Thursday, April 26, 2012

ရောက်တတ်ရာရာ ကိုယ်ရေးဖြစ်တာ


(၁)
ရောက်တတ်ရာရာ ရေးဖြစ်တဲ့အကြောင်းကို ရောက်တတ်ရာရာ ပြောပြမိတာပါ။

(၂)
စာရေးတာတော့ ၀ါသနာပါတယ်။ ဒါပေမယ့် စာက မရေးတတ်ဘူး။ ပြောကြတယ်ပေါ့။ ကလောင်စွမ်း ပြပါအုံး။ စာတွေ အဆက်ပြတ်လှချည်လား။ ရေးပါအုံး။ ဦးဇင်း ကလောင်စွမ်းက ထက်တယ်။ ရေးပါအုံး။ အွန်လိုင်းမှာ ဘာကိစ္စလေးတော့ ပြောနေကြတယ်။ ၀င်ပြောပါအုံး။ ရေးပါအုံး။ ကိုယ်တော့်အမြင်လေး ရေးပါအုံး။ ဘယ်ရောက်နေတာလဲ။ ကိုယ်တော့်ဆိုက်ကို နေ့တိုင်း ရောက်တယ်။ အသစ်လည်း မတွေ့ဘူး။ လုပ်စမ်းပါအုံး။ ရဟန်းတော်များရဲ့ အမွေအနှစ်ကလည်း ရေးထားတာ မပြီးသေးဘူး။ ဆက်ပါအုံး။ ဒီက စောင့်ဖတ်နေတာ။ သာသနာနဲ့နိုင်ငံရေးကို ဆက်မရေးတော့ဘူးလား။ စာအုပ်များနဲ့ ခရီးသွားခြင်း ဆောင်းပါးတွေဆို အရမ်းကြိုက်တာ။ ဆက်ရေးပါအုံး။ ကိုယ်တော် ရွေးထားတဲ့ အင်တာဗျူးလေးတွေဆို အရမ်းဗဟုသုတရတယ်။ လုပ်ပါအုံး။ အဲဒီလို ရှာရှာဖွေဖွေလေးတွေ ရေးပါအုံး။ ဇင်အကြောင်းလေးတွေက တိုတိုလေးတွေနဲ့ ဟာတ်ထိတယ်။ ဇင်ဇာတ်လမ်းတွေက ဘယ်နှစ်ပုဒ်ရှိတာလဲ။ ဆက်ရေးပါအုံး။ ဟို ဘုရားဟောဝတ္ထုလေးတွေကို ကိုယ်ပိုင်အမြင်လေးတွေနဲ့ တွေးပြတာ သိပ်ကောင်းတယ်။ ဆက်မရေးတော့ဘူးလား။ ဘာတွေ လုပ်နေတာလဲ။ အလုပ်တွေ ရှုပ်နေလို့လား။
ဟို မဟနအကြောင်းတွေဆို ဖဲ့ထားတာ မိုက်တယ်။ အဲဒီလိုလေးတွေလည်း ဆော်ပေးမှ။ ဆရာတော်ကြီးတွေ ကန်တော့ပါရဲ့။ အင်း… ဒါပေမယ့် ရေးတော့ ရေးရမှာပဲ။ ကိုယ်တော့်စာတွေ ကြိုက်ပါရဲ့…။ မဟနတွေကို ရေးထားတာတွေတော့ မကြိုက်ဘူး။ စိတ်မကောင်းဖြစ်လွန်းလို့။ အဲဒါမျိုးတွေတော့ မရေးပါနဲ့။ ဟို ရန်ကုန်သွားတောလားလို ခရီးသွားအတွေးဆောင်းပါးတွေတော့ အတော်သဘောကျတယ်။ ရန်ကုန်ရောက်နေတုန်း အဲဒါလေးတွေ ဆက်ရေးပါ့လား….။
ဟူးးးးးးးးးးးးးးးးး။

(၃)
အဲဒီလိုတွေ ပြောကြတိုင်း အားနာတယ်။ ဘာလို့လည်းဆိုတော့ တစ်ခါတစ်ရံ ကိုယ့်ဆိုက်က ရက်အတော်ကြာကြာ ဘာမှမတင်ဘဲ အဆက်ပြတ်နေတတ်တာကိုး။ ၂၀၀၈-ခုနှစ် ပြည်ပစရောက်ကတည်းက ဘလောဂ်လေး စလုပ်ပြီး စာတွေ ရေးခဲ့တယ်။ အချို့ကတော့ အားပေးကြတယ်။ အချို့ကတော့ သမ ကြတယ်။ ရေးခဲ့တဲ့စာတွေနဲ့ပတ်သက်ပြီး အချို့ကတော့ ချီးကျူးကြတယ်။ အချို့ကတော့ ကိုယ့်စာတွေကို ကဲ့ရဲ့ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ထိတော့ ရေးဖြစ်နေဆဲပဲ။ ဒါပေမယ့် တစ်ခါတလေ စာအရေးကျဲတယ်။ တစ်ခါတလေ ဆက်တိုက်ရေးဖြစ်တယ်။ အထူးသဖြင့် ခရီးသွားတဲ့အခါတွေမှာ စာအရေးကျဲသွားတတ်တယ်။ နောက်ပြီး အလုပ်တွေ ဆက်တိုက်လုပ်နေရတဲ့အခါ …. နောက်ပြီး ရေးချင်တာတွေ များလွန်းနေတဲ့အခါမှာ စာမရေးတတ်တော့ဘူး။ မောင်လှမျိုး(ချင်းချောင်းခြံ)က မြိုသိပ်ပါများလို့ အသွားရတဲ့သူတစ်ယောက်ပါလို့ ပြောခဲ့တယ်။ အဲဒီလို ပြောရမယ်ဆိုရင်တော့ ပြောချင်တာ များလွန်းလို့ မပြောနိုင်ဖြစ်သွားသူလို့ ပြောရမလားပဲ။ နောက်တစ်ခုလည်း ရှိသေးတယ်။ တစ်ခါတစ်ရံမှာ အတွေးအခေါ်အယူအဆ အပြောင်းအလဲတွေ၊ အမြင်ပြောင်းလဲမှုတွေနဲ့ကလည်း ကြုံရသေးတယ်။ အဲဒီကာလမျိုးမှာလည်း စာမရေးတတ်ဘူး ဖြစ်သွာတတ်တယ်။

(၄)
ဒါဆို ဘယ်လိုအချိန်မှာ စာတွေ အများကြီး ရေးဖြစ်သလဲ ……?
ရင်ထဲမှာ အလွန်ကို ချမ်းမြေ့ကြည်နူးတဲ့အခါ ….
ရင်ထဲမှာ မကျေမနပ်တွေ အလွန်ဖြစ်နေတဲ့အခါ ….
အသိတစ်ခုခုကို မျှဝေချင်တဲ့အခါ ….
တစ်စုံတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုကို ပြောပြချင်နေတဲ့အခါ ….

ဒီအချိန်တွေမှာပဲ စာတွေ ရေးဖြစ်တာ တွေ့ရတယ်။ ရင်ထဲမှာ ချမ်းမြေ့ကြည်နူးနေတဲ့အခါမှာ ရေးတဲ့စာတွေက သာသာယာယာကြည်နူးဖွယ်လေးတွေ ဖြစ်နေတတ်တယ်။ စိတ်အာဟာရတို့၊ နေ့တစ်နေ့ကို ဖြတ်သန်းခြင်းတို့၊ ငြိမ့်..ငြိမ်…ငြိမ်းတို့၊ စတဲ့ဆောင်းပါးတွေက စိတ်ထဲမှာ ကြည်နူးနေမိလို့ ရေးဖြစ်တဲ့ ဆောင်းပါးတွေ ဖြစ်နေတယ်။ 

တစ်ခါတစ်ရံတော့ အဖွဲ့အစည်းတစ်ခုခုကြောင့်၊ သို့မဟုတ် ကိုယ့်နိုင်ငံ၊ ကိုယ့်အဖွဲ့အစည်းအပေါ် ထိခိုက်စေတဲ့ လက်မခံနိုင်ဖွယ်ရာတွေ တွေ့လာရတဲ့အခါ ရင်ထဲမှာ မကျေမနပ်ဖြစ်တယ်။ ဒီအချိန်မှာ မရေးရ မနေနိုင်တော့ဘူး။ မဟနအကြောင်းတွေ ရေးဖြစ်တာလည်း ဒီအကြောင်းကြောင့်ပဲ။ အချို့ကတော့ ပြင်းထန်လွန်းတယ်လို့ ပြောတယ်။ ဦးဇင်းရေးတာ ပြင်းထန်လွန်းမနေဘူးလား။ ဟုတ်တယ်။ ပြင်းထန်တာပေါ့။ ပြင်းထန်ရုံမကဘူး၊ ကြမ်းတောင်ကြမ်းနေသေးတယ်။ အော် … ဒီလို သိရဲ့သားနဲ့ ဘာလို့ အဲ့လို ရေးရတာလဲ။ အကြောင်းရှိပါတယ်။ ဒီမဟနဆိုတာ သူတော်ကောင်းတွေနဲ့ အာဏာအရေခြုံလိုသူအချို့ ပါဝင်နေတယ်။ တစ်ဖက်ကကြည့်ရင် သူတို့ရဲ့ ပုဂ္ဂလိကဖြူစင်မှုတွေ ဘယ်လောက်ရှိနေပါစေ၊ အာဏာရှင်တွေ လက်ကိုင်တုတ်သဖွယ် ဖြစ်နေခဲ့တယ်။ ဒါမျိုးဖြစ်နေတာ ကြာပြီ။ ဒါမျိုးအခြေအနေကို ငြင်းနိုင်တဲ့ကိုယ်တော်ရှိရင် ပြောစမ်းပါ။

 နိုင်ငံက အပြောင်းအလဲကာလမှာ ဒီမဟနတွေကတော့ အာဏာရှင်ဂိုက် ဖမ်းပြနေတယ်။ ဒါကို ပြောမယ့်သူက သိပ်နည်းတယ်။ သိတဲ့လူတွေလည်း သိပ်နည်းတယ်။ ဒီလို ခပ်ကြမ်းကြမ်း ရေးလိုက်တော့ လူတွေ ပိုသိသွားတယ်။ ပိုသိသွားတော့ ဘာလုပ်ရမလဲဆိုတာ နားလည်သွားကြတယ်။ ဘုရားရှင် ၀ိနည်းတွေ ပညတ်တဲ့နေရာမှာ လူအမြင် သင့်တော်အောင်၊ လူတွေ မကဲ့ရဲ့အောင်ဆိုတဲ့ အချက်တွေ ပါတယ်။ အခု မဟနတွေ လုပ်ပုံက လူတွေ ကဲ့ရဲ့စရာ ဖြစ်နေတယ်။ ဒါကို ခပ်မြန်မြန် သိစေချင်တယ်။ တစ်ခါတလေ တစ်ခုခုဖြစ်စေချင်လို့ တစ်ခုခုကို ပေးဆပ်ပစ်လိုက်ရတာတွေလည်း ရှိသပေါ့။

တစ်ခါတစ်ခါကျတော့ ကိုယ်နေတဲ့ ကိုယ့်ပတ်ဝန်းကျင်က ကိုယ်နဲ့ဆက်စပ်သူတွေအကြောင်း ရေးချင်တယ်။ တစ်ခါတစ်ခါ ချီးမွမ်းချင်လို့ ရေးတယ်။ တစ်ခါတစ်ခါ သရော်ချင်လို့ ရေးတယ်။ တစ်ခါတစ်ခါမှာတော့ ဆောင်းပါးတစ်ပုဒ်ထဲမှာ ချီးမွမ်းခြင်းနဲ့သရော်ခြင်းကို နှစ်မျိုးလုံးပါအောင် ချိန်ထိုးရင်း ပါဝင်စေတယ်။ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း ဆောင်းပါး၊ ချီးမွမ်းခြင်းအလှ၊ ဘ၀ထဲက အမြင်၊ အမြင်ထဲက ဘ၀၊ မြင်နိုင်ခဲသော အဇ္ဈတ္တများ၊ ချိုသောစကားနှင့် ခါးသီးသောရင်ဘတ်များ …. စတာတွေပေါ့။ အခွင့်အရေးဆောင်းပါးဆိုရင် ကိုယ်နေထိုင်တဲ့ ၀န်းကျင်မှာ ကိုယ်စက်ဆုပ်မိတဲ့သူများကို တွေ့လို့ ရေးမိတယ်။ စက်ဆုပ်မိသူတွေ ရေးရင်းနဲ့ ကိုယ့်ကိုကိုယ် ပြန်လည်ဆုံးမတဲ့ အနေအထားလေးတွေလည်း ထည့်ရေးမိတယ်။ 

အချို့တွေက အခွင့်အရေးတစ်ခုအတွက် အရာရာကို လုပ်ဝံ့တယ်။ အခွင့်အရေးဆိုတာ ကောင်းတဲ့ဘက်၊ ဆိုးတဲ့ဘက်ဆိုတာ ရှိတယ်။ အခွင့်အရေးတစ်ခုကို ဆုပ်ကိုင်နိုင်မိဖို့အတွက် အချို့က သိက္ခာတရားတွေကို စတေးပစ်တယ်။ အချို့က အဲဒီအချိန်မှာ အာဏာရှင်အစိုးရက ရှိနေသေးတော့ အာဏာရှင်အစိုးရကို ဆန့်ကျင်တယ်။ ဒါပေမယ့် ရယ်စရာဖြစ်နေတာက ဘာမဟုတ်တဲ့ ရာထူးအာဏာလေးတွေကို အငမ်းမရ လိုချင်နေတယ်။ ဒီအာဏာလေးရဖို့ စည်းရုံးရေးတွေ ဆင်း၊ ရင်တုန်ပန်းတုန်တွေ ဖြစ်လိုဖြစ်၊ အခြားသူတွေက မလိုချင်လို့ မယူတာကို အထင်အမြင် သေးလိုသေး။ အကြောင်းတစ်ခုခုနဲ့ ကျရှုံးမိပြန်တော့ ကျိတ်မနိုင်ခဲမရတွေ ဖြစ်၊ ဒီအာဏာလေး ပြန်ရဖို့ နည်းလမ်းအမျိုးမျိုးတွေကို အကြီးအကျယ် စဉ်းစား။ ဒါတွေကို တွေ့မြင်နေရတော့ သရော်ချင်လာတယ်။ ဒီတော့ စာတွေ ရေးဖြစ်ပြန်သပေါ့။

(၅)
ကိုယ်ရေးဖြစ်တာတွေ၊ ကိုယ်တင်ဖြစ်တာတွေ ပြန်ကြည့်မိတော့ ရောက်တတ်ရာရာတွေပါပဲ။ အချို့ရင်ဘက်မိတ်ဆွေ သူငယ်ချင်းတွေက ကိုယ်တင်လိုက်တဲ့စာတွေ ဖတ်ပြီး ကိုယ်ဘာဖြစ်နေတယ်၊ ဘာခံစားနေရတယ်၊ ဘာတွေ ပြောင်းလဲနေတယ်ဆိုတာကို သိကြတယ်။ ဒီလိုဆိုတော့ ကိုယ်ရေးဖြစ်တာတွေက စာတွေ မဟုတ်ဘဲနဲ့ ရင်ခုန်သံတွေများ ဖြစ်နေမလားပဲ။ ကိုယ့်စိတ်တွေများ ဖြစ်နေမလားပဲ။ စတ်ဆိုတာ ရောက်တတ်ရာရာ သွားတတ်သတဲ့။ ဟုတ်ပါတယ်။ ကိုယ် စာမရေးဖြစ်ပါဘူး။ စိတ်တွေပဲ ရေးခြစ်နေမိတာပါ။


2 comments:

သဒ္ဓါလှိုင်း said...

ဦးဇင်း
စိတ်တွေကို ချရေးနေတာ.. ဦးဇင်းရဲ့ စိတ်တွေ၊
ပတ်ဝန်းကျင်မှာရှိနေတဲ့ စိတ်တွေရော
အားလုံးကို အကျိုးပြုတဲ့ စာတွေအဖြစ်
ဖြစ်တည်နေမှာပါ။ အမှန်တရားအတွက် အမြဲတမ်း ရှိနေမယ့် စိတ်အစုံနဲ့ ချပြရေးသားနိုင်မယ်လို့ ယုံကြည်နေပါတယ် ဘုရား။
ရိုသေလေးစားလျက်
သဒ္ဓါ

ashin kusalasami said...

ကျေးဇူးတင်ပါတယ် မသဒ္ဓါလှိုင်းရေ ....
ယုံကြည်ချက်တွေ ပင်လယ်လှိုင်းတွေလို ဆက်လက်ပြင်းထန်နေပါစေ...

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails