Monday, October 31, 2011

ခေါင်းစဉ်မရှိတဲ့ အရပ်



စာတွေ ရေးထုတ်လိုက်တော့မည်ဟု စိတ်ပိုင်းဖြတ်ပြီး ကီးဘုတ်ပေါ် လက်အစုံကို တင်ထားလိုက်သည်။ နှလုံးသားထဲက ပြောနေသောအသံများအတိုင်း လက်က လိုက်ရေးသည်။ တွန့်ဆုတ်နေသည်။ စိတ်ထဲမှာ စကားလုံးတွေ စီတန်းပြေးလွှားနေသလောက် အပြင်ကို ထွက်ဖို့ ခက်နေသည်။ ဘယ်အရာက ဘယ်လို တားဆီးထားသလဲဆိုတာကို စဉ်းစားကြည့်သောအခါ အဖြေကို တိတိပပ မရ။ အတွေးပေါင်းများစွာ၊ ရည်ရွယ်ချက်ပေါင်းများစွာ၊ ခံစားမှုပေါင်းများစွာ၊ များစွာသော တုန်ခါမှုများက ခေါင်းစဉ်ကို တည်ငြိမ်အောင် ပေးလို့မရ။

သက္ကရာဇ်တွေက ဆလိုက်မီးများလို တစ်ဖျက်ဖျက် ပြောင်းလဲနေသည်။ အမေနေ့ ဆောင်းပါး သို့မဟုတ် စာတစ်ပုဒ်ရေးမည်ဟု အားခဲထားသည်။ အမေနေ့ကို ကျော်သွားသည်။ သူများရေးတာတွေတောင် ဖတ်ချိန်မရလိုက်။ ဗုဒ္ဓနေ့တော့ ဆောင်းပါးတစ်ပုဒ်ရေးဖြစ်အောင် ရေးမည်ဟု အားတင်းရပြန်သည်။ ဗုဒ္ဓနေ့ကို ကျော်သွားပြန်သည်။ ရေးပြီးသားအဟောင်းလေးကို ပြန်တင်မည်ဟု အားခဲထားတာတောင် မတင်ဖြစ်။ ကုန်လွန်ပြေးလွှားနေသော သက္ကရာဇ်များကိုသာ ပြန်ငေးနေရသည်။

အမေ့ဆီ ဖုန်းဆက်မည်။ ညီမလေးဆီ ဖုန်းဆက်မည်။ ညီလေးဆီလည်း ဟိုဟာဒီဟာ အကြောင်းကြားမည်။ …မည် နှင့် အဆုံးသတ်ထားသော ၀ါကျများအားလုံး စိတ်ကူးထဲတွင်သာ ပျောက်ဆုံးကွယ်ပကုန်သည်။
ငယ်ငယ်ကတည်းက ကိုယ်လုပ်ချင်တာ၊ ကိုယ်ဖြစ်ချင်တာပဲ ကိုယ်လုပ်သည်။ အဖေ၊ အမေတို့နှင့် သဘောထား မတိုက်ဆိုင်။ ဆရာသမားများနှင့် ဘယ်သောအခါမှ မတည့်။ သူငယ်ချင်းများနှင့် သဘောထား မတိုက်ဆိုင်။ ထိုကဲ့သို့သော ဘ၀အဖုအထစ်လေးများတွင် သာယာမှန်းမသိ သာယာလာခဲ့သည်။ ငယ်ငယ်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းအားကျ၊ ဟစ်တလာ၏ အားမာန်များကို အားကျ၊ မဟာသီယာမိုဟာမက်ကို သဘောကျ၊ ချေဂွေဗားရားကို လေးစား၊ ဒေါက်တာဇီဗားဂိုး၊ မသာထရီဇာ၊ ဂန္ဒီ၊ စတာလင်၊ သခင်သန်းထွန်း၊ လယ်တီ၊ အရှင်ဇနကာဘိဝံသ၊ အရှင်အာဒိစ္စ၊ ရှင်ဥက္ကဋ္ဌ…. မတူညီသော ဇာတ်ကောင်များကို တစ်ပြိုင်တည်း နှစ်ခြိုက်မိခြင်း၏ ရလဒ်တစ်ခု ဖြစ်ပုံရသည်။ သမိုင်းဖြစ်ရပ်များကို ခြေရာခံကြည့်လျှင် လူမုန်းခံရသောသူများ၏ အစွမ်းအစများ၊ ဖြစ်ရပ်မည်းများအတွင်းမှ နှလုံးသားဖြူဖြူများကို မြင်မိလာခဲ့သည်။

ခရူးယှက်သည် စတာလင်နောက်လိုက်ပုဂ္ဂိုလ်တစ်ဦးအဖြစ် ကျော်ကြားသည်။ တစ်ပြိုင်နက်တည်းမှာပင် ကွန်မြူနစ်ဆန့်ကျင်ရေးလှုပ်ရှားသူတစ်ဦး ဖြစ်လို့နေသည်။ ခဏတစ်ခုချင်းမှာ စိတ်နှစ်ခု ဖြစ်ခွင့်မရှိသော်လည်း သမိုင်းတစ်ခေတ်တည်းတွင် စိတ်ပေါင်းများစွာ ဖြစ်နိုင်သည်။ ဤအရာများကြောင့်ပင် လောကကြီးကို မတည်မြဲမှု အဆောက်အအုံတစ်ခုအဖြစ် ရှုမြင်လိုက်ကြပုံရသည်။ မိမိရင်တွင်းမှ ခံစားချက်အချင်းချင်း၊ ဆုံးဖြတ်ချက်အချင်းချင်း၊ ယုံကြည်ချက်အချင်းချင်း ဓားချင်းခုတ်သောအချိန်များကို သင်ကြုံဖူးပါသလား။ တစ်ခါတစ်ရံမှာ နှလုံးသားမှဖြစ်ပေါ်လာသော ချင်ခြင်း (ချဉ်ခြင်း)များသည် တကယ့်လက်တွေ့ဘ၀အတွက် ရယ်စရာတစ်ခုသဖွယ် ဖြစ်နေတတ်သည်။ တစ်ခါတစ်ရံ ဘ၀ကိုယ်တိုင်က ဆန္ဒများ၏ လှောင်ပြောင်ရယ်မောခြင်းကို ခံရသည်။

ကမ္ဘာ့နေရာအနှံ့အပြားမှ လွင့်ပျံလာသောအသံများတွင် တစ်ခုမှ အရသာခံလို့ မရ။ မိခင်နိုင်ငံမှ သတင်းများလည်း ဆီသည်မလက်သုပ်လို ခံစားနေရပြီ။ ဘာကိုမှ မဖတ်ချင်တော့။ လွန်ခဲ့သောနှစ်အနည်းငယ်က မျှော်လင့်ချက်များသည်ပင် အမှိုက်ပုံထဲ ရောက်လို့နေသည်။ အံ့သြထူးဆန်းစွာ မနေ့တစ်နေ့က အိပ်မက်များသည်ပင် မြောင်းထဲရောက်လို့ နေသည်။ ပြောင်းလဲနေသောအရာများ၏ အမြန်နှုန်းကို အမီလိုက်နိုင်ဖို့ ဘယ်လိုဆုတွေတောင်းရမလဲလို့ တစ်ချက်တစ်ချက် စဉ်းစားမိသည်။ ဘယ်လိုပဲစဉ်းစား စဉ်းစား အခန်းပြင်ဘက်မှာ မိုးတွေ ညို့နေတာကိုပဲ ငေးနေဖြစ်သည်။ မြက်ခင်းပြင်ပေါ်မှာ တွဲခိုနေသော မိုးရေစက်လေးများကိုပင် ငေးနေဖြစ်သည်။

တစ်ခါတစ်ရံ အနာဂတ်မဲ့လို့ ၀မ်းနည်းဖွယ်ဖြစ်နေတတ်သလို တစ်ရံတစ်ရံ ဦးတည်ရာမဲ့လွင့်မျောခြင်းမှ ငြိမ်သက်တည်ကြည်မှုကို ခံစားနေရတတ်သည်။ ဒီလိုပဲ ကီးဘုတ်ပေါ်လက်တင်လိုက်သည်နှင့် ဦးတည်ရာမဲ့စာတန်းလေးများ မိုးရေတွေလို သွန်းဖြိုးလာခဲ့ကြသည်။ ပြေးနေသောစိတ်ကို ပြေးနေသောအတိုင်း ထားလိုက်သဖြင့် ခေါင်းစဉ်မရှိတဲ့အရပ်မှာ အတွေ့အကြုံများစွာကို ခံစားလိုက်ရသည်။

မှတ်ချက် .... 
လွန်ခဲ့တဲ့ လအနည်းငယ်က ရေးခဲ့တဲ့ ဆောင်းပါးလေးတစ်ပုဒ် ဖြစ်ပါတယ်။

Sunday, October 23, 2011

အမှန်တရားက ဘယ်လောက်တန်ဖိုးရှိသလဲ



(၁)
ငယ်ငယ်က စာတွေ သင်ရသည်။ စာတွေ ဖတ်ရသည်။ အမှန်တရားက စာသင်ဆရာတို့၏ လက်သုံးစကားတစ်ခု ဖြစ်သည်။ ဆရာတို့သည် ပုံပြင်များ၊ ဇာတ်ဝတ္ထုများကို ပြောကြားပြီး အမှန်တရားအကြောင်းကို သုံးသပ်ပြတတ်ကြသည်။ အမှန်တရားက အမြဲတမ်း အနိုင်ရသည်ကို တွေ့ရသည်။ ဥပမာအားဖြင့် ပုံပြင်တိုင်း၊ ဇာတ်ဝတ္ထုတိုင်းတွင် အမှန်တရားဘက်မှ ထာဝရ ရပ်တည်တတ်သော ဇာတ်လိုက်များသာ အနိုင်ရတတ်သည်ကို တွေ့ရသည်။ စိတ်ကောင်းမရှိသော၊ စာရိတ္တ ညံ့ဖျင်းသော မည်သည့်ဗီလိန်ကမှ စိတ်ထားကောင်းသော၊ စာရိတ္တကောင်းမွန်သော ဇာတ်လိုက်ကို အနိုင်ရသည်ဟူ၍ မကြားမိစဖူးပေ။ လက်တွေ့ဘ၀များမှာရော ပုံပြင်ထဲကလို အမှန်တရားက အမြဲအနိုင်ရတတ်လေသလော။

အခုတစ်လော တွေးနေမိတာလေးများ ဖြစ်ပါသည်။

(၂)
“အရှင်ဘုရားရာ အတော်ကို ခံရခက်ပါတယ်။ ဒီပြဿနာမှာ တပည့်တော် မှန်တယ်ဆိုတာ အလုပ်သမားတွေ အကုန်သိတယ်”ဟု ဆိုလာရင်း မှန်ရာကို လုပ်သော်လည်း အလုပ်ထွက်လိုက်ရသော မြန်မာလူငယ်လေးက ညည်းချင်းထုတ်သည်။ သူသည် အလုပ်တွင် ထူးချွန်သည်။ မတရားတာကို လက်ပိုက်ကြည့်တတ်သူမဟုတ်၊ မဟုတ်ရင် မခံ။ သူ့ကို တိုက်ရိုက်စော်ကားမော်ကား မဟုတ်မတရား လာလုပ်လျှင် ပြောလှန်ပြောတတ်ရုံမျှမက အခြားလုပ်ဖော်ကိုင်ဖက်များအပေါ် မတရားလုပ်လျှင်လည်း ကိုယ့်အသားထိသလို နာတတ်ပြီး အမှန်တရားဘက်မှ အမြဲတမ်း ရပ်တည်တတ်သူတစ်ယောက်ဖြစ်သည်။ ထိုသို့ အမှန်တရားကို ချစ်လွန်းသဖြင့် အခု သူ အလုပ်ထုတ်ခံရသည်။ သူ အခု ငြီးတွားနေရသည်။ အမှန်တရားသည် ပုံပြင်များ၊ ဇာတ်ဝတ္ထုများထဲကလို မဟုတ်လေသလော။ အမှန်တရားက လက်တွေ့ဘ၀မှာ ရှုံးတတ်လေသလော။

အခုတစ်လော တွေးနေမိတာလေးများ ဖြစ်ပါသည်။

(၃)
“လူဆိုတာ ဘ၀အတက်အကျ၊ အနိမ့်အမြင့်တွေနဲ့ ကြုံတွေ့ရတာပဲ ဦးဇင်းရ၊ တပည့်တော်ဆိုရင် အလုပ်အမျိုးမျိုး ဘ၀အမျိုးမျိုးကို ဖြတ်သန်းခဲ့ရတယ်။ တပည့်တော်က ဘယ်လို လောကဓံမျိုးကိုပဲ ကြုံကြုံ အမြဲတမ်း အမှန်တရားဘက်ကပဲ ရပ်တည်တယ်။ စကားလုံးခပ်ကြီးကြီး သုံးပြောရမယ်ဆိုရင် တပည့်တော်က သမာသမတ်ကျတယ်၊ တည်ကြည်တယ်။ ဒီလို အမြဲတမ်း မှန်တဲ့ဘက်က တရားတဲ့ဘက်က ရပ်တည်လုပ်ကိုင်လာခဲ့တော့ အားလုံးက လေးစားကြတယ်လေ။ ဒီတော့ တပည့်တော်မှာ မိတ်ဆွေကောင်းတွေ တိုးပွားတယ်။ ဒီတော့ တပည့်တော်အတွက် အောင်မြင်မှုရတာပေါ့။ ဒါကြောင့် တပည့်တော်က လူငယ်လေးတွေ၊ မျိုးဆက်သစ်လေးတွေ တွေ့တိုင်း တရားတဲ့ဘက်က အမှန်တရားဘက်က ရပ်တည်ဖို့ ပြောတာပဲ”ဟု မလေးရှားမှာ အထိုက်အလျှောက် အောင်မြင်ရနေသော လူငယ်လုပ်ငန်းရှင်တစ်ယောက် အားရပါးရပြောသည်။ လူငယ်လုပ်ငန်းရှင်စကားဆုံးတော့ အမှန်တရားဘက်က ရပ်တည်လို့ ဒုက္ခရောက်ရသော လူငယ်လေးမျက်နှာကို မြင်ယောင်မိပြန်သည်။ သူတို့ နှလုံးသားဇာတ်ရုပ်နှစ်ခုကို နှိုင်းယှဉ်ကြည့်သောအခါ ဘယ်သူ့စကားကို အောင်မှတ်ပေးရမလဲ စဉ်းစားမရ ဖြစ်နေပြန်လေသည်။

အမှန်တရား ဖွင့်ဆိုချက်သည် မည်မျှ ကျယ်ပြန့်လေသနည်း။ အမှန်တရားက စကားလုံးတစ်လုံးသာ ဖြစ်သော်လည်း သူ့အကြောင်းကို အကဲခတ်မရ ဖြစ်နေပြန်သည်။

အခုတစ်လော တွေးနေမိတာလေးများ ဖြစ်ပါသည်။

(၃)
“ဘုရား … ဘုရား … ကြည့်စမ်း ကြည့်စမ်း၊ အုတ်ပုံကြီးပဲ ကျန်ပါလားနော်၊ ကျန်တဲ့ အိမ်တွေကလည်း ကျည်ပေါက်တွေနဲ့ချည်းပဲ”

ဂြိုဟ်တုစလောင်းက လွှင့်နေသော တီဗွီဖန်သားပြင်မှ ကဒါဖီအလွန် လစ်ဗျားနိုင်ငံ ရှုခင်းများကို ငေးရင်း မောရင်း စုတ်တသက်သက်ဖြစ်နေသော လူငယ်လေးက ပြောနေသည်။ ကဒါဖီ မတရား ရက်စက်သည်။ အနိုင်ကျင့် ဗိုလ်ကျသည်။ အဖိနှိပ်ခံတို့ မခံစားနိုင်။ ပြည်သူက အမှန်တရား၊ ကဒါဖီက အမှားဘက်တော်သား။ ကဒါဖီ၏ အမှားများက အမှန်တရားဘက်တော်သားများအတွက် ခါးသက်လွန်းသည်။ မခံမရပ်နိုင်အောင် ခါးလွန်းတော့ ပြည်သူများ လွန့်လူးထွက်လာကြသည်။

 “အမှန်တရား အောင်ပွဲခံရမည်”ဟု သူတို့ ကြွေးကျော်ကြသည်။ သူတို့ အခု အနိုင်ရသွားသည်။ သေနတ်များ၊ လက်နက်ကြီးများ ပစ်ဖောက်လျှက် အောင်ပွဲခံကြသည်။ ပျော်ကြသည်။ အုတ်ခဲအကျိုးအပဲ့များ၊ ကျည်ပေါက်များ ပြည့်နေသော တိုက်အိမ်များ၊ ပျက်စီးနေသော တံတားများ၊ လမ်းများ၊ ဆွေးဆုံးမျိုးဆုံးလို့ သွေးပျက်မတက် အော်ဟစ်မြည်တမ်းနေသော ပုံရိပ်များအကြားမှ အမှန်တရားအောင်ပွဲက သွေးပျက်စရာ ကောင်းလွန်းမနေဘူးလားဟု တွေးနေမိသည်။

အမှန်တရားသည် အသက်ပေါင်း မည်မျှ တန်သနည်း။

အမှန်တရားသည် ချစ်စရာကောင်းသည်၊ ကျက်သရေရှိသည်ဟုဆိုလျှင် အသက်ပေါင်းများစွာ၊ မျက်ရည်ပေါက်များစွာ၊ သွေးစက်ပေါင်းများစွာတို့ကြားက အမှန်တရားသည် ချစ်စရာကောင်းသေးပါသလော၊ ကျက်သရေ မည်မျှရှိပါသေးသနည်း။

အခုတစ်လော တွေးနေမိတာလေးများ ဖြစ်ပါသည်။

(၅)
ရာဇ၀င်ထဲမှ တိုက်ပွဲများစွာကို ကြည့်လိုက်တိုင်း အမှန်တရားသည် အမြဲတမ်း အရှုံးဘက်ကသာ ရှိနေသည်။ အမှားတရားများ၊ မတရားမှုများက အားရအောင် ခြယ်လှယ်အနိုင်ကျင့်ပြီးသောအခါမှသာ အမှန်တရားက သွေးစက်များဖြင့် ခေါင်းထောင်ထလာတတ်သည်။ အမှန်တရားက အ, သလော၊ တုံးသလော။ နမော်နမဲ့ နိုင်လွန်းသလော။ ချောင်ပိတ်ရိုက်မှ ပြန်ကိုက်တတ်သော ခွေးလိုများ ဖြစ်နေသလော။ အမြဲတမ်း သွေးစက်များ၊ မျက်ရည်များ၊ အပျက်အစီးများဖြင့်သာ ရုန်းကြွလာတတ်သော အမှန်တရားကို စိတ်နာမိသလို ခံစားရသည်။ သို့ဆိုလျှင် အမှားတရားများ၊ မတရားမှုများကို ကောင်းချီးထောမနာပြုရမည်လော။

အခုတစ်လော တွေးနေမိတာလေးများ ဖြစ်ပါသည်။

(၆)
ယုတ်မာဆိုးရွားသော အမှားတရားများ၊ မတရားမှုများသည် ညစ်ပတ်မှုများ၊ မသတီစရာများ၊ မုသားများဖြင့် ခြံရံနေတတ်သည်။ နှစ်မြို့စရာတစ်ခုမျှ ရှာတွေ့ဖို့ မရှိ။ အခြားတစ်ဖက်တွင် အမှန်တရားလေးတစ်ခု ပေါ်လာဖို့အတွက် တန်ဖိုးပေါင်းများစွာ ပေးဆပ်ရသည်။ “အမှန်တရားက အောင်ပွဲခံခဲ့ပြီ”ဟူသော ၀ါကျလေးတစ်ကြောင်း ဖြစ်ပေါ်လာဖို့အတွက် သွေးအိုင်ထဲမှ ဖြတ်လျှောက်ရသည်။ သွေးအိုင်ထဲမှ တလွှားလွှားဖြစ်နေသော အလံသည် လှသလော။ သွေးအိုင်နှင့်အမှန်တရားအောင်ပွဲကို ညီမျှခြင်း ချဖို့အတွက် အခက်အခဲများစွာ ကြုံနေရသည်။

ထိုအကြောင်းတရားများကို တလှပ်လှပ်ဖြစ်နေသော ရင်ဘက်အစုံဖြင့် တွေးကြည့်နေမိသည်။

အခုတစ်လော တွေးနေမိတာလေးများ ဖြစ်ပါသည်။

Thursday, October 20, 2011

မစ္စတာကြွက်နဲ့ ထောင်ချောက်



ကြွက်လေးတစ်ကောင်ဟာ လယ်သမားဇနီးမောင်နှံ အထုပ်လေးတစ်ထုပ် ဖြည်နေကြတာကို နံရံအက်ကြောင်းလေးထဲကနေ ကြည့်နေတယ်။ ဘယ်လို စားစရာလေးများ ပါလိမ့်မလဲပေါ့။
သေချာကြည့်လိုက်တော့ ကြွက်ထောင်ချောက်တစ်ခုဖြစ်နေတာကို တွေ့လိုက်တယ်။ သူကိုယ်တိုင်တွေ့လိုက်ရတော့ အံ့သြတုန်လှုပ်သွားတယ်။ 

ဒီလိုနဲ့ ကြွက်လေးဟာ လယ်တောတစ်ခွင် လှည့်လည်ပြီးတော့ “အိမ်ထဲမှာ ကြွက်ထောင်ချောက်ရှိတယ်ဟေ့” “အိမ်ထဲမှာ ကြွက်ထောင်ချောက်ရှိတယ်ဟေ့”လို့ လိုက်အော်ပြီး သတိပေးပါတယ်။

ကြွက်လေးရဲ့ သတိပေးသံကို ကြားတော့ ကြက်မကြီးက “ကတော့ ကတော့”နဲ့ အော်ပြီး သူ့အမွေးတွေကို ပွတ်သပ်ရင်း ခေါင်းထောင်ကာ “မစ္စတာ ကြွက်ရေ … ဒါက ရှင့်အတွက်တော့ တကယ့် စိုးရိမ်စရာကြီး တစ်ခုပေါ့။ ကျွန်မတို့အတွက်တော့ ဘာအကျိုးသက်ရောက်မှုမှ မရှိပါဘူးရှင်၊ ကျွန်မတို့ကို ဘာအနှောက်အယှက်မှ မပေးနိုင်ပါဘူးရှင်”လို့ ပြောလိုက်ပါတယ်။

ဒါနဲ့ ကြွက်လေးဟာ မစ္စတာဝက်ဆီကို သွားခဲ့ပြီး “အိမ်ထဲမှာ ကြွက်ထောင်ချောက်ရှိတယ်။ အိမ်ထဲမှာ ကြွက်ထောင်ချောက်ရှိတယ်”လို့ ဆိုပြန်တယ်။ ထိုအခါ မစ္စတာဝက်က “ဟေ … အိမ်ထဲမှာ ကြွက်ထောင်ချောက်ရှိတယ်၊ ဟုတ်လား။ ၀မ်းနည်းပါတယ် မစ္စတာကြွက်။ ဒါတော့ ကျုပ်လည်း ဘာမှ မတတ်နိုင်ပေါင်”လို့ သူနဲ့မဆိုင်သလို ပြောလိုက်တယ်။

ဒါနဲ့ ကြွက်လေးဟာ မစ္စတာနွားဆီကို သွားပြန်တယ်။ “မစ္စတာနွား … မစ္စတာနွား … အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခု ရှိတယ်ဗျ”လို့ ပြောလိုက်တဲ့အခါ မစ္စတာနွားက “အိုး … မစ္စတာ ကြွက် … ၀မ်းနည်းပါတယ်ဗျာ၊ ကျုပ်နှာခေါင်းကိုတော့ ကြွက်ထောင်ချောက်က ဘာမှ မဖြစ်စေပါဘူး”လို့ မထီမဲ့မြင်ပုံစံနဲ့ ပြောလိုက်တယ်။

ဒါနဲ့ ကြွက်လေးဟာ သူ့စကားကို ဘယ်သူမှ အရေးတယူ မလုပ်ကြတဲ့အတွက် တိုက်နံရံကြားက သူ့နေရာလေးမှာ ခေါင်းငိုက်စိုက်နဲ့ စိတ်ပျက်နေရှာတယ်။

အဲဒီည တိတ်ဆိတ်နေတဲ့အချိန်မှာ ကြွက်ထောင်ချောက်လေးဆီမှ ဖျောက်ခနဲ ကျယ်လောင်တဲ့အသံကို ကြားလိုက်ကြရတယ်။ အိမ်ရှင်မဟာ ကြွက်တစ်ကောင်တော့ မိပြီဆိုတဲ့အတွေးနဲ့ ထောင်ချောက်ရှိရာကို လာခဲ့တယ်။ ညကလည်း မှောင်မဲနေတော့ ဘာကိုမှ မမြင်ရဘူးလေ။ တကယ်တော့ ကြွက်ထောင်ချောက်မှာ မိနေတာက ကြွက်မဟုတ်ဘဲ မြွေတစ်ကောင်ရဲ့ အမြီးပိုင်းဖြစ်နေခဲ့တယ်။ ဒါနဲ့ စိတ်ဆိုးနေတဲ့ မြွေဟာ အိမ်ရှင်မကို ကိုက်လိုက်ပါတော့တယ်။

လယ်သမားဟာ အိမ်ရှင်မဖြစ်သူကို ဆေးရုံကို အမြန်ပို့တယ်။ ချက်ချင်းတော့ သေမသွားခဲ့ဘူး။ အပြင်းအထန် ဖျားနာလျက် အိမ်ကို ပြန်ခဲ့တယ်။ အပြင်းအထန် အဖျားတက်နေပြီဆိုရင် ဖျားနာသူကို လတ်ဆတ်တဲ့ ကြက်စွပ်ပြုတ်လေး တိုက်တတ်ကြတယ် မဟုတ်လား။ ဒါနဲ့ လယ်သမားဟာ ပေါက်ဆိန်ကို ယူပြီး လယ်တဲထဲက ကြက်ကို သတ်ပြီး စွပ်ပြုတ်လုပ်ကာ အိမ်ရှင်မကို တိုက်ကျွေးလိုက်ပါတယ်။

ဒါပေမယ့် အိမ်ရှင်မဟာ ပိုပိုပြီး ဆိုးလာခဲ့တယ်။ အိမ်နီးနားချင်းတွေကလည်း စိုးရိမ်စိတ်နဲ့ အိမ်ရှင်မနားက မခွါဘူး။ ၂၄-နာရီလုံး အမြဲတမ်း လာစောင့်ပေးကြတယ်။ ဒါနဲ့ သူတို့ကို ဧည့်ခံဖို့ အိမ်မှာမွေးထားတဲ့ ၀က်ကို သတ်ပြီး ချက်ကျွေးလိုက်ရတယ်။

အိမ်ရှင်မဟာ ဘယ်လိုပဲ ကုသကုသ၊ မသက်သာလာခဲ့ဘဲ နောက်ဆုံးမှာ သေဆုံးသွားခဲ့တယ်။ သူမရဲ့ အသုဘကို လူတွေ အများကြီး လာကြတယ်။ အကျွေးအမွေးအတွက် မလုံလောက်တဲ့အတွက် လယ်သမားဟာ အိမ်မှာရှိတဲ့ နွားကို သတ်ပြီး ကျွေးမွေးခဲ့ရတယ်။ ထိုအချိန်မှာ ကြွက်လေးဟာ တိုက်နံရံအက်ကွဲကြားကနေ ၀မ်းနည်းပူဆွေးစွာနဲ့ ကြည့်နေခဲ့တယ်။

ကဲ … ဘယ်လိုလဲ ….
သင့်ရဲ့ ပတ်ဝန်းကျင်၊ သင့်အပေါင်းအသင်းတွေထဲက တစ်ယောက်ယောက်ဟာ ပြဿနာ အခက်အခဲတစ်ခုခုကို ရင်ဆိုင်နေရပြီဆိုရင် သင့်အနေနဲ့ ကိုယ်နဲ့မဆိုင်ဘူးလို့ ယူဆအုံးမလား။ အဲဒီလို ယူဆနေမိတယ်ဆိုရင် ပြင်လိုက်ပါ။ ဒီပုံပြင်ထဲက ကြက်လို၊ ၀က်လို၊ နွားလို ဒုက္ခရောက်ရပါလိမ့်မယ်။

သင် မှတ်ထားဖို့က သင့်ပတ်ဝန်းကျင်က တစ်ဦးတစ်ယောက် ဒုက္ခတွေ၊ ပြဿနာတွေ ရင်ဆိုင်နေရပြီဆိုရင် သင်တို့အားလုံးဟာ ပြဿနာကို ရင်ဆိုင်နေရကြတာ ဖြစ်ပါတယ်။ ကိုယ်နဲ့မဆိုင်ဘူးလို့ ပစ်ထားရင်တော့ သင်လည်းပဲ ဒုက္ခရောက်ရပါလိမ့်မယ်။

ဘ၀ဆိုတဲ့ ခရီးရှည်ကြီးမှာ ကျွန်ုပ်တို့အားလုံးဟာ ပြဿနာတွေ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ တစ်ဦးကိုတစ်ဦး ဖေးမကူညီမှုမရှိရင် ဘ၀လမ်းခရီးတွေဟာ ဖြောင့်တန်းဖို့ မလွယ်ပါဘူး။ 

Ref: Social Plan ဆိုတဲ့ စာတိုလေးကို ဆီလျော်အောင် ဘာသာပြန်တယ်။

Monday, October 17, 2011

ရွှေည၀ါဆရာတော် တရားပွဲ မှတ်တမ်းဓာတ်ပုံများ

နိုင်ငံကျော် ဓမ္မကထိက ရွှေည၀ါဆရာတော် တရားပွဲကို မလေးရှားနိုင်ငံ၊ ပီနန်မြို့၊ ဓမ္မိကာရာမမြန်မာကျောင်းတိုက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ အလုပ် မအားမလပ်သည့်ကြားမှ မလေးရှားရောက် ရွှေမြန်မာများလည်း ထောင်ချီ၍ လာရောက် တရားနာခဲ့ကြသည်။ ဆရာတော်ကလည်း အားရပါးရ ဟောကြားပေးခဲ့သဖြင့် ကြွရောက်လာသော တရားနာပရိသတ်များမှာ ကြည်နူးမဆုံး ဖြစ်ခဲ့ကြရသည်။ အခုလို တရားပွဲကြီးများကို တစ်ကြိမ်တစ်ခါမျှ မစီစဉ်ဖူးသော စာရေးသူတို့အနေဖြင့်လည်း ဆရာတော်၏ တရားအဟောအပြောကောင်းမှု၊ ရဲရင့်ပြတ်သားစွာ ဟောကြားမှု စသော ၀မ်းမြောက်ဖွယ်များကြောင့် ပျော်ရွှင်ကြည်နူးမဆုံး ဖြစ်ခဲ့ကြရသည်။ ဆရာတော် ဟောကြားခဲ့သော “လူသေသော်လည်း နာမည်မသေဖို့ အရေးကြီးတယ်”တရားတော်ကို နောက်နောင် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် ဒီဗွီဒီချပ်များလည်း စီစဉ်ထားကြသည်။ ရဲဝံ့ပြတ်သားပြီး အကြောက်တရားမဖက် ဟောကြားသွားခဲ့သော ဆရာတော်၏ တရားစကားများကြောင့် တရားပွဲပြီးပြီးချင်း စီစဉ်ရကျိုးနပ်ပြီဟု စိတ်ထဲတွင် ကြုံးဝါးခဲ့မိကြသည်။ ရွှေည၀ါဆရာတော်ဘုရား အကြောက်တရား နွံထဲ၌ နစ်မြုပ်နေရှာသော အမိမြန်မာ မျိုးဆက်များအား ဆက်လက်ပြီး မကြောက်တရားများ ဟောကြားနိုင်ပါစေ ..... 


























နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails