Sunday, March 25, 2012

ကမ္ဘောဇက လမင်း သို့မဟုတ် ဒေါက်တာဓမ္မသာမိ


ဘရူးနိုင်းမယ်တော်ကြီး ဒေါ်သက်သက်နွယ်ဆီက မေးလ်တစ်ခု ရတယ်။ လွန်ခဲ့တဲ့ လကတည်းကပါ။ မတ်လ၊ ၂၅-ရက်နေ့ကျရင် မင်္ဂလာဈေးဓမ္မာရုံမှာ အခမ်းအနားတစ်ခု ရှိတယ်။ အဲဒီအခမ်းအနားကို သူ့ကိုယ်စား သွားရောက်တက်ပေးဖို့ပါ။ မယ်တော်ကြီးက မေးလ်ပို့တဲ့နေရာမှာ ဒေါက်တာဓမ္မသာမိနဲ့ အပြန်အလှန်မေးပို့ထားတာတွေကိုကော ရောပြီး ပို့တဲ့အတွက် ဘာအခမ်းအနားမှန်း သေချာမသိလိုက်ဘူး။ မယ်တော်ကြီးရဲ့ ဖော်ဝက်ထ်မေးလ်ထဲမှာ ဆရာတော်ရဲ့ ယောဂါစရဂိုဏ်းအကြောင်းစတာတွေလည်း ပါနေတော့ စာတမ်းဖတ်ပွဲများလားလို့ အောက်မေ့ခဲ့မိတယ်။ နောက်ပြီး ဗန်းမော်ဆရာတော်ကြီးလဲ ပါမယ်။ ဒေါက်တာနန္ဒမာလာ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်က ပါမောက္ခချုပ်တွေလည်း ပါမယ်။ သူတို့လည်း ပြောကြမယ်ဆိုတော့ သေချာပေါက် စာတမ်းဖတ်ပွဲလို့ပဲ အောက်မေ့မိတာပါ။ နောက်မှ သိလိုက်ရတာက ဒေါက်တာဓမ္မသာမိရဲ့ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့တံဆိပ် ဂုဏ်ပြုပူဇော်ပွဲပါ။ 

အရင်က ဒေါက်တာဓမ္မသာမိ ပညာတော်တယ်၊ လေးစားစရာ အနေအထိုင်အပြုအမူတွေ ရှိတယ်ဆိုတာကိုတော့ ကြားဖူးနေပြီးသားပါ။ ဒါပေမယ့် အပြင်မှာ တစ်ခါမှ မမြင်ဖူးဘူး။
မြန်မာပြည်ရောက်ပြီးမှ နေ့ခင်းမအိပ်ဖြစ်တာ ကြာပြီ။ ဒီနေ့မှ မနက်စောစော လမ်းလျှောက်သွားထားတော့ နေ့လည်မှာ နည်းနည်းညောင်းပြီး ခဏဆိုပြီး အိပ်လိုက်တာ။ ၁း၁၀ မိနစ်မှ နိုးတယ်။ သင်္ကန်းလည်း မလဲနိုင်၊ ကပြာကယာနဲ့ အခမ်းအနားရှိရာ ရွှေတိဂုံနားက မင်္ဂလာဈေးဓမ္မာရုံကို သွားခဲ့တယ်။ ဟိုရောက်တော့ အိုးစည်ဗုံမောင်းတွေနဲ့ ဆရာတော်တွေ နေရာယူနေကြပြီ။ ပရိသတ်တွေကလည်း အခမ်းအနားစဖို့ အဆင်သင့်ဖြစ်နေကြပြီ။ 

မင်္ဂလာဈေးဓမ္မာရုံ မုခ်ဝမှာ ၀င်သင့်၊ မသင့် စဉ်းစားနေခဲ့မိတယ်။ သူများတွေက အခမ်းအနားမှာ သင်္ကန်းလေးတွေ ရုံလို့။ ထီးဖြူတွေနဲ့ ကြွသွားကြတာ။ ကိုယ့်မှာက ပြည့်ဖောင်းနေတဲ့ လွယ်အိတ်နဲ့။ အိပ်ချင်မူးတူး မျက်နာနဲ့။ နောက်ပြီး ကိုယ့်ကို တိုက်ရိုက်ဖိတ်ထားတာလည်း မဟုတ်ပြန်။ လှည့်ပြန်ဖို့ အကြိမ်ကြိမ် စိတ်ကူးနေမိသေးတယ်။ ဒါပေမယ့် ကိုယ့်ကိုကိုယ် ပြန်မေးကြည့်တယ်။ လှည့်ပြန်ဖို့ အကြောင်းပြချက်က ဘာလဲလို့။ ဘာမှ မတွေ့လိုက်ဘူး။ ဒါနဲ့ အခမ်းအနားထဲကို ခပ်တည်တည်နဲ့ ၀င်လိုက်တယ်။

ပရိသတ်တွေ အများကြီး။ ဓမ္မာရုံနဲ့အပြည့်။ အလယ်မှာ စင်္ကြံလေး။ ထိပ်မှာတော့ ဗန်းမော်ဆရာတော်ကြီးနဲ့ ပါမောက္ခဆရာတော်များ။ ပရိသတ်တွေအလွန် ဆရာတော်တွေနားနီးတော့ ဒကာတစ်ယောက်က ပြေးလာတယ်။ ဘယ်ကျောင်းက ကျောင်းထိုင်လဲတဲ့။ ဗျာ …..။ ဘယ်ကျောင်းမှ ကျောင်းထိုင် မဟုတ်ဘူးလို့ ပြောလိုက်တော့ ရှမ်းဝတ်စုံနဲ့ ဒကာကြီး ကြောင်သွားသလား မသိဘူး။ သံဃာစင်ပေါ်ကြွပါဆိုတော့ နေရာပြည့်နေပြီ။ အခန့်သားထိုင်ခုံကြီးတွေမှာ နေရာမရှိတော့ဘူး။ ပလပ်စတစ်ထိုင်ခုံလေးတွေပဲ ရှိတော့တယ်။ ကံကောင်းချင်တော့ ဒေါက်တာဓမ္မသာမိရဲ့ တပည့်ကိုယ်တော်လေးတွေထဲမှာ သီရိလင်္ကာမှာ စာသင်ခဲ့တဲ့ ကိုယ်တော်လေးတွေ ပါနေတော့ ကိုယ့်ကို မှတ်မိသွားတယ်။ ရှမ်းကိုယ်တော်တစ်ပါးက ထပေးတယ်။ ပါမောက္ခတွေ ထိုင်တဲ့ ခုံတန်းမှာ ထိုင်ဆိုလို့ ထိုင်လိုက်တယ်။ ဘေးဘက်ဝဲယာကြည့်လိုက်တော့ သာသနာ့တက္ကသိုလ်က ပါမောက္ခဆရာတော်တွေကို တွေ့ရတယ်။ ဒေါက်တာဓမ္မသာမိကို အနီးကပ် သွားရောက်နှုတ်ဆက်ခွင့် ရခဲ့တယ်။ ပုတီးလေးကို ဘယ်ဘက်လက်မှာ ဆွဲ၊ ညာဘက်လက်မှာ သရေကွင်းလေး ပတ်လို့။ အပြုအမူအပြောအဆို သိမ်မွေ့လှတယ်။

အခမ်းအနားက အတော့်ကို ကြာပါတယ်။ ၁း၃၀ လောက်က စပြီး ၅ နာရီ ထိုးခါနီးမှ ပြီးပါတယ်။ အခမ်းအနားက ကြာပေမယ့် ကြာမှန်းမသိရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆရာတော် ဒေါက်တာဓမ္မသာမိအကြောင်းတွေကို ဆရာတော်တွေ၊ ဒကာဒကာမတွေက တစ်ယောက်အမြင်တစ်ယောက် မရိုးအောင်ပြောသွားကြလို့ပါပဲ။ အရေးထဲမှာ ကင်မရာက ဘတ်ထရီကုန်နေလို့ ဘာဓာတ်ပုံမှ မရိုက်လိုက်ရဘူး။

ပထမ ဗန်းမော်ဆရာတော်ကြီး ပြောသွားတယ်။ ဗန်းမော်ဆရာတော်ကြီးက ဇာဏုေဿာဏိပုဏ္ဏားကြီးအကြောင်းနဲ့ ယှဉ်ပြောသွားတယ်။ ပုဏ္ဏားကြီးက ဘုရားနဲ့သံဃာကို ကြည်ညိုတတ်တယ်။ တရားကို ဘယ်လို ကြည်ညိုရမှန်း မသိဘူးလို့ ဘုရားကို လျှောက်တယ်။ မြတ်စွာဘုရားက တရားကို ကြည်ညိုချင်ရင် တရားကို ဆောင်ထားတဲ့၊ တရားကျင့်တဲ့သူတွေကို ကြည်ညိုပါ။ ဒါဆိုရင် တရားကို ကြည်ညိုတာပဲလို့ မြတ်စွာဘုရားက မိန့်တယ်။ ဒီတော့ ပုဏ္ဏားကြီးက ဘယ်သူတွေက တရားဆောင်တာလဲလို့ မေးပြန်တယ်။ မြတ်စွာဘုရားက ကျောင်းထဲက ကိုယ်တော်တွေကို လိုက်မေးကြည့်လို့ဆိုတော့ လိုက်မေးကြည့်တယ်။ ကိုယ်တော်တွေက အရှင်အာနန္ဒာကို ညွှန်ပြကြတယ်။ ဒီတော့ ဦးဓမ္မသာမိဟာ အရှင်အာနန္ဒာလိုပဲ တရားကို ဆောင်ထားတဲ့ သူဖြစ်လို့ တရားကို ကြည်ညိုချင်ရင် သူ့ကို ကြည်ညိုကြပါ။ ဦးဓမ္မသာမိအနေနဲ့လည်း ပုတီးအမြဲစိပ်ပါ … စသဖြင့် ပြောသွားပါတယ်။

ဒုတိယပြောသူကတော့ ဒေါက်တာနန္ဒမာလာရဲ့ စာကို သာသနာ့တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအာဒိစ္စက ဖတ်ပြပါတယ်။ ဖတ်သူပဲ မကောင်းလို့လား၊ မူရင်းပဲ မကောင်းလို့လား မသိဘူး။ ဒီစာကတော့ ပျင်းစရာကောင်းတယ်။ တတိယပြောသူကတော့ ရှမ်းဆရာတော်တစ်ပါးပါ။ ရှမ်းလိုပြောတော့ ဘာမှ နားမလည်ဘူး။ ဒေါက်တာဓမ္မသာမိကို အလှူငွေ ၁၄ သိန်းနဲ့မြဘုရားတစ်ဆူ လှူတယ်။ ဆုလည်း တောင်းပေးတယ်။ ဒေါက်တာဓမ္မသာမိက ရိုရိုသေသေလေးနဲ့ ခံယူတယ်။ ကြည်နူးစရာမြင်ကွင်းပါ။ စတုတ္ထပြောသူကလည်း ရှမ်းဒေါက်တာတစ်ပါးပါပဲ။ သူလည်း ရှမ်းဘာသာနဲ့အတော်ရှည်ရှည်ဝေးဝေး ပြောသွားတယ်။

ပဉ္စမပြောသူကတော့ တိပိဋကဓရဆရာတော် ဦးဂန္ဓမာလာလင်္ကာရ ဖြစ်ပါတယ်။ သူ့အသံက အတော် ဆွဲဆောင်မှုရှိတယ်။ ရင်ထဲမှာ အသံကြားတာနဲ့ ကြည်နူးသွားတယ်။ သြဇဂုဏ်လည်း အတော်မြောက်ပါတယ်။ သူက ဒေါက်တာဓမ္မသာမိနဲ့ အင်္ဂလန်မှာ အတူနေခဲ့ကြောင်း၊ ကြည်ညိုဖွယ်ကောင်းကြောင်း၊ စာတော်ကြောင်း၊ အင်္ဂလန်မှာ ဒေါက်တာဓမ္မသာမိက ထမင်းဟင်းချက်ပြီး သူက ခွက်ဆေးရကြောင်း၊ နိုင်ငံခြားမှာ အဲဒီလို သာသနာပြုရကြောင်း၊ ဒေါက်တာဓမ္မသာမိမှာ အထူးခြားဆုံးတစ်ခုက သီးခံစိတ်ပဲ … စသဖြင့် ပြောသွားတယ်။ သူပြောတဲ့အထဲမှာ နည်းနည်းအငြင်းပွားစရာတစ်ခုတော့ ပါလာတယ်။ နိုင်ငံခြားသာသနာပြုစစ်စစ်ဆိုလို့ ဒေါက်တာဓမ္မသာမိတစ်ပါးထဲ ရှိတယ်၊ ကျန်တာတွေက မြန်မာမြန်မာချင်းပဲ ပြုနေကြတာလို့ သူ ပြောတယ်။ ဒါကတော့ နည်းနည်း လွန်ကဲစွာ ဆိုလိုက်တယ်နဲ့ တူပါတယ်။ ဘာသန္တရကျွမ်းကျင်တဲ့ ဆရာတော်ဦးသီလာနန္ဒတို့၊ အင်္ဂလိပ်စကားမကျွမ်းကျင်ပေမယ့် ဘာသာပြန်နဲ့ဟောရင်း သာသနာပြုတော်မူသွားကြတဲ့ ဆရာတော်တွေ အများကြီး ရှိပါတယ်။

ဆဋ္ဌမပြောသူကတော့ ရှမ်းဆရာတော်တစ်ပါးပါ။ ရှမ်းလိုမြန်မာလို နှစ်ဘာသာနဲ့ အနည်းငယ်ပဲ ပြောသွားပါတယ်။ ဒေါက်တာဓမ္မသာမိနဲ့သူနဲ့ ကွာပုံ၊ ဒေါက်တာဓမ္မသာမိက ညာဏ်ကောင်းပုံ၊ ကြိုးစားပုံ စတာတွေကို ပြောသွားတယ်။ 

သတ္တမပြောသူကတော့ ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းက ဆရာတော်ဦးနာရဒပါ။ သူက လေသံအေးအေးလေးနဲ့ ချီးမွမ်းခန်းဖွင့်သွားပါတယ်။ သူက ဘာသန္တရကျွမ်းကျင်တဲ့အတွက် ဒေါက်တာဓမ္မသာမိ အောင်မြင်ကြောင်း၊ နိုင်ငံခြားသာသနာပြုတွေထဲမှာ ဆရာတော်ဦးသီလာနန္ဒလည်း တော်ကြောင်း၊ အောင်မြင်ကြောင်း၊ ဒုတိယက အခု ဒေါက်တာဓမ္မသာမိဖြစ်ကြောင်း စသဖြင့် ပြောသွားပါတယ်။ 

န၀မပြောသူကတော့ ဂုဏ်အပြုခံ ဒေါက်တာဓမ္မသာမိပါ။ သူက ညင်ညင်သာသာအသံလေးနဲ့ သူရေးတဲ့စာအုပ်နှစ်အုပ်ကို မိတ်ဆက်သွားပါတယ်။ Mindfulness meditation made easy နဲ့ Blessings … You Can D.I.Y ဆိုတဲ့ စာအုပ်နှစ်အုပ်ပါ။ ဒုတိယစာအုပ်ကို ၁၀ နှစ်လောက် ရေးခဲ့ရတယ်လို့ ဆိုပါတယ်။ နောက်ထပ်ဖြည့်စရာတွေလည်း အများကြီး ရှိသေးတယ်လို့ ဆိုပါတယ်။
နောက်ပြီး ဒကာကြီးတစ်ယောက်နဲ့ ရန်ကုန်တက္ကသိုလ်က ပါမောက္ခ (မသေချာ)ဒကာမကြီးက ဆက်ပြောသွားကြတယ်။ ဒကာမကြီးက ဆရာတော်ဘာသန္တရကျွမ်းကျင်ပုံ၊ ကျမ်းရေးသားခြင်းစတာတွေမှာ စနစ်ကျပုံ၊ ပါဠိလို လက်တန်းပြောနိုင်ပုံတွေကို ပြောသွားတယ်။

နောက်ပိုင်းမှာတော့ မြန်မာရတု၊ ရှမ်းရတုတွေနဲ့ ဂုဏ်ပြုကြတယ်။ ဆရာတော်တွေကို လှူဖွယ်ဝတ္ထုတွေ ဆက်ကပ်ကြတယ်။ ဗန်းမော်ဆရာတော်နဲ့ ဆရာတော်အတော်များများက လှူဖွယ်တွေ လှူပြီးတာနဲ့ ထပြန်သွားကြတယ်။ အခမ်းအနားက ကြာပြီဆိုတော့ ဆရာတော်ကြီး အတော်ညောင်းနေပြီနဲ့ တူပါရဲ့။ ဒကာဒကာမတွေက ဒေါက်တာဓမ္မသာမိကို တစ်ယောက်ပြီးတစ်ယောက် လှူဖွယ်ဝတ္ထုများ ကပ်၊ စကားပြောကြ။ အတော်ကြာသွားမှ ရေစက်ချပြီး အခမ်းအနားသိမ်းလိုက်တယ်။

အခမ်းအနားက ပြန်လာတော့ နေပူပေမယ့် အခမ်းအနားပုံရိပ်တွေ၊ ဒေါက်တာဓမ္မသာမိ ဖြတ်သန်းခဲ့တဲ့ ဘ၀ပုံရိပ်တွေက လူကို လွှမ်းခြုံလာခဲ့တော့ ပူမှန်းမသိခဲ့ဘူး။ ဒီလို ပညာတော်တဲ့ သာသနာပြုပုဂ္ဂိုလ်များ များများ ပေါ်ထွက်နိုင်ပါစေလို့လည်း ဆုတောင်းမိတယ်။ 

ထူးခြားတဲ့ ကြိုးစားတဲ့ ဆရာတော်တစ်ပါးကို ဖူးတွေ့လိုက်ရတဲ့အတွက် ၀မ်းသာနေမိခဲ့တယ်။ ဘယ်အခြေအနေမျိုးပဲတွေ့တွေ့၊ ကိုယ့်ကိုကိုယ် အမြဲပြန်ကြည့်တဲ့ အကျင့်လေးရှိတော့ …. ငါကော … ဘယ်လိုလဲ ….။ ဒေါက်တာဓမ္မသာမိ လုပ်ဆောင်ချက်တွေရဲ့ ၅ ရာခိုင်နှုန်းတောင် ငါ မလုပ်ရသေးပါလားလို့ ကောက်ချက်ချမိတယ်။ ဒီအတွေးလေးနဲ့ နေပူကျဲတဲအောက်မှာ ခြေလှမ်းတွေ သွက်နေခဲ့တယ်။

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails