Dictionary/အဘိဓာန်

Blogspot Dictionary

Blogspot Dictionary

Sunday, March 25, 2012

ကမ္ဘောဇက လမင်း သို့မဟုတ် ဒေါက်တာဓမ္မသာမိ


ဘရူးနိုင်းမယ်တော်ကြီး ဒေါ်သက်သက်နွယ်ဆီက မေးလ်တစ်ခု ရတယ်။ လွန်ခဲ့တဲ့ လကတည်းကပါ။ မတ်လ၊ ၂၅-ရက်နေ့ကျရင် မင်္ဂလာဈေးဓမ္မာရုံမှာ အခမ်းအနားတစ်ခု ရှိတယ်။ အဲဒီအခမ်းအနားကို သူ့ကိုယ်စား သွားရောက်တက်ပေးဖို့ပါ။ မယ်တော်ကြီးက မေးလ်ပို့တဲ့နေရာမှာ ဒေါက်တာဓမ္မသာမိနဲ့ အပြန်အလှန်မေးပို့ထားတာတွေကိုကော ရောပြီး ပို့တဲ့အတွက် ဘာအခမ်းအနားမှန်း သေချာမသိလိုက်ဘူး။ မယ်တော်ကြီးရဲ့ ဖော်ဝက်ထ်မေးလ်ထဲမှာ ဆရာတော်ရဲ့ ယောဂါစရဂိုဏ်းအကြောင်းစတာတွေလည်း ပါနေတော့ စာတမ်းဖတ်ပွဲများလားလို့ အောက်မေ့ခဲ့မိတယ်။ နောက်ပြီး ဗန်းမော်ဆရာတော်ကြီးလဲ ပါမယ်။ ဒေါက်တာနန္ဒမာလာ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်က ပါမောက္ခချုပ်တွေလည်း ပါမယ်။ သူတို့လည်း ပြောကြမယ်ဆိုတော့ သေချာပေါက် စာတမ်းဖတ်ပွဲလို့ပဲ အောက်မေ့မိတာပါ။ နောက်မှ သိလိုက်ရတာက ဒေါက်တာဓမ္မသာမိရဲ့ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့တံဆိပ် ဂုဏ်ပြုပူဇော်ပွဲပါ။ 

အရင်က ဒေါက်တာဓမ္မသာမိ ပညာတော်တယ်၊ လေးစားစရာ အနေအထိုင်အပြုအမူတွေ ရှိတယ်ဆိုတာကိုတော့ ကြားဖူးနေပြီးသားပါ။ ဒါပေမယ့် အပြင်မှာ တစ်ခါမှ မမြင်ဖူးဘူး။
မြန်မာပြည်ရောက်ပြီးမှ နေ့ခင်းမအိပ်ဖြစ်တာ ကြာပြီ။ ဒီနေ့မှ မနက်စောစော လမ်းလျှောက်သွားထားတော့ နေ့လည်မှာ နည်းနည်းညောင်းပြီး ခဏဆိုပြီး အိပ်လိုက်တာ။ ၁း၁၀ မိနစ်မှ နိုးတယ်။ သင်္ကန်းလည်း မလဲနိုင်၊ ကပြာကယာနဲ့ အခမ်းအနားရှိရာ ရွှေတိဂုံနားက မင်္ဂလာဈေးဓမ္မာရုံကို သွားခဲ့တယ်။ ဟိုရောက်တော့ အိုးစည်ဗုံမောင်းတွေနဲ့ ဆရာတော်တွေ နေရာယူနေကြပြီ။ ပရိသတ်တွေကလည်း အခမ်းအနားစဖို့ အဆင်သင့်ဖြစ်နေကြပြီ။ 

မင်္ဂလာဈေးဓမ္မာရုံ မုခ်ဝမှာ ၀င်သင့်၊ မသင့် စဉ်းစားနေခဲ့မိတယ်။ သူများတွေက အခမ်းအနားမှာ သင်္ကန်းလေးတွေ ရုံလို့။ ထီးဖြူတွေနဲ့ ကြွသွားကြတာ။ ကိုယ့်မှာက ပြည့်ဖောင်းနေတဲ့ လွယ်အိတ်နဲ့။ အိပ်ချင်မူးတူး မျက်နာနဲ့။ နောက်ပြီး ကိုယ့်ကို တိုက်ရိုက်ဖိတ်ထားတာလည်း မဟုတ်ပြန်။ လှည့်ပြန်ဖို့ အကြိမ်ကြိမ် စိတ်ကူးနေမိသေးတယ်။ ဒါပေမယ့် ကိုယ့်ကိုကိုယ် ပြန်မေးကြည့်တယ်။ လှည့်ပြန်ဖို့ အကြောင်းပြချက်က ဘာလဲလို့။ ဘာမှ မတွေ့လိုက်ဘူး။ ဒါနဲ့ အခမ်းအနားထဲကို ခပ်တည်တည်နဲ့ ၀င်လိုက်တယ်။

ပရိသတ်တွေ အများကြီး။ ဓမ္မာရုံနဲ့အပြည့်။ အလယ်မှာ စင်္ကြံလေး။ ထိပ်မှာတော့ ဗန်းမော်ဆရာတော်ကြီးနဲ့ ပါမောက္ခဆရာတော်များ။ ပရိသတ်တွေအလွန် ဆရာတော်တွေနားနီးတော့ ဒကာတစ်ယောက်က ပြေးလာတယ်။ ဘယ်ကျောင်းက ကျောင်းထိုင်လဲတဲ့။ ဗျာ …..။ ဘယ်ကျောင်းမှ ကျောင်းထိုင် မဟုတ်ဘူးလို့ ပြောလိုက်တော့ ရှမ်းဝတ်စုံနဲ့ ဒကာကြီး ကြောင်သွားသလား မသိဘူး။ သံဃာစင်ပေါ်ကြွပါဆိုတော့ နေရာပြည့်နေပြီ။ အခန့်သားထိုင်ခုံကြီးတွေမှာ နေရာမရှိတော့ဘူး။ ပလပ်စတစ်ထိုင်ခုံလေးတွေပဲ ရှိတော့တယ်။ ကံကောင်းချင်တော့ ဒေါက်တာဓမ္မသာမိရဲ့ တပည့်ကိုယ်တော်လေးတွေထဲမှာ သီရိလင်္ကာမှာ စာသင်ခဲ့တဲ့ ကိုယ်တော်လေးတွေ ပါနေတော့ ကိုယ့်ကို မှတ်မိသွားတယ်။ ရှမ်းကိုယ်တော်တစ်ပါးက ထပေးတယ်။ ပါမောက္ခတွေ ထိုင်တဲ့ ခုံတန်းမှာ ထိုင်ဆိုလို့ ထိုင်လိုက်တယ်။ ဘေးဘက်ဝဲယာကြည့်လိုက်တော့ သာသနာ့တက္ကသိုလ်က ပါမောက္ခဆရာတော်တွေကို တွေ့ရတယ်။ ဒေါက်တာဓမ္မသာမိကို အနီးကပ် သွားရောက်နှုတ်ဆက်ခွင့် ရခဲ့တယ်။ ပုတီးလေးကို ဘယ်ဘက်လက်မှာ ဆွဲ၊ ညာဘက်လက်မှာ သရေကွင်းလေး ပတ်လို့။ အပြုအမူအပြောအဆို သိမ်မွေ့လှတယ်။

အခမ်းအနားက အတော့်ကို ကြာပါတယ်။ ၁း၃၀ လောက်က စပြီး ၅ နာရီ ထိုးခါနီးမှ ပြီးပါတယ်။ အခမ်းအနားက ကြာပေမယ့် ကြာမှန်းမသိရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆရာတော် ဒေါက်တာဓမ္မသာမိအကြောင်းတွေကို ဆရာတော်တွေ၊ ဒကာဒကာမတွေက တစ်ယောက်အမြင်တစ်ယောက် မရိုးအောင်ပြောသွားကြလို့ပါပဲ။ အရေးထဲမှာ ကင်မရာက ဘတ်ထရီကုန်နေလို့ ဘာဓာတ်ပုံမှ မရိုက်လိုက်ရဘူး။

ပထမ ဗန်းမော်ဆရာတော်ကြီး ပြောသွားတယ်။ ဗန်းမော်ဆရာတော်ကြီးက ဇာဏုေဿာဏိပုဏ္ဏားကြီးအကြောင်းနဲ့ ယှဉ်ပြောသွားတယ်။ ပုဏ္ဏားကြီးက ဘုရားနဲ့သံဃာကို ကြည်ညိုတတ်တယ်။ တရားကို ဘယ်လို ကြည်ညိုရမှန်း မသိဘူးလို့ ဘုရားကို လျှောက်တယ်။ မြတ်စွာဘုရားက တရားကို ကြည်ညိုချင်ရင် တရားကို ဆောင်ထားတဲ့၊ တရားကျင့်တဲ့သူတွေကို ကြည်ညိုပါ။ ဒါဆိုရင် တရားကို ကြည်ညိုတာပဲလို့ မြတ်စွာဘုရားက မိန့်တယ်။ ဒီတော့ ပုဏ္ဏားကြီးက ဘယ်သူတွေက တရားဆောင်တာလဲလို့ မေးပြန်တယ်။ မြတ်စွာဘုရားက ကျောင်းထဲက ကိုယ်တော်တွေကို လိုက်မေးကြည့်လို့ဆိုတော့ လိုက်မေးကြည့်တယ်။ ကိုယ်တော်တွေက အရှင်အာနန္ဒာကို ညွှန်ပြကြတယ်။ ဒီတော့ ဦးဓမ္မသာမိဟာ အရှင်အာနန္ဒာလိုပဲ တရားကို ဆောင်ထားတဲ့ သူဖြစ်လို့ တရားကို ကြည်ညိုချင်ရင် သူ့ကို ကြည်ညိုကြပါ။ ဦးဓမ္မသာမိအနေနဲ့လည်း ပုတီးအမြဲစိပ်ပါ … စသဖြင့် ပြောသွားပါတယ်။

ဒုတိယပြောသူကတော့ ဒေါက်တာနန္ဒမာလာရဲ့ စာကို သာသနာ့တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအာဒိစ္စက ဖတ်ပြပါတယ်။ ဖတ်သူပဲ မကောင်းလို့လား၊ မူရင်းပဲ မကောင်းလို့လား မသိဘူး။ ဒီစာကတော့ ပျင်းစရာကောင်းတယ်။ တတိယပြောသူကတော့ ရှမ်းဆရာတော်တစ်ပါးပါ။ ရှမ်းလိုပြောတော့ ဘာမှ နားမလည်ဘူး။ ဒေါက်တာဓမ္မသာမိကို အလှူငွေ ၁၄ သိန်းနဲ့မြဘုရားတစ်ဆူ လှူတယ်။ ဆုလည်း တောင်းပေးတယ်။ ဒေါက်တာဓမ္မသာမိက ရိုရိုသေသေလေးနဲ့ ခံယူတယ်။ ကြည်နူးစရာမြင်ကွင်းပါ။ စတုတ္ထပြောသူကလည်း ရှမ်းဒေါက်တာတစ်ပါးပါပဲ။ သူလည်း ရှမ်းဘာသာနဲ့အတော်ရှည်ရှည်ဝေးဝေး ပြောသွားတယ်။

ပဉ္စမပြောသူကတော့ တိပိဋကဓရဆရာတော် ဦးဂန္ဓမာလာလင်္ကာရ ဖြစ်ပါတယ်။ သူ့အသံက အတော် ဆွဲဆောင်မှုရှိတယ်။ ရင်ထဲမှာ အသံကြားတာနဲ့ ကြည်နူးသွားတယ်။ သြဇဂုဏ်လည်း အတော်မြောက်ပါတယ်။ သူက ဒေါက်တာဓမ္မသာမိနဲ့ အင်္ဂလန်မှာ အတူနေခဲ့ကြောင်း၊ ကြည်ညိုဖွယ်ကောင်းကြောင်း၊ စာတော်ကြောင်း၊ အင်္ဂလန်မှာ ဒေါက်တာဓမ္မသာမိက ထမင်းဟင်းချက်ပြီး သူက ခွက်ဆေးရကြောင်း၊ နိုင်ငံခြားမှာ အဲဒီလို သာသနာပြုရကြောင်း၊ ဒေါက်တာဓမ္မသာမိမှာ အထူးခြားဆုံးတစ်ခုက သီးခံစိတ်ပဲ … စသဖြင့် ပြောသွားတယ်။ သူပြောတဲ့အထဲမှာ နည်းနည်းအငြင်းပွားစရာတစ်ခုတော့ ပါလာတယ်။ နိုင်ငံခြားသာသနာပြုစစ်စစ်ဆိုလို့ ဒေါက်တာဓမ္မသာမိတစ်ပါးထဲ ရှိတယ်၊ ကျန်တာတွေက မြန်မာမြန်မာချင်းပဲ ပြုနေကြတာလို့ သူ ပြောတယ်။ ဒါကတော့ နည်းနည်း လွန်ကဲစွာ ဆိုလိုက်တယ်နဲ့ တူပါတယ်။ ဘာသန္တရကျွမ်းကျင်တဲ့ ဆရာတော်ဦးသီလာနန္ဒတို့၊ အင်္ဂလိပ်စကားမကျွမ်းကျင်ပေမယ့် ဘာသာပြန်နဲ့ဟောရင်း သာသနာပြုတော်မူသွားကြတဲ့ ဆရာတော်တွေ အများကြီး ရှိပါတယ်။

ဆဋ္ဌမပြောသူကတော့ ရှမ်းဆရာတော်တစ်ပါးပါ။ ရှမ်းလိုမြန်မာလို နှစ်ဘာသာနဲ့ အနည်းငယ်ပဲ ပြောသွားပါတယ်။ ဒေါက်တာဓမ္မသာမိနဲ့သူနဲ့ ကွာပုံ၊ ဒေါက်တာဓမ္မသာမိက ညာဏ်ကောင်းပုံ၊ ကြိုးစားပုံ စတာတွေကို ပြောသွားတယ်။ 

သတ္တမပြောသူကတော့ ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းက ဆရာတော်ဦးနာရဒပါ။ သူက လေသံအေးအေးလေးနဲ့ ချီးမွမ်းခန်းဖွင့်သွားပါတယ်။ သူက ဘာသန္တရကျွမ်းကျင်တဲ့အတွက် ဒေါက်တာဓမ္မသာမိ အောင်မြင်ကြောင်း၊ နိုင်ငံခြားသာသနာပြုတွေထဲမှာ ဆရာတော်ဦးသီလာနန္ဒလည်း တော်ကြောင်း၊ အောင်မြင်ကြောင်း၊ ဒုတိယက အခု ဒေါက်တာဓမ္မသာမိဖြစ်ကြောင်း စသဖြင့် ပြောသွားပါတယ်။ 

န၀မပြောသူကတော့ ဂုဏ်အပြုခံ ဒေါက်တာဓမ္မသာမိပါ။ သူက ညင်ညင်သာသာအသံလေးနဲ့ သူရေးတဲ့စာအုပ်နှစ်အုပ်ကို မိတ်ဆက်သွားပါတယ်။ Mindfulness meditation made easy နဲ့ Blessings … You Can D.I.Y ဆိုတဲ့ စာအုပ်နှစ်အုပ်ပါ။ ဒုတိယစာအုပ်ကို ၁၀ နှစ်လောက် ရေးခဲ့ရတယ်လို့ ဆိုပါတယ်။ နောက်ထပ်ဖြည့်စရာတွေလည်း အများကြီး ရှိသေးတယ်လို့ ဆိုပါတယ်။
နောက်ပြီး ဒကာကြီးတစ်ယောက်နဲ့ ရန်ကုန်တက္ကသိုလ်က ပါမောက္ခ (မသေချာ)ဒကာမကြီးက ဆက်ပြောသွားကြတယ်။ ဒကာမကြီးက ဆရာတော်ဘာသန္တရကျွမ်းကျင်ပုံ၊ ကျမ်းရေးသားခြင်းစတာတွေမှာ စနစ်ကျပုံ၊ ပါဠိလို လက်တန်းပြောနိုင်ပုံတွေကို ပြောသွားတယ်။

နောက်ပိုင်းမှာတော့ မြန်မာရတု၊ ရှမ်းရတုတွေနဲ့ ဂုဏ်ပြုကြတယ်။ ဆရာတော်တွေကို လှူဖွယ်ဝတ္ထုတွေ ဆက်ကပ်ကြတယ်။ ဗန်းမော်ဆရာတော်နဲ့ ဆရာတော်အတော်များများက လှူဖွယ်တွေ လှူပြီးတာနဲ့ ထပြန်သွားကြတယ်။ အခမ်းအနားက ကြာပြီဆိုတော့ ဆရာတော်ကြီး အတော်ညောင်းနေပြီနဲ့ တူပါရဲ့။ ဒကာဒကာမတွေက ဒေါက်တာဓမ္မသာမိကို တစ်ယောက်ပြီးတစ်ယောက် လှူဖွယ်ဝတ္ထုများ ကပ်၊ စကားပြောကြ။ အတော်ကြာသွားမှ ရေစက်ချပြီး အခမ်းအနားသိမ်းလိုက်တယ်။

အခမ်းအနားက ပြန်လာတော့ နေပူပေမယ့် အခမ်းအနားပုံရိပ်တွေ၊ ဒေါက်တာဓမ္မသာမိ ဖြတ်သန်းခဲ့တဲ့ ဘ၀ပုံရိပ်တွေက လူကို လွှမ်းခြုံလာခဲ့တော့ ပူမှန်းမသိခဲ့ဘူး။ ဒီလို ပညာတော်တဲ့ သာသနာပြုပုဂ္ဂိုလ်များ များများ ပေါ်ထွက်နိုင်ပါစေလို့လည်း ဆုတောင်းမိတယ်။ 

ထူးခြားတဲ့ ကြိုးစားတဲ့ ဆရာတော်တစ်ပါးကို ဖူးတွေ့လိုက်ရတဲ့အတွက် ၀မ်းသာနေမိခဲ့တယ်။ ဘယ်အခြေအနေမျိုးပဲတွေ့တွေ့၊ ကိုယ့်ကိုကိုယ် အမြဲပြန်ကြည့်တဲ့ အကျင့်လေးရှိတော့ …. ငါကော … ဘယ်လိုလဲ ….။ ဒေါက်တာဓမ္မသာမိ လုပ်ဆောင်ချက်တွေရဲ့ ၅ ရာခိုင်နှုန်းတောင် ငါ မလုပ်ရသေးပါလားလို့ ကောက်ချက်ချမိတယ်။ ဒီအတွေးလေးနဲ့ နေပူကျဲတဲအောက်မှာ ခြေလှမ်းတွေ သွက်နေခဲ့တယ်။

Saturday, March 24, 2012

လွှင့်ပစ်ပြီး သယ်သွား


(၁)
ဂျိုရှုဟာ သူ့အသက် ၆၀-မှာ ဇင်ကို စတင်လေ့လာတယ်။ သူ ဇင်သဘောတရားတွေကို နားလည်သိမြင်တဲ့အချိန်ကျတော့ သူ့အသက်က ရှစ်ဆယ်ရှိသွားပြီ။ အသက် ၁၂၀-ထိ သူသိရှိထားတဲ့ ဇင်အကြောင်းကို ပြန်လည်သင်ကြားပေးခဲ့တယ်။ တစ်နေ့မှာ ကျောင်းသားတစ်ယောက်က …….
"ကျွန်တော့်စိတ်ထဲမှာ ဘာတစ်ခုမှ မရှိဘူးဆိုရင် ကျွန်တော် ဘာလုပ်ရမလဲ"
လို့ မေးပါတယ်။ အဲဒီအခါမှာ ဂျိုရှုက
"လွှင့်ပစ်လိုက်"
လို့ ဖြေပါတယ်။
"ဒါပေမယ့် ကျွန်တော့်မှာ ဘာမှမှ မရှိတာ၊ ဘယ်လို လွှင့်ပစ်လို့ ရမှာလဲ"
လို့ တပည့်က ပြန်ပြောတဲ့အခါ ဂျိုရှုက
"ဒီလိုဆိုရင် သယ်သွားလိုက်ပေါ့"
လို့ ဆိုလိုက်ပါတယ်။

(၂)
ငယ်စဉ်က ချမ်းမြေ့ဆရာတော်ကြီးရဲ့ ဆင်းရဲငြိမ်းအေးချမ်းသာရေး တရားစာအုပ်ကို ဖတ်ခဲ့စဉ်က ဇင်ဇာတ်လမ်းတွေကို စတင်ဖတ်ရှုခွင့် ရခဲ့တယ်။ ဇင်ဇာတ်လမ်းတွေတိုင်းမှာ ဆွဲဆောင်မှုတစ်ခုမဟုတ်တစ်ခု ရှိနေတတ်ပါတယ်။ အဲဒီတုန်းက ဖတ်ခဲ့တဲ့အထဲက အမှတ်အရဆုံး ဇာတ်လမ်းလေးတစ်ခု ရှိဖူးတယ်။ စိတ်ညစ်တဲ့အခါတိုင်း အဲဒီဇင်ဇာတ်လမ်းလေးကို ရေရွတ်ကြည့်တယ်။ စိတ်ထဲမှာ ပေါ့ပေါ့သွားတယ်။ လယ်သမားကြီးတစ်ယောက်က သားဒုက္ခသမီးဒုက္ခတွေနဲ့ သောကတွေ ဝေနေလို့ ဇင်ဆရာကြီးထံကို သွားခဲ့တယ်။ သူက "ဆရာကြီးခင်ဗျား …. ကျွန်ုပ်ကို အနှောင်အဖွဲ့တွေကနေ လွတ်အောင် ကယ်မတော်မူပါ"လို့ ပြောတော့ ဇင်ဆရာကြီးက စကားတစ်ခွန်းပဲ ပြန်မေးခဲ့ပါတယ်။ အဆိုပါ စကားတစ်ခွန်းနဲ့ပဲ လယ်သမားကြီး တရားရသွားတယ်၊ သူတို့အဆို intuition လျပ်တပြက်ညာဏ်အလင်းရသွားတယ်လို့ ဆိုပါတယ်။ ဇင်ဆရာကြီး ပြောလိုက်တဲ့စကားကတော့ "မင်းကို ဘယ်သူက ချုပ်ထားလို့လဲ"တဲ့။

(၃)
လောကမှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေ၊ အခက်အခဲတွေ၊ သောကဖြစ်စရာတွေဟာ သမရိုးကျတွေးခေါ်နေတတ်လို့ ဇာတ်ကြောရှည်နေကြတာ များပါတယ်။ သမရိုးကျတွေးခေါ်မှုကနေ ဖောက်ထွက်ပြီး ထူးခြားတဲ့အမြင်တစ်မျိုးနဲ့ မြင်ကြည့်လိုက်ရင် ရင်ထဲမှာ ပေါ့သွားတတ်ပါတယ်။ ဇင်ဇာတ်လမ်းတွေရဲ့ အခြေခံအနှစ်သာရကတော့ အရာရာကို ပေါ့ပေါ့ပါးပါး ရှုကြည့်တတ်ဖို့ပါပဲ။ လေးနေတဲ့အရာတွေကို၊ ရှုပ်နေတဲ့အရာတွေကို သူတို့က ပေါ့ပေါ့ပါးပါး (တစ်ခါတစ်ရံ ပေါ့ပျက်ပျက်လို့တောင် ဆိုရနိုင်ပါတယ်) လုပ်ပစ်ပါတယ်။
စိတ်ထဲမှာ ဘာမှမရှိတဲ့အခါ ဘာလုပ်ရမလဲ၊ ဘယ်လိုနေရမလဲလို့ ဆိုတယ်။ အဖြေက လွှင့်ပစ်လိုက်တဲ့။ အဲဒီလို ဘာမှတွေးမနေနဲ့၊ အဲဒီအတွေးကို ရှင်းထုတ်လိုက်လို့ ဆိုချင်ပုံရတယ်။ မေးသူကလည်း ဆက်ပြန်တယ်။ စိတ်ထဲ ဘာမှမရှိဘူးဆိုမှ ဘာကို လွှင့်ပစ်ရမလဲတဲ့။ ဒါဆိုလည်း သယ်သွားလိုက်ပေါ့တဲ့။

 မေးသူကတော့ ကျေနပ်သွားမှာ မဟုတ်ပါဘူး။ သူက ဆက်မေးချင်လည်း မေးနေအုံးမယ်။ စိတ်ထဲ ဘာမှမရှိပါဘူးဆိုမှ ဘာကို သယ်ရအုံးမှာလဲဗျာလို့။ ဇင်ဆရာကြီး ပြောချင်တာကတော့ လောကမှာ ဘယ်အရာမှ အကောင်အထည်ဒြဗ်မရှိဘူး။ လွှင့်ပစ်စရာလည်း ဘာမှ မရှိသလို၊ သယ်ဆောင်သွားစရာလည်း ဘာမှ မရှိဘူး။ ဒီသဘောတရားကိုပဲ ရိုးရိုးလေး ရှင်းမပြဘဲနဲ့ အများမထင်တဲ့ ရှုထောင့်ကနေ ရှင်းပြသွားတဲ့ အနေအထားလို့ ထင်ပါတယ်။
လယ်သမားကြီးရဲ့ အဖြစ်အပျက်မှာလည်း ဒီသဘောကို ရည်ညွှန်းလိုပုံရပါတယ်။ လယ်သမားကြီးရဲ့ စိတ်မှာ သောကတွေနဲ့ ပြည့်နေတယ်။ သူက ဒီသောကတွေကို ပြေပျောက်သွားစေချင်တယ်။ ဒါပေမယ့် ဘယ်လို လုပ်ရမလဲဆိုတာကို သူ မသိဘူး။ အကြောင်းတရားကို သူ မမြင်နိုင်ဘူး။ ဒီတော့ ပြေပျောက်အောင် လုပ်လို့မရနိုင် ဖြစ်နေခဲ့တယ်။ ဒါကို ဇင်ဆရာကြီးက မင်းကို ဘယ်သူက ချုပ်ထားလို့လဲလို့ မေးလိုက်တယ်။ လယ်သမားကြီး မြင်သွားတယ်။ ငါ့ကို သောကဖြစ်အောင် လုပ်နေတဲ့အရာတွေဟာ တကယ်တော့ အကောင်အထည်ပြစရာ ဘာမှ မရှိဘူး။

(၄)
ဒီဇာတ်လမ်းလေးတွေကို ဖတ်ပြီးတော့ ကိုယ်စိတ်ကိုယ်လည်း ပြန်ဆန်းစစ်နေမိတယ်။ နေ့စဉ် ကြုံတွေ့နေရတဲ့ အမြင်အာရုံတွေ၊ အကြားအာရုံတွေ စတဲ့ ရိုက်ခတ်မှုတွေနဲ့ ဆုံလာတိုင်း မရေမတွက်နိုင်တဲ့ စိတ်အခြေအနေတွေကို ကြုံတွေ့နေရတယ်။ ပင်ပန်းလိုက်တာ။ မောလိုက်တာ။ စိတ်ပျက်လိုက်တာ။ အထီးကျန်ဆန်လိုက်တာ။ ကံဆိုးလိုက်တာ။ မွန်းကြပ်လိုက်တာ။ လူတိုင်းလူတိုင်း ဒီလို အခြေအနေတွေကို ကြုံတွေ့နေရတယ်။ ဘာဖြစ်လို့ ကြုံတွေ့နေရလဲဆိုတာကို ဆန်းစစ်ကြည့်ရင် ဘာမှမဟုတ်တာကို အဟုတ်လုပ်နေတတ်လို့ဆိုတာ သွားမြင်မိတယ်။ တကယ်မမှန်တဲ့ လောကရဲ့ အမှန်တရားတွေကို တကယ့်အမှန် ပရမတ္ထအနေနဲ့ ထင်ယောင်ထင်မှား ဖြစ်မိတဲ့အတွက်ကြောင့် ဒီလို အခြေအနေတွေကို ခံစားမိနေတာ ဖြစ်ကောင်းဖြစ်မယ်လို့ တွေးမိပါတယ်။
စိတ်သောကတွေ ဖြစ်ဖူးလား။ လူတိုင်း ဖြစ်ဖူးပါတယ်။ ဒီလို ဖြစ်လာတဲ့အချိန်မှာ ကိုယ့်သောကလေးကို မြင်အောင် ကြည့်စေချင်တယ်။ ကြည့်ပြီးတော့မှ ဒီသောကလေးကို "လွှင့်ပစ်ဖို့နဲ့သယ်သွားဖို့"ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားကြည့်ရင် သောကလေး ပျောက်ကွယ်သွားတာကို တွေ့ရနိုင်ပါတယ်။

(၅)
"လွှင့်ပစ်လိုက်"
"သယ်သွားလိုက်"
ဝါကျလေးနှစ်ကြောင်းက အတိုလေးပေမယ့် ဘ၀ကို အားတွေ ဖြစ်စေခဲ့တယ်။ ၀ါကျလေးနှစ်ကြောင်း ရွတ်ပြီးလိုက်တိုင်း "ဘာကိုလဲ"ဆိုတဲ့အသိလေးက တန်ဖိုးရှိစွာ ၀င်ရောက်လာခဲ့ပါတယ်။ အဲဒီလိုလေး ကိုယ့်ကိုယ်ကို ပြန်မေးကြည့်တော့ ဘ၀က ပိုမို အဓိပ္ပာယ်ရှိလာသလိုလို ခံစားမိပါတယ်။

Wednesday, March 14, 2012

ဓမ္မစကူးလ်ဖြစ်မြောက်ရေး စုပေါင်းစည်းဝေးပွဲ အခမ်းအနား































ဓမ္မစကူးလ်ဖြစ်မြောက်ရေး စုပေါင်းစည်းဝေးပွဲ အခမ်းအနားကို မြို့မကျောင်းလမ်းရှိ စိန်ရတနာဓမ္မာစရိယစာသင်တိုက်တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြပါသည်။ အခမ်းအနားသို့ အင်းစိန်ရွာမဆရာတော်ကြီး အမှူးပြုသော ဆရာတော်သံဃာတော်များ၊ သီလရှင်ဆရာကြီးဆရာလေးများ၊ တတ်သိပညာရှင်များနှင့် အလှူရှင်ဒကာဒကာမများ စုစုပေါင်း ၁၀၀-ကျော် တက်ရောက်ခဲ့ကြသည်။ အခမ်းအနားကို နေ့လယ် ၂း၃၀ အချိန်တွင် စတင်ကျင်းပခဲ့သည်။ အခမ်းအနားကို ထုံးစံအတိုင်း နမော တဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့သည်။ ထို့နောက် အင်းစိန်ရွာမပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသမှ သြ၀ါဒစကား မိန့်ကြားခဲ့သည်။ ဆရာတော်က မြန်မာနိုင်ငံတွင် ဓမ္မစကူးလ်များ နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဖွင့်လှစ်သင်ကြားသင့်ကြောင်း၊ ထိုသို့ဖွင့်လှစ်နိုင်ကြရန် ၀ိုင်းဝန်းကြိုးပမ်းသင့်ကြောင်း စသည်ဖြင့် သြ၀ါဒစကား မြွက်ကြားပေးခဲ့သည်။ ထို့နောက် ဓမ္မစကူးလ်ဖြစ်မြောက်ရေး အကျိုးဆောင် Organizer အားလုံးရဲ့ ကိုယ်စား ဆရာလေးဒေါ်ကေတုမာလာမှ လက်ရှိအချိန်အထိ ဖြစ်ပေါ်တိုးတက်မှုအဆင့်ဆင့်ကို ရှင်းလင်းလျှောက်ထားခဲ့သည်။ (ဒေါ်ကေတုမာလာလျှောက်ထားခဲ့သည်များကို နောက်ပိုင်းတွင် ဖော်ပြပါမည်။)
ထို့နောက် ကော်မတီအမည်စာရင်း ဦးစက္ကပါလမှ တင်သွင်းလျှောက်ထားခဲ့ပြီး ဓမ္မစကူးလ်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ၊ ဗုဒ္ဓစေတမန် ဆရာတော် ဦးသာသန၀ရမှ ဓမ္မစကူးလ်ဖြစ်မြောက်ရေး စီမံကိန်း၏ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းလျှောက်ထားခဲ့သည်။ ထို့နောက် ဓမ္မစကူးလ်ဖြစ်မြောက်ရေး စီမံကိန်း အဓိက မ တည်အလှူရှင် ရှိုင်းဟုပ်ကုမ္ပဏီမှ ဒါယိကာမကြီး ဒေါက်တာဒေါ်ခင်ခင်ရီမှ သာသနာရေးနှင့်စပ်လျဉ်းသော ၀မ်းမြောက်စကားများ ပြောကြားခဲ့သည်။ ထိုသို့ပြောကြားရာတွင် အစက ဓမ္မစကူးလ်လုပ်မည်ဟု ဦးသာသန၀ရက ပြောတော့ သူက ဓမ္မစကူးလ်ကို ဓမ္မစက္ခုဟု ကြားခဲ့ကြောင်း၊ တရားမျက်စိအလှူများ လုပ်ကြမလားဟု ထင်မိကြောင်း၊ နောက်ပိုင်းမှသာ ဆန်းဒေးစကူးလ်ကျောင်းတော်များ ဖွင့်လှစ်နိုင်ရန် သင်ရိုးများ ရေးဆွဲမည်ကို သိရကြောင်း၊ သူ့အနေနဲ့ ဆက်လက်လှူဒါန်းပါမည့်အကြောင်း စသည်ဖြင့် လျှောက်ထားခဲ့သည်။
ထို့နောက် ကြွရောက်လာကြသော ဆရာတော်များ၊ သီလရှင်များနှင့် အခြားပညာရှင်များက အကြံပြုဆွေးနွေးခဲ့ကြသည်။ ထိုသို့ဆွေးနွေးရာတွင် ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက်၊ လှရတနာဆရာတော် ဦးနာရဒမှ အကြံပြုစကား ပြောကြားရာတွင် ရှေးယခင်က မြန်မာနိုင်ငံဘာသာရေးကို တောကျောင်းများက ထိန်းခဲ့ကြောင်း၊ ရှင်ဘုရင်းများကအစ နိုင်ငံ့ခေါင်းဆောင်များအားလုံးသည် ဘုန်းကြီးကျောင်းထွက်များဖြစ်၍ ဗုဒ္ဓဘာသာစည်ပင် ထွန်းကားခဲ့ကြောင်း၊ ယနေ့ခေတ်ကာလတွင် လူငယ်မျိုးဆက်များကို ဘုန်းကြီးကျောင်းများက တာဝန်ယူသင်ကြားမပေးနိုင်ကြတော့သဖြင့် အားနည်းနေကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင် ဓမ္မစကူးလ်များ ဖွင့်လှစ်နိုင်အောင် ကြိုးစားသင့်ကြောင်း စသည်ဖြင့် အကြံပြုတိုက်တွန်းခဲ့သည်။
ထို့နောက် ငါးကျမ်းပြန်ဆရာတော် ဒေါက်တာဓမ္မပိယမှ အကြံပြုစကားများ ပြောကြားခဲ့သည်။ ရှေးအခါက ပွဲကျောင်းခေါ် ဘုန်းကြီးကျောင်းသင်ပညာရေး ကြီးစိုးခဲ့ကြောင်း၊ အောင်မြင်မှုလည်း ရခဲ့ကြောင်း၊ ယခုလည်း အချို့ကျောင်းများတွင် ဘာသာရေးစာပေများ သင်ကြားကြကြောင်း၊ သို့ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် အောင်မြင်သည်ဟု မဆိုနိုင်ကြောင်း ထောက်ပြပေးပြီး အောက်ပါအတိုင်း ကောက်ချက်တစ်ခု ဆွဲပေးခဲ့သည်။ ရှေးအခါက ဘုန်းကြီးကျောင်းသင်ပညာရေး အောင်မြင်သည်မှာ လူတို့လိုအပ်ချက်ကို သင်ပေးနိုင်သဖြင့် ဘုန်းကြီးနှင့်လူ အပေးအယူ တည့်သဖြင့် အောင်မြင်ကြောင်း၊ ယနေ့ ဘုန်းကြီးကျောင်းများက လူတို့ လိုအပ်ချက်ကို သင်မပေးနိုင်ကြကြောင်း၊ ထိုသို့ ဘုန်းကြီးပေးတာ တစ်ခြား၊ လူတို့ လိုချင်တာက တစ်မျိုး၊ အပေးအယူမတည့်ကြသဖြင့် မအောင်မြင်ကြောင်း မိန့်ကြားသွားခဲ့သည်။ ပညာရေးအသွင် သင်ရိုးဟု ဆိုသဖြင့် အင်္ဂလိပ်စာကိုပါ ထည့်သွင်းပြဋ္ဌာန်းသင့်ကြောင်း မိန့်ကြားခဲ့သည်။
တစ်ဖန် လေးအိမ်စုဆရာတော် အရှင်ဝိစိတ္တသာရမှလည်း YMBA အသင်းကြီးနှင့် ပူးပေါင်းဆောင်ရွက်ပြီး ယဉ်ကျေးမှုသင်တန်းများ ဖွင့်လှစ်ခဲ့သည်မှာ ၃၃-နှစ် ရှိပြီဖြစ်ကြောင်း၊ တစ်နှစ်ကို ကျောင်းသား ၈-သောင်းကျော် သင်ယူနေကြကြောင်း၊ သို့ရာတွင် နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အလွန်နည်းပါးကြောင်း၊ လက်ရှိသင်ကြားနေသော သင်ရိုးစာအုပ်များတွင် သမိုင်းအားနည်းကြောင်း၊ သမိုင်းကို မြန်မာ့သမိုင်းသာမက ကမ္ဘာမှာရှိတဲ့ ဗုဒ္ဓဘာသာသမိုင်းများကိုပါ ထည့်သွင်းပြဋ္ဌာန်းသင့်ကြောင်း အကြံပြုသွားခဲ့သည်။
ဆက်လက်၍ သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှ ဆရာတော်ဦးပဏ္ဍိတမှ Discovering the Buddha စာအုပ်ကို မိတ်ဆက်ပေးပြီး သင်ရိုးစာအုပ်များတွင် ပုံပြင်ကဏ္ဍကို ပီပီပြင်ပြင် ထည့်သွင်းသင့်ကြောင်း၊ ဖောင်းဒေးရှင်း၏ လိုဂိုကို ပြုလုပ်သင့်ကြောင်း၊ ဖောင်းဒေးရှင်းတွင် motto ခေါ်ဆောင်ပုဒ် ရှိသင့်ကြောင်းနှင့် Methodology အကြောင်းတို့ကို အကျယ်တ၀င့် တင်ပြဆွေးနွေးခဲ့သည်။ ထို့နောက် ကလျာဏမိတ္တဖောင်ဒေးရှင်းမှ ကိုဘိုဘိုလွင်မှလည်း ကလေးများအတွက် သင်ရိုးရေးဆွဲရာတွင် ကလေးများ နားလည်အောင်၊ စာသင်ရတာ ပျော်အောင် လုပ်ဆောင်သင့်သည့် နည်းစနစ်များကို တင်ပြဆွေးနွေးခဲ့သည်။ ထို့နောက် ထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ ဒေါက်တာလှမြင့်နှင့် အင်္ဂလိပ်စာဆရာ ဦးအာသာမှလည်း ၀င်ရောက်ဆွေးနွေးခဲ့သည်။ ဆက်လက်၍ သာသနာ့တက္ကသိုလ်မှ ကျမ်းပြုဆရာတော် ဦးဝိစက္ခဏမှ ကျောင်းသားဗဟိုပြုသင်ရိုးစနစ်ဖြစ်အောင် လုပ်ဆောင်သင့်ကြောင်း စသည်ဖြင့် တင်ပြဆွေးနွေးပေးခဲ့ကြသည်။
ဆွေးနွေးအကြံပြုအစီအစဉ်များအပြီးတွင် အကျိုးဆောင် organizer အားလုံး၏ ကိုယ်စား အရှင်ကုသလသာမိမှ ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားသွားခဲ့သည်။ (အရှင်ကုသလသာမိ ပြောကြားသွားခဲ့သော ကျေးဇူးတင်ဝမ်းမြောက်စကားကို နောက်ပိုင်းတွင် ဖော်ပြထားပါသည်။) ထို့နောက် ဖောင်တော်ဦးဆရာတော်မှ နိဂုံးချုပ်သုံးသပ်တင်ပြပေးခဲ့သည်။ ဖောင်တော်ဦးဆရာတော်က ရှေ့ပိုင်းတွင် လူငယ်များက တပည့်တော်တို့ကို အားကိုးကြောင်း စသည်ဖြင့် ပြောကြားကြကြောင်း၊ အမှန်အားဖြင့် တပည့်တော်တို့ လူကြီးများက လူငယ်များကို အားကိုးကြောင်း၊ တပည့်တော်တို့ လူကြီးများမှာ အရှင်ဘုရားတို့လူငယ်များ အခုလို လျှောက်ထားနေကြတာ တွေ့ရတဲ့အတွက် လုပ်သင့်တာ မလုပ်ခဲ့မိတဲ့ တပည့်တော်တို့ လူကြီးများမှာ ရှက်တောင်ရှက်မိကြောင်း၊ ဆက်လက်အားပေးပံ့ပိုးသွားမည်ဖြစ်ကြောင်း တင်ပြဆွေးနွေးသွားခဲ့သည်။
ညနေ ၅-နာရီတွင် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြသည်။
(နောင်အချိန်ရလျှင် ဒိထက် ပြည့်ပြည့်စုံစုံ တင်ပြပေးဖို့ ရည်ရွယ်ထားပါသည်။ အထက်ပါ အခမ်းအနားကို မှတ်တမ်းပြုသုံးသပ်တင်ပြထားရာတွင် တစ်စုံတစ်ရာ အမှားအယွင်း ပါရှိသွားပါက တင်ပြဆွေးနွေးလျှောက်ထားသူ၏ တာဝန်မဟုတ်ဘဲ မှတ်တမ်းပြုသူ မိမိ၏ ချွတ်ချော်မှုသာ ဖြစ်ကြောင်း ပြောကြားလိုပါသည်။ တင်ပြသူ)

ဆရာလေးဒေါ်ကေတုမာလာ ရှင်းလင်းတင်ပြလျှောက်ထားသည့်စကားများ .....
ကြွရောက်တော်မူလာကြကုန်သော အင်းစိန်ရွာမဆရာတော်ဘုရားကြီး အမှူးပြုသော ဆရာတော်၊ သံဃာတော်အရှင်မြတ်များနှင့်တကွ သီလရှင်ဆရာကြီး၊ ဆရာလေးဘုရားတို့ကို ရှေးဦးစွာ လက်ဆယ်ဖြာထိပ်မှာမိုး၍ ရှိခိုးကန်တော့ပါရစေဘုရား။ ယနေ့အခမ်းအနားကို တက်ရောက်လာကြသော ဘာသာရေးနှင့် ပညာရေးအဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များ၊ ဒကာ၊ ဒကာမများအားလုံး တို့ကို လည်း မင်္ဂလာပါလို့ ရှေးဦးစွာနှုတ်ခွန်းဆက်သပါရစေ။
အကျိုးဆောင်(Organizer)များကိုယ်စား ဘုရားတပည့်တော်မှ ဓမ္မစကူးလ်ဖြစ်မြောက်ရေး နှင့်ပတ်သက်ပြီး လက်ရှိအချိန်အထိ ဖြစ်ပေါ်တိုးတက်လာသော အခြေအနေများကို ရှင်းလင်း လျှောက်ထားခွင့်ရတဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်ဘုရား။ ဘုရားတပည့်တော်တို့ (Organizer)တွေဟာ သီရိလင်္ကာနိုင်ငံမှာမဟာဝိဇ္ဇာ(MA)တန်းအထိ ပညာသင်ကြားခွင့် ရခဲ့ကြပါတယ်။ ထို့အတွက်ကြောင့်လည်း ဘုရားတပည့်တော်တို့နိုင်ငံနဲ့ မတူညီတဲ့ယဉ်ကျေးမှု အစဉ်အလာတွေ၊ ပညာရေး စနစ်တွေကိုပါ လေ့လာခွင့် ရခဲ့ကြပါတယ်ဘုရား။ အဲဒီအထဲကမှ သီရိလင်္ကာမှာ ပညာသင်ကြားဖူးသူတိုင်း အားကျနှစ်သက်ခဲ့ရတဲ့ စနစ်တစ်ခုထဲမှာ ဆန်းဒေးစကူးလ် လို့ အရပ်စကားနဲ့ခေါ်ကြတဲ့ ဓမ္မစကူးလ်စနစ်ကလဲ တစ်ခုအပါအဝင် ဖြစ်ခဲ့ပါတယ်ဘုရား။ သီရိလင်္ကာနိုင်ငံက ကလေးလူငယ်တွေရဲ့ လိမ္မာယဉ်ကျေးပုံတွေကို ဘုရားတပည့်တော်တို့ မျက်မြင်ကြုံတွေ့ ကြည်နူးခဲ့ကြရသလို သူတို့လေးတွေရဲ့ ဘာသာရေးအသိပညာဗဟုသုတ ကြွယ်ဝမှုတွေကလဲ ဘုရားတပည့်တော်တို့တတွေကို အံသြမင်သက် ဖြစ်စေခဲ့ရပါတယ်။ သီရိလင်္ကာနိုင်ငံရဲ့ တနင်္ဂနွေနေ့မနက်ခင်းတွေမှာ အဖြူရောင်တူညီဝတ်စုံတွေ ကိုယ်စီဝတ်ပြီး ဘုန်းတော်ကြီးကျောင်းတွေဆီ ရွှင်လန်းတက်ကြွတဲ့ ခြေလှမ်းတွေနဲ့ ချီတက်နေကြတဲ့ သူတို့လေးတွေကို မြင်တွေ့ရတဲ့မြင်ကွင်းတွေကတော့ ဘုရားတပည့်တော်တို့အတွက် ကျက်သရေရှိလွန်းလှပါတယ်ဘုရား။ ဒီမြင်ကွင်းတွေကို ယခုအချိန်ထိ ဘုရားတပည့်တော်တို့ အမှတ်ရလျှက်ရှိနေတုန်းပါပဲဘုရား။ နောင်တစ်ချိန်မှာ သီရိလင်္ကာနိုင်ငံကို ခေါင်းဆောင်ကြမယ့် လူငယ်လေးတွေက ဘုန်းတော်ကြီးကျောင်းမှာ ဘုန်းတော်ကြီးတွေ သင်ကြားပြသပေးနေတာကိုတလေးတစားနဲ့ ဆည်ပူးသင်ယူနေတာကို မြင်တွေ့ကြရတော့ ဒီလိုစနစ်မျိုးကို ဘုရားတပည့်တော်တို့ အမှန်တကယ်ပဲအားကျခဲ့ ရပါတယ်ဘုရား။
ဒါ့အပြင် ဓမ္မစကူးလ်စနစ်ဟာ သီရိလင်္ကာကလေးလူငယ်တွေကို ဘာသာရေးMessage ပေးရုံတင်မကဘဲ ဘာသာရေးKnowledgeကိုပါ အပြည့်အဝပေးနေတယ်ဆိုတာကိုလဲ သိခွင့် ရခဲ့ပါတယ်ဘုရား။ အပေါ်ယံသိလို့ဆိုနိုင်တဲ့ သညာသိတင်မကဘဲ အသိပညာဗဟုသုတတွေကိုပါ ကလေးလူငယ်တွေရင်ထဲ စွဲစွဲမြဲမြဲပို့ဆောင်ပေးနေတယ်လို့ ဘုရားတပည့်တော်တို့ သိရှိနားလည်ခဲ့ရပါတယ်ဘုရား။ ဒီလိုအခြေအနေတွေကိုသုံးသပ်မိပြီး သိရှိလိုက်ရတာက အနာဂတ်ရဲ့မျိုးဆက်သစ် ကလေးလူငယ်တွေအတွက် သီရိလင်္ကာနိုင်ငံမှာတော့ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာကျော်ကတည်းက ဗုဒ္ဓဘာသာကို ဘာသာရေးအသွင် ပုံစံတစ်ခုအနေနဲ့သာမက ပညာရေးအသွင်ပုံစံနဲ့ပါ ချဉ်းကပ်ခဲ့ ကြတယ်ဆိုတာပါပဲ။ တစ်ချိန်ထဲမှာပဲ ဘုရားတပည့်တော်တို့ မြန်မာနိုင်ငံမှာတော့ ကလေးလူငယ်များနှင့်ပတ်သက်ပြီး ဗုဒ္ဓဘာသာကို ဘာသာရေးပုံစံနဲ့သာ ချဉ်းကပ်ခဲ့ကြပါတယ်ဘုရား။ ဒါ့ကြောင့်လဲ ဘုရားတပည့်တော်တို့ နိုင်ငံမှကလေးလူငယ်တွေဟာ ဗုဒ္ဓဘာသာကို ကိုးကွယ်ရမယ့် ဘာသာလို့ပဲ အသိများကြပြီး လက်တွေ့ဘဝမှာ အသုံးချရမယ့်ဘာသာလို့ သိရှိနိုင်မှုကအလွန်ကို အားနည်းနေပါတယ်ဘုရား။ ထို့အတွက်ကြောင့် ဘုရားတပည့်တော်တို့နို်င်ငံရဲ့အနာဂတ်၊ ဘုရားတပည့်တော်တို့သာသနာရဲ့အနာဂတ်မှာ အဓိကအားကိုးအားထားပြုရမယ့် မျိုးဆက်သစ် ကလေးလူငယ်တွေအတွက် ရေရှည်ခိုင်ပြီးစနစ်ကျမယ့် ဗုဒ္ဓဘာသာပညာရေး စနစ်တစ်ခုကို တည်ဆောက်ချင်ခဲ့ကြပါတယ်ဘုရား။
နိုင်ငံရေးစနစ်တစ်ခုကို တည်ဆောက်တဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေက အဓိကအခန်း ကဏ္ဍ တစ်ခုဖြစ်သလို ပညာရေးစနစ်တစ်ခုကို တည်ဆောက်တဲ့အခါမှာလည်း သင်ရိုးညွှန်းတမ်းက အရေးပါပြီးအခရာကျလှပါတယ်ဘုရား။ ပညာရေးအသွင်လို့ ဆိုတဲ့အတိုင်း အသက်အလိုက် အတန်းစဉ်အလိုက် ခွဲခြားထားသည့် ထိုကဲ့သို့အရေးပါလှတဲ့ သင်ရိုးညွှန်းတမ်းကို ဘာသာရေးနယ်ပယ်ကပညာရှင်တွေ၊ ပညာရေးနယ်ပယ်ကပညာရှင်တွေပါဝင်တဲ့ အများအားနဲ့ စုပေါင်းလုပ်ဆောင်ပြီးပုံဖော်ကြမယ်လို့ ဘုရားတပည့်တော်တို့ စိတ်ကူးမိခဲ့ကြပါတယ်ဘုရား။ ထို့အတူပဲဗုဒ္ဓဘာသာ ပညာရေးစနစ်တစ်ခုကို ကိုယ်စားပြုလာမယ့် ဓမ္မစကူးလ်ဖြစ်မြောက်ရေးကိုလဲ ဗုဒ္ဓတက္ကသိုလ်အသီးသီး၊ ဘာသာရေးနဲ့ပညာရေးဆိုင်ရာ အဖွဲ့အစည်းအသီးသီးတို့နဲ့ ကွန်ယက်ချိတ်ဆက်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ဆောင်ကြမယ်လို့ စဉ်းစားမိခဲ့ကြပါတယ်ဘုရား။ စတင်လုပ်ဆောင်ရာမှ ယနေ့အချိန်ထိ သုံးလကျော်အတွင်းမှာ ဘုရားတပည့်တော်တို့ဟာ တွေ့ဆုံဆွေးနွေးပွဲကြီး လေးခုအပါအဝင် အဖွဲ့လိုက်ဆွေးနွေးပွဲတွေ တစ်သီးပုဂ္ဂလတွေ့ဆုံမှုတွေကို အကြိမ်ပေါင်းများစွာ တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ကြရပြီးတဲ့နောက်မှာတော့ စနစ်တကျနဲ့ လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်မယ့် လမ်းကြောင်းတစ်ခုပေါ်သို့ ဘုရားတပည့်တော်တို့ ရောက်ရှိလာခဲ့ကြပါတယ်ဘုရား။
ယနေ့အခမ်းအနားဖြစ်မြောက်စေဖို့ ထောက်ပံ့ပေးခဲ့တဲ့ ရှေ့ပိုင်းဆွေးနွေးပွဲကြီးလေးခုထဲက ပထမဆုံးအကြိမ်ဆွေးနွေးပွဲကို ဇန်နဝါရီလ(၄)ရက်နေ့မှာ ဗိုလ်ချုပ်ပြတိုက်လမ်းရှိ ဓမ္မဥယျာဉ် ကျောင်း (Dhamma Garden Center)၌ ဆရာတော် သံဃာတော်များနှင့် ဘုရားတပည့်တော် တို့အပါအဝင် စုစုပေါင်း(၁၁)ပါးဖြင့် ဆွေးနွေးခဲ့ကြပါတယ်ဘုရား။ ထိုဆွေးနွေးပွဲရဲ့ အကြံပြုချက် တွေဖြင့် ဘုရားတပည့်တော်တို့ဟာ ဒုတိယအကြိမ် ဆွေးနွေးပွဲကို ဇန်နဝါရီလ(၁၄)ရက်နေ့မှာ ဓမ္မဥယျာဉ်ကျောင်းမှာပဲ အပြည်ပြည်ဆိုင်ရာထေရာဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်၊ ဗုဒ္ဓတက္ကသိုလ်တို့မှဆရာတော်များ၊ ဖောင်တော်ဦးကဲ့သို့သော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ဆရာတော်များ၊ ဓမ္မဗျူဟာ၊ ဓမ္မရောင်ခြည်၊ သစ္စဝေဒဂူ၊ ဓမ္မဖောင်ဒေးရှင်းစသောအဖွဲ့အစည်းများမှ တတ်သိပညာရှင်များစုစုပေါင်း(၄၀)ဦးခန့်ဖြင့် ဆွေးနွေး ညှိနှိုင်းပြီး ဓမ္မစကူးလ်သင်ရိုးညွှန်းတမ်းရေးဆွဲရေးအတွက် သဘောတူညီမှုများ ရရှိခဲ့ကြပါတယ် ဘုရား။ တဖြည်းဖြည်းနဲ့ အဝန်းအဝိုင်းချဲ့ချဲ့ပြီး စုစည်းလာခဲ့တဲ့ ဘုရားတပည့်တော်တို့ရဲ့ စုပေါင်းမှုအားကို အိန္ဒိယမှ ဒေါက်တာဘွဲ့ရဆရာတော်တွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ မဇ္ဈိမဝံသအဖွဲ့မှ ဆရာတော်များကလည်း လှိုက်လှိုက်လှဲလှဲအားပေးပြီး ပူးပေါင်းဆောင်ရွက်မှုတွေလည်း ပေးခဲ့ကြပါတယ်ဘုရား။ ဒီလိုနဲ့ ဇန်နဝါရီလ(၃၀)ရက်နေ့က မြို့မကျောင်းလမ်းက မြိတ်ကျားကျောင်း မှာပြုလုပ်တဲ့ တတိယအကြိမ် ဆွေးနွေးညှိနှိုင်းမှုအပြီးမှာတော့ သံဃာ့မဟာနာယကဥက္ကဋ္ဌ ဗန်းမော် ဆရာတော်ဘုရားကြီးထံ သြဝါဒခံယူရင်းအကြံဥာဏ်ကောင်းများလည်း တောင်းခံနိုင်ခဲ့ပါတယ် ဘုရား။ ဘုရားတပည့်တော်တို့တစ်တွေဟာ ဓမ္မစကူးလ်ဖြစ်မြောက်ရေးကို စီမံကိန်းအဆင့်ဆင့်ချပြီး လုပ်ဆောင်ကြမယ်လို့ စီစဉ်ထားကြတဲ့အတိုင်း သင်ရိုးညွှန်းတမ်းရေးဆွဲရေးစီမံကိန်းလို့ခေါ်တဲ့ ပထမဆုံးအဆင့်စီမံကိန်းကို စတင်နိုင်ဖို့အတွက် အဖွဲ့အစည်းတစ်ခု မဖြစ်မနေဖွဲ့စည်းဖို့ လိုအပ်လာခဲ့ပါတယ်ဘုရား။ သို့အတွက်ကြောင့်လည်း ဖေဖော်ဝါရီလ(၁၄)ရက်နေ့မှာ မြို့မကျောင်း လမ်းရှိ မြိတ်ကျားကျောင်းမှာ ကော်မတီဖွဲ့စည်းနိုင်ဖို့အတွက် အဆိုပြုပြီး ညှိနှိုင်းသဘောတူညီမှု ရယူခဲ့ကြပါတယ်ဘုရား။ ယခုအချိန်မှာဆိုလျှင် ဒီလိုစီမံကိန်းအဆင့်ဆင့်တွေကို လုပ်ဆောင်နိုင်ဖို့အတွက် သြဝါဒပေးပြီးသွန်သင်စောင့်ရှောက်ပေးတော်မူကြမည့် ဗန်းမော်ဆရာတော်ဘုရားကြီးနှင့် အင်းစိန်ရွာမဆရာတော်ဘုရားကြီးအမှုးရှိသော ဆရာတော်ဘုရားကြီးများ၊ အကြံဥာဏ်ကောင်းများဖြင့် လမ်းညွှန်မှုပေးကြမည့် နာယကဂုဏ်နှင့် ပြည့်စုံတော်မူကြသော စလေဆရာတော် ဖောင်တော်ဦးဆရာတော် အစရှိသော ဆရာတော်ကြီးများ၊ ဒီစီမံကိန်းကြီးတွေကို လက်တွေ့ကျကျ အကောင်အထည်ဖော်ပြီး ဦးဆောင်မှုပေးနိုင်ကြမည့် ဆရာတော်ဦးသာသန၀ရ၊ ဆရာတော်ဦးဥတ္တရ အစရှိသောဆရာတော်များ၊ အဘက်ဘက်မှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြမည့် ဆရာတော်သံဃာတော်များ၊ သီလရှင်ဆရာကြီးဆရာလေးများ၊ တတ်သိပညာရှင်များ၊ ဒါ့အပြင် ဒီစီမံကိန်းစတင်ပြီး လည်ပတ်လုပ်ဆောင်နိုင်ဖို့ မတည်လှူဒါန်းပေးမည့် အလှူရှင် ရှိုင်းဟုပ်ကုမ္ဗဏီမှ ဒကာမကြီးဒေါက်တာဒေါ်ခင်ခင်ရီတို့လည်း ယခုအခမ်းအနားမှာ အားလုံးစုံစုံလင်လင်နဲ့ ရောက်ရှိနေကြပါပြီ။ တစ်နည်းပြောရမယ်ဆိုရင်တော့ ဘုရားတပည့်တော်တို့ အားလုံးစုပေါင်းပြီး သင်ရိုးညွှန်းတမ်းရေးဆွဲရေးစီမံကိန်းကို စတင်ဖို့ အဆင်သင့်အနေအထားသို့ ရောက်ရှိနေကြပါပြီ ဘုရား။ ထို့အတွက်ကြောင့်လည်း ဓမ္မစကူးလ်ဖြစ်မြောက်ရေးအတွက် အဖွဲ့အစည်းတစ်ခုကို မကြာခင်အချိန်အတွင်းမှာ အတည်ပြုဖွဲ့စည်းကြရပါတော့မယ်ဘုရား။ ယခုဒီအခမ်း အနားမှာရောက်ရှိနေကြတဲ့ ဘုရားတပည့်တော်တို့တတွေဟာ မတူညီတဲ့ဒေသ၊ မတူညီတဲ့နယ်ပယ် အသီးသီးမှ လာခဲ့ကြပေမဲ့ ဘုရားတပည့်တော်တို့အားလုံးမှာ တူညီတဲ့ဆန္ဒ၊ တူညီတဲ့ ရည်ရွယ်ချက်တွေ ကိန်းဝပ်နေခဲ့ကြပါတယ်ဘုရား။ ထိုတူညီတဲ့ဆန္ဒ၊ တူညီတဲ့ရည်ရွယ်ချက် တွေကြောင့်ပဲ ဘုရားတပည့်တော်တို့ ယခုလိုစုစည်းနိုင်ခဲ့ကြခြင်းဖြစ်ပါတယ်ဘုရား။ ဂုဏ်ကျေးဇူး တော်ကြီးမားလှကုန်သော ဆရာတော်ဘုရားကြီးများဖြင့် စုစည်းထားရုံတင်မကဘဲ သမိုင်း အစဉ်အလာကြီးမားပြီး နှစ်ပေါင်းရာကျော်သက်တမ်းရှိနေတဲ့ ဝိုင်အမ်ဘီအေကဲ့သို့သော အဖွဲ့အစည်းအသီးသီးကပါ ပူးပေါင်းအားဖြည့်ပေးထားတဲ့အတွက် ယခုဘုရားတပည့် တော်တို့ဖွဲ့စည်းမည့် ဓမ္မစကူးလ်ဖြစ်မြောက်ရေးအဖွဲ့အစည်းကြီးဟာ မြန်မာပြည်ကြီးရဲ့ လိုအပ်ချက်တစ်ခုအနေဖြင့် လစ်ဟာနေတဲ့ကွက်လပ်ဖြစ်တဲ့ ဗုဒ္ဓဘာသာပညာရေးစနစ်တစ်ခုကို တည်တည်တံ့တံ့ ခိုင်ခိုင်မာမာနဲ့ တည်ဆောက်နိုင်ပြီး ဘုရားတပည့်တော်တို့ရဲ့ မြန်မာပြည်ကြီးအတွက်၊ ဘုရားတပည့်တော်တို့ရဲ့ သာသနာတော်ကြီးအတွက်၊ ဘုရားတပည့်တော်တို့ရဲ့ မျိုးဆက်သစ်ကလေးလူငယ်များအတွက် ငြိမ်းချမ်းလှပတဲ့ အနာဂတ်တွေကို ဖန်တီးပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရင်း ဘုရားတပည့်တော်ရဲ့ လျှောက်ထားချက်ကို နိဂုံးချုပ်အပ်ပါသည် ဆရာတော်သံဃာတော်အရှင်သူမြတ်များတို့ဘုရား။
အရှင်ကုသလသာမိ လျှောက်ထားခဲ့သော ကျေးဇူးတင်ဝမ်းမြောက်ကြောင်း စကား ....
ကြွရောက်တော်မူလာကြကုန်သော အင်းစိန်ရွာမဆရာတော်ကြီးအမှူးပြုသော ဆရာတော်သံဃာတော်များ၊ သီလရှင်ဆရာကြီးဆရာလေးများ၊ တတ်သိပညာရှင်များနှင့် အလှူရှင် ဒကာဒကာများ အားလုံးတို့ကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါရစေဘုရား။ ယခုလို ကျက်သရေမင်္ဂလာ အပေါင်းနှင့် ပြည့်စုံသော ဘုရားတပည့်တော်တို့ရဲ့ ဓမ္မစကူးလ်ဖြစ်မြောက်ရေး စုပေါင်းစည်းဝေးပွဲ အခမ်း အနားသို့ သာသနာပြုလုပ်ငန်းများဖြင့် မအားမလပ်သည့်ကြားမှ ကြွရောက်ချီးမြှင့်ပေးတဲ့အတွက် စီစဉ်သူ အားလုံးကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း ဦးစွာ ပြောကြားလိုပါတယ်။ အားလုံးကို အခုလို စုံစုံညီညီ စုစုဝေးဝေး ဖူးမြော်တွေ့မြင်ရတဲ့အတွက် ဘုရားတပည့်တော်တို့အားလုံးရဲ့ရင်မှာ ဂုဏ်ယူဝမ်းမြောက်ကြည်နူးရ သလို အားလည်းတက်မိပါတယ်။ မိုင်ထောင်ချီဝေးတဲ့ ခရီးတစ်ခုအတွက် ပထမဆုံးခြေလှမ်းဟာ အခက်ခဲဆုံးလို့ ဆိုတဲ့အတိုင်း ဒီနေ့ ဘုရားတပည့်တော်တို့ဟာ နှစ်ပေါင်းများစွာ လုပ်ဆောင်ရမယ့် ဓမ္မစကူးလ်များဖြစ် မြောက်ရေး စီမံကိန်းရဲ့ ပထမဆုံးခြေလှမ်းကို စတင်နိုင်ခဲ့ကြပြီလို့ ဆိုရမှာဖြစ်ပါတယ်။
ယနေ့ ကျင်းပတဲ့ အစည်းအဝေးဟာဆိုရင် မြန်မာနိုင်ငံဗုဒ္ဓသာသနာသမိုင်းမှာ အထင်ကရသမိုင်းမှတ်တိုင်အဖြစ် တည်ရှိနေမယ့် အစည်းအဝေးကြီးတစ်ရပ်ဆိုရင်လည်း မှားမယ်မထင်ပါဘူးဘုရား။ ဘာကြောင့်လဲဆိုတော့ ယနေ့ကြွရောက်လာတဲ့ ဆရာတော်သံဃာတော်များ၊ တတ်သိပညာရှင်များနဲ့ ဘုရားတပည့်တော်တို့တစ်တွေ စုပေါင်းကြိုးစားလိုက်တဲ့အတိုင်း မြန်မာနိုင်ငံအနှံ့အပြားမှာ နိုင်ငံတော်အဆင့် ဓမ္မစကူးလ်များ ပေါ်ပေါက် လာလျှင် မြန်မာနိုင်ငံဗုဒ္ဓဘာသာဝင်မျိုးဆက်တို့ရဲ့ အခြေအနေဟာ အများကြီး ပြောင်းလဲတိုးတက်သွားမှာ ဖြစ်လို့ပါပဲ။ အမှန်တကယ်လည်း ယနေ့ကြွရောက်လာတဲ့ ဆရာတော်သံဃာတော်များရော၊ ဘုရားတပည့် တော်တို့ရော အားလုံးဟာ ဓမ္မစကူးလ်ဖြစ်မြောက်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ မဖြစ်ဖြစ်အောင် ကြိုးစားအားထုတ်ကြတော့မယ်ဆိုတဲ့ စိတ်ဇွဲသတ္တိအပြည့်ရှိသူများ ဖြစ်တယ်လို့ ယုံကြည်မိပါတယ်ဘုရား။
ယနေ့လို ဘုရားတပည့်တော်တို့ လေးစားအားကျရတဲ့ ဆရာတော်သံဃာတော်များ စုံစုံညီညီ တက်ရောက် အားပေးတဲ့အခါသမယမျိုး ရောက်ဖို့အတွက် ဘုရားတပည့်တော်တို့အနေနဲ့ အထူးကြိုးစားခဲ့ကြရပါတယ်ဘုရား။ ဘုရားတပည့်တော်တို့ဟာ လူငယ်များဖြစ်သည့်အလျောက် ယနေ့ကြွရောက်လာတဲ့ ဆရာတော်သံဃာ တော်များကဲ့သို့ ဓမ္မစကူးလ်ဖြစ်မြောက်ရေးအတွက် ဦးဆောင်ဦးရွက်ပြုလုပ်နိုင်စွမ်း အားနည်းကြပါတယ်ဘုရား။ သို့အတွက်ကြောင့် ယနေ့ကြွရောက်လာတဲ့ ဆရာတော်သံဃာများအားလုံး သိထားပြီးဖြစ်တဲ့အတိုင်း ဘုရားတပည့်တော်တို့ဟာ နေ့စဉ်ရက်ဆက်ဆိုသလို ဓမ္မစကူးလ်ဖြစ်မြောက်ရေးကို ဦးဆောင်ပေးနိုင်စွမ်းရှိတဲ့ ဆရာတော်သံဃာတော်များကို နေ့မအားညမနား သွားရောက်ချဉ်းကပ်ပြီး အကူအညီများ တောင်းခံခဲ့ပါတယ် ဘုရား။ ယနေ့ကြွရောက်လာတဲ့ ဆရာတော်သံဃာတော်များနဲ့ ပရိသတ်အားလုံးတို့ဟာ ဘုရားတပည့်တော် တို့ရဲ့ အကူအညီတောင်းခံမှုကို မေတ္တာကရုဏာရှေ့ထားပြီး လက်ခံပေးလို့ ဒီအခမ်းအနားကို ရောက်ရှိတော်မူ လာကြခြင်း ဖြစ်မယ်လို့ ယုံကြည်ပါတယ်။
ဘုရားတပည့်တော်တို့ ဆရာတော်သံဃာတော်များထံ ချဉ်းကပ်ခဲ့တဲ့နေရာမှာ အခက်အခဲပေါင်းများစွာကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။ နားလည်မှုလွဲမှားခြင်း၊ အမြင်များကွဲပြားခြင်းစတဲ့ အခြေအနေပေါင်းစုံကိုလည်း ဖြေရှင်း ကျော်ဖြတ်ခဲ့ရပါတယ်။ ဒီလို ကျော်ဖြတ်နိုင်ခဲ့တယ်ဆိုရာမှာ ယနေ့ ကြွရောက်လာတဲ့ ဆရာတော်သံဃာ တော်များ၊ သီလရှင်ဆရာကြီးဆရာလေးများ၊ ဒကာဒကာမများအားလုံးက ၀ိုင်းဝန်းပံ့ပိုးအားပေးခဲ့ကြလို့၊ ယုံကြည်ပေးခဲ့ကြလို့ဖြစ်ပါတယ်။ ဆရာတော်သံဃာတော်များရဲ့ အကူအညီ၊ အားပေးချီးမြှောက်မှု မပါဘဲနဲ့ ဒီနေ့ ဒီအခါသမယမျိုး ဘယ်လိုမှ ဖြစ်မလာနိုင်ဘူးလို့ ဘုရားတပည့်တော်များ အကြွင်းမဲ့ ယုံကြည်မိပါတယ် ဘုရား။ ဘုရားတပည့်တော်တို့အပေါ်မှာ ထိုကဲ့သို့ ယုံကြည်ပေးခဲ့ကြတဲ့အတွက် ဆရာတော်သံဃာတော် များအားလုံးကို နက်နက်ရှိုင်းရှိုင်း ကျေးဇူးတင်ရှိပါတယ်ဘုရား။ ဘုရားတပည့်တော်တို့ဘက်ကလည်း ဆရာတော်သံဃာတော်များရဲ့ ယုံကြည်မှုနဲ့ထိုက်တန်တဲ့ ပေးဆပ်မှုတွေ လုပ်ဆောင်ရတော့မယ်ဆိုတာကို လည်း မှတ်သားနားလည်မိပါတယ်ဘုရား။ နောင်ဆက်လက် လုပ်ဆောင်ရမယ့် ဓမ္မစကူးလ်များ ဖြစ်မြောက်ရေး လုပ်ငန်းစဉ်မှာလည်း ဆရာတော်သံဃာတော်များနဲ့ အားလုံးတို့ရဲ့ အသိပညာ၊ အတတ်ပညာများ၊ စိတ်ကူး စိတ်သန်းကောင်းများ၊ အကြံဉာဏ်ကောင်းများနဲ့ ၀ီရိယ၊ ဇွဲသတ္တိနဲ့ ဉာဏ်ပညာတို့ကို ဆက်လက်လိုအပ်နေ အုံးမှာ ဖြစ်ပါတယ်။ ဆရာတော်သံဃာတော်များဘက်ကလည်း ဆက်လက်ဝိုင်းဝန်းပံ့ပိုးပေးကြလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်ဘုရား။
အမှန်အားဖြင့် ဒီကနေ့ ဓမ္မစကူးလ်ဖြစ်မြောက်ရေး စုပေါင်းစည်းဝေးပွဲဟာ လုပ်ငန်းစဉ်တစ်ရပ်လုံးအနေနဲ့ ခြုံကြည့်ရင် အစဆိုမှ အစပဲ ရှိပါသေးတယ်ဘုရား။ ဒီကနေ့ အစည်းအဝေးပြီးတာနဲ့ ရှေ့ဆက် လုပ်ဆောင်ရမယ့် လုပ်ငန်းများက အများကြီး စောင့်ကြိုလို့နေပါတယ်။ ဘုရားတပည့်တော်တို့ ဖွဲ့စည်းပုံမှာ တင်ပြထားတဲ့အတိုင်း စီမံကိန်းကာလမှာ သင်ရိုးစီမံအဖွဲ့အနေနဲ့ သီရိလင်္ကာနိုင်ငံစတဲ့ နိုင်ငံများမှာ အသုံးပြုနေတဲ့ သင်ရိုးညွှန်းတမ်း စာအုပ်များ၊ မြန်မာနိုင်ငံ၊ ယဉ်ကျေးမှုသင်တန်းအသီးသီးမှာ အသုံးပြုနေတဲ့ သင်ရိုးညွှန်းတမ်းစာအုပ်များ၊ အခြားသက်ဆိုင်ရာ စာအုပ်စာတမ်းများ စသည်တို့ကို ရှာဖွေစုဆောင်းကြမှာ ဖြစ်ပါတယ်။ ထိုကဲ့သို့ ရှာဖွေစုဆောင်းရင်းနဲ့ မိမိတို့ဖြစ်ချင်တဲ့ အဆင့်အတန်းမီ သင်ရိုးပုံစံကို ဖော်ဆောင်ကြမှာ ဖြစ်ပါတယ်။ ထိုကဲ့သို့ ဖော်ဆောင်တဲ့နေရာမှာလည်း အလုပ်အမှုဆောင်အဖွဲ့မှ ဆရာတော်သံဃာတော်များထံသို့ အခါအားလျော်စွာ ချဉ်းကပ်ပြီး အကြံဉာဏ်များ တောင်းယူကြမှာ ဖြစ်ပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ သင်ရိုးညွှန်းတမ်း ရေးဆွဲတဲ့ ပညာရှင်များကို ရှာဖွေဆည်းကပ်ပြီး သင်ရိုးရေးဆွဲရေးကို ဆက်လက်လုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။ သို့အတွက်ကြောင့် ဓမ္မစကူးလ်ဖောင်ဒေးရှင်းရဲ့ ပထမဆုံး ခြေလှမ်းဖြစ်တဲ့ သင်ရိုးညွှန်းတမ်းရေးဆွဲခြင်းကိစ္စဟာ ဆရာတော်သံဃာတော်များနဲ့အဖွဲ့ဝင်တိုင်းအားလုံး စုပေါင်းညီညာစွာ လုပ်ဆောင်ရမယ့် လုပ်ငန်းကြီးတစ်ရပ် ဖြစ်ပါတယ်။ ဒီကနေ့ ဒီအချိန်ထိ စုစည်းမိကြသူများအပြင် ဓမ္မစကူးလ်ဖြစ်မြောက်ရေးကို စိတ်ပါဝင်စားတဲ့ အားပေးချီးမြှောက်လိုတဲ့ ဆရာတော်သံဃာတော်များ၊ သီလရှင်ဆရာကြီးဆရာလေးများနဲ့ အလှူရှင်ဒကာ ဒကာမများ ဆက်လက်ပူးပေါင်းပါဝင်လာအောင် ကြိုးစားခြင်းဖြင့် ဘုရားတပည့်တော်တို့ရဲ့ ဓမ္မစကူးလ်ဖြစ် မြောက်ရေးကို တိုးချဲ့ဆောင်ရွက်သွားကြအုံးမှာ ဖြစ်ပါတယ်။
သင်ရိုးညွှန်းတမ်းများ သက်မှတ်ထားတဲ့ကာလအတွင်း အချိန်မီပြီးစီးသွားတဲ့အခါမှာလည်း ဒီသင်ရိုးညွှန်းတမ်းကို လက်ကိုင်ပြုပြီး မြန်မာနိုင်ငံတစ်ဝှမ်း ဓမ္မစကူးလ်များ ဘယ်လို ဖွင့်လှစ်ကြမလဲ၊ ဓမ္မစကူးလ်များ ဖွင့်လှစ်နိုင် အောင် ဘယ်လို ၀ိုင်းဝန်းကြိုးပမ်းကြမလဲ၊ ဘယ်လို ထောက်ပံ့ပေးပြီး အကောင်အထည်ဖော်ကြမလဲ၊ ဘုရား တပည့်တော်တို့ ဓမ္မစကူးလ်ဖောင်ဒေးရှင်းရဲ့ ရည်မှန်းချက်အတိုင်း နိုင်ငံတော်အဆင့် အတိုင်းအတာအနေနဲ့ ဓမ္မစကူးလ်တွေ ဖွင့်ဖြစ်အောင် ဘယ်လို ကြိုးစားသွားကြမလဲ … စတဲ့ ဆက်လက်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်များ အများကြီး ကျန်ရှိနေပါသေးတယ်။ ထို ဆက်လက်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်များအတွက် ယနေ့ကြွရောက်လာတဲ့ ဆရာတော်သံဃာတော်များ၊ သီလရှင်ဆရာကြီးဆရာလေးများ၊ တတ်သိပညာရှင်များနဲ့ အလှူရှင်ဒကာဒကာမများ အားလုံး တက်ညီလက်ညီ စုစုစည်းစည်းနဲ့ ၀ိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။
ဒီကနေ့ ကြွရောက်လာတဲ့ ဆရာတော်သံဃာတော်များ၊ သီလရှင်ဆရာကြီးဆရာလေးများ၊ တတ်သိပညာ ရှင်များနဲ့ အလှူရှင်ဒကာဒကာမများ အားလုံးတို့ဟာ မြန်မာနိုင်ငံတစ်ဝှမ်း ဓမ္မစကူးလ်ခေါင်းလောင်းသံများ တညံညံဖြစ်စေရမည်လို့ အားခဲထားကြသူများ ဖြစ်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။ ထိုကဲ့သို့ယုံကြည်ထားကြ သူများဖြစ်တဲ့အတွက်ကြောင့်လည်း ဒီနေ့ ဒီအစည်းအဝေးကို တက်ရောက်လာကြခြင်း ဖြစ်တယ်လို့ ဆိုနိုင်ပါ လိမ့်မယ်။ ဒီနေ့ ဒီအစည်းအဝေးမှာ စုံညီတက်ရောက်အားပေးခဲ့ကြသလိုမျိုး နောက်နောင်လပတ်အစည်း အဝေးများ၊ အခါအားလျော်စွာ ကျင်းပမည့်အစည်းအဝေးများကိုလည်း ဆက်လက်တက်ရောက်အားပေးပြီး အကြံဉာဏ်ကောင်းများ ချီးမြှင့်ပေးကြဖို့ တိုက်တွန်းပါရစေဘုရား။
ဒီကနေ့ အစည်းအဝေးမှာ တက်ရောက်ပြီး ဓမ္မစကူးလ်ဖြစ်မြောက်ရေး အားပေးခဲ့တဲ့အတွက် နောင်တစ်ချိန် မြန်မာနိုင်ငံတစ်ဝှမ်း ဓမ္မစကူးလ်ခေါင်းလောင်သံများ တညံညံ ဖြစ်လာတဲ့အချိန်ဆိုလျှင် မြန်မာ နိုင်ငံဗုဒ္ဓဘာသာ ၀င်အားလုံးက ဒီနေ့အစည်းအဝေးမှာ တက်ရောက်လာတဲ့ သြ၀ါဒါစရိယဆရာတော်များ၊ နာယက ဆရာတော်များ၊ အလုပ်အမှူဆောင်အဖွဲ့ဝင်များ၊ တတ်သိပညာရှင်များ၊ ဘုရားတပည့်တော်တို့ရဲ့ ဓမ္မစကူးလ် စီမံကိန်း အဓိကအလှူရှင် ရှိုင်းဟုပ်ကုမ္ပဏီပိုင်ရှင် ဒကာမကြီး ဒေါ်ခင်ခင်ရီနဲ့တစ်ကွ ဒကာဒကာမ အားလုံးတို့ကို ထာဝရကျေးဇူးတင်နေကြမှာ မြေကြီးလက်ခပ် မလွဲပါဘူး။
အထူးအားဖြင့် ဒီကနေ့ အစည်းအဝေးမှာ သြ၀ါဒစကားချီးမြှင့်ပေးတော်မူသော အင်းစိန်ရွာမဆရာတော်ဘုရားကြီးအားလည်းကောင်း၊ရှေ့ဆက်လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များကို ပြည့်ပြည့် စုံစုံ တင်ပြလျှောက်ထားပေးတဲ့ စိန်ရတနာဓမ္မာစရိယစာသင်တိုက် ပဓာနနာယကဆရာတော်အားလည်း ကောင်း၊ ဓမ္မစကူးလ်ဖြစ်မြောက်ရေး ဖြစ်ပေါ်တိုးတက်မှု အဆင့်ဆင့်ကို ရှင်းလင်းလျှောက်ထားပေးခဲ့သော ဆရာလေး ဒေါ်ကေတုမာလာအားလည်းကောင်း၊ ကော်မတီအမည်စာရင်းများကို ဖတ်ကြားတင်သွင်း ပေးခဲ့သော ဦးစက္ကပါလအားလည်းကောင်း၊ အကြုံပြုစကားများ မြွတ်ကြားပေးခဲ့ကြသော ဆရာတော်များအား လည်းကောင်း၊ ၀ိုင်းဝန်းပါဝင်ဆွေးနွေးပေးခဲ့ကြသူများအားလည်းကောင်း၊ အစည်းအဝေးဖြစ်မြောက်ရေးအတွက် တတပ်တအား ပါဝင်လှူဒါန်းပေးခဲ့ကြသော စေတနာရှင်များအားလည်းကောင်း၊ ဓမ္မစကူးလ်ဖြစ်မြောက်ရေး အတွက် လိုအပ်သော န၀ကမ္မများကို စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် လှူဒါန်းပေးခဲ့သော ရှိုင်းဟုပ် ကုမ္ပဏီမှ ဒကာမကြီး ဒေါ်ခင်ခင်ရီအားလည်းကောင်း၊ ဓမ္မစကူးလ်ဖြစ်မြောက်ရေးစီမံကိန်း စတင်သည့်အချိန်မှ ယနေ့အချိန်အထိ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ နေ့မအားညမနား ကြိုးစားလုပ်ဆောင်စီစဉ်ပေးခဲ့ကြသော စီစဉ်သူညီအစ်ကိုမောင်နှမများအားလည်းကောင်း ဓမ္မစကူးလ်ဖောင်ဒေးရှင်းတစ်ဖွဲ့လုံး ကိုယ်စား ကျေးဇူး ဥပကာရတင်ရှိပါကြောင်း ပြောကြားရင်းနဲ့ ဘုရားတပည့်တော်များရဲ့ ကျေးဇူးတင်ဝမ်းမြောက်ကြောင်း စာလွှာကို နိဂုံးချုပ်အပ်ပါတယ်ဘုရား။

Sunday, March 11, 2012

ကလေးအတွေး

“ငါတို့ ကျောင်းက ဆရာကြီးဟာ နေ့လယ်နေ့ခင်းတိုင်း တစ်ရေးတမော အိပ်လေ့ရှိတယ်”လို့ ဆိုယန်ရှကုရဲ့ တပည့်တစ်ယောက်က ပြောပြပါတယ်။ ကျွန်တော်တို့ ကလေးတွေက သူ ဘာဖြစ်လို့ အဲဒီလို နေ့ခင်းတိုင်း အိပ်ရသလဲလို့ မေးကြည့်ကြတော့ “ကွန်ဖြူးရှပ်လည်း နေ့ခင်းတွေမှာ ခဏအိပ်လေ့ရှိတယ်၊ သူ့လိုပဲပေါ့၊ ငါ့ဆရာကလည်း အိပ်မက်နယ်မြေမှာ ရှေးသူတော်စင်တွေကို တွေ့ဆုံဖို့ တစ်ရေးတမော အိပ်တာဖြစ်တယ်”လို့ ပြန်ဖြေပါတယ်။ ကွန်ဖြူးရှပ်အိပ်တဲ့အခါ သူ့အိပ်မက်ထဲမှာ ရှေးသူတော်စင်တွေကို တွေ့ဆုံပြီး အဲဒီအကြောင်းကို သူ့တပည့်တွေကို ပြန်ပြောကောင်း ပြန်ပြောမှာပေါ့။

အရမ်းကို ပူတဲ့ တစ်နေ့မှာပေါ့။ ကျွန်တော်တို့ ကလေးတွေဟာ တစ်ရေးတမော အိပ်စက်နေခဲ့ကြတယ်။ ဒီမှာတင် ကျွန်တော်တို့ ကျောင်းဆရာကြီးက ကျွန်တော်တို့ကို ဆူပူပါတော့တယ်။ ကျွန်တော်တို့ကလည်း “ဆရာကြီးခင်မျာ … ကျွန်တော်တို့ နေ့ခင်းမှာ အိပ်တယ်ဆိုတာ အကြောင်းမဲ့မဟုတ်ပါဘူး၊ ကွန်ဖြူးရှပ်လိုပေါ့၊ ရှေးသူတော်စင်တွေနဲ့ အိပ်မက်နယ်မြေမှာ တွေ့ဖို့ အိပ်ကြတာပါ”လို့ ပြန်ရှင်းပြပါတယ်။ အဲ့ဒီအခါ ဆရာကြီးက “ကဲ ပြောစမ်း၊ ရှေးသူတော်စင်တွေဆီက ဘာတွေ သိခဲ့ရလဲ”လို့ မေးပါတယ်။ “ဟုတ်ကဲ့ပါ ဆရာကြီးခင်မျာ … ကျွန်တော်တို့ အိပ်မက်နယ်မြေကို ရောက်တော့ ကျွန်တော်တို့ ဆရာကြီးဟာ နေ့လယ်နေ့ခင်းတိုင်း တစ်ရေးတမော အိပ်ပြီး ဒီအိပ်မက်နယ်မြေကို လာလေ့ရှိတယ်လို့ ပြောပါတယ်။ အဲဒါ ဟုတ်ပါသလားလို့ မေးပါတယ်။ အိပ်မက်နယ်မြေက ရှေးသူတော်စင်တွေက အဲဒီလို ပုဂ္ဂိုလ်မျိုးကို ငါတို့ တစ်ခါမှ မတွေ့ဖူးပါဘူး၊ ဒီကိုလည်း မလာပါဘူး”လို့ ပြန်ပြောပါတယ်။

ဒီဇာတ်လမ်းလေးကို ဖတ်ပြီးတော့ ငယ်ငယ်က အဖြစ်အပျက်လေးတွေကို ပြန်ပြောင်းအမှတ်ရမိပါတယ်။ ငယ်ငယ်က တောရွာမှာ အဖေက ရှေ့ကနေ လှည်းကို မောင်းနေတယ်။ စာရေးသူက လှည်းနောက်ဘက်ကို မျက်နှာမူပြီး လှည်းပေါ်ကနေ ခြေထောက်နှစ်ချောင်းကို ချထားမိပါတယ်။


အဲဒီတုန်းက အဖေက ပြောတယ်။ “ငါ့သား လှည်းပေါ်ကနေ ခြေထောက်တွေကို အောက်မချကောင်းဘူး”၊ “ဘာဖြစ်လို့လဲ အဖေ”၊ “အော် … ခြေထောက်တွေကို လှည်းပေါ်ကနေ အောက်ကို တွဲလောင်းချထားရင် နတ်ကျားတွေက လိုက်ကိုက်တတ်တယ်”၊ “နတ်ကျားတွေဆိုတာ ဘယ်လိုတွေလဲ”၊ “အာ … နတ်တွေက ကျားယောင်ဖန်ဆင်းထားတာကို ပြောတာ၊ စကားကြောရှည်မနေနဲ့ မင်း ခြေထောက်တွေ အပေါ်ကို ပြန်တင်စမ်း”။

စဉ်းစားတတ်တဲ့အရွယ်ရောက်တော့ “ဒါကြီးက အဓိပ္ပာယ်မရှိဘူး”လို့ တွေးမိပါတယ်။ တကယ်တော့ တောအရပ်တွေမှာ လှည်းလမ်းဆိုတာ မြို့ပေါ်က ကားလမ်းတွေလို တစ်ပြင်တည်း၊ တစ်ညီတည်း မဟုတ်ဘူးလေ။ လှည်းဘီးရာနှစ်ခုအလယ်မှာ မို့မောက်နေတဲ့ မြေဂမူတွေ၊ ဆူးခြုံလေးတွေ ရှိတတ်တယ်။ လှည်းပေါ်ကနေ ခြေထောက်နှစ်ချောင်းကို အောက်ကို တွဲလောင်းချထားရင် မြေဂမူတွေနဲ့ တိုက်ပြီး ခြေထောက်ကျိုးနိုင်တယ်။ ဆူးခြုံတွေနဲ့ ငြိပြီး ဆူးတွေစူးနိုင်တယ်။ ဒါကိုပဲ အဖေက “ကျောက်တုံးတွေ၊ မြေဂမူတွေနဲ့ တိုက်ပြီး ခြေကျိုးတတ်တယ်၊ ဆူးခြုံတွေ ငြိတတ်တယ်၊ ခြေထောက်ကို အပေါ်တင်စမ်း”လို့ မပြောဘဲ “နတ်ကျားတွေ ကိုက်တတ်တယ်”လို့ အလွယ်ပြောလိုက်ပါတယ်။

တစ်ခါက အဖေ ပုဆိန်နဲ့ ထင်းခွဲနေတော့ ရှေ့တည့်တည့်ကနေ သွားရပ်မိပါတယ်။ ဘာရယ်မဟုတ်၊ အဖေဖြစ်သူ ထင်းခွဲနေတာကို သွားထိုင်ကြည့်နေမိတာပါ။ အဲဒီအခါ အမေက “ငါ့သား လာစမ်း၊ အဲဒီနားမှာ မထိုင်နဲ့”လို့ လှမ်းပြောပါတယ်။ “ဘာဖြစ်လို့လဲ အမေကလဲ”၊ “ဟောဟိုမှာ တွေ့လား၊ မင်းအဖေကိုင်ထားတဲ့ ပုဆိန်ထိပ်မှာ စုန်းမကြီး ရှိတယ်၊ ထင်းခွဲနေတဲ့အချိန် ကလေးတွေ အနားလာရင် အဲဒီစုန်းမကြီးက ထွက်ကိုက်တတ်တယ်”လို့ ဆိုပါတယ်။ စဉ်းစားတတ်တဲ့အရွယ်ရောက်တော့ “ဒါကလည်း ဟုတ်သေးပါဘူး”လို့ တွေးမိပါတယ်။

လူကြီးတွေရဲ့ ကလေးတွေ အန္တရာယ်ကင်းပါစေဆိုတဲ့ စေတနာကောင်းနဲ့ အလွဲအမှား ပြောစကားတွေ ငယ်ငယ်ဘ၀မှာ အများကြီး ကြားခဲ့ရပါတယ်။ ဒီလို အလွယ်ပြောတတ်တာကလည်း မြန်မာ့ယဉ်ကျေးမှုလို့ဆိုရမလား မပြောတတ်ပါဘူး။ နေရာတိုင်းမှာ လူကြီးမိဘတွေဟာ ကလေးတွေကို စိတ်ရှည်လက်ရှည် သဘောပေါက်အောင် ပြောလေ့မရှိကြပါဘူး။ ကလေးဆိုတာ ဘာမှမသိပါဘူး။ နားလည်လွယ်အောင် ဒီလိုပဲ ပြောရတယ်လို့ ခံယူတတ်တဲ့အကျင့်က အရိုးစွဲနေပြီလို့တောင် ဆိုရမယ်။

အနောက်တိုင်းက လူတွေနဲ့ နားလည်တဲ့လူကြီးမိဘတွေကတော့ ကလေးတွေကို တလေးတစား ပြုမှုဆက်ဆံလေ့ရှိကြတယ်။ မြန်မာနိုင်ငံမှာတော့ ကလေးဆိုရင် လူရာမသွင်းချင်ကြဘူး။ ထားရာနေ၊ စေရာသွား၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့ … ဆိုတဲ့ အတွေးစိတ်ကူးများသာ လွှမ်းခြံနေကြတယ်။ အဲဒီကလေးတွေက ကြီးပြင်းလာတော့ သူတို့ရဲ့သားသမီးမြေးမြစ်တွေ၊ တပည့်တပန်းတွေကိုလည်း တန်ဖိုးထားရကောင်းမှန်း မသိကြတော့ဘူး။ ဒီလိုနဲ့ မြန်မာပြည်က ကလေးနဲ့လူကြီးဟာ လုံးခြာလည်ပြီး အာဏာရှင်ဆန်ဆန် လူမှုဝန်းကျင် ဖြစ်လာခဲ့တယ်။

သီရိလင်္ကာနိုင်ငံက အလှူအတန်းပွဲတွေမှာဆိုရင် ကလေးတွေကို လူကြီးတွေရဲ့ ရှေ့မှာ နေရာပေးကြတယ်။ ကလေးတစ်ယောက်က ဘုန်းကြီးဆွမ်းကပ်ရင်၊ ဟင်းပန်းကန်တွေ သယ်မ,ရင် လူကြီးတွေက ၀မ်းသာအားရနဲ့ လိုက်လံကူညီပေးတယ်။ မြန်မာနိုင်ငံမှာတော့ ဆွမ်းကပ်တွေမှာ ကလေးတွေ ဟင်းခွက်မရင် “ဟိုကောင် အသာနေစမ်း၊ ဟိုဟာ မကိုင်နဲ့၊ ဒီဟာ မကိုင်နဲ့” စသဖြင့် ငေါက်ငမ်းကြတယ်။ ကလေးက လူကြီးလုပ်သလို လိုက်လုပ်နေရင် “ကလေးက ကလေးနေရာ နေစမ်း၊ ဟိုမှာ တွေ့လား၊ ဘုန်းကြီး ရိုက်လိမ့်မယ်”စသဖြင့် ခြိမ်းခြောက်ကြတယ်။ ကြာလာတော့ ကလေးက လူတော မတိုးတော့ဘူး။ အခုခေတ်မှာတော့ အချို့လူကြီးတွေ အနောက်တိုင်းက ပညာသင်နည်းစနစ်တွေကို တုပယူပြီး ကလေးတွေကို နေရာပေးပြီး အဓိကထား သင်ကြားတဲ့စနစ်လေးတွေ အသုံးပြုလာတာ တွေ့ရတယ်။ ၀မ်းသာစရာပါပဲ။

ကလေးတွေနဲ့ပတ်သက်ပြီး ဒီနေ့ခေတ်မှာ အတုယူသင့်တာကတော့ ဆရာတော်ဦးဆေကိန္ဒပါပဲ။ ဘာသာရေးလောကမှာ ကလေးတွေကို ဂရုတစိုက် ပြုစုပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။ ငယ်ငယ်ကတည်းက အထက်စီးနဲ့ ဆက်ဆံဖို့ ပြောနေတဲ့ ဘာသာတရားကို ဒီနေ့ခေတ်ကလေးတွေက သဘောကျမှာ မဟုတ်တော့ဘူး။ ကလေးဆိုတာ ပျော်ဖို့ပါးဖို့၊ ဆော့ကစားဖို့သာ အဓိက အာရုံကျတာပါ။ ဒီအရွယ်ကလေးတွေကို မဆော့ရ၊ မကစားရဆိုပြီး ကျောင်းခေါ်ကာ တရားထိုင်ခိုင်းလို့ကတော့ ဗုဒ္ဓဘာသာဟာ ဆက်ပြီး လုံးပါးပါးနေအုံးမှာပဲ။ ဆရာတော်ဦးဆေကိန္ဒကတော့ ကလေးတွေကို ကျောင်းမှာပျော်အောင် အရင်ထားတယ်၊ ကျောင်းမှာပျော်နေပြီဆိုမှ ဆုံးမစကားတွေကို တဖြည်းဖြည်းချင်း ထည့်ပေးတယ်။ အပေးအယူဆိုတာ ကလေးတွေနဲ့ဆက်ဆံရေးမှာလည်း အရေးကြီးပါတယ်။ ဘုန်းကြီးတွေ၊ လူကြီးမိဘတွေအနေနဲ့ ကလေးတစ်ယောက်ဆီက တစ်ခုခု လိုချင်တယ်ဆိုရင် သူ လိုချင်တာ အရင်ပေးရပါလိမ့်မယ်။ သူတို့က ကလေးဘာဝ ပျော်ပါးဆော့ကစားချင်တယ်၊ ကိုယ်က ဘာသာရေးနာလည်သူလေးအဖြစ် မြင်ချင်တယ်။ ဒါကို ပါးပါးနပ်နပ် အပေးအယူ လုပ်တတ်ဖို့ လိုပါတယ်။

ဒီဇင်ဇာတ်လမ်းလေးမှာတော့ ကျောင်းသားကလေးတွေကို လွယ်လွယ်ပြောတဲ့ဆရာကို ကျောင်းသားကလေးတွေက ပြန်လည်တုန့်ပြန်တဲ့သဘောလေးလို့ ယူဆပါတယ်။ လူမှုအသိုင်းအ၀ိုင်းကြီးတစ်ခုလုံးမှာ ကလေးတွေကို တန်းဖိုးမထားဘဲ လွယ်လွယ်ပြောဆိုနေအုံးမယ်ဆိုရင်တော့ ဒီဘက်ခေတ်မျိုးဆက်သစ်ကလေးတွေရဲ့ တုန့်ပြန်မှုက ၀ရုန်းသုန်းကား ဖြစ်သွားပါလိမ့်မယ်။