Monday, May 28, 2012

ကျောက်ကွင်းရွာသို့ ရောက်ခဲ့ရာဝယ်



ကျောက်ကွင်းဆိုတဲ့ နာမည်ကို ကြားလိုက်တာနဲ့ မြန်မာ့သမိုင်းမှာ အထင်ကရ ရှိခဲ့တဲ့ ကျောက်ကွင်းအရေးတော်ပုံ သို့မဟုတ် ကျောက်ကွင်းဝါဒပြိုင်ပွဲကြီးကို ပြေးမြင်မိကြပါလိမ့်မယ်။ စာရေးသူရဲ့ဘ၀မှာ အရောက်ချင်ဆုံး နေရာလေးဆိုလည်း မမှားပါဘူး။ 

တစ်နေ့က အိန္ဒိယမှာ ဒေါက်တာဘွဲ့အတွက် ကျမ်းပြုစုနေတဲ့ သူငယ်ချင်းဆိုလည်း ဟုတ်၊ နောင်တော်ဆိုလည်း မှန်တဲ့ ဦးဉာဏ၀ံသ မြန်မာပြည် ပြန်ရောက်လာတယ်။ သူက 2000 Group အဖွဲ့နဲ့ ကျောက်ကွင်းရွာကို သွားမယ်လို့ ပြောတယ်။  

 2000 Group အဖွဲ့အကြောင်းကတော့ နောက်မှ ဆောင်းပါးသီးသန့်ရေးရတော့မှာပဲ။ အခုဆောင်းပါးကလည်း လက်ရှိလုပ်နေတဲ့ လုပ်ငန်းတွေကြောင့် ပင်းပန်းနေဆဲဖြစ်နေတော့ အားရပါးရတော့ ဖြစ်မှာ မဟုတ်ဘူး။ နောက်ကျမှ ဒီခေါင်းစဉ်နဲ့ပဲ သေသေချာ ရေးပါအုံးမယ်။ အခု ဒီဆောင်းပါးကတော့ ခရီးစဉ်အပေါ်မှာ ဖြစ်ခဲ့တဲ့ ခံစားချက်တွေရဲ့ အပေါ်ယံလွှာလေးပါပဲ။ 

ဒီခရီးစဉ်အကြောင်း စကြားကတည်းက လိုက်ချင်စိတ်ဖြစ်နေပြီ။ အဖွဲ့နဲ့သွားမှာဆိုတော့ ဘာမှမဆိုင်တဲ့ ကိုယ်က ပါဝင်ခွင့် မရခဲ့ဘူး။ ဒါပေမယ့် အဖွဲ့ခေါင်းဆောင်ကို ပြောကြည့်တဲ့အခါ ထိုင်ခုံတစ်လုံး ပိုနေတယ်ဆိုတာကို ဦးဉာဏ၀ံသက လှမ်းဖုန်းဆက်တယ်။ လိုက်မလားတဲ့။ အဲဒီအချိန်မှာ ဓမ္မစကူးလ်ဖောင်ဒေးရှင်းကိစ္စတွေကို လုပ်နေတဲ့ အချိန်မှာပါ။ ဒါပေမယ့် ဖုန်းဆက်ဆက်ချင်းမှာပဲ လိုက်မယ်လို့ ပြောလိုက်တယ်။ အဲဒီအချိန်ကတည်းက ဘာအလုပ်မှ ဆက်မလုပ်နိုင်တော့ဘူး။ သွားရမယ့်ခရီးအတွက်ပဲ စိတ်လှုပ်ရှားနေမိတယ်။

ည ၈-နာရီကားနဲ့ သွားကြမယ်။ သွားမယ့်အဖွဲ့အားလုံးပေါင်း ၁၆-ယောက်။ ကားဂိတ်ကို အစောကြီး ၁း၃၀ ခန့် စောရောက်နေခဲ့တယ်။ မိုးက အနည်းငယ်ရွာထားတဲ့အတွက် ရန်ကုန်ရာသီဥတုလေးက နေရတာ ကောင်းနေတယ်။ ည ၈-နာရီထိုးခါနီးမှ 2000 Group အဖွဲ့ခေါင်းဆောင် ဒကာမကြီး ဒေါ်မေအေးဦးတို့ ရောက်လာကြတယ်။ ပြည်မြို့ကို မနက် ၂-နာရီလောက်မှာ ရောက်တယ်။

 ပြည်မြို့က အမှောင်ကျနေတယ်။ ကားဂိတ်မှာတွေ့ရတဲ့သူတွေကို မေးမိတယ်။ ဒါ ပြည်မြို့မှ ဟုတ်ရဲ့လား။ ပြည်နားက ရွာတစ်ရွာ မဟုတ်ဘူးလား။ မဟုတ်ဘူးတဲ့။ ဒါ ပြည်မြို့မှ ပြည်မြို့အစစ်ပါတဲ့။
ပြည်မြို့ ကားဂိတ်မှာ ကျောက်ကွင်းရွာကို သွားဖို့ light track ကားလေးက အသင့်ကြိုနေခဲ့တယ်။ ကားပေါ်မှာ စကားတစ်ပြောပြောနဲ့ဖြစ်လိုက်၊ အိပ်ငိုက်သွားလိုက်နဲ့ ၂-နာရီဝန်းကျင်ခန့် အကြာမှာ ကျောက်ကွင်းရွာဦးကျောင်းကို ရောက်ခဲ့တယ်။ 

ရွာဦးကျောင်းရောက်တော့ အားလုံးဟာ ဖုန်တွေ အဖွေးသားနဲ့။ ဆရာ၊ ဆရာမလေးတွေဆို သူတို့ခေါင်းမှာ ဖုန်တွေ အလိပ်လိပ်။ ရွာဦးကျောင်းဆရာတော်နဲ့ စကားပြော၊ အဖွဲ့ခေါင်းဆောင် ဒကာမကြီးနဲ့ စကားအတန်ငယ်ပြောပြီး အိပ်လိုက်ကြတယ်။ အားလုံးက တက်ကြွနေခဲ့တယ်။ ၀ါဒပြိုင်ပွဲကြီး ကျင်းပတဲ့နေရာကို ကြည့်ချင်စိတ်တွေ ဖြစ်နေရင်းနဲ့ အိပ်ပျော်သွားခဲ့တယ်။ 

ဟိုတုန်းက စာအုပ်ထဲမှာ ကျောက်ကွင်းရွာကြီးက တစ်ရွာလုံး ဗုဒ္ဓဘာသာဝင်တွေ ဖြစ်သွားခဲ့တာတဲ့။ အခုတော့ ဗုဒ္ဓဘာသာဝင်တစ်ဝက်၊ ခရစ်ယာန်တစ်ဝက်တဲ့။ ဘယ်လို ဖြစ်ပြန်တာလဲ။ ၀ါဒပြိုင်ပွဲကြီး ပြီးတဲ့နောက်ပိုင်းနှစ်တွေမှာ ဗုဒ္ဓဘာသာဘုန်းကြီးတွေ အဲဒီဘက်မှာ နှစ်ပေါင်း ၅၀ ကျော်လောက် အဆက်ပြတ်သွားခဲ့တယ်။ ကျောက်ကွင်းရွာမှာက ဘုန်းကြီးကျောင်းလည်း မရှိဘူး။ 

ဒီအခြေအနေလေးရောက်ဖို့အတွက်တောင်မှ လွန်ခဲ့တဲ့ ၁၀-နှစ်ခန့်က တည်ထောင်ခဲ့တဲ့ လက်ရှိရွာဦးကျောင်းလေးကြောင့်ဆိုလည်း မမှားပါဘူး။ ဒီကျောင်းလေးကိုတောင်မှ လက်ရှိဆရာတော်က ဗုဒ္ဓဘာသာဘုန်းကြီးတွေ ၀ိုင်းဝန်းတိုက်ခိုက်ကြတဲ့အထဲကနေ ခက်ခက်ခဲခဲ တည်ထောင်ခဲ့ရတာဖြစ်တယ်လို့ ဆရာတော်က အမိန့်ရှိပါတယ်။ အခုထိတောင်မှ ထောက်ပံ့သူတွေ မရှိလို့ ရွာဦးကျောင်းလေးက တည်ဆောက်ဆဲအခြေအနေပဲ ရှိပါသေးတယ်။ 

ဒီအခြေအနေထိရောက်အောင်လည်း 2000 Group ကပဲ ဦးဆောင် လှူဒါန်းပေးခဲ့တယ်လို့ သိရတယ်။ ဒီအဖွဲ့လေးသာ မရှိရင် ဟိုယခင်က ခက်ခက်ခဲခဲ သာသနာပြုခဲ့ရတဲ့ ကျောက်ကွင်းရွာလေးဟာ တစ်ရွာလုံး ခရစ်ယာန်ရွာလေး ဖြစ်ဖို့ သေချာသလောက်ပါပဲ။ 

စာရေးသူတို့ ဗုဒ္ဓဘာသာတွေဟာ ဓမ္မာစရိယဘွဲ့တွေ၊ အဘိဝံသဘွဲ့တွေ၊ ဘီအေ၊ အမ်အေ၊ ဒေါက်တာတွေကို သာသနာ့အာဇာနည်တဲ့။ ၀ိုင်းဝန်းပံ့ပိုးလိုက်ကြတာ။ ဒီလို ဘာသာခြားတွေကြားမှာ အစားဆင်းရဲ၊ အနေဆင်းရဲနဲ့ သာသနာပြုနေတဲ့ ရဟန်းတော်တွေကိုတော့ သာသနာ့အာဇာနည် ခေါ်ရကောင်းမှန်း မသိကြဘူး။ လှူဒါန်းထောက်ပံ့ရကောင်းမှန်း မသိကြဘူး။ သာသနာ့အာဇာနည်ဆိုတဲ့ အသိနဲ့ အားရပါးရ ရှိခိုးခဲ့မိသလို ၀ိုင်းဝန်းပံ့ပိုးပေးနေတဲ့ 2000 Group အဖွဲ့ ဒကာမကြီး ဒေါ်မေအေးဦးနဲ့ ညီငယ်၊ ညီမငယ်များကိုလည်း လေးစားမိခဲ့ပါတယ်။

စာရေးသူတို့ ဗုဒ္ဓဘာသာတွေဟာ သံဃာ ၁၀ ပါးလောက်ရှိတဲ့ကျောင်းတွေမှာ သိန်းထောင်တန်တဲ့ ကျောင်းဆောင်တွေ ဆောက်လှူနေလိုက်ကြတာ။ ဒီလို ခက်ခက်ခဲခဲနဲ့ သာသနာပြုနေရတဲ့ နေရာတွေမှာတော့ သစ်သားကျောင်းလေးတောင် ဆောက်လှူဖို့ စိတ်ကူးမရှိကြဘူး။ ကျောက်ကွင်းရွာ ရွာဦးကျောင်းအဆောက်အအုံလေးအတွက် လှူဒါန်းနေတဲ့၊ ကျောက်ကွင်းရွာ မူလွန်ကျောင်းလေးဖြစ်မြောက်အောင် ကြိုးစားပေးရုံမျှမက မူလွန်ကျောင်းအဆောက်အအုံ တည်ဆောက်ရေးအတွက် ကမကထပြုပေးတဲ့ 2000 Group အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေအတွက် သာဓုအကြိမ်ကြိမ် ခေါ်မိပါတယ်။ 

စာရေးသူတို့ ဗုဒ္ဓဘာသာတွေဟာ အစစအရာရာ ပြည့်စုံနေတဲ့ ကလေးတွေကို ထောက်ပံ့ပေးပြီး အဆင့်အတန်းမြင့်မြင့်တွေ ၀ိုင်းဝန်းချီးမြှောက်လေ့ရှိကြတယ်။ ဒီကျောက်ကွင်းရွာလေးမှာတော့ ၄ တန်းအောင်ရင် ကျောင်းပြီးသွားပါပြီ။ အခု ကျောက်ကွင်းကျောင်းဆရာတော်နဲ့ 2000 Group အဖွဲ့ရဲ့ ကျေးဇူးပြုမှုကြောင့် မူလွန်ကျောင်း ဖြစ်သွားပြီဆိုတော့ ၆ တန်းဆိုရင် ကျောင်းပြီးပြီပေါ့။ (ဒါက ကျောက်ကွင်းရွာအကြောင်း ဖြစ်နေလို့ပါ။ တကယ်တော့ မြန်မာနိုင်ငံမှာ များသောအားဖြင့် ၄ တန်းအောင်ရင် ကျောင်းပြီးကြသူက များပါတယ်။ မြို့ကလူတွေကတော့ သိချင်မှ သိမှာပါ)။ အခု ကျောက်ကွင်းဆရာတော်ရဲ့ ဦးဆောင်မှု၊ 2000 Group အဖွဲ့ရဲ့ စေတနာတွေကြောင့် ကျောက်ကွင်းရွာက ကလေးတွေ ပညာသင်ခွင့် ရနေပါပြီ။ ရွာကျောင်းက ပြီးရင်လည်း အထက်အထက် ဆက်တက်နိုင်အောင် ကြိုးစားနေကြတာလည်း တွေ့ရတယ်။ 

ဒီကြိုးပမ်းမှုတွေရဲ့ ရလဒ်အနေနဲ့ ကျောက်ကွင်းရွာလေးဟာ တဖြည်းဖြည်းနဲ့ သာသနာ့အာဇာနည် ဆရာတော်ကြီး ဦးဥက္ကဋ္ဌတို့ ကြိုးပမ်းခဲ့ရကျိုး နပ်တော့မယ့်အလားအလာတွေ တွေ့နေရပါပြီ။ 

အခုဆိုရင် ကျောက်ကွင်းရွာလေးလို အကူအညီတွေ လိုအပ်နေတဲ့ ရွာတွေ အများကြီး ရှိနေပါလားဆိုတာ သိခဲ့ရတယ်။ မွတ်စလင်က စီးပွားရေးနဲ့ အိမ်ထောင်သားမွေးရေးနဲ့ ဗုဒ္ဓဘာသာကို စည်းရုံးတယ်။ ခရစ်ယာန်က အကူညီတွေနဲ့ သာသနာပြုနေတယ်။ ကြားထဲမှာ ဗုဒ္ဓဘာသာတွေက ဆင်းရဲမှုနဲ့ ကြားညပ်ပြီး လုံးပါးပါးနေရတာကို သဘောပေါက်လာခဲ့တယ်။ ဒီလိုဒေသတွေမှာ ကိုယ့်အမျိုး၊ ဘာသာ၊ သာသနာအတွက် ရှေ့ဆောင်နေတဲ့ ရဟန်းသံဃာတွေ၊ 2000 Group အဖွဲ့လို အဖွဲ့တွေ များများရှိဖို့ လိုအပ်ပါတယ်။ ကိုယ်တိုင် သွားရောက်မလုပ်ကိုင်နိုင်ရင်တောင်မှ လုပ်နေတဲ့ သံဃာတွေကို မနှောက်ယှက်ဖို့ (ကျောက်ကွင်းဆရာတော်ဆိုရင် ဒေသခံဆရာတော်တွေက အမျိုးမျိုး ကန့်ကွက်ကြတယ်လို့ သိရတယ်၊ ကိုယ့်အမျိုးဘာသာအရေး ဟောကြားနေတဲ့ ဆရာတော်တွေဆိုရင် နှစ်ရှည်ထောင်ဒဏ်တွေတောင် အချခံရတာ အားလုံးအသိပါ။)၊ ထောက်ပံ့နေတဲ့ အဖွဲ့အစည်းတွေကို ငွေကြေးအင်အားဖြင့် ထောက်ပံ့ပေးကြဖို့ လိုအပ်နေပါလားဆိုတာ သိခဲ့ရတယ်။

ပြန်ခါနီး ဆရာတော်ကို နှုတ်ဆက်တော့ နောက်တစ်ကြိမ် ပြန့်တွေ့ကြသေးတာပေါ့လို့ မပြောခဲ့ပါဘူး။ ဆရာတော်ဘုရား တပည့်တော် ကျောက်ကွင်းရွာလေးကို နောက်တစ်ကြိမ် ပြန်ရောက်လာမှာ သေချာပါတယ်ဘုရားလို့ လျှောက်ခဲ့ပါတယ်။

ခံစားချက်လေးတွေ မျိုးစုံနေတဲ့ စိတ်နဲ့ ကျောက်ကွင်းရွာလေးကနေ ခွဲခွါလာခဲ့တယ်။ ကျောက်ကွင်းကို နောက်တစ်ကြိမ် သွားရအုံးမယ်။ နောက်တစ်ကြိမ် သွားရင်တော့ (2000 Group အဖွဲ့အတွက်တော့ အဓိပ္ပာယ်အပြည့်အ၀ ရှိပေမယ့်) ကိုယ်က ဘာမှ မလှူဒါန်းမထောက်ပံ့လိုက်ခဲ့ရတော့ ကိုယ့်အတွက်တော့ ပြီးပြည့်စုံတဲ့ခရီးတော့ မဟုတ်ခဲ့လေဘူး။ နောက်တစ်ကြိမ်သွားတဲ့အခါမှာ ကိုယ့်အတွက် အဓိပ္ပာယ်ပြည့်ဝတဲ့ခရီးဖြစ်အောင် ကြိုးစားရမယ်လို့လည်း အားခဲနေမိတယ်။ 

လက်ရှိအချိန်မှာတော့ တကယ်ထိရောက်တဲ့ အလှူတွေ လှူဒါန်းထောက်ပံ့နေတဲ့ 2000 Group လေးကို ဆက်သွယ်လှူဒါန်းနိုင်ကြစေသတည်း။

Wednesday, May 23, 2012

ကိုသာနိုးနှင့် အင်တာဗျူး


သဘောကျလို့ ထပ်ဆင့် ကူးတင်ပေးလိုက်တာပါ။

Tuesday, May 15, 2012

သတိရသေးရဲ့လား


(၁)
လူသားတို့ နေ့စဉ်သုံး စကား၊ ဝေါဟာရများတွင် အသုံးများသော၊ နေ့စဉ်လိုလို အသုံးပြုနေကြသော စကားလုံးတစ်ခု ရှိပါသည်။ လူတို့၏ အချင်းချင်း ဆက်ဆံရေးတွင်လည်း စိတ်ထဲပါလို့ဖြစ်စေ၊ စိတ်မပါဘဲဖြစ်စေ မကြာခဏ ပြောလေ့ရှိသည်။ မေးလည်း မေးလေ့ရှိသည်။ “သတိရတယ်”၊ “သတိရသေးရဲ့လား”ဆိုသော ဝေါဟာရပင် ဖြစ်ပါသည်။ ထိုဝေါဟာရကို အသုံးမပြုဖူးသူ တစ်ဦးတစ်ယောက်မျှ ရှိလိမ့်မည် မဟုတ်ပေ။ လူတိုင်းလူတိုင်းသည် နေရာဌာနအသီးသီးတွင် အဓိပ္ပာယ်ကိုယ်စီဖြင့် ထိုဝေါဟာရလေးကို အသုံးပြုနေကြပါသည်။

(၂)
တစ်နေ့က နယ်ကို ပြန်သွားခဲ့သည်။ ညီအစ်ကို မောင်နှမများနှင့် စကားလက်ဆုံ ကျနေခဲ့သည်။ ဟိုယခင်က ညီအစ်ကိုမောင်နှမများနှင့် ယခု ညီအစ်ကို မောင်နှမများက မတူတော့။ ဟိုယခင်ကတော့ ညီအစ်ကိုမောင်နှမများ ကြားထဲတွင် သူစိမ်း(ဆွေမျိုးမဟုတ်သူများ) မပါ။ ညီအစ်ကိုမောင်နှမများ သီးသန့်ဖြစ်သည်။ အခုအချိန်အခါမှာတော့ များသောအားဖြင့် ညီတွေ၊ အစ်မတွေ၊ နှမတွေ ဘေးမှာ သူတို့ ပါရမီဖြည့်ဖက်လေးတွေ ကိုယ်စီနှင့် ဖြစ်နေသည်။

စစနောက်နောက် ပျော်ပျော်ရွှင်ရွှင် စကားပြောကြရင်း “ကျုပ်တော့ အစ်မတို့ကို အားကျလာပြီဗျာ”ဟု စမိသည်။ “ဟယ် တို့ဦးဇင်းတော့ လုပ်ပြီ၊ လူထွက်ချင်စိတ်များ ဖြစ်နေတာလား”ဟု ဆိုသည်။ “မဟုတ်ပါဘူး။ ဒါပေမယ့် သက်မွန်မြင့်လေးတို့၊ ၀တ်မှုံရွှေရည်လေးတို့ ရရင်တော့ လူထွက်ချင်သေးတယ်”စသည်ဖြင့် နောက်နောက်ပြောင်ပြောင် ပြောဖြစ်ခဲ့သည်။ ထိုအခါ ကိုယ့်စကားပင် မဆုံးသေး။ စကားလုံးတစ်လုံးက ရင်ဘက်ကို တည့်တည့်ဝင်ဆောင့်သည်။ အစ်မက “အဲ အဲ … ဘာတွေ ပြောနေမှန်း မသိဘူး၊ ကိုယ့်ကိုကိုယ် ဦးဇင်းတစ်ပါးဆိုတာတောင် သတိရသေးရဲ့လား”ဟု ဆိုသည်။ ပျော်စေပြက်စေအဖြစ်ပဲပြောပြော ထိုနေ့က “သတိရသေးရဲ့လား”ဟူသော စကားက ပဲ့တင်ထပ်နေခဲ့သည်။

(၃)
နယ်ရောက်ခိုက် ဟိုဟိုဒီဒီ လျှောက်သွားဖြစ်ခဲ့သည်။ တစ်ဖက်ရွာ ရောက်သွားသောအခါ အမျိုးသမီးတစ်ဦးက နှုတ်ဆက်သည်။ သူနှင့်ပတ်သက်ပြီး အားလုံးကို မေ့ထားချင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ငယ်ဘ၀ကနေ ယနေ့အချိန်အထိ သူနှင့်ပတ်သက်သည်များကို မကြာခဏ သတိရ၊ သတိရတိုင်း နာနာကျင်ကျင် ခံစားရသောကြောင့် ဖြစ်ပါသည်။ ပြီးခဲ့တာတွေ ပြီးပြီဟု ပြောရိုးရှိသော်လည်း သူနှင့်ပတ်သက်သောအဖြစ်က ကိုယ့်ကိုကိုယ် အမြဲတမ်း နောင်တရစေသည်။ သူသည် ကိုယ်ငယ်စဉ်က အိမ်မှာ အိမ်ဖော်အဖြစ် လာရောက်အလုပ်လုပ်သွားသူ ဖြစ်သည်။

တစ်နေ့ ကျောင်းပိတ်ရက်တွင် ယာတောထဲ သွားကြသည်။ သူရယ်၊ အစ်မငယ်ရယ်၊ ကိုယ်ရယ် .. သုံးယောက်သွားကြသည်။ တစ်နေရာအရောက်တွင် ကန်စွန်းခင်းတစ်ခုကို တွေ့ကြသည်။ “မခိုင် ကန်စွန်းဥစားချင်တယ်၊ တူးပေး”ဟု ပူစာမိသည်။ ကန်စွန်းဥတူးပေးပြီးသောအခါ ကန်စွန်းဥကို ကိုယ့်ကို မပေးဘဲ အစ်မကို ပေးလိုက်သည်။ ဘာမပြောညာမပြောနှင့် အနီးက ဓားဖြင့် သူ့ကျောကို ခုတ်ပစ်လိုက်ခဲ့သည်။ မခိုင်ခမျာ “အီး”ခနဲ အော်သံနှင့်အတူ အသံအကျယ်ကြီးဖြင့် ငိုကြွေးနေခဲ့သည်။
ထိုမြင်ကွင်းကို ယနေ့တိုင် မျက်စိထဲမှ ဖျောက်မရနိုင်ခဲ့ပါ။ အခု မခိုင်နှင့် ပြန်တွေ့တော့ သူကပင် ထိုအဖြစ်အပျက်ကို သတိရသေးရဲ့လားဟု မေးသည်။ “သတိရတာမှ ပြောမနေနဲ့၊ အဲဒီအဖြစ်အပျက်က ဦးဇင်းဘ၀အတွက် တစ္ဆေတစ်ကောင်လိုပါပဲ မခိုင်ရယ်”ဟု ပြောလိုက်တော့ သူ ခွင့်လွှတ်ပါကြောင်း၊ ကလေးသဘာဝဖြစ်ခဲ့တာကို နားလည်ပေးပါကြောင်း ပြောပြခဲ့သည်။ သို့ရာတွင် ကိုယ့်အတွက်ကား ထိုအနိုင်ကျင့်ရက်စက်မှုကို မေ့ပျောက်အောင် အတော်ကြိုးစားရပါအုံးမည်။

(၄)
တစ်နေ့ ပျဉ်းမနားမြို့တွင် ရုံးကိစ္စတစ်ခုဖြင့် ဆိုင်ကယ်ကယ်ရီစီးပြီး သွားနေခဲ့သည်။ မီးပွိုင့်တစ်ခုအရောက် ဆိုင်ကယ်ရပ်ထားသောအခါ ယှဉ်ရပ်လာသောဆိုင်ကယ်ပေါ်က လူတစ်ဦးက “ဟာ .. ဦးဇင်း၊ …”ဟု လှမ်းအော်သည်။ ဆိုင်ကယ်ဦးထုပ်ဆောင်းထားသောကြောင့် ဘယ်သူမှန်း မသိခဲ့ပါ။ မီးပွိုင့်အလွန် တစ်နေရာတွင် တွေ့ဖို့ လက်အမူအရာဖြင့် ပြလိုက်သည်။ မီးပွိုင့်ကျော်သွားသည်နှင့် လမ်းဘေးရပ်၊ ဆိုင်ကယ်ဦးထုပ်ချွတ်ပြီး စကားပြောသည်။ “ဦးဇင်း တပည့်တော်ကို မမှတ်မိဘူးလား၊ ဥတ္တရ လူထွက်လေ၊ တောင်ငူမှာ အတူတူနေခဲ့တာ”ဟု အစဖော်ပေးသည်။

“ဦးဇင်းကတော့ အတိတ်တွေ မေ့ချင်မေ့နေမှာပေါ့၊ တပည့်တော်က ငယ်ငယ်တုန်းကအကြောင်းတွေကို အမြဲသတိရတယ်၊ မယုံရင် သူ့မေးကြည့်ပေါ့ (ဘေးက သူ့မိန်းမကို မေးငေါ့ပြရင်း)၊ ကိုရင်ဘ၀ စာသင်သားဘ၀အကြောင်းတွေ အမြဲတမ်း ပြောဖြစ်တယ်”။ အတူနေဖူးသူ သူငယ်ချင်းက စကားတွေ တဖွဖွ ပြောနေခဲ့သည်။ “အော် … ဥတ္တရ … အခု မင်းရုပ်ကို ငါ မမှတ်မိပေမယ့် မင်းခဲတံနဲ့ ထိုးလို့ ငါ့ဒူးခေါင်းမှာ အမာရွတ်အမဲလေး ရလာခဲ့တာပဲ။ ငါ မင်းကို ဘယ်လိုလုပ် မေ့ပါ့မလဲ”။ ထိုစကားများကိုတော့ သူ့ကို မပြောဖြစ်ခဲ့ပါ။

ဘ၀မှာ ပျော်ရွှင်ချမ်းမြေ့ဖို့အတွက် ကိုယ်က မတရားအနိုင်ကျင့် နှိပ်စက်မိတာပဲဖြစ်ဖြစ်၊ ကိုယ့်အပေါ် သူများက အနိုင်ကျင့် ရက်စက်တာပဲဖြစ်ဖြစ် ဘယ်အဖြစ်မှ မကောင်းပါ။ သို့ရာတွင် နှလုံးသားဆိုသည်က ခက်သည်။ ပြင်းပြင်းထန်ထန် ထိချက်များက မေ့ပျောက်ဖို့ ခက်သည်။ အမှတ်တရ သင်္ကေတများ ရှိနေလျှင် ပိုဆိုးသည်။ ဘာပဲဖြစ်ဖြစ် ခွင့်လွှတ်ခြင်းသည် အကောင်းဆုံးဆိုသည်ကို လက်ခံထားရင် နောင်တရစရာ၊ နာကျည်းစရာ အတိတ်များကို မေ့ဖျောက်ပစ်ရပေလိမ့်မည်။

(၅)
အဘိဓမ္မာသဘောအရ မှတ်သားခြင်း၊ အမှတ်ရခြင်းကို သညာဟု သုံးနှုန်းသည်။ သညာသည် မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ မှတ်သားခြင်းဖြစ်သည်။ မှန်ရာကို မှတ်သားမိခြင်း (ဉာဏသမ္ပယုတ္တသညာ)သည် ဘ၀အတွက် ကောင်းမွန်သကဲ့သို့ အမှားကို မှတ်သားမိခြင်း (ဉာဏ၀ိပ္ပယုတ္တသညာ)သည်ကား ဘ၀အတွက် ဆိုးကျိုးများကိုသာ ဖြစ်စေတတ်လေသည်။ လူတိုင်းလူတိုင်းသည် အတိတ်က ဖြစ်ပျက်ခဲ့သော ကောင်းသောအခြင်းအရာများ၊ ဆိုးသောအခြင်းအရာများကို သတိတရ မှတ်သားမိတတ်ကြသည်။ ဘ၀တွင် ပျော်ရွှင်ချမ်းမြေ့ဖို့အတွက်မူ အမှတ်မထင် မှတ်သားမိနေသော၊ စွဲလန်းမိနေသောအရာများအနက် ကောင်းသောအရာများကို ဆက်လက်ဆုပ်ကိုင်ရင်း ဆိုးဝါးသော နာကျင်စရာများကိုကား သင်္ခန်းစာယူ မေ့ဖျောက်ပစ်ဖို့ အရေးကြီးပါသည်။ အဓိပ္ပာယ်များစွာ ဖြာထွက်နေသော အတိတ်အဖြစ်အပျက်များစွာကို သုံးသပ်နေရင်း “သတိရသေးရဲ့လား”ဟူသော ဝေါဟာရလေး ထွက်ပေါ်လာရာ နှုတ်ခမ်းအစုံများက တစီတတန်းကြီး ပေါ်လာနေခဲ့သည်။

Thursday, May 10, 2012

ကောက်ကျစ်သော ဓမ္မဆရာများ



လွန်ခဲ့တဲ့ လအနည်းငယ်က အင်တာနက်သတင်းတွေ ပျံ့နှံ့ခဲ့တဲ့ သတင်းတစ်ပုဒ် ဖတ်ခဲ့ရဖူးတယ်။ ထိုင်းနိုင်ငံက လူလိမ်ဓမ္မဆရာတစ်ဦးအကြောင်းပါ။ အဲဒီတုန်းကတော့ သေသေချာချာ မကြည့်ဖြစ်ခဲ့ပါဘူး။ တစ်နေ့က ကျောင်းမှာ နေတဲ့ ဦးဇင်းတစ်ပါးက ကိုးဘွဲ့ရဆရာတော်တစ်ပါး လူထွက်ပြီး ခရစ်ယာန်ပြောင်းတဲ့ စီဒီဆိုလို့ ခဏယူကြည့်ဖြစ်ခဲ့တယ်။ မြန်မာနိုင်ငံမှာ ကိုးဘွဲ့ရနာမည်တပ်ထားတဲ့ ဆရာတော်တစ်ပါးက နာမည်ကြီးဆိုတော့ လူတွေကလည်း အဲဒီဆရာတော်မှတ်ပြီးတော့ စိတ်ဝင်တစားနဲ့ အခွေဝယ်ကြည့်နေကြတာ တွေ့ရတယ်။ လမ်းဘေးဆိုင်တွေမှာလည်း ကိုးဘွဲ့ရဆရာတော် လူထွက်ပြီး ခရစ်ယာန်ပြောင်းသွားတဲ့ ခွေဆိုပြီး ရောင်းချနေတော့ စီးပွားရေးသမားတွေလည်း တွက်ခြေကိုက်ကြသပေါ့။ အဲဒီ စီဒီကို ကြည့်လိုက်တော့ လိမ်လည်တဲ့ ကောက်ကျစ်တဲ့ ဓမ္မဆရာဟောပြောချက်တွေ ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ဟောပြောသူက Rev.T.Peter S.Gum Aung (Profesor) လို့ ဆိုပါတယ်။

စာရေးသူက ဒီလို ခေါင်းစီးတပ်လိုက်တော့ မိတ်ဆွေ ခရစ်ယာန်ဘုန်းကြီးတွေရော၊ လူတွေရော စာရေးသူကို သူများ ဘာသာရေး ပုတ်ခတ်စော်ကားသူလို့ ထင်ချင်ထင်နေပါလိမ့်မယ်။ စာဖတ်သူများ ဘယ်လို ထင်ထင်၊ ဒီအခွေကို သေချာကြည့်ပြီးတဲ့ စာရေးသူကတော့ နောင်တရမှာ မဟုတ်ဘူး။ စာရေးသူဟာ ဘာသာရေး အစွန်းရောက်သူ၊ ကိုယ့်ဘာသာမှ ကိုယ့်ဘာသာဆိုတဲ့ စိတ် မရှိဘူးဆိုတာကို ရင်းနှီးသူတိုင်းက သိကြပါတယ်။ စာရေးသူမှာ ခရစ်ယာန်မိတ်ဆွေ၊ မွတ်စလင်မိတ်ဆွေ အားလုံး ရှိပါတယ်။ အားလုံးကိုလည်း လေးလေးစားစားပဲ ဆက်ဆံပါတယ်။ ဒါပေမယ့် ဒီ ဘုန်းကြီးရဲ့ လုပ်ရပ်ကတော့ ဘယ်လိုမှ နှစ်မြို့စရာ မရှိပါဘူး။ နောက်ပြီး အဲဒီ လိမ်လည် ဟောပြောတယ်ဆိုတဲ့အချက်ကလည်း သူ့ဟာသူ အိမ်မှာ ဟောပြီး စီဒီခွေ လုပ်ထားတာဆိုရင်လည်း စာရေးသူ ဘာမှ ပြောမှာ မဟုတ်ဘူး။ ဒါက ပရိသတ်ရှေ့မှာ အခမ်းအနားနဲ့ ဟောပြောတာ ဖြစ်ပါတယ်။ ဒီလောက် ရှေ့နောက်မညီ မဟုတ်မတရား ဟောပြောသူကို နေရာပေးတဲ့သူတွေကလည်း (အဲဒီဘုန်းကြီးလို ကောက်ကျစ်စိတ်မရှိဘူးဆိုရင်တောင်) ခေါင်းမရှိတဲ့သူတွေပဲ ဖြစ်လိမ့်မယ်။

ဘုန်းကြီးတစ်ပါး လူထွက်၊ ခရစ်ယာန်ပြောင်းတာ ပြဿနာမဟုတ်ပါဘူး။ ထူးလည်း မထူးဆန်းပါဘူး။ ဒါပေမယ့် မဟုတ်မတရား နည်းလမ်းတွေနဲ့ တစ်ဖက်ဘာသာနိမ့်ကျအောင် ဟောပြောတာကတော့ အောက်တန်းကျပါတယ်။

ဟောပြောချက်ထဲမှာ သူ့ကိုယ်သူတော့ အချက်ကျလှပြီဆိုပြီး အားလုံးကို ညာရမ်းထားတာတွေပဲ။ ထင်ရှားတာ တစ်ခုကတော့ သီရိလင်္ကာနိုင်ငံကနေ ဒေါက်တာဘွဲ့ယူတယ်ဆိုတာက ဘယ်လိုမှ မဟုတ်တဲ့အချက်ပါ။ သီရိလင်္ကာနိုင်ငံကနေ ယနေ့အထိ ဒေါက်တာဘွဲ့ရတဲ့ မြန်မာဘုန်းကြီး ၃-ပါးပဲ ရှိခဲ့ဖူးပါတယ်။ သူ မပါဘူး။ နောက်ပြီး သူက ၀ဋံသကာဘွဲ့ ရတယ်တဲ့။ 

ဝဋံသကာဘွဲ့ဆိုတာက တော်ရုံတန်ရုံ အရည်အချင်းနဲ့ ရတာ မဟုတ်ပါဘူး။ မန္တလေး၊ သကျသီဟအသင်းကြီးမှာ နှစ်မခြားဘဲလည်း အောင်ရမယ်၊ အဆင့် ၁-နဲ့လည်း အောင်ရမယ်။ ဒီအချက်နှစ်ချက် ပြည့်စုံမှ ပေးတာပါ။ ဒါကိုပဲ ဦးစောမောင် (နိုင်ငံတော်)က ထူးချွန်လို့ဆိုပြီး ပေးသယောင် ညာပြောထားတယ်။ ကျန်တဲ့ ဘွဲ့တွေလည်း ညာပြောနေတာဖြစ်ဖို့ များတယ်။ သေသေချာချာ စုံစမ်းဖို့ မဖြစ်နိုင်လို့သာ အားလုံး ညာနေတယ်လို့ မပြောနိုင်တာပါ။

 မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို သိနားလည်သူတိုင်းက သူပြောနေတာတွေက လှိမ့်လုံးတွေဆိုတာ သိကြပါတယ်။ နောက်ပြီး သီဟိုဠ်အရှင်မဟာဗုဒ္ဓဃောသ ပြုစုသွားတဲ့ ကျမ်းတစ်ကျမ်းဖြစ်တဲ့ အဋ္ဌသာလိနီကျမ်းကိုလည်း သူ ပြုစုခဲ့ပါသတဲ့။ ဒီလောက် ဗုဒ္ဓဘာသာမှာ အရေးပါတဲ့၊ အဆင့်အတန်းမြင့်မားတဲ့ ကျမ်းကို မရှက်မရွံ့ သူပြုစုတယ်လို့ ပြောတာဟာ တော်တော်ကို စက်ဆုပ်ဖွယ် ကောင်းပါတယ်။

နောက်ပြီးတော့ အောက်တန်းကျတဲ့ စကားတွေအနက် ယုတ်မာကောက်ကျစ်စွာ ပြောတာ တစ်ခု ရှိပါသေးတယ်။ မသိသူများကတော့ သူပြောတာကို အဟုတ်ထင်ကောင်း ထင်ပါလိမ့်မယ်။ ဘုရားဟောသော်လည်းပဲ ဆဋ္ဌသင်္ဂါယနာမှာ မတင်ခဲ့တဲ့ ကျမ်းတစ်ကျမ်း ရှိတယ်တဲ့။ စာမျက်နှာ ၁၂၀-လောက်ရှိတယ်တဲ့။ အဲဒီကျမ်းထဲမှာ တစ်ဆူတည်းသော ဘုရားသခင်ကို ဂေါတမမြတ်စွာဘုရား ဟောခဲ့တယ်ဆိုပဲ။ သူ့ကို မယ်တော် မာရီက မွေးဖွားခဲ့တာတဲ့။ လန်ကြုတ် ပါဠိတွေကိုတောင် ရွတ်ပြလိုက်သေးတယ်။ သူများ ဘာသာကို စနစ်တကျ အကွက်ချ အပုတ်ချဖို့ တော်တော်ကြိုးစားထားပုံ ရပါတယ်။

သူပြောမှပဲ ဆဋ္ဌသင်္ဂါယနာတင်ခဲ့တဲ့ မင်းကွန်းဆရာတော်ကြီး စတဲ့ ဆရာတော်ကြီးတွေက မြတ်စွာဘုရားတရားတွေကို ထိန်ချန်ထားခဲ့သလိုလို၊ ဗုဒ္ဓဘာသာကပဲ ခရစ်ယာန်ဘုရားက ဟောပေးခဲ့သလိုလို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်တာပါပဲ။ နောက်ပြီး လူထွက်ရင် ဖမ်းမယ်ဆိုတဲ့ စကား။ နလပိန်းတုံးတွေပဲ သူ့စကားကို ယုံကြပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ ဘယ်အစိုးရကမှ လူထွက်ရုံနဲ့ မဖမ်းပါဘူး။ ဒါကိုပဲ သူ့ကိုသူ နိုင်ငံတော်က လူထွက်ရင် ဖမ်းမယ်လို့ ခြိမ်းခြောက်တယ်လို့ ဆိုပါတယ်။

နောက်တရားတစ်ပုဒ် ဟောပါသေးတယ်။ အဲဒီထဲမှာလည်း ကျက်သရေမရှိတဲ့ ဟောပြောချက်တွေက များပါတယ်။ သူက အကုသိုလ်စိတ်တွေ၊ လောဘ၊ ဒေါသ၊ မောဟတွေ၊ ကိလေသာ ပယ်ခွါတာတွေ စတဲ့ ဗုဒ္ဓဘာသာအယူအဆ (Buddhist Concept)တွေကို ခရစ်က ဟောထားသလိုလို မြန်မာဓမ္မကထိက လေသံနဲ့ ဟောသွားပါတယ်။ စီဒီတစ်ချပ်လုံးကို သုံးသပ်ကြည့်ရင် ဗုဒ္ဓဟောကြားချက်များကို ခရစ်ဟောထားသလိုလိုဖြစ်အောင် ပုံဖျက်ထားတယ်။
စာရေးသူဟာ ခရစ်ယာန်သမ္မာကျမ်း အဟောင်းအသစ် အားလုံးနီးပါး ဖတ်ဖူးပါတယ်။ သူဟောသလိုမျိုး ဗုဒ္ဓဘာသာဟောကြားချက်တွေဟာ သမ္မာကျမ်းမှာ မပါပါဘူး။ 

ခရစ်ဟောတဲ့ ကျမ်းသစ်ထဲမှာသာ ဗုဒ္ဓဘာသာအယူအဆနဲ့ အနည်းငယ်ဆင်တူတဲ့ ဟောကြားချက်လေးတွေ ပါနေတာပဲ ရှိပါတယ်။ ဒါတောင်မှ အဲဒီပါတဲ့ လမ်းညွှန်ချက်တွေဟာ ဗုဒ္ဓဘာသာအလိုအရ သာမန် ပုထုဇဉ်အဖြစ်မှ လူတော်လူကောင်းဖြစ်ရေးအဆင့်လောက်ပဲ ရှိပါတယ်။ ဗုဒ္ဓဘာသာရဲ့ တကယ့်အနှစ်သာရ အဆင့်မြင့်ပိုင်းတွေပုံစံ မပါပါဘူး။ ဒါကိုပဲ သူ့မှာ ဟောစရာအဆင့်မြင့်တရားမရှိတော့ ဗုဒ္ဓဘာသာက ယူပြီး ရောသမ မွှေလိုက်တဲ့ သဘောပါပဲ။

ဆိုတော့ …. မြန်မာနိုင်ငံမှာ ဘယ်ဗုဒ္ဓဘာသာဘုန်းကြီးကမှ ခရစ်ဟော၊ သမ္မာဟောတွေကို ဗုဒ္ဓဟောလေဟန် မလုပ်ကြဘူး။ ဗုဒ္ဓတရားတော်တွေဟာ တစ်သက်လုံး ဟောရင်တောင် မကုန်နိုင်တဲ့ လေးနက်တဲ့ ဓမ္မတွေ ဖြစ်တယ်။ ဘယ်ဘာသာက ဘယ်အချက်ကိုမှ တုပဟောပြောစရာမလိုအောင် ပြည့်စုံပါတယ်။ ဒါပေမယ့် ဘာသာခြား (အထူးသဖြင့် ခရစ်ယာန်)များကတော့ ဗုဒ္ဓတရားတော်တွေကို ဝေါဟာရအရကော၊ လမ်းစဉ်ပိုင်းအရပါ အတုအပ ပြုလုပ်ပြီး ဟောပြော၊ ညာဖြီးနေကြတာကို မကြာခဏ တွေ့နေရတယ်။

ဒီတော့ ပြောချင်တာက လူတိုင်းလူတိုင်းဟာ လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိတယ်။ ယုံကြည်ခွင့် ရှိတယ်။ ဒါပေမယ့် ယုတ်မာကောက်ကျစ်တဲ့ စိတ်နဲ့ လိမ်ညာဖြီးဖြန်းပြီး အခြားဘာသာတွေကို ထိပါးအောင် လုပ်ခွင့်မရှိဘူး။ အထူးသဖြင့် ဘယ်ဘာသာပဲဖြစ်ဖြစ် ဘုန်းကြီးလုပ်သူတွေဟာ လူရှေ့သူရှေ့မှာ ဟောပြောပြီဆိုရင် တိကျဖို့ လိုတယ်။ ခိုင်မာဖို့ လိုတယ်။ ရိုးသားဖို့ လိုတယ်။ အဲဒီလို မဟုတ်ဘဲ၊ ဒါမျိုးတွေ ဆက်ဟောပြောနေရင်တော့ ဟောပြောသူရဲ့ဘာသာပဲ ပိုပြီး အရှက်ကွဲစရာ ဖြစ်လာပါလိမ့်မယ်။

နိဂုံးချုပ်အနေနဲ့ ပြောချင်တာက စာရေးသူရဲ့ မိတ်ဆွေ ခရစ်ယာန်များကို အားနားပါတယ်။ စာရေးသူလည်း တစ်ခါတစ်လေ စကားပြောရင် သမ္မာကျမ်းစာမှာလာတဲ့ “သင်၏ အမျက်ဒေါသကို နေမ၀င်ပါစေလင့်”စတဲ့ ခရစ်ယာန်ဟောကြားချက်လေးတွေကို အသုံးပြုတတ်ပါတယ်။ ဒါပေမယ့် ဒီဟောကြားချက်ကို ဗုဒ္ဓဟောခဲ့တာလို့ ဘယ်တုန်းကမှ ရောမချပါဘူး။ အခုလိုမျိုး ရောချပြီး ဗုဒ္ဓဘာသာကို အသရေပျက်စေတဲ့ ဟောပြောချက်တွေကိုတော့ စာရေးသူက ဘယ်တော့မှ ငြိမ်ကြည့်မနေနိုင်ပါဘူး။ ဘာသာအားလုံးဟာ သူ့နည်းသူ့ဟန်နဲ့ လောကကောင်းကျိုး၊ လူသားကောင်းကျိုးအတွက် အလင်းပြ ပေးနေကြပါတယ်။ ရိုးရိုးသားသား အလင်းပြပေးကြပါ။ ငြိမ်းငြိမ်းချမ်းချမ်း ရှိပါလိမ့်မယ်။

Saturday, May 5, 2012

သုတစုံလင် ဗုဒ္ဓ၀င်ပြိုင်ပွဲ

ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ သုတစုံလင် ဗုဒ္ဓ၀င်ပြိုင်ပွဲလေးကို ၀င်နွှဲခဲ့ရလို့ အလွန်ကို ကြည်နူးခဲ့ရပါတယ်။ အံ့သြစရာကောင်းလောက်အောင် တော်တဲ့ ကလေးတွေကို တွေ့ရတာကလည်း ချီးကျူးမဆုံး၊ ၀မ်းသာမဆုံးပါပဲ။ စာအုပ်လှန်ပြီး မေးခွန်းထုတ်၊ အဖြေလွှာကြည့်ပြီး ဒိုင်လုပ်ရတဲ့ ကိုယ်တို့တောင် မေးပြီးမေ့သွား၊ ကြည့်ပြီးမေ့သွားခဲ့တဲ့ ပုစ္ဆာမျိုးတွေကိုတောင် သားတွေ၊ သမီးတွေက ဒက်ကနဲ ဒက်ကနဲ ဖြေသွားကြတာဆိုရင်ဖြင့် ချီးကျးမဆုံး ၀မ်းသာမဆုံးပါပဲ။ မနက်မိုးလင်းကတည်းက ညနေ ၆း၃၀ လောက်ထိ ဆွမ်းစားချိန် ၁၅-မိနစ်လောက်ကလွဲပြီး တစ်ထိုင်တည်း ထိုင်ခဲ့ရပေမယ့် အချိန်တွေ ကုန်လို့ ကုန်မှန်း မသိအောင် ကြည်နူးခဲ့ရတယ်။ ဒီလို ဘာသာရေး တတ်သိနားလည်စေတဲ့ ပြိုင်ပွဲမျိုးတွေ များများ ပေါ်ထွန်းပါစေလို့လည်း ဆုတောင်းမိတယ်။ ဒီပွဲဖြစ်မြောက်အောင် နေ့မနား ညမအား ဆောင်ရွက်ခဲ့တဲ့ သူငယ်ချင်း ပဏ္ဍိတဘိက္ခုကိုလည်း ကျေးဇူးတင်မိတယ်။ ဆက်လက်ပြီး ဒီထက် ပိုစည်းလုံးတဲ့အဖွဲ့တွေ ဖွဲ့ပြီး ဒီထက် ပိုကြီးကျယ်တဲ့ပွဲတွေ ဖြစ်မြောက်လာပြီး နိုင်ငံအပြောင်းအလဲနဲ့အတူ Straggle တွေ များလာတော့မယ့် မြန်မာနိုင်ငံဗုဒ္ဓဘာသာအတွက် ကြိုးစားပေးမယ့် မျိုးဆက်သစ်လူငယ်တွေ ပေါ်ထွန်းအောင် ဆောင်ရွက်နိုင်ကြပါစေ ...





































Thursday, May 3, 2012

ကိုယ်နှင့် ကိုယ့်သူငယ်ချင်းများ



(၁)
သူငယ်ချင်းဆိုသည်မှာ အဘယ်နည်း။ သူငယ်ချင်းဆိုသည်မှာ ကိုယ့်ဘ၀၏ အစိတ်အပိုင်း တစ်ခုခုတွင် အကြောင်းအားလျော်စွာ သိကျွမ်းခင်မင်ခွင့် ရသူဟု ယေဘုယျ အဓိပ္ပာယ်ဖွင့်ချင်သည်။ လူတိုင်းတွင် သူငယ်ချင်းများ ရှိကြသည်။ ကိုယ့်မှာလည်း သူငယ်ချင်းများ ရှိပါသည်။ သူငယ်ချင်းများကို သတိရလွမ်းဆွတ်မိသဖြင့် ဤဆောင်းပါးကို ရေးပါသည်။ အရှင်အာနန္ဒာက သူငယ်ချင်း(မိတ်ဆွေ)ကောင်းသည် ကိစ္စအချို့ကို ပြီးစေနိုင်သည်ဟု မြတ်စွာဘုရားအား ပြောသည်။ မြတ်စွာဘုရားက ကိစ္စအချို့ ဘယ်ဟုတ်မလဲ၊ ကိစ္စအားလုံး ပြီးစေနိုင်သည်ဟု ပြန်မိန့်သည်။

(၂)
မိဘဟု တမ်းတလိုက်သည်နှင့် မိမိကို မွေးဖွားပေးခဲ့ရာ ကျေးလက်ဒေသလေးကို စိတ်က ရောက်သွားသည်။ သူငယ်ချင်းဟု တမ်းတလိုက်သောအခါမှာတော့ နီးနီးလေးမှာ၊ ဝေးဝေးကြီးမှာ၊ မနီးမဝေးမှာ၊ အာရှမှာ၊ ဥရောပမှာ၊ အမေရိကမှာ၊ နိုင်ငံခြားမှာ၊ ပြည်တွင်းမှာ၊ တိုင်းမှာ၊ မြို့မှာ၊ ရွာမှာ … အိုး … နေရာတွေက အနှံ့ပါလား။ ချစ်ခင်ရသော သူငယ်ချင်းများ နေရာအနှံ့အပြားတွင် ရှိလေသည်။ စိတ်က ကမ္ဘာအနှံ့ ပတ်သွားသည်။ သူငယ်ချင်းများကို လွမ်းပါသည်။

 သူငယ်ချင်းအားလုံးကို တစ်ပြိုင်တည်း လွမ်းတတ်သည်တော့လည်း မဟုတ်ပါ။ သူငယ်ချင်း၏ အကျင့်စရိုက်နှင့်ကိုက်ညီသော အရာတစ်ခုခု၊ အတွေးတစ်ခုခု ၀င်ရောက်လာတိုင်း ထိုအကျင့်စရိုက်ရှိသော သူငယ်ချင်းကို သတိရတတ်သည်။ သူငယ်ချင်း ပေးတတ်သောအရာတစ်ခုခု မရရှိတတ်လေတိုင်း ထိုအရာကို ပေးတတ်သော သူငယ်ချင်းကို လွမ်းမိသည်။ ခြုံပြောရလျှင် တိုက်ဆိုင်မှုရှိလာတိုင်း သူငယ်ချင်းများကို လွမ်းဆွတ်ရပါသည်။ နေ့စဉ်လိုလို သတိတရဖြစ်နေရသော သူငယ်ချင်းအချို့လည်း ရှိနေပြန်သည်။

(၃)
သူငယ်ချင်းကောင်းကို တွေ့လိုလျှင် မိမိကိုယ်တိုင်က သူငယ်ချင်းကောင်းဖြစ်အောင် ကြိုးစားရမည်ဟု ကြားဖူးသည်။ ကိုယ့်အပေါ်မှာ ဆိုးဆိုးရွားရွား ဒုက္ခပေးတတ်သော သူငယ်ချင်းမရှိခဲ့သဖြင့် အပြန်အားဖြင့် ကိုယ်က သူငယ်ချင်းများ ဒုက္ခရောက်အောင် မလုပ်ခဲ့ဖူးဘူးဟု အဓိပ္ပာယ်ထွက်သဖြင့် ကိုယ်ကိုကိုယ် တွေးမိတိုင်း ကျေနပ်ရသည်။ ဓမ္မဓိဋ္ဌာန်ကျကျ ကိုယ့်ကိုကိုယ် ဝေဖန်ကြည့်သောအခါတွင်ကား မိမိကိုယ်တိုင်က သူငယ်ချင်းကောင်းတစ်ယောက်အင်္ဂါရပ်များနှင့် ကိုက်ညီအောင် ကြိုးစားအားထုတ်ဖို့ အများကြီး လိုအပ်နေသေးသည်ဟု နေ့စဉ်နေ့တိုင်း သတိပေးနေဖြစ်သည်။ သူငယ်ချင်းတစ်ယောက်က ‘ကိုယ့်အပေါ် ၁-ခါလောက် ကောင်းပေးပါ၊ ကိုယ့်ဘက်က ၁၀-ခါ ပြန်ကောင်းဖို့ ၀န်မလေးဘူး၊ အေး … ကိုယ့်အပေါ် ၁-ခါလောက် ဆိုးလိုက်ရင်တော့ အနည်းဆုံး ကိုယ်တစ်ခါ ပြန်ဆိုးပြမယ်” ပြောဖူးသည်။ မိမိမှာ ထိုသဘောမျိုး ဗီဇသဘောအရ ကိန်းနေသဖြင့် ဖြူစင်မြင့်မြတ်သော သူငယ်ချင်းတစ်ယောက်ဖြစ်ဖို့တော့ အတော်ကြိုးစားရအုံးမည်။

(၄)
သူငယ်ချင်းတွေ မည်မျှ ရှိသနည်း။ သူငယ်ချင်းဟူသော ခေါင်းစဉ်အောက်တွင် သူငယ်ချင်းများစွာ ရှိနေသည်ကို တွေ့ရသည်။ ငယ်စဉ်တောင်ကျေး ကလေးဘ၀က သူငယ်ချင်းများ၊ ကိုရင်ဝတ်လိုက်သဖြင့် ရလာသော သူငယ်ချင်းများ၊ စာသင်တိုက်အသီးသီးတွင် ရလာသော သူငယ်ချင်းများ၊ ရန်ကုန်ရောက်လာသောအခါ ရလာသော သူငယ်ချင်းများ၊ သာသနာ့တက္ကသိုလ်ကျောင်းသားအဖြစ်နှင့် ရလာသော သူငယ်ချင်းများ၊ ဟိုနားဒီနားသွားရင်း အကြောင်းတိုက်ဆိုင်သဖြင့် ရသော သူငယ်ချင်းများ၊ ပြည်ပထွက်သဖြင့် ရလာသော သူငယ်ချင်းများ၊ သီရိလင်္ကာတွင် သိကျွမ်းခွင့်ရခဲ့သော သူငယ်ချင်းများ၊ မလေးရှားသွားသဖြင့် ခင်မင်ခဲ့ရသော သူငယ်ချင်းများ၊ စင်္ကာပူအလည်သွားရင် သိခဲ့သော သူငယ်ချင်းများ၊ ထိုင်းမှာ သိကျွမ်းခဲ့သော သူငယ်ချင်းများ၊ အွန်လိုင်းသုံးသဖြင့် ရင်းနှီးခဲ့ရသော သူငယ်ချင်းများ၊ သူငယ်ချင်းများထံမှတစ်ဆင့် သိကျွမ်းခဲ့ရသော သူငယ်ချင်းများ …. ဘ၀တွင် တိုးပွားလာသော မိတ်ဆွေသူငယ်ချင်းများက နေရာအနှံ့မှ ၀င်ရောက်လာနေခဲ့ပါသည်။

(၅)
ဘယ်သူငယ်ချင်းကို အချစ်ဆုံးလဲ။ မိမိကိုယ်ကို မေးကြည့်မိသောအခါ ကိုယ့်အဖြေကြောင့် ကိုယ်လန့်သွားခဲ့သည်။ အတ္တကြီးသော အဖြေများ ဖြစ်လေမလားဟု သံသယ၀င်ခဲ့သောကြောင့် ဖြစ်ပါသည်။ စာဖတ်သူများကိုလည်း မေးကြည့်လိုပါသည်။ သင်တို့ ချစ်ခင်ရဆုံးသော သူငယ်ချင်းများသည် ဘယ်လို အမျိုးအစားများ ဖြစ်နေသနည်း။ ကိုယ့်ဘ၀တွင် ကိုယ်အချစ်ဆုံး သူငယ်ချင်းများမှာ ကိုယ်ဆိုးသမျှကို သည်းခံပြီး အနွံတာခံတတ်သောသူများ ဖြစ်နေသည်ကို တွေ့ရသည်။ အခြားသူများ၏ အချစ်ဆုံးသူငယ်ချင်းများကိုလည်း သိချင်မိပါသည်။

(၆)
ဘ၀တွင် ကြုံတွေ့လာရသော သူငယ်ချင်းများ အများကြီး ရှိသော်လည်း ကိုယ့်အပေါ်မှာ အလိုလိုက်သော သူငယ်ချင်းများကတော့ အနည်းအကျဉ်းသာ ရှိတတ်ပါသည်။ တစ်ဖန် ကိုယ့်အပေါ် အနွံတာခံသည်ဆိုရာမှာလည်း အကြောင်းမဲ့သက်သက်တော့ မည်သူမျှ အနွံတာခံကြလိမ့်မည် မဟုတ်ပါ။ သူ့အတွက် ရစရာတစ်ခုခု သို့မဟုတ် သူတန်ဖိုးထားသော အရာတစ်ခုခု ရှိနေသဖြင့် အနွံတာခံကြခြင်း ဖြစ်သည်။ ဤစကားကို ပြောလိုက်သဖြင့် ကျွန်ုပ်ချစ်ခင်ရသော သူငယ်ချင်းများ နားလည်မှု လွဲသွားကောင်းလွဲသွားနိုင်သည်။ ဆိုလိုသည်မှာ ရစရာ ဆိုတိုင်း မကောင်းသည် မဟုတ်ပါ။ ကိုယ့်ဆီက ပညာရေးဆိုင်ရာ တစ်ခုခု၊ အတုယူစရာတစ်ခုခု သို့မဟုတ် ကောင်းမွန်သောအချက်တစ်ခုခုသည် ရစရာ ဖြစ်နိုင်ပါသည်။ ကိုယ်လည်း သူငယ်ချင်းများကို ပေါင်းသင်းတိုင်း ဘာတစ်ခုမှ သူ့ဆီက မျှော်လင့်လို့ မရနိုင်လျှင် ဆက်လက်ပေါင်းသင်းလေ့ မရှိပါ။ ကိုယ့်ဂုဏ်ကိုယ်ဖော်တယ်ဟုဆိုဆို ကိုယ်ဖြတ်သန်းခဲ့ရာ သူငယ်ချင်းဝန်းကျင်တွင် ပစ္စည်းဥစ္စာ၊ ရာထူးအာဏာ စတဲ့ မကောင်းတဲ့အရာများကို ရလိုမှုအတွက် မည်သူ့ကိုမျှ သူငယ်ချင်းဖြစ်အောင် မစည်းရုံး မသိမ်းသွင်းခဲ့ဖူးပါ။ ဘယ်လောက် ချမ်းသာချမ်းသာ၊ အနာဂတ်အလားအလာရှိရှိ ကိုယ့်စိတ်နှင့်မကိုက်လျှင် မည်သူ့ကိုမျှ အကျွမ်းတ၀င်ဖြစ်အောင် မလုပ်ခဲ့ဖူးပါ။ သို့ရာတွင် တစ်စုံတစ်ယောက်တွင် အများနှင့်မတူသော အသိဥာဏ်ပညာဆိုင်ရာ အားသာချက်တစ်ခုခု၊ စကားပြောဆိုင်ရာ ကျွမ်းကျင်မှုလိုမျိုး အားသာချက်တစ်ခုခု၊ ပင်ကိုယ်ဗီဇအရ ဥာဏ်ကောင်းမှု၊ ဥာဏ်မကောင်းသော်လည်း အများထက် ပိုမိုကြိုးစားလေ့ရှိမှု၊ အများအပေါ်တွင် စေတနာထားရာ၌ ကိုယ်လိုက်မမီနိုင်လောက်အောင် မြင့်မြတ်မှု၊ ပြဿနာများကို အေးအေးဆေးဆေး သိမ်သိမ်မွေ့မွေ့နည်းဖြင့် (ကိုယ့်ထက်ပို၍) ဖြေရှင်းနိုင်စွမ်းရှိမှု၊ ပညာရပ်ဆိုင်ရာတစ်ခုခုကို လေ့လာရာတွင် (ကိုယ့်ထက်ပို၍) မြန်မြန်ဆန်ဆန် တိုးတက်အောင် လုပ်ဆောင်နိုင်မှု၊ အစစအရာရာ ကိုယ့်ထက်မသာသော်လည်း ရိုးသားမှုဂုဏ် … စသော အရည်အချင်းများ ပိုင်ဆိုင်သူများကို အောက်ကျို့ကာ လိုက်လံပေါင်းသင်းလေ့ရှိခဲ့ပါသည်။ 

အဘယ့်ကြောင့်ဆိုသော် သူတို့နှင့်ပေါင်းသင်းမိလျှင် သူတို့၏ အမူအကျင့်ကောင်းများ ကိုယ့်ထံသို့ ကူးစက်လာစေဖို့ ဖြစ်ပါသည်။ ကိုယ့်ထံမှာ ရှိနေသော ကောင်းသောအမူအကျင့်လေးများအနက် အချို့အ၀က်မှာ သူငယ်ချင်းများထံမှ ရရှိခဲ့သည်ကို ပြန်လည်စဉ်းစားမိသောအခါ သူငယ်ချင်းများကို ပိုမို လွမ်းဆွတ်ရပါသည်။

(၇)
သူငယ်ချင်းများကြောင့် ပျော်ရွှင်ခဲ့ရသည်များ၊ အသိပညာဗဟုသုတ တိုးပွားခဲ့ရသည်များ ရှိသော်လည်း သူငယ်ချင်းများနှင့် ခွဲခွါရခြင်းကြောင့် ရရှိလေ့ရှိသော ဝေဒနာများကလည်း များလှသည်။ လူကြီးသူမများ ဆုံးမစကားထဲတွင် လူအချင်းချင်း ပေါင်းသင်းဆက်ဆံမှုနှင့် ပတ်သက်၍ “ကိုယ်ပေါင်း စိတ်ခွါ၊ စိတ်ပေါင်း ကိုယ်ခွါ”ဟူသော စကားလေးများကို မကြာခဏ ကြားရတတ်သည်။ ဤနေရာတွင် ကိုယ်က သူငယ်ချင်းများနှင့် ပတ်သက်၍ “ကိုယ်ပေါင်း စိတ်ကွာ၊ စိတ်ပေါင်း ကိုယ်ကွာ”ဟု ပြောင်းလဲသုံးစွဲလိုပါသည်။

 အချို့သူငယ်ချင်းအပေါင်းအသင်းများမှာ ကိုယ်အရ ပေါင်းသင်းနေရသော်လည်း စိတ်ဓာတ်အားဖြင့် ကွာခြားနေတတ်သည်။ တစ်ဖန် အချို့သူငယ်ချင်းနှင့် စိတ်ဓာတ်အရ အတူတကွ တစ်သားတည်း ရှိနေတတ်သော်လည်း ကိုယ်က အဝေးမှာ ရောက်နေတတ်သည်။ လူတိုင်းတွင် “စိတ်ပေါင်း ကိုယ်ပေါင်း”သူငယ်ချင်းများ များများစားစား ရှိနေပါသလော။ “စိတ်ပေါင်း ကိုယ်ပေါင်း”သူငယ်ချင်းများ ကိုယ့်မှာ သိပ်မရှိဖြစ်နေသည်ကို ၀မ်းနည်းရပါသည်။ အချို့သူငယ်ချင်းများကလည်း သူတို့ထံ စာမပို့ သတင်းမပါးနေဖြစ်သည်ကို သူတို့အပေါ် မချစ်ခင်တော့ဘူးအထင်နှင့် ကိုယ့်အပေါ် အထင်လွဲနေသူ သူငယ်ချင်းများလည်း ရှိနေတတ်သဖြင့် တစ်ခါတစ်ရံ စိတ်မကောင်းဖြစ်ရသည်။

ထို့ထက် ပိုဆိုးသော သူငယ်ချင်းနှင့်ပတ်သက်သော ဝေဒနာများမှာ တစ်ချိန်က “စိတ်ပေါင်း ကိုယ်ပေါင်း”သူငယ်ချင်းများ ဖြစ်ခဲ့သူများကလည်း အဝေးရောက်သောအခါ စိတ်ဓာတ်တွေ၊ ခံယူချက်တွေ၊ ဦးတည်ချက်တွေ ပြောင်းသွားသည်များ ကြုံရသောအခါ ခံစားရသော ဝေဒနာများ ဖြစ်ပါသည်။ ထိုဝေဒနာများ မဖြစ်အောင် မည်ကဲ့သို့ လုပ်ဆောင်သင့်ပါသနည်း။ အဖြေကို မမျှော်လင့်မိပါ။ အပြောကျယ်လှသော လောကကြီး၏ ဓမ္မတာသဘောတရားတစ်ရပ်အနေနှင့်သာ လက်ခံလိုက်ရဖို့ ရှိပါသည်။ ဘယ်လို ဝေဒနာတွေပဲရှိရှိ သူငယ်ချင်းများကိုတော့ လွမ်းဆွတ်သတိရပါသည်။

(၈)
သူငယ်ချင်းများ ခေါင်းစဉ်အောက်တွင် ရေးချင်သောအရာများက တစ်သီတစ်တန်းကြီး ရှိနေပါသည်။ သိကျွမ်းခင်မင်နေဆဲဖြစ်သော သူငယ်ချင်းများအားလုံးကို ကိုယ်မပေါင်းလျှင်သော်မှ စိတ်ချင်းတော့ ဆက်သွယ်နေစေချင်သည်။ တစ်ဦး၏အသိဥာဏ်ပညာဗဟုသုတများ၊ ကောင်းမွန်သာလွန်သော အရည်အချင်းနှင့် ရိုးသားမှုဂုဏ်ပြည့်ဝသော သူငယ်ချင်းများ ဆက်လက်ပေါ်ပေါက်စေချင်ပါသည်။ သို့ရာတွင် အထက်တွင် ဆိုခဲ့သော ဗီဇစိတ်တစ်ခုကိုကား (ပြုပြင်ဖို့ စိတ်ကူးထားသော်လည်း) ပြုပြင်၍ မရသေးပါ။ “ကိုယ့်အပေါ် ၁-ခါလောက် ကောင်းကြည့်ပါ၊ ၁၀-ခါ ပြန်ကောင်းဖို့ ၀န်မလေးဘူး၊ အေး … ၁-ခါလောက် ဆိုးကြည့် … ”။ ကိုယ်အာမခံ၍ မရသေးပါ။ ဘာပဲဖြစ်ဖြစ် ဘုရားလောင်းတို့၏ စိတ်ဓာတ်ကို အတုယူပြီး "အရာရာကို ခွင့်လွှတ်သည်းခံတတ်သော သဘောတရားက အမွန်မြတ်ဆုံး အဖြစ်သင့်ဆုံး"ဆိုသော ဗုဒ္ဓဒဿနကို သီဝရီအရ လက်ခံထားသေးသည့်အတွက် ကိုယ့်ကိုကိုယ် ကျေနပ်နေရသည်။ တစ်ချိန်ချိန်တော့ ဘုရားလောင်းစိတ်ဓာတ်များ ကိန်းဝပ်နေအောင် ကြိုးစားရပေအုံးမည်။ သူငယ်ချင်းများကို လွမ်းပါသည်။
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails