွေ မရေးဖြစ်တာလည်း ကြာသွားတယ်။ အခုထိလည်း ဟုတ်တိပတ်တိ ဆောင်းပါးတွေ မရေးဖြစ်သေးဘူး။ တစ်ခါတစ်ရံ ရေးချင်စိတ်တွေ ပေါ်လာတတ်ပေမယ့် ပင်ပန်းတာနဲ့ မရေးဖြစ်ဘဲ အတွေးတွေ ပျောက်ပျောက်သွားတယ်။ မနက်မိုးလင်းတာနဲ့ ရုံးဝန်ထမ်းတွေလာ၊ တစ်နေ့တာ ရုံးလည်ပတ်ဖို့ စီမံပေးရတယ်။ ဆရာ၊ ဆရာမကြီးတွေ ရေးပို့လာတဲ့ စာတွေကို စီစစ်ပေးရတယ်။ အပတ်စဉ်နီးပါး ဆရာမကြီးတွေနဲ့ တွေ့ဆုံရ၊ စကားပြောရတယ်။ စိတ်ဝင်စားလို့ လာစုံစမ်းသူတွေကို ဧည့်ခံစကားပြောရ၊ ဖောင်ဒေးရှင်းအကြောင်း ပြောပြရတယ်။ အစည်းအဝေးတွေ၊ ဆွေးနွေးပွဲတွေ စီစဉ်ရတယ်။ ပါဝင်ဆွေးနွေးရတယ်။ နှစ်ပတ်လည်လာတာကို သတိထားမိတော့မှ “ငါ ဒီနှစ်ကို ဒီပုံစံလေးနဲ့ တစ်နှစ်တာလုံး ဖြတ်သန်းခဲ့တာပါလား”လို့ သတိပြုမိတော့တယ်။
ဒီနှစ်ကာလတွေဟာ ကိုယ့်အတွက်ဆိုရင် ပညာရေး လုပ်မလား။ ကိုယ်ပိုင်လုပ်ငန်းတွေ လုပ်မလား။ အောင်မြင်ကျော်ကြားမှု၊ ငွေကြေး၊ လူရိုသေရှင်ရိုသေ ဘဝနေထိုင်မှု …. အားလုံးကို ရယူနိုင်တဲ့နှစ်တစ်ခုပါ။ ဒါပေမယ့် အားလုံးကို မေ့ပျောက်ပြီး ဒီရုံးခန်းလေးမှာ ဘုတ်ဘုတ်ထိုင်ပြီး ကုန်ဆုံးလိုက်ရတယ်။ တစ်ခါတစ်ရံမှာ ကျောင်းပိုင်နေသူတွေ၊ ကျောင်းထိုင်နေသူတွေ၊ ကိုယ်ပိုင်လုပ်ငန်းတွေနဲ့ အောင်မြင်နေသူတွေ၊ ဟောရေးပြောရေးနဲ့ အောင်မြင်ကြသူတွေ …. သူတို့ကို အားကျမိပြီး ကိုယ့်မှာ ဘာပိုင်ဆိုင်မှုမှ မရှိသလို၊ ပိုင်ဆိုင်ဖို့လည်း အားမထုတ်နိုင်တဲ့ကိုယ်ဟာ အားငယ်သလို ဖြစ်ရတယ်။ ဒါပေမယ့် ရန်ကုန်လာတဲ့ မိဘတွေကိုတောင် တွေ့ဆုံဖို့ အခွင့်မပေးနိုင်တဲ့ ဒီလုပ်ငန်းက ရရှိလာတဲ့ အတွေ့အကြုံတွေက တစ်ဘဝစာ ကြည်နူးစရာတွေ ဖြစ်လာလိမ့်မယ်လို့တော့ ယုံကြည်နေဆဲပါပဲ။
ဒီစာရေးနေတာကလည်း ဘာရယ်တော့ မဟုတ်ပါဘူး။ ဒီနေ့ ဖောင်တော်ဦးဆရာတော်နဲ့ တွေ့ပြီး ဝမ်းသာမိလို့ ရေးဖြစ်သွားတာ။ ဖောင်တော်ဦးဆရာတော်နဲ့တွေ့တိုင်း အားတက်စရာတွေ ကြားရတာပါပဲ။ ဖောင်တော်ဦးဆရာတော် ရန်ကုန်ရောက်လာတယ်လို့ ကြားတာနဲ့ လုပ်ဖော်ကိုင်ဖက် ဆရာလေး ဒေါ်ကေတုမာလာ၊ ရုံးဝန်ထမ်း ခိုင်ဇင်သက်တို့နဲ့အတူ ဆရာတော်အားတဲ့အချိန်ကို ချိန်းပြီး တွေ့ကြတယ်။ တိုက်တိုက်ဆိုင်ဆိုင် စစ်ကိုင်းတိုင်း ဘ/က ဥက္ကဋ္ဌဆရာတော်၊ ဘ/ကကျောင်းတွေ တိုးတက်ရေးအတွက် ကြိုးစားနေတဲ့ တံတာဦးဆရာတော်တို့နဲ့ပါ ဆုံခွင့်ရလိုက်တယ်။ ဆရာတော့်ဆီကို သွားတဲ့ အဓိကရည်ရွယ်ချက်က ဖောင်ဒေးရှင်းရဲ့ ပြီးစီးမှုအခြေအနေတွေကို တင်ပြဖို့နဲ့ သင်ရိုးမူကြမ်းတွေကို ပြဖို့ရယ်၊ ဓမ္မစကူးလ်များ ပြန့်ပွားရေး ဆရာဖြစ်သင်တန်းအတွက် ဆရာ/ဆရာမတွေ တောင်းဖို့ရယ် …. ဒီရည်ရွယ်ချက်တွေနဲ့ သွားခဲ့တာပါ။
ဆရာတော်များနဲ့ အားရပါးရ စကားပြောခွင့် ရတယ်။ ပြီးစီးခဲ့တဲ့ သင်ရိုးမူကြမ်းတွေ၊ ပန်းချီပုံတွေကို ဆရာတွေက အားရပါးရ ချီးကျူးကြတယ်။ ဆရာဖြစ်သင်တန်းအတွက်လည်း ဆရာမတွေ အကူအညီပေးမယ်။ ဆရာတော်များက တစ်နိုင်ငံလုံး ဘ/ကကျောင်းတွေ ပြန့်ပွားစေချင်တယ်လို့ ပြောကြတယ်။
အပြန်လမ်းမှာ ….. တစ်နိုင်ငံလုံး ဘ/ကတွေ ရှိစေချင်တဲ့ ဆရာတော်တွေနဲ့ တစ်နိုင်ငံလုံး ဓမ္မစကူးလ်တွေ ရှိစေချင်တဲ့ ဓမ္မစကူးလ်ဖောင်ဒေးရှင်း ..... ရည်ရွယ်ချက်နှစ်ခုရဲ့ ပေါင်းဆုံရာဟာ တစ်နိုင်ငံလုံး ဘာသာသွေးတွေ ရဲနေတဲ့ ဗုဒ္ဓဘာသာလူ့အဖွဲ့အစည်း ဖြစ်ပေါ်စေဖို့ပါလားဆိုတာကို တွေးမိပြီး အနာဂတ်ခြေလှမ်းများအတွက် အားတက်လာခဲ့မိပါတယ်။
တကယ်တော့ ရေးချင်တဲ့ခေါင်းစဉ်တွေ အများကြီး။ ခေါင်းစဉ်အများကြီးအောက်က ပြောချင်တာအများကြီးဖြစ်လို့ ဒီစာဟာ ခေါင်းစဉ်များတဲ့ စာတစ်ပုဒ်ပါ။


No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails