Friday, February 3, 2012

နားလည်ခြင်း မိုးတိမ်

(၁)

ဒီနေ့ လေအတော်သာပါသည်။ တစ်နေ့ခင်းလုံး ပူထားပေမယ့် ညနေ လေနုအေးတွေကြောင့် ပတ်ဝန်းကျင်က ခပ်အေးအေးလေး ဖြစ်နေသည်။ ကောင်းကင်ကို မော့ကြည့်တော့ အဖြူရောင်တိမ်လိပ်များဘေးတွင် အမည်းရောင်တိမ်များ စိုးမိုးနှောက်ယှက်နေသည်ကို တွေ့ရသည်။ နယ်က ဆရာသမားရောက်လာမယ်ဆိုလို့ စောင့်နေခဲ့သည်။ ဆရာသမားက ကားဂိတ်ရောက်ရင် ဖုန်းဆက်မည်ဆိုလို့ ဖုန်းလိုင်းမိတဲ့နေရာလေးကနေ ဘယ်မှ မရွေ့ရဲ။ ည ၁၀ နာရီခန့်တွင် မိမိတည်းခိုရာ ကျောင်းသို့ ဆရာသမား ရောက်လာခဲ့သည်။ ဆရာသမားကို ရှိခိုးဝတ်ပြုပြီး နယ်က ရာသီဥတုအခြေအနေ၊ စီးပွားရေးအခြေအနေနှင့် မိဘဆွေမျိုးများအကြောင်း ထွေရာလေးပါး ပြောဖြစ်ကြသည်။ စကားပြောရင်း သတိထားကြည့်တော့ ဆရာသမားထံတွင် မိမိကို ဆုံးမပြောကြားစရာများ သယ်ဆောင်လာပုံရသည်။

(၂)
“ကဲ ကဲ အဲဒါတွေ အသာထားပါအုံး။ မင်းကိစ္စကို ပြောမလို့၊ ဟိုနေ့က ဖိုးမောင်ရဲ့ သားဦးဇင်း ရွာကို ရောက်လာတယ်။ မင်း ရေးတဲ့ စာတွေလည်း အများကြီး ယူလာတယ်။ မင်း စာတွေ ရေးထားတာတော့ ငါ အားပေးပါတယ်။ ရေးပါ။ ဒါပေမယ့် ….”

ဆရာသမားက ဒါပေမယ့်ဆိုပြီး ရပ်နေသည်။ စကားလုံး ရွေးနေပုံလည်း ရသည်။ “ဒါပေမယ့် … ဘာဖြစ်လို့တုန်းဘုရား”လို့ ဆိုတော့မှ
“မင်း မဟနအကြောင်း ရေးထားတဲ့ ကိစ္စလေကွာ၊ ငါ စိတ်မကောင်းဘူး။ မင်း ရေးထားတာတွေက သိပ်ကို တင်းမာလွန်းမနေဘူးလား”

“တင်ပါ …. တင်းမာနေပါတယ်ဘုရား”

“အေး … အဲဒါပြောတာပေါ့ကွ …. ”

ဆရာသမား စကားမဆုံးခင်မှာ သီရိလင်္ကာက ပြန်ရောက်ပြီး အတူတည်းနေတဲ့ သူငယ်ချင်း သုတ ရောက်လာသည်။

“အေး … အဲဒါ ပြောတာပေါ့ကွ …။ မင်း အနေနဲ့ ငရဲကြီးမှာ မကြောက်ဘူးလား။ ဟိုကွာ … မဟနထဲမှာ သိက္ခာသမာဓိရှိတဲ့ ဆရာတော်တွေလည်း ပါတယ်လေ။ ဒီတော့ မင်းမှာ အပြစ်တွေ ဖြစ်နေမှာစိုးလို့ပါ”

ထိုစဉ် အနားရောက်လာတဲ့ သုတကလည်း ၀င်ပြောသည်။ “ဟုတ်တယ်ဘုရား … တပည့်တော်လည်း အဲဒါပြောမလို့။ ကိုယ့်လူ ကျေးဇူးရှင်တွေထဲမှာ မဟနအဖွဲ့ဝင် ဆရာတော်တွေလည်း ပါတယ်လေကွာ။ ကိုယ့်လူ ဆရာသမားတွေကို စော်ကားသလို ဖြစ်နေမှာပေါ့။ မဟနမကောင်းကြောင်း ပြောချင်ရင် ဘယ်ဆရာတော်ကတော့ ဘယ်လို၊ ဘယ်သူကတော့ ဘယ်လို စသဖြင့် ကိုယ့်လူ ပြောပေါ့။ တစ်ဖွဲ့လုံးကြီးကိုတော့ အဆိုးချည်း မပြောနဲ့လေကွာ၊ အဲဒါတော့ ငါ သဘောမကျဘူးကွာ”

“အေး … ဟုတ်တယ် သုတရေ … မင်းတို့ သူငယ်ချင်းတွေကလည်း အဲ့လိုလေးတွေ ပြောပြပေးအုံးမှပေါ့၊ ဒီကောင်က လုပ်လိုက်ရင် တဇွတ်ထိုးချည်းပဲ”

ဆရာသမားနှင့် သူငယ်ချင်းတို့ကတော့ ဘာမှ ပြန်ပြောခွင့်မရှိအောင်ကို အတိုင်အဖောက်ညီညီ ဆုံးမသြ၀ါဒ ပေးနေခဲ့ကြသည်။ သူတို့ စီကာပတ်ကုံး ပြောပြီးသောအခါ “တပည့်တော်အလှည့်ရောက်ပြီလားဘုရား”ဟု မေးမိသည်။

“အေးပါ … အေးပါ၊ မင်းက ဘာပြောချင်လို့လဲ၊ ငါ့ကို စကားနာထိုးအုံးမလို့လား၊ မင်း စကားတတ်တိုင်း ငါ့ကို စကားနာမထိုးနဲ့နော်၊ ငါ ပင်ပန်းနေပြီ၊ ဒါပေမယ့် ပြောပါ၊ ဘာပြောချင်လို့လဲ”

“စကားနာမထိုးပါဘူး ဘုန်းကြီးဘုရား၊ ဘုန်းကြီးတို့ ပြောပြီးပြီဆိုတော့ တပည့်တော်လည်း ပြောချင်တာပေါ့၊ ဒါကြောင့် မေးတာပါ”

“အေးပါ … အေးပါ၊ ပြော ပြော”

“တင်ပါ … ဘုန်းကြီး အခုလို တပည့်တော်အတွက် စိတ်ပူပေးတာ၊ သူငယ်ချင်းအနေနဲ့ ကိုယ့်ကို အခုလို ထောက်ပြဝေဖန်ပေးတာ တပည့်တော် ကျေးဇူးအရမ်းတင်ပါတယ်။ ၀မ်းလည်းသာပါတယ်။ ဒါပေမယ့် တပည့်တော် စိတ်မကောင်းဖြစ်မိတာက ဘုန်းကြီးတို့ တပည့်တော်ကို နားမလည်တာပဲ။ တပည့်တော်ရဲ့ စာတွေရဲ့ ဆိုလိုရင်းကို သေချာမဖတ်မိတာပဲ။ တစ်ဖက်ကတော့ ဒါကိုလည်း တွေးမိပါတယ်။ တပည့်တော်တို့ မြန်မာလူမျိုးတွေက ပုဂ္ဂိုလ် တစ်သီးပုဂ္ဂလကို အလေးထားလေ့ရှိကြတယ်။ အဖွဲ့အစည်းနဲ့ အလုပ်လုပ်တာနည်းတယ်။ လုပ်ရင်လည်း မအောင်မြင်တာ များတယ်။ အဖွဲ့အစည်းတစ်ခု တည်ထောင်လိုက်ပြီဆိုတာနဲ့ ပါဝင်တဲ့ပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ အားနည်းချက်၊ အားသာချက်တွေက အဓိက မဟုတ်တော့ဘူး။ အဲဒီအဖွဲ့အစည်းက ဘာတွေ လုပ်ဆောင်လိုက်သလဲဆိုတဲ့အချက်ကသာ ပဓာနကျတယ်။ ဒါကို သိပ်မသိကြဘူးဘုရား။

ဥပမာ စားသောက်ကုန် ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခု ဆိုပါတော့။ ဒီကုမ္ပဏီက လူတွေကို ဒုက္ခဖြစ်စေတဲ့၊ လူတွေကို ဘေးဥပါဒ်ဖြစ်စေတဲ့ အစားအသောက်တွေ ထုတ်တယ်ဆိုပါတော့။ အဲဒီလိုဆိုရင် အဲဒီကုမ္ပဏီကို ဘုန်းကြီး ဘယ်လို ပြောမလဲဘုရား၊ ကုမ္ပဏီပိုင်ရှင် ဒကာကြီးက ဘုရားဒကာကြီးကွ၊ စိတ်သဘောထားလည်း ကောင်းတယ်ကွ၊ အလှူအတန်းလည်း သိပ်ရက်ရောတာပဲ၊ ဟို ကုမ္ပဏီကို ဦးဆောင်နေတဲ့သူဆိုရင်လည်း ငါ့တပည့်လေးကွ၊ စိတ်သဘောထားလည်း ပြည့်ဝတယ်လို့ ပြောမလား၊ ”

“အိုး … ဒါကတော့ကွာ၊ … အဲဒီကုမ္ပဏီ မတရားကြောင်း၊ ဖျက်သိမ်းသင့်ကြောင်း ပြောရမှာပေါ့”

“မှန်လိုက်တာဘုရား …၊ ဒီလိုဆို တပည့်တော် စကားကို ဆက်လို့ ရပါပြီဘုရား၊ အဲဒီလိုမှ မဟုတ်ဘဲနဲ့ ဟို ကုမ္ပဏီပိုင်ရှင် စိတ်သဘောထားပြည့်ဝတာကိုပဲ ပြောချင်တယ်ဆိုရင်တော့ တပည့်တော် ဆက်မပြောတော့ဘူးဘုရား”

“အောင်မယ် .. ဈေးကိုင်နေပြန်ပြီ၊ ပြောမှာသာ ဆုံးအောင်ပြောစမ်းပါကွာ”

“နည်းနည်းပျော့တဲ့ ဥပမာလေး ထပ်ပေးချင်တယ်ဘုရား၊ တစ်ချို့တွေက သိပ်ကို ဒုန်းဝေးလွန်းလို့ပါ”

“ဟေ့ ဟေ့ မင်းက ငါ့ကိုပါ ဆော်ချင်နေပလားကွ” ဆရာသမားက ထအော်သည်။

“တပည့်တော် ပြောပြီးပြီပဲ။ ဘုန်းကြီး စေတနာကို နားလည်ပါတယ်၊ တပည့်တော်အတွက် စိုးရိမ်ပေးတာ ၀မ်းသာပါတယ်လို့၊ တပည့်တော် ပုဂ္ဂိုလ်ရေးတွေ ဆော်ရတာကို ၀ါသနာမပါဘူးဘုရား။ တစ်သီးပုဂ္ဂလဖြစ်တဲ့ လူဆိုတာ ဘယ်သူမှ အမှားမကင်းကြဘူးဆိုတာကို နားလည်ပါတယ်ဘုရား။ ဘုန်းကြီးလည်း မကောင်းတာတွေ ရှိမှာပဲ၊ တပည့်တော်မှာလည်း ရှိမှာပဲ၊ လူတိုင်းကိုယ်စီ အားနည်းချက်တွေတော့ ရှိမှာပဲ။ ဒီတော့ ပုဂ္ဂိုလ်ရေးမကောင်းကြောင်းဆိုတာတွေက ဘယ်လိုမှ မပြီးဆုံးတဲ့အရာတွေလို့ တပည့်တော် သဘောပိုက်ထားပါတယ်။

အများပြည်သူကို ထိခိုက်နေတဲ့ အဖွဲ့အစည်းဆိုရင်တော့ တပည့်တော်ကတော့ ပြောမှာပဲ။ အဲဒီအဖွဲ့ထဲမှာ ဘယ်သူပါတယ်ဆိုတာကို တပည့်တော် မကြည့်ဘူးဘုရား”

“အေးပါကွာ … မင်း စောစောက ပြောတာကို ဆက်စမ်းပါ၊ မင်းပြောတဲ့ နည်းနည်းပျော့တဲ့ ဥပမာဆိုတာ ဘာလဲကွ”

“ဥပမာပေါ့ဘုရား …၊ ပုဂ္ဂလိကစာသင်ကျောင်းတစ်ကျောင်း ဆိုပါတော့။ အဲဒီကျောင်းက ခလေးတွေကို သမိုင်းအမှားတွေ သင်ပေးမယ်၊ ဘာသာသာသနာအကျိုး၊ တိုင်းပြည်အကျိုး ဘာအတွက်မှ အကျိုးမရှိတဲ့ သင်္ခန်းစာအမှားတွေ သင်ပေးနေတယ် ဆိုပါစို့…၊ အဲဒီကျောင်း မကောင်းဘူးလို့ ပြောမလား၊ ဒါမှမဟုတ် အဲဒီကျောင်းအုပ်ကြီးက ၀ိပဿနာသမားကြီးကွ၊ တရားသမားကြီးကွ၊ လူတော်ကြီး၊ ဟို စာသင်ပြနေတဲ့ ဆရာမကြီးဆိုရင် ငါနဲ့သိတယ်၊ သူလည်း လူတော်ပဲ၊ စိတ်ထားလည်း ဖြူစင်တယ်လို့ ပြောမလား”

“အာ … အဲ့လိုဆိုရင်တော့ တရားသမားမကလို့ ဘာသမားကြီးပဲဖြစ်ဖြစ် အဲဒီကျောင်း မကောင်းတာ မကောင်းဘူးလို့ ပြောမှာပေါ့ မောင်ကုရ”

“ဒါဆိုရင် ဘုန်းကြီးနဲ့တပည့်တော်နဲ့ စိတ်သဘောထားချင်း တူသွားပြီ။ တချို့က ကုမ္ပဏီက စားသောက်ကုန်တွေ ဘေးဥပါဒ်ဖြစ်စေတာကို ပြောမယ့်အစား ကုမ္ပဏီပိုင်ရှင် သဘောထားကောင်းတာကို ပြောချင်ကြတယ်၊ ကျောင်းမကောင်းတာကို ပြောမယ့်အစား ကျောင်းအုပ်ကြီး တရားသမားဖြစ်တာကိုပဲ ပြောချင်ကြတာဘုရား”

“အေး … ဟုတ်သကွ၊ အေး အေး၊ မင်း ပြောမယ့်ဟာ ဆက်ပြောပါအုံး”

ဆရာသမား၏ စကားသံတွင် နားလည်မှုသံလေးများ ကြားရသဖြင့် ပိုအားတက်လာခဲ့သည်။

“တပည့်တော် ရည်ရွယ်ချက်ကလည်း ဒီလိုပဲဘုရား။ အခု မဟနအဖွဲ့ဆိုပါတော့ …။ မဟနဆရာတော်ဆိုတာတွေက အများကြီးဘုရား။ အဲဒီထဲကမှ ဘယ်ဆရာတော်ကတော့ စာရိတ္တကောင်းတယ်။ မှန်ရာကို ဆုံးဖြတ်တယ်။ မှန်ရာဘက်က ရပ်တည်တယ်၊ ဘယ်ဆရာတော်က ငွေပေးရင် တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ ဆုံးဖြတ်တယ်။ မှားမှားမှန်မှန် အဓိကမဟုတ်၊ ငွေရရေးသာ အဓိကပဓာန။ အချို့လည်း ရှိမှာပေါ့။ ကြားနေ၀ါဒ။ တပည့်တော် ပြောချင်တာက မဟနရဲ့ လုပ်ဆောင်ချက်တစ်ခုကို ဝေဖန်ပြတိုင်း သူတို့ရဲ့ ဂုဏ်ထူးဝိသေသတွေကို တပည့်တော် ထည့်ပြော၊ ထည့်ရေးနေရမှာလားဘုရား …..

မဟနက ထုတ်ပြန်လိုက်တဲ့ ဆုံးဖြတ်ချက်တစ်ခုဟာ မဟနအဖွဲ့ကြီး တစ်ဖွဲ့လုံးနဲ့ သက်ဆိုင်တယ်ဘုရား။ အပြီးသတ်ဆုံးဖြတ်ချက်မချခင်၊ မထုတ်ပြန်ခင်ကတော့ မဟနအဖွဲ့ထဲမှာ သဘောတူသူတွေ၊ မတူသူတွေ ရှိမှာပဲဘုရား။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးထွက်လာတဲ့ ဆုံးဖြတ်ချက်ကတော့ မဟနအဖွဲ့ထဲမှာ ရှိနေသူအားလုံးနဲ့ သက်ဆိုင်တယ်လို့ ပြောရင် ဘုန်းကြီး ငြင်းမလားဘုရား”

“အေးကွ … အဲဒါတော့ ဘယ်ငြင်းလို့ ရမလဲ။ မဟနက ထုတ်ပြန်လိုက်တဲ့စာဟာ မဟနအဖွဲ့တစ်ခုလုံး တာဝန်ရှိတာပေါ့”

“တင်ပါ့ဘုရား …. ။ ဥပမာပေါ့ …။ အဖြစ်အပျက်တွေကတော့ အများကြီးပဲဘုရား။ ၀ီရသူကို ထောင်ချတာတွေ စသဖြင့်ပေါ့။ တစ်ခုလောက်ပဲ ထုတ်ပြမယ်ဘုရား။ ဦးသုမင်္ဂလ တရားဟောပိတ်တယ်ဆိုပါစို့။ ဘာလို့ ပိတ်သလဲ။ သူဟောတဲ့တရားက ပြည်သူတွေကို စိတ်နှလုံး မချမ်းမြေ့အောင်၊ တိုင်းပြည် ဒုက္ခရောက်အောင်၊ တပည့်တော်တို့ ဗုဒ္ဓဘာသာ မျက်နှာငယ်ရအောင်၊ သို့မဟုတ် အမျိုးဘာသာသာသနာ ဆုတ်ယုတ်အောင် လုပ်နေသလား။ ဘုန်းကြီး လိုက်မေးကြည့်ပါ။ ဦးသုမင်္ဂလတရားတွေဟာ အမျိုးဘာသာသာသနာကို ပျက်စီးစေသလားဆိုတာကိုပေါ့။ ဘုန်းကြီးလည်း ဦးသုမင်္ဂလတရားတွေကို အားရနေတဲ့သူပဲ။ ဒါကို မဟနက သူ့ကို တရားဟောခွင့် ပိတ်တယ်။ ပြောစရာတွေက အများကြီးဘုရား။ ဒါလေးကိုပဲ စဉ်းစားရင် သိနိုင်မယ်လို့ ထင်ပါတယ်။

တပည့်တော်က ဦးသုမင်္ဂလရဲ့ တရားကိုပဲ ကြည့်တာဘုရား၊ ဦးသုမင်္ဂလ ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာက တပည့်တော်ကိစ္စမဟုတ်ဘူး။ အဲဒါ ဦးသုမင်္ဂလရဲ့ ကိစ္စပဲ။

နောက်ပြီး ဘုန်းကြီး ကိုယ့်တွေတစ်ခုကိုပဲ တပည့်တော် လျှောက်ပါ့မယ်။ ရွှေနတ်တော်ကျောင်းကြောင့် တပည့်တော်တို့နယ်မှာ စိတ်ဝမ်းတွေ ကွဲကြ။ လူငယ်တွေ ရန်ဖြစ်ကြနဲ့။ ဒီကျောင်းက တရားဝင်ကျောင်းလည်း မဟုတ်ဘူး။ ဒီကိစ္စကို မဟနတိုင်တော့ နှစ်ဖက်စလုံး ငွေတွေ ကုန်လိုက်ကြတာ။ ဘုန်းကြီးတို့ဘက်က မှန်ပေမယ့် ဘုန်းကြီးတို့ကိုယ်တိုင် ဒီမဟနတွေကို လာဘ်ထိုးကြတာပဲ မဟုတ်လား။ ပထမတော့ ဘုန်းကြီးတို့ အနိုင်ရတယ်လေ။ နိုင်တာမှ မဟန ၄၇-ပါးစုံညီ အစည်းအဝေးကကို အနိုင်ဆုံးဖြတ်ပေးခဲ့တာမလား။ ဒီအမှုက ဒီလိုပဲ ပြီးခဲ့သလားဘုရား”

“ငါ့ခွီးမှတဲ့ ….။ အဲဒီကိစ္စကတော့ ငါလည်း မကျေနပ်ဘူး။ ၄၇-ပါးစုံညီအစည်းအဝေးက ဆုံးဖြတ်ပေးပြီးသားကိုကွာ၊ ဟိုဘက်က ငွေထပ်လိုက်ပြီး အမှုကို ပြန်စတော့ ငါတို့ဘက်ကလည်း ဆုံးဖြတ်ပြီးသားအမှုဆိုပြီးတော့ သွားပြီး လာဘ်မထိုးတော့ဘူးလေ။ ဒီတော့ ငါတို့ ရှုံးသွားပြန်တယ်”

“ဒီတော့ ဘုန်းကြီး မှန်းကြည့်ပါလား။ ဘုန်းကြီးတို့လို မတရားဆုံးဖြတ်ခံရတဲ့ အမှုတွေ ဘယ်လောက်တောင် များလိုက်မလဲ။ လာဘ်ပေးလာဘ်ယူမှုတွေ ဘယ်လောက်တောင် များလိုက်မလဲ။ ဒါက ဘုန်းကြီး ကိုယ်တွေ့ပဲလေ”

“ဒီတော့ တပည့်တော် လျှောက်ပါရစေ … ၊ ဒီအမှုတစ်ခုကိုပဲ ကြည့်ပြီး ပြောကြည့်မယ်။ တပည့်တော်အနေနဲ့ မဟန မတရားဘူး၊ လာဘ်စားတယ်လို့ ပြောရမလား၊ ဒါမှမဟုတ် ဟိုဆရာတော်ကြီးကတော့ သိက္ခာသမာဓိရှိတယ် ဘာညာနဲ့ ပြောရမလားဘုရား”

“အင်း … အဲဒါကတော့ ဒီအမှုလိုဟာမျိုးတွေကြည့် ပြောရရင်တော့ မဟန မတရားဘူး၊ လာဘ်စားတယ်လို့ပဲ ပြောရတော့မှာပေါ့ မောင်ကုရာ”

“ဒါကတော့ ဘုန်းကြီး ကိုယ်တွေ့ပေါ့။ ဘုန်းကြီးလည်း ဒိထက် ပိုဆိုးတဲ့ မတရားမှုတွေ တွေ့ဖူးမှာပါ။ အခု တပည့်တော် ကိုယ်တွေ့တစ်ခုကို ခပ်ကျဉ်းကျဉ်းလေး ပြောချင်တယ်ဘုရား။ ကြားဖူးတာတွေ တစ်ဆင့်စကားတွေ မဟုတ်ဘူးနော်ဘုရား။ တစ်နေ့က ကျောင်းအမှုတစ်ခုမှာ မတရားခံနေရတဲ့ ဦးဇင်းတစ်ပါးနဲ့တွေ့လို့ လိုက်ကြည့်တယ်ဘုရား။ ဆရာတော်ကြီးတွေဘုရား … အံ့သြစရာကောင်းလောက်တယ်ဘုရား။ အမှုသွားအမှုလာအကြောင်းကို သေချာမစုံစမ်းဘဲ ငွေအကြောင်းပဲ ပြောတယ်ဘုရား။ အဲဒီထဲက အဆိုးဆုံးဆရာတော်ကတော့ အမှန်အမှားးးးးကို ဘာမှ မစီစစ်ဘဲနဲ့ - မင်းတို့ ငါ့ကို သိန်း ၁၀၀ ပေး၊ အားလုံး အေးအေးဆေးဆေး ဖြစ်စေရမယ် - လို့ ပြောတယ်ဘုရား။ ဒီတော့ - တပည့်တော်တို့ အဲဒီလောက်ငွေတော့ မရှိဘူးဘုရား - လို့ဆိုတော့ - အခု မင်းတို့ ဖြစ်နေတဲ့ကျောင်းက သိန်းထောင်ချီတန်နေပြီ၊ ထောင်မြင်ရင် ရာစွန့်ရတယ်ကွ - လို့ ပြောတယ်ဘုရား။ ဘုန်းကြီးစဉ်းစားကြည့်ပါဘုရား။ ဟကောင် သုတ ကိုယ့်လူ ငါပြောတာ ကြားလိုက်ရတော့ မင်းဘယ်လို ခံစားရလဲ၊ ပြောစမ်းပါ”

“အေးကွာ … မင်းစကားကြားရတော့လည်း စိတ်မကောင်းလိုက်တာ၊ ဘာတွေ ဖြစ်ကုန်ပြီလဲကွာ၊ အဲဒီဆရာတော်က ဘယ်သူလဲကွ”

“ကိုယ့်လူ အဲဒါတော့ ငါမပြောဘူး။ ဟိုဆရာတော်ကတော့ ဘယ်လိုဖြစ်တယ်ညာလိုဖြစ်တယ်ဆိုတာ ငါပြောဖို့ ၀ါသနာမပါဘူး။ လူအဖွဲ့အစည်းပဲဖြစ်ဖြစ်၊ ရဟန်းအဖွဲ့အစည်းပဲဖြစ်ဖြစ် အဲဒီအဖွဲ့အစည်းက မတရားဘူးဆိုရင် အဖွဲ့အစည်းထဲက လူတွေရဲ့ ကိုယ်ရေးကိုယ်တာတွေကို ထည့်မပြောဘဲ အဖွဲ့ကိုပဲ ဦးတည်တာ သဘာဝကျတယ်။ ငါ ကြိုက်တယ်။

ကိုယ့်လူမှာ ကိုယ်ပိုင်ကျောင်းရှိတယ်၊ အမှုဖြစ်တယ်ဆိုပါစို့၊ ကိုယ့်လူက မှန်ရဲ့သားနဲ့ ငွေမပေးနိုင်လို့၊ လာဘ်မထိုးနိုင်လို့ ကျောင်းပေါ်က ဆင်းပေးရတယ်ဆိုရင် ကိုယ့်လူ ဘယ်လို ခံစားရမလဲ။ မဟနထဲက ဆရာတော်အချို့ရဲ့ သိက္ခာသမာဓိဂုဏ်ပုဒ်တွေကို ချီးမွမ်းရင်း ကျောင်းပေါ်က ဆင်းပေးနိုင်မလား။ ဒါမှမဟုတ် ကိုယ့်လူအမှုကို ဆုံးဖြတ်တဲ့ မဟနတွေကို မတရားဘူးလို့ ပြောမလား။

မဟနဟာ တကယ် အမှန်တရားဘက်က ရပ်တည်တယ်ဆိုရင် အဲဒီလို မတရားမှုတွေကို ကိုယ်တိုင် ကွင်းဆင်းလေ့လာပြီး လာဘ်ပေးလာဘ်ယူမရှိဘဲ မှန်ရာကို ဆုံးဖြတ်ပေးနိုင်ရမှာပေါ့။

ငါပြောချင်တာက ငါ့ကို မကောင်းမြင်နေသူတွေ၊ မဟနမကောင်းတာတွေကိုပြောလို့ ငါ့ကို အမြင်ကပ်နေသူတွေ၊ မဟနဘက်က နာပေးနေသူတွေကိုပဲ (ဒီနေရာကတစ်ဆင့်) ငါပြောချင်တယ်။ မဟနဟာ အမှန်တရားဘက်က ရပ်တည်တယ်၊ မှန်ရာကို ဆုံးဖြတ်တယ်၊ လာဘ်မစားဘူးလို့ ပြောနိုင်တယ်ဆိုရင် ငါ ဒီစာတွေကို တစ်သက်လုံး ဆက်မရေးတော့ဘူး၊ မဟနအဖွဲ့မှာ အဲဒီလို မတရားတာတွေ ရှိနေတာကို လက်မခံဘူးဆိုရင် ကိုယ်တိုင် စုံစမ်းပါ။ စုံစမ်းလို့ ငါ ပြောတာတွေ မှားနေတယ်ဆိုရင် ငါ့လည်ပင်းကို လာဖြတ်ပါ။ ကုသလသာမိဆိုတဲ့ ကိုယ်တော်က ဘယ်ကိုမှ ထွက်မပြေးပါဘူးလို့ ပြောချင်တယ်”

“အေးပါ … အေးပါ …. မောင်ကုရာ၊ မင်းကို ငါနားလည်ပါပြီ။ ဒါပေမယ့်ကွာ မင်းက ငါ့တပည့်ဆိုလည်း ဟုတ်တယ်၊ ညီလေးဆိုလဲ ဟုတ်တယ်။ မင်းဘ၀ တက်လမ်းမှာ ဆူးခလုတ်တွေ များနေမှာစိုးလို့ပါ”

“တင်ပါဘုရား … တပည့်တော် စကားတွေကို ဆုံးအောင် နားထောင်ပေးတဲ့အတွက် ဘုန်းကြီးကို ကျေးဇူးတင်ပါတယ်ဘုရား”

(၃)

ဆရားသမားနှင့် စကားပြောပြီးလို့ ကျောင်းအပြင်ထွက်လိုက်တော့ လေနုအေးလေးက ဆီးကြိုနေသည်။ ၀င်လေကို အားရပါးရရှုရှိုက်လိုက်ပြီး ထွက်လေကို ခပ်ကြမ်းကြမ်း မှုတ်လွှတ်လိုက်သောအခါ ရင်ထဲမှာ ပေါ့သွားသည်။ ကောင်းကင်ကို မော့ကြည့်လိုက်သောအခါ အဖြူရောင် တိမ်လိပ်များအကြားတွင် ညနေကတည်းက တွေ့ခဲ့သော အမဲရောင်တိမ်လိပ်အချို့ ရှိနေသေးသည်ကို ၀မ်းနည်းဖွယ် တွေ့မြင်နေရသည်။ မည်သို့ဆိုစေ အဖြူရောင်တိမ်လိပ်လေးများက ပိုမိုထူထပ်နေသေးသည်ဟု စိတ်ထဲခံစားကြည့်မိသဖြင့် ပျော်လို့ရသည်။ “အမှန်တရား”ဟု စိတ်ထဲက ရေရွတ်လိုက်သောအခါ တိမ်ဖြူဖြူလေးများက စံပါယ်ပွင့်လေးများလို ဖွေးလို့ ၀ဲလို့ ကျလို့ နေခဲ့သည်။

4 comments:

sandaw bhasa said...

အရှင်ဘုရားရေးတဲ့ဆောင်းပါးဖတ်လိုက်ရတော့ တပည့်တော်တို့မြန်မာပြည်အတွက်သာသနာခေါင်းဆောင်တွေတော်တော်လေးကိုအကျင့်ပျက်နေပါလားဆိုတာသိရတော့စိတ်မကောင်းပါဘူးဘုရား ခေါင်းဆောင်အဖွဲ့လို့ခံယူထားတဲ့မဟနကိုပြောတာပါဘုရား

koku.. said...

မဟနဆိုတာ ဒီနိုင်ငံမှာ အိနြေ္ဒအကြီးဆုံး အဖွဲ့အစည်းကြီးတစ်ခုပါ... ဘယ်လောက်တောင် အိနြေ္ဒကြီးလိုက်သလဲဆိုရင် အမှုဖြစ်မှပဲ သူတို့နဲ့ ရင်းနှီးခွင့်ရကြတယ်....

iban said...

အရှင်ဘုရားကို မဟနကိစ္စမှာ အပြောကြမ်းသူ၊ ယေဘူယ ယူဆခဲ့ပါတယ်ဘုရား.. နောက်ရေးတဲ့ ဆောင်းပါးဖတ်ကြည့်မိတော့ တပည့်တော်.. အရှင်ဘုရားကို ပြစ်မှားမိပြီဆိုတာ အသေအချာ သိလိုက်ရပါတယ်ဘုရား.. အရှင်ဘုရား.. သာသနာတော်အတွက် စိတ်ကောင်းစေတနာကောင်းများစွာဖြင့် ကျန်းမာ၊ ချမ်းသာစွာ အလုပ်လုပ်နိုင်စေကြောင်း ဆန္ဒပြု ဆုတောင်း ပါတယ်ဘုရား..
အရှင်ဘုရား..သာသနာအကျိုး ဆထက်တပိုး ထမ်းရွက်နိုင်ပါစေ..

iban said...

တပည့်တော်အမြင်တော့ အရှင်ဂမ္ဘီရကို ဓမ္မစက်နဲ့ ဆုံးမလို့မရလို့ အာဏာစက်နဲ့ အရေးယူမယ်.. ဘာမယ်ဆိုတာ လုံးဝအဓိပါယ်မရှိဘူးလို့ မြင်ပါတယ်။ မဟနက လုပ်ချင်တာတစ်ယောက်၊ သူတို့လုပ်ချင်သူက အရမ်းထက်လွန်း၊ သံဃာအချင်းချင်းတောင် ကြည်ညိုသူတွေ များလွန်းတော့ ရုတ်တရက်မကိုင်တွယ်ရဲသေးဘဲ အရှင်ဂမ္ဘီရကို မိတ္တူပေးပြီး လုပ်ပြလိုက်တယ်ထင်တာပဲ။ ဒါမှမဟုတ် သာသနာရေးဝန်ကြီးဌာနက မဟနကို သူတို့ရဲ့ လက်ကိုင်တုတ်လောက်ပဲ သဘောထားတာဆိုတော့ အရှင်ဂမ္ဘီရ၊ ရွှေည၀ါဆရာတော်တို့ကို တကယ်တမ်းလုပ်ကြံဖို့ကြိုးစားနေသူဟာ အာဏာပိုင်အဖွဲ့အစည်းတွေပဲ ဖြစ်မယ်လို့ မြင်မိပါတယ်ဘုရား.. ဒီလိုသာဖြစ်မယ်ဆိုရင် ဗမော်ဆရာတော်ကြီးလို အရှင်မြတ်တွေက ဘာကြောင့်လက်ပိုက်ကြည့်နေလဲ စဉ်းစားလို့မရပါဘူး။ ဆရာတော်ကြီးအနေနဲ့ သံဃာအရေး ရှေ့းရှုပြီး မဟန ကနေ နှုတ်ထွက်စာတင်ခြင်းအားဖြင့် ကန့်ကွက်ဖို့ကောင်းတယ်။ အဲဒီလို လုပ်ပြန်ရင်လည်း အာဏာရှင်ဆန်နေတဲ့ မဟန မှာ အထိန်းအကွပ်အားနည်းပြီး ပိုလို့တောင်ဆိုးကုန်မလား မသိပါဘုရား၊ မြန်မာပြည် သာသနာအရေး ရဟန်းသံဃာတွေ ညီညွတ်ဖို့ကောင်းနေပါပြီဘုရား၊ သံဃာလောကမှာလည်း နာမည်ကြီးပြီဆို.. သံဃာအချင်းချင်း ဘာမဟုတ်တာကို တစ်စိတ်ကို တစ်အိပ်လုပ်ပြီး တိုက်ခိုက်၊ ရေးသား၊ ပြောဆိုနေကြတာဟာ သံဃာညီညွတ်မှုကို များစွာ ထိခိုက်နစ်နာစေတယ်လို့ မြင်မိပါတယ်ဘုရား။ တပည့်တော် ရင်လေးလွန်းလို့ပါ။

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails