Sunday, March 11, 2012

ကလေးအတွေး

“ငါတို့ ကျောင်းက ဆရာကြီးဟာ နေ့လယ်နေ့ခင်းတိုင်း တစ်ရေးတမော အိပ်လေ့ရှိတယ်”လို့ ဆိုယန်ရှကုရဲ့ တပည့်တစ်ယောက်က ပြောပြပါတယ်။ ကျွန်တော်တို့ ကလေးတွေက သူ ဘာဖြစ်လို့ အဲဒီလို နေ့ခင်းတိုင်း အိပ်ရသလဲလို့ မေးကြည့်ကြတော့ “ကွန်ဖြူးရှပ်လည်း နေ့ခင်းတွေမှာ ခဏအိပ်လေ့ရှိတယ်၊ သူ့လိုပဲပေါ့၊ ငါ့ဆရာကလည်း အိပ်မက်နယ်မြေမှာ ရှေးသူတော်စင်တွေကို တွေ့ဆုံဖို့ တစ်ရေးတမော အိပ်တာဖြစ်တယ်”လို့ ပြန်ဖြေပါတယ်။ ကွန်ဖြူးရှပ်အိပ်တဲ့အခါ သူ့အိပ်မက်ထဲမှာ ရှေးသူတော်စင်တွေကို တွေ့ဆုံပြီး အဲဒီအကြောင်းကို သူ့တပည့်တွေကို ပြန်ပြောကောင်း ပြန်ပြောမှာပေါ့။

အရမ်းကို ပူတဲ့ တစ်နေ့မှာပေါ့။ ကျွန်တော်တို့ ကလေးတွေဟာ တစ်ရေးတမော အိပ်စက်နေခဲ့ကြတယ်။ ဒီမှာတင် ကျွန်တော်တို့ ကျောင်းဆရာကြီးက ကျွန်တော်တို့ကို ဆူပူပါတော့တယ်။ ကျွန်တော်တို့ကလည်း “ဆရာကြီးခင်မျာ … ကျွန်တော်တို့ နေ့ခင်းမှာ အိပ်တယ်ဆိုတာ အကြောင်းမဲ့မဟုတ်ပါဘူး၊ ကွန်ဖြူးရှပ်လိုပေါ့၊ ရှေးသူတော်စင်တွေနဲ့ အိပ်မက်နယ်မြေမှာ တွေ့ဖို့ အိပ်ကြတာပါ”လို့ ပြန်ရှင်းပြပါတယ်။ အဲ့ဒီအခါ ဆရာကြီးက “ကဲ ပြောစမ်း၊ ရှေးသူတော်စင်တွေဆီက ဘာတွေ သိခဲ့ရလဲ”လို့ မေးပါတယ်။ “ဟုတ်ကဲ့ပါ ဆရာကြီးခင်မျာ … ကျွန်တော်တို့ အိပ်မက်နယ်မြေကို ရောက်တော့ ကျွန်တော်တို့ ဆရာကြီးဟာ နေ့လယ်နေ့ခင်းတိုင်း တစ်ရေးတမော အိပ်ပြီး ဒီအိပ်မက်နယ်မြေကို လာလေ့ရှိတယ်လို့ ပြောပါတယ်။ အဲဒါ ဟုတ်ပါသလားလို့ မေးပါတယ်။ အိပ်မက်နယ်မြေက ရှေးသူတော်စင်တွေက အဲဒီလို ပုဂ္ဂိုလ်မျိုးကို ငါတို့ တစ်ခါမှ မတွေ့ဖူးပါဘူး၊ ဒီကိုလည်း မလာပါဘူး”လို့ ပြန်ပြောပါတယ်။

ဒီဇာတ်လမ်းလေးကို ဖတ်ပြီးတော့ ငယ်ငယ်က အဖြစ်အပျက်လေးတွေကို ပြန်ပြောင်းအမှတ်ရမိပါတယ်။ ငယ်ငယ်က တောရွာမှာ အဖေက ရှေ့ကနေ လှည်းကို မောင်းနေတယ်။ စာရေးသူက လှည်းနောက်ဘက်ကို မျက်နှာမူပြီး လှည်းပေါ်ကနေ ခြေထောက်နှစ်ချောင်းကို ချထားမိပါတယ်။


အဲဒီတုန်းက အဖေက ပြောတယ်။ “ငါ့သား လှည်းပေါ်ကနေ ခြေထောက်တွေကို အောက်မချကောင်းဘူး”၊ “ဘာဖြစ်လို့လဲ အဖေ”၊ “အော် … ခြေထောက်တွေကို လှည်းပေါ်ကနေ အောက်ကို တွဲလောင်းချထားရင် နတ်ကျားတွေက လိုက်ကိုက်တတ်တယ်”၊ “နတ်ကျားတွေဆိုတာ ဘယ်လိုတွေလဲ”၊ “အာ … နတ်တွေက ကျားယောင်ဖန်ဆင်းထားတာကို ပြောတာ၊ စကားကြောရှည်မနေနဲ့ မင်း ခြေထောက်တွေ အပေါ်ကို ပြန်တင်စမ်း”။

စဉ်းစားတတ်တဲ့အရွယ်ရောက်တော့ “ဒါကြီးက အဓိပ္ပာယ်မရှိဘူး”လို့ တွေးမိပါတယ်။ တကယ်တော့ တောအရပ်တွေမှာ လှည်းလမ်းဆိုတာ မြို့ပေါ်က ကားလမ်းတွေလို တစ်ပြင်တည်း၊ တစ်ညီတည်း မဟုတ်ဘူးလေ။ လှည်းဘီးရာနှစ်ခုအလယ်မှာ မို့မောက်နေတဲ့ မြေဂမူတွေ၊ ဆူးခြုံလေးတွေ ရှိတတ်တယ်။ လှည်းပေါ်ကနေ ခြေထောက်နှစ်ချောင်းကို အောက်ကို တွဲလောင်းချထားရင် မြေဂမူတွေနဲ့ တိုက်ပြီး ခြေထောက်ကျိုးနိုင်တယ်။ ဆူးခြုံတွေနဲ့ ငြိပြီး ဆူးတွေစူးနိုင်တယ်။ ဒါကိုပဲ အဖေက “ကျောက်တုံးတွေ၊ မြေဂမူတွေနဲ့ တိုက်ပြီး ခြေကျိုးတတ်တယ်၊ ဆူးခြုံတွေ ငြိတတ်တယ်၊ ခြေထောက်ကို အပေါ်တင်စမ်း”လို့ မပြောဘဲ “နတ်ကျားတွေ ကိုက်တတ်တယ်”လို့ အလွယ်ပြောလိုက်ပါတယ်။

တစ်ခါက အဖေ ပုဆိန်နဲ့ ထင်းခွဲနေတော့ ရှေ့တည့်တည့်ကနေ သွားရပ်မိပါတယ်။ ဘာရယ်မဟုတ်၊ အဖေဖြစ်သူ ထင်းခွဲနေတာကို သွားထိုင်ကြည့်နေမိတာပါ။ အဲဒီအခါ အမေက “ငါ့သား လာစမ်း၊ အဲဒီနားမှာ မထိုင်နဲ့”လို့ လှမ်းပြောပါတယ်။ “ဘာဖြစ်လို့လဲ အမေကလဲ”၊ “ဟောဟိုမှာ တွေ့လား၊ မင်းအဖေကိုင်ထားတဲ့ ပုဆိန်ထိပ်မှာ စုန်းမကြီး ရှိတယ်၊ ထင်းခွဲနေတဲ့အချိန် ကလေးတွေ အနားလာရင် အဲဒီစုန်းမကြီးက ထွက်ကိုက်တတ်တယ်”လို့ ဆိုပါတယ်။ စဉ်းစားတတ်တဲ့အရွယ်ရောက်တော့ “ဒါကလည်း ဟုတ်သေးပါဘူး”လို့ တွေးမိပါတယ်။

လူကြီးတွေရဲ့ ကလေးတွေ အန္တရာယ်ကင်းပါစေဆိုတဲ့ စေတနာကောင်းနဲ့ အလွဲအမှား ပြောစကားတွေ ငယ်ငယ်ဘ၀မှာ အများကြီး ကြားခဲ့ရပါတယ်။ ဒီလို အလွယ်ပြောတတ်တာကလည်း မြန်မာ့ယဉ်ကျေးမှုလို့ဆိုရမလား မပြောတတ်ပါဘူး။ နေရာတိုင်းမှာ လူကြီးမိဘတွေဟာ ကလေးတွေကို စိတ်ရှည်လက်ရှည် သဘောပေါက်အောင် ပြောလေ့မရှိကြပါဘူး။ ကလေးဆိုတာ ဘာမှမသိပါဘူး။ နားလည်လွယ်အောင် ဒီလိုပဲ ပြောရတယ်လို့ ခံယူတတ်တဲ့အကျင့်က အရိုးစွဲနေပြီလို့တောင် ဆိုရမယ်။

အနောက်တိုင်းက လူတွေနဲ့ နားလည်တဲ့လူကြီးမိဘတွေကတော့ ကလေးတွေကို တလေးတစား ပြုမှုဆက်ဆံလေ့ရှိကြတယ်။ မြန်မာနိုင်ငံမှာတော့ ကလေးဆိုရင် လူရာမသွင်းချင်ကြဘူး။ ထားရာနေ၊ စေရာသွား၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့ … ဆိုတဲ့ အတွေးစိတ်ကူးများသာ လွှမ်းခြံနေကြတယ်။ အဲဒီကလေးတွေက ကြီးပြင်းလာတော့ သူတို့ရဲ့သားသမီးမြေးမြစ်တွေ၊ တပည့်တပန်းတွေကိုလည်း တန်ဖိုးထားရကောင်းမှန်း မသိကြတော့ဘူး။ ဒီလိုနဲ့ မြန်မာပြည်က ကလေးနဲ့လူကြီးဟာ လုံးခြာလည်ပြီး အာဏာရှင်ဆန်ဆန် လူမှုဝန်းကျင် ဖြစ်လာခဲ့တယ်။

သီရိလင်္ကာနိုင်ငံက အလှူအတန်းပွဲတွေမှာဆိုရင် ကလေးတွေကို လူကြီးတွေရဲ့ ရှေ့မှာ နေရာပေးကြတယ်။ ကလေးတစ်ယောက်က ဘုန်းကြီးဆွမ်းကပ်ရင်၊ ဟင်းပန်းကန်တွေ သယ်မ,ရင် လူကြီးတွေက ၀မ်းသာအားရနဲ့ လိုက်လံကူညီပေးတယ်။ မြန်မာနိုင်ငံမှာတော့ ဆွမ်းကပ်တွေမှာ ကလေးတွေ ဟင်းခွက်မရင် “ဟိုကောင် အသာနေစမ်း၊ ဟိုဟာ မကိုင်နဲ့၊ ဒီဟာ မကိုင်နဲ့” စသဖြင့် ငေါက်ငမ်းကြတယ်။ ကလေးက လူကြီးလုပ်သလို လိုက်လုပ်နေရင် “ကလေးက ကလေးနေရာ နေစမ်း၊ ဟိုမှာ တွေ့လား၊ ဘုန်းကြီး ရိုက်လိမ့်မယ်”စသဖြင့် ခြိမ်းခြောက်ကြတယ်။ ကြာလာတော့ ကလေးက လူတော မတိုးတော့ဘူး။ အခုခေတ်မှာတော့ အချို့လူကြီးတွေ အနောက်တိုင်းက ပညာသင်နည်းစနစ်တွေကို တုပယူပြီး ကလေးတွေကို နေရာပေးပြီး အဓိကထား သင်ကြားတဲ့စနစ်လေးတွေ အသုံးပြုလာတာ တွေ့ရတယ်။ ၀မ်းသာစရာပါပဲ။

ကလေးတွေနဲ့ပတ်သက်ပြီး ဒီနေ့ခေတ်မှာ အတုယူသင့်တာကတော့ ဆရာတော်ဦးဆေကိန္ဒပါပဲ။ ဘာသာရေးလောကမှာ ကလေးတွေကို ဂရုတစိုက် ပြုစုပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။ ငယ်ငယ်ကတည်းက အထက်စီးနဲ့ ဆက်ဆံဖို့ ပြောနေတဲ့ ဘာသာတရားကို ဒီနေ့ခေတ်ကလေးတွေက သဘောကျမှာ မဟုတ်တော့ဘူး။ ကလေးဆိုတာ ပျော်ဖို့ပါးဖို့၊ ဆော့ကစားဖို့သာ အဓိက အာရုံကျတာပါ။ ဒီအရွယ်ကလေးတွေကို မဆော့ရ၊ မကစားရဆိုပြီး ကျောင်းခေါ်ကာ တရားထိုင်ခိုင်းလို့ကတော့ ဗုဒ္ဓဘာသာဟာ ဆက်ပြီး လုံးပါးပါးနေအုံးမှာပဲ။ ဆရာတော်ဦးဆေကိန္ဒကတော့ ကလေးတွေကို ကျောင်းမှာပျော်အောင် အရင်ထားတယ်၊ ကျောင်းမှာပျော်နေပြီဆိုမှ ဆုံးမစကားတွေကို တဖြည်းဖြည်းချင်း ထည့်ပေးတယ်။ အပေးအယူဆိုတာ ကလေးတွေနဲ့ဆက်ဆံရေးမှာလည်း အရေးကြီးပါတယ်။ ဘုန်းကြီးတွေ၊ လူကြီးမိဘတွေအနေနဲ့ ကလေးတစ်ယောက်ဆီက တစ်ခုခု လိုချင်တယ်ဆိုရင် သူ လိုချင်တာ အရင်ပေးရပါလိမ့်မယ်။ သူတို့က ကလေးဘာဝ ပျော်ပါးဆော့ကစားချင်တယ်၊ ကိုယ်က ဘာသာရေးနာလည်သူလေးအဖြစ် မြင်ချင်တယ်။ ဒါကို ပါးပါးနပ်နပ် အပေးအယူ လုပ်တတ်ဖို့ လိုပါတယ်။

ဒီဇင်ဇာတ်လမ်းလေးမှာတော့ ကျောင်းသားကလေးတွေကို လွယ်လွယ်ပြောတဲ့ဆရာကို ကျောင်းသားကလေးတွေက ပြန်လည်တုန့်ပြန်တဲ့သဘောလေးလို့ ယူဆပါတယ်။ လူမှုအသိုင်းအ၀ိုင်းကြီးတစ်ခုလုံးမှာ ကလေးတွေကို တန်းဖိုးမထားဘဲ လွယ်လွယ်ပြောဆိုနေအုံးမယ်ဆိုရင်တော့ ဒီဘက်ခေတ်မျိုးဆက်သစ်ကလေးတွေရဲ့ တုန့်ပြန်မှုက ၀ရုန်းသုန်းကား ဖြစ်သွားပါလိမ့်မယ်။

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails