Thursday, November 29, 2012

ဘ၀ထဲက အမြင်၊ အမြင်ထဲက ဘဝ

(၁)
ဇင်ဆရာကြီး ဟက်ကူအင် (Hakuin)ကို အနီးအနားဝန်းကျင်က အိမ်ထောင်မပြုဘဲနေတဲ့ သူတော်စင်ကြီးတစ်ဦးလို့ ချီးကျူးထောမနာပြုကြတယ်။ စားသောက်ဆိုင်ပိုင်ရှင်ရဲ့ လှပကြော့ရှင်းတဲ့ ဂျပန်မလေးကလည်း သူ့ကျောင်းအနီးအပါးမှာ နေပါတယ်။ တစ်နေ့မှာ သူ့မိဘတွေဟာ သမီးလေးမှာ ကိုယ်ဝန်ရှိနေကြောင်း မမျှော်လင့်ဘဲ ဗြုန်းစားကြီး သိလိုက်ရတယ်။ ဒါက သူ့မိဘတွေအတွက် အလွန် ဒေါသထွက်စရာကောင်းတယ်။ ဘယ်လိုမေးမေး ဘယ်သူနဲ့ရတဲ့ ကိုယ်ဝန်ဆိုတာကို မပြောဘူး။ နောက် ခြိမ်းခြောက်မေးမြန်းကြည့်တော့မှ ဟက်ကူအင်နဲ့ ရတာပါလို့ ပြောလိုက်တယ်။
ဂျပန်မလေးမိဘတွေဟာ ဒေါသူပုန်ထပြီး ဟက်ကူအင်ဆီကို သွားခဲ့တယ်။ “သင့်ကြောင့် ကျွန်ုပ်တို့သမီး ကိုယ်ဝန်ရနေပြီ”လို့ ဆိုတော့ ဟက်ကူအင်က တစ်လုံးပဲ ပြန်ပြောတယ်။

“အော်…ဒီလိုလား”

ဒီလိုနဲ့ ကလေးလေး မွေးဖွားလာတယ်။ သူ့မိဘတွေက “ဒါ မင်းနဲ့ရတဲ့ ကလေး မင်းမွေးစား”ဆိုပြီး ဟက်ကူအင်ဆီကို ခေါ်သွားပြီး ပေးလိုက်တယ်။ ဟက်ကူအင်က ဘာစကားမှ မပြောဘဲ မွေးစားထားလိုက်တယ်။ ဒီလို လုပ်လိုက်ခြင်းကြောင့် ကလေးအဖေအဖြစ် ၀န်ခံတယ်လို့ သဘောရပြီး လူတွေက သူ့ကို မကြည်ညိုတော့ဘူး။ ဂုဏ်သတင်းတွေလည်း မှေးမှိန်သွားခဲ့တယ်။ ဒါပေမယ့် ဟက်ကူအင်ဟာ နည်းနည်းမှ စိတ်အနှောက်အယှက်မဖြစ်ဘူး။ ကလေးကို ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်ခဲ့တယ်။ အိမ်နီးချင်းအချို့ဆီကနေ နို့နဲ့ အခြားလိုအပ်တာလေးတွေ တောင်းရတယ်။

ဒီလိုနဲ့ ကာလတွေ ကြာညောင်းသွားတော့ ကလေးအမေဖြစ်တဲ့ ဂျပန်မလေးဟာ မနေနိုင်တော့ဘူး။ ဟက်ကူအင် သူ့ကြောင့် ဒီလို ဒုက္ခတွေ ခံစားနေရတာ၊ နာမည်တွေ ပျက်နေရတာကို မကြည့်ရက်တော့ဘူး။ နောင်တတွေ ရလာတယ်။ သူ့မိဘတွေကို ငါးဈေးမှာ အလုပ်လုပ်နေတဲ့ ကောင်လေးတစ်ယောက်ဟာ အဲဒီကလေးရဲ့အဖေဖြစ်ကြောင်း အဖြစ်မှန် ပြောပြလိုက်တယ်။ အဲဒီစကားကိုလည်း ကြားလိုက်ရော ဂျပန်မလေးရဲ့ မိဘနှစ်ပါးဟာ ဟက်ကူအင်ဆီကို ချက်ချင်း သွားရောက်ပြီး ခွင့်လွှတ်ဖို့ အနူးအညွတ်တောင်းပန်တယ်။ ကလေးကိုလည်း ပြန်တောင်းပါတယ်။ ဟက်ကူအင်ကလည်း လိုလိုလားလား ခွင့်ပြုပါတယ်။ စကားတော့ တစ်ခွန်းမှ မပြောပါဘူး။ ဒါပေမယ့် ကလေးကို လှမ်းပေးရင်း တစ်ခွန်းတော့ ပြောလိုက်ပါသေးတယ်။

“အော်…ဒီလိုလား”

(၂)

ဒီဇာတ်လမ်းလေးကို ကောင်မလေးတစ်ယောက်ကို ပြောပြတော့ “ဒီကောင်မ တော်တော်ဆိုးတာပဲ၊ ကိုယ့်ဟာကိုယ် ကမြင်းပြီးတော့၊ ဘုန်းကြီးတော့ သနားစရာပဲ”လို့ ပြောပါတယ်။ နောက်တစ်နေ့ကျတော့ သူက ဆက်ပြောတယ်။ “ညက အိပ်ယာဝင်တော့ ဒီဇာတ်လမ်းလေးကို မျက်စိထဲမြင်ယောင်လာတယ်၊ စိတ်ထဲမှာ ဘယ်လိုလေးမှန်း မသိဘူး၊ ဇင်ဘုန်းကြီးရဲ့ “အော်…ဒီလိုလား”ဆိုတဲ့ အသံက နားထဲမှာ ကြားယောင်လာတယ်၊ အေးချမ်းမှုတစ်ခု ကူးစက်ခံလိုက်ရသလိုပဲ”တဲ့။ တွေးတွေးလေး ပြောပြပါတယ်။

(၃)

တစ်ယောက်ကတော့ “ငါကတော့ ဒီဇာတ်လမ်းလေးကြည့်ပြီး မြတ်စွာဘုရားရှင်ကို သတိရတယ်။ စိဉ္စမာနကိုလည်း သတိရတယ်။ စိဉ္စမာနဟာ မြတ်စွာဘုရားကို နာမည်ဖျက်ချင်တော့ ညနေစောင်းပြီဆိုတာနဲ့ ဘုရားကျောင်းတော်ကို ၀င်၊ လူမသိအောင် ပြန်ထွက်၊ မနက်မိုးလင်းခါနီးကျတော့ ဘုရားကျောင်းတော်ကို ပြန်သွားပြီး ကျောင်းထဲမှာပဲ ညအိပ်ခဲ့သလိုလို လူတွေ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်၊ စာတွေမှာ သူ့ကြောင့် ဘုရား နာမည်ပျက်တယ်လို့ မရေးပေမယ့်၊ ငါကတော့ သေချာပြောနိုင်တယ်၊ အနည်းအကျဉ်းတော့ နာမည်ပျက်ခဲ့မှာပဲ၊ ဘုရားရှင်အပေါ်မှာ အကြွင်းမဲ့ယုံကြည်သူတွေကတော့ သူဒီလိုလုပ်နေတာကို ဘယ်ယုံမလဲ၊ မြတ်စွာဘုရားကို မယုံကြည်သူတွေကတော့ စိဉ္စမာနဟာ ဘုရားရှင်နဲ့ ဘာညာဘာညာ စွပ်စွဲကြမှာပဲ၊ ဒီတော့ ဘုရားရှင်လည်း အနည်းအကျဉ်းတော့ နာမည်ပျက်မှာပဲ။ ဒါပေမယ့် အဖြစ်မှန်ပေါ်တဲ့အခါကျမှ အားလုံး သဘောပေါက်သွားခဲ့ကြရတာ။

အခုလည်း ကြည့်လေ။ ဟက်ကူအင်ဟာ ဒီစိဉ္စမာနအဖြစ်မျိုးထက်ဆိုးတဲ့အဖြစ် ကြုံရတာပဲ။ ဂျပန်မလေးက စွပ်စွဲတော့လည်း မငြင်းခဲ့ဘူး။ အဲဒီလို မငြင်းလိုက်လို့ သူ နာမည်ပိုပျက်မှာလဲ သိမှာပါ။ မွေးလာတဲ့ကလေးကို လာပေးတော့လည်း မငြင်းပြန်ဘူး။ ကလေးလက်ခံလိုက်လို့ သူနာမည် ထိပါးသွားမှာ၊ ဂုဏ်သိက္ခာကျဆင်းရမှာကိုလည်း သူ သိမှာပါ။ ဒါပေမယ့် သူ ဘာမှ ဖြေရှင်းချက် မပေးဘူး။ ဒီတော့ ငါ ပြောချင်တာက အမှန်တရားလမ်းပေါ်က လူတွေဟာ ဘယ်တော့မှ ကြာရှည် ကျရှုံးမှု မဖြစ်ဘူးဆိုတာပဲ”ဟု ပြောရင်း နံရံထက်က ပြက္ခဒိန်တစ်ချပ်ကို လှမ်းငေးနေခဲ့တယ်။

(၄)

တစ်ချိန်လုံး ငြိမ်လာခဲ့တဲ့ ဘေးကသူငယ်ချင်းက စကားစဖို့ ဟန်ပြင်တယ်။ အားလုံးက သူဘာပြောမလဲဆိုတာကို စောင့်နေလိုက်တယ်။ “ငါ့ကို ကွမ်းတစ်ယာလောက် ပေးစမ်းပါ”လို့ ဆိုလိုက်တော့ ရယ်မောလိုက်ကြတယ်။ “ငါတို့က တစ်ခုခု ပြောတော့မယ် ထင်နေကြတာ”လို့ ဆိုလိုက်တော့ “အေး … ငါလည်း ပြောဖို့ စောင့်နေတာ၊ ဒါပေမယ့် မင်းတို့ ပြောနေတာတွေက ကောင်းလွန်းတော့ ငါ စကားပြတ်သွားမှာ စိုးလို့ ငြိမ်နေတာ”လို့ ဆိုတယ်။ “အေးပါကွာ… နိဒါန်းတွေ ဒီလောက်ပျိုးမနေတော့နဲ့ ပြောချင်တာ ပြောလိုက်ကွာ”လို့ အားမလို အားမရသံနဲ့ တစ်ယောက်က ဆိုတယ်။

“ငါ မြင်မိတာက ဒီလိုကွ၊ မင်းတို့ပြောနေတဲ့ ဇာတ်လမ်းလေးရယ်၊ မင်းတို့ သုံးသပ်တဲ့ စကားတွေရယ်၊ ငါ ရလိုက်တဲ့အတွေးလေးရယ်… ဒါတွေကို ပေါင်းလိုက်တော့ ငါ့ရင်ထဲမှာ စကားစုလေးနှစ်ခုက ပဲ့တင်လာထပ်တယ်။ -ဘ၀ထဲက အမြင်၊ အမြင်ထဲက ဘ၀-”
“ဟ ဆန်းလှချည်လား၊ ပြောပါအုံး”လို့ အားရပါးရအသံနဲ့ တစ်ယောက်က ၀င်ထောက်တယ်။ “ပထမဆုံး အမြင်ထဲက ဘ၀ပေါ့။ ဘ၀ဆိုတာက တိုက်ရိုက်အားဖြင့် ဇာတ်လမ်းထဲက ဇင်ဘုန်းကြီး ဟက်ကူအင်၊ ဂျပန်မလေး၊ မိဘများနဲ့ ပတ်ဝန်းကျင်လူများရဲ့ ဘ၀၊ သွယ်ဝိုက်သောအားဖြင့် လူသားအားလုံးရဲ့ ဘ၀။ အဲဒီမှာ အားပြိုင်မှုနှစ်ခုက ဟက်ကူအင်နဲ့အခြားသူများပေါ့။ နှစ်ဘက်၊ ဟက်ကူအင်ရဲ့ဘ၀ဟာ ဖြူစင်တယ်၊ မြင့်မြတ်တယ်။ ဒါပေမယ့် ဂျပန်မလေးရဲ့မိဘတွေရဲ့ အမြင်မှာတော့ ကြောင်သူတော် ကြွက်သူခိုး ဖြစ်နေတယ်။ အဲဒီတော့ ကြည့်စမ်း၊ ဘယ်လောက်တောင် ဆန့်ကျင်နေလိုက်သလဲ။ အဲဒီတော့ ငါ ကောက်ချက်ချမိတာက ငါတို့တွေကော ကိုယ့်အမြင်ကို ဟုတ်လှပြီဆိုပြီး ဘ၀င်တွေ မြင့်နေလိုက်ကြတာလေ။ တကယ်တော့ အမြင်ထဲက ဘ၀တွေဟာ အစစ်အမှန်ဖြစ်ဖို့ မသေချာဘူး။ အတွေးထဲကဘ၀တွေဟာ အဖြစ်မှန်နဲ့ ဝေးနေတတ်တယ်။ ဘာကြောင့်လဲဆိုတော့ ငါတို့ အတွေးတွေထဲကို အင်ဖော်မေးရှင်းအမှား၊ အချက်အလက်မှားတွေက တရစပ် ၀င်လာနေတယ်။ အဲဒီအမှားတွေ ရောစပ်လိုက်တဲ့ ငါတို့အမြင်၊ ငါတို့အတွေးတွေဟာ တစ်ယူသန်လာတယ်၊ တစ်ဖက်သက်ဆန်လာတယ်။ တစ်ခါ နောက်တစ်ခုက ဘ၀ထဲက အမြင်ပေါ့။ ဒါကို ငါ သဘောကျနေမိတယ်။ ငါတို့တွေ ပြောကြမယ်၊ လုပ်ကြမယ်ဆိုရင် တကယ့်ဘ၀ထဲမှာ ဖြစ်နေတဲ့ အခြေအနေအရပ်ရပ်အပေါ်မှာ အခြေခံတဲ့ အမြင်မျိုးကိုသာ အားကိုးသင့်တယ်လို့ ငါထင်တယ်။ ဘ၀ထဲက အမြင်သာ ဖြစ်သင့်တယ်လို့ ငါတွေးနေမိတာ”လို့ ပြောပါတယ်။

(၅)

စကားဝိုင်းလေး ပြီးသွားတော့ စကားလုံးလေးတစ်လုံးက သူ့ဆီမှာ တရစ်ဝဲ၀ဲ ဖြစ်နေတယ်။ “အမြင်ထဲက ဘ၀၊ ဘ၀ထဲက အမြင်”လို့ ထပ်ခါထပ်ခါ တီးတိုးရွတ်ဆိုနေမိတယ်။ “ငါလည်း ငါ့အမြင်၊ ငါ့အတွေး သက်သက်လေးနဲ့ ဖြူစင်တဲ့ အခြားသူတွေရဲ့ဘ၀ကို မှားမှားယွင်းယွင်း ဘယ်လောက်များများ ယူဆမိခဲ့သလဲ”။ ပြီးတော့ “ငါ့ဘ၀ကိုရော အမြင်မှားတွေနဲ့ မှားမှားယွင်းယွင်း ကောက်ချက်ချနေမိသူတွေ ဘယ်လောက်များများ ရှိနေနိုင်မလဲ”။ သူနှင့်လောကကြီး အပြန်အလှန် မြင်နေမိပုံကို သုံးသပ်နေမိတယ်။ အမြင်ထဲက ဘ၀ကို အာရုံမထားဘဲ ဘ၀ထဲက အမြင်တွေသာ မြင်မိအောင် ကြိုးစားရမယ်။ ဘ၀တွေကို အစစ်အမှန်အတိုင်း သိမြင်ဖို့ ဘယ်လို လုပ်မလဲလို့ စဉ်းစားကြည့်တော့ မေတ္တာတရားက ထိုးဖောက်ဝင်ရောက်နိုင်ကောင်းရဲ့လို့ အဖြေတစ်ခု ရသည့်ပမာ ခံစားလိုက်ရတယ်။

Tuesday, November 13, 2012

အနိစ္စ၊ ဒုက္ခ၊ အနတ္တ

တစ်နေ့က ရခိုင်ဒကာလေးတစ်ယောက် ပေါ်လာပြီး စကားပြောဖြစ်ကြသည်။ ပုံမှန်အားဖြင့် သူနှင့်စကားပြောတိုင်း မြေးဇင်းတောရ သမထနည်းများအကြောင်းကို ဆွေးနွေးဖြစ်သည်။ ယခုတော့ ပြောသည့်စကားများ ပြောင်းသွားသည်။ ပြောသည့်အကြောင်းအရာများက ရခိုင်အကြောင်းသာ ဖြစ်ဖြစ်နေသည်။ ကြားရသည့်သတင်းများက တစ်ခုမျှ မကောင်း။ ရင်လေးစရာချည်း ဖြစ်နေသည်။ ရခိုင်ပဋိပက္ခများကို စဉ်းစားရင်း သူ တရားလည်း အားမထုတ်ဖြစ်ဘူးဟု ဆိုသည်။ အခုတလော သူက အရာရာကို အားမရ ဖြစ်နေသည်။ 

ရခိုင်အရေးကို သူ မကြာခဏ သွားရောက်နေတတ်သော ဆရာတစ်ဦးထံ သွားရောက်ရင်ဖွင့်ကြည့်သည်။ ဆရာက “ဥပဒေအတိုင်း ဖြစ်သွားပါလိမ့်မယ်ကွာ၊ ဘာမှ ပူမနေပါနဲ့၊ ဒါတွေက ဥပဒေမစိုးမိုးလို့ ဖြစ်နေတာကွ၊ မင်းတို့ လုပ်လို့လည်း ဘာမှ မထူးဘူး၊ နိုင်ငံအုပ်ချုပ်နေတဲ့ ခေါင်းဆောင်တွေပဲ လုပ်ကြလိမ့်မယ်၊ မင်းက ကိုယ့်တရားကို အားထုတ်ပြီးနေ၊ ဥပဒေစိုးမိုးတဲ့ တစ်နေ့ကျရင် အားလုံး ပြီးသွားလိမ့်မယ်၊ တကယ်တော့ မွတ်စလင်ပဲဖြစ်ဖြစ် အတူတကွ ငြိမ်းချမ်းစွာ နေရမယ်ကွ၊ လူများစုဖြစ်ပြီးတော့ လူနည်းစုကို အနိုင်ကျင့်တာမျိုး မဖြစ်စေရဘူး၊ မင်းတို့က လူများစု”ဟု ဆုံးမလွှတ်လိုက်သည်။ သူ လေးစားရသော ဆရ်ာနှင့် ဆွေးနွေးလိုက်ကာမှ ပိုဆိုးသွားသည်။ စိုးရိပူပန်မှုက ပိုတိုးသွားခဲ့သည်။ 

သူနှင့်အလွန်ရင်းနှီးသော နိုင်ငံခြားရောက် ရဟန်းတော်တစ်ပါးကို ထိုအကြောင်းများ သွားပြောဖြစ်ပြန်သည်။ “ဘုရားဟောထားတယ် မဟုတ်လား၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတာ၊ တစ်နေ့နေ့တစ်ချိန်ချိန်တော့ ပျက်စီးရမှာပဲ၊ ဘာကိုမှ တွယ်တာမနေနဲ့၊ မင်း တရားအားထုတ်ရတာ ပျော်တယ်မဟုတ်လား၊ ငြိမ်းချမ်းတယ် မဟုတ်လား၊ မင်းကိုယ်တိုင် တရားအားထုတ်ပြီး မင်းအင်တာနက်မှာ တရားအားထုတ်တဲ့အကြောင်းလေးတွေ၊ ‘ငါသည် မုချသေရမည်၊ အချိန်ပိုင်းသာ လိုတော့သည်’လို ငြိမ်းချမ်းတဲ့ စကားလေးတွေ၊ သူတစ်ပါးကို ငြိမ်းချမ်းစေချင်ရင် ကိုယ့်ဟာကိုယ် ငြိမ်းချမ်းအောင် အရင်လုပ်၊ သူတစ်ပါးအပြစ်ကို မပြောခင် ကိုယ့်အပြစ်ကို အရင်ကြည့် ဆိုတာမျိုးလေးတွေ…၊ အဲဒါလေးတွေ ပြောပေးရတယ်၊ ကိုယ်တောင် မလုပ်နိုင်တာတွေပဲဟာကိုး .. ခေါင်းဆောင်တွေ ဘယ်တတ်နိုင်ပါ့မလဲ၊ မင်း မလုပ်နိုင်ဘဲနဲ့ ခေါင်းဆောင်တွေကို အပြစ်မပြောနဲ့ဟ၊ မြန်မာနိုင်ငံကြီးမှာ သာသနာတော် ထွန်းကားနေတယ်၊ တိုးတက်နေတယ်၊ အနာဂတ်သာသနာအတွက် အားတက်စရာတွေ အများကြီးဆိုတာတွေရယ်၊ အဲဒါမျိုးလေးတွေပဲ သူတစ်ပါးကို ပြောပေးပါကွာ၊ မင်းပြောတဲ့စကားတွေကို တွေ့သူတိုင်း စိတ်ငြိမ်းချမ်းပါလိမ့်မယ်၊ ကဲ ကဲ … ငါ့လူ ကိုယ့်တရား ကိုယ်ကျင့်နေ၊ ကိုယ်နဲ့မဆိုင်တာတွေ လျှောက်လုပ်မနေနဲ့၊ ဖြစ်ချိန်တန်ဖြစ် ပျက်ချိန်တန် ပျက်ရတယ်လို့ပဲ သဘောထားလိုက်”ဟု ဆုံးမလွှတ်လိုက်ပြန်သည်။ 

သူသည် ရခိုင်အရေးကို ပြောဖန်များသဖြင့် သူနှင့်လုပ်ဖော်ကိုင်ဖက်များကပါ အမြင်မကြည်ကြတော့ကြောင်း၊ နေ့စဉ်နေ့တိုင်း သူနှင့်ဆက်စပ်ရာ ဆရာတော်များ၊ အပေါင်းအသင်းများက ဆုံးမစကားများ နေ့စဉ်ပြောကြားနေသဖြင့် သူ၏ အင်တာနက်စာမျက်နှာများ၊ ပြောစကားများ အားလုံးကို အများသဘောကျ အနိစ္စ၊ ဒုက္ခ၊ အနတ္တတရားများ၊ တရားအားထုတ်ခြင်းဆိုင်ရာများကိုသာ တင်တော့မည်ဖြစ်ကြောင်း၊ ကိုယ်မလုပ်နိုင်သည့်ကိစ္စများကို နိုင်ငံ့ခေါင်းဆောင်များ မလုပ်နိုင်လျှင် မဝေဖန်တော့ကြောင်း၊ နိုင်ငံ့ခေါင်းဆောင်များလောက် ကိုယ်လုပ်နိုင်မှသာ ဝေဖန်တော့မည်ဖြစ်ကြောင်း၊ ဆောင်းဆောင်များ လုပ်ချင်တာလုပ်၊ လုပ်နိုင်သလောက် လုပ်၊ မှန်ရင် လက်ခုပ်တီးပေးမည်ဖြစ်ကြောင်း၊ ရပ်တည်ချက် လုပ်ဆောင်ချက်များ မှားယွင်းပါကလည်း ‘အော် သူလည်း လူထဲက လူပါပဲ၊ လူဆိုတာ အမှားနဲ့မကင်းနိုင်ပါဘူးလေ’ဟု သဘောထားကာ လုပ်ချင်တာလုပ် ခွင့်ပြုတော့မည်ဖြစ်ကြောင်း၊ တရားနှင့်အညီသာ နေတော့မည်ဖြစ်ကြောင်း ပြောကြားသွားခဲ့လေသည်။

Sunday, November 4, 2012

အကွေ့အကောက်များ


လေယာဉ်ကြီး စီးလို့ လာခဲ့သည်။ မသွားဖူးသည့်ခရီးမို့ အနည်းငယ် စိတ်လှုပ်ရှားနေသည်။ မနက်မိုးလင်းသည်နှင့် ကျောင်းက ဆရာတော်၊ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ နံနက်စာ ပျော်ပျော်ပါးပါး လွှေးကြသည်။ ဆိုင်မှအပြန် မြန်မြန်ဆန်ဆန် ပြင်ဆင်ထုတ်ပိုးပြီး သူတို့နှင့်အတူ လေဆိပ်ဆင်းသည်။ အနည်းငယ် စောနေသေးသည်။ မိုးအနည်းငယ် အုံ့နေသည်။ "ဒကာကြီး အဲကွန်းဖွင့်ဗျာ၊ ပိုက်ဆံပိုပေးမယ်"ဟု ပြောပြီး တက္ကစီဆရာကို အဲယားကွန်းဖွင့်ခိုင်းသည်။ ပျော်ပျော်ပါးပါး စကားဆိုရင်း လေဆိပ်ကို ရောက်သည်။ 

ဓာတ်ပုံရိုက်ဖို့ ပြင်လိုက်မှ ကင်မရာထဲမှာ မေမိုရီကဒ် ပါမလာခဲ့မှန်းသိသည်။ ခဏကြာတော့ Check in ၀င်၊ Immigration ဖြတ်ခဲ့သည်။ Immigration မှာ ရပ်နေစဉ် မီးပျက်တော့ နိုင်ငံခြားသားတစ်အုပ် Woo ဆိုကာ အော်ကြသည်။ လေယာဉ်ပေါ်မတက်ခင် စောင့်နေတုန်း ကွန်ပြူတာသုံးဖို့ အိတ်ကို ဖွင့်သည်။ ဘတ္တရီကြိုး ပါမလာခဲ့ပြန်။ "အော် ငါ့နှယ်"ဟု ရေရွတ်ရင်း သူများ(သူငယ်ချင်း)တွေ သိသွားမှာ စိုးရိမ်မိလိုက်သည်။ ခဏကြာတော့ လေယာဉ်ပေါ် တက်ခဲ့သည်။

ခုံနံပါတ်က ကေဖိုက်(K5)၊ ပြတင်းဘေးမှာ ကျသည်။ တိမ်တွေ ကြည့်ရတာ ပျော်တတ်သဖြင့် ကြိုက်သည်။ လေယာဉ်ကြီးက ဖြည်းဖြည်းချင်း နောက်ဆုတ်ရွေ့သည်။ ပြေးလမ်းရှိရာသို့ ဖြည်းဖြည်းချင်း ရွေ့နေသည်။ ပြေးလမ်းအဆုံးသို့ ရောက်သောအခါ ကွေ့သည်။ ဘေးဘီဝဲယာကြည့်သောအခါ လေဆိပ်အဟောင်းကြီးဘေးက ဖြတ်လာသည်။ လေဆိပ်အဟောင်းကြီးက တော်တော်ကြီးကို ကြည့်ရဆိုးနေပြီပဲ။ နည်းနည်းဆုံးတော့ ပြေးလမ်းထိပ်နားမှာ ဘုန်းကြီးကျောင်းတစ်ကျောင်း တွေ့သည်။ လေယာများ တစ်ခုခု ဖြစ်လို့ကတော့ အဲဒီကျောင်းတော့ ဒုက္ခပဲဟု ကြံကြံဖန်ဖန် တွေးမိသည်။ လေယာဉ်ကြီးက ပြေးလမ်းပေါ်မှာ စတည်မိပြီဆိုတာနှင့် အားကုန်ရုန်းပြီး ကောင်းကင်သို့ လွှင့်ပျံလာခဲ့သည်။ မျက်စိက တစ်ချက်လေးမှ အလွတ်မပေး။ ပြတင်းပေါက်ကနေ လှမ်းကြည့်နေသည်။ အဆောက်အအုံများက တဖြည်းဖြည်း သေးလာသည်။ မြင်ကွင်းက ပိုပိုကျယ်လာသည်။

လေယာဉ်ကြီးက ပြေးလမ်းပေါ် ငြိမ်သွားသည့်အချိန်ရောက်တော့ မြေမြင်ကို ခပ်ရေးရေးသာ မြင်ရတော့သည်။ မြစ်ကျယ်ကျယ်များ၊ ကျဉ်းကျဉ်းများ မြောက်မြားစွာ မြင်နေရသည်။ တိမ်တွေက ထူလာလိုက်၊ ပါသွားလိုက် ရင်ဖိုစရာအတော်ကောင်းသည်။ ကိုယ့်ကို တွေးဖြစ်စေဆုံးအရာများအနက် တစ်ခုက ကွေ့ကောက်နေသော လမ်းများနှင့် မြစ်များပင် ဖြစ်လေသည်။ ဖြောင့်နေသောလမ်း၊ ဖြောင့်တန်းစွာ စီးဆင်းနေသောမြစ်ဟူ၍ တစ်ခုမျှ မတွေ့ရ။ အားလုံးက ကွေ့ကာကောက်ကာ စီးဆင်းနေကြလေသည်။ အချို့မြစ်များ(ချောင်းများလည်း ဖြစ်နိုင်)ဆိုလျှင် ဧရိယာသေးသေး(သေးသေးဟု မြင်ရ)လေးတွင် အကွေ့အကောက်ပေါင်း များစွာနှင့် စီးဆင်းနေသေည်။ 

အချို့မြစ်များက မြွေကြီးများ ကွေ့ကောက်သွားနေသလားဟုပင် ထင်ရသည်။ မြစ်တို့၏ မာယာဟူသော စကားကို အမှတ်ရမိသည်။ အဘယ့်ကြောင့် မြစ်များသည် ကွေ့ကောက်နေရသနည်း။ ဘာမဆိုင်ညာမဆိုင် မြစ်များကို မေးခွန်းထုတ်လိုက်မိသည်။

ထိုအခါ မြစ်များက ကိုယ့်ကို မေးခွန်းပြန်မေးသည်။ ကိုယ်အံ့သြသွားခဲ့သည်။ မြစ်များက အသက်မရှိ၊ မေးခွန်းမထုတ်တတ်၊ အခုတော့ ကိုယ့်ကို တည့်တည့်မေးနေသည်။ "မင်းက ငါ့ကိုများ ကွေ့တယ်၊ ကောက်တယ်လေးနဲ့၊ မင်းဘ၀ကရော ဘယ်လောက်ဖြောင့်တန်းခဲ့လို့လဲ"။
လေယာဉ်ထိုင်ခုံကို နောက်အနည်းငယ် လှန်လိုက်သည်။ အပြင်အာရုံနှင့် ခွာလိုက်မှ နောက်ဘက်ထိုင်ခုံက ဘီယာအရက်နံ့က ထောင်းခနဲ ၀င်လာသည်။ အနည်းငယ် မှိန်းလိုက်သည်။ မြစ်များ မေးလိုက်သောမေးခွန်းအတွက် အချိန်ယူရမည်။ ကိုယ့်ဘ၀တစ်လျှောက်လုံး လှမ်းခဲ့ရာ ခြေလှမ်းများကို တစ်လွှာချင်း ပြန်မြင်ကြည့်သည်။ အဲဒီလို ပြန်မြင်ကြည့်လိုက်မှ ကိုယ့်ဘ၀၏ ရွေ့လျားဖြတ်သန်းရာ ခရီးရှည်တစ်ခုလုံးက ကွေ့ကောက်သော မြစ်များသဖွယ် ပေါ်လာနေကြသည်။ စီးဆင်းလို့ ရသမျှ ကိုယ်စီးဆင်းခဲ့သည်။ စီးဆင်းရတာ အရမ်းလွယ်ကူသည့်နေရာ ရောက်သည့်အခါ ဘ၀မြစ်ပြင်က ကျယ်ကားသွားသည်။ စီးဆင်းမှု နှေးကွေးသွားသည်။ အားအင်များ ပြန့်ကျဲကုန်သည်။ စီးဆင်းရခက်ခဲသည့်နေရာ ရောက်သည့်အခါ ကိုယ်အားကုန်ထုတ်သည်။ ခက်ခက်ခဲခဲ ပင်ပန်းပန်း စုစည်းကာ စီးဆင်းရသည်။ သို့အတွက်ကြောင့် ဘ၀မြစ်က အားပါသည်။ မာန်ပါသည်။ အရသာရှိသည်။
တစ်ခါတစ်ရံ မည်သို့မျှ ရှေ့ဆက်စီးဆင်းလို့ မရသောအခါ စီးဆင်း၍ ရသောနေရာမှ ကိုယ်စီးဆင်းရသည်။ ဘ၀မြစ်ပြင်က ကွေ့ကောက်သွားသည်။ တစ်ခါတစ်ရံ အောက်သို့ အဆင်တပြေ စီးဆင်းလာပြီးမှ အားမတန်မာန်လျှော့ကာ အထက်ပြန်တက်၊ ပြီးလျှင် အောက်ပြန်ဆင်း၊ ဤသို့ဖြင့် ဘ၀မြစ်သည် လောကမြစ်ပမာ ကွေ့ကာကောက်ကာ စီးဆင်းနေရလေသည်။

လေယာဉ်ကြီးက တိမ်တွေ ကြားထဲရောက်လာသဖြင့် (တိမ်ထူထပ်လာသဖြင့်) ဒုတ်ဒုတ်ဖြင့် အနည်းငယ် လှုပ်လာသည်။ သို့မှ မျက်လုံးဖွင့်ပြီး ပြတင်းပေါက်မှနေ၍ မြစ်ကြီးကို လှမ်းကြည့်လိုက်သည်။ သူက ပြန်ပြုံးပြနေသည်။ "သိပြီးလား၊ ငါတို့မြစ်တွေ ဘာဖြစ်လို့ ကွေ့ကောက်နေရသလဲဆိုတာ၊ မင်းတို့ဘ၀တွေနဲ့ငါတို့ဖြစ်တွေ ဘ၀က အတူတူပါပဲကွာ"ဟု ပြောနေသယောင်။

၎-နာရီခန့် ရှိသောအခါ ထိုင်ဝမ်(တိုင်ပေ)ကို မိနစ် ၂၀ အတွင်း ရောက်တော့မှာဖြစ်ကြောင်း၊ ထိုင်ဝမ်ကောင်းကင်တွင် တိမ်ထူထပ်နေကြောင်း ကြေညာသည်။ မြေပြင်ကို လုံးဝမမြင်ရတော့။ လေယာဉ်ကြီးက အနည်းငယ် တုန်ခါနေသည်။ တိမ်များကို ထိုးခွဲဆင်းသက်နေသည်။ မြေပြင်သို့ သက်ခါနီးမှ မြေပြင်ကို မြင်ရသည်။ မိုးတွေ အုံ့ဆိုင်းနေသည်။ Immigration officer က မင်း ဒီမှာ နေတော့မလို့လားဟု မေးသည်။ ဟုတ်တယ်ဟု ဖြေလိုက်သည်။ တံဆိပ်တုံး တစ်ခု ထုပေးသည်။ ဘာတွေများ ရစ်မလဲဟု တွေးခဲ့တာ မှားသည်။ 
လွယ်လွယ်ကူကူပင် ကျော်ဖြတ်လာသည်။ ကြိုသူများရှိရာ လှမ်းကြည့်တော့ ထိုင်ဝမ်ဆရာတော်ဘုရားကြီး၊ ကနေဒါဆရာတော်၊ ကျုံးလီဆရာတော်တို့ကို တွေ့ရသည်။ "ဆရာတော်တို့ အခြားဘယ်သူ့ကို လာကြိုရတာလဲ"ဟု မေးကြည့်ရာ "မဟုတ်ဘူး၊ ကိုယ်တော့်ကိုပဲ လာကြိုကြတာ"ဟု ပြောသဖြင့် အလွန့်အလွန် အားနာမိပါသည်။ လေဆိပ်မှ ထွက်လိုက်သည်နှင့် မိုးက ခပ်သည်းသည်း ရွာချလိုက်သည်။ ထိုင်ဝမ်က မိုးနှင့်ကြိုလိုက်သည်။ မိုးမိသွားသည်။ နှာတွေ စေးသည်။

ကားလေးက တငြိမ့်ငြိမ့် သွားနေသည်။ တွေးရင်းတွေးရင်း ကိုယ်က ကားပေါ်မှာ မဟုတ်တော့ဘဲ မြစ်တစ်စင်း ဖြစ်နေသည်။ ကားလေး ကွေ့လိုက်တိုင်း မြစ်တစ်စင်း ကွေ့နေသလို ထင်ရသည်။ ကိုယ့်ဘ၀မြစ်လေး ထိုင်ဝမ်မြေပေါ်မှာ စီးဆင်းနေသည်။ ကွေ့ကာကောက်ကာ စီးဆင်းနေသည်။ ဒီကနေ ဟို၊ ဟိုကနေ ဒီ ... ဟိုဟိုဒီဒီ စီးဆင်းရပေဦးမည်။ မြစ်ဖြစ်လို့ စီးရဆင်းရ၊ ကွေ့ရကောက်ရသည်။ ဘ၀နှင့်မြစ်က ထူးမခြားမို့ ဒီကနေ ဟို၊ ဟိုကနေ ဒီ၊ ဟိုဟိုဒီဒီ စီးဆင်းရပေဦးမည်။ ကိုယ့်ဘ၀မြစ်လေးဘေးက စိုက်ခင်းများ၊ တောတောင်များ စိမ်းလန်းကြစေဖို့ အားသွန်ခွန်စိုက် ကွေ့ကာကောက်ကာ စီးဆင်းနေပါမည်။

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails