Sunday, November 4, 2012

အကွေ့အကောက်များ


လေယာဉ်ကြီး စီးလို့ လာခဲ့သည်။ မသွားဖူးသည့်ခရီးမို့ အနည်းငယ် စိတ်လှုပ်ရှားနေသည်။ မနက်မိုးလင်းသည်နှင့် ကျောင်းက ဆရာတော်၊ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ နံနက်စာ ပျော်ပျော်ပါးပါး လွှေးကြသည်။ ဆိုင်မှအပြန် မြန်မြန်ဆန်ဆန် ပြင်ဆင်ထုတ်ပိုးပြီး သူတို့နှင့်အတူ လေဆိပ်ဆင်းသည်။ အနည်းငယ် စောနေသေးသည်။ မိုးအနည်းငယ် အုံ့နေသည်။ "ဒကာကြီး အဲကွန်းဖွင့်ဗျာ၊ ပိုက်ဆံပိုပေးမယ်"ဟု ပြောပြီး တက္ကစီဆရာကို အဲယားကွန်းဖွင့်ခိုင်းသည်။ ပျော်ပျော်ပါးပါး စကားဆိုရင်း လေဆိပ်ကို ရောက်သည်။ 

ဓာတ်ပုံရိုက်ဖို့ ပြင်လိုက်မှ ကင်မရာထဲမှာ မေမိုရီကဒ် ပါမလာခဲ့မှန်းသိသည်။ ခဏကြာတော့ Check in ၀င်၊ Immigration ဖြတ်ခဲ့သည်။ Immigration မှာ ရပ်နေစဉ် မီးပျက်တော့ နိုင်ငံခြားသားတစ်အုပ် Woo ဆိုကာ အော်ကြသည်။ လေယာဉ်ပေါ်မတက်ခင် စောင့်နေတုန်း ကွန်ပြူတာသုံးဖို့ အိတ်ကို ဖွင့်သည်။ ဘတ္တရီကြိုး ပါမလာခဲ့ပြန်။ "အော် ငါ့နှယ်"ဟု ရေရွတ်ရင်း သူများ(သူငယ်ချင်း)တွေ သိသွားမှာ စိုးရိမ်မိလိုက်သည်။ ခဏကြာတော့ လေယာဉ်ပေါ် တက်ခဲ့သည်။

ခုံနံပါတ်က ကေဖိုက်(K5)၊ ပြတင်းဘေးမှာ ကျသည်။ တိမ်တွေ ကြည့်ရတာ ပျော်တတ်သဖြင့် ကြိုက်သည်။ လေယာဉ်ကြီးက ဖြည်းဖြည်းချင်း နောက်ဆုတ်ရွေ့သည်။ ပြေးလမ်းရှိရာသို့ ဖြည်းဖြည်းချင်း ရွေ့နေသည်။ ပြေးလမ်းအဆုံးသို့ ရောက်သောအခါ ကွေ့သည်။ ဘေးဘီဝဲယာကြည့်သောအခါ လေဆိပ်အဟောင်းကြီးဘေးက ဖြတ်လာသည်။ လေဆိပ်အဟောင်းကြီးက တော်တော်ကြီးကို ကြည့်ရဆိုးနေပြီပဲ။ နည်းနည်းဆုံးတော့ ပြေးလမ်းထိပ်နားမှာ ဘုန်းကြီးကျောင်းတစ်ကျောင်း တွေ့သည်။ လေယာများ တစ်ခုခု ဖြစ်လို့ကတော့ အဲဒီကျောင်းတော့ ဒုက္ခပဲဟု ကြံကြံဖန်ဖန် တွေးမိသည်။ လေယာဉ်ကြီးက ပြေးလမ်းပေါ်မှာ စတည်မိပြီဆိုတာနှင့် အားကုန်ရုန်းပြီး ကောင်းကင်သို့ လွှင့်ပျံလာခဲ့သည်။ မျက်စိက တစ်ချက်လေးမှ အလွတ်မပေး။ ပြတင်းပေါက်ကနေ လှမ်းကြည့်နေသည်။ အဆောက်အအုံများက တဖြည်းဖြည်း သေးလာသည်။ မြင်ကွင်းက ပိုပိုကျယ်လာသည်။

လေယာဉ်ကြီးက ပြေးလမ်းပေါ် ငြိမ်သွားသည့်အချိန်ရောက်တော့ မြေမြင်ကို ခပ်ရေးရေးသာ မြင်ရတော့သည်။ မြစ်ကျယ်ကျယ်များ၊ ကျဉ်းကျဉ်းများ မြောက်မြားစွာ မြင်နေရသည်။ တိမ်တွေက ထူလာလိုက်၊ ပါသွားလိုက် ရင်ဖိုစရာအတော်ကောင်းသည်။ ကိုယ့်ကို တွေးဖြစ်စေဆုံးအရာများအနက် တစ်ခုက ကွေ့ကောက်နေသော လမ်းများနှင့် မြစ်များပင် ဖြစ်လေသည်။ ဖြောင့်နေသောလမ်း၊ ဖြောင့်တန်းစွာ စီးဆင်းနေသောမြစ်ဟူ၍ တစ်ခုမျှ မတွေ့ရ။ အားလုံးက ကွေ့ကာကောက်ကာ စီးဆင်းနေကြလေသည်။ အချို့မြစ်များ(ချောင်းများလည်း ဖြစ်နိုင်)ဆိုလျှင် ဧရိယာသေးသေး(သေးသေးဟု မြင်ရ)လေးတွင် အကွေ့အကောက်ပေါင်း များစွာနှင့် စီးဆင်းနေသေည်။ 

အချို့မြစ်များက မြွေကြီးများ ကွေ့ကောက်သွားနေသလားဟုပင် ထင်ရသည်။ မြစ်တို့၏ မာယာဟူသော စကားကို အမှတ်ရမိသည်။ အဘယ့်ကြောင့် မြစ်များသည် ကွေ့ကောက်နေရသနည်း။ ဘာမဆိုင်ညာမဆိုင် မြစ်များကို မေးခွန်းထုတ်လိုက်မိသည်။

ထိုအခါ မြစ်များက ကိုယ့်ကို မေးခွန်းပြန်မေးသည်။ ကိုယ်အံ့သြသွားခဲ့သည်။ မြစ်များက အသက်မရှိ၊ မေးခွန်းမထုတ်တတ်၊ အခုတော့ ကိုယ့်ကို တည့်တည့်မေးနေသည်။ "မင်းက ငါ့ကိုများ ကွေ့တယ်၊ ကောက်တယ်လေးနဲ့၊ မင်းဘ၀ကရော ဘယ်လောက်ဖြောင့်တန်းခဲ့လို့လဲ"။
လေယာဉ်ထိုင်ခုံကို နောက်အနည်းငယ် လှန်လိုက်သည်။ အပြင်အာရုံနှင့် ခွာလိုက်မှ နောက်ဘက်ထိုင်ခုံက ဘီယာအရက်နံ့က ထောင်းခနဲ ၀င်လာသည်။ အနည်းငယ် မှိန်းလိုက်သည်။ မြစ်များ မေးလိုက်သောမေးခွန်းအတွက် အချိန်ယူရမည်။ ကိုယ့်ဘ၀တစ်လျှောက်လုံး လှမ်းခဲ့ရာ ခြေလှမ်းများကို တစ်လွှာချင်း ပြန်မြင်ကြည့်သည်။ အဲဒီလို ပြန်မြင်ကြည့်လိုက်မှ ကိုယ့်ဘ၀၏ ရွေ့လျားဖြတ်သန်းရာ ခရီးရှည်တစ်ခုလုံးက ကွေ့ကောက်သော မြစ်များသဖွယ် ပေါ်လာနေကြသည်။ စီးဆင်းလို့ ရသမျှ ကိုယ်စီးဆင်းခဲ့သည်။ စီးဆင်းရတာ အရမ်းလွယ်ကူသည့်နေရာ ရောက်သည့်အခါ ဘ၀မြစ်ပြင်က ကျယ်ကားသွားသည်။ စီးဆင်းမှု နှေးကွေးသွားသည်။ အားအင်များ ပြန့်ကျဲကုန်သည်။ စီးဆင်းရခက်ခဲသည့်နေရာ ရောက်သည့်အခါ ကိုယ်အားကုန်ထုတ်သည်။ ခက်ခက်ခဲခဲ ပင်ပန်းပန်း စုစည်းကာ စီးဆင်းရသည်။ သို့အတွက်ကြောင့် ဘ၀မြစ်က အားပါသည်။ မာန်ပါသည်။ အရသာရှိသည်။
တစ်ခါတစ်ရံ မည်သို့မျှ ရှေ့ဆက်စီးဆင်းလို့ မရသောအခါ စီးဆင်း၍ ရသောနေရာမှ ကိုယ်စီးဆင်းရသည်။ ဘ၀မြစ်ပြင်က ကွေ့ကောက်သွားသည်။ တစ်ခါတစ်ရံ အောက်သို့ အဆင်တပြေ စီးဆင်းလာပြီးမှ အားမတန်မာန်လျှော့ကာ အထက်ပြန်တက်၊ ပြီးလျှင် အောက်ပြန်ဆင်း၊ ဤသို့ဖြင့် ဘ၀မြစ်သည် လောကမြစ်ပမာ ကွေ့ကာကောက်ကာ စီးဆင်းနေရလေသည်။

လေယာဉ်ကြီးက တိမ်တွေ ကြားထဲရောက်လာသဖြင့် (တိမ်ထူထပ်လာသဖြင့်) ဒုတ်ဒုတ်ဖြင့် အနည်းငယ် လှုပ်လာသည်။ သို့မှ မျက်လုံးဖွင့်ပြီး ပြတင်းပေါက်မှနေ၍ မြစ်ကြီးကို လှမ်းကြည့်လိုက်သည်။ သူက ပြန်ပြုံးပြနေသည်။ "သိပြီးလား၊ ငါတို့မြစ်တွေ ဘာဖြစ်လို့ ကွေ့ကောက်နေရသလဲဆိုတာ၊ မင်းတို့ဘ၀တွေနဲ့ငါတို့ဖြစ်တွေ ဘ၀က အတူတူပါပဲကွာ"ဟု ပြောနေသယောင်။

၎-နာရီခန့် ရှိသောအခါ ထိုင်ဝမ်(တိုင်ပေ)ကို မိနစ် ၂၀ အတွင်း ရောက်တော့မှာဖြစ်ကြောင်း၊ ထိုင်ဝမ်ကောင်းကင်တွင် တိမ်ထူထပ်နေကြောင်း ကြေညာသည်။ မြေပြင်ကို လုံးဝမမြင်ရတော့။ လေယာဉ်ကြီးက အနည်းငယ် တုန်ခါနေသည်။ တိမ်များကို ထိုးခွဲဆင်းသက်နေသည်။ မြေပြင်သို့ သက်ခါနီးမှ မြေပြင်ကို မြင်ရသည်။ မိုးတွေ အုံ့ဆိုင်းနေသည်။ Immigration officer က မင်း ဒီမှာ နေတော့မလို့လားဟု မေးသည်။ ဟုတ်တယ်ဟု ဖြေလိုက်သည်။ တံဆိပ်တုံး တစ်ခု ထုပေးသည်။ ဘာတွေများ ရစ်မလဲဟု တွေးခဲ့တာ မှားသည်။ 
လွယ်လွယ်ကူကူပင် ကျော်ဖြတ်လာသည်။ ကြိုသူများရှိရာ လှမ်းကြည့်တော့ ထိုင်ဝမ်ဆရာတော်ဘုရားကြီး၊ ကနေဒါဆရာတော်၊ ကျုံးလီဆရာတော်တို့ကို တွေ့ရသည်။ "ဆရာတော်တို့ အခြားဘယ်သူ့ကို လာကြိုရတာလဲ"ဟု မေးကြည့်ရာ "မဟုတ်ဘူး၊ ကိုယ်တော့်ကိုပဲ လာကြိုကြတာ"ဟု ပြောသဖြင့် အလွန့်အလွန် အားနာမိပါသည်။ လေဆိပ်မှ ထွက်လိုက်သည်နှင့် မိုးက ခပ်သည်းသည်း ရွာချလိုက်သည်။ ထိုင်ဝမ်က မိုးနှင့်ကြိုလိုက်သည်။ မိုးမိသွားသည်။ နှာတွေ စေးသည်။

ကားလေးက တငြိမ့်ငြိမ့် သွားနေသည်။ တွေးရင်းတွေးရင်း ကိုယ်က ကားပေါ်မှာ မဟုတ်တော့ဘဲ မြစ်တစ်စင်း ဖြစ်နေသည်။ ကားလေး ကွေ့လိုက်တိုင်း မြစ်တစ်စင်း ကွေ့နေသလို ထင်ရသည်။ ကိုယ့်ဘ၀မြစ်လေး ထိုင်ဝမ်မြေပေါ်မှာ စီးဆင်းနေသည်။ ကွေ့ကာကောက်ကာ စီးဆင်းနေသည်။ ဒီကနေ ဟို၊ ဟိုကနေ ဒီ ... ဟိုဟိုဒီဒီ စီးဆင်းရပေဦးမည်။ မြစ်ဖြစ်လို့ စီးရဆင်းရ၊ ကွေ့ရကောက်ရသည်။ ဘ၀နှင့်မြစ်က ထူးမခြားမို့ ဒီကနေ ဟို၊ ဟိုကနေ ဒီ၊ ဟိုဟိုဒီဒီ စီးဆင်းရပေဦးမည်။ ကိုယ့်ဘ၀မြစ်လေးဘေးက စိုက်ခင်းများ၊ တောတောင်များ စိမ်းလန်းကြစေဖို့ အားသွန်ခွန်စိုက် ကွေ့ကာကောက်ကာ စီးဆင်းနေပါမည်။

1 comment:

ပန်းကမ္ဘာ said...

ဘ၀နှင့်မြစ်က ထူးမခြားမို့ ဒီကနေ ဟို၊ ဟိုကနေ ဒီ၊ ဟိုဟိုဒီဒီ စီးဆင်းရပေဦးမည်။ ကိုယ့်ဘ၀မြစ်လေးဘေးက စိုက်ခင်းများ၊ တောတောင်များ စိမ်းလန်းကြစေဖို့ အားသွန်ခွန်စိုက် ကွေ့ကာကောက်ကာ စီးဆင်းနေပါမည်။
မဗေဒါ အံကိုခဲ ပန်းပန်လျက်ပဲ- ဆိုသလို ဘ၀အကွေ့အကောက်များကို ကျော်ဖြတ်နိုင်လိမ့်မည် ဟု ယုံကြည်လျက်ပါ..

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails