Sunday, February 26, 2012

ဘယ်လိုကြီးပါလိမ့် ဟရို့တို့ရယ်

Image and video hosting by TinyPic

ဓမ္မကထိကများအတွက် ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်ပါ။ internet connection မကောင်းလို့ ကျန်တဲ့ စာရွက်တွေတော့ မတင်လိုက်နိုင်ဘူး။ အဓိကစာရွက်ပဲ တင်လိုက်တယ်။

ဓမ္မကထိကများ လူမှုရေးတွေလည်း မဟောရဘူးတဲ့။ လူမှုရေးဆိုတာ ဘာများပါလိမ့်နော်။

လက်တွေ့တရားအားထုတ်ပြီး ဆရာကြီးဦးဂိုအင်ကာတို့လို ဓမ္မာစရိယမအောင်တဲ့ လူတရားသမားကြီးတွေလည်း သူတို့ တရားကို ဘယ်လိုများ ဖောက်သည်ချခွင့် ရပါ့မလဲ။

၁၀ ၀ါ မပြည့်သေးသော်လည်း ပညာပြည့်ဝပြီး တရားဟောကြားလိုသော သံဃာတော်လေးများ တရားဟောချင်ရင် ဘယ်လိုများ လုပ်ပါ့မလဲ။ ဖတ်ပြီးတော့ ရယ်ရမလား၊ မောရမလားတောင် မသိတော့ပါဘူး။ ဒီထက်ပိုပြောလိုက်ရင်လည်း သူတောင်ကောင်းကြီးတွေကို မထိနဲ့၊ ဘာဟဲ့၊ ညာဟဲ့ လုပ်ကြအုံးမယ်။ ကိုယ့်ဟာကိုယ်သာ စဉ်းစားကြည့်ကြလေ။ သူတို့ ဘယ်ကို ခြေလှမ်းနေကြသလဲ။

Friday, February 24, 2012

အသံမဲ့ အသံ

(၁)

အသံမဲ့ မိုးကြိုးလို့ ခေါ်တဲ့ ကင်နင်ကျောင်းက ဆရာကြီး မိုကူရိုင်းထံမှာ တိုယိုလို့ ခေါ်တဲ့ အသက် ၁၂-နှစ်အရွယ်ရှိ အလုပ်အကြွေး တစ်ယောက်ရှိပါတယ်။ တိုယိုလေးဟာ သူ့ဆရာရဲ့ အခန်းကို စိတ်ပျံ့လွင့်တာတွေ ရပ်စေတဲ့ ကိုအန်များ သင်ကြားဖို့၊ စန်ဇင်နဲ့ ပတ်သက်တဲ့ ညွှန်ကြားချက်များကို ရယူဖို့ တပည့်တွေ လာလာနေကြတာကို နေ့စဉ်နဲ့အမျှ တွေ့မြင်ရေပါတယ်။

တိုယိုလေးကလည်း ဒီလို စန်ဇင်ပညာကို သင်ချင်လာခဲ့ပါတယ်။ ဆရာကြီး မိုကုရိုင်းကတော့ “ငါ့တပည့် နေပါအုံး၊ မင်းက အရမ်းငယ်သေးတယ်”လို့ဆိုပြီး မသင်ပေးခဲ့ဘူး။ ဒါပေမယ့် တိုယိုလေးက အတင်းတောင်းဆိုတော့ နောက်ဆုံးမှာ သင်ပေးဖို့ သဘောတူခဲ့ရတယ်။ ညနေခင်း၊ သင့်တော်တဲ့အချိန်မှာ တိုယိုလေးဟာ စန်ဇင်သင်ပေးတဲ့ မိုကုရိုင်းရဲ့အခန်းတံခါးခုံလေးဆီကို အရောက်သွားခဲ့တယ်။ သူရောက်နေတာ သိဖို့ ခေါင်းလောင်းလေးကို ထိုးလိုက်တယ်။ တံခါးအပြင်မှာပဲ ရိုရိုသေသေ ဦးညွှတ်လိုက်တယ်။ ရိုသေစွာနဲ့ ဆရာကြီးရှေ့မှာ ငြိမ်ငြိမ်လေး ထိုင်နေခဲ့တယ်။

ထိုအခါ မိုကုရိုင်းက “လက်ခုပ်နှစ်ဖက် တီးလိုက်တဲ့အခါမှာ မင်း အဲဒီအသံကို ကြားရတယ်၊ အခု လက်ခုပ်တစ်ဖက်တည်း တီးတဲ့အသံကို ပြပါ”လို့ ပြောလိုက်တယ်။ တိုယိုလေးဟာ ဆရာကြီးကို အရိုအသေပေးပြီး ဒီပြဿနာကို စဉ်းစားဖြေရှင်းဖို့ သူ့အခန်း သူပြန်သွားခဲ့တယ်။ တိုယိုလေးနေတဲ့အခန်း ပြတင်းကနေ ကချေသည်မလေးရဲ့ သီချင်းသံသာသာလေးကို ကြားလိုက်တော့ ၀မ်းမြောက်ဝမ်းသာနဲ့ “အား … ငါ သိပြီ”လို့ ထအော်လိုက်တယ်။ နောက်ရက် ညနေခင်း ဆရာကြီးနဲ့တွေ့တော့ “လက်ခုပ်တစ်ဖက်တည်းတီးတဲ့အသံကို ငါ့ကို သရုပ်ဖော်ပြစမ်း”လို့ ခိုင်းလိုက်တယ်။ တိုယိုလေးက ကချေသည်မလေး ဆိုခဲ့တဲ့ သီချင်းကို တီးပြလိုက်ပါတယ်။

ထိုအခါ မိုကုရိုင်းက “အိုး.. အိုး .. မဟုတ်သေးဘူး၊ ဒါက လက်ခုပ်တစ်ဖက်တည်း တီးတဲ့အသံ မဟုတ်ဘူး၊ မင်း လုံးဝ သဘောမပေါက်သေးဘူး”လို့ ဆိုလိုက်ပါတယ်။ တိုယိုလေးဟာ ဒီသီချင်းသံက ငါ့ကို အနှောက်အယှက်တောင် ဖြစ်နေသလားလို့ တွေးပြီး သူ့နေတဲ့နေရာကို တိတ်ဆိတ်တဲ့နေရာကို ရွှေ့ပြောင်းလိုက်ပြီး တရားဆက်ထိုင်ပါတယ်။ ပြီးတော့ “လက်ခုပ်တစ်ဖက်တည်း တီးတဲ့အသံက ဘာများ ဖြစ်လေမလဲ”လို့ တွေးနေမိပါတယ်။ ဒီလိုနဲ့ ရေစက်လေးတွေ တစ်စက်စက် ကျနေတဲ့အသံကို ကြားပြီး “အော် .. ဟုတ်ပြီ၊ လက်ခုပ်တစ်ဖက်တည်း တီးတဲ့အသံက ဒါပဲ ဖြစ်လိမ့်မယ်”လို့ တွေးမိပြီး နောက်တစ်နေ့ သူ့ဆရာနဲ့တွေ့တဲ့အခါ “လက်ခုပ်တစ်ဖက်တည်း တီးတဲ့အသံဟာ ရေစက်ကျသံပါပဲ”လို့ ဖြေလိုက်ပါတယ်။

ထိုအခါ မိုကုရိုင်းက “ဘာတဲ့ … ဘာတဲ့ … ရေစက်ကျသံဟာ ရေစက်ကျသံပဲ ဖြစ်မှာပေါ့၊ ဘယ်လိုလုပ်ပြီး လက်ခုပ်တစ်ဖက်တည်း တီးတဲ့အသံ ဖြစ်မှာလဲ၊ သွား .. ထပ်ကြိုးစားလိုက်အုံး”လို့ ပြောလိုက်ပါတယ်။ တိုယိုလေးခမျာ လက်ခုပ်တစ်ဖက်တည်း တီးတဲ့အသံ ကြားရဖို့ တရားရှုမှတ်လည်း အချည်းနှီးပဲ ဖြစ်နေရပါတယ်။ နောက်ထပ် ဆက်ပြီး လက်ခုပ်တစ်ဖက်တည်း တီးတဲ့အသံဆိုတာ လေတိုးသံလို့ ပြောလည်း သူ့ဆရာက ငြင်းလွှတ်လိုက်ပြန်တယ်။ နောက်ထပ်တစ်ဖန် လက်ခုပ်တစ်ဖက်တည်း တီးတဲ့အသံဆိုတာ ဇီးကွက်အော်သံလို့ဆိုလည်း မဟုတ်ပြန်ဘူး။ ကျိုင်းကောင်အော်သံလို့ ဆိုတော့လည်း အပယ်ချခံရပြန်တယ်။

ဒီလိုနဲ့ တိုယိုလေးဟာ နောက်ထပ် ၁၀-ကြိမ်ထက်မနည်း သူ့ဆရာဆီကို အသံမျိုးစုံ ပြောဖြစ်ခဲ့တယ်။ တိုယိုလေး ပြောသမျှ အသံအားလုံးကို သူ့ဆရာက အမှားချည်းပဲ၊ မမှန်သေးဘူးလို့သာ ပြန်ဖြေတယ်။ နောက်ထပ် ၁-နှစ်နီးပါးမျှ တိုယိုလေးခမျာ လက်ခုပ်တစ်ဖက်တည်း တီးတဲ့အသံဆိုတာ ဘာဖြစ်ပါလိမ့်မလဲလို့ တွေးတောနေခဲ့ရတယ်။ နောက်ဆုံးမှာ တိုယိုလေးဟာ တရားကို တရစပ်ရှုမှတ်ပြီး အသံအားလုံးကို ဆင်ခြင်သုံးသပ်မိတယ်။ နောက်ပိုင်းမှာ “ငါဟာ ဘာအသံကိုမှ မယူတော့ဘူး”လို့ သုံးသပ်လိုက်မှ “အသံမဲ့ အသံကို ငါ ရပြီ”လို့ ကြွေးကြော်လိုက်ပြီး လက်ခုပ်တစ်ဖက်တည်း တီးတဲ့အသံကို သိမြင်သဘောပေါက်သွားပါတော့တယ်။

(၂)

ပြီးခဲ့တဲ့ နှစ်က “ဟိုပင်ညက လက်ခုပ်သံ”ဆိုပြီး ဆောင်းပါးလေးတစ်ပုဒ် ရေးခဲ့ဖူးတယ်။ ဟိုပင်မြို့ကို သွားလည်တုန်းက အကြောင်းလေးကို လက်ခုပ်တစ်ဖက်တည်း တီးတဲ့အသံနဲ့ ရောစပ်ပြီး ရေးခဲ့ဖူးပါတယ်။ ပုံပြင်လေး(ဇာတ်လမ်း)အစုံတော့ မပါပါဘူး။ အခုဆိုရင် ဇင်ဇာတ်လမ်းလေးတွေနဲ့ စာဖတ်သူတို့လည်း အတော်အတန် ရင်းနှီးနေလောက်ပါပြီ။ ဇင်ပုံပြင်ဇာတ်လမ်းလေးတွေရဲ့ ရသကိုလည်း အတော်အသင့် ခံစားမိလောက်ပြီလို့ ခံစားမိပါတယ်။

ဇင်ဇာတ်လမ်းတွေရဲ့ အနှစ်သာရက ဘာလဲလို့ မေးလာရင် စာဖတ်သူတို့ ဘယ်လို ဖြေမလဲ။ တစ်ယောက်တစ်မျိုးစီနဲ့ အမြင်အမျိုးမျိုး ပြောကြမှာ သေချာပါတယ်။ စာဖတ်သူတို့ လက်ခံနိုင်မလားတော့ မသိဘူး။ စာရေးသူရဲ့ အမြင်အရတော့ ဇင်ဇာတ်လမ်းလေးတွေရဲ့ အနှစ်သာရဟာ “အေးချမ်းတိတ်ဆိတ်မှုတွေနဲ့ ယှဉ်တွဲနေတဲ့ လွတ်လပ်မှု”ဖြစ်တယ်လို့ ဆိုချင်ပါတယ်။

(၃)

တစ်စုံတစ်ရာကို နက်နက်နဲနဲ၊ နက်နက်ရှိုင်းရှိုင်း ခံစားမိပြီဆိုရင် လူတိုင်းလူတိုင်းမှာ စကားလုံးတွေ ရှားပါးသွားတတ်ကြပါတယ်။ အေးချမ်းတည်ငြိမ်တဲ့ တရားဘက်ဆိုင်ရာ၊ အသိအမြင်၊ အတွေးအခေါ်ဆိုင်ရာ ခံစားချက်တွေမှ မဟုတ်ပါဘူး။ ချစ်ခြင်းမေတ္တာတရားကို လေးလေးနက်နက် ခံစားတတ်သူတွေတောင် သူတို့ ခံစားချက်တွေ လေးနက်လာပြီဆိုရင် သူတို့ ခံစားချက်ကို ဖော်ထုတ်ဖို့ စကားလုံးတွေ ပျောက်ဆုံးနေတတ်ပါတယ်။ ဒီလိုနဲ့ နားလည်ရခက်တဲ့ စာတွေ၊ ကဗျာတွေ ဖြစ်လာတတ်ကြတာပဲ မဟုတ်ပါလား။

(၄)

မိုးလင်းကနေ မိုးချုပ် အသံတွေ ကြားနေရပါတယ်။ သာယာနာပျော်ဖွယ်အသံတွေလည်း ဖြစ်ကောင်းဖြစ်မယ်။ စိတ်မချမ်းမြေ့စရာအသံတွေလည်း ဖြစ်ကောင်းဖြစ်မယ်။ မိမိနားထဲကို ၀င်လာတဲ့အသံတိုင်းကို မိမိစိတ်က “ဒီအသံကတော့ ဘယ်လို၊ ဟိုအသံကတော့ ဘယ်လို”ဆိုပြီးတော့လည်း မခွဲခြားဘဲ မနေတတ်ကြဘူး။ အဲဒီလို ကြားလိုက်ရတဲ့အသံတွေနဲ့ နေ့စဉ်ဘ၀ရဲ့ ကောင်းမြတ်ခြင်း၊ ဆိုးယုတ်ခြင်း (ကုသိုလ်၊ အကုသိုလ်)တွေကို အတွေးနဲ့သော်လည်းကောင်း၊ အပြောနဲ့သော်လည်းကောင်း၊ အလုပ်နဲ့သော်လည်းကောင်း ဖန်တီးလုပ်ဆောင်နေကြရတယ်။ ဒါက သက်ရှိတွေရဲ့ သွားမြဲလမ်းပါပဲ။

ကောင်းတဲ့အသံကို ကြားလိုက်တော့ မိမိနှလုံးသားထဲမှာ ကောင်းတဲ့အသံလေးက ပဲ့တင်ထပ်သွားလိုက်တယ်။ မကောင်းတဲ့အသံကို ကြားလိုက်တော့ မိမိရင်ထဲမှာ အပူမှိုင်းတွေရောနေတဲ့ အသံလေးက ၀ရုန်းသုန်းကား ဖြစ်သွားတယ်။

ကောင်းတဲ့အသံ၊ ဆိုးတဲ့အသံရယ်လို့ မခွဲခြားဘဲ ထားလိုက်တော့ ရင်ထဲနှလုံးသားထဲမှာ ဘာအသံလေး ဖြစ်သွားမလဲ။ (ပြောချင်တာက ဒါပဲ ဖြစ်မယ် ထင်ပါတယ်)။

မိမိတို့ထံကို ၀င်လာသော အသံများက လက်ခုပ်တစ်ဖက်၊ မိမိတို့ (အာရုံခံ)က လက်ခုပ်တစ်ဖက်၊ ထိုလက်နှစ်ဖက် ထိခတ်လိုက်ခြင်းကြောင့် ဖြစ်လာတဲ့ အာရုံခံစားမှုများက လက်ခုပ်သံများ ဖြစ်တယ်။

(၅)

အခု ဆောင်းပါးကို အဆုံးသတ်တော့မယ်ဆိုတော့ စာဖတ်သူက လက်တစ်ဖက်ကို လေထဲ အဆင်သင့်မြှောက်ထားလိုက်ပါ။ အသက်ကို ခပ်ပြင်းပြင်း ရှုရှိုက်လိုက်ပါ။ ပြီးရင် ဖြည်းဖြည်းငြိမ်ငြိမ်လေး လက်တစ်ဖက်တည်းနဲ့ လက်ခုပ်တီးကြည့်ပါ။ ထိုအသံကို ကြားလိုက်တာနဲ့ ရင်ထဲမှာ အေးငြိမ်းမှုတစ်ခု သို့မဟုတ် တစ်ခုထက်မနည်း သင်ခံစားမိပါလိမ့်မယ်။

အေးငြိမ်းမှုကို လေးလေးနက်နက် ခံစားဖို့ဆိုရင်တော့ ဒိထက်ပိုပြီး လေးလေးနက်နက် တိတ်တိတ်ဆိတ်ဆိတ် ကြိုးစားဖို့တော့ လိုတာပေါ့။

Thursday, February 23, 2012

မပြောချင်လည်း ပြောရအုံးမယ်



(၁)
ခုတလော အသံတွေက ဆူညံနေတယ်။ တိုင်းပြည်အပြောင်းအလဲအကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အကြောင်း၊ ရွေးကောက်ပွဲအကြောင်း၊ မဟနအကြောင်း အကြောင်းတွေက စုံလှတယ်။ အင်တာနက်သတင်းတွေ၊ ဘလောဂ်တွေ၊ ၀က်ဘဆိုက်တွေ၊ ဖေ့စဘွတ်ခ်တွေ ဖွင့်လိုက်တိုင်း ဒီအကြောင်းတွေက နေရာယူထားတယ်။ ဒါက ဘာဆန်းလဲ။ ကိုယ့်တိုင်းပြည်အကြောင်း ကိုယ့်မြန်မာတွေ ပြောကြမှာပေါ့။ ဒီတော့ ပြောစရာရှိတာက တို့တိုင်းပြည်တော့ ဒီလို အပြောင်းအလဲတွေ ဖြစ်နေတယ်။ ဒီလိုအချိန်မှာ တို့က မသိချင်ယောင်ဆောင်နေရမှာလား။ ဘယ်ခေတ်မှာမှ ဗုဒ္ဓဘာသာဟာ နိုင်ငံ့အရေးတွေနဲ့ ကင်းကွာမနေခဲ့ဘူးဆိုတာ တွေ့ရမယ်။ ခေတ်တိုင်းခေတ်တိုင်း ဆရာတော်တွေဟာ တိုင်းပြည်အုပ်ချုပ်သူတွေကို အကြံဉာဏ်တွေ ပေးခဲ့တယ်။ ကောင်းရာမွန်ရာတွေကို ပြောကြားပေးခဲ့တယ်။
ဒီလို တရားနဲ့အညီ အုပ်ချုပ်ဖို့ အကြံပေးတာနဲ့ ဒီဆရာတော်တွေဟာ ကိုယ့်အလုပ်ကိုယ် မလုပ်ဘူး။ နိုင်ငံရေးတွေ လုပ်နေတယ်လို့ ဆိုရတော့မလား။ ဘယ်သမိုင်းဆရာကမှ အဲဒီဆရာတော်တွေကို နိုင်ငံရေးလုပ်တဲ့ ဆရာတော်တွေလို့ မပြောခဲ့ဘူး။ တို့ ဗုဒ္ဓဘာသာဟာ တိုင်းပြည်ကောင်းစားရေးအတွက် ဘုရင်တွေကိုတောင်မှ ဆုံးမသြ၀ါဒပေးခဲ့တယ်၊ တိုင်းသူပြည်သားအရေးကို လျစ်လျူမရှုခဲ့ဘူးလို့တောင်မှ ဂုဏ်ယူပြောကြသေးတယ်။ ဒီဘက်ခေတ်ရောက်မှ ဘာတွေ ဖြစ်ကုန်ကြတာလဲ။
(၂)
အသက်ကြီးကြီး ဆရာတော်တွေက အာဏာရှင်အစိုးရ တက်လာတော့ ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်ကြီးဆိုပြီး တတွတ်တွတ် ရွတ်ဆို ဖားယားကြတယ်။ ဟိုဟာလုပ်ပေးဖို့၊ ဒီဟာ လုပ်ပေးဖို့ တောင်းဆိုတယ်။ အမှန်တကယ် ငတ်ပြတ်နေတာတွေ သိရဲ့နဲ့ ပြည့်စုံနေသလိုလို (အာဏာရှင်အကြိုက်) ပြောပေးကြတယ်။ ပြည်သူတွေ စိတ်ဆင်းရဲနေတာတွေ သိရဲ့နဲ့ စိတ်ချမ်းသာနေသလိုလို ပြောပေးကြတယ်။ ဗိုလ်ချုပ်ကြီးတွေ ခိုင်းတာ အကုန်လုပ်ပေးတယ်။ အာဏာရှင်တည်မြဲရေး သြ၀ါဒတွေ ပေးကြတယ်။ ပြောရရင် အာဏာရှင်တွေ ကောင်းကြောင်းပြောပေးကြတယ်။ ကဲ . ဟုတ်ပြီ။ ဒီဆရာတော်တွေ ဒီလို ပြော၊ ဒီလို လုပ်နေတာကိုကျတော့ ဒီဆရာတော်တွေ နိုင်ငံရေး လုပ်တယ်လို့ ဘယ်သူ ပြောသလဲ။
(၃)
ကိုယ်တော်လေးတွေကလည်း သူတို့ ခံယူချက်နဲ့သူတို့ အမေစု ကောင်းကြောင်း ပြောကြတယ်။ ပြည်သူတွေ ငတ်နေတာကို ပြောပြတယ်။ ကလေးတွေ စာမတတ်တာတွေ ပြောကြတယ်။ ကျောင်းမနေနိုင်ကြတာ ပြောကြတယ်။ ပြည်သူတွေ အထူးသဖြင့် ကျေးလတ်ပြည်သူတွေ စားဝတ်နေရေး မပြေလည်တာတွေ ပြောကြတယ်။ တိုင်းပြည်မှာ ရှိတဲ့ မတရားမှုတွေ၊ အဓမ္မမှုတွေကို ပြောကြတယ်။ (ဆရာတော်ကြီးတွေလို ဖားတာယားတာတွေတောင် မပါဘူး)။ ကဲ ဟုတ်ပြီ။ ဒီလို ကိုယ့်တိုင်းပြည်တွင်းက ဒီလို အခြေအနေတွေကို ပြောနေတဲ့ ကိုယ်တော်လေးတွေကိုတော့ ခင်ဗျားတို့ ဘယ်လို တံဆိပ်ခတ်နှိပ်ပေးကြသလဲ။ ဒီကိုယ်တော်က နိုင်ငံရေး လုပ်တယ်တဲ့။
တချို့ ဒကာ၊ ဒကာမတွေကလည်း လာသေးတယ်။ အရှင်ဘုရားဆိုက်မှာ နိုင်ငံရေးအကြောင်းတွေ ဆက်ရေးနေရင် တပည့်တော် အရှင်ဘုရား ပညာရေး မထောက်ပံ့တော့ဘူးတဲ့။ ကျုပ်ကလည်း ရှင်းတယ်။ ဒကာတို့လို လူတွေနဲ့ ဝေးလေကောင်းလေပဲလို့။ တရားမမျှတတာကို တရားမျှတတယ်၊ ဆင်းရဲနေကြတာကို ချမ်းသာနေကြတယ်လို့ ကျုပ်ကလည်း ဘယ်တော့မှ မပြောဘူး။ ဗုဒ္ဓဘာသာဆိုတာ တရားမျှတမှု မရှိတာကို ရှိအောင်၊ ဆင်းရဲနေတာကို ချမ်းသာအောင် နည်းလမ်းတွေ အများကြီး ပေးထားတယ်။ မြတ်စွာဘုရားရှင်ရဲ့ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာရေး နည်းလမ်းတွေဟာ လောကကနေ ကင်းကွာမနေဘူးဆိုတာ မှတ်ထားရမယ်။ ကျုပ်တစ်ခါ ရေးထားဖူးတယ်။ ကူဋဒန္တသုတ်ဆိုတာ မြတ်စွာဘုရားရှင်ကိုယ်တိုင် ဟောထားတဲ့ တိုင်းပြည်တည်ဆောက်ရေး တရားပဲ။
ဒီတော့ ခင်ဗျားတို့ မလှူချင်လည်း မလှူနဲ့။ ကျုပ်ကတော့ လိပ်ပြာသန့်သန့်နဲ့ ဆက်ပြောမှာပဲ။
(၄)
အခုလည်း လာကြသေးတယ်။ မဟနတွေကို ရေးတာ မကောင်းဘူး။ အဲ့ဒီလို မရေးသင့်ဘူးတဲ့။ ဘာဖြစ်လို့လည်း. မင်းအတွေးအခေါ်တွေက ငါ ပြောလိုက်ရင် ပြိုလဲကုန်အုံးမယ်လို့ဆိုတော့ ဗန်းမော်ဆရာတော်ကြီးလို ဆရာတော်ကြီးတွေ ပါနေလို့ပေါ့တဲ့။ အေး ဗန်းမော်ဆရာတော်ကြီး ပါတော့ ဘာဖြစ်လဲကွ၊ ငါက ဗန်းမော်ဆရာတော်ကြီးကို ပြစ်မှားတာမှ မဟုတ်တာ၊ ဗန်းမော်ဆရာတော်လို ဆရာတော်တွေကို ငါ လေးစားဦးခိုက်ပြီးသားပဲ၊ အခုဟာက မဟနက မတရားမှုတွေ၊ အဂတိလိုက်စားတာတွေ၊ ပြည်သူတွေ နာမှာ၊ ဒုက္ခရောက်မှာကို ထည့်မတွက်ဘဲ အစိုးရအလိုကျ ဆုံးဖြတ်ပြောဆိုပေးတာတွေ မင်းမသိချင်ယောင် မဆောင်ပါနဲ့။ အဲဒါတွေ ပျောက်ကွယ်သွားရေးအတွက် တစ်ခုခု လုပ်ကြစေဖို့ ငါ ရေးနေ၊ ပြောနေတာ
အချို့ကလည်း လာသေးတယ်။ မဟနဆရာတော်တွေ ဦးဆောင်ညွှန်ကြားထောက်ပံ့ထားတဲ့ တက္ကသိုလ်မှာ ပညာသင်ခဲ့ရတဲ့ ကျေးဇူးတွေ မင်း မမေ့နဲ့တဲ့။ ဒါက ခေါင်းမရှိလို့ ပြောတာ။ မဟနတွေ (ဘယ်သူကလွဲပြီး ဘယ်သူက လွဲပြီးလို့ ပြောနေရင် ပြီးမှာ မဟုတ်ဘူး။ ဒါကြောင့် မဟနလို့ပဲ သုံးရမှာပဲ) တက္ကသိုလ်စာသင်ခန်းထဲကို ဘယ်နှစ်ခေါက် ရောက်ဖူးသလဲ။ တက္ကသိုလ်မှာ စာဘယ်လို သင်ရတယ်၊ စည်းကမ်းတွေ ဘယ်လိုဘယ်ညာ ဘယ်လောက်ထိ သူတို့ သိသလဲ။ တက္ကသိုလ်ရဲ့ အထက်မှာ မဟနကို တင်ထားပေမယ့် နာမည်ပဲ ရှိတယ်ဆိုတာ အားလုံးသိနေတာပဲ။
တက္ကသိုလ်မှာ အခမဲ့ရတဲ့ လျှပ်စစ်မီး၊ အခမဲ့စားရတဲ့ ဆွမ်း၊ အခမဲ့သင်ရတဲ့ ပညာရေး . ဒီကုန်ကျစရိတ်တွေ အားလုံးဟာ ပြည်သူတွေရဲ့ ချွေးတွေပါဗျာ။ ပြည်သူတွေရဲ့ လုပ်အားတွေပါ။ ချမ်းသာသူအနည်းငယ်နဲ့ ဆင်းရဲသားပြည်သူတွေရဲ့ ကျေးဇူးတွေပါဗျာ။
(၅)
ဒီကျေးဇူးတွေကို ဆပ်ချင်လို့ ကျုပ်ကတော့ ပြည်သူတွေဘက်က အမြဲတမ်း ရပ်တည်ပြောနေမှာပဲ။ ဒါကိုပဲ နိုင်ငံရေးလုပ်တယ်ဆိုပြီး ခေါင်းစဉ်တပ်ချင်သူတွေ ပြောချင်သလို ပြော၊ ဒီလို ပြောလို့ မလှူချင်ဘူးဆိုလည်း မလှူကြနဲ့။ အခန့်မသင့်လို့ ဖမ်းဆီးချုပ်နှောင်ချင်တယ်ဆို ဖမ်း၊ ချုပ်။ ကျုပ်ကတော့ ပြည်သူတွေရဲ့ ကျေးဇူးတွေ ကျန်ရှိနေသေးလို့ ဆက်ပြောမှာပဲ။
ကျုပ်တို့ ဘုန်းကြီးတွေ ပြည်သူတွေရဲ့ ဆွမ်းကို စား၊ ပြည်သူတွေ ဆောက်ပေးတဲ့ကျောင်းမှာ နေ၊ ပြည်သူတွေ ပေးတဲ့ အ၀တ်ကို ၀တ်၊ ပြည်သူတွေ ပေးတဲ့ ဆေးနဲ့ ကျန်းမာနေခဲ့ကြရတာပါ။ ဒီလို အဘက်ဘက်က ထောက်ပံ့ကျွေးမွေးလာခဲ့တဲ့ ပြည်သူတွေကို ကျုပ်တို့ ဘာတွေများ ပေးဆပ်ပြီးပြီလဲဗျာ။
ပြောလိုက်ရင် ကိုယ့်ပေါင်ကိုယ် လှန်ထောင်းတာ ဖြစ်အုံးမယ်။ ခရစ်ယာန်ကျောင်းတွေကို လှူတဲ့ ပိုက်ဆံတွေဟာ ရောဂါဝေဒနာသည်တွေ၊ ကျောင်းမတက်နိုင်တဲ့ ကလေးတွေ၊ ဆင်းရဲတဲ့ မိသားစုတွေ ပညာရေးလုပ်ငန်း၊ ပရဟိတလုပ်ငန်းတွေဆီ ရောက်သွားတယ်။ ကျုပ်တို့ ဘုန်းကြီးကျောင်းတွေကို လှူတဲ့ ပိုက်ဆံတွေကတော့ ဘုန်းကြီးကျောင်းထဲက ပြန်ထွက်မလာကြတော့ဘူး။ သံဃာတွေအတွက် စားဝတ်နေရေး လုပ်တဲ့နေရာတွေကို မဆိုလိုပါဘူး။ သံဃာအတွက်လည်း မဟုတ်၊ ပြည်သူအတွက်လည်း မဟုတ်တဲ့ ကျောင်းတွေကို ဆိုလိုတာပါ။ (ပြည်သူတွေအတွက် လုပ်နေတဲ့ အာဇာနည် သံဃာတော်တွေလည်း ရှိပါတယ်။ သူတို့ကို ဦးခိုက်လျှက်ပါ။ ရှိတဲ့အရေအတွက်နဲ့ နှိုင်းစာပြီး ပြောတာပါ)။
(၆)
အခုဆိုရင် ပြည်တွင်းက ကျောင်းမနေနိုင်တဲ့ ကလေးတွေကို ကျောင်းထားပေး၊ ဆေးမကုနိုင်တဲ့ လူနာတွေကို ဆေးကုပေးခြင်းအားဖြင့် ဘာသာခြားတွေက လိုက်လုပ်ပေးနေတယ်။ အခုဆို ဗုဒ္ဓဘာသာဆင်းရဲသားကလေးတွေ၊ မိသားစုတွေဟာ ဘာသာခြားတွေ ဖြစ်မှန်းမသိ ဖြစ်ကုန်ကြပြီ။
ဒကာမကြီး ဟိုဘုရားစင်ကို ဘာလို့ အ၀တ်တွေနဲ့ ဖုံးထားရတာလဲ
သားလေးကို ကျောင်းထားပေးတဲ့ ခရစ်ယာန်ဓမ္မဆရာတွေ လာလို့ပါ။ သူတို့ မကြိုက်မှာစိုးလို့၊ အဓိကကတော့ သားလေးကို ကျောင်းဆက်မထားတော့မှာ စိုးလို့ပါ
………………………………..
ဟော သား ကျောင်းက ပြန်လာပြီလား။ ကျောင်းမှာ ဘာတွေ လုပ်ခဲ့ရလဲ
ဒီနေ့ ပြဇာတ်ကရတယ်လေ။ သားက ယေရှုအဖြစ် သရုပ်ဆောင်ရတယ်၊ သမီးက ရေဗက္က လုပ်ရတယ်
ကျောင်းမှာ နောက်ထပ် ဘာတွေ သင်ပေးလဲ
သားတို့ကို ဘုရားသခင်က လူတွေ၊ ဆင်းရဲသားတွေကို ကယ်တင်ပေးတဲ့အကြောင်း သင်ပေးတယ်။ နောက် နှစ်ခြင်းခံတဲ့အကြောင်းလည်း သင်ပေးတယ်၊ ရေထဲကို ခေါင်းကို နှစ်တာလေ။ အရမ်း ပျော်ဖို့ ကောင်းတာပဲ
………………………….
(၇)
ဗုဒ္ဓဘာသာဆိုတာ မြန်မာနိုင်ငံနဲ့ပတ်သက်ရင် အမြဲတမ်း ထိပ်ဆုံးက ရှိနေခဲ့တဲ့ ဘာသာပါ။ အခုလိုသာ ဦးဆောင်ပုဂ္ဂိုလ်တွေက အကျင့်ပျက်ခြစားနေရင်၊ အဓမ္မမှုတွေ အားပေးအားမြှောက် လုပ်နေရင်၊ ပြည်သူတွေရဲ့ ကျေးဇူးတရားကို လျစ်လျုရှုနေမယ်ဆိုရင် ထိပ်ဆုံးမှာ ဆက်ရှိနေအုံးမယ်လို့ ဘယ်သူ ကြွေးကြော်ရဲသလဲ။
(၈)
ပုဂ္ဂိုလ်ရေး အာဃာတတွေ၊ လေတိုက်ရင် ပြိုလဲမယ့် အတွေးအခေါ်တွေနဲ့ လာမပြောနဲ့။

ကဗျာရွတ်ပွဲ


မိုးခ ကဗျာရွတ်ပွဲ အမှတ်တရ ဓာတ်ပုံလေးတွေပါ။ ပထမဆုံးအကြိမ် ရောက်ဖူးတဲ့ ပွဲလေးဖြစ်ပါတယ်။ ကဗျာဆရာတွေ လွတ်လပ်မှု၊ တရားမျှတမှုကို ဘယ်လောက် မြတ်နိုးတယ်။ လောကကြီးကို ဘယ်လောက် ချစ်မြတ်နိုးတယ်ဆိုတာတွေကို ပြတဲ့ပွဲလေးလို့လည်း ဆိုချင်တယ်။ ကဗျာရွတ်ပွဲများ တရားပွဲများလို ရှင်သန်ထွန်းကားပါစေ။







































Friday, February 17, 2012

ကြည်နူးခဲ့ရသော နေ့တစ်နေ့

တစ်သက်နဲ့တစ်ကိုယ် မွေးနေ့ဆိုတာကို မလုပ်ခဲ့ဖူးဘူး။ လုပ်မယ့်လုပ်ဖြစ်တော့လည်း တစ်သက်မမေ့စရာ မွေးနေ့ပွဲလေး လုပ်ဖြစ်တယ်။ အစကတည်းက မဖြူဖြူသင်း လုပ်နေတဲ့ ပရဟိတလုပ်ငန်းတွေကို အားကျလေးစားနေခဲ့တော့ မွေးနေ့ပွဲလေး လုပ်ချင်ကြောင်း ပြောမိတယ်။ အပြောင်းအလဲတွေ မဖြစ်ခင်က ပရဟိတသမားဆိုတာ အစိုးရရဲ့  ရန်သူလို ဖြစ်နေခဲ့တော့ မဖြူဖြူသင်းတို့၊ ဦးကျော်သူတို့ စတဲ့ ပရဟိတသမားတွေဟာ ပုန်းလျှိုးကွယ်လျှိုး လုပ်ခဲ့ကြရတယ်။ ဒီနေ့အချိန်မှာတော့ လူတွေဟာ အပြောင်းအလဲအချို့နဲ့အတူ ပရဟိတလုပ်ငန်းတွေကို ရဲရဲဝံ့ဝံ့ လုပ်လာကြတာ တွေ့ရတယ်။ လူငယ်တွေရဲ့ ထင်ရှားသိသာတဲ့ အပြောင်းအလဲတွေကလည်း အားတက်စရာ ကောင်းပါတယ်။ ဒီနေ့ ၃၁-နှစ်မြောက် မွေးနေ့ပွဲလေးကို အကူအညီများ အမှန်တကယ် လိုအပ်နေတဲ့ မဖြူဖြူသင်းရဲ့ ဂေဟာလေးမှာ သူငယ်ချင်းတွေ၊ ဧည့်ပရိသတ်တွေနဲ့အတူ လုပ်ခွင့်ရခဲ့တော့ ဖော်မပြနိုင်လောက်အောင် ပီတိဖြစ်ရပါတယ်။

ဝေဒနာရှင်တွေကို ဆယ်စုနှစ်ချီပြီး ဒုက္ခသုက္ခတွေ အမျိုးမျိုး ကြားထဲက ကိုယ်ကျိုးမငဲ့ ပြုနေပေမယ့် ဂေဟာလေးခမျာ အခုထိ ရုံးခန်းနဲ့ဘာနဲ့ လိုအပ်တဲ့အသုံးအဆောင်တွေ ဘာမှ မရှိသေးတာ တွေ့ရတော့ စိတ်မကောင်းဖြစ်မိတယ်။ ဒါကြောင့် ပြည်တွင်းပြည်ပက စေတနာရှင်တွေအနေနဲ့ အမှန်တကယ်လိုအပ်နေတဲ့ ဒီဂေဟာလေးကို သွားရောက်လေ့လာလှူဒါန်းကြဖို့ တိုက်တွန်းလိုက်ရပါတယ်။



သူငယ်ချင်း လုပ်ပေးတဲ့ မွေးနေ့ ကိတ်


ညီနောင်သံဃာများနှင့် စကားလက်ဆုံကျနေသော မဖြူဖြူသင်း


စာရေးဆရာ မောင်မင်းစိုး (ရွှေနံ့သာ)က သူရေးသားခဲ့သော စာအုပ်များ လက်ဆောင်ပေး



အခုလို အန္တရာယ်ကြားကနေ လုပ်ရဲတာ၊ လုပ်နိုင်စွမ်းတာ၊ လုပ်နေတာ မြန်မာမှာ အလွန်ရှားတယ

မဆိုစလောက်တဲ့ ငွေ ၃-သိန်း လှူဒါန်းခဲ့



လာရောက်လှူဒါန်းကြသော စေတနာရှင်များနဲ့လည်း ဆုံရတယ်

ဘ၀တု သဗ္ဗမင်္ဂလံ ...



ဘ၀တု သဗ္ဗမင်္ဂလံ ...ရွတ်ဆိုပြီး ကိတ်မုန့်လှီးတယ်








အမှတ်တရ အားပေးစကားတွေ ပြောကြတယ်




အမှတ်တရ ဓာတ်ပုံတွေ ရိုက်ကြတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ .....
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails