Saturday, March 24, 2012

လွှင့်ပစ်ပြီး သယ်သွား


(၁)
ဂျိုရှုဟာ သူ့အသက် ၆၀-မှာ ဇင်ကို စတင်လေ့လာတယ်။ သူ ဇင်သဘောတရားတွေကို နားလည်သိမြင်တဲ့အချိန်ကျတော့ သူ့အသက်က ရှစ်ဆယ်ရှိသွားပြီ။ အသက် ၁၂၀-ထိ သူသိရှိထားတဲ့ ဇင်အကြောင်းကို ပြန်လည်သင်ကြားပေးခဲ့တယ်။ တစ်နေ့မှာ ကျောင်းသားတစ်ယောက်က …….
"ကျွန်တော့်စိတ်ထဲမှာ ဘာတစ်ခုမှ မရှိဘူးဆိုရင် ကျွန်တော် ဘာလုပ်ရမလဲ"
လို့ မေးပါတယ်။ အဲဒီအခါမှာ ဂျိုရှုက
"လွှင့်ပစ်လိုက်"
လို့ ဖြေပါတယ်။
"ဒါပေမယ့် ကျွန်တော့်မှာ ဘာမှမှ မရှိတာ၊ ဘယ်လို လွှင့်ပစ်လို့ ရမှာလဲ"
လို့ တပည့်က ပြန်ပြောတဲ့အခါ ဂျိုရှုက
"ဒီလိုဆိုရင် သယ်သွားလိုက်ပေါ့"
လို့ ဆိုလိုက်ပါတယ်။

(၂)
ငယ်စဉ်က ချမ်းမြေ့ဆရာတော်ကြီးရဲ့ ဆင်းရဲငြိမ်းအေးချမ်းသာရေး တရားစာအုပ်ကို ဖတ်ခဲ့စဉ်က ဇင်ဇာတ်လမ်းတွေကို စတင်ဖတ်ရှုခွင့် ရခဲ့တယ်။ ဇင်ဇာတ်လမ်းတွေတိုင်းမှာ ဆွဲဆောင်မှုတစ်ခုမဟုတ်တစ်ခု ရှိနေတတ်ပါတယ်။ အဲဒီတုန်းက ဖတ်ခဲ့တဲ့အထဲက အမှတ်အရဆုံး ဇာတ်လမ်းလေးတစ်ခု ရှိဖူးတယ်။ စိတ်ညစ်တဲ့အခါတိုင်း အဲဒီဇင်ဇာတ်လမ်းလေးကို ရေရွတ်ကြည့်တယ်။ စိတ်ထဲမှာ ပေါ့ပေါ့သွားတယ်။ လယ်သမားကြီးတစ်ယောက်က သားဒုက္ခသမီးဒုက္ခတွေနဲ့ သောကတွေ ဝေနေလို့ ဇင်ဆရာကြီးထံကို သွားခဲ့တယ်။ သူက "ဆရာကြီးခင်ဗျား …. ကျွန်ုပ်ကို အနှောင်အဖွဲ့တွေကနေ လွတ်အောင် ကယ်မတော်မူပါ"လို့ ပြောတော့ ဇင်ဆရာကြီးက စကားတစ်ခွန်းပဲ ပြန်မေးခဲ့ပါတယ်။ အဆိုပါ စကားတစ်ခွန်းနဲ့ပဲ လယ်သမားကြီး တရားရသွားတယ်၊ သူတို့အဆို intuition လျပ်တပြက်ညာဏ်အလင်းရသွားတယ်လို့ ဆိုပါတယ်။ ဇင်ဆရာကြီး ပြောလိုက်တဲ့စကားကတော့ "မင်းကို ဘယ်သူက ချုပ်ထားလို့လဲ"တဲ့။

(၃)
လောကမှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေ၊ အခက်အခဲတွေ၊ သောကဖြစ်စရာတွေဟာ သမရိုးကျတွေးခေါ်နေတတ်လို့ ဇာတ်ကြောရှည်နေကြတာ များပါတယ်။ သမရိုးကျတွေးခေါ်မှုကနေ ဖောက်ထွက်ပြီး ထူးခြားတဲ့အမြင်တစ်မျိုးနဲ့ မြင်ကြည့်လိုက်ရင် ရင်ထဲမှာ ပေါ့သွားတတ်ပါတယ်။ ဇင်ဇာတ်လမ်းတွေရဲ့ အခြေခံအနှစ်သာရကတော့ အရာရာကို ပေါ့ပေါ့ပါးပါး ရှုကြည့်တတ်ဖို့ပါပဲ။ လေးနေတဲ့အရာတွေကို၊ ရှုပ်နေတဲ့အရာတွေကို သူတို့က ပေါ့ပေါ့ပါးပါး (တစ်ခါတစ်ရံ ပေါ့ပျက်ပျက်လို့တောင် ဆိုရနိုင်ပါတယ်) လုပ်ပစ်ပါတယ်။
စိတ်ထဲမှာ ဘာမှမရှိတဲ့အခါ ဘာလုပ်ရမလဲ၊ ဘယ်လိုနေရမလဲလို့ ဆိုတယ်။ အဖြေက လွှင့်ပစ်လိုက်တဲ့။ အဲဒီလို ဘာမှတွေးမနေနဲ့၊ အဲဒီအတွေးကို ရှင်းထုတ်လိုက်လို့ ဆိုချင်ပုံရတယ်။ မေးသူကလည်း ဆက်ပြန်တယ်။ စိတ်ထဲ ဘာမှမရှိဘူးဆိုမှ ဘာကို လွှင့်ပစ်ရမလဲတဲ့။ ဒါဆိုလည်း သယ်သွားလိုက်ပေါ့တဲ့။

 မေးသူကတော့ ကျေနပ်သွားမှာ မဟုတ်ပါဘူး။ သူက ဆက်မေးချင်လည်း မေးနေအုံးမယ်။ စိတ်ထဲ ဘာမှမရှိပါဘူးဆိုမှ ဘာကို သယ်ရအုံးမှာလဲဗျာလို့။ ဇင်ဆရာကြီး ပြောချင်တာကတော့ လောကမှာ ဘယ်အရာမှ အကောင်အထည်ဒြဗ်မရှိဘူး။ လွှင့်ပစ်စရာလည်း ဘာမှ မရှိသလို၊ သယ်ဆောင်သွားစရာလည်း ဘာမှ မရှိဘူး။ ဒီသဘောတရားကိုပဲ ရိုးရိုးလေး ရှင်းမပြဘဲနဲ့ အများမထင်တဲ့ ရှုထောင့်ကနေ ရှင်းပြသွားတဲ့ အနေအထားလို့ ထင်ပါတယ်။
လယ်သမားကြီးရဲ့ အဖြစ်အပျက်မှာလည်း ဒီသဘောကို ရည်ညွှန်းလိုပုံရပါတယ်။ လယ်သမားကြီးရဲ့ စိတ်မှာ သောကတွေနဲ့ ပြည့်နေတယ်။ သူက ဒီသောကတွေကို ပြေပျောက်သွားစေချင်တယ်။ ဒါပေမယ့် ဘယ်လို လုပ်ရမလဲဆိုတာကို သူ မသိဘူး။ အကြောင်းတရားကို သူ မမြင်နိုင်ဘူး။ ဒီတော့ ပြေပျောက်အောင် လုပ်လို့မရနိုင် ဖြစ်နေခဲ့တယ်။ ဒါကို ဇင်ဆရာကြီးက မင်းကို ဘယ်သူက ချုပ်ထားလို့လဲလို့ မေးလိုက်တယ်။ လယ်သမားကြီး မြင်သွားတယ်။ ငါ့ကို သောကဖြစ်အောင် လုပ်နေတဲ့အရာတွေဟာ တကယ်တော့ အကောင်အထည်ပြစရာ ဘာမှ မရှိဘူး။

(၄)
ဒီဇာတ်လမ်းလေးတွေကို ဖတ်ပြီးတော့ ကိုယ်စိတ်ကိုယ်လည်း ပြန်ဆန်းစစ်နေမိတယ်။ နေ့စဉ် ကြုံတွေ့နေရတဲ့ အမြင်အာရုံတွေ၊ အကြားအာရုံတွေ စတဲ့ ရိုက်ခတ်မှုတွေနဲ့ ဆုံလာတိုင်း မရေမတွက်နိုင်တဲ့ စိတ်အခြေအနေတွေကို ကြုံတွေ့နေရတယ်။ ပင်ပန်းလိုက်တာ။ မောလိုက်တာ။ စိတ်ပျက်လိုက်တာ။ အထီးကျန်ဆန်လိုက်တာ။ ကံဆိုးလိုက်တာ။ မွန်းကြပ်လိုက်တာ။ လူတိုင်းလူတိုင်း ဒီလို အခြေအနေတွေကို ကြုံတွေ့နေရတယ်။ ဘာဖြစ်လို့ ကြုံတွေ့နေရလဲဆိုတာကို ဆန်းစစ်ကြည့်ရင် ဘာမှမဟုတ်တာကို အဟုတ်လုပ်နေတတ်လို့ဆိုတာ သွားမြင်မိတယ်။ တကယ်မမှန်တဲ့ လောကရဲ့ အမှန်တရားတွေကို တကယ့်အမှန် ပရမတ္ထအနေနဲ့ ထင်ယောင်ထင်မှား ဖြစ်မိတဲ့အတွက်ကြောင့် ဒီလို အခြေအနေတွေကို ခံစားမိနေတာ ဖြစ်ကောင်းဖြစ်မယ်လို့ တွေးမိပါတယ်။
စိတ်သောကတွေ ဖြစ်ဖူးလား။ လူတိုင်း ဖြစ်ဖူးပါတယ်။ ဒီလို ဖြစ်လာတဲ့အချိန်မှာ ကိုယ့်သောကလေးကို မြင်အောင် ကြည့်စေချင်တယ်။ ကြည့်ပြီးတော့မှ ဒီသောကလေးကို "လွှင့်ပစ်ဖို့နဲ့သယ်သွားဖို့"ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားကြည့်ရင် သောကလေး ပျောက်ကွယ်သွားတာကို တွေ့ရနိုင်ပါတယ်။

(၅)
"လွှင့်ပစ်လိုက်"
"သယ်သွားလိုက်"
ဝါကျလေးနှစ်ကြောင်းက အတိုလေးပေမယ့် ဘ၀ကို အားတွေ ဖြစ်စေခဲ့တယ်။ ၀ါကျလေးနှစ်ကြောင်း ရွတ်ပြီးလိုက်တိုင်း "ဘာကိုလဲ"ဆိုတဲ့အသိလေးက တန်ဖိုးရှိစွာ ၀င်ရောက်လာခဲ့ပါတယ်။ အဲဒီလိုလေး ကိုယ့်ကိုယ်ကို ပြန်မေးကြည့်တော့ ဘ၀က ပိုမို အဓိပ္ပာယ်ရှိလာသလိုလို ခံစားမိပါတယ်။

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails