Monday, April 2, 2012

ပါးပါး ညာတယ်


(၁)
တစ်နေ့က မိသားစုလို ခင်မင်ရသော အိမ်တစ်အိမ်ကို ကိစ္စတစ်ခုနဲ့ ရောက်သွားတယ်။ သူတို့မှာ မိသားစု ၆-ယောက်ရှိရာ သမီးလေးတစ်ဦးသာ ပါတယ်။ အငယ်ဆုံးလေး။ အစ်ကိုတွေက စုပြီးဝိုင်းချစ်ကြတယ်။ အစ်ကိုတွေရဲ့ အသင်အပြကောင်းမှုနဲ့ မိဘတွေရဲ့ နွေးထွေးတဲ့ မေတ္တာကြောင့် သမီးလေးက အပြောအဆို၊ အမူအရာ အရမ်းချစ်ဖို့ ကောင်းတယ်။ သူလေးရဲ့ အသက်က အခုမှ ၈-နှစ်။ ဆံပင်လေးတွေက ခပ်ရှည်ရှည်၊ ကျစ်ဆံမြီးလေးလည်း ကျစ်လို့ ထားတယ်။ အိမ်ရောက်လာတဲ့သူတိုင်းက ချစ်ကြတယ်။ တစ်နေ့နေ့ခင်း ရောက်ရောက်ချင်းမှာပဲ သူ့အမေနဲ့ စ နောက်နေကြတာ တွေ့ရတယ်။ အိမ်ထဲကို ၀င်ဝင်ချင်း ကြားလိုက်ရတဲ့ သူ့အသံလေးက “ပါးပါး ညာတယ်”ဆိုတဲ့ ချစ်စရာအသံလေးပါပဲ။

(၂)
စာရေးသူမှာ အကျင့်တစ်ခု ရှိတယ်။ ရုတ်တရက်တွေ့ကြုံလိုက်ရတဲ့ အမြင်အာရုံတစ်ခုခု၊ အသံတစ်ခုခုနဲ့ ကြုံတွေ့လိုက်တိုင်းမှာ မူလအနက်အဓိပ္ပာယ်ကနေ သွေဖီပြီး ဖြန့်ကျက်စဉ်းစားတတ်ခြင်းပါပဲ။ သာသနာ့တက္ကသိုလ်မှာ ပုဂံခေတ်ကျောက်စာတွေ သင်ရစဉ်က ရာဇကုမာရ်ကျောက်စာ သို့မဟုတ် မြစေတီကျောက်စာကို ဖတ်တဲ့အခါမှာ “အတည်မဲ့သောသဘောတရားကို အမှတ်ရအောက်မေ့၍”ဆိုတဲ့ စာသားလေးကို ဖတ်လိုက်တဲ့အခါမှာ အတည်မဲ့ ဆိုတဲ့ စာသားလေးက ရင်ကို စွဲငြိသွားတယ်။ ဒီစာသားလေးက စာသင်ခန်းထဲကနေ ဘ၀ထဲထိ ထိုးဖောက်ဝင်ရောက်လာခဲ့တယ်။ တစ်ခုခုတွေးလိုက်တိုင်း ဒီစကားလုံးလေးက ၀င်ဝင်လာတတ်တယ်။ ဒီလိုနဲ့ပဲ စာရေးသူရဲ့ ကလောင်အမည်ကို “အတည်မဲ့”လို့ ပေးဖြစ်သွားခဲ့တယ်။ 

ဆူနာမီဆရာတော်ရဲ့ တရားတစ်ပုဒ်ကို နာရစဉ်ကလည်း ဘာကိုမှ မသိမ်းပိုက်ထားဖို့ ဆရာတော်က ပြောတယ်။ တရားကို ဆက်နာလို့ အဆင်မပြေတော့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ “မသိမ်းပိုက်”ဆိုတဲ့စာသားလေးက စာရေးသူကို သိမ်းပိုက်သွားခဲ့လို့ပါပဲ။ အခြားသူတွေအတွက်တော့ အူကြောင်ကြောင်နိုင်တယ် ထင်မလား မသိဘူး။ စာရေးသူဟာ အဲဒီလိုပဲ၊ နေရာတိုင်းမှာ စကားတွေပြောတိုင်းပြောတိုင်း “ခိုက်”သွားတဲ့စကားလုံးလေးတွေပါရင် ဆက်ပြောလို့ သိပ်မရတတ်တော့ဘူး။

(၃)
အခုပဲ ကြည့်လေ။ ၈-နှစ်သမီးလေးရဲ့ “ပါးပါး ညာတယ်”ဆိုတဲ့ စကားလေးရဲ့ လွှမ်းမိုးမှုကို ခံလိုက်ရပြန်ပြီ။ သူလေးကတော့ သူ့အဖေက ကာတွန်းကားပြမယ်ဆိုပြီး မပြပေးဘဲနဲ့ အိမ်အပြင်ထွက်သွားခဲ့လို့လို့ ဆိုပါတယ်။ ဒါ ဘာဆန်းလဲ။ ဘာမှ မဆန်းဘူး။ အဲဒီမဆန်းတဲ့ စကားလေးက စာရေးသူကို ဘာလို့ ခိုက်သွားစေခဲ့တာလဲ။ သူပြောတဲ့စကားထဲက “ပါးပါး” ဆိုတာက “သူ့အဖေ”ကို ရည်ညွှန်းတာ။ စာရေးသူက “ပါးပါး” ဆိုတာ “နည်းနည်းလေး၊ ပါးပါးလေး၊ မသိမသာလေး”ဆိုတဲ့ အဓိပ္ပာယ်ကို တွေးလိုက်တယ်။ “ပါးပါးလေး ညာတယ်၊ မသိမသာ ညာတယ်”ဆိုတဲ့ အဓိပ္ပာယ်ပေါ့။

(၄)
လူအသီးသီးမှာ ခံစားချက်လေးတွေ ကိုယ်စီရှိကြတယ်။ သူတို့ ခံစားချက်လေးတွေက သူ့တို့မျက်နှာမှာ၊ သူတို့ မျက်လုံးမှာ၊ သူတို့ အမူအရာတွေမှာ၊ သူတို့ အပြောအဆိုတွေမှာ ထင်ဟပ်နေကြတယ်။ ခံစားချက်ဆိုတာက တစ်မျိုးထဲ မဟုတ်တတ်လေဘူး။ သူ ပတ်သက်နေရတဲ့ ပတ်ဝန်းကျင်၊ သူ ဆက်ဆံနေရတဲ့ အသိမိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစု စတာတွေက သူ့ ခံစားချက်တွေရဲ့ ပေါက်ဖွားရာပေါ့။ ဒါက လက်တွေ့ကျတဲ့ ခံစားချက်ပေါက်ဖွားရာ နယ်မြေတွေပေါ့။ လက်တွေ့ကနေ ဝေးကွာတဲ့ ပါရမီ၊ ဗီဇ စတာတွေလည်း ခံစားချက်ကို တစ်နည်းတစ်ဖုံ လွှမ်းမိုးမှု ရှိနေတတ်ပြန်ပါတယ်။ 

စာရေးသူက “ပါးပါး ညာတယ်”စကားလုံးလေးကို ကြားလိုက်တဲ့အခါမှာ ဒီစကားလုံးလေး မကြားခင်မှာ ကိုယ်ဆက်ဆံနေရတဲ့ ပတ်ဝန်းကျင်မှာ သံသယလေးတွေ ရှိနေခဲ့လို့ ဖြစ်ပါတယ်။ ကိုယ့်ကို ပါးပါးလေး ညာနေကြပါလားဆိုတဲ့ အသိဓာတ်ခံကို ဘာမဟုတ်တဲ့ “ပါးပါး ညာတယ်”စကားလုံးလေးက လှုပ်နှိုးပေးလိုက်သလို ဖြစ်သွားခဲ့တဲ့ သဘောပါပဲ။ ဆက်တွေးမိတယ်။ ဒါဆိုရင် “ပါးပါး မညာသင့်ဘူး”လို့ ပြောပြန်ရင်လည်း ထွက်လာမယ့် ဂယက်အနက်က ပါးပါးလေး ညာတာ မဟုတ်တော့ပြန်ဘူး။ “များများ ညာသင့်တယ်”လို့ ပြောသလို ဖြစ်နေပြန်ရော။

(၅)
နေ့စဉ် သုံးနှုန်းနေရတဲ့ ၀ါကျ၊ စကားလုံး၊ အသံတွေရဲ့ လာရာနဲ့လားရာဟာ တစ်သမတ်တည်း ရှိမနေဘူး။ တစ်ခါတစ်ရံ ကိုယ်တွေးလိုက်သလို ဖြစ်နေတတ်ပေမယ့် တစ်ခါတစ်ရံမှာတော့ ကိုယ့်အတွေးတွေက ကိုယ်တွေးသလို ဖြစ်မနေတတ်ဘူး။ အရာရာကို ကိုယ့်အတွေးအတိုင်းသာ ဖြစ်နေရမယ်ဆိုရင် အတ္တဆန်ရာ ကျနေမှာပေါ့။ တွေးသမျှ၊ ကြံသမျှ၊ လုပ်သမျှ ကိုယ့်သဘောအတိုင်း မဖြစ်လာရင် လူတွေဟာ လူအချင်းချင်း ပါးပါးလေး ညာတတ်ကြတယ်။ 

စာရေးသူကတော့ ပါးပါးလေး ညာတာထက်၊ သတ္တိရှိရှိ များများကြီး ပေါ်ပေါ်ထင်ထင် ညာလိုက်တာကပဲ ပိုကောင်းအုံးမယ်လို့ တွေးမိပါတယ်။ ခင်မင်သူအချင်းချင်း ပါးပါးလေး ညာနေကြတာတွေ့တိုင်း မြင်ရခက်၊ ခံရခက်ပါတယ်။

တချို့က ပါးပါးလေး ညာဖြီးတာကို “ငါ အတော် စကားပြော ကျွမ်းကျင်တာပဲ”လို့ ထင်နေတတ်ကြတယ်။ လူအချင်းချင်း၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်း၊ ခင်မင်သူအချင်းချင်း ပါးပါးလေး ညာတတ်တဲ့အကျင့်ဟာ အချင်းချင်း ပါးပါးလေး လှီးတာနဲ့ အတူတူပါပဲ။ ဖျံကျတာလို့လည်း ဆိုနိုင်လိမ့်မယ်။ ပါးပါးလေး ညာတယ်ဆိုတာက တစ်ဖက်လူကို အချဉ်သဘောသတ်မှတ်ထားလို့၊ အထင်သေးလို့ ဖြစ်တတ်တာ များပါတယ်။ ဒီလို လူမျိုးဟာ အများက မသိသေးရင်တော့ ပျော်ပျော်ပြုံးပြုံးနဲ့မော်လို့ဝင့်လို့ အောင်မြင်သူရဲ့ ပုံရိပ်လေးတွေလို ဖြစ်နေတတ်တယ်။ အများသိသွားပြီဆိုရင်တော့ သူ့လမ်းခရီးဟာ အကွေ့အကောက်တွေ များပါတော့မယ်။

(၆)
အိမ်က ပြန်လာတော့ နေလုံးကြီးက အနောက်ဘက်မှာ ၀င်လုလု ဖြစ်နေခဲ့ပြီ။ သမီးလေးပြောတဲ့ ပါးပါးလည်း အပြင်ကနေ ပြန်လာပြီ။ ပလက်ဖောင်းပေါ်မှာ တက္ကစီကို စောင့်ရင်း အနောက်ဘက်ကို ငေးကြည့်တော့ အမှောင်ရိပ်တွေက ကောင်းကင်ယံထက်မှာ ပါးပါးလေး ၀င်ရောက်နေကြပြီ။ မှောင်ရိပ်တွေဟာ ပါးပါးလေးကနေ ထူထူကြီး ဖြစ်လာတော့မယ်။ အဲဒီအချိန်မှာ လျှပ်စစ်မီးရောင်တွေသာ မရှိရင် လောကကြီးက အမှောင်ထုထဲမှာ အထီးတည်း ဖြစ်တော့မယ်။ လောက နေရတဲ့ခဏလေးမှာ ပါးပါးလေး ညာတတ်တဲ့အကျင့်တွေ မဖျောက်နိုင်သူရဲ့ ဘ၀မှာ ထူထဲသိပ်သည်းတဲ့ အမိုက်တိုက်ကြီးက လွှမ်းမိုးလာမှာ သေချာနေပါတယ်။

(၇)
ဖြူစင်သန့်ရှင်းတဲ့၊ လိပ်ပြာလုံတဲ့ဘ၀မှာ အသက်ဆက်ရှင်ဖို့ဆိုရင် ပါးပါးလေးကော၊ ထူထူကြီးကော မညာတတ်ဖို့ အရေးကြီးတယ်လို့ ကိုယ့်ကိုကိုယ် ပြောပြမိပါတယ်။
အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။ လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းခြင်းကြပါစေလို့လည်း တီးတိုးရွတ်ဆိုနေမိခဲ့ပါတယ်။


2 comments:

tejavanta said...

ပါးပါးလေးပါ ဆိုတဲ့ အသုံးကို လူတိုင်းသုံးနေကြတယ်။ တပည့်တော်အထင်တော့ ပါးပါးလေးဆိုရင် အပြင်က ဖေါက်ထွင်းမြင်နိုင်တယ်။ အဲဒီ့ ပါးပါး ကြတော့ လိုက်ကာ ပါးပါး၊ အ၀တ်ပါးပါး တွေဖြစ်လို့ ပါးပါး လေးဆိုရင် လိမ်လို့ညာလို့ မရနိုင်ဘူး။ ပါးပါးလှီးတာကြတော့ ကြက်သွန်ပါးပါး၊ အသားပါးပါးစသည်တွေဖြစ်လို့ ပါးပါးလှီးယူခြင်းဟာမသိမသာခံလိုက်ရတယ်ဖြစ်သွားတယ်။မြန်မာစကားလုံးတွေက အနက်၊ အဓိပ္ပါယ်တွေ များလွန်းလို့ တွေးလေးရှုပ်လေပါလားဘုရား။

koku.. said...

အဖြေကိုအသေအချာ တွေးကြည့်မိမည်ဆိုပါက ဦးပျော်ဘွယ်ကြီး သူ၏၀န်းကျင်တွင် ပြည်တွင်းဖြစ် သူတော်ကောင်းကြီးများနဲ့ ကြုံတွေ့နေရပြီဟူသော အဖြေသည် မကွေ့မကောက် ဖြောင့်ဖြောင့်သာလျှင် ထွက်လာချေတော့၏...။

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails