Wednesday, February 1, 2012

ဦးပျော်ဘွယ် စာမရေးဖြစ်ခြင်းအကြောင်း

ဟိုတုန်းကတော့ စာမရေးရင် မနေနိုင်တဲ့ လက်အစုံ။ အခု စာမရေးဖြစ်တာ ကြာသွားပြီ။ ဟိုတို့တို့ ဒီတို့တို့တော့ ရေးဖြစ်ပါရဲ့။ အားရလောက်တဲ့ စာနဲ့ပေနဲ့တူတဲ့ စာမျိုးကို မရေးဖြစ်တော့ဘူး။ ဘာကြောင့်မှန်း မသိခဲ့။ စာရေးဖို့ ကွန်ပြူတာကို ဖွင့်လိုက်တာနဲ့ ရင်ဘတ်ထဲက ရေးချင်တဲ့အရာတွေက လက်ဖျားဆီ ကူးစက်မလာခဲ့ဘူး။ အပြောင်းအလဲများအပေါ်မှာ စိတ်က ရောက်နေခဲ့လို့ ဖြစ်မယ်လို့ တွေးမိတယ်။ အပြောင်းအလဲတွေ … အပြောင်းအလဲတွေ သို့မဟုတ် အပြောင်းအလဲအသံတွေ။ ဒီအသံတွေမှာ မိန်းမောနေမိတာ ဖြစ်မယ်။ ဟိုတုန်းက စာမျက်နှာပေါ်မှာ မြင်ချင်တဲ့ မြန်မာ့အာဇာနည် မြင့်မြတ်တဲ့ အနစ်နာခံ သူရဲကောင်းတွေလည်း စာမျက်နှာတွေပေါ် ရောက်လာခဲ့ပြီ။ လူထုနဲ့ဆက်ဆံရတဲ့ ပွဲတွေမှာလည်း တွေ့လာရပြီ။ သူတို့ရဲ့ လွတ်လပ်ပွင့်လင်းတဲ့ အသံတွေလည်း ပီပီသသ ကြားခွင့်ရခဲ့ပြီ။ ဒါတွေကို ဟိုတုန်းက မျက်ရည်တွေနဲ့ မျှော်လင့်ခဲ့ရတာ မဟုတ်လား။

ဟိုတုန်းက အဖိနှိပ်ခံ ပရဟိတသမားတွေလည်း စင်ပေါ်ကို တက်လာခဲ့ကြပြီ။ ဘယ်လောက်ဝမ်းသာစရာ ကောင်းလဲ။ ဟိုတုန်းက နှစ်ရှည်လများ ပိတ်ထားရတဲ့ ရင်ဘတ်တွေလည်း နှင်းဆီပွင့် ရဲရဲတွေလို ပွင့်အံလာခဲ့ကြပြီ။ ခွေးတစ်ကောင်လို ချောင်ပိတ်အရိုက်ခံရရင် သင်ဘယ်လို ခံစားရမလဲ။ ရက်ပေါင်းများစွာ အစာရေစာ အဖြတ်အတောက်ခံထားရတဲ့ သားသတ်ရုံပို့မယ့် နွားလို အဆက်ဆံခံရရင် သင် ဘယ်လို ခံစားရမလဲ။ ဆိုးသွမ်းသောင်းကျန်းတဲ့ ဓားပြတွေလို သင့်စည်းစိမ်ဥစ္စာတွေကို အလုအယက် ခံရရင် သင်ဘယ်လို ခံစားရမလဲ။ သင့်ကို ဘာအပြစ်မှ မရှိပါဘဲ သားတစ်ကွဲ၊ မယားတစ်ကွဲဖြစ်အောင် အလုပ်ခံရရင် သင်ဘယ်လို ခံစားရမလဲ။ သင် ကိုးကွယ်အမြတ်တနိုးထားတဲ့ ရဟန်းသံဃာကို စစ်သားတွေရဲ့ မစင်အမှိုက်ကျုံးခိုင်းတယ်လို့ ကြားရသိရရင် သင်ဘယ်လို ခံစားရမလဲ။ ဘာအပြစ်မှမရှိတဲ့ ရဟန်းတွေကို လူအ၀တ်ဝတ်ပြီး ဖမ်းဆီးနှိပ်စက်တယ်လို့ သိရရင်၊ လေးဘက်ထောက်သွားခိုင်းပြီး ခွေးလို အော်ခိုင်းရင်၊ အမိန့်မနာခံရင် ဖင်ပိတ်ကန်ခံရတာတွေ …. တွေ …. ဒါတွေကို သိရရင် သင် ဘယ်လို ခံစားရမလဲ။ အခု ကိုယ်တိုင် မတရား လုပ်ခံရသူတွေတောင် ဒါတွေကို ဒီခံစားချက်တွေကို သိုဝှက်ထားလိုက်ခဲ့ကြပြီ။ ခွင့်လွှတ်လိုက်ကြပြီ။ (To forgive is not to forget = ခွင့်လွှတ်တယ်ဆိုတာ မေ့ပစ်လိုက်ဖို့ မဟုတ်ပါ - ဆိုတဲ့ ဂန္ဒီဂျီးရဲ့ စကားကို နှလုံးပိုက်ထားချင်လဲ ထားအုံးမှာပေါ့လေ)။ ဘာဖြစ်လို့လဲ …. ပြည်သူတွေအတွက် အကောင်းဆုံးဆိုတာကို မျှော်လင့်လိုက်ကြလို့ပဲ။ ဘယ်လောက်မြင့်မြတ်လိုက်တဲ့ အာဇာနည်တွေလဲ။

အခုလို အပြောင်းအလဲမှာ သင်ရော ဘယ်လို ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေသလဲ။ တိုင်းပြည်အတွက် ဘာတွေ ကူညီပေးနေသလဲ။ အမျိုးဘာသာ သာသနာအတွက် ဘာတွေ လုပ်ဆောင်ပေးနေသလဲ။ ကိုယ်တိုင် မေးဖြစ်နေတဲ့ မေးခွန်းတွေပါ။ ကိုယ်တိုင် ရှေ့တန်းထွက် မကူညီနိုင်ရင်တောင် စိတ်ဆန္ဒအရ ပူးပေါင်းအားပေးနေဖို့တော့ လိုလိမ့်မယ်။ ဟိုနေ့က နှစ်ရှည်အကျဉ်းကျခံနေရတဲ့ စွန့်ဝံ့သူအာဇာနည်တစ်ယောက်နဲ့တွေ့လို့ ဘာတွေ လုပ်နေလဲ၊ အခြေအနေဘယ်လိုလဲ မေးကြည့်တော့ “တပည့်တော်တို့ ဒဏ်ရာတွေကို ခွင့်လွှတ်ခြင်းနဲ့ ဆေးကုနေတယ်ဘုရား၊ ဒဏ်ရာတွေပျောက်ရင်တော့ အရှင့်ကို ပြောပါ့မယ်”လို့ ပြောပါတယ်။ အဲဒီတော့မှ “တောင်းပန်ပါတယ်၊ ဦးဇင်းက ဒကာကြီးတို့ကို တွေ့ရတာ ၀မ်းသာလွန်းတာရယ်၊ အားကိုးတာရယ်ကြောင့် စကားပြော လောသွားလို့ပါ”လို့ ဆိုတော့ “မဟုတ်ဘူးဘုရား၊ တပည့်တော် အဲဒီအဓိပ္ပာယ်နဲ့ ပြောတာ မဟုတ်ပါဘူး။ အရှင်ဘုရားတို့တွေ အဲဒီလို မေးလိုက်တိုင်း တပည့်တော်တို့ ရင်ဘတ်က ဒဏ်ရာတွေ သက်သာသက်သာလာတယ်ဘုရား”တဲ့။ ဒီတော့ ကောက်ချက်တစ်ခု ချမိတယ်။ ပြည်သူအပေါင်းတို့ ….. သူတို့ ဒဏ်ရာတွေ စိတ်အနာတွေ ပျောက်ကင်းဖို့အတွက် ကာယကံအားဖြင့် ဖြစ်စေ၊ ၀စီကံအားဖြင့် ဖြစ်စေ၊ မနောကံအားဖြင့် ဖြစ်စေ ပူးပေါင်းပါဝင်ပေးကြပါ။ သူတို့ ဒဏ်ရာတွေကို ကုစားပေးတာဟာ တိုင်းပြည်ရဲ့ ဒုက္ခတွေကို ဖာထေးပေးခြင်းပါပဲ။

အို … စာဖတ်သူတို့ သင်တို့ ချစ်တဲ့ အမိမြေရဲ့ ငုတ်လျိုးနေတဲ့ စွမ်းအားတွေ ပေါ်ထွက်လာဖို့ သင့်လက်ထဲမှာ ကံကြမ္မာတွေ အပြည့်ရှိနေပါပြီ ….။ သင်တို့ တမ်းတနေတဲ့ ပန်းလေးတွေ ပွင့်လန်းဖို့ သင့်လက်ထဲမှာ အာဏာအပြည့်အ၀ ရှိနေပြီ … ။

မပြောင်းလဲသေးတဲ့ အောက်ခြေအာဏာရူးလေးတွေအကြောင်းကို ခဏမေ့လိုက်ပါ။ အရှိန်မသေသေးလို့ပါ။ သင်ကသာ မှန်ရာကို အပြည့်အ၀ ရွေးချယ်ပေးလိုက်ရင် အဲဒီမိစ္ဆာအငယ်စားလေးတွေဟာ တဖြည်းဖြည်းချင်း ငုတ်လျိုးကွယ်ပျောက်သွားတော့မှာပါ။ အခုအချိန်မှာ မဟန မိစ္ဆာဂိုဏ်းကြီးကလွဲရင် အပြောင်းအလဲကို မြင်နေရပါပြီ။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ နောက်ဆုံး မိန့်ခွန်းထဲမှာ ပြောခဲ့တယ်။ လွတ်လပ်ရေးရပြီဆိုရင်လည်း ပြည်သူတွေအားလုံး ၀ိုင်းဝန်းလုပ်ဆောင်ကြဖို့၊ အိမ်ရှင်မကအစ ချွေတာရေးစနစ်သုံးပြီး တိုင်းပြည်တိုးတက်ရေးအတွက် ပါဝင်ဖို့၊ မိန့်ကြားခဲ့တယ်။ ဒီလိုပဲ ဒီမိုကရေစီဆိုတာရလို့ ချက်ချင်း ဆင်းရဲသားတွေ သူဌေးဖြစ်မှာတော့ မဟုတ်ဘူး။ တရားမျှတတဲ့ လူ့ဘောင်ဟာ ဘယ်လောက် ကျေနပ်စရာကောင်းသလဲဆိုတဲ့ အချက်ကို တန်ဖိုးထားဖို့ လိုတယ်။

တိုင်းပြည်ပြုပြင်ပြောင်းလဲရေးအတွက် သင့်ရှေ့ကို ခလုတ်တွေ ရောက်လာခဲ့ပြီ။ အမျိုးဘာသာ သာသနာ တိုးတက်တာကို မြင်ချင်သလား။ အာဏာရှင်စနစ်နဲ့ စခန်းသွားချင်သလား။ စွမ်းအားပြခွင့်မရှိ၊ ချောင်ပိတ်ငိုညည်းနေရတဲ့ဘ၀မျိုးမှာ နေချင်သလား။ လွတ်လပ်ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းအဖြစ် တွေ့မြင်ချင်သလား။ ဒါကတော့ သင် ရွေးချယ်ရမှာ ဖြစ်ပါတယ်။

သင့်လက်ကို အဖြူစင်ဆုံးဖြစ်အောင် ဆေးကြောထားပါ။ ပြီးရင် အဖြူစင်ဆုံး ခလုတ်ကို နှိပ်လိုက်ပါ။ ဒါကတော့ ကျုပ် တိုက်တွန်းချက်ပါ။

ဒီလိုပဲ ဒီအကြောင်းကို ခင်ဗျားတို့ကို ဘယ်လို ပြောရမှန်း မသိတာနဲ့ ကျုပ် စာမရေးဖြစ်တာ။ ရေးပြီးတော့ ပြန်ဖတ်ကြည့်တယ်။ ဒါတွေက စာတစ်ပုဒ်လား၊ နှလုံးသွေးစက်တွေလားဆိုတာ ခွဲခြားမသိလိုက်ဘူး။ ဖတ်ပြီးတော့ ကျုပ်မောနေတယ်။ ခင်ဗျားတို့ ခလုတ်မှားနှိပ်ရင်တော့ ကျုပ်တော့ ငိုပြီ။ ကျုပ် ငိုရင် ခင်ဗျားတို့ သားသမီးတွေလည်း လိုက်ငိုကြပါလိမ့်မယ်။ ဒါက ကျိန်စာ မဟုတ်ဘူး။ အမှန်တရားပါ။

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails