စာတိုပေစ အတွေးများ


(၁)
“အမေးသည် မရှိခင် ဖြေခြင်းသည် စိတ်လောခြင်း မည်၏။ အမေးသည် ရှိလျက် မဖြေခြင်းသည် ဖုံးကွယ်ခြင်း မည်၏။ အရိပ်အကဲကို မတွေ့မြင်ဘဲ စကားဆိုခြင်းသည် ကန်းခြင်းမည်၏”။ ကွန်ဖြူးရှပ် မိန့်ကြားခဲ့တဲ့ စကားလေးပါ။ တစိမ့်စိမ့်တွေးပြီး သဘောကျနေခဲ့ပါတယ်။

(၂)
တစ်နေ့က လူငယ်လေးတစ်ယောက်၊ ပရဟိတလုပ်ငန်းတွေမှာ အလွန်ဝါသနာပါပြီး တကယ်လည်း လိုက်လုပ်နေတဲ့ လူငယ်လေး။ သူနဲ့ တွေ့ဖြစ်တယ်။ လေးစားဖွယ် လူငယ်တစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် သူက ကိုယ့်ကို တွေ့တာနဲ့ သူ့လုပ်ဆောင်ချက်လေးတွေကို ပြောပြချင်နေတယ်။ ကိုယ်ကလည်း အရေးတကြီး ကိစ္စတစ်ခုကို ညှိနှိုင်းပြောဆိုနေချိန်။ သူ ပြောတာတွေကိုလည်း နားထောင်ချင်ပါတယ်။ ဒါပေမယ့် အချိန်မရတော့ သူ့ကို ပစ်ထားသလို ဖြစ်သွားတယ်။ သူကလည်း စကားမစပ်ဘဲနဲ့ စကားဝိုင်းထဲ ဝင်ဝင်လာပြီး သူ့လုပ်ငန်းတွေကို ပြောပြတယ်။ သူ့လုပ်ဆောင်ချက်တွေ ကောင်းပေမယ့် ကိုယ်က အသိအမှတ် ပြုသင့်သလောက် မပြုလိုက်ရဘူး။ သူဟာ စိတ်လောသူ တစ်ယောက်ပဲ။ သူလိုချင်တဲ့ တုန့်ပြန်မှုကို သူ ရမသွားခဲ့ဘူး။

(၃)
အခုတစ်လော ဂျာနယ်တွေ ဖတ်ရ၊ သတင်းတွေ ကြည့်ရ၊ စိတ် မချမ်းသာဘူး။ နှစ်ကာလပေါင်းများစွာ စိတ်ကူးယဉ်ခဲ့တဲ့ ဒီမိုကရေစီ ဇာတ်လမ်းတွေလည်း စိတ်ကူးထဲကလောက် ယဉ်လို့ မကောင်းဘူး။ အရိုင်းဆန်တယ်။ ကိုယ်အားကိုးမိသူရော၊ အားမကိုးတဲ့သူများပါ ဖုံးကွယ်သူများချည်းပါတကား။ (အမေးသည် ရှိလျက် မဖြေခြင်းသည် ဖုံးကွယ်ခြင်း မည်၏)။

(၄)
“အရိပ်အကဲကို မတွေ့မြင်ဘဲ စကားဆိုခြင်းသည် ကန်းခြင်းမည်၏”တဲ့။ ကိုယ့်ဘဝအတိတ်ကို ပြန်ကြည့်တော့ ကိုယ်လည်း အကြိမ်များစွာ ကန်းခဲ့လေသည်တကား။

Comments